← Chapters

ဆိုးရွားသောအခြေအနေ

Vol. 07 Ch. 338

ဆိုးရွားသောအခြေအနေ

Vol. 07 Ch. 338

ထန်ကောရှန့်၏အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေပြီး သူ၏မျက်နှာထက်တွင် ဒေါသတရားအား တွေ့နေရသည်။ ကြယ်စင်အလင်းအုပ်စုသည် ထန်မိသားစုမှ ပိုင်ဆိုင်သော လုပ်ငန်းဖြစ်ပြီး နှစ်စဉ် ဝင်ငွေ ဘီလီယံနှင့်ချီကာ ရယူပေးသည်။ ကြယ်စင်အလင်းအုပ်စုသည် ထန်မိသားစုအတွက် ချမ်းသာမှုကို ဆောင်ကြဉ်းပေးသည့် အဓိကရင်းမြစ်၃ခုအနက်မှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုစီးပွားရေးအုပ်စု ပျက်စီးသွားမည်ဆိုပါက ထန်တို့အတွက် ဆုံးရှုံးမှုကြီးသည်ဟု ဆိုနိုင်သည်။

“ဘယ်သူလုပ်တာလဲ။”

“အဲ့ဒါ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ရုံးချုပ်အဆောက်အဦးထဲမှာ ပိတ်မိနေတဲ့ လုံခြုံရေးအစောင့်တွေက ထိန်းချုပ်ခန်းထဲမှာရှိတဲ့ လုံခြုံရေးအစောင့်တွေကို ဆက်သွယ်ထားပေမယ့် ဘယ်သူလုပ်မှန်း ရှာမတွေ့သေးဘူး။ မီးသတ်သမားတွေသာ မကြာခင် ရောက်မလာဘူးဆိုရင် ကြယ်စင်အလင်းရုံးချုပ်တစ်ခုလုံး မီးလောင်ပြာကျ သွားတော့မယ်အဖေ။ အထဲမှာ ပိတ်မိနေတဲ့ လုံခြုံရေးအစောင့်တွေလည်း မီးလောင်ပြာကျသွားလိမ့်မယ်။”

ထန်ကောရှန့် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေသံနှိမ့်ကာ ပြန်ဖြေလိုက်သည်။

“အထဲက လုံခြုံရေးတွေကို ချက်ချင်းဆက်သွယ်။ သဲလွန်စရှာဖို့ လူ၂ယောက်ချန်ပြီး ကျန်တဲ့သူတွေက လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုကို ချက်ချင်းရှာပါဆိုတာရယ်၊ ကျန်ခဲ့မယ့်၂ယောက်ကိုလည်း မိသားစုဝင်တွေကို အကောင်းဆုံးစောင့်ရှောက်ပေးမှာမို့ စိတ်ချဖို့အကြောင်းဆိုတာရယ် ပြောလိုက်ပါ။”

“နားလည်ပါပြီ။” ထန်ယွင်ဖန်း တုံ့ပြန်ကာ ချက်ချင်း ဖုန်းချသွားသည်။

စားပွဲပေါ်တွင် ဖုန်းအား တင်လိုက်ပြီး ထန်ကောရှန့် ငြိမ်သက်သွားသည်။ ပြသနာအား ဖြေရှင်းရန် တိတ်ဆိတ်စွာ တွေးနေသောကြောင့် သူ၏မျက်ဝန်းများသည် အရောင်တောက်ပနေခဲ့သည်။

“အစ်ကိုကြီး… ကျွန်တော် အဲ့ဒီကို သွားပါရစေ။” ထန်ကောရှို့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ထန်ကောရှန့် ခေါင်းမော့လာကာ ခေါင်းခါပြလိုက်သည်။

“မင်းရောငါရော သွားလို့မရဘူး။ ငါတို့ဒီမှာ ထိုင်မနေနိုင်တော့ဘူးဆိုရင် ငါတို့ရှုံးလို့မရဘူးလို့ ရန်သူတွေက တွေးကြပြီးတော့ သူတို့တိုက်ခိုက်မှုက ပိုပြီး ပြင်းထန်လာလိမ့်မယ်။”

ထိုအချိန်မှာပင် လူ၂ယောက် အခန်းတွင်းသို့ ဝင်လာသည်။ ထန်ယွမ်သဲ့နှင့် စုလင်းယွမ်တို့ ဇနီးမောင်နှံဖြစ်ပေသည်။

“အဖေ…လက်ရှိအခြေအနေက ဘယ်လိုလဲ။” ထန်ယွမ်သဲ့က အခန်းတွင်းသို့ ဝင်လာသည်နှင့် ထန်ကောရှန့်ဆီ တန်းသွားကာ အမြန်မေးလိုက်သည်။

“လူတစ်ချို့က ငါတို့ကြယ်စင်အလင်းအုပ်စုရဲ့ရုံးချုပ်ကို မီးစတင်ရှို့လိုက်ပြီ။ ငါ ခန့်မှန်းတာ မမှားရင် လုပ်တဲ့သူက သူတို့တွေပဲ။” ထန်ကောရှန့်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အဖေ ကျွန်တော့်ကို အဲ့ဒီနေရာ သွားစေချင်လား။” ထန်ယွင်သဲ့ မျက်နှာပျက်သွားကာ မေးလိုက်သည်။

“အခုချိန်တော့ မသွားနဲ့ဦး။” ထန်ကောရှန့်က ခေါင်းခါသည်။ “မင်းရဲ့အစ်ကိုကြီး အဲ့ဒီမှာ အခြေအနေကို သွားကြည့်ပြီး လိုအပ်တာလုပ်နေပြီ။ ဒါနဲ့ မင်းဆီမှာ ပုန်းကွယ်နေတဲ့အင်အားစုတွေရှိတယ်လို့ အဖေ့ကို ပြောခဲ့တာ အခုဆိုရင် အင်အား ဘယ်လောက်နေရှိပြီလဲ။”

“ဆိုင်ပန်က တစ်ယောက်ကတော့ လှုပ်ရှားဖို့ အဆင်မပြေသေးဘူး။ လက်ရှိအချိန်မှာ သူက ရာထူးတက်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်နေတယ်။ သူ အောင်အောင်မြင်မြင် ရာထူးတက်ပြီးသွားရင် ဆိုင်ပန်မှာ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်။ သူ ရာထူးတက်သွားရင် တစ်ခြားလူတွေတောင်မှ အခြားထင်ရှားတဲ့ ပုံရိပ်တွေ ဖြစ်လာနိုင်ကြလိမ့်မယ်။ အဲ့ဒီဟာက အချိန်ကျလာတဲ့အခါ အကျိုးကျေးဇူးအကြီးကြီးကို သယ်ဆောင်လာလိမ့်မယ် အဖေ။ ဒါပေမယ့် မကာအိုက တစ်ယောက်ကို ကျွန်တော်တို့ သုံးလို့ရမယ်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီးနောက် ကုမ္ပဏီက ဘီလီယံရာချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပြီး သစ္စာရှိတဲ့၊ အသက်ကို ပေးအပ်နိုင်တဲ့ လက်အောက်ခံလူတွေကိုလည်း လေ့ကျင့်ပေးထားခဲ့တယ်။”

ထန်ကောရှန့်၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားရကာ

“ကွမ်းယန်က ပြသနာကို မင်းရဲ့အစ်ကိုကြီး အရင်ရှင်းပါစေဦး။ သူ မရှင်းနိုင်တော့မှ မကာအိုက မင်းရဲ့လူတွေကို သုံးကြတာပေါ့။ ငါတို့ထန်မိသားစုက လျှို့ဝှက်လေ့ကျင့်ပေးနေတဲ့ အင်အားကိုတော့ အလျင်စလို ထုတ်မသုံးသင့်သေးဘူး။ သေခြင်းရှင်ခြင်းမကြုံသေးသရွေ့ သူတို့ကို ပုန်းကွယ်ထားရမယ်။”

“ပြသနာမရှိပါဘူး။” ထန်ယွင်သဲ့ ခေါင်းညိတ်သည်။ “ဒါပေမယ့် ကြယ်စင်အလင်းအုပ်စုရဲ့အခြေအနေကို ကျွန်တော်တို့ ဘယ်လိုစီမံသင့်သလဲ။ ရုံးချုပ် မီးလောင်သွားပြီဆိုတော့ ရုံးအသစ်ကို ပြောင်းရင်တောင်မှ စီးပွားရေးက အချိန်ကာလတစ်ခုအထိ နှောင့်နှေးနေမှာ ကျွန်တော် စိုးထိတ်မိတယ်။”

“တကယ်လို့သာ လုံး၀မကောင်းခဲ့ရင် ကွမ်းယန်နဲ့ ဖူခန်းကနေ အကုန်ပြန်ဆုတ်လိုက်ရုံပဲရှိတော့တယ်။ ကြယ်စင်အလင်းအုပ်စုရဲ့ရုံးခွဲတွေက အနီးနားက ဒေသတွေမှာလည်း ရှိတယ်ဆိုတော့ အချိန်ကျရင် ကြယ်စင်အလင်းရုံံးချုပ်ကို ယာယီထားဖို့ ရုံးခွဲတစ်ခုကို သုံးနိုင်တယ်လေ။”ထန်ကောရှန့်က ပြောသည်။

ထန်ယွင်သဲ့ ခေါင်းညိတ်လိုက်သည်။

ရုတ်တရက် သားဖြစ်သူ၏စကားများအား သတိရသွားသဖြင့် သူ၏အမူအရာသည် လက်ကနဲဖြစ်သွားသည်။ ချီတုံချတုံဖြစ်နေပြီးနောက် ထန်ယွင်သဲ့က စကားစလိုက်သည်။

“အဖေ…ရှုအာ ကျွန်တော့်ကို ဆက်သွယ်လာတယ်။”

“ငါတို့မိသားစုအခြေအနေကို မင်း သူ့ကို ပြောပြလိုက်သေးလား။” ထန်ကောရှန့် မျက်မှောင်ကြုပ်ကာ လေသံပြင်းပြင်းဖြင့် မေးသည်။

“ဟုတ်ကဲ့။ သူကလည်း ကျွန်တော်တို့ ထန်မိသားစုဝင်တစ်ယောက်ပဲလေ။” ထန်ယွင်သဲ့ ခေါင်းညိတ်သည်။ “သူက စမေးလာတော့ သူ့ကို ဖုံးကွယ်စရာမလိုဘူးလို့ ကျွန်တော် ထင်မိတယ်။ သူလည်း အရွယ်ရောက်လာပြီဆိုတော့ ကျွန်တော် သူ့ကို ဖုံးကွယ်မထားချင်ဘူး။”

“ဟမ့်…သူ အမှန်တကယ် အရွယ်ရောက်လာပြီဆိုပေမယ့် အဖေတို့မျက်စိထဲမှာတော့ ကလေးတစ်ယောက်လို မြင်တုန်းပဲ။” ထန်ကောရှန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“အဖေက သူ့ကို ပညာ ကောင်းမွန်စွာ သင်ကြားစေချင်တယ်။ ထန်မိသားစုရဲ့ အခက်အခဲတွေကို သူ့ကို မစိုးရိမ်စေနေချင်ဘူး။ ငါတို့ ထန်မိသားစုက သူ့အပေါ် အကြွေးတွေ အများကြီးတင်နေခဲ့တယ်။ အဖေတို့က သူ့အတွက် အရာရာအကောင်းဆုံးပဲ ဖြစ်စေချင်တယ် ယွင်သဲ့။ ထန်တို့ရဲ့အခြားပြသနာတွေကို ငါတို့ပဲ ရှင်းရမယ်။”

ပထမဆုံးအကြိမ်အနေနှင့် စုလင်းယွမ် စကားဖြတ်ပြောလိုက်သည်။

“အဖေ…ယွင်သဲ့မှန်တယ်လို့ ကျွန်မ ထင်တယ်။ ရှုအာက အရမ်းငယ်ကောင်းငယ်နိုင်သေးပေမယ့် သူက အတော် တွေးခေါ်ဆင်ခြင်တတ်တယ်အဖေ။ သူ့ကို ဒီအကြောင်း ဖုံးကွယ်ထားဖို့ မလိုအပ်ပါဘူး။ သူက ထန်မိသားစုရဲ့သွေးသားဆိုမှတော့ ထန်မိသားစုနဲ့အတူ အေးအတူ ပူအမျှ ရှိရမှာပေါ့။ နောက်ပြီး သူ ပြောတာ ကျွန်မ ကြားတာကတော့ သူ ပိုက်ဆံအများကြီး ရှာနိုင်နေပြီမို့ မိသားစုက သူ့အကူအညီလိုအပ်လာရင် သူ့ကို ပြောပါတဲ့။”

ထန်ကောရှန့်၏မျက်နှာထက်တွင် ဒေါသရိပ် ဖြတ်သန်းသွားသော်လည်း မည်သည့်စကားမျှ သူ မပြောလိုက်ချေ။ သူ၏သားဖြစ်သူ ထန်ယွင်သဲ့ ပြောခြင်းသာဖြစ်ပါက သူ့အနေဖြင့် ဆဲဆိုဆူပူလိုက်မည် ဖြစ်သော်လည်း ယခုပြောနေသူမှာ ထန်မိသားစုမှ နှစ်ပေါင်း၂၀ကျော်ခန့် ပစ်ပယ်ထားခဲ့သလိုဖြစ်ခဲ့သည့် ချွေးမဖြစ်သူမှ ပြောနေခြင်းဖြစ်ပေရာ သူမအား ဒေါသထွက်ပါက မသင့်တော်ဟု သူ ခံစားမိသည်။

သူ၏ဒေါသအား ဖိနှိပ်ထားပြီးမှသာ တုံ့ပြန်လိုက်နိုင်သည်။

“ရှုအာက ထန်မိသားစုဝင်တစ်ယောက် ဆိုတာမှန်ပေမယ့် သူက အခုပညာသင်ယူနေတုန်းလေ။ ထန်မိသားစုနဲ့ အေးအတူ ပူအမျှ ရှိရမယ်ဆိုတာလည်း မှန်ပေမယ့် ဒီအချိန်တော့ မဟုတ်သေးဘူး။ သူ ပညာတွေ သင်ယူပြီးတဲ့အထိ ငါတို့စောင့်ရမယ်။ သူ ကျောင်းပြီးလို့ ဘွဲ့ရသွားပြီဆိုရင် သူ လုပ်ချင်တာတွေအတွက် အကောင်းဆုံးလမ်းကို အဖေ စီစဉ်ပေးမှာပါ။ မိသားစု စီးပွားရေးထဲ ဝင်လုပ်ချင်တယ်ဆိုရင် ထန်မိသားစုရဲ့ လုပ်ပိုင်ခွင့်ကို သူ့ကို ဖြည်းဖြည်းချင်းလွှဲပြောင်းပေးမယ်။ နိုင်ငံရေးနဲ့အစိုးရဋ္ဌာနမှာလုပ်ချင်တယ်ဆိုရင်လည်း သူ့အတွက် လမ်းကြောင်းတစ်ခု ငါ ဖောက်ပေးမှာပါ။ ဒါပေမယ့် မှတ်ထားရမှာက အခုတော့ မဟုတ်ဘူး။”

ထန်ယွင်သဲ့နှင့် စုလင်းယွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သားဖြစ်သူအပေါ် ဖခင်ကြီး၏မျက်နှာသာပေးမှုနှင့် ချစ်ခြင်းမေတ္တာအား သူ၏လေသံမှတဆင့် သူတို့ ခံစားမိနိုင်ကြပေသည်။ သို့သော်လည်း ကြမ်းတမ်းပြီး လက်မလျှော့တတ်သော လူတစ်ယောက်ပီပီ ထန်ယွမ်သဲ့၏ ရဲစွမ်းသတ္တိနှင့် ရဲရင့်မှုတို့သည် နှစ်၂၀လောက် မေ့မြောနေခဲ့သော်လည်း လျော့နည်းမသွားချေ။

ထို့ပြင် နှစ်၂၀လောက် မေ့မြောနေခဲ့ပြီး မည်သူမဆို ရူးသွပ်သွားအောင် ဖြစ်သွားနိုင်သည့် အမှောင်ထုထဲတွင် အထီးကျန်စွာ ဖြတ်သန်းလာခဲ့ရပြီး သူ၏ရဲရင့်မှုနှင့် အသက်ရှင်သန်နေခဲ့ရသည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏စိတ်သည် အလွန်တည်ငြိမ်အေးဆေးလျက် ရှိသည်။

“အဖေ…အဖေ့စိတ်အတွေးကို အဖေက ပြောပြီးပြီ။ ဒါပေမယ့် ရှုအာ ဘာတွေ စဉ်းစားထားသလဲဆိုတာ ကျွန်တော် အဖေ့ကို ပြောမှရမယ်။” ထန်ယွင်သဲ့က အလေးအနက်ပြောလိုက်သည်။

ထန်ကောရှန့် တစ်ချက်တွေဝေသွားပြီး ပြန်မေးသည်။

“ရှုအာ စိတ်ထဲမှာ ဘာတွေရှိနေလဲ။”

“ထန်မိသားစု တစ်ခုခု လိုအပ်တာရှိခဲ့ရင် ချက်ချင်းပြောပေးပါလို့ သူက ကျွန်တော့်ကို ပြောခဲ့တယ်။ ကျွန်တော် မသိတဲ့ လွှမ်းမိုးနိုင်မှုစွမ်းအား သူ့မှာရှိတယ်လို့လည်း ကျွန်တော့်ကို ပြောတယ်။ ကျွန်တော် သိထားတဲ့အကြောင်းဆိုရင် ကျွန်တော်တောင် အတော် အံ့အားသင့်သွားခဲ့ရတာ။”

“ရှုအာ ပိုင်တဲ့စွမ်းအားက ဘာဖြစ်နိုင်မှာလဲ။ ကြယ်တာရာက စီးပွားရေးလား။”

ထန်ကောရှန့် မျက်ခုံးပင့်ကာ မေးသည်။

ထန်ယွင်သဲ့က အားတင်းပြုံးလိုက်ပြီး

“အဲ့ဒါထက် ပိုတယ်။ ရှုအာရဲ့ပိုင်ဆိုင်မှု ဘယ်လောက်ရှိမှန်း ကျွန်တော် အသေးစိတ် မသိပေမယ့် ၃ဘီလီယံ-၄ဘီလီယံထက်တော့ မနည်းဘူးလို့ ကျွန်တော် ခန့်မှန်းထားတယ်။”

ထန်ကောရှန့်နှင့် ထန်ကောရှို့တို့ တစ်ခဏမျှ ကြက်သေ သေသွားရုံသာမက ထန်မင်းသည်လည်း ကျောက်ရုပ်ပမာ ဖြစ်သွားရလေသည်။

၃-၄ဘီလီယံ ဟုတ်လား။ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ထန်ကောရှန့်သည် ကြယ်တာရာရှိ ခမ်းနားသော ထန်လုပ်ငန်းစု၏ ပိုင်ဆိုင်မှုအား စုံစမ်းရန် လူတစ်ချို့အား စေလွှတ်ခဲ့ဖူးသည်။ ထိုလုပ်ငန်းစု၏ပိုင်ဆိုင်မှုသည် အများဆုံးမှ ၁ဘီလီယံသာ ရှိပေမည်။ ရုတ်တရက် အဆများ ခုန်တက်လာရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

ရုတ်တရက် ထန်ကောရှန့် တစ်စုံတစ်ခုအား သိရှိသွားသည့်ပမာ ပြောလိုက်သည်။

“မင်းဆိုလိုတာက… ရှုအာ ပိုင်ဆိုင်တဲ့ ၃ဘီလီယံ ဒါမှမဟုတ် ၄ဘီလီယံဆိုတာ မင်း သိထားတာပဲ ရှိသေးတယ်။ မင်း မသိသေးတဲ့ အင်အားတွေ ရှိသေးတယ်လို့ ပြောတာလား။”

“အမှန်ပါပဲ။” ထန်ယွင်သဲ့ ခေါင်းညိတ်သည်။

“အဖေ့ကို ပြောပါဦး။ ရှုအာက ခမ်းနားသောထန်အပြင် ဘာတွေ ပိုင်ဆိုင်ထားသေးလဲ။”

“ရှုအာက ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်းကို ၂.၅ဘီလီယံနဲ့ ဝယ်လိုက်တယ်။ အစကတော့ သူ့ရဲ့တပည့် ချန်းကျီကျုံးဆီက ချေးဝယ်လိုက်တာဆိုပေမယ့် သူ ပြန်ဆပ်ပြီးသွားပြီ။ ပြန်ဆပ်ဖို့ ပိုက်ဆံ ဘယ်ကရလဲတော့ ကျွန်တော် မသိဘူး။ အခုလက်ရှိ သူ အဲ့ဒီကျွန်းကို ပြန်ပြင်နေတယ်။ အဲ့ဒီစီမံကိန်းမှာ ငွေအများကြီး သူ သုံးရလိမ့်မယ်လို့ ခန့်မှန်းတာပဲ။”

ထန်ကောရှန့်က အံ့အားသင့်သွားပြီး

“သူက ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်း ဝယ်လိုက်တာလား။ ဘာရည်ရွယ်ချက်နဲ့လဲ။”

“သူ ပြောတာတော့ အဲ့ဒီကျွန်းက အနာဂတ်မှာ ထန်မိသားစုရဲ့သာလွန်တဲ့ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်တဲ့။” ထန်ယွင်သဲ့က ဖြေသည်။

ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းတစ်ကျွန်းက သာလွန်တဲ့ ရုံးချုပ်တစ်ခု ဖြစ်လာမှာလား။

ထန်ယွင်သဲ့၏စကားများသည် ထန်ကောရှန့်ကိုသာမက ထန်ကောရှို့နှင့်ထန်မင်းကိုပါ တုန်လှုပ်သွားစေခဲ့သည်။

ထန်ရှုက ထန်မိသားစုအတွက် သာလွန်သော ရုံးချုပ်တစ်ခုအား ပြုလုပ်နေသည်ဟု ပြောခဲ့သည်။

ထန်မိသားစုသည် အမိမြေတွင် မနေနိုင်တော့ဘဲ ပင်လယ်ပြင်တွင် ပုန်းအောင်းနေရမည့် အချိန်တစ်ခု ရောက်လာလိမ့်မည်လား။

အတန်ငယ် အချိန်ကြာသွားပြီးနောက် ထန်ကောရှန့် ဆုံးဖြတ်ချက် ချကာ လေးလေးနက်နက် ပြောလိုက်သည်။

“ရှုအာရဲ့အင်အားကို ထားလိုက်ပါ။ သူက ငယ်လွန်းတော့ ခုချိန်မှာ အများကြီးလည်း ကူနိုင်ဦးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါတို့တွေက ချက်ချင်းဖြစ်လာသမျှတွေကို အရင်ရှင်းဖို့ လိုတယ်။”

ရှန်ဟိုင်း ကြယ်ပြာအိမ်ရာဝင်း…

ထန်ရှုသည် ချက်ချင်းအနားမယူသေးသလို ကျင့်ကြံမှုကိုလည်း မလုပ်သေးချေ။ အချိန်အတန်ကြာအောင် စဉ်းစားနေပြီးမှ ဂူရှောင်ရွှဲ့ဆီ သူ ဖုန်းဆက်လိုက်သည်။

“ငါ့ကိုရှာနေသလား ဆရာအဘိုး။” ဂူရှောင်ရွှဲ့၏သွက်လက်ပေါ့ပါးနေသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ရှောင်ရွှဲ့... ငါ မင်းကို မေးစရာလေး ရှိလို့။”

“ပြောပါ ဆရာအဘိုး။”

“ကွမ်းယန်နဲ့ ဖူခန်းမှာ ငါတို့ထာဝရခန်းမရဲ့ ရုံးခွဲတွေများ ရှိလား။”

“အဲ့ဒီမှာ တောက်ပသောအနာဂတ် ကျောက်မျက်လုပ်ငန်းနဲ့ စစ်မှန်သော ယုံကြည်မှု အိမ်ခြံမြေတော့ရှိတယ်။ ဒါပေမယ့် အဲ့ဒီဒေသမှာ ရှိတဲ့ ထာဝရခန်းမကလူအရေအတွက်က နည်းတယ်။”

“ထာဝရခန်းမက ကျွမ်းကျင်သူတွေ လက်ရှိမှာ ဘယ်နှစ်ယောက် လှုပ်ရှားနိုင်မလဲ။”

“အချိန်မရွေး အားလုံး လှုပ်ရှားနိုင်တယ်။ ဆရာအဘိုး အမိန့်ပေးတာနဲ့ သူတို့ကို ကွမ်းယန်နဲ့ ဖူခန်းဆီ လွှတ်ပေးလိုက်မယ်။ အာ…ဟုတ်သားပဲ။ ဖူခန်းမှာ ထာဝရခန်းမအပေါ် အကြွေးတင်နေတဲ့သူတွေ ရှိနေတာ ငါ သတိရလာပြီ။”

“သူတို့က ဘယ်သူတွေလဲ။”

“ဖူခန်းက ဟောင်မိသားစုပါ။ သူတို့ရဲ့ မိသားစု ခေါင်းဆောင်ကို ဆရာသခင် တစ်ခါ ကယ်ဖူးတယ်။ သူ မိသားစုခေါင်းဆောင်ဖြစ်လာတာကလည်း ဆရာသခင်ရဲ့ အကူအညီ မကင်းဘူး။ ဆရာအဘိုး အဲ့ဒီမှာ အကူအညီ လိုအပ်ခဲ့ရင် ဟောင်တွေက အပြည့်အဝ ကူညီပေးလိမ့်မယ်။”

“ဟောင်မိသားစုက ဖူခန်းမှာ လွှမ်းမိုးနိုင်တဲ့ ပုံရိပ်ရှိလား။”

“သူတို့က ပထမ မဟုတ်ရင်တောင် ဒုတိယတော့ လိုက်တယ်။ ပြီးခဲ့တဲ့ ၁၀နှစ်ကဆို ဟောင်မိသားစု ခေါင်းဆောင်က ကျင်းမန်ကျွန်းက ထာဝရခန်းမကို နှစ်တိုင်း အလည်လာတယ်။ သူက ဆရာသခင်ကို တွေ့ချင်ပေမယ့် အချိန်တိုင်း စိတ်ပျက်သွားရတယ်။ ဒါပေမယ့်...”

“ဟောင်မိသားစုက ထာဝရခန်းမအပေါ် ကျေးဇူးတင်နေအောင် သုံးနှစ်တစ်ကြိမ် ဟောင်မိသားစုက ထူးချွန်တဲ့ လူ၃ယောက်ကို ကျင်းမန်ကျွန်းမှာ သင်ကြားဖို့ စေလွှတ်နိုင်တယ်လို့ အမိန့်ထုတ်ခဲ့ပေးတယ်။ အဲ့ဒါကြောင့် ဒီ၁၀နှစ်ထဲမှာ လူတော်တော်များများကို လေ့ကျင့်ပေးခဲ့ပြီးပြီလို့ ဆိုနိုင်တယ်။”

“ဟောင်မိသားစု အဲ့ဒီမှာ ရှိနေမှတော့ ထာဝရခန်းမက လူတွေ လှုပ်ရှားဖို့ မလိုတော့ဘူး။ ငါ့မိသားစုက ပြသနာအချို့တက်နေတော့ လှုပ်ရှားဖို့အတွက် ငါ ကွမ်းယန်နဲ့ ဖူခန်းက လူတစ်ချို့ကို အကူအညီ လိုနေတာ။ ဟောင်မိသားစု ခေါင်းဆောင်ရဲ့ ဖုန်းနံပါတ် ငါ့ဆီ ပို့ပေးလိုက်ပါ။”

“ချက်ချင်း ပို့လိုက်မယ် ဆရာအဘိုး။”

***

All Chapters