← Chapters

သဲလွန်စများ

Vol. 07 Ch. 339

သဲလွန်စများ

Vol. 07 Ch. 339

ဖူခန်းမှ ဟောင်မိသားစုခေါင်းဆောင်၏ဖုန်းနံပါတ်ကို ရရှိပြီးနောက် ထန်ရှုသည် ကိုယ်တိုင် ဆက်သွယ်ရမည်လော သို့တည်းမဟုတ် ထန်မိသားစုအား ဆက်သွယ်ရန် ဖုန်းနံပါတ် ပေးလိုက်ရမည်လောဟု အတွေးနက်သွားရသည်။

လက်ရှိတွင် အခြေအနေသည် မည်သို့ဖြစ်နေသည်ကို သူ မသိသေးသောကြောင့် သူကိုယ်တိုင် ပါဝင်မည့်အစား အေးအေးဆေးဆေး လှုပ်ရှားရန် သူ ရွေးချယ်လိုက်သည်။

ထို့ပြင် ထန်မိသားစုနှင့် ယောင်မိသားစုသည် စီးပွားရေးချည်းသာ လုပ်ဆောင်သည်သာမဟုတ်ဘဲ အရေးကြီးဆုံးမှာ မိသားစု၂စုလုံးသည် နိုင်ငံရေးလောကတွင်ပါ ပတ်သက်နေသည်။ နိုင်ငံရေးတွင် ရာထူးအမြင့်ပြိုင်ဆိုင်မှုများ လာနေသည်နှင့်အတူ  သူ ကြားဝင်လိုက်သည်နှင့် ပြသနာအမျိုးမျိုးဆီသို့ ဦးတည်သွားလိမ့်မည်။

ဓားအသွားအား ပြုလုပ်ရန် အကောင်းဆုံး သံအား အသုံးပြုသကဲ့သို့ ယခုအခိုက်အတန့်တွင် သူသည် အမှန်တကယ်ပင် အကောင်းဆုံးရင်းမြစ် ဖြစ်နေသည်။ သို့သော် ထန်မိသားစုနှင့် ယောင်မိသားစုကြားရှိ ပဋိပက္ခသည် စဦးပိုင်းအဆင့်မျှသာ ရှိသေးသည်ဖြစ်ပြီး သေခြင်းရှင်ခြင်းအဆင့်နှင့် အလှမ်းဝေးသေးသည်။

ထန်မိသားစုအား အကြီးအကျယ်အဟန့်အတား ဖြစ်စေသည့် ကြီးမားသည့် ဆုံးရှုံးမှုနှင့်သာ  မကြုံရပါက ချွင်းချန်ထားရန်မလိုဘဲ ဆောင်ရွက်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဟောင်မိသားစုခေါင်းဆောင်နှင့် ထာဝရခန်းမတို့သည် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိနေသဖြင့် ထိုသူ့ထံသို့ သွားရောက်လည်ပတ်ရန် အချိန်ရှိပါသေးသည်။

အခြေအနေအား စေ့ငုသုံးသပ်ပြီးနောက် ဟောင်မိသားစုခေါင်းဆောင်အား မနက်ဖြန်မှ ဆက်သွယ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏အတွေးများအား နောက်ပို့ထားလိုက်ပြီး အိပ်ရာဆီသို့ သွားကာ တင်ပျဉ်ခွေထိုင်ချလျက် စတင်ကျင့်ကြံလိုက်သည်။

လက်ရှိချိန်တွင် သူ၏ကျင့်ကြံမှုသည် အဆက်မပြတ် တိုးတက်နေပြီး အသားသန်မာခြင်းအဆင့်၏ အထွတ်အထိတ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အရိုးပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

နဂါးကိုးကောင်ကျွန်းမှ အမှတ်မထင်တွေ့ကြုံခဲ့ရသော ကိစ္စများအရ ကံကောင်းထောက်မစွာဖြင့် သူသည် အသားသန်မာခြင်းအဆင့်တွင် အချိန်ကြာမြင့်စွာ မကုန်ဆုံးခဲ့ရပေ။

ကျင့်ကြံရန် တင်ပျဉ်ခွေထိုင်လိုက်သည်နှင့် ကောင်းကင်ယံမှ ကြယ်စွမ်းအားများသည် ဒီရေလှိုင်းများသဖွယ် တစ်ထပ်ပြီးတစ်ထပ် ထန်ရှုဆီသို့ ဦးတည်ရောက်လာကြသည်။ သူ၏ကြယ်စွမ်းအား စုပ်ယူမှုနှုန်းသည် အရေပြားသန်မာခြင်းအဆင့်တွင် ရှိစဉ်ကထက် အဆများစွာ ပိုမိုမြန်ဆန်လာခဲ့သည်။

ကံမကောင်းရသည့်အချက်မှာ ရှန်ဟိုင်းတွင်ရှိသော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီသည် အလွန်အမင်း ရှားပါးလှသောကြောင့် သူ၏ကျင့်ကြံမှုနှုန်းသည် နဂါးကိုးကောင်ကျွန်းတွင် ကျင့်ကြံစဉ်ကထက် အတော်ဆိုးရွားစွာ နှေးကွေးသွားရသည်။

ကောင်းကင်စကြာဝဠာကျင့်စဉ်အား အပိုင်း(၃)ပိုင်း ခွဲခြားထားသည်။

ပထမအပိုင်း - ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်အဆင့်တွင် (၉)ဆင့်ရှိသည်။

၁။ စွမ်းအင်လေ့ကျင့်ခြင်း

၂။ အရေပြားသန်မာခြင်း

၃။ အသားသန်မာခြင်း

၄။ အရိုးပြောင်းလဲခြင်း

၅။ မရီဒျာန်ပြောင်းလဲခြင်း

၆။ ခြင်ဆီပြောင်းလဲခြင်း

၇။ ကိုယ်တွင်းအင်္ဂါများ ပြောင်းလဲခြင်း

၈။ သွေးနှင့်ချီ လှည့်ပတ်ခြင်း

၉။ အမြုတေ၉ဆင့် ဖွဲ့စည်းခြင်း။ တို့ဖြစ်သည်။

ယခုတွင် သူသည် အသားသန်မာခြင်း၏ အထွတ်အထိပ်အဆင့်တွင် ရောက်ရှိနေပြီဖြစ်သည်။ ထိုအဆင့်သည် ရွှေအမြုတေအဆင့်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း များစွာ ကွာခြားမှုမရှိလှချေ။

သူသာ အရိုးပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိသွားပါက စဦးပိုင်းရွှေအမြုတေအဆင့် ကျင်ကြံသူနှင့် ယှဉ်ပြိုင်ရန် ယုံကြည်ချက်ရှိပေသည်။

သူ၏ကျင့်ကြံမှုအဆင့်မြင့်လာလေ သူအသုံးပြုနိုင်သော လျှို့ဝှက်ကျင့်စဉ်များ များပြားလာလေဖြစ်လိမ့်မည်။ သို့သော်လည်း ယနေ့ခေတ်သစ်လူမှုအဖွဲ့အစည်းတွင် ထိုကျင့်စဉ်များအား အသုံးပြုရန် သူ့အတွက် များစွာ အခွင့်အရေး မရှိလှပါချေ။

“ကြည့်ရတာ ငါ့ခွန်အားနဲ့ ကျင့်စဉ်အဆင့်ကို အမြန်တိုးတက်စေချင်ရန် နဂါးကိုးကောင်ကျွန်းမှာ ကျင့်ကြံဖို့လိုတယ်။”

၄နာရီမျှ လေ့ကျင့်ပြီးနောက် ထန်ရှုသည် မျက်လုံးများ ဖြည်းညှင်းစွာ  ဖွင့်လိုက်သည်။ သူ၏ချောမောသော မျက်နှာထက်တွင် မချိပြုံးသည် ပေါ်လွင်နေပေသည်။ ရှန်ဟိုင်းတွင် သူ၏၄နာရီကြာ ကျင့်ကြံမှု၏ရလဒ်သည် နဂါးကိုးကောင်ကျွန်းပေါ်၌ သူ၏နာရီဝက်ကြာ ကျင့်ကြံမှုနှင့်သာ ယှဉ်နိုင်ပေသည်။

မနက် ၈နာရီ…

အိပ်နေရာမှ နိုးလာသော ထန်ရှုသည် မျက်နှာသစ် သွားတိုက်ပြီး ခန္ဓာကိုယ်အား လန်းဆန်းသွားစေရန် ဆောင်ရွက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သည်အိမ်တွင် သူမှတစ်ပါး အခြားသူမရှိသည်ကို သူ သတိရသွားသည်။ တောင်တံခါးအိမ်ရာကဲ့သို့ သူ့အား မနက်စာပြင်ဆင်ပေးမည့် အိမ်အကူတစ်ယောက်မျှ မရှိပါချေ။

“ငါ ဒေသခံအလုပ်သမားတစ်ယောက်လောက် ငှားသင့်သလား။”

ထန်ရှု တစ်ခဏမျှ ချီတုံချတုံဖြစ်ပြီးနောက် အိမ်ဝန်ဆောင်မှုကုမ္ပဏီအား ရှာဖို့ အချိန်ယူရန်နှင့် အကျင့်စရိုက်ကောင်းကာ ဝီရိယရှိသူ ဒေသခံ အလုပ်သမားတစ်ယောက်အား ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

“ငါ ကျောင်းကိုသွားဦးမှပဲ။ လမ်းမှာပဲ စားစရာတစ်ခုခု ဝယ်သွားတော့မယ်။”

ထန်ရှု ခေါင်းယမ်းကာ မချိပြုံးပြုံးလိုက်သည်။ အိမ်မှ ထွက်လာပြီးနောက် သူသည် ကုန်သွယ်မှုနယ်မြေအနီးမှ ဆိုင်တစ်ဆိုင်တွင် စားစရာအချို့ဝယ်ကာ တက္ကစီ မစီးတော့ဘဲ လမ်းလျှောက်ရင်း မနက်စာ စားလာသည်။

ကျောင်းသားများ၏ စစ်ရေးလေ့ကျင့်မှုဘာသာရပ်သည် သည်လ၏၇ရက်မြောက်နေ့မှ စတင်မည် ဖြစ်သော်လည်း ထန်ရှုသည် ထိုလေ့ကျင့်မှုအား မတက်ချင်ပေ။ တက္ကသိုလ်၏စစ်ရေးလေ့ကျင့်မှုဘာသာရပ်သည် သူ့အတွက် ကလေးကစားစရာတစ်ခုသာ ဖြစ်သည်။ ထိုလေ့ကျင့်မှုအား တက်ရောက်ခြင်းသည် သူ့အတွက် အနှောင့်အယှက်တစ်ခုသာ ဖြစ်ပေမည်။ ထို့ကြောင့် သည်နေ့တွင် အတန်းသို့သွားပြီးနောက် လီပိုင်ယီအား ရှာရန် ဆုံးဖြတ်လိုက်သည်။ ထိုသူသည် သမိုင်းဋ္ဌာန၏ ဒုတိယဋ္ဌာနမှူး ဖြစ်နေသည်ဆိုကတည်းက သူ့အား ရှန်ဟိုင်းတက္ကသိုလ်၏ စစ်ရေးလေ့ကျင့်မှုထဲမှ ဆွဲထုတ်ပေးနိုင်သော အရည်အချင်းရှိပေလိမ့်မည်။

လေးထပ်ရှိ အဆောင်ဘီ၏စာသင်ခန်းတွင်…

ထန်ရှုသည် စာသင်ခန်းသို့ ရောက်သောအခါ စာသင်ခန်းထဲတွင် လူအယောက်၂၀-၃၀ခန့်သည် စကားများ ပြောနေကြသည်။ ယွဲ့ခိုင်၊ ဟူချင်းစုန့်၊ ကျောက်လျန့်နှင့် မနေ့က ပါတီပွဲတွင် အတူဆုံစည်းခဲ့ကြသော အခြားကျောင်းသား ၂ယောက်သည် စကားပြောကာ တဝါးဝါး ရယ်မောနေကြသည်။

“အစ်ကိုကြီးထန်…”

ထန်ရှု ရောက်လာသည်ကို ကြည့်ပြီး ဟူချင်းစုန့်၏ မျက်လုံးများ အရောင်တောက်သွားကာ လက်ကို ဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။ သူ၏ကျယ်လောင်သောအသံကြောင့် စာသင်ခန်းထဲရှိ ကျောင်းသား၂၀-၃၀ခန့်သည် ချက်ချင်းပင် ထန်ရှုအား ကြည့်လိုက်ကြသည်။

တက္ကသိုလ်ဝင်းထဲရောက်စဉ်ကတည်းက သူတို့သည် ထန်ရှု၏နာမည်အား ကြားခဲ့ရသည်။ ထန်ရှုသည် ရွှမ်းချင်ဒေသတွင် တက္ကသိုလ်ဝင်ခွင့်အမှတ် အများဆုံးရသော ကျောင်းသားတစ်ယောက် ဖြစ်ရုံသာမက ထန်ရှု၏အထက်တန်းကျောင်း အတန်းပိုင်ဆရာမသည် လက်ရှိအတန်း၏ အတန်းပိုင်ဆရာမဖြစ်လာသည်ကိုပါ သိခဲ့ကြသည်။

အတန်းဖော်များအား ပြုံးပြလိုက်ပြီး ထန်ရှုသည် ဟူချင်းစုန့်၏ဘေးသို့ သွားကာ အပြုံးဖြင့်

“အတန်းက ၉နာရီခွဲမှ စမှာ မဟုတ်လား။ မင်း ဘာကြောင့် အစောကြီး ရောက်နေတာလဲ။”

“တွေ့ဆုံနှုတ်ဆက်ကြဖို့လေ။ အတန်းသားအချင်းချင်း တွေ့ဆုံကြတဲ့ ပထမနေ့လေ သူငယ်ချင်းရ။ အတန်းသားတစ်ဝက်နီးပါး မရောက်ကြသေးဘူး ဆိုပေမယ့်လည်း အတန်းထဲက မိန်းမလှလေးတွေကို ဆွဲဆောင်နိုင်မှုရှိရဲ့လားဆိုတာ သိချင်သေးတယ်လေကွာ။ ဒါပေမယ့် စိတ်မကောင်းစရာက…” ယွဲ့ခိုင်က ပြောသည်။

ထန်ရှု ရယ်မိတော့သည်။ သူ စာသင်ခန်းထဲ ဝင်ရောက်လာချိန်တွင် တစ်တန်းလုံးတွင် မိန်းကလေး၆ယောက်သာရှိပြီး ထိုမိန်းကလေးများ၏ သွင်ပြင်သည်လည်း အလွန်သာမန်ဆန်သော ရုပ်ရည်သွင်ပြင်များဖြစ်ကြသည်ကို မြင်မိသည်။

“ငါတို့က ဒီကို စာသင်ယူဖို့လာတာလေ။ မင်း မိန်းကလေးတွေကို လိုက်ချင်တယ်ဆိုရင် တက္ကသိုလ်ဝင်းအပြင်ဘက်က ဘားဆိုင်ကို သွားတာ ပိုကောင်းလိမ့်မယ်။ ဒါပေမယ့် မင်းအခြေအနေကို ကြည့်ရတာ နိုက်ကလပ်ထဲနဲ့ ဝန်းကျင်က ခပ်ဟော့ဟော့ကောင်မလေးအချို့ကို ရွေးချယ်ဖို့ လွယ်နေတာပါပဲကွာ။” ထန်ရှုက အပြုံးဖြင့် ပြောသည်။

“မဟုတ်ဘူး။ ယောကျာ်းလေးတွေကို သူတို့အခန်းထဲ ဖိတ်ခေါ်လေ့ရှိတဲ့ ကောင်မလေးမျိုးကို ငါ စိတ်မဝင်စားဘူး။” ယွဲ့ခိုင်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “အဲ့လိုမိန်းကလေးမျိုးကို သဘောကျရတာ အမှိုက်ထဲက ကောင်းနိုးရာရာ ရှာဖွေနေရသလိုပဲ။”

အမှိုက်ထဲက ကောင်းနိုးရာရာ ရှာဖွေနေရတာလား။

လူတိုင်း ရယ်လိုက်ကြသည်။

ထန်ရှု မျက်လုံးပြူးသွားသည်။ ရယ်မောရသည်ထက် နှစ်သက်သဘောကျသွားရပြီး

“မင်းက အမှိုက်တွေကို ကောက်ယူနေရတယ်လို့ တွေးတယ်ပေါ့။ ဒါပေမယ့် အခြားသူတွေက ပိုပြီးသက်သာတာကို ရှာနိုင်တာမဟုတ်ဘူးလား။ မင်း…အာ… အစာကို ဗိုက်ပြည့်အောင် စားထားတဲ့သူက ဘယ်လောက်ဆာလောင်နေတာလဲဆိုတာကို သိမှာမဟုတ်ဘူး။ မင်း ငါ့ကို မယုံရင် ဟူချင်းစုန့်ကို မေးကြည့်။ သူသာ မင်းနေရာမှာဆိုရင် အမှိုက်တွေ ရှာဖွေနေတယ်လို့ပဲ တွေးလိမ့်မှာလား။”

“ဒါပေါ့။ ငါကတော့ အဲ့ဒီလို လုံးဝခံစားမှာမဟုတ်ဘူး။” ဟူချင်းစုန့်က ချက်ချင်း တုံ့ပြန်လိုက်သည်။ “ငါ့ကိုယ်ငါ အလွန်ရုပ်ချောပြီး ချစ်စရာကောင်းတဲ့ အမျိုးသားတစ်ယောက်လို့ ခံစားမိလိမ့်မယ်။ အဲ့ဒီလို ခပ်ဟော့ဟော့ကောင်မလေးတွေကသာ သူတို့အခန်းထဲကို ဆွဲသွင်းကြည့်ပါလား တော်တော်လေးကို ပျော်နေမိမယ့် ငါလေးပါ။”

“ဖွီး…”ယွဲ့ခိုင်က မျက်လုံးပြူးကာ “မင်းက ဒီစက္ကူတွေလို မိန်းကလေးတွေကို တကယ်ရှိစေချင်ရင် နောက်ပိုင်းကျ နိုက်ကလပ်အချို့ကို သွားကြတာပေါ့။ မင်းကို သူတို့ထဲက အချို့နဲ့ ချိတ်လို့ရအောင် ငါ ကူညီပေးမယ်။ ဒါနဲ့ အစ်ကိုကြီးထန်…မင်းရဲ့မိန်းမပိုးနည်း အရည်အချင်းတွေကို ငါတို့ကို သင်ပေးမလား။”

“ငါက မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိပါဘူးကွာ။” ထန်ရှုက ခေါင်းယမ်းကာ ပြောသည်။ “မင်း တကယ် သင်ယူချင်တယ်ဆိုရင် အချစ် လျှို့ဝှက်ချက်စာအုပ်အချို့ ငါဝယ်ဖတ်လိုက်ပါမယ်။ အဲ့ဒီကနေ ပညာသင်ယူပြီးရင် မင်းတို့ကို ချက်ချင်း သင်ပေးမယ်လေ။ မင်းတို့ အဲ့ဒါရှာဖို့ အခက်အခဲရှိနေရင် မင်းတို့အတွက် ငါ ဝယ်ပေးပါမယ်။”

“မင်း ငါ့ကို နောက်နေတာလား ဆရာကြီး..” ယွဲ့ခိုင်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ “မင်းမှာသာ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး အရည်အချင်းမရှိဘူးဆိုရင် ဆရာမဟန်က မင်းနောက်လိုက်ဖို့ရာ ရှန်ဟိုင်းမှာ စာသင်နိုင်ဖို့ ဘယ်လိုဖြစ်ပြီး အရာရာလုပ်နိုင်မှာလဲ။ နောက်ပြီး သမိုင်းဋ္ဌာနကို ဝင်ဖို့နဲ့ ငါတို့အတန်းပိုင်ဆရာဖြစ်လာဖို့ သူမရဲ့အဆက်အသွယ်တွေကို သုံးရမယ်ဆိုတာ ငါပြောရဲတယ်။”

ထန်ရှု မျက်နှာလွှဲလိုက်သည်။ရှင်းပြခြင်းသည် သူတို့၏အတွေးများအား မရှင်းလင်းစေမှတော့ ဘာကြောင့်များ ရှင်းပြနေရဦးမည်နည်း။ သည်ဟာသည် ဟန်ကျင်းဝူ၏ဘဝဖြစ်သကဲ့သို့ သူ့တွင်လည်း ကိုယ်ပိုင်ဘဝရှိပေသည်။ သူတို့၏ဆက်ဆံရေးသည် ဆရာမတစ်ယောက်နှင့် ကျောင်းသားတစ်ယောက်အကြားမှ ဆက်ဆံရေးသာလျှင် ဖြစ်ပေရာ လမ်းခုလတ်တွင် အခြားဆက်ဆံရေး မည်သို့ စတင်ပါလိမ့်မည်နည်း။

အင်မော်တယ်ကမ္ဘာမှ သူ၏ဇနီးဖြစ်သူအား အလွန်သဘောကျနှစ်သက်သော်လည်း ထိုအရာသည် ရုပ်ရည်သွင်ပြင်မျှသာ ဖြစ်သည်။ ဟန်ကျင်းဝူနှင့် ထိုအမျိုးသမီးသည် ရုပ်ရည်သွင်ပြင်တူသော်လည်း နည်းနည်းလေးမျှ ဆက်စပ်မှုရှိလိမ့်မည်ဟု သူ မယုံကြည်ပါချေ။

ဟူချင်းစုန့်ကလည်း ထိုအကြောင်းအရာအား ဆက်ပြောသည်။

“အစ်ကိုကြီးထန်…မင်း ငါ့ကို မယုံပဲနေနိုင်တယ်။ ဒါပေမယ့် ဆရာမဟန်နဲ့ မနေ့ညက ငါ ပြန်လာတော့ အတော်ထူးခြားတဲ့ အခြေအနေကို ငါ သဘောပေါက်လာတယ်။”

ထိုမှတ်ချက်စကားအပေါ်တွင် ထန်ရှု တွေဝေသွားကာ ဇဝေဇဝါဟန်ဖြင့်

“ဘာအခြေအနေလဲ။”

“မနေ့ညက ငါတို့ ပြန်တုန်းက စကားပြောရင်း မင်းနာမည် ပါလာတဲ့အခါတိုင်း ဆရာမဟန်ရဲ့ မျက်လုံးတွေက အရောင်တစ်ဖျတ်ဖျတ်လက်ပြီး သူမရဲ့မျက်နှာလှလှလေးထက်မှာ တောက်ပတဲ့ အပြုံးတွေ ရှိနေတယ်။ မင်းကို ဆရာမဟန် တကယ်သဘောကျနေတယ်ဆိုတာ ငါပြောရဲတယ်။ အခုမင်းတို့၂ယောက် အတူတူ မဟုတ်ရင်တောင်မှ အချိန်တွေကြာလာတာနဲ့အမျှ မင်းရဲ့အချစ်ကို ဝန်ခံလာရပြီး သေချာပေါက် သူမကို မင်းလက်မောင်းထဲမှာ ပွေ့ဖက်နိုင်လိမ့်မယ်။”

“တော်လိုက်တော့။” ထန်ရှုက အဆဲလေးနှင့် ဆတ်ကနဲ တုံ့ပြန်လိုက်သည်။

“ကျွတ်…ကျွတ်… မင်းတို့ကြားကြလား။ ဟူချင်းစုန့် ပြောတာကြားရဲ့လား အစ်ကိုကြီးထန်။” ယွဲ့ခိုင်က လျှာသပ်လိုက်ကာ သက်ပြင်းချရင်း

“ဆရာမဟန်က မင်းကို သဘောကျတယ်။ မင်း ဘယ်လောက်ပဲကြိုးစား ကြိုးစား ဟန်ဆောင်လို့ မရပါဘူးကွာ။ အနည်းဆုံးတော့ ငါတို့ရှေ့မှာ မရဘူး။ ဆရာမဟန်လို တအားလှပတဲ့ အမျိုးသမီးတစ်ယောက်ကို လက်မောင်းထဲမှာပွေ့ဖက်ထားချင်တဲ့ လူတွေ ဘယ်လောက်များလဲဆိုတာ မင်း မသိပါဘူးကွာ။”

“…”

သည်သကောင့်သားများသည် သူ့အား ကာမဆက်ဆံရန် ပြန်လည်မွေးဖွားလာသည့် မြင်းတစ်ကောင်အလား သဘောထားနေကြသည်ကို ထန်ရှု ရုတ်တရက် နားလည်လာသည်။ သူတို့၏ခေါင်းထဲတွင် အချစ်၊ မေတ္တာတရားနှင့် ကာမရမ္မက်ကလွဲပြီး အခြားရှိဟန်မတူချေ။ လူနှစ်ယောက်အကြားတွင် ထိုအရာများမဟုတ်သည့် အခြားသောစိတ်ခံစားမှုများ ရှိသည်ကို ဒီငနဲများ မသိလေရော့သလား။

ဟန်ကျင်းဝူအကြောင်းအား သူတို့ ပြောနေကြစဉ်မှာပင် ထိုလှပသော ပုံရိပ်လေးသည် စာသင်ခန်း၏ အပြင်ဘက်တွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူမ၏တင့်တယ်လှသော ဆံနွယ်လေးများသည် လေပြည်နှင့်အတူ လှုပ်ခတ်လျက် ရှိနေပြီး သူမသည် အသာအယာ လက်ခုပ်တီးလိုက်ရာ အတန်းထဲမှ လူတိုင်း၏အကြည့်များသည် ချက်ချင်းပင် သူမဆီရောက်ရှိလာတော့သည်။

ဆွဲဆောင်မှုရှိလှသော ဝတ်စုံလေးအား ဝတ်ဆင်ထားလျက် သိမ်မွေ့နူးညံ့လှသောအသွင်ရှိသည့် ဟန်ကျင်းဝူသည် ယောကျာ်းလေးကျောင်းသားများ၏ အတွေးထဲတွင် နတ်ပြည်မှ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးသဖွယ် ဖြစ်တော့သည်။

သူမ၏နဖူးထက်တွင် ဝဲကျနေသော ဆံနွယ်လေးများအား အသာသပ်တင်လိုက်ရင်း ဟန်ကျင်းဝူက ပြုံးလိုက်ကာ

“ဆရာမတို့အတန်းမှာ ကျောင်းသူကျောင်းသား ၄၈ယောက်ရှိတယ်။ ၂၈ယောက် ရောက်လာပြီး အယောက်၂၀ကတော့ မရောက်ကြသေးဘူး။ ကျန်တဲ့လူတွေလည်း ဒုတိယရက်လောက်ဆိုရင် ရောက်လာကြလိမ့်မယ်လို့ ဆရာမ ယုံတယ်။ အခု ရောက်နေကြတဲ့ ကျောင်းသားတွေက စင်မြင့်ဆီကို သွားပြီး ကိုယ့်ကိုကိုယ် မိတ်ဆက်ကြပါဦး။”

“ကျွန်တော် အရင်သွားမယ်။”

ယွဲ့ခိုင်က လက်မြှောက်ကာ စင်မြင့်ဆီသို့ သွားသည်။ သူသည် ရဲရင့်ပြီး ပွင့်လင်းသူတစ်ယောက် ဖြစ်သောကြောင့် အတန်းသားများအား ပြုံးပြလိုက်သည်။ သူ၏အကြည့်အား အတန်းသားများအားလုံးဆီ ဝေ့ဝိုက်ကြည့်လိုက်ရင်း ယွဲ့ခိုင်က လည်ချောင်းတစ်ချက် ရှင်းလိုက်ကာ

“ဟိုင်း အတန်းဖော်များ… ငါက ယွဲ့ခိုင်ပါ။ အသက်၂၁နှစ်ရှိပါပြီ။ သည်နှစ်ရောက်သည့်အထိ တစ်ခါမှ လက်မထပ်ရသေးသလို ချစ်သူလည်း မရှိသေးဘူး။ ဆိုတော့ကာ မင်းတို့ဇာတိမြို့မှာ မိန်းမလှလေးတွေရှိရင်ပဲဖြစ်ဖြစ်၊ ဆွေမျိုး သူငယ်ချင်းထဲမှာ အချောလေးတွေ ရှိရင်ပဲဖြစ်ဖြစ် ငါနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်နော်။ ငါ့မှာ ဝါသနာတွေအများကြီး ရှိတယ်။ ရယ်ရွှင်စရာကစားနည်းတွေ ကစားရတာကိုလည်း နှစ်သက်တာမို့လို့ မင်းတို့အားလုံး အဲ့ဒီလို ကစားမယ်ဆိုရင် ငါ့ကို မကြာမကြာ လာရှာကြကွာ။”

“ဟား…ဟား…ဟား…”

ရယ်သံများနှင့်အတူ ယွဲ့ခိုင်က သူ၏မိတ်ဆက်ခြင်းအား ဆက်လက်ပြောဆိုလျက်ရှိသည်။ သူ၏ပြောဆိုဟန်မှာ ရွှင်မြူးစရာကောင်းလှသောကြောင့် အတန်းသားများဆီမှ နှစ်သက်သော အမြင်များကို ရရှိလေသည်။

အနီးတွင် ရှိနေသော ဟန်ကျင်းဝူခမျာ ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်နေရှာသည်။ သူမ၏လက်ကလေးအား ညင်သာစွာ မြှောက်လိုက်ပြီး ရယ်ရယ်မောမော ပြောလိုက်သည်။

“နင်က တက္ကသိုလ်လာတာ စာသင်ဖို့မဟုတ်ဘဲ ဘလိုင်းဒိတ်ရှာဖို့ဖြစ်မယ်လို့ ငါ ဘာကြောင့်များ ခံစားမိနေတာလဲ။ ငါတို့ ရှန်ဟိုင်းတက္ကသိုလ်ကို လက်ထပ်ဖို့စီစဉ်ပေးတဲ့ အေဂျင်စီတစ်ခုလို့တော့ နင် မတွေးပါဘူးနော် ဟုတ်လား။”

“အာ…ဆရာမဟန် ဘယ်လိုများ သိသွားတာလဲ။” ယွဲ့ခိုင်က အံ့သြတုန်လှုပ်သွားသည့်အမူအရာအား ပြလိုက်သည်။

“ဟား…ဟား…ဟား…”

စင်မြင့်အောက်နားရှိ ကျောင်းသားများ တစ်ဖန် ရယ်မောမိကြသည်။

သို့သော် ထန်ရှုသည် မရယ်မောမိချေ။ သူသည် ယခင်က ဟန်ကျင်းဝူအား သိပ်အာရုံမစိုက်မိသော်လည်း ယနေ့တွင် သူ၏မသိစိတ်ကဖြစ်စေ သို့မဟုတ် ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့၏ ပြောစကားများက သူ၏ စိတ်နှလုံးထဲတွင် တစ်စုံတစ်ရာချန်ထားခဲ့သည်ဖြစ်စေ သူသည် ဟန်ကျင်းဝူအား သည်နေ့တွင် အာရုံ ပိုစိုက်မိလေသည်။

သို့သော် ထိုသို့ အာရုံပိုစိုက်မိသောကြောင့် ဟန်ကျင်းဝူ၏ သွယ်လျသော လက်ချောင်းလေးများ ပုံရိပ်နှင့် ထိုလက်ချောင်းလေးများ တစ်ဖျတ်ဖျတ် လှုပ်ရှားနေမှုအသွင်အား ကြည့်မိသည်။ ထိုသို့ကြည့်မိသောကြောင့် ထန်ရှု၏အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားရတော့သည်။

***

All Chapters