ဒီဂျားဗူး
Vol. 07 Ch. 340
ထန်ရှု၏မျက်လုံးများသည် ဟန်ကျင်းဝူ၏ လှုပ်ရှားနေသော လက်ချောင်းသွယ်သွယ်များဆီတွင် ကျရောက်နေပြီး အရောင်လက်လျက်ရှိသည်။
ဟန်ကျင်းဝူ၏လှုပ်ရှားမှုသည် …အင်မော်တယ်ကမ္ဘာမှ သူမ၏အကျင့်ဖြစ်နေသော လှုပ်ရှားမှုနှင့် တူညီနေသည်။
ပြန်တွေးကြည့်မည်ဆိုပါက ထန်ရှုသည် ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေခဲ့ပြီး တစ်ခါတရံတွင် သူမအား လစ်လျူရှုထားမိသော်လည်း သူမနှင့် နှစ်ပေါင်းများစွာ အတူနေထိုင်လာသောကြောင့် သူမ၏ထိုအမူအကျင့်အား သူ ကောင်းစွာ သတိပြုမိသည်။
သူသည် ကမ္ဘာမြေပေါ်သို့ ပြန်ရောက်ပြီးနောက် ဟန်ကျင်းဝူနှင့် အကြိမ်များစွာ တွေ့ဆုံခဲ့သည့်အချိန်အား ပြန်လည်သတိရလာပြီး ရုတ်တရက် နားလည်သွားရသည်။ ယခင်က သူမ၏စကားများ၊ လှုပ်ရှားဟန်များနှင့် အပြုအမူများအား သူ တစ်ခါမှ အာရုံမထားမိချေ။ ယခု ဟန်ကျင်းဝူ၏ လှုပ်ရှားဟန်များဆီမှ သဲလွန်စများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီဖြစ်သည်။
အပြုအမူထဲမှ ပြောင်းလဲမှုများနှင့် ပြောဆိုနေထိုင်ပုံ…
ဟန်ကျင်းဝူ၏လှုပ်ရှားဟန်များသည် အင်မော်တယ်ကမ္ဘာမှ သူမနှင့် အလွန်ပင် ဆင်တူလှတော့သည်။
သည်ဟာသည် မည်သို့မျှ မဖြစ်နိုင်ပါချေ။
ထန်ရှု ရုတ်တရက် ထရပ်လိုက်သောကြောင့် ဟန်ကျင်းဝူနှင့် အခြားအတန်းသားများ၏အာရုံအား ဆွဲဆောင်သွားခဲ့သည်။ သို့သော် သူသည် စင်မြင့်ဆီသို့ မသွားဘဲ နောက်တံခါးဆီသို့ လျှောက်သွားကာ အတန်းထဲမှ ထွက်သွားတော့သည်။ စာသင်ခန်းထဲမှ ထွက်လာသော်လည်း သူ၏ရင်ထဲမှ ဆောက်တည်ရာမရမှုသည် နည်းနည်းလေးမှ လျော့မသွားပဲ ပိုမိုတင်းကျပ်လာခဲ့သည်။
“အိုး…”
ရုတ်တရက် သူသည် စီးကရက်မီးခိုးနံ့အား လေထဲမှ ရသောကြောင့် ချက်ချင်းပင် ထိုမီးခိုးနံ့ထွက်လာရာ လှေကားခွင်နောက်သို့ လိုက်သွားရာ လူရွယ်၂ယောက် ဆေးလိပ်သောက်ရင်း စကားပြောနေသည်ကို တွေ့ရသည်။
ထန်ရှုသည် ထိုသူများဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။
“ညီအစ်ကိုတို့…ငါ့ကို စီးကရက်တစ်လိပ်လောက် ပေးနိုင်မလား။ ငါ အပြင်ကို အလျင်စလို ထွက်လာမိလို့ စီးကရက် ယူလာဖို့ မေ့သွားတယ်။”
လူရွယ်၂ယောက်သည် တစ်စက္ကန့်မျှ ကြောင်နေပြီးမှ တစ်ယောက်က ပြုံးလိုက်ကာ စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်အား ယူပြီး မီးခြစ်နှင့်အတူ ထန်ရှုအား လှမ်းပေးလိုက်သည်။ ထိုကျောင်းသားက ရယ်မောရင်း
“ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားတွေက ဆေးလိပ်သောက်တာမကြိုက်တဲ့ လူကောင်းလေးတွေလို့ ငါတို့အစက ထင်ခဲ့မိတယ်။ နောက်ထပ်ဆေးလိပ်သမားကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့မထင်ထားမိဘူး။ ဒါနဲ့ ငါက ထန်ချောင်ပါ အနောက်ပိုင်းက။ သူက ဝူတန် အရှေ့မြောက်ပိုင်းက။ ငါတို့က ငွေကြေးဆိုင်ရာဋ္ဌာနက ကျောင်းသားသစ်တွေပါ။”
ထန်ရှုက စီးကရက်အား မီးညှိကာ ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်သည်။ သူ၏ရင်ထဲမှ ဆောက်တည်ရာမရမှု ကွယ်ပျောက်သွားပြီးမှ
“ငါက ထန်ရှုပါ။ ငါလည်း ကျောင်းသားသစ် တစ်ယောက်ပဲ။ သမိုင်းဋ္ဌာနက။ မင်းတို့၂ယောက် စကားဆက်ပြောကြပါ။ ငါ အောက်ထပ်ကို သွားလိုက်ဦးမယ်။ ငါတို့ နောက်တစ်ချိန်ကျ စကားပြောကြတာပေါ့။”
“အိုကေ သွားပါ။”
လူရွယ် ၂ယောက်သည်လည်း ထန်ရှု၏ ဆောက်တည်ရာမရဖြစ်နေမှုအား ခံစားမိသည့်အားလျော်စွာ ခေါင်းညိတ်တုံ့ပြန်လိုက်ကြသည်။
စီးကရက်သောက်လျက်ပင် ထန်ရှုသည် အဆောက်အဦးအပြင်ဘက်သို့ ထွက်လာပြီး သစ်ပင်အုပ်စုငယ်လေးဆီသို့ ဦးတည်လိုက်သည်။ လျှောက်လမ်းဘေးမှ ကျောက်တုံးထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်စဉ် သူ၏စိတ်ထဲတွင် သိမ်းဆည်းထားသော မျက်နှာ၂ခုသည် ပေါ်လာခဲ့တော့သည်။
ဟန်ကျင်းဝူ…ရွှဲ့ချင်းချန်
သူ၏အင်မော်တယ်ကမ္ဘာမှ ဇနီးဖြစ်သူ၏အမည်မှာ ရွှဲ့ချင်းချန်ဖြစ်သည်။
သူတို့၏မျက်နှာအမူအရာများ၊ စကားလုံးများ၊ လှုပ်ရှားဟန်များ၊ အမူအကျင့်များသည် သူ၏စိတ်ထဲတွင် စီကာရီကာ ထွက်ပေါ်လာကြပြီး ထို၂ယောက်အား နှိုင်းယှဉ်ကြည့်မိရာ သူ ပိုမိုနှိုင်းယှဉ်မိလေ ထိုနှစ်ယောက်ကြားတွင် တူညီမှုများစွာရှိသည်ကို တွေ့ရလေဖြစ်သည်ကို သူ ပြောနိုင်ပေသည်။
သည်ဟာသည် ဖြစ်ရန်အကြောင်းမရှိသောအရာ ဖြစ်သည်။ ရွှဲ့ချင်းချန်သည် အင်မော်တယ်ကမ္ဘာတွင်သာ ရှိသင့်ပေသည်။ အများဆုံးအားဖြင့် သူမသည် ကောင်းကင်စကြာဝဠာကျင့်စဉ် ကျင့်ရာ၌သာ အခက်တွေ့ပေလိမ့်မည်။ သို့သော် ကမ္ဘာမြေသို့ လာရန်မှာ သူမအတွက် လုံးဝမဖြစ်နိုင်သောအရာ ဖြစ်ပေသည်။ သူမ လာချင်ခဲ့လျှင်တောင်မှ သူမ၏ကိုယ်ပွားအား သည်နေရာသို့ စေလွှတ်ရန် သူမထံတွင် စွမ်းရည်မရှိပေ။
“သူမတို့၂ယောက်က မတူညီသော ကမ္ဘာမှ လူများသာ ဖြစ်တာမို့ သူမတို့နှစ်ယောက် တူညီသလားဆိုတာကို ငါ ဂရုမစိုက်ဘဲ နေနိုင်တယ်။ ဒါပေမယ့် ဘာကြောင့်များ သူတို့ရဲ့မျက်နှာအမူအရာတွေ၊ စကားလုံးတွေ၊ လှုပ်ရှားဟန်တွေ၊ အမူအကျင့်တွေက လာပြီး ဆင်တူနေရတာလဲကွာ။ ဒါက တိုက်ဆိုင်မှုသက်သက် တစ်ခုပဲလား။”
သမိုင်းဋ္ဌာန၏စာသင်ခန်းထဲတွင်…
ထန်ရှု စကားတစ်လုံးမျှ မဆိုဘဲ ထွက်ခွာသွားသည်ကို ကြည့်ပြီး ကျောင်းသားအယောက် ၂၀ကျော်နှင့် ဟန်ကျင်းဝူတို့၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာသည်။ ဟန်ကျင်းဝူသည် ထန်ရှု၏အနောက်သို့ ပြေးလိုက်ကာ အကြောင်းရင်းအား မေးလိုသော်လည်း အခြားကျောင်းသားများ ရှိနေသဖြင့် မသင့်တော်ဟု ခံစားမိသည်။ ထို့ကြောင့် သူမသည် ပြုံးကာ ရှင်းပြလိုက်သည်။
“ထန်ရှု နေမကောင်းလို့ ဖြစ်နိုင်တယ်။ သူ့ကို ငါတို့စိတ်ပူဖို့ မလိုပါဘူး။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာ ဆက်လုပ်ကြရအောင်။”
“ကျွန်တော့်အလှည့်။” ဟူချင်းစုန့် မတ်တတ်ရပ်လိုက်သည်။
ဟန်ကျင်းဝူ ခေါင်းညိတ်ပြသည်။ ကျောင်းသားများ၏မိတ်ဆက်နေမှုအား နားထောင်ရင်း စာသင်ခန်းထဲမှ လူတိုင်းအား စကားပြောဆိုနေရင်းဖြင့် ရှေ့ဆုံးတန်းအနီးရှိ စာသင်ခန်း၏ပြတင်းပေါက်ဆီသို့ သူမ ရောက်မှန်းမသိ ရောက်လာခဲ့သည်။
ထန်ရှု နေကောင်းမှန်း သူမသိသည်။ ထန်ရှုသည် ထိုကဲ့သို့ ရိုင်းပျသောအမူအရာတစ်ခုအား အလွယ်တကူ မပြတတ်သော လူတစ်ယောက်မှန်းလည်း သူမ ရှင်းလင်းစွာ သိသည်။ ထိုကဲ့သို့ ရှုံ့မဲ့နေသောမျက်နှာနှင့် အသက်မရှိသောသူတစ်ယောက်လို ထန်ရှု တိတ်ဆိတ်နေသည်ကို သူမ တစ်ခါမျှ မမြင်ဖူးချေ။
ကျောင်းသားများ မိတ်ဆက်ပြီးသည့်အချိန်တွင် သူမ၏အကြည့်များသည် ပြတင်းပေါက်အပြင်ဘက်သို့ ရောက်သွားသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ထန်ရှုသည် စာသင်ဆောင်၏အပြင်ဘက် သစ်ပင်အုပ်ငယ်လေးအနီးရှိ လျှောက်လမ်းဘေးမှ ကျောက်တုံးထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ကာ တစ်ယောက်တည်း ဆေးလိပ်သောက်နေသည်ကို သူမ ရှင်းလင်းစွာ တွေ့လိုက်ရသည်။
မှန်ပေသည်။ သူသည် ဆေးလိပ်သောက်နေသည်။
ဟန်ကျင်းဝူ တွေဝေသွားရသည်။ ထန်ရှု မည်သည့်အချိန်က ဆေးလိပ်သောက်တတ်နေသည်ကို သူမ မသိခဲ့ချေ။
တစ်စုံတစ်ခုတော့ ဖြစ်ကိုဖြစ်ရမည်။
ဟန်ကျင်းဝူသည် တိတ်ဆိတ်စွာ နက်နက်နဲနဲ တွေးနေမိသည်။ ထန်ရှု အခန်းထဲမှ ထွက်သွားကတည်းက သူမ၏အတွေးများအား သိမ်းပိုက်သွားသည်ကို သူမကိုယ်တိုင်ပင် သတိမထားမိပါချေ။
“ဟေး… မင်းတို့ သတိထားမိလား။ ဆရာမဟန်ကို ကြည့်ရတာ လူနဲ့စိတ်မကပ်ဘူးထင်တယ်။”
“ထန်ရှု ဒီမှာရှိတုန်းက ဆရာမဟန်က အရမ်းတက်ကြွခဲ့တာ။ ဒါပေမယ့် သူလည်း ထွက်သွားရော ဆရာမကြည့်ရတာ အလေးမထားတော့သလိုပဲ။ ဆရာမဟန်က ထန်ရှုကြောင့် ရှန်ဟိုင်းတက္ကသိုလ်ကို တကယ်လာခဲ့တယ်လို့ လူတိုင်းပြောနေကြတာ မှန်တယ်လို့ ငါ့ကို မပြောဘူးမဟုတ်လား။”
“ချီးပဲကွာ။ ဆရာမဟန်က ထန်ရှုကို တကယ်ကြီး ကြိုက်နေတာလားဟ။ သူ အခန်းထဲက ထွက်သွားပြီးကတည်းက သူမ အပြုံးအရယ်နည်းသွားတယ်။”
“ကိုယ့်လူတို့ … ထန်ရှုက သောက်ရမ်းမိုက်တယ်ကွာ။ ဆရာမဟန်ကိုတောင် သူ့အပေါ် စွဲစွဲလန်းလန်း ချစ်နေအောင်တောင်မှ လုပ်နိုင်တယ်။ နောက်ရက်ကျရင် သူ့ဆီသွားဆွေးနွေးပြီး ကောင်မလေးတွေကို လိုက်ဖို့ လမ်းညွှန်မှုကို တောင်းရမယ်။”
“…”
ကျောင်းသားများက ဟန်ကျင်းဝူမကြားစေရန်အတွက် တီးတိုးဆိုကာ အတင်းတုပ်နေကြသည်။ သို့သော် သူမကိုယ်တိုင်ကမူ စင်မြင့်ထက်တွင် မိတ်ဆက်ကြသော ကျောင်းသားများအား စာရင်းသွင်းနေခဲ့သည်။ ကျောင်းသားများအားလုံး မိတ်ဆက်ပြီးသောအခါ သူမက ရယ်မောလိုက်ပြီး
“ကောင်းပြီ။ အခုဆို ဆရာမတို့တတွေ တစ်ယောက်ကိုတစ်ယောက် သိသွားကြပြီလို့ ယုံပါတယ်။ ဒီမနက်တော့ လုပ်စရာအများကြီး မရှိလို့ အတန်းဖော်တွေနဲ့ ဒီမှာ စကားပြောနိုင်တယ်။ နေ့လည်၂နာရီကျရင် ငါ ပြန်လာခဲ့ပါမယ်။ ပြီးရင် အတန်းခေါင်းဆောင်ကို ရွေးကြတာပေါ့။ ဖတ်စာအုပ်နဲ့ သင်ကြားရေး အထောက်အကူပြု ပစ္စည်းစာရင်းကိုလည်း ရလိမ့်မယ်။ နောက်တော့မှ စာအုပ်ဆိုင်မှာ အဲ့ဒါတွေကို နင်တို့တွေ ရှာနိုင်တယ်။”
“ဆရာမဟန်…တက္ကသိုလ်မှာ ကျွန်တော်တို့သင်ရမယ့် ဖတ်စာအုပ်တွေက များလား။”
ကျောက်လျန့်က မေးလိုက်သည်။
“အရမ်းကြီးမများပါဘူး။ ဒါပေမယ့် ဘာသာရပ်တွေ အများကြီးတော့ သင်ယူရဦးမယ်။” ဟန်ကျင်းဝူက ခေါင်းကိုယမ်းကာ
“နင်တို့က သမိုင်းဋ္ဌာနက ကျောင်းသားတွေ ဖြစ်ပေမယ့်လည်း အခြားရွေးချယ်ထားတဲ့ ဖတ်စာတွေကိုလည်း ရွေးဖို့ လိုသေးတယ်။ မင်းတို့ ဘယ်ဘာသာကိုသဘောကျတယ်၊ ဘယ်ဘာသာကိုလိုချင်တယ်ဆိုတာ ရွေးချယ်နိုင်တယ်။ ဒါနဲ့ တက္ကသိုလ်ကနေ သတင်းတစ်ခု ဆရာမလည်း ရတယ်။ ငါတို့ ဒီမှာ ကျောင်းသားအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ နင်တို့ နှစ်သက်ရာ အဖွဲ့အစည်းကို စာရင်းသွင်းနိုင်တယ်။ ဒါပေမယ့် နင်တို့ စစ်ရေးပြလေ့ကျင့်မှု ပြီးတဲ့အထိတော့ စောင့်ရလိမ့်မယ်။”
“ဆရာမဟန်…အဖွဲ့အစည်းအသစ်တစ်ခုရော တည်ထောင်လို့ရလား။” ယွဲ့ခိုင်က ရုတ်တရက် မေးလိုက်သည်။
“အဖွဲ့အစည်းအသစ်တည်ထောင်တာက အတော် ဒုက္ခရောက်တယ်။” ဟန်ကျင်းဝူက ခေါင်းယမ်းလိုက်သည်။ “စစ်ရေးလေ့ကျင့်မှုပြီးတဲ့အထိတော့ စောင့်ရလိမ့်မယ်။”
“သိပါပြီ။” ယွဲ့ခိုင် ခေါင်းညိတ်သည်။
ဟန်ကျင်းဝူသည် စာသင်ခန်းထဲတွင် မိနစ်အနည်းငယ်မျှ နေပြီးမှ သူမ ထွက်ခွာရန် အကြောင်းပြချက်တစ်ခု ရသွားသည်။ သူမသည် ထန်ရှု မလှုပ်မယှက် ထိုင်နေသော ကျောက်တုံးထိုင်ခုံအနီးသို့ လျင်မြန်စွာ ရောက်လာခဲ့သည်။ တစ်စုံတစ်ခုအား နက်နက်နဲနဲ စဉ်းစားနေဟန်ရှိသော ထန်ရှုအား ကြည့်ကာ ဟန်ကျင်းဝူ သက်ပြင်းတစ်ချက် ကြိတ်ချလိုက်ပြီး မေးလိုက်သည်။
“နင် ဘာတွေ စဉ်းစားနေတာလဲ။”
ထန်ရှု မော့ကြည့်လိုက်ရာ ဟန်ကျင်းဝူအား တွေ့လိုက်ရသဖြင့် သူ၏မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ခေါင်းယမ်းလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ရုတ်တရက် စိတ်ညစ်သွားလို့ လေကောင်းလေသန့်ရှူဖို့ ထွက်လာမိတာပါ။”
ဟန်ကျင်းဝူက ထန်ရှု၏စီးကရက်အား မြေပြင်ပေါ်တွင် နင်းချေလိုက်ပြီး
“နင် ဆေးလိပ်သောက်နေကတည်းက နင့်ရဲ့စိုးရိမ်မှုက အတော်ပြင်းထန်ပုံရတယ် မဟုတ်လား။ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို ပြောပြနိုင်လား။ ငါ ကူညီနိုင်ရင် ကူညီလို့ရတာပေါ့။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ
“ဟင့်အင်း… ဆရာမ ကျွန်တော့်ကို မကူညီနိုင်ပါဘူး။”
“ငါ မကူညီနိုင်ဘူးဆိုတာ နင်ဘယ်လိုသိမှာတုန်း။” ဟန်ကျင်းဝူက ပေါ့ပါးစွာ ရယ်လိုက်ပြီး
“ပြောပါ။ ငါ ကူညီနိုင်ရင် ကူညီနိုင်မှာပေါ့။ ငါက ဆရာမတစ်ယောက် နင်က ကျောင်းသားတစ်ယောက် ဆိုတာ မမေ့နဲ့ဦး။”
ပြင်းပြင်းထန်ထန်တွေးတောပြီးနောက် ထန်ရှုက
“ဆရာမ ကျွန်တော့်ကို တကယ်ကူညီချင်တယ်ဆိုရင် ကျွန်တော်တစ်ခုလောက် မေးမယ်။ ကျွန်တော် ပြောရမယ်ဆိုရင်… ကျွန်တော်တို့ ကမ္ဘာနဲ့ အခြားကမ္ဘာဆိုပြီး ကမ္ဘာ ၂ခုရှိတယ်ဆိုပါတော့။ တူညီတဲ့ပုံစံနဲ့ လူတစ်ယောက်က ကမ္ဘာ ၂ခုမှာ ပေါ်လာနိုင်လား ကျွန်တော့်ကို ပြောပြပါ။”
ဟန်ကျင်းဝူက အားရပါးရ ရယ်လိုက်ရင်း
“ကမ္ဘာ ၂ခုက ဘယ်လို ရှိနိုင်မှာလဲ။ ရှိတယ်ဆိုရင်တောင်မှ တူညီတဲ့ပုံစံနဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ။ အမွှာရှိတယ်ဆိုရင်တောင်မှ ဖြစ်နိုင်ပါ့မလား။ ငါ ရူပဗေဒအကြောင်း အများကြီး မသိပေမယ့် ရူပဗေဒပညာရှင်အတော်များများက ကြိုးစားလေ့လာနေကြတာပဲ။ ငါတို့ကမ္ဘာနဲ့ဆင်တူတဲ့ နေရာကို အာကာသထဲမှာ တစ်ခါမှ မတွေ့ဖူးကြသေးဘူး။ ဒါမှမဟုတ် မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းလို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ နေရာမျိုးကိုပေါ့။”
“ဘယ်သူမှ မသိနိုင်တာနဲ့ ဒါက မရှိဘူးလို့တော့ မဆိုလိုနိုင်ပါဘူး။” ထန်ရှု ခေါင်းယမ်းက စောဒကတက်လိုက်သည်။ “ကျွန်တော် မဖြေနိုင်တဲ့ မေးခွန်းတစ်ချို့အတွက် အတော် ဆောက်တည်ရာမရ ဖြစ်ခဲ့တယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော် အဆင်ပြေနေပါပြီ။”
“နင့်ခေါင်းထဲမှာ ဘာအတွေးတွေ ရှိနေတာလဲဆိုတာ ငါ တကယ်မသိတော့ဘူး။” ဟန်ကျင်းဝူက စိတ်ကသိကအောက်ဖြစ်သော အပြုံးနှင့် ပြုံးလိုက်ရင်း
“ကောင်းပြီ။ အဲ့ဒါကို မေ့လိုက်တော့။ စိတ်ကူးတွေ၊ ခန့်မှန်းတာတွေနဲ့ မဖြစ်နိုင်တဲ့အရာတွေအတွက် နင့်ကိုနင် လွတ်မထွက်သွားတာ ပိုကောင်းလိမ့်မယ်။ ပြီးတော့ နင့်ကိုယ်နင် အတန်းထဲမှာလည်း မိတ်မဆက်ရသေးဘူးနော်။”
“မေ့လိုက်တော့။ ကျွန်တော့်ကိုယ်ကျွန်တော် မမိတ်ဆက်ရင်တောင်မှ လူတိုင်းက ကျွန်တော့်ကို သိနှင့်နေကြမှာကိုတောင် ကြောက်ရတယ်။ နောက်ပြီး တူညီတဲ့ တက္ကသိုလ်ကျောင်းကို အတူတူ လာကြပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆရာမနဲ့ ကျောင်းသားကြားက ဆက်ဆံရေးကို လူတိုင်းပြောနေကြတော့ သိနေကြတယ်။”
ထန်ရှုက ခေါင်းယမ်းကာ ပြောသည်။
ဟန်ကျင်းဝူသည် သူမ၏ လက်သူကြွယ်အား လက်သန်းပေါ်တွင် ထားလိုက်ပြီး လက်ခလယ်အား လက်သူကြွယ်ပေါ်တွင် ထပ်ကာ လက်ညှိုးအား လက်သူကြွယ်ပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူမ၏ လက်အား မြှောက်ကာ ဆံနွယ်များအား ညင်သာစွာ သပ်တင်လိုက်ရင်း
“ဒီလိုဆိုမှဖြင့် နင့်ကိုကျော်ကြားအောင် လုပ်ပေးတဲ့အတွက် ငါ့ကို ကျေးဇူးတင်ရမယ် မဟုတ်လား။ ဒီနေ့လည် ဘာမှလုပ်စရာမရှိဘူးဆိုတော့ ငါ့ကို တစ်ခုခု ကျွေးရင်ရော ဘယ်လိုလဲ။”
“ကျွန်တော် မလုပ်နိုင်သေးဘူး။ နေ့လည်ကျရင် လုပ်စရာရှိသေးလို့။”
“နင် ဘာလုပ်မလို့လဲ။” ဟန်ကျင်းဝူ ပဟေဠိဖြစ်သွားကာ “ငါ့ကို နေ့လည်စာ မကျွေးချင်ဘူးလား။”
“ကျွန်တော် နေ့လည်ကျရင် တစ်ယောက်ယောက်ကို သွားရှာမလို့။ သူက သမိုင်း ဒုတိယဋ္ဌာနမှူးလေ။” ထန်ရှုက ပြောသည်။
ဟန်ကျင်းဝူက တစ်ချက်တွေကနဲ ဖြစ်သွားကာ
“နင်က သူ့ကို ဘာအတွက် သွားရှာမှာလဲ။”
“ခွင့်ယူဖို့အတွက်ပါ။” ထန်ရှုက ပြောသည်။
ဟန်ကျင်းဝူ ကျောက်ရုပ်ဖြစ်သွားသည်။ ထန်ရှုသည် ခွင့်ယူရန်အတွက် ဒုဋ္ဌာနမှူးအား သွားရှာလိမ့်မည်ဟု သူမ မထင်ထားမိချေ။ ခွင့်ယူခြင်းနှင့်ပတ်သက်ပြီး ထန်ရှု၏စွမ်းရည်အား သူမ ကောင်းစွာ သိထားသည်။ ကြယ်တာရာအထက်တန်းကျောင်းတွင် သူမ စာသင်စဉ်ကတည်းက ထန်ရှုသည် သူ၏နောက်ဆုံးသင်ယူမှုအချိန်အတွင်း ခွင့်ရက်ရှည်ပင် ယူသွားခဲ့သည်။
သူသည် မကြာခဏ ခွင့်ယူလေ့ရှိသော်လည်း ယခုမူ မည်သည့်အကြောင်းကြောင့် ခွင့်ယူရန် လိုပါသနည်း။ ကြယ်တာရာတွင် ရှိစဉ်က သူ့တွင် စီးပွားရေးကိစ္စ လုပ်စရာအများကြီး ရှိသည်ဟု ဆိုခဲ့သည်။ သို့သော် သူ ရှန်ဟိုင်းသို့ လာပြီးနောက်တွင်လည်း အခြား အရေးတကြီးလုပ်စရာများ ရှိပါသေးသည်လော။
“ထန်ရှု… နင် ဘာအတွက် ခွင့်ယူမှာလဲ။”
“ကျွန်တော် စစ်ရေးလေ့ကျင့်မှုကို မတက်ချင်ဘူး။ အဲ့ဒါက အရမ်းပျင်းစရာကောင်းတယ်လို့ ခံစားရတယ်။ အဲ့ဒါကြောင့် သူများတွေ စစ်ရေးလေ့ကျင့်နေချိန်မှာ ကျွန်တော်က သင်ရိုးတစ်ခုလုံးကို လေ့လာချင်တယ်။ အဲ့ဒါဆို ကျောင်းက တရားဝင်ဖွင့်ပြီဆိုရင် အတော်သက်တောင့်သက်သာဖြစ်သွားလိမ့်မယ်။”
ဟန်ကျင်းဝူ သဘောပေါက်သွားကာ သူမက မချိပြုံးပြုံးလိုက်ရင်း
“အာ…နင် စစ်ရေးလေ့ကျင့်မှုထဲ မပါချင်လို့ပေါ့။ ငါ နားလည်ပါတယ်။ ဒါပေမယ့် ငါ တက္ကသိုလ်မှာတုန်းက ငါလည်း ဘာသာရပ်တစ်ခုမှာမပါဝင်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတိုင်းကို စဉ်းစားခဲ့ဖူးတယ်။ အားလပ်ရက် ဒါမှမဟုတ် ခွင့်မရတောင်မှ နည်းလမ်းအမျိုးမျိုးကို ကြိုးစားပြီး စစ်ရေးလေ့ကျင့်မှုက ငါ့အချိန်ကို လျှော့ချဖို့ စောဒကတက်ခဲ့သေးတယ်။ ဒါနဲ့ ဒုဋ္ဌာနမှူးက ခွင့်ပြုပါ့မလား။”
“ကျွန်တော် သမိုင်းဋ္ဌာနရဲ့ ဒုဋ္ဌာနမှူး လီပိုင်ယီကို သိပါတယ်။”
“နင်က ဋ္ဌာနမှူးလီကို သိတာလား။” ဟန်ကျင်းဝူတစ်ယောက် မယုံကြည်နိုင်ဟန်ဖြင့် အော်လိုက်မိတော့သည်။
( Charm Ming Nge - သင်အခုလက်ရှိကြုံနေရတဲ့ အဖြစ်အပျက်တခုခုကို အရင်က တွေ့ကြုံခဲ့ရဖူးသလို ခံစားနေရပါက သည်လိုမျိုး ထူးထူးဆန်းဆန်းခံစားရခြင်းကို ဒီဂျားဗူး (déjà vu) လို့ခေါ်သည်။ ဒီဂျားဗူး (déjà vu) ဆိုသည်မှာ ပြင်သစ်စကားဖြစ်ပြီး မြင်တွေ့ပြီးသားဟု အဓိပ္ပာယ်ရပါသည်။။ စိတ်ပညာရှင်တွေက သည်အရာသည် အတွင်းစိတ်ထဲကပြင်းပြတဲ့ ဆန္ဒကြောင့် ဖြစ်လာကြောင်း ကောက်ချက်ချထားကြသကဲ့သို့ အာရုံကြောဆိုင်ရာ ပညာရှင်များကတော့ သည်ဟာသည် စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ဦးနှောက် အစိတ်အပိုင်းတစ်ခုခု ယာယီချို့ယွင်းသွားကာ ဦးနှောက်သည် ရှုပ်ထွေးသွားရပြီး အခုမှ ကြုံဖူးသည့်အရာကို အရင်က ကြုံဖူးခဲ့သည်လို့ ထင်မြင်စေခြင်းဖြစ်သည်ဟု ဆိုသည်။ တစ်ခါတရံ déjà vuဖြစ်ခြင်းသည် ပုံမှန်အနေအထား ဖြစ်သော်လည်း မကြာခဏ déjà vuဖြစ်စဉ်အား ဆက်တိုက်ခံစားရပါက ကျွမ်းကျင်ဆရာဝန်များနှင့် ပြသတိုင်ပင်သင့်ပါသည်။)
***