← Chapters

မိန်းမလှလေးတစ်ယောက် အလည်လာသည်

Vol. 07 Ch. 341

မိန်းမလှလေးတစ်ယောက် အလည်လာသည်

Vol. 07 Ch. 341

ထိုမျှသေးငယ်သောအရာလေးတစ်ခုဖြင့် ဟန်ကျင်းဝူ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု ထန်ရှု မထင်ထားမိချေ။ သို့သော် သူက ခေါင်းညိတ်လိုက်ပြီး

“ကျွန်တော် သူနဲ့မိတ်ဆွေဖွဲ့ထားတယ်။ ထျန်းကျင်မြို့ကို သွားတုန်းက သူနဲ့ဆုံခဲ့ပြီး အတူညစာစားခဲ့ကြတယ်။”

“နင် သူ့ကို သိရုံလေးနဲ့ ခွင့်ယူလို့ရမယ် ထင်နေတာလား။ ဒုဋ္ဌာနမှူးလီက ကျောင်းမှာ ဝါရင့်နေတဲ့သူ စကားပြောရဆိုရ အင်မတန် လက်ပေါက်ကတ်တယ်။” ဟန်ကျင်းဝူ၏မျက်နှာထက်တွင် ယုံကြည်ရန်ခက်သော အမူအရာပေါ်လာသည်။ သူမသည် လီပိုင်ယီအကြောင်း အနည်းငယ် သိထားသည့်အပြင် ထိုလူနှင့်ပတ်သက်ပြီး အမြင်ကောင်းမရှိချေ။

“ဆရာမလည်း သူနှင့် ရင်းနှီးတာလား။” ထန်ရှုက မေးသည်။

“ငါနဲ့ သိပ်မရင်းနှီးပါဘူး။ ငါ ရှန်ဟိုင်းတက္ကသိုလ်ကို ပြောင်းတာကလည်း အတော် အဆင်ပြေ ချောမွေ့ပါတယ်။ ဒါပေမယ့် သူ…”

ဟန်ကျင်းဝူ စကားရပ်သွားသည်ကို ကြည့်ပြီး ထန်ရှု ခပ်ဖွဖွပြုံးကာ

“သူ ဘာလုပ်ခဲ့တာလဲ။”

“အဲ့ဒီအကြောင်း ဆက်မပြောကြရအောင်။” ဟန်ကျင်းဝူ ခေါင်းခါကာ ဆက်ပြောသည်။

“နင် ခွင့်တောင်းမယ်ဆိုရင် အကြောင်းပြချက် ကောင်းကောင်း ရှာရလိမ့်မယ်။ ဋ္ဌာနက တခြား အထက်လူကြီးတွေကိုလည်း နင့်အတွက် ငါ ကူညီပြီး တောင်းပေးနိုင်ပေမယ့် ငါသိသလောက်တော့ ကျောင်းသားသစ်တစ်ယောက် စစ်ရေးလေ့ကျင့်မှုမှာ ပျက်ကွက်ဖို့ ခွင့်ယူတာကို ခွင့်ပြုပေးလောက်တဲ့အထိ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။”

“ဘာဖြစ်လို့လဲ။” ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

“အခုလက်ရှိသင်ရမယ့် စစ်ရေးလေ့ကျင့်မှုက အရင်တုန်းကဟာနဲ့ မတူတော့ဘူး။ အထူးသဖြင့် တက္ကသိုလ်ရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုက အရမ်းတင်းကြပ်တယ်။ လွယ်လွယ်ပြောရမယ်ဆိုရင်ဟယ် ကျောင်းသားတွေက အမှန်တကယ် ဖျားနာတာ၊ ပါဝင်ဖို့ မသင့်လျော်တာကလွဲပြီး လေ့ကိုလေ့ကျင့်ရမယ်။ အကြောင်းပြချက်အတုတွေ သုံးလို့မရဘူး။”

ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားသော်လည်း

“ကျွန်တော် ကြိုးစားကြည့်ချင်သေးတယ်။ ခွင့်ရနိုင်ရင်တော့ အကောင်းဆုံးပေါ့။ မရဘူးဆိုရင်တော့ ကျွန်တော် စစ်ရေးလေ့ကျင့်မှုကို လုပ်ရတော့မှာပေါ့လေ။”

“အိုကေ။” ဟန်ကျင်းဝူ ခေါင်းညိတ်သည်။ “နောက်ပြီး နင် ဘာလုပ်မှာလဲ။ စာသင်ခန်းကို ပြန်သွားမှာလား။ ဒါမှမဟုတ်…”

“ဒီနေ့ ကျွန်တော်တို့အတန်း ရှိသေးလား။”

“အခုလတ်တလောတော့ မရှိသေးဘူး။” ဟန်ကျင်းဝူ ခေါင်းယမ်းသည်။

“အဲ့ဒါဆို ကျွန်တော် သွားနှင့်တော့မယ်။ တက္ကသိုလ်စာကြည့်တိုက်ကိုသွားပြီး စာအုပ်အချို့ သွားငှားလိုက်ဦးမယ်။ အခုငှားလို့ရနိုင်ပြီမဟုတ်လား။”

“ရနိုင်တယ်။” ဟန်ကျင်းဝူက အပြုံးဖြင့် ဖြေသည်။

ထန်ရှုသည် မတ်တတ်ရပ်လိုက်ပြီး ခေါင်းညိတ်သည်။

“ကျွန်တော် စာကြည့်တိုက် သွားလိုက်ဦးမယ်။ ဆရာမလည်း လုပ်စရာရှိတာ သွားလုပ်နော်။”

မိနစ်၂၀ကြာပြီးနောက် ထန်ရှုသည် စာကြည့်တိုက်သို့ ရောက်လာသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ရှန်ဟိုင်းစာကြည့်တိုက်သည် အလွန်တရာ ကြီးမားလှပြီး ကြယ်တာရာကျောင်းရှိ စာကြည့်တိုက်ထက် အနည်းဆုံး ၁၂ဆ ပိုမိုကြီးမားသည်။ စာသင်ခန်းမှ စာကြည့်တိုက်သို့ သွားရာတွင် မိနစ်၂၀မျှ အချိန်ယူခဲ့ရသည်။

စာကြည့်တိုက်တွင် ကျောင်းသားအနည်းငယ်ခန့် အဝင်အထွက်ရှိသည်ကို တွေ့မြင်နိုင်ပေသည်။ ထိုနေရာသည် အခြားနေရာများနှင့် နှိုင်းယှဉ်မည်ဆိုပါက အတော် လူနည်းလှပြီး ထီးထီးကြီး ဖြစ်နေသည်ဟု ဆိုနိုင်သည်။ သူ အတွင်းသို့ ဝင်သွားသောအခါ ကျယ်ဝန်းသော ခန်းမကြီးတစ်ခုထဲတွင် များပြားလှသည့် စာအုပ်စင်များအား စီတန်းလျက်ရှိသည်ကို မြင်ရသောအခါ ထန်ရှု အံ့အားသင့်သွားရသည်။

“ဟိုင်း…ကျွန်တော်က ကျောင်းသားသစ်ပါ။ စာအုပ်နည်းနည်းလောက် ငှားချင်လို့ပါခင်ဗျ။”

ထန်ရှုက ဝန်ထမ်းများ အလုပ်လုပ်သည့်နေရာသို့ သွားကာ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်အား ပြောလိုက်သည်။

“ဝမ်းနည်းပါတယ်ရှင်။ ကျောင်းသားသစ်တွေက စာကြည့်တိုက်ကနေ စာအုပ်ငှားလို့ မရနိုင်သေးပါဘူး။” သက်လတ်ပိုင်းအမျိုးသမီးက အပြုံးဖြင့် ပြောလိုက်သည်။

“နင့်မှာ ကျောင်းသားကတ်ရှိပေမယ့်လည်း စာကြည့်တိုက်ကတ်မလုပ်ရသေးဘူးလေ။ စာအုပ်တွေ ခဏခဏ ငှားဖို့ အစီအစဉ်ရှိရင်တော့ မှတ်ပုံတင်ကတ်နဲ့အတူ အခြားအချက်အလက်တွေ ဖြည့်ဖို့လိုသေးတယ်။ ပြီးရင် အစ်မတို့က နင့်အတွက် စာကြည့်တိုက်ကတ်ရဖို့ ဆက်လုပ်ဆောင်ပေးမယ်။”

“အဲ့ဒါဆို ကျွန်တော် အခုပဲ အစ်မတို့လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွားလိုက်မယ်။” ထန်ရှုက တစ်ချက် စဉ်းစားလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ။”

မိနစ်အနည်းငယ်ကြာသော် လိုအပ်သည့် အချက်များအားလုံးအား ထန်ရှု ဖြည့်ပြီးခဲ့ပြီဖြစ်သည်။ ထို့နောက် သူသည် စာကြည့်တိုက်ထဲသို့ လျှောက်သွားတော့သည်။ ဗဟုသုတ ရှာမှီးခြင်းသည် အာဟာရဖြည့်တင်းခြင်းနှင့်တူပေသည်။ စာများများဖတ်ကာ ဗဟုသုတတိုးပွားလာလေလေ၊ ပိုမိုနားလည်စွာ တွေးခေါ်နိုင်သောအရာများလာလေ ဖြစ်တော့သည်။ နက္ခတ်ဗေဒင်ပညာကိုသာ သိခြင်းဖြင့် ပထဝီပညာ၏စစ်မှန်သော အကြောင်းအရာအား မဆုပ်ကိုင်နိုင်သော်လည်း လူတစ်ယောက်၏စိတ်ထဲတွင် အသိဉာဏ်ဗဟုသု ပိုများလေ ထိုလူ၏ လျှောက်လှမ်းရသောလမ်းခရီးသည် ပိုမိုလွယ်ကူ မြန်ဆန်စွာဖြင့် ပိုမိုရောက်ရှိနိုင်လေ ဖြစ်သည်။

သူသည် စာကြည့်တိုက်တွင် စာအုပ်တစ်အုပ် ဖတ်ရှု ပြီးနောက် နေ့လည် ၁၁နာရီ၌ ပြန်ထွက်လာကာ လီပိုင်ယီ၏ရုံးခန်းအား မေးမြန်းရှာဖွေခဲ့သည်။

ရုံးခန်းအတွင်းတွင် လီပိုင်ယီသည် ကျောက်တုံးတစ်တုံး၏လိုင်းကြောင်းများအား မှန်ဘီလူးတစ်လက်ဖြင့် ကြည့်ရှုနေရင်း တံခါးခေါက်သံ ကြားရသဖြင့် မှန်ဘီလူးအား အောက်ချကာ မော့ကြည့်လိုက်သည်။

“ထန်ရှုလား။”

“အာ…ပါမောက္ခလီ။ ကျွန်တော် လာတာ အနှောင့်အယှက်များဖြစ်သွားလား။”

ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

လီပိုင်ယီက စားပွဲဆီမှ လျင်မြန်စွာ ထွက်လာပြီး အပြုံးဖြင့်

“မဟုတ်တာ။ မဟုတ်တာ။ မင်းလာတာကိုပဲ ငါ ဝမ်းသာနေတာပါ။ ငါတို့ တွေ့ခဲ့ကြတာ ၂လတောင်ရှိသွားပြီ မဟုတ်လား။”

“ဟုတ်ပါတယ်။ ၂လနီးပါးပါပဲ။”

ထန်ရှုအား ထိုင်ရန် အချက်ပြလိုက်ပြီး လီပိုင်ယီက လက်ဖက်ရည်တစ်အိုးအား ကိုယ်တိုင်ဖျော်စပ်ကာ ထန်ရှုအတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် သူက အပြုံးဖြင့်

“မင်းနဲ့ ထျန်းကျင်မှာ တွေ့ရတာ တကယ်ကို ကံကောင်းတာပဲ။ နို့မို့ဆိုရင် ငါတို့တက္ကသိုလ်ကိုလာမယ့် ပါရမီရှင်တစ်ယောက်ကို ငါ သိရတော့မှာမဟုတ်ဘူး။ ကောင်းပြီ။ မင်း စာရင်းသွင်းပြီးသွားပြီလား။ ဒါမှမဟုတ် တစ်ခုခု မပြည့်စုံတာ ရှိနေလို့လား။ ငါ့ကို ပြောပါ။ ငါ တတ်နိုင်တာဆိုရင် မင်းကို ချက်ချင်း ကူညီပါ့မယ်။”

“အမှန်တကယ်တော့ ကျွန်တော် ပါမောက္ခလီကို လာရှာတာက ကိစ္စ ၂ခုအတွက် အကူအညီတောင်းချင်လို့ပါ။”

ထန်ရှုက ပြုံးကာ ပြောသည်။

“ဆိုစမ်းပါဦး။ ငါ တတ်နိုင်တာဆိုရင် ငြင်းမှာမဟုတ်ဘူးဆိုတာ စိတ်ချထားလိုက်ပါ။” လီပိုင်ယီက ထိုစကားကို ကြားရသော် ပျော်ရွှင်စွာ ရယ်မောကာ အာမခံလိုက်သည်။

“ပါမောက္ခလီ…ကျွန်တော့်မှာ အရေးကြီးတဲ့ကိစ္စ အချို့ဆောင်ရွက်စရာရှိနေလို့ စစ်ရေးလေ့ကျင့်မှုမှာ ပါဖို့ အချိန်မရှိမှာကို စိုးမိပါတယ်။ ကျွန်တော့်အတွက် လုပ်ပေးလို့ရတာမျိုးလေး ရှိမလားဗျာ။”

ပါမောက္ခလီက အံ့အားသင့်သွားရသဖြင့် မျက်မှောင်ကြုပ်သွားကာ

“မင်းမှာ ဘာလုပ်ဖို့ရှိနေတာလဲ။”

“ကျွန်တော် ကျင်းမန်ကျွန်းကို အရေးကြီးတဲ့ကိစ္စ အချို့ဆောင်ရွက်စရာရှိနေလို့ ရက်အနည်းငယ်လောက် သွားရမှာပါ။”

“ဒီဟာအတွက် ငါ့မှာ အကောင်းဆုံး ဖြေရှင်းနည်းရှိတယ်။” လီပိုင်ယီက ခေါင်းညိတ်ကာ ပြောသည်။ “ငါ သုတေသနလုပ်နေတဲ့အရာတစ်ခုက တောင်တရုတ်ပင်လယ်ထဲက ကျွန်းအချို့မှာ လေ့လာရှာဖွေဖို့ လိုတယ်။ အချိန်ကျလာတဲ့အခါ ရှာဖွေရေးအဖွဲ့ဝင်စာရင်းမှာ မင်းနာမည်ကို ထည့်ထားလိုက်မယ်။ အဲ့ဒါဆို စစ်ရေးလေ့ကျင့်မှုမှာ မင်းပါဖို့ မလိုတော့ဘူး။ တက္ကသိုလ်နဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ငါ လုပ်ထားလိုက်မယ်။ နောက်တစ်ခုကရော…”

“ကျောင်းသားသစ်တွေက တက္ကသိုလ်ဝင်းထဲမှာပဲ နေရမယ်လို့ ကျွန်တော် ကြားတယ်။ အဲ့ဒါအတွက် ကျွန်တော် ချွင်းချက်တစ်ခုများ ရနိုင်မလား။ ဒါပေ့ါ ကျွန်တော် ကျောင်းဝင်းထဲမှာလည်းနေမှာပါ။ ဒါပေမယ့် တစ်ခါတရံ…”

လီပိုင်ယီက လက်ကို ဝှေ့ယမ်းလိုက်ပြီး

“မင်း တက္ကသိုလ်ဝင်းထဲမှာ မနေချင်ရင် အပြင်မှာနေဖို့ကို လျှောက်လို့ရတယ်။ ဒါတွေက အသေးအမွှားကိစ္စလေးတွေပါ။ ငါ လုပ်ပေးပါမယ်။”

ထန်ရှုက ကျေးဇူးတင်စွာဖြင့်

“ကျေးဇူးအများကြီးတင်ပါတယ် ပါမောက္ခလီ။ ဒါနဲ့ နေ့လည်မှာ ပါမောက္ခလီ အချိန်အားများရှိမလား။ ကျွန်တော်နဲ့အတူ နေ့လည်စာစားဖို့ ဖိတ်ချင်လို့ပါ။”

ပါမောကလီက ကျေနပ်နှစ်သိမ့်နေသောအမူအရာဖြင့် လက်ခုပ်လက်ဝါးတီးလိုက်ပြီး

“ပြသနာမရှိဘူး။ ဒါပေမယ့် နေ့လည်စာကျွေးရမှာက ငါပဲ ဖြစ်သင့်တယ်။ မင်း ငါ့ဆီကိုလာပြီး ငါ တစ်ခုခုမှမကျွေးရင် ထျန်းကျင်မြို့က လူအိုကြီးက ငါ့ကို အရေဆုတ်လိမ့်မယ် ဟားဟားဟား။ ဒါနဲ့ တက္ကသိုလ်အပြင်ဘက်က ထုံးဖူစားသောက်ဆိုင်ကို သွားကြစို့။ ငါက အဲ့ဒီမှာ ပုံမှန်စားနေကျလေ။”

ထန်ရှု ဖျော့တော့စွာ ပြုံးလိုက်မိသည်။

သူ့ကို ပြန်ကျွေးနေသည်လား။ ထန်ရှုသည် ပုံမှန်ဆိုပါကလည်း ဒီနေ့တွင် လီပိုင်ယီအား ကျွေးမွေးရန် ခွင့်ပြုမည်မဟုတ်ပေ။ မည်သို့ဆိုစေကာမူ အကူအညီစတောင်းခံသူက သူ မဟုတ်ပေဘူးလား။

ထန်ရှုသည် လီပိုင်ယီအား နေ့လည်စာအတူစားရန် ဖိတ်ကာ စားသောက်ပြီးနောက် လီပိုင်ယီမှ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ချက်အား ငြင်းဆန်လိုက်ပြီး ကျောင်းစာကြည့်တိုက်သို့ ပြန်သွားခဲ့သည်။ စာအုပ်တစ်အုပ်ဖတ်ရှုရင်း တစ်နာရီကျော် အချိန်ကုန်ပြီးသောအခါ သူသည် စာသင်ခန်းထဲသို့ ပြန်လာခဲ့သည်။

သည်အချိန်တွင် လက်ရှိကျောင်းသားဦးရေသည် မနက်ခင်းအချိန်ကထက် သိသာစွာ ပိုများသည်။ ကျောင်းသားကျောင်းသူစုစုပေါင်း ၃၀ထက်မက ရှိနေသည်။ စာသင်ခန်းလူဦးရေ ပြည့်ရန် ၁၀ယောက်ခန့်သာ လိုတော့ပေသည်။

ထန်ရှု ရောက်လာသောအခါ လူတိုင်း၏အာရုံအား ဆွဲဆောင်နိုင်ခဲ့ပြီး ကျောင်းသားတော်တော်များများသည် ထန်ရှုမကြားနိုင်သော အကြောင်းအရာအချို့အား  တီးတိုးပြောဆိုနေကြသည်။

“ယို့ အစ်ကိုထန်…ဒီကို လာ။”

ကျောက်လျန့်က မတ်တတ်ရပ်ကာ ထန်ရှုဘက် မျက်နှာမူပြီး လက်ဝှေ့ယမ်းပြသည်။

ထန်ရှု ထိုနေရာသို့ သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် ကျောက်လျန့်၏စိတ်အားထက်သန်နေသော အသံအား သူ ကြားရတော့သည်။

“အစ်ကိုကြီး ထန်… အခု ငါတို့အတန်းသားတွေ အဲ့ဒါကို တကယ်မြင်ပြီးကြပြီ။ အတန်းပိုင်ဆရာမဟန်က အစ်ကိုကြီးအတွက် ရှန်ဟိုင်းကို ပြောင်းလာတာပဲ။ မနက်က မင်း ထွက်သွားတော့ သူမက စိတ်နဲ့လူ မကပ်တော့ဘူး။ တခြားကျောင်းသားသစ်တွေကို တွေ့ပြီးတာနဲ့ သိပ်မကြာဘူး မင်းနောက်ကို လိုက်သွားတော့တာပဲ။”

ထန်ရှုက မျက်ခုံးများအား ပင့်တင်လိုက်ပြီး ခေါင်းကိုယမ်းကာ

“သူမကိစ္စနဲ့ သူပါ။ ကောင်းပြီ အကြောင်းအရာ ပြောင်းကြရအောင်။ ဒီကစီနီယာကျောင်းသားတွေထဲက ဘယ်သူကိုများ သိတဲ့သူရှိလဲ။”

“မင်း ဘာအတွက်လဲ။”

ယွဲ့ခိုင်က ပဟေဠိဖြစ်သွားသည်။

“စီနီယာကျောင်းသားတွေက စာကြည့်တိုက်ကနေ စာအုပ်ငှားဖတ်လို့ရတယ်။ ငါ စာအုပ်အချို့ ငှားဖတ်ချင်လို့။ ငှားဖတ်လို့ မရဘူးဆိုရင် ကျောင်းအပြင်ဘက်က ဝယ်လို့ရနိုင်တဲ့နေရာကို ငါသိချင်တယ်။” ထန်ရှုက ပြောသည်။

“ဘာကြောင့် ငှားနေမှာလဲ။ တစ်ခါတည်းသာ ဝယ်လိုက်လေ။ မင်း ဘာစာအုပ်တွေ ဝယ်ချင်လဲ ငါ့ကို ပြော။ ဒါပေမယ့် မင်းလိုချင်တဲ့စာအုပ်တွေကို စာရင်းလုပ်ထားရင်တော့ အကောင်းဆုံးပဲ။ ဒီနေ့လည် အားလုံးပြီးသွားရင် ငါ မင်းကို ကားမောင်းပို့ပေးမယ်။” ယွဲ့ခိုင်က အပြုံးဖြင့် ပြောသည်။

“ကောင်းပြီ ဝယ်ကြတာပေါ့။” ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။ “နေ့လည် မှာ အပြင်ထွက်ဆိုင်ပတ်ပြီးသွားရင် ငါ မင်းကို ညစာ ကျွေးပါမယ်။”

ယွဲ့ခိုင်က လက်မထောင်ပြပြီး

“ဝို့…အစ်ကိုကြီးထန်က တကယ်ကို အထင်ကြီးဖို့ကောင်းတယ်။ ဒါနဲ့ ငါတို့ ဘယ်မှာ ညစာစားကြမလဲ။”

“ငါ ဒီနေ့ နေ့လည်စာကို ကျောင်းအပြင်ဘက်က ထုံးဖူစားသောက်ဆိုင်မှာ စားခဲ့တာ။ အဲ့ဆိုင်က လက်ရာမဆိုးဘူး။” ထန်ရှုက ပြောလိုက်သည်။

“ပြသနာမရှိဘူး။” ယွဲ့ခိုင်က ခေါင်းညိတ်သည်။

“ဒါနဲ့ မင်း ပိုက်ဆံရှိရဲ့လား။ ရှိတယ်ဆိုရင် ကျောက်လျန့်နဲ့ သူ့အဆောင်ကလူတွေပါ ခေါ်ရအောင်။ ငါတို့၇ယောက် အတူသောက်ကြရင် ပိုပြီး ပျော်စရာကောင်းမှာကွ။”

ထန်ရှု ခေါင်းညိတ်သည်။

“ငါ့အတွက် အဆင်ပြေတယ်။ လူတိုင်းကို ခေါ်ပါ။”

ယွဲ့ခိုင်က ကျေနပ်စွာ ခေါင်းညိတ်ပြီးမှ ရုတ်တရက် တီးတိုးစကားဆိုလာသည်။

“မင်း ကြားမိလား။ ငါတို့အခန်းဖော် မရောက်သေးတာ သူ့ရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် လူဆိုးတွေကြောင့် ဒဏ်ရာရနေလို့တဲ့။ အခု ရှန်ဟိုင်းဆေးရုံမှာ တက်နေရတယ်။ သူ့ဒဏ်ရာတွေက မပြင်းထန်ဘူးလို့တော့ ကြားပေမယ့် ဒီကာလမှာ ကျောင်းလာဖို့ကတော့ သူ့အတွက် မဖြစ်နိုင်ဘူး။ သူ့ကို ငါ တကယ် အားကျတယ်ကွာ။ စစ်ရေးလေ့ကျင့်မှုမှာ သူ မပါရတော့ဘူးလေ။”

သူရဲကောင်းဆန်စွာ လုပ်ခြင်းနှင့် ဒဏ်ရာရရှိခြင်း

“ဘယ်လိုဖြစ်တာတဲ့လဲ။” ထန်ရှုက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဒီကောင်က လုယက်တဲ့သူတွေနဲ့ တွေ့လာတာ။ အဖွားအိုတစ်ယောက်ကို ပိုက်ဆံအိတ်ပြန်ရအောင် ကူညီပေးခဲ့ပေမယ့် သူ့ကို လုယက်တဲ့သူက ဓားနဲ့ထိုးသွားတယ်။ ဒါပေမယ့် ကိုယ့်လူရေ…အဲ့ဒီကောင်က အတော် စိတ်ဓာတ်ပြင်းတဲ့အကောင်။ ကျောင်းစာရင်းသွင်းတာနောက်ကျမှာစိုးလို့ဆိုပြီး ဒဏ်ရာကို လက်နဲ့အုပ်ပြီး မြေအောက်ရထားလမ်း ထွက်ပေါက်ကနေ ကျောင်းကို ကီလိုမီတာအနည်းငယ် ပြေးလာသေးတာ။ ကျောင်းစာရင်းသွင်းတာလက်ခံတဲ့ ဆရာဆရာမတွေက အဲ့ဒီအခြေအနေကို သိပြီး ရဲကို အကြောင်းကြားလိုက်တယ်။ သူတို့ စုံစမ်းပြီးတဲ့နောက်မှာ ဒီကောင်ရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကြောင့် ဓားထိုးခံရမှန်း သိသွားကြတယ်လေ။ အဖွားအိုရဲ့သားသမီးတွေကလည်း သူ့ဆီကို ကျေးဇူးတင်ကြောင်းပြသတဲ့ အလံတစ်ခု ပို့ပေးထားတယ်။ ကျောင်းကတော့ ဒီအကြောင်းကြောင့် သေချာပေါက် နာမည်ကြီးလာဦးမှာပဲ။”

ယွဲ့ခိုင်က စကားလက်စသတ်လိုက်သည်။

ထန်ရှု၏နှုတ်ခမ်းထက်တွင် အပြုံးသဲ့သဲ့ပေါ်ထွက်လာပြီး

“ကြည့်ရတာ ငါတို့အဆောင်မှာ ညီအစ်ကိုတွေ ပိုများလာတော့မှာပဲ။ ငါတို့ သူ့ဆေးရုံကို သွားကြည့်ကြရင်ရော ဘယ်လိုလဲ။”

“ငါတို့လည်း အဲ့ဒါကို တိုင်ပင်နေကြတာ။ ဒီနေ့လည် သွားကြမလားလို့ဆိုပြီး။ ကျောက်လျန့်ရဲ့ အဆောင်ဖော်တွေကလည်း သွားချင်နေကြတယ်။” ယွဲ့ခိုင်က ပြောသည်။

“ကောင်းပြီ။ ငါတို့ အတူသွားကြတာပေါ့။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ထိုအချိန်တွင် ဟန်ကျင်းဝူသည် စာသင်ခန်းထဲသို့ ဝင်လာသည်။ သူမသည် အခန်းထဲသို့ ဝေ့ဝဲကြည့်ရာ ထန်ရှုအား တွေ့သောကြောင့် အပြုံးရိပ်တစ်ခုသည် သူမ၏မျက်နှာလှလှလေးထက်တွင် ပေါ်လာခဲ့သည်။

“အခုမှ ရောက်တဲ့ကျောင်းသားတွေက ဆရာမဆီမှာ စာရင်းလာဖြည့်ကြဦး။ ငါက ဟန်ကျင်းဝူပါ။ ဒီ၄နှစ်အတွင်း မင်းတို့ရဲ့အတန်းပိုင်ဆရာမ ဖြစ်မယ့်သူပဲ။”

ချက်ချင်းပင် ကျောင်းသူကျောင်းသား ၁၀ယောက်ခန့်သည် ဟန်ကျင်းဝူဆီသို့ သွားကာ နာမည်များနှင့် ဖုန်းနံပါတ်များအား ပေးကာ စာရင်းသွင်းလိုက်ကြသည်။

ဒေါက်…ဒေါက်…

အခန်းတံခါးခေါက်သံအား ကြားရသောကြောင့် လူတိုင်း၏အကြည့်များသည် တံခါးဆီသို့ ရောက်သွားကြသည်။ သို့သော်လည်း အခန်းရှေ့မှ မိန်းကလေးအား တွေ့လိုက်ရသောအခါ စာသင်ခန်းထဲရှိ လူတိုင်းသည် တွေတွေကြီး ငေးမောမိနေရတော့သည်။

မိန်းမလှလေးတစ်ယောက်…တင့်တယ်လှပသော မိန်းမပျိုလေးတစ်ယောက် ဖြစ်ချေတော့သည်။

“မင်းက…”ဟန်ကျင်းဝူသည်သာ အမြန်ဆုံး တုံ့ပြန်နိုင်သော လူတစ်ယောက်ဖြစ်ပြီး သူမက မေးလိုက်ခြင်းဖြစ်သည်။

“ကျွန်မက ထန်ရှုကို လာရှာတာပါ။”

ပြေပြစ်လှပသော မျက်နှာလေးထက်တွင် အပြုံးတစ်ပွင့်ဆင်မြန်းလျက် မိန်းမလှလေးက ဖြေလာခဲ့သည်။

All Chapters