မင်းက ဘယ်သူလဲ
Vol. 07 Ch. 342
လျှပ်တစ်ပြက်အတွင်း ဟန်ကျင်းဝူအပါအဝင် လူတိုင်း၏အကြည့်များသည် ထန်ရှုအပေါ် ကျရောက်သွားသည်။ တိုင်းပြည်တစ်ပြည်ကိုပင် ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်သော ထိုကဲ့သို့ မိန်းမလှလေးတစ်ယောက်က သူတို့အား ဘာကြောင့် လာမရှာရသနည်းဟု အားကျမှုနှင့် မနာလိုမှုတို့ ပြည့်နေသော မျက်ဝန်းများဖြင့် ရင်တွင်းမှ ငိုကြွေးနေကြသည်။
ဟန်ကျင်းဝူက ထန်ရှုအား ကြည့်ကာ မျက်ခုံးအနည်းငယ်တွန့်လိုက်ပြီး
“နင် သူမကို သိလား။”
“ဟုတ်ကဲ့။” ထန်ရှုက ဖြည်းညှင်းစွာ ထရပ်လိုက်ရင်း သူ၏ချောမောသောမျက်နှာထက်တွင် အပြုံးရေးရေး ပေါ်လာခဲ့သည်။ တံခါးဆီသို့ လျှောက်သွားရင်းဖြင့်
“ဆရာမဟန်…ကျွန်တော် အပြင်ထွက်လိုက်ဦးမယ်။ သိပ်မကြာပါဘူး ပြန်လာခဲ့ပါမယ်။”
“အိုခေ…”
ဟန်ကျင်းဝူ၏အမူအရာသည် အတော် ထူးဆန်းနေသည့်ဟန်ရှိပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။
ထန်ရှုသည် ထိုမိန်းမလှလေးနှင့်အတူ ကော်ရစ်ဒါဆီသို့ လမ်းလျှောက်လာရင်း အပြုံးဖြင့်
“ဝမ်ရင်…မင်း ရှန်ဟိုင်းတက္ကသိုလ်ကို ဘွဲ့နှင်းသဘင်အခမ်းအနားအတွက် လာမယ်ဆိုတာ ကျွန်တော် ကြားထားတယ်။ တကယ်လာမယ်လို့တော့ ထင်မထားမိဘူး။ ကြည့်ရတာ မင်းက ဒီက ကျောင်းသားဟောင်းတစ်ယောက်လိုပဲ။”
“ကျွန်မက ဘွဲ့ယူတော့မယ့်ကျောင်းသားတစ်ယောက် ရှင်က ကျောင်းသားသစ်တစ်ယောက်ဆိုကတည်းက ရှင့်ကို ကျွန်မ ဂျူနီယာကျောင်းသားထန်လို့ ခေါ်လို့ရနိုင်လား။”
မုဝမ်ရင်က ခပ်ဖွဖွ ရယ်မောနေသည်။
ထန်ရှုလည်း ရယ်မောရင်း
“ကျွန်တော့်ကို နာမည်ခေါ်ရင် ရပါပြီဗျာ။ ဒါနဲ့ ကျွန်တော့်ဆီက တစ်ခုခု လိုတာရှိလား။”
“ကျွန်မ ရှင့်ကို လာရှာတာ အဆင်မပြေဘူးလား။” မုဝမ်ရင်က ပြုံးလိုက်သည်။
“ဒါနဲ့ ဒီနေ့လည်က ရှင် ကျွန်မရဲ့ဆရာကို နေ့လည်စာဖိတ်ကျွေးတယ်လို့ ကျွန်မ ကြားတယ်။”
ဆရာ…လီပိုင်ယီများလား။
“ကျွန်တော် ပါမောက္ခလီဆီက အကူအညီ တောင်းခဲ့တယ်။ အချိန်ကလည်း နေ့လည်စာ စားချိန်ဖြစ်နေတော့ အတူနေ့လည်စာ စားဖို့ ဖိတ်ခဲ့တာပါ။” ထန်ရှုက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ကျွန်မလည်း ဆရာပြောတာ ဒီအတိုင်းကြားခဲ့တာပဲ။” မုဝမ်ရင်က ခေါင်းညိတ်ပြီး
“ဒီညနေ ရှင် အားလား။ ကျွန်မတို့ ညစာ အတူစားကြမလား။”
“ကျွန်တော် မစားနိုင်လောက်ဘူး။ ဒီညနေ သူငယ်ချင်းတွေကို ညစာကျွေးမယ်လို့ ကတိပေးထားမိတယ်။ အဲ့ဒီကိုပဲ မင်းလာမလား၊ ဒါမှမဟုတ် နောက်တစ်နေ့ ချိန်းကြမလား။”
မုဝမ်ရင် တစ်ခဏမျှ တွေဝေနေပြီးမှ ခေါင်းယမ်းကာ
“ကျွန်မ မလာတော့ဘူး။ ရှင့်အတန်းဖော်တွေကို ကျွန်မ မသိဘူးလေ။ မနက်ဖြန်ညနေဆိုရင်ရော ဘယ်လိုလဲ။ တက္ကသိုလ်ဂိတ်ပေါက်မှာ တွေ့ကြတာပေါ့။”
“ကောင်းပြီ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။
“ရှင်နဲ့ ပြောဆိုဆက်ဆံရတာမလွယ်မှာကို ကျွန်မ အတော် စိတ်ပူနေခဲ့တာ။” မုဝမ်ရင်က ပြုံးရင်း
“ဒါပေမယ့် ရှင်က ထန်ရင်ရဲ့မောင်လေးမှန်း ကျွန်မ သိပြီးကတည်းက စိတ်အတော်ပေါ့ပါးသွားတယ်။”
ထန်ရင်…
“မင်း သူမကို သိလို့လား။”
ထန်ရှု ပဟေဠိဖြစ်သွားသည်။
“ကျွန်မတို့က ငယ်ပေါင်းကြီးဖော်တွေလေ။” မုဝမ်ရင်က အသံလွင်လွင်လေးဖြင့် ရယ်လိုက်ရင်း
“ငယ်ငယ်ကတည်းက အတူတူ ကစားခဲ့ကြတာ။”
“အာ…ကမ္ဘာကြီးက တကယ့်ကို သေးသေးလေးပဲ။” ထန်ရှုက အောင့်သက်သက်ပြုံးလိုက်ကာ
“ကျွန်တော် အတန်းကို ပြန်သွားရတော့မယ်။ ဖုန်းနံပါတ်တွေ လဲပြီး မနက်ဖြန်ညနေကျ ပြန်ဆုံကြတာပေါ့။”
“ကောင်းပြီ။”
ဖုန်းနံပါတ်များ တစ်ယောက်နှင့်တစ်ယောက် ပေးကြပြီးနောက် မုဝမ်ရင်က အပြုံးဖြင့် ထွက်ခွာသွားသည်။
ထန်ရှု စာသင်ခန်းသို့ ပြန်ရောက်သောအခါ လူတိုင်း၏အကြည့်များသည် သူ့အပေါ် ကျရောက်လာသည်။ ဟန်ကျင်းဝူသည် မည်သည့်စကားမျှ မဆိုသော်လည်း သူ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် အခြားသူများသည် ချက်ချင်းပင် သူ့ဆီ ချဉ်းကပ်လာကြသည်။
“အစ်ကိုကြီးထန်…ကျွန်တော့်ရဲ့ချစ်လှစွာသောအစ်ကို…အသက်ရှူမှားလောက်အောင် လှတဲ့ မိန်းမလှလေးက ဘယ်သူများလဲ။” အရှေ့မြောက်ပိုင်းလေသံဖြင့် ဟူချင်းစုန့်က ထန်ရှု၏ပခုံးအား ချစ်မြတ်နိုးစွာ ဖက်ကာ မေးတော့သည်။
ကျောက်လျန့်ကလည်း နောက်မှ အလျင်စလို သံယောင်လိုက်ကာ
“ဟုတ်တယ်။ မင်း ဥထားလို့မရဘူးနော် အစ်ကိုကြီးထန်။ ဒီလို မိန်းမောစေရအောင် လှတဲ့အလှလေးက တကယ်…တကယ်ကို သေနိုင်လောက်တယ်ကွာ။ ဒီလိုအသက်ရှူမှားအောင် လှပတဲ့ မိန်းကလေးသာ ငါ့ချစ်သူဖြစ်လို့ကတော့ ငါ့အသက် ၁၀နှစ်တိုသွားပါစေ ကျေနပ်တယ်။”
ထိုသူများအား ကြည့်ပြီး ထန်ရှု ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်သွားရသည်။ သူ ကူကယ်ရာမဲ့စွာဖြင့်သာ တုံ့ပြန်လိုက်နိုင်တော့သည်။
“မဥရပါဘူးကွာ။ ငါလည်း သူမနဲ့ မရင်းနှီးလှဘူး။ အရင်တုန်းက တစ်ခါပဲ ညစာ အတူစားဖူးတာပါ။ ပြောရမယ်ဆိုရင်တော့ ငါ ရှန်ဟိုင်းတက္ကသိုလ်မှာ တက်တယ်ကြားလို့ လာလည်ပြီး စကားစမြည် ပြောတာပါ။ မင်းတို့ သူမနောက်ကို တကယ်လိုက်ချင်ရင် ငါ တံတားထိုးပြီးကူညီနိုင်ပါတယ်။”
ယွဲ့ခိုင်က အမြန် သံယောင်လိုက်သည်။
“သူမက ငါ့မိန်းကလေးပဲ။ မင်းတို့တွေ ငါနဲ့ ပြိုင်လို့မရဘူး။ အစ်ကိုကြီးထန် ငါ့ကို သူမလေးရဲ့ ဖုန်းနံပါတ် ပေးနိုင်မလား။ ငါ မင်းကို ဒီည ရှယ်ပြုစုပါမယ်။”
“ငါ မင်းကို ဒီလိုလွယ်လွယ် မပြောနိုင်ဘူး ကိုယ့်လူ။” ထန်ရှုက ရယ်မောလိုက်ရင်း
“မနက်ဖြန်ကျရင် မေးပေးပါမယ်။ သူမက မင်းကို သိချင်တဲ့စိတ်ရှိရင် ငါ ဖုန်းနံပါတ် ပေးပါမယ်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ကိုယ်ပိုင်နံပါတ်ပဲလေ။”
“သောက်ကျိုးနည်း…အစ်ကိုကြီးထန်လို့ မင်းကို ခေါ်ရတာ တကယ်မှန်သွားပြီ။ မိန်းမလှလေးတစ်ယောက်ကို ဘယ်လိုလေးစားရမယ် ဆိုတာကို မင်းတကယ် သိတာပဲ။” ယွဲ့ခိုင်က လေးစားသောအမူအရာဖြင့် လက်မထောင်ပြကာ သက်ပြင်းချရင်း
“ဒါနဲ့ပတ်သက်ပြီး ပြသနာမရှိပါဘူး။ မနက်ဖြန် မင်းဆီက သတင်းကောင်းကို စောင့်နေပါမယ်။ ဒီည မင်းလိုက်ကျွေးမှာဆိုတော့ ဒီဟာကို ငါ မလုတော့ဘူး။ ဒါပေမယ့် ငါတို့ ဗိုက်ပြည့်သွားရင် ရှန်ဟိုင်းရဲ့ အကောင်းဆုံး ကေတီဗွီကို သွားဖို့ လူတိုင်း ငါ့ကို အဖော်လုပ်ပေးစေချင်တယ်။”
“ဟီးဟီး အစ်ကိုကြီးထန်…တစ်ယောက်တည်းကို မျက်နှာလိုက်လို့မရဘူးလေ။ ကျန်တဲ့သူတွေကို ချန်ထားလို့မရဘူး။” ဟူချင်းစုန့်ကရယ်မောကာ “ကျွန်တော်တို့ကိုလည်း ပေးရမယ်။”
“ဟုတ်တယ်။”ကျောက်လျန့်ကလည်း ခေါင်းညိတ်သည်။ “ငယ်ရွယ်နုပျိုပြီး တင့်တယ်လှပတဲ့ မိန်းကလေးတစ်ယောက်က လူကြီးလူကောင်းတစ်ယောက်အတွက် လိုက်ဖက်ညီမှုတစ်ခုပဲ။ ငါတို့အားလုံး ချစ်သူ မရှိကြဘူး။ အဲ့ဒါကြောင့် မိန်းကလေးကို အတူကြိုးစားကြမယ်။ တစ်ယောက်စီရဲ့စွမ်းဆောင်မှုအပေါ်မူတည်ပြီး တစ်ယောက်ယောက်ကတော့ အလှလေးကို ပွေ့ဖက်နိုင်မှာပဲ။ နောက်ပြီး ငါတို့သာ မလှုပ်ရှားရင် ကျောင်းထဲက အခြားသူတွေလှုပ်ရှားလာမှာ ငါ စိုးထိတ်တယ်ကွာ။”
ကျောက်လျန့်ပြောသည်မှာ မှန်သည်ဟု ယွဲ့ခိုင်လည်း တွေးမိသည်။ အဆင့်တစ်ခုတွင်ရှိသော အမျိုးသမီးတစ်ယောက်သည် အမျိုးသားများစွာအား ဆွဲဆောင်နိုင်ပေလိမ့်မည်။ ယနေ့ခေတ်တွင် ရဲရင့်သော အမျိုးသားများကို မဆိုထားဘိ သူမအနီးတွင် ပျံဝဲနေသော လိပ်ပြာများစွာအား သူတို့ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
“အိုကေ…ငါတို့ညီအစ်ကိုတွေ သဘောတူညီမှုတစ်ခု အရင်ဆုံး လုပ်ကြရအောင်။ မိန်းမလှလေးရဲ့နှလုံးသားကို အပိုင်သိမ်းနိုင်တဲ့ ငါတို့ထဲက ဘယ်သူ့ကိုမဆို ကျန်တဲ့ညီအစ်ကိုတွေက သစ္စာရှိတဲ့ ဆုမွန်ကောင်း တောင်းပေးရမယ်။”
“ပြသနာမရှိဘူး။”
“သဘောတူတယ်။”
“အိုကေ…”
ထန်ရှုဘေးတွင် ဝိုင်းနေကြသော အမျိုးကောင်းသား ၇ယောက်-၈ယောက်ခန့်သည် ပဲ့တင်ထပ်စွာ ပြောလိုက်ကြပြီး ခေါင်းညိတ်ကျေနပ်သွားကြသည်။
ထိုသူများအား ကြည့်ရင်း ထန်ရှု၏စိတ်ထဲတွင် ပြောစရာစကားမရှိဖြစ်ရတော့သည်။ ဟန်ကျင်းဝူ သူ့အား အာရုံစိုက်နေသည်ကို သူ သတိထားမိသည်။ ဘာမှ မမြင်လေဟန်ဆောင်လိုက်ပြီး သူက လေသံနှိမ့်ကာ
“ညီအစ်ကိုတို့…ဆရာမဟန်က ငါတို့ သည်နေရာမှာ အုပ်စုဖွဲ့ပြီး စကားပြောနေတာမြင်တော့ မကြိုက်ဖြစ်နေပြီ။ စာသင်ခန်းထဲက ထွက်မှ မင်းတို့ အချောလေးကို ဘယ်လိုလိုက်မယ်ဆိုတာ ပြောကြတာပေါ့ ဟုတ်ပြီလား။”
“နားလည်ပြီ။”
လူတိုင်း ဟန်ကျင်းဝူအား ကြည့်လိုက်ကြသည်။ သူမ၏ရှုတည်တည်ဖြစ်နေသော အမူအရာအား မြင်နိုင်သောကြောင့် ချက်ချင်းပင် ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။
ယွဲ့ခိုင်က သူ၏ပါးစပ်အား လက်ဖြင့်ကွယ်ကာ
“အစ်ကိုကြီးထန်…မင်းအတွက်တော့ တကယ် စိတ်မကောင်းဘူးကွာ။ ဆရာမဟန်လို အလှလေးနဲ့ မင်းက အစောကြီးကတည်းက ချိတ်ပြီးဖြစ်နေတယ်။ အဲ့ဒီတော့ မင်း ငါတို့နဲ့ ဟိုအလှလေးကို လိုက်ပြိုင်ပြီး မလုနဲ့။ အဲ့ဒီအစား ငါတို့ညီအစ်ကိုတွေကို မုဒိတာပွားပေါ့ကွာ။ ဟူချင်းစုန့်က မင်းရဲ့ခြေအိတ်တွေကို လပေါင်းများစွာ သေချာပေါက် လျှော်ပေးပါလိမ့်မယ်။”
ယွဲ့ခိုင်၏စကားများကို ကြားသော ဟူချင်းစုန့်ကလည်း သူ၏ခေါင်းကိုနှိမ့်ကာ
“သေလိုက် ယွဲ့ခိုင်။ မင်းကရော အစ်ကိုကြီးထန်ရဲ့ ခြေအိတ်တွေကို ဘာကြောင့် လပေါင်းများစွာ မလျှော်ပေးတာလဲ။”
“ဒါပေမယ့် ငါက သူ့ကို အစားအသောက် ကျွေးမယ့်သူလေ။”
“ငါလည်း အဲ့ဒီလို လုပ်နိုင်တယ်…ဟေ့ရောင်”
သူတို့၂ယောက်ကြားတွင် ထိုင်နေသော ထန်ရှုမှာ ထို၂ယောက်၏တီးတိုးရန်ဖြစ်နေသံကို ကြားနေရသဖြင့် ချက်ချင်းပင် သူ၏လက်ကိုဆန့်ကာ ထို၂ယောက်၏ခါးအား လိမ်ဆွဲလိုက်သည်။ သူက ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့မျက်နှာအား ကြည့်ကာ လေသံနှိမ့်လျက်
“မင်းတို့၂ယောက် အဲ့လိုကိုက်နေဦးမယ်ဆိုရင် ငါ နံပါတ်မပေးဘဲ ထားလိုက်မယ်။”
နေ့လည်ပိုင်းတွင် လုပ်စရာအနည်းငယ်သာ ရှိသောကြောင့် အတန်းခေါင်းဆောင်ရွေးချယ်မှုအား ဆက်လက်လုပ်ဆောင်ကြသည်။
ထိုရွေးချယ်မှုတွင် ထန်ရှုသည် မည်သည့်စကားမျှ မဆိုနိုင်ဘဲ အတန်းခေါင်းဆောင်အဖြစ် စိတ်မပါစွာ လက်ခံလိုက်ရသည်။ မိန်းကလေးကျောင်းသူတစ်ယောက်မှာ ဒုအတန်းခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသည်။ ဟန်ကျင်းဝူက လူတိုင်းအား စာအုပ်များ ရရှိရန် ဆောင်ယူလာခဲ့ပြီး ကျောင်းသားအားလုံး စာအုပ်များရရှိပြီးနောက် အတန်းဆင်းပေးလိုက်သည်။
“ထန်ရှု…နင် နေဦး။”
ဟန်ကျင်းဝူက ထွက်တော့မည့်ဟန်ပြင်နေသော ထန်ရှုအား လှမ်းအော်ကာ တားလိုက်သည်။
ထန်ရှု၏ဘေးတွင် မတ်တတ်ရပ်နေသော ယွဲ့ခိုင်က သူ၏ဘီအမ်ဒဗလျူကားသော့အား လျင်မြန်စွာ ဆွဲထုတ်ပြီး ထန်ရှုအား ပစ်ပေးလိုက်သည်။ သူက မျက်စပစ်ပြလိုက်ပြီး
“အစ်ကိုကြီးထန်… မင်းတို့ အပြင်မှာ သွားတွေ့ကြရင် ငါ့ကားကို မောင်းသွား။ မင်း ဒီည ပြန်မလာဖြစ်ရင် ဟိုကောင်တွေအတွက် ညစာကို ငါ ဧည့်ခံထားလိုက်မယ်။ တံခါးကိုလည်း လော့မချထားဘူး။”
“ထွက်သွား…”
ထန်ရှုက သော့အား ကောက်ကိုင်ကာ ယွဲ့ခိုင်အား ဆဲရင်း ပြန်ပစ်ပေးလိုက်သည်။ ယွဲ့ခိုင်နှင့် ကျန်သောသူများသည် သူ၏ဖတ်စာအုပ်များအား အဆောင်ဆီသို့ ကူသယ်သွားကြပေမည်။
စိတ်ဆိုးခြင်းနှင့် ရွှင်မြူးခြင်းတို့အား တစ်ချိန်တည်း ခံစားလိုက်ရသော ဟန်ကျင်းဝူသည် ယွဲ့ခိုင်အား စိုက်ကြည့်လိုက်သည်။ သူမသည်လည်း တက္ကသိုလ်တက်ဖူးသောကြောင့် ယွဲ့ခိုင် ဘာဆိုလိုသည်ကို သူမ သိပေသည်။
“ပေါက်ကရတွေ ထပ်ပြောနေရင် နင့်ကို အင်္ဂလိပ်စာမှာ ကျအောင် ငါ လုပ်လိုက်မယ်။”
“ညီအစ်ကိုတွေ ဆုတ်ကြစို့။”
ထိုစကားကြားသည်နှင့် ယွဲ့ခိုင် တစ်ချိုးတည်း လစ်တော့သည်။
တက္ကသိုလ်ဝင်းအတွင်းရှိ သစ်ပင်များ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိသော လမ်းမကျယ်တစ်လျှောက် လမ်းလျှောက်လာကြရင်း ဟန်ကျင်းဝူက တိတ်ဆိတ်နေသကဲ့သို့ ထန်ရှုသည်လည်း စကားပြောရန် မလှုပ်ရှားပေ။ သူတို့၂ယောက်သည် ဦးတည်ရာမဲ့ လမ်းလျှောက်လာကြရင်း ဟန်ကျင်းဝူက ထန်ရှုဘက်သို့ လှည့်လာပြီး
“နင့်ကို စောစောကလာရှာတဲ့ မိန်းကလေးက ဘယ်သူလဲ။”
“ဆရာမ ကြာကြာ မအောင့်နိုင်တော့ဘူးလို့ ကျွန်တော် ထင်သားပဲ။” ထန်ရှုက ပြုံးလိုက်သည်။
“သူမက ပါမောက္ခလီရဲ့တပည့်ပါ ဒီနှစ် ရှန်ဟိုင်းဘွဲ့သဘင်အခမ်းအနားကို လာတက်တာ။ ပါမောက္ခလီကို သိတဲ့အချိန် သူမကိုလည်း ထျန်းကျင်မြို့မှာပဲ အတူတူတွေ့တာ။”
ဟန်ကျင်းဝူ နားလည်သွားသောကြောင့် ချက်ချင်းပြုံးလိုက်ပြီး
“လှပတဲ့ အမျိုးသမီးတွေအပေါ်မှာ နင် စိတ်ဝင်စားလိမ့်မယ်လို့ ငါ နည်းနည်းတွေးလိုက်မိတယ်။ ငါ မှတ်မိသေးတယ်။ ငါတို့ ကြယ်တာရာမှာ ရှိတုန်းကလည်း ကျက်သရေရှိရှိ တင့်တယ်တဲ့ အမျိုးသမီးတစ်ယောက် နင့်ကို လာရှာသေးတယ် ဟုတ်တယ်မလား။”
“ကျွန်တော်က အမျိုးသမီးတွေနဲ့ ဘယ်လိုပတ်သက်မှုရှိရမှာလဲဗျာ။ လုပ်ဖို့လိုအပ်တဲ့အရာတွေ အများကြီးနဲ့ အမြဲ အလုပ်ရှုပ်နေတာ သေလုမျောပါးဖြစ်နေပြီ။”
ထန်ရှုက မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“နောက်ပြီး လတ်တလောတော့ ကျွန်တော် ချစ်ဖို့ စိတ်ကူးမရှိသေးပါဘူး။ ယွဲ့ခိုင် ကျွန်တော့်ကို စနောက်တဲ့အခါတိုင်း ကျွန်တော့်မှာ စိတ်ပျက်လက်ပျက်တောင် ဖြစ်ရတယ်။”
ဟန်ကျင်းဝူက အံ့အားသင့်စွာဖြင့် သူ့အား တွေတွေကြီး စိုက်ကြည့်နေရင်း
“နင်က ဘာဖြစ်လို့ မချစ်ချင်ရတာလဲ။ တက္ကသိုလ်မှာ ရှိတဲ့အချိန်က ချစ်ဖို့ အကောင်းဆုံးအချိန်မဟုတ်လား။”
“ကျွန်တော်က အရမ်းအလုပ်များပြီး စာလေ့လာဖို့အတွက်တောင် အချိန်ကို ခွဲပေးရဦးမယ်။” ထန်ရှုက ခေါင်းယမ်းပြီး ပြောလိုက်သည်။
“ယောကျာ်းနဲ့မိန်းမကြားက ချစ်ခြင်းတရားက ကျွန်တော့်အတွက် အဓိပ္ပာယ်မရှိဘူး။”
“ဘာဖြစ်လို့များ ငါ နင့်ဆီက ဘဝရဲ့အတက်အကျ စကားတွေ ကြားနေရတာလဲ။” ဟန်ကျင်းဝူ ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားရသည်။
“နင်က အသက်တစ်ရာကျော်နေတဲ့ အဖိုးကြီး ဒါမဟုတ် ခန္ဓာကိုယ်အသစ်မှာ ပြန်လည်ဝင်စားပြီး မွေးဖွားလာတဲ့ လူတော့ မဖြစ်နိုင်ဘူး မဟုတ်လား။”
ထန်ရှုက ပြုံးကာ တုံ့ပြန်လိုက်သည်။
“ပြန်လည်ဝင်စားပြီး မွေးဖွားလာတယ်ဆိုတာ ဘာလဲ…”
သူ၏ရင်တွင်းတွင် မိုးကြိုးအလင်းတစ်ချက် ပစ်ခွင်းလိုက်သည့်အလား သူ၏ခန္ဓာကိုယ်သည် တုန်ရီသွားပြီး မျက်နှာပျက်သွားရသည်။
ပြန်လည်ဝင်စားခြင်းနှင့် ပြန်လည်မွေးဖွားခြင်းလား…
ထန်ရှု ရုတ်တရက် နားလည်သွားခဲ့ပြီဖြစ်သည်။
ရွှဲ့ချင်းချန်သာ အင်မော်တယ်ကမ္ဘာတွင် သေဆုံးခဲ့ပါက သူမသည် ကမ္ဘာမြေတွင် ပြန်လည်ဝင်စားပြီး မွေးဖွားလာခြင်းသည် ဖြစ်နိုင်သည်မဟုတ်လော။
သိရမည်မှာ အင်မော်တယ်ကမ္ဘာသည် မရေမတွက်နိုင်သော နယ်မြေများထဲမှ တစ်ခုသာလျှင်ဖြစ်သည်။ သေခြင်းနှင့်မွေးဖွားခြင်း သံသရာစက်ဝန်း၏အလွန်တရာနက်ရှိုင်းလှသော နေရာတစ်ခုဖြစ်သည့် မရဏနိုင်ငံသည် သေခြင်းနှင့်မွေးဖွားခြင်းသံသရာစက်ဝန်းမှ အုပ်စိုးထားသောနေရာဖြစ်သည်။ အင်မော်တယ်ကမ္ဘာမှ သေဆုံးသွားသူများ ရှိနေသရွေ့ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ဖရိုဖရဲဖြစ်ခြင်းနှင့် ပျောက်ကွယ်သွားခြင်းတို့မရှိဘဲ အင်မော်တယ်ကမ္ဘာ သို့မဟုတ် အခြားကမာငယ်လေးများတွင် ပြန်လည်မွေးဖွားလာနိုင်ကြသည်။ ကမ္ဘာမြေသည်လည်း ကမ္ဘာငယ်လေးများအနက်မှ တစ်ခုသာ ဖြစ်သည်။
“ထန်ရှု နင် ဘာတွေ ဖြစ်နေတာလဲ။” ဟန်ကျင်းဝူက ထန်ရှု၏မူမမှန်သော တုံ့ပြန်မှုအား ရိပ်စားမိပြီး မေးလိုက်သည်။
ထန်ရှု အချိန်အတန်ကြာမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်သည်။
“ဆရာမရဲ့ဘယ်ဘက်ပခုံးထက်မှာ မွေးရာပါ အနီရောင်အမှတ် ၃ခု ရှိတယ်မဟုတ်လား။”
ဟန်ကျင်းဝူ ကြက်သေ သေသွားတော့သည်။ မယုံကြည်နိုင်ဟန် အံ့သြမှုများဖြင့်
“နင် ဘယ်လိုသိတာလဲ။ ရာသီဥတု ပူရင်တောင်မှ ငါ့ပခုံးကို တစ်ခါမှ မဖော်ပြဖူးပါဘူး ဟုတ်တယ်မလား။”
“ဆရာမမှာ တကယ်ရှိတာလဲ။” ထန်ရှု မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။
“ဟုတ်တယ်။ ငါ မွေးကတည်းက ပါလာတာ။ အနီရောင်အမှတ်လေး၃ခုက တြိဂံပုံစံလေးတွေ။ ငါ့မိဘတွေ တစ်ခါ ပြောဖူးတာကတော့ ငါ ကလေးဘဝတုန်းကဆို အဲ့ဒီအနီရောင်မွေးရာပါ အမှတ်၃ခုက အရမ်းလှတဲ့ ပုံစံတစ်ခုပဲတဲ့။ အဲ့ဒါကြောင့် ငါ တက်တူးထိုးဖို့ မလိုတော့ဘူး။”
ထန်ရှု၏မျက်နှာသည် ဖြူဖျော့သွားပြီး ဟန်ကျင်းဝူအား စူးစူးနစ်နစ် ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
“မင်း…က…ဘယ်…သူ…လဲ။”
ယုံကြည်ရန်ခက်ခဲသော၊ အံ့သြတုန်လှုပ်သော အမူအရာဖြင့် ဟန်ကျင်းဝူ၏ခြေလှမ်းများသည် ချက်ချင်း တုံ့ကနဲ ရပ်သွားကာ ပြန်မေးလိုက်သည်။
“နင် ဘာကြောင့် ဒီလိုမေးနေတာလဲ။ ငါက ငါပဲလေ။”
***