← Chapters

အကြံဉာဏ်များ ပေးခြင်း

Vol. 07 Ch. 344

အကြံဉာဏ်များ ပေးခြင်း

Vol. 07 Ch. 344

ရှန်ဟိုင်း၊ မင်းဆက်ကလပ်အိမ်

ဈေးကြီးသော အဖိုးတန်ကားတစ်စီးသည် အသံကျယ်လောင်စွာဖြင့် ကလပ်ရှေ့သို့ ဝင်လာပြီး ကားရပ်နားနေရာတွင် ရပ်တန့်သွားသည်။

လုံခြုံရေးအစောင့်များသည် အလျင်စလို ကားတံခါးအား ဖွင့်ပေးကြသည်။

“ယုဇီကို အထဲသယ်လာခဲ့လိုက်။”

လီကျန်းက ကားပေါ်မှဆင်းသည်နှင့် အေးစက်တင်းမာနေသော အမူရာဖြင့် ပြောလိုက်သည်။

လီကျန်း၏အဖွဲ့သားများက ပင်မခန်းမဆောင်သို့ အမြန်ဝင်သွားကြသည်။ သူတို့သည် ဓာတ်လှေကားစီးကာ တတိယထပ်ရှိ ခမ်းနားစွာ ပြင်ဆင်ထားသော အခန်းကျယ်ကြီးထဲသို့ ရောက်လာသည်။ လုံခြုံရေးအစောင့်များသည် သူတို့နောက်သို့ လိုက်လာပြီး မေ့မျောနေသော လူရွယ်အား ဆိုဖာပေါ်သို့ တင်ကာ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားသည်။

“ချီးပဲ။ အဲ့ဒီကောင် သိပ်မောက်မာလွန်းတယ်။ သိပ်ဘဝင်မြင့်လွန်းတယ်။ အစ်ကိုကြီးကျန်း…ငါကတော့ ဒီစော်ကားမှုကို အစာမကြေဘူး။” နိုင်ငံခြားဖြစ်အဝတ်အစားများအား ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်က ဒေါသတကြီး ထုတ်ပြောလိုက်သည်။

လီကျန်းက ထိုသူအား အေးစက်စွာ စိုက်ကြည့်လိုက်ရင်း

“မင်းက ဒီစော်ကားမှုကို အစာမကြေဘူး။ ဒါပေမယ့် ငါတို့လုပ်နိုင်တာကို မင်းတွေးသလား။ သောက်ကျိုးနည်းစရာကောင်းလောက်အောင် ငါတို့လုပ်နိုင်တဲ့အရာမရှိဘူး။ ငါတို့လက်တုံ့ပြန်ဖို့ ဘာနည်းလမ်းမှ မရှိဘူး။”

ထိုလူရွယ်၏မျက်ခုံးများ တွန့်သွားပြီး ခံပြင်းစွာ တုံ့ပြန်လိုက်သည်။

“ဘာကြောင့် ငါတို့ မလုပ်နိုင်ရမှာလဲ။ အဲ့ဒီကောင်မှာ အစစ်အမှန်စွမ်းရည်နဲ့ လက်အောက်ငယ်သားတွေ ရှိလို့လား ဒါမှမဟုတ် တစ်ခုခုကြောင့်လား။ ယုဇီက သူရိုက်တာခံလိုက်ရပြီး ခုထိတောင် သတိမရသေးဘူး။ သူ ဦးနှောက်ထိခိုက်သွားမှာတောင် ငါ ကြောက်တယ်။”

သူ၏အရှေ့မှ ဆိုဖာပေါ်တွင် လဲလျောင်းနေသော ယုဇီအား ကြည့်ရင်း လီကျန်း စီးကရက်တစ်လိပ်အား မီးညှိဖွာရှိုက်ကာ ငြိမ်သက်စွာ ထိုင်နေသည်။ သူသာ ချန်ရှီးမြို့တွင် ထန်ရှုနှင့် မတွေ့ပြီး ပြိုင်ပွဲတွင်လည်း မပြိုင်မိပါက လက်တုံ့ပြန်ရန်အတွက် သူ နှောင့်နှေးနေမည်မဟုတ်ချေ။

သို့သော်လည်း ယခုလက်ရှိတွင် သူသည် ထိုသို့ လုံးဝမလုပ်ရဲပါချေ။

“အစ်ကိုကျန်း… မင်း တစ်ခုခုတော့ ပြောလေကွာ။ ငါတို့ အဲ့ဒီအလောင်းအစားကို မချိုးဖြတ်နိုင်ဘဲ၊ သူ့ကို လက်တုံ့မပြန်နိုင်ဘဲ တစ်ချိန်လုံး ရှောင်နေရမှာလား။ ငါတို့ကလေးဘဝကနေ ခုချိန်ထိ ငါတို့ခေါင်းကို ပုတ်ရဲတဲ့သူ မရှိဘူးမဟုတ်လား။”

ထိုလူရွယ်က ဒေါသတကြီး အော်လိုက်သည်။

အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ လီကျန်းသည် အားယူပြုံးလိုက်ရင်း

“ငါကရော ဒီအမှိုက်ကောင်ကို မချေမွချင်ဘူးလို့ မင်း ထင်သလား။ ဒါပေမယ့် ငါတို့လက်တုံ့ပြန်တာ ကျရှုံးလို့ သူက ငါတို့လုပ်မှန်းသိသွားရင် ငါတို့တွေ သေသွားမှာကို ငါ စိုးထိတ်တယ်။”

လူရွယ် အံ့အားသင့်သွားသည်။ ထို့နောက် သူက ဇဝေဇဝါဖြစ်သောအမူအရာဖြင့်

“မင်း ဘာကို ဆိုလိုတာလဲ။”

“ဆိုရိုးစကားရှိသလိုပဲ ရန်သူ့အကြောင်းကို  သိပြီး ကိုယ့်အကြောင်းကိုယ်သိရင် မင်းက တိုက်ပွဲမှာ အောင်မြင်လိမ့်မယ်။” လီကျန်းက ဖြေသည်။

“ငါ မင်းကို မေးပါရစေ။ ငါတို့ ထန်မျိုးရိုးကောင်ရဲ့ နောက်ခံကို သိရဲ့လား။ ကြောက်စရာကောင်းတဲ့ ပုံရိပ်တစ်ခုကို အလျင်စလို ပြစ်မှားမိရင် ကံကြမ္မာဆိုးက ငါတို့ကို စောင့်နေလိမ့်မယ်။ နောက်ပြီး မင်းတို့ကို မပြောရသေးတဲ့ အခြားအကြောင်းအရာရှိတယ်။ မနေ့ညက ကားပြိုင်ပွဲမှာ ချီနန်က ဟွမ်ယုကို သတ်လုနီးပါးဖြစ်ခဲ့တယ်။ ထန်ရှုကြောင့်သာ မဟုတ်လျှင် ဟွမ်ယု သေလိမ့်မယ်။”

ထိုလူရွယ်က စိတ်ရှုပ်ထွေးသွားပြီး

“မနေ့က ကားပြိုင်ပွဲပြီးတော့ ဟွမ်ယု အဲ့ဒီအကြောင်းကို ရည်ညွှန်းတာ ငါ ကြားတယ်။ အဲ့ဒါအမှန်တကယ် ဖြစ်ခဲ့တာလား။”

“ဟုတ်တယ်။ တကယ်ဖြစ်ခဲ့တာ။” လီကျန်းက ခေါင်းညိတ်ရင်း “ငါ မတော်တဆဖြစ်တဲ့နေရာကို မြင်ခဲ့တယ်။ ဟွမ်ယုရဲ့ကားကိုလည်း ကြည့်ခဲ့တယ်။ သူ ပြောခဲ့တာနဲ့ တကယ်တူညီတယ်။ ထန်ရှုကြောင့်သာမဟုတ်ရင် ချီနန့်လက်ချက်နဲ့ သူ သေလိမ့်မယ်တဲ့။ ချီနန်က သွေးအေးအေးနဲ့ အညှာအတာကင်းမဲ့တဲ့ အမျိုးသမီးဖြစ်ပြီး အရာရာတိုင်းကို တန်ဖိုးမရှိလို့ ထင်နေတာကို ပြနေတာပဲ။ ဒါပေမယ့် မမျှော်လင့်ဘဲ သူမက ထန်ရှုကိုကျတော့ အရမ်းကို ရိုကျိုးပြီး လေးစားနေပြန်ရော။ ဒီကနေ မင်းတို့ ပြသနာရဲ့ဖြေရှင်းရန်ခက်တဲ့ အချက်ကို မတွေ့နိုင်ဘူးလား။”

“အစ်ကိုကျန်း…ထန်ရှုမှာ ကြောက်စရာကောင်းတဲ့ ပုံရိပ်နဲ့ နောက်ခံရှိတယ်လို့ မင်းဆိုလိုတာလား။” လူရွယ်က အံ့သြတုန်လှုပ်သွားသည်။

“ထာဝရခန်းမက ရှန်ဟိုင်းမှာဆို အထက်တန်းစား ဆိုင်တစ်ဆိုင်ပဲ။ အဲ့ဒါကြောင့် အလွန်အမင်းကို သာမန်မဟုတ်တဲ့ သူဋ္ဌေးကြီးက နောက်ကွယ်မှာ ရှိလိမ့်မယ်လို့ ငါ ပြောနိုင်တယ်။ ထန်ရှုနဲ့ အဲ့ဒီထာဝရခန်းမက နက်ရှိုင်းတဲ့ဆက်ဆံရေးရှိမှာကို ငါ သံသယရှိတယ်။ အဲ့ဒါကြောင့်မို့ မင်းတို့ ထန်ရှုကို ဆုံးမချင်ရင် သူ့အကြောင်းကို သေသေချာချာ အရင်ဆုံး စုံစမ်းသင့်တယ်။ နို့မဟုတ်ပဲ အရင်စလို လှုပ်ရှားမိရင် ကံမကောင်းဖို့က များတယ်ကိုယ့်လူ။”

ချက်ချင်းဆိုသလိုပင် လူ၅ယောက်-၆ယောက် ငြိမ်ကျသွားသည်။ လီကျန်း၏သုံးသပ်ချက် မှန်ကန်ပါက ထန်ရှုအား သူတို့ အလွယ်တကူ ဆန့်ကျင်နိုင်မည် မဟုတ်သည်မှာအမှန်ပင်။ ချီနန်ကဲ့သို့ လူမျိုးအား ရိုသေလေးစားနေအောင် လုပ်နိုင်သော လူတစ်ယောက်သည် သာမန်မဟုတ်သည့် နောက်ခံတစ်ခုရှိသည်မှာ သေချာသလောက်ရှိသည်။ သူတို့သည် ထိုသူအား ပြစ်မှားမိပါက တစ်ဖက်လူသည် သူတို့အား သုတ်သင်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိမ့်မည်ဖြစ်သည်။

“သူ သတိရလာတဲ့အထိ စောင့်ပြီးမှ ဒီအကြောင်း ထပ်ပြီးပြောကြတာပေါ့။”

လီကျန်းက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသဖြင့် စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။ ထို့နောက် စားပွဲပေါ်မှ ဘီယာဘူးအား ဆွဲယူကာ ဖွင့်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံတွင်…

ထန်ရှုနှင့် ဟူချင်းစုန့်တို့သည် တက္ကစီပေါ်မှ ဆင်းလိုက်ကြသည်။ ထိုနေရာတွင် ယွဲ့ခိုင်၊ ကျောက်လျန့်နှင့်အခြားသူများသည် ဝင်ပေါက်တွင် စောင့်နေကြသည်ကို တွေ့ရသည်။ လူ၆ယောက်ပါသော ထန်ရှုတို့အုပ်စုသည် အနီးနားမှ သစ်သီးခြင်း တစ်ခြင်းဝယ်ကာ ဆေးရုံရှိ အတွင်းလူနာဆောင်သို့ မေးမြန်းကာ အပြေးဝင်လာကြသည်။

အတွင်းလူနာဆောင်၊ အမှတ် #၆၀၈…

ရွှဲ့ချောင်သည် ကုတင်ထိပ်တွင် မှီထိုင်ကာ လက်ထဲတွင် ဖုန်းအား လှည့်ကာဆော့ကစားရင်း ပျင်းရိလျက်ရှိသည်။ သို့သော် သူသည် ထိုဖုန်းအား လှည့်ပင်မကြည့်ချေ။ သူ နေထိုင်ရာတောအုပ်ဒေသမှ ထွက်လာပြီးနောက် မြို့အနှံ့အား လျှောက်သွားရန်၊ ကမ္ဘာကြီးအား လှည့်လည်ကြည့်ရှုရန်နှင့် အသုံးဝင်သောအရာများအား သင်ယူရန် မူလက ရည်ရွယ်ထားသည်။ သို့သော် ရှန်ဟိုင်း၏ပထမနေ့တွင်ပင် ဒဏ်ရာရပြီး ဆေးရုံတက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။

ချီးပဲ။ ငါကိုက နမော်နမဲ့နိုင်လွန်းတယ်။ အဲ့ဒီသူတောင်းစားတွေက ကွန်ဖူးလေး နည်းနည်းပါးပါး တတ်တာကို ငါက ဓားထိုးခံလိုက်ရတယ်။ ငါ့အဖိုးကြီးသာ ဒီအကြောင်းကိုသိရင် သူ့အုတ်ဂူထဲက ထွက်လာပြီး ငါ့ကို သေအောင် ရိုက်လိမ့်မယ် မဟုတ်ဘူးလား။ ချီးပဲကွာ။ ငါ ဒီအကြောင်းကို ဘယ်တော့မှ မပြောဘူး။ နို့မို့ဆိုရင် ငါ့ရဲ့ အဖိုးတန်သားလေးက အနာဂတ်မှာ သူ့ဖေဖေကို ရယ်မှာ အသေအချာပဲ။

ရွှဲ့ချောင်သည် သမ်းဝေလိုက်ပြီး ပိုပိုပြီး ပျင်းရိလာခဲ့သည်။

သို့သော်လည်း တစ်ခြားသူများအား ကယ်တင်ခြင်းသည် သူ့အား အကျိုးကျေးဇူးအချို့ပေးလေသည်။ တက္ကသိုလ်မှပေးသော ကတိအား ပြန်စဉ်းစားကြည့်ပါက ဘာသာရပ်လခများ ကင်းလွတ်ခွင့်ရမည်ဖြစ်သောကြောင့် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ့အိမ်၌ ပိုက်ဆံအများကြီး မရှိချေ။ အိမ်တွင် ပိုက်ဆံအများကြီး ချန်ထားခဲ့သော်လည်း သူ့သားအတွက် နို့ဖိုးလုံလောက်ရုံသာ ရှိပေမည်။

ငါ ပိုက်ဆံ အများကြီး ရှာသင့်တယ်။ ငါ ပိုက်ဆံ အများကြီးရှာရမယ်။

ငါ့အဖေမှာ ဘာကျွမ်းကျင်မှုမှ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် သူ့အဖေကလည်း အစွမ်းအစ မရှိဘူးလို့ ငါ့သားကို အနာဂတ်မှာ တွေးခွင့်မပြုနိုင်ဘူး။ ထားလိုက်တော့။ ငါ့ကျောင်းစာနဲ့ အလုပ်မရှုပ်ရင် ငါ ဘယ်အလုပ်မဆို လုပ်ရလိမ့်မယ်။ အုတ်သယ်တာ၊ ဘိလပ်မြေသယ်တာ - ငါအဖေလုပ်သူက တစ်ချို့အချိန်တွေမှာ လုပ်ရမယ်။ ပြသနာတစ်ခု မဟုတ်ဘူး။ ငါ ငယ်ငယ်တုန်းက တောင်ကအိမ်ကို လမ်းလျှောက်ပြန်ဖူးတယ်။ ငါက မုဆိုးတစ်ယောက်ရဲ့သားမို့ သေချာပေါက် ပြသနာတစ်ခု မဟုတ်ဘူး။

အတွေးများနှင့် သူ၏ဘေးနားမှ လူနာကုတင်အား လှည့်ကြည့်လိုက်သည်။ သူနှင့်သက်တူရွယ်တူ ရှိသော လူရွယ်တစ်ယောက်သည် နူးညံ့ချောမွတ်သော အသားအရေနှင့် သန့်ရှင်းနေပြီး မျက်မှန်တပ်ထားသည်။ ထိုသူ၏ဘေးတွင်လည်း မိဘများနှင့် အဖိုးအဖွားများ ဝန်းရံထားသည်။ ထိုသူ၏အဒေါ်ပင်လျှင် ၂နာရီကြာ ရှိပေးခဲ့သည်။

ရုတ်တရက် ထိုအလိုလိုက်ခံထားရသော လူရွယ်အား အားကျခဲ့မိသည်။ ထိုလူရွယ်သည် မတော်တဆ လဲကျရင်း ခြေထောက်ကျိုးခဲ့ခြင်းဖြစ်ပြီး သူ၏ကျန်းမာရေးအခြေအနေအား မေးရန် မိသားစုတစ်ခုလုံး သည်နေရာသို့ အပြေး ရောက်လာကြခြင်းဖြစ်သည်။

အာားး…ငါ သောက်ကျိုးနည်းကို တအားငြီးငွေ့နေပြီ။

ရင်တွင်းမှ ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးနေရင်း သူ၏မျက်နှာအား ပြတင်းပေါက်ဘက်သို့ ပြန်လှည့်လိုက်မိတော့သည်။

“သည်မှာ ရွှဲ့ချောင်ဆိုတဲ့သူများ ရှိပါသလား။”

အရှေ့မြောက်ပိုင်းလေသံနှင့် ကျယ်လောင်သော အသံတစ်သံသည် လူနာဆောင်တံခါးမှ ပေါ်ထွက်လာသည်။

ထိုခဏတွင် ရွှဲ့ချောင်ခမျာ အံ့အားသင့်ကာ ကြက်သေ သေသွားတော့သည်။ သူ့အသက်အရွယ်လောက်ရှိမည်ဖြစ်သော လူရွယ်တစ်စုသည် လူနာဆောင်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် သူ၏အမူအရာမှာ ပျက်သွားခဲ့သည်။ သူ၏လက်သည် ချက်ချင်းဆိုသလိုပင် ခေါင်းအုံးအောက်တွင် ဝှက်ထားသော သံချောင်းအား ဆုပ်ကိုင်ထားလိုက်သည်။

တရားခံကောင်တွေရဲ့ဘော်ဒါတွေက ဆေးရုံထိလိုက်လာပြီး  လက်တုံ့ပြန်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်။

သူ၏စိတ်ထဲမှ တီးတိုးရေရွတ်ရင်း မျက်လုံးများထဲတွင် အေးစက်သောအရိပ်ယောင်တစ်ခု ဖြတ်သွားသည်။

“ငါပဲ။”

ဟူချင်းစုန့်က ရှေ့သို့လျှောက်လာကာ မှုန်ကုပ်ကုပ်ဖြစ်နေသော ရွှဲ့ချောင်နှင့် သူ၏ထင်ရှားလှသော ကိုယ်ကာယကြွက်သားများအား ကြည့်လိုက်ရင်း

“ဝိုး…မင်းက ရွှဲ့ချောင်ပေါ့။ မဆိုးဘူး မဆိုးဘူး။ မင်းက ငါ့လောက် မချောပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက တကယ်မိုက်တယ်။ ကောင်းပြီ။ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါက ဟူချင်းစုန့်။ မင်း ငါ့ကို ဟူကြီး၊ ချင်းစုန့် ဒါမှမဟုတ် ညီအစ်ကိုဟူလို့လည်း ခေါ်နိုင်တယ်။”

ဟူချင်းစုန့်၏အနောက်မှ လူတစ်ယောက်သည် သစ်သီးခြင်းတစ်ခြင်းအား သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည့်အခါ ရွှဲ့ချောင်၏အကြည့်များက ဟူချင်းစုန့်ဆီမှ ရွေ့လျားသွားသည်။ သူ၏ရင်ထဲမှ ဆောက်တည်ရာမရဖြစ်နေမှုသည် အတော်သက်သာရာရသွားပြီးနောက် ပြန်မေးလိုက်သည်။

“စိတ်မရှိပါနဲ့။ မင်းတို့က ဘယ်သူတွေလဲ။”

ဟူချင်းစုန့် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူသည် အဓိပ္ပာယ်မရှိသောအရာများအား ပေါက်ပေါက်ဖောက်မိသည်ကို ရုတ်တရက် နားလည်သွားတော့သည်။ အနေရခက်သော အမူအရာသည် သူ၏မျက်နှာထက်တွင် ပေါ်လာပြီး

“ငါတို့က ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားတွေပါ။ သူက ယွဲ့ခိုင်၊ သူက ထန်ရှု။ ငါတို့၃ယောက်က အဆောင်အခန်းဖော်တွေ။ ဒီလူတွေက ကျောက်လျန့်၊ ယန်ဟူနဲ့ စွန်းရှောင်ချွမ်။ သူတို့အဆောင်က ငါတို့အဆောင်ရဲ့ ရှေ့တည့်တည့်မှာ ရှိတယ်။ အာ ဟုတ်သားပဲ။ ငါတို့အားလုံးက မင်းရဲ့အတန်းဖော်တွေပါ။”

တက္ကသိုလ်ကျောင်းသားသစ်တွေလား။

ထိုသူများအား အထက်အောက်ကြည့်ကာ အကဲခတ်လိုက်ပြီးနောက် ရွှဲ့ချောင်သည် သံချောင်းအား ဂွမ်းစောင်အောက် ထိုးထည့်လိုက်ပြီး အပြုံးဖြင့်

“ကျောင်းသားသစ်ကောင်းတွေပါလား။ ငါ့ဆီ လာတွေ့ကြလိမ့်မယ်လို့ ငါ တကယ်ကို မထင်မှတ်ထားမိဘူး။”

ယွဲ့ခိုင်က ဘေးတွင် ဝင်ထိုင်လိုက်ကာ အပြုံးဖြင့်

“မင်းက ငါတို့မျက်လုံးထဲမှာတော့ သူရဲကောင်းတစ်ယောက်ပဲ။ မင်းရဲ့ကောင်းမွန်ပြီး ချီးကျူးထိုက်တဲ့ လုပ်ဆောင်ချက်ကို ကြားပြီးကတည်းက ငါတို့တွေ မင်းဆီလာတွေ့ဖို့ ဆုံးဖြတ်ထားကြတာ။ နောက်၄နှစ်ထိ ငါတို့က တွဲဖက်တွေ ဖြစ်လာမှာပါ။”

ဟူချင်းစုန့်ကလည်း နောက်ကနေ သံယောင်လိုက်ကာ

“ဒါအမှန်ပဲ။ တက္ကသိုလ်ကျောင်းသားတွေ တစ်ကြိမ် ဖြစ်ဖူးတာနဲ့ တစ်သက်တာအတွက် ညီအစ်ကိုတွေပဲ။ ငါတို့က တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ရုံတင်မကဘူး နောက်ကို အတူတကွလည်း နေကြရဦးမှာဆိုတော့ ရင်းနှီးတဲ့ဆက်ဆံရေးက ၂ဆပဲ။ ဒါပေမယ့် ငါ အမျိုးသမီးတစ်ယောက်မဟုတ်တာ စိတ်မကောင်းစရာပဲကွာ။ နို့မို့ဆိုရင် ငါ့ညီအစ်ကိုတွေကို ပျော်ရွှင်မှုအချို့တောင် ခွင့်ပြုလိုက်ဦးမှာ။”

အဟွတ်…အဟွတ်…

ရွှဲ့ခိုင် တံတွေးသီးသွားသဖြင့် ချောင်းဆိုးလိုက်ရင်း ယွဲ့ခိုင်နှင့် ဟူချင်းစုန့်အား မသက်မသာအမူအရာဖြင့် ကြည့်မိကာ စိတ်တွင်းမှ မြည်တမ်းလိုက်မိသည်။

ဘယ်လိုသရဲတစ္ဆေတွေကများ ငါ့ရဲ့ကျောင်းသားဘော်ဒါတွေ လာဖြစ်နေတာတုန်းကွာ။

ထန်ရှုက ရွှဲ့ချောင်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရင်း

“မင်း ဒီနေရာကို မင်းဘာသာမင်း ဘယ်လို ရောက်လာတာလဲ။ ဘယ်သူမှ မင်းကို ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိဘူးလား။”

ရွှဲ့ခိုင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်ဖြေသည်။

“တက္ကသိုလ်ကို ငါ့ဘာသာငါ လာခဲ့တာဆိုတော့ ငါ့ကို ကြည့်ရှုပေးမည့်သူ ဘယ်ရှိပါ့မလဲ။ ဒါ ဒဏ်ရာ သေးသေးလေးတစ်ခုပါ။ နောက်၂ရက်ဆိုရင် ငါ ဆေးရုံက ဆင်းလို့ရပြီ။ နောက်ပြီး ငါလည်း တက္ကသိုလ်ဝင်းထဲကို သွားသင့်နေပြီ။”

“နောက်ပြီးတော့မှ ဆေးရုံက သူနာပြုကို ငါ ဆက်သွယ်လိုက်မယ်။ မင်းစားဖို့သောက်ဖို့ သူတို့ ဂရုစိုက်ပေးလိမ့်မယ်။ ဒီရက်ပိုင်း ငါတို့လည်း လုပ်စရာမရှိတော့ မင်းဆီ မကြာမကြာလာကြည့်မှာပါ။ မင်း လိုအပ်တာရှိရင် ငါတို့ကို အားမနာဘဲ ပြောကွာ။” ထန်ရှုက ပြောလိုက်သည်။

ထန်ရှုအား အချိန်အတန်ကြာအောင် စိုက်ကြည့်လိုက်ရင်း ရွှဲ့ချောင်က ခေါင်းယမ်းကာ

“မလိုအပ်ပါဘူး။ အဆင်ပြေပါတယ်။ ငါ့ဒဏ်ရာကလည်း စိုးရိမ်ဖို့မလိုတဲ့ ပမွှားလေးပါ။ မင်းတို့ပိုက်ဆံကို မဖြုန်းတီးပါနဲ့ကွာ။ အခုခေတ်မှာ ငွေရှာရတာ လွယ်တာမဟုတ်ဘူး။”

“အဲ့ဒါအတွက် မင်း စိတ်ပူဖို့ မလိုဘူး။ မင်းရဲ့ဒဏ်ရာကနေ နာလန်ထဖို့ပဲ လိုတယ်။ မင်းမှာ ပြသနာ တစ်စုံတစ်ရာရှိရင် ငါတို့ကို ချက်ချင်း အသိပေး။ မင်း အဲ့ဒါကိုမှ ငြင်းနေသေးရင် ငါတို့ကို သူစိမ်းတွေလို့ သဘောထားလို့ပဲ။”

ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“ဒါ…”

ချီတုံချတုံ ဖြစ်သွားပြီးမှ နောက်ဆုံးတွင် ရွှဲ့ချောင် ခေါင်းညိတ်သည်။

“ရွှဲ့ချောင်…တရားခံ၃ယောက်ကို မင်းတစ်ပွေတည်း ဆော်လိုက်တာလို့ ငါကြားတယ်။ မင်း အရင်က သိုင်းပညာ သင်ဖူးလား။”ယွဲ့ခိုင်က မေးသည်။

“မဟုတ်ဘူး။ ငါတို့မိသားစုက တောင်ပေါ်မှာ နေတာလေ။ ငါတို့တွေက မျိုးရိုးစဉ်ဆက် အမဲလိုက်မုဆိုးတွေပါ။ ငါ ငယ်ငယ်ကတည်းက ဘာသိုင်းပညာမှ မသင်ဖူးပေမယ့် တောင်ပေါ်က မျောက်တစ်ကောင်လိုပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့အချိန်တွေကို ပညာသင်ဖို့အတွက်သာ မသုံးခဲ့ရင် ဒီတရားခံ၃ယောက်ကို အသာထား အဲ့ဒါထက်များရင်တောင် ငါ သူတို့ကို သတ်နိုင်တယ်။

အမဲလိုက်မုဆိုးမိသားစုလား။

ယွဲ့ခိုင်၏မျက်လုံးများ အရောင်လက်သွားကာ တလေးတစား ပြောလိုက်သည်။

“ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ဒါ အံ့သြဖို့ကောင်းတယ်ကွ။ ငါ ကြားဖူးတယ် မုဆိုးတွေက တအားသန်မာတယ်တဲ့။ ငါ ဒီနေ့ မျက်မြင် တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး။ ပြောရမယ်ဆိုရင် ငါတို့အဖွဲ့က စွမ်းအားရှင်တွေ ပါဝင်လာကြပြီ။ ဟူကြီးဆိုရင် စာရင်းသွင်းဖို့ ကျောင်းရောက်ရုံ ရှိသေးတယ်...လူရမ်းကားတွေကို ရိုက်နှက်ပြီး မိန်းမလှလေးတစ်ယောက်ကို ကယ်တင်ပေးခဲ့တာကွ။ အဲ့ဒီငတိတွေက လက်တုံ့ပြန်ဖို့ လိုက်လာတော့ အစ်ကိုကြီးထန်က သူ့ရဲ့ မယုံနိုင်စရာ ခွန်အားနဲ့ သူတို့ကို မောင်းထုတ်လိုက်နိုင်တယ်။ အခု မင်းပါ ဒီအဖွဲ့ထဲ ရောက်လာပြီ။ ငါတို့အဆောင်က အနည်းနဲ့အများ ဆိုသလို အခုဆို ကောင်းကင်ဘုံအုပ်ထိန်းသူ၄ပါးပဲ။”

ကောင်းကင်ဘုံ အုပ်ထိန်းသူ ၄ပါး ဟုတ်လား။

ထန်ရှု နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ၏မျက်နှာအား ဘေးသို့ လွှဲလိုက်ပြီး ယွဲ့ခိုင်အား မသိလေဟန် ပြလိုက်သည်။

ဟူချင်းစုန့်က အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး

“ဟေ့ ယွဲ့ကြီး။ မင်း စကားကို အဲ့လို နမော်နမဲ့ မပြောနဲ့လေကွာ။ ကောင်းကင်ဘုံ အုပ်ထိန်းသူ ၄ပါး ဟုတ်လား။ ငါတို့၃ယောက်က ရပ်ပြီး လူမိုက်တွေ လူဆိုးတွေ အနည်းငယ်ကို ရှင်းဖို့ အိုကေပေမယ့်  မင်းက မိန်းကလေးတစ်ယောက်ထက်တောင် ချောတဲ့ မျက်နှာပိုင်ရှင်ဆိုတော့ ရှိုးပြဖို့ပဲ ဖြစ်မှာကို ငါကြောက်မိတယ်ဟ။ ဟမ့်... ဘာ ကောင်းကင်မင်းကြီးလဲ။ မင်းကို တော်ဝင်မိဖုရားလို့ ခေါ်တာမှ ပိုကောင်းဦးမယ်။”

“ဟေ့ရောင်…မင်း ငါနဲ့ ရန်ဖြစ်ချင်ပြန်ပြီလား။” ယွဲ့ခိုင်က စိတ်ဆိုးမာန်ဆိုး အော်ဟစ်တော့သည်။

***

All Chapters