အရေးပေါ် အခြေအနေ
Vol. 07 Ch. 345
ရှန်ဟိုင်း၊ မင်းဆက်ကလပ်အိမ်
၃ထပ်ရှိ ခမ်းနားသော ခန်းမကျယ်ကြီးထဲတွင်…
လီကျန်းနှင့် အပေါင်းပါများသည် မိန်းမလှလေးများစွာ ဝန်းရံလျက် သောက်စားရင်း စကားပြောနေကြကာ အစောပိုင်းက အနိုင်ကျင့်ခံရမှုအား မေ့လျော့သွားကြသည့်နှယ်ဖြစ်သည်။
ထောင့်တစ်နေရာရှိ ဆိုဖာထက်မှ ယုဇီသည် မေ့မျောနေရာမှ သတိရလာပြီး မခံမရပ်နိုင်အောင် ခေါင်းကိုက်လျက်ရှိသည်။ သူ၏လက်မောင်းများအား အားပြုကာ ဖြည်းညှင်းစွာဖြင့် ထိုင်လိုက်သည်။ သူ၏ဘော်ဒါညီအစ်ကိုများသည် အားလုံးအဆင်ပြေနေသည့်ဟန်ဖြင့် သောက်စားနေကြသည်ကို မြင်ရသောအခါ ယုဇီ ဒေါသထောင်းကနဲ ထွက်သွားရသည်။
ဒါကြီးက လုံးဝကို မှားနေတာပဲ။ ဒီကောင်တွေ ငါ့ညီအစ်ကို မဟုတ်ဘူး။
ငါက အရိုက်ခံလိုက်ရပြီး သူတို့က ငါ့ကို လစ်လျူရှုထားကြတယ်။ သူတို့မှာ ပျော်ပွဲတစ်ခုရှိနေတာများလား။
မအေပေးတွေ...မင်းတို့အားလုံး အသဲနှလုံးမရှိကြဘူး ယီးပဲဟေ့ … ယီးပဲ။
ဒေါသများ ထွက်နေသော ယုဇီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မတ်တတ်ရပ်လိုက်ကာ တံခါးဆီသို့ တစ်လှမ်းချင်း သွားတော့သည်။
“ဟ ယုဇီ နိုးပြီလား။”
လူရွယ်တစ်ယောက်က ယုဇီ မတ်တတ်ရပ်နေသည်ကို မတော်တဆ မြင်လိုက်သောကြောင့် ချက်ချင်း အော်ပြောလိုက်သည်။
လီကျန်း ခေါင်းထောင်ကြည့်လိုက်ရာ မျက်နှာကြီး သုန်မှုန်နေသော ယုဇီအား တွေ့ရသဖြင့် သူ ပွေ့ဖက်ထားသော မိန်းကလေးအား လျင်မြန်စွာ လွှတ်ပေးလိုက်သည်။ ထို့နောက် သူသည် ထရပ်လိုက်ပြီး ယုဇီ၏လမ်းအား ပိတ်လိုက်ကာ ပဟေဠိဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
“ဟေ့ ယုဇီ မင်း ဘယ်ကို သွားနေတာလဲ။”
ယုဇီ လမ်းသွားနေရာမှ ရပ်လိုက်ပြီး လီကျန်းအား အေးစက်တင်းမာနေသော အကြည့်ဖြင့် ကြည့်လိုက်ကာ မျက်နာသေဖြင့်
“ငါက ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတယ်ဆိုတာ သေချာတယ်။ ငါ့ကို ပြောစမ်းပါဦး။ ရှေ့ဆက် ဘာတွေဖြစ်ကြသေးလဲဆိုတာ။”
လီကျန်း၏အမူအရာ တောင့်တင်းသွားသည်။ အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ကာ
“အမျိုးသမီးတွေ မင်းတို့အားလုံး အပြင်ထွက်တော့”
သိပ်မကြာမီ လီကျန်းတို့အုပ်စုသာ အခန်းတွင်း ကျန်ရစ်ခဲ့သည်။
“ယုဇီ…မင်းကို ရိုက်လိုက်တဲ့ခွေးကောင်က နောက်ခံအတော်တောင့်တယ်။ ငါ ချန်ရှီးမြို့က ကားမောင်းပြိုင်ပွဲမှာ လူတစ်ယောက်နဲ့ အလောင်းအစားလုပ်မိလို့ ရှုံးသွားတာကို မင်းမှတ်မိသေးလား။ အဲ့ဒီလူက မင်းကို ဆော်လိုက်တဲ့လူပဲ။ ငါ သူ့ကို မြင်တာနဲ့ ဝေးဝေးမှာ နေပါမယ်ဆိုပြီး သူ့ကို ကတိပေးထားရတယ်။ အဲ့ဒါကြောင့်…”
လီကျန်းက ခါးသီးသော အပြုံးကို ပြုံးလိုက်ရင်း စကားဆက်မဆိုနိုင်တော့ပေ။
သူ၏မျက်လုံးများအား မှေးစင်းလျက် ယုဇီက မျက်နှာသေဖြင့်
“တခြားစကားနဲ့ပြောရရင် မင်းရဲ့ကတိတည်မှုကို ပြချင်လို့ ငါ့ကို ပြန်သယ်လာခဲ့တယ်ပေါ့။ မင်းက သူ့ကို ပလိပ်ရောဂါတစ်ခုလို ရှောင်ပြီး အမြီးကုပ် ပြေးလာခဲ့တယ်ပေါ့ ငါ ပြောတာ မှန်လား။”
“ဒါ…”
လီကျန်းနှင့်အခြားသူများသည် မယုံကြည်နိုင်သော အကြည့်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့၏မျက်နှာထက်တွင် ရှက်ရွံ့နေသောအမူအရာများ ဖြစ်ပေါ်လာသည်။
“ထားလိုက်တော့။ အခု ဒီအကြောင်းကို ဆက်မပြောတော့ဘူး။ မင်းတို့ ဆက်ပြီးပျော်နေရစ်ပါ။ ငါတော့ သွားပြီ။ ငါ တစ်ခုခု လုပ်စရာရှိနေသေးတယ်။” ယုဇီက ပြောပြီးသည်နှင့် လီကျန်းဘေးမှ ဖြတ်ကာ အပြင်သို့ ထွက်သွားတော့သည်။
အနည်းငယ် ရှုံ့မဲ့နေသော အမူအရာဖြင့် လီကျန်းသည် ယုဇီ၏ကွယ်ပျောက်သွားသော နောက်ကျောအား ကြည့်နေမိသည်။ ညီအစ်ကိုတစ်ယောက် ဆုံးရှုံးလိုက်ရပြီဟူသော အသိအား ရုတ်တရက် သူ ခံစားမိရသည်။ သည်ခံစားမှုသည် အတိတ်တုန်းက ခံစားမှုနှင့် အလားသဏ္ဍာန် တူညီသည်။ ထိုသစ္စာဖောက်သွားသောသူများသည် ယွဲ့ယန်၏လက်အောက်ငယ်သားများ ဖြစ်လာကြပြီး သူတို့၏ဆက်ဆံရေးအား ဖြတ်တောက်ခဲ့သည်။
သူ၏အမူအရာ ပြောင်းလဲသွားသည်။ ရှုပ်ထွေးနေသော အတွေးများနှင့်အတူ လီကျန်း လှည့်ကာ အော်လိုက်သည်။
“သွား…ယုဇီကို ငါ့ဆီ ပြန်ခေါ်လာခဲ့။”
လူရွယ်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပင် ယုဇီနောက်သို့ ပြေးလိုက်သွားကြသည်။ လျင်မြန်စွာပင် ယုဇီအား ခန်းမဆီသို့ ဆွဲခေါ်လာခဲ့ကြသည်။
“ယုဇီ…ငါတို့က ညီအစ်ကိုတွေပါ။ မမိုက်ချင်စမ်းပါနဲ့။ အဲ့ဒီကောင် မင်းကို ရိုက်ခဲ့တာ ငါသိတယ်။ ငါတို့လည်း ဒီလိုမျိုး လုပ်ချင်တာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့ မလှုပ်ရှားခင် သူ့ရဲ့နောက်ခံနဲ့ ပုံရိပ်ကို စုံစမ်းမှရမယ်။ ကိုယ့်ရန်သူရဲ့ပိုင်ဆိုင်ထားတွေကို သိမှပဲ ငါတို့က လက်တုံ့ပြန်တဲ့အစီအစဉ်တစ်ခုကို လုပ်လို့ရမှာပေါ့။”
လီကျန်းက စီးကရက်တစ်လိပ်အား လက်ကြားညှပ်ကာ အလေးအနက် ပြောလိုက်သည်။
လီကျန်းအား အေးစက်တင်းမာနေသောအကြည့်ဖြင့် ယုဇီက ကြည့်ပြီး မျက်နှာသေဖြင့်
“ငါ့ခေါင်းက နာနေတယ်။ ဒီမှာနေရတာ ငါ့အတွက် အဆင်မပြေဘူး။ မင်းတို့ ငါ့ကို ဆေးရုံမပို့ချင်မှတော့ ငါ့ဘာသာငါပဲ သွားရတော့မှာပေါ့။ ငါ သွားလို့ရပြီလား။”
“…”
လီကျန်းနှင့် အခြားသူများသည် ချက်ချင်းပင် သူ၏ဆိုလိုရင်းအား နားလည်သွားကြကာ မျက်နှာပျက်သွားကြသည်။ အဖြစ်အပျက် ပြီးဆုံးသွားသည့်အချိန်တွင် သူတို့သည် ယုဇီအား ဆေးရုံသို့ အရင်ပို့ရန် မစဉ်းစားခဲ့မိကြချေ။
“ဒီပေါ့ဆမှုက ငါတို့ရဲ့အမှားပါကွာ။ ငါတို့ညီအစ်ကိုတွေကိုယ်စား တောင်းပန်တဲ့အနေနဲ့ ဒီဝိုင်တစ်ခွက်ကို လက်ခံပေးပါ။”
လီကျန်းက ဝိုင်တစ်ခွက်အား လှမ်းပေးလိုက်သည်။
ယုဇီက ဝိုင်ခွက်အား ယူလိုက်သော်လည်း အလျင်စလို မသောက်ခဲ့ပဲ အေးဆေးစွာ စကားပြောလိုက်သည်။
“လီကျန်း… ဟွမ်ဇီက ငါတို့ကို ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲဆိုတာ ငါ အခုမှပဲ နားလည်သွားတယ်။ ငါတို့အတွက် ကောင်းမယ့်ပုံမရှိလို့ ငါ အဲ့ဒီစကားကို ရှင်းရှင်းလင်းလင်း မပြောချင်ဘူး။ ငါ ဒီဝိုင်ကို သောက်ပြီး ငါ့ဒဏ်ရာကို စစ်ဖို့ ဆေးရုံကို သွားတော့မယ်။ မင်း ဒီနေရာမှာ ဆက်ပြီး ပျော်ပါးနိုင်တယ်။”
ထိုသို့ ပြောပြီးသည်နှင့် သူသည် ဝိုင်ခွက်ကို ကုန်အောင် သောက်ကာ ပြန်ချလိုက်ပြီး ချာကနဲ လှည့်ထွက်သွားတော့သည်။
သည်တစ်ကြိမ်တွင်တော့ လီကျန်းသည် ယုဇီအား မတားတော့ပေ။ သူ၏မျက်နှာထက်တွင် ရုပ်ဆိုးစွာ ရှုံ့မဲ့နေမှုသည် အလွန်အမင်းကို ဖြစ်ပေါ်နေခဲ့ပြီး ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ကာ မျက်လုံးအား ဖြည်းညှင်းစွာ မှိတ်လျက် ငြိမ်သက်နေခဲ့သည်။
သူသည် ဦးနှောက်မရှိသောသူတစ်ယောက် မဟုတ်သောကြောင့် ယုဇီ၏စကားများသည် မည်သည်ကို ရည်ညွှန်းနေသည်ကို သူ ကောင်းစွာ သိရှိသည်။ ယုဇီသည် တိုက်ရိုက်မပြောခဲ့သော်ငြား သူသည် လီကျန်းတို့နှင့် ရှေ့ဆက်လက်တွဲတော့မည် မဟုတ်ချေ။
“ယီးပဲ…”
လီကျန်း၏မျက်ဝန်းများ ချက်ချင်း ပွင့်လာကာ သူ၏အရှေ့မှ ဖန်ခွက်အား ဆုပ်ကိုင်ပြီး ကြမ်းပြင်ထက်သို့ ပြင်းထန်စွာ ပေါက်ခွဲပစ်လိုက်သည်။
အခြားလူရွယ်များသည် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ခဲ့ကြသော်လည်း မည်သည့်စကားမျှ မဆိုကြချေ။
လီကျန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး လေသံမာမာဖြင့်
“မိုးစက်မိုးပေါက်တွေက ကောင်းကင်ကပဲ ကျဆင်းရမှာဖြစ်သလို အမျိုးသမီးတွေကလည်း တစ်နေ့မှာ လက်ထပ်ရမှာ ဓမ္မတာပဲ။ ဆိုတော့ ဒီကပဲ စလိုက်ကြရအောင်။ မင်းတို့အားလုံးလည်း ယုဇီရဲ့အပြုအမူတွေကို မြင်ခဲ့ကြပြီ။ ဒီကောင်က အမြဲလိုလို အရမ်းရူးသွပ်ပြီး အရှုံးကို သည်းမခံနိုင်ဘူး။ ဒီကောင်က ထန်မျိုးရိုးကောင်ရဲ့နောက်ကို လိုက်သွားမလားဆိုတာ ငါတို့ တိတ်တဆိတ် စောင့်ကြည့်ကြတာပေါ့။ ထန်မျိုးရိုးကောင်ရဲ့ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ဖို့ ငါ့မှာ နည်းလမ်းတွေ မရှိဘူး။ ယုဇီက ငါတို့အတွက် ရေအတိမ်အနက်ကို စမ်းသပ်ပေးမယ်ဆိုတော့ကာ ငါတို့ ခဏစောင့်ကြည့်ကြမယ်။”
“ဒါ…”
အခြားသူများ၏စိတ်တွင်းတွင် အေးစက်မှုအား ခံစားလိုက်ရပြီး တစ်ယောက်နှင့်တစ်ယောက် လျင်မြန်စွာ ကြည့်လိုက်ကာ မည်သည့်စကားမျှ မဆိုကြချေ။
ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံ…
အတွင်းလူနာဆောင်၏အောက်ထပ်လှေကားတွင် ထန်ရှု၊ ယွဲ့ခိုင်နှင့် အခြားသူများသည် ရွှဲ့ချောင်အား နှုတ်ဆက်ခဲ့ပြီး အိမ်ပြန်တော့မည့်ဆဲဆဲဖြစ်သည်။ တွေ့ဆုံမှုသည် တိုတောင်းသော်လည်း ရွှဲ့ချောင်သည် သူတို့အား အမြင်ကောင်း ပေးခဲ့သည်။
“အဆောင်ကို အရင်မပြန်ကြပါနဲ့ဦး။ ကားတစ်စီး ဝယ်ဖို့ ငါ့ကို အဖော်လုပ်ပေးကြကွာ။”
ကျောက်လျန့်က ယွဲ့ခိုင်၏ကားအား အလွန်သဘောကျနေသည်။ သူ့အနေဖြင့် ထိုမျှ တန်ဖိုးကြီးသော ကားတစ်စီးအား မဝယ်နိုင်သော်ငြား ယွမ်တစ်သောင်းတန် ကားတစ်စီး ဝယ်ရန်အတွက်မူ သူ့အတွက် ပြသနာ မဟုတ်လှချေ။
“အိုကေ။ ငါတို့ အတူ သွားကြတာပေါ။ ဒီနေ့လည် ငါတို့လည်း ဘာမှ လုပ်စရာမရှိဘူးမဟုတ်လား။”
ယွဲ့ခိုင်က ရယ်ကာ ပြောသည်။
“မင်းတို့ကောင်တွေပဲ သွားလိုက်ကြတော့ကွာ။ ငါ လုပ်စရာလေးရှိသေးလို့။ ငါ မင်းတို့ကို ညစာကျွေးဖို့ ညကျ ငါ ဖုန်းဆက်လိုက်မယ်။” ထန်ရှုက ပြောသည်။
“အစ်ကိုကြီးထန်… မင်းမှာ ဘာလုပ်စရာရှိနေတာလဲ။” ယွဲ့ခိုင်က ပဟေဠိဖြစ်စွာ မေးလိုက်သည်။
“ကိုယ်ရေးကိုယ်တာ အသေးအမွှားကိစ္စလေးပါ။” ထန်ရှုက ပြန်ဖြေသည်။
ထိုစကားကို ကြားသည့် ယွဲ့ခိုင်က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။ ထန်ရှုမှ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုဟု ပြောသောကြောင့် သူ ဆက်မမေးချင်ပေ။
ထိုအဖွဲ့ လျင်မြန်စွာ ထွက်ခွာသွားကြသည်နှင့် ထန်ရှု လေးလံသော သက်ပြင်းတစ်ချက်အား စိတ်တွင်းမှ ချမိသည်။ ဟန်ကျင်းဝူနှင့်ပြသနာအား မည်သို့ရှင်းရမည်ကို သူ ခေါင်းကိုက်နေပေသည်။ သူမအား အိမ်ငှားမည်ဟု ပြောမိသော သူ၏ကတိအား ယခုအချိန်တွင် သူ နောင်တရနေသည်။ ထိုအမျိုးသမီးသည် သူနှင့်ဝေးရာတွင် ရှိစေချင်သော လူတစ်ယောက်ဖြစ်သည်။ သူမသည် သူ၏အတန်းပိုင်ဆရာမအဖြစ် ၄နှစ်ကြာရှိဦးမည် ဖြစ်သောကြောင့် ထန်ရှုအနေဖြင့် အမှန်တကယ် ရှောင်ရှားမရနိုင်သော်လည်း သူမနှင့် အတူရှိနိုင်မည့် အခွင့်အရေးများအား တတ်နိုင်သမျှ သူ လျှော့ချရမည် ဖြစ်သည်။
ငါ ကတိပေးပြီးပြီဆိုမှတော့ သူမကို အဲ့ဒီအိမ်မှာ နေခိုင်းရုံပဲ ရှိတော့တယ်။ နောက်ပြီး ငါလည်း အိမ်တစ်လုံးလောက်ကို ဂရုမစိုက်တော့ပါဘူးလေ။
ထန်ရှု စိတ်တွင်းမှ သက်ပြင်းချလိုက်ကာ ဆေးရုံအပြင်ဘက်သို့ ထွက်ရန် လျှောက်လာခဲ့သည်။
အရေးပေါ်အခန်းရှေ့တွင်…
အရေးပေါ်ကားအနည်းငယ်သည် ဥသြသံဆူညံစွာဖြင့် ရောက်လာကြပြီး ဆေးရုံဂိတ်ပေါက်သို့ ဝင်လာကြသည်။ အရေးပေါ်အခန်းရှေ့တွင် စောင့်နေကြသည့် ဒါဇင်နှင့်ချီသော ဆရာဝန်များနှင့် သူနာပြုများသည် လူနာတင်လှည်းများ အမြန်တွန်းလာကြကာ လူနာတင်ကားများအား လျင်မြန်စွာ ဝိုင်းလိုက်ကြသည်။
မတော်တဆမှုလား။
လူနာတင်ကားများ၏တံခါးများ ပွင့်လာသောအခါ ထန်ရှု၏မျက်ခုံးများတွန့်သွားသည်။ ဆရာဝန်များနှင့် သူနာပြုများသည် အတွင်းမှ သွေးများဖုံးလွှမ်းနေသော ကိုယ်များနှင့် ဒဏ်ရာရထားသူများအား မကာ လူနာတင်လှည်းပေါ်သို့ တင်လိုက်ကြသည်။
“ဒေါက်တာပန်ကို အမြန်ခေါ်။ သောက်ကျိုးနည်း … ထိခိုက်တဲ့လူတွေက များလှချည်လားဟ။ ငါတို့ဆေးရုံက ဆရာဝန်တွေနဲ့ ခွဲစိတ်ခန်းတွေ လောက်မှာ မဟုတ်တော့ဘူး။ အနီးနားက ဆေးရုံတွေကို ဆက်သွယ်ပြီး ဒဏ်ရာရတဲ့သူတွေကို လွှဲပြောင်းဖို့ ချက်ချင်းလုပ်ကြ။ နောက်ပြီး အနောက်က လူနာတင်ကားတွေကိုလည်း အနီးနားက ဆေးရုံတွေဆီ တန်းပို့ဖို့ သတိပေးလိုက်ကြဦး။”
အဖြူရောင်ကုတ်အကျီ ဝတ်ထားပြီး ရွှေကိုင်းမျက်မှန် တပ်ထားသော သက်လတ်ပိုင်းလူက လူနာတင်ကားများပေါ်မှ သယ်ဆောင်လာသော ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရထားသည့် လူအယောက်၂၀ကျော်အား မြင်ပြီးနောက် အော်ပြောလိုက်ခြင်း ဖြစ်သည်။
ထန်ရှု၏အမူအရာ အနည်းငယ် ပြောင်းသွားသည်။ ထိုဆရာဝန်မှတဆင့် ပြသနာအနည်းငယ်အား သူမြင်နိုင်ပေသည်။ ပထမအချက်အားဖြင့် ထိခိုက်ဒဏ်ရာရထားသောသူ အရမ်းများပြီး ဒီ့ထက်မက ရောက်လာနိုင်ပေသည်။ ဒုတိယအချက်အားဖြင့် ဆေးရုံတွင် ဆရာဝန်များနှင့် ခွဲစိတ်ခန်းများ လုံလောက်စွာ မရှိချေ။ တတိယအချက် ထိုထိခိုက်ဒဏ်ရာရသူများသည် လွှဲပြောင်းခြင်း ခံရပေမည်။ ထို့ကြောင့် သူတို့၏ကုသမှုသည် နှောင့်နှေးသွားနိုင်ပြီး ဒဏ်ရာပြင်းထန်စွာ ရထားသူများဆိုပါက အသက်ဆုံးရှုံးမှုနှင့်ပင် ရင်ဆိုင်ရပေမည်။
သက်ပြင်းတစ်ချက် စိတ်တွင်းမှချလိုက်ရင်း ထန်ရှုသည် ထိုဖရိုဖရဲဖြစ်နေသော မြင်ကွင်းဆီသို့ လျှောက်သွားလိုက်သည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် ရှိနေသေးသည်ဆိုပါက ထိုကဲ့သို့ ကိစ္စအသေးအမွှားလေးများဖြင့် သူ့ကိုယ်သူအား အနှောင့်အယှက် အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ သို့သော် လက်ရှိသူသည် အင်မော်တယ် လမ်းကြောင်းထဲသို့ပင် မရောက်သေးချေ။ ကမ္ဘာမြေပေါ်တွင် နေထိုင်နေသော လူသားတစ်ယောက်သာ ဖြစ်နေသေးသည်။
ထို့ကြောင့် ယခုကိစ္စအား လျစ်လျူရှုခြင်းနှင့် မျက်နှာလွှဲခြင်းတို့အား သူ မလုပ်နိုင်ချေ။ သည်အဖြစ်အပျက်အား မမြင်တွေ့ မကြားသိခဲ့ပါက သူ လျစ်လျူရှုကောင်း ရှုမိလိမ့်ဖြစ်သော်လည်း သူ၏အရှေ့တည့်တည့်တွင် ဖြစ်ပျက်နေပြီး သူ ကူညီနိုင်သောအရာဖြစ်ရာ သူ ဘာမျှ မလုပ်ဘဲ ထိုင်ကြည့်နေမည်မဟုတ်ချေ။
“ရပ်လိုက်။”
ထန်ရှုက လူနာတင်လှည်းတစ်ခုအား တားထားလိုက်သည်။
လူနာတင်လှည်းပေါ်တွင် ဆိုးရွားစွာ ဒဏ်ရာရထားသော လူတစ်ယောက်ရှိနေသည်။ ထိုလူသည် ပတ်တီးများ စီးထားသော်လည်း သွေးထွက်နေမှုအား မဟန့်တားနိုင်သောကြောင့် သွေးများစွာ ထွက်လျက်ရှိသည်။ သွေးများသည် ပတ်တီးတစ်ခုလုံးအား စိုရွှဲနေရုံသာမက လူနာတင်လှည်း၏မျက်နှာပြင်တွင်ပင် စီးလျက်ရှိသည်။ ထိုသူ၏မျက်နှာသည် စုတ်ပြတ်နေပြီး သွေးများစီးကျနေရုံသာမက သူ၏ဦးခေါင်းမှ ဆံပင်အစပ်နားတွင်လည်း သွေးများရှိနေသည်။ ပါးလွှာသော လက်မလုံးအရွယ် သံမဏိဘားသည် သူ၏ရင်ဘတ်အား ထိုးဖောက်လျက် ရှိသည်။
“မင်း ဘာလုပ်နေတာလဲ။ လမ်းအမြန်ဖယ်ပေး။” လူနာတင်လှည်း၏ဘေးမှ ဆရာဝန်က ငေါက်ငမ်းလိုက်သည်။
ထန်ရှုက ဒဏ်ရာရထားသူ၏လက်ကောက်ဝတ်အား လက်နှင့်ဖိကာ ထိုသူ၏သွေးခုန်နှုန်းကို စစ်ဆေးနေရင်း လေးနက်သော လေသံဖြင့် တုံ့ပြန်သည်။
“ကျွန်တော်လည်း ဆရာဝန်တစ်ယောက်ပါ။ ခင်ဗျားရဲ့ဆေးရုံမှာ ခွဲစိတ်ခန်း၊ ဆရာဝန် အလုံအလောက်မရှိတာကြောင့် ကျွန်တော် သူ့ကိုအရင်ဆုံးကုသပေးမယ်။”
သက်လတ်ပိုင်းဆရာဝန်ကဒေါသတကြီးမျက်မှောင်ကြုတ်လိုက်ပြီး
“မင်းက ဆရာဝန်တစ်ဦးပဲလား။ ငါ မင်းကို အရင်က ဆေးရုံမှာ မတွေ့ဖူးပါဘူး။ ဒီလူနာက ဒဏ်ရာပြင်းလို့ ခွဲစိတ်ခန်းကို ချက်ချင်းပို့ဖို့ လိုတယ်။ ကုသမှုကို မနှောင့်နှေးစေနဲ့။ ဘေးဖယ်။”
ထန်ရှုက မတုံ့ပြန်ချေ။ သူ၏စိတ်ဝိညာဉ်အာရုံအား ဒဏ်ရာပေါ်သို့ လွှမ်းခြုံကြည့်လိုက်သည်။ လူနာ၏
ဒဏ်ရာများအား စစ်ဆေးရန်အတွက် သက်လတ်ပိုင်း ဆရာဝန်အား ဘေးသို့တွန်းလိုက်သည်။
ဗြိ…
ထန်ရှုသည် လူနာ၏စုတ်ပြဲနေသော အဝတ်အစားများအား ဆုတ်ဖြဲလိုက်သည်။ သူ၏လက်ချောင်းများသည် သံမဏိဘားတစ်ဝိုက်ရှိ သွေးကြောမှတ်များအား လျင်မြန်စွာ ပိတ်ဆို့လိုက်သည်။ ထို့နောက် သူသည် ပေါင်နေရာမှ ဘောင်းဘီအား စုတ်ဖြဲကာ သွေးများ မထွက်စေရန် သွေးကြောများအား ပိတ်ဆို့လိုက်ပြန်သည်။ ထို့နောက် သူသည် ဒဏ်ရာရနေသူ၏ခန္ဓာကိုယ်အား ကိုင်လိုက်ပြီး ရင်ညွှန့်ရှိ ၁၀စင်တီမီတာအနက်ထိ ထိုးဖောက်နေသော သံမဏိဘားအား လှမ်းကိုင်လိုက်သည်။
“ဘာ…ဘာလုပ်နေတာလဲ။ မင်း…မင်း…လူသတ်နေတာလား။”
ထန်ရှု၏လှုပ်ရှားမှုအား ကြည့်ပြီး သက်လတ်ပိုင်းဆရာဝန်က ချက်ချင်း ဟိန်းဟောက်လိုက်သကဲ့သို့ သူနာပြု ၂ဦးနှင့် အခြားသူများသည်လည်း မှုန်ကုပ်သွားကြသည်။
ထိုဆရာဝန်အား လျစ်လျူရှုထားပြီး ထန်ရှုသည် သံမဏိဘားအား ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းအား သွေးများပြည့်နေသော အပေါက်ထဲသို့ ထည့်ကာ ကြယ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ အရိုးများအတွင်းရှိ ကျိုးပဲ့နေသော အစိတ်အပိုင်းများအား ဆေးကြောပြီး သူ၏ကြယ်စွမ်းအားကို ချန်ထားခဲ့ပြီးနောက် သူသည် သူနာပြုတစ်ဦးဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။
“အနာကို ဆေးထည့်ပြီး ပတ်တီးစည်းပေးပါ။”
ထိုသို့ပြောပြီး ဒဏ်ရာရနေသော လူနာ၏ခေါင်းအား ထန်ရှု လှမ်းကိုင်လိုက်သည်။ သူသည် တန်းယန်အမှတ်၊ ယန်ပိုင်အမှတ်၊ စီပိုင်အမှတ်၊ ထိုက်ချွမ့်အမှတ်နှင့် လျန်ချွမ်အမှတ်များအား ဆက်တိုက်နှိပ်သွားခဲ့သည်။
(Charm Ming Nge - မျက်လုံးအလယ်တည့်တည့်တွင်ရှိသော တန်းယန်အမှတ်၊ မျက်ခုံး၂ခုများအပေါ် အလယ်တည့်တည့်တွင်ရှိသော ယန်ပိုင်အမှတ်၊ မျက်လုံး၂လုံးအောက်များတွင်ရှိသော စီပိုင်အမှတ်၊ အနောက်ဘက်လည်ပင်း၏ဘေးဘက်-လည်စိနှင့်တစ်တန်းတည်းတွင်ရှိသော ထိုက်ချွမ့်အမှတ်နှင့် အောက်မေးရိုးအောက် အလည်တည့်တည့်တွင် ရှိသော လျန်ချွမ်အမှတ်)
ဒဏ်ရာမှ အနက်ရောင်သွေးများ စီးကျလာသည်နှင့် ထန်ရှု၏လက်ချောင်းများသည် လျန်ချွမ်အမှတ်အား အကြိမ်ကြိမ် ဖိနှိပ်ပေးလိုက်ပြီးနောက် အခြားဒဏ်ရာရထားသော လူနာများဆီသို့ လျှောက်သွားလိုက်သည်။
“မင်း ဘာလုပ်နေတာလဲ။ ထွက်သွားစမ်း။”
ဘေးမှအခြားဆရာဝန်တစ်ဦးက သူ၏လမ်းကြောင်းကို ပိတ်ထားသော ထန်ရှုအား ဒေါသတကြီး ကြည့်လိုက်သည်။
လူများကိုကယ်တင်ခြင်းသည် မီးငြိမ်းသည်နှင့် အလားတူသည်။ အချိန်လုကာ လုပ်ရခြင်းဖြစ်သည်။
ထို့ကြောင့် သူ၏ကုသမှုကိုနှောင့်နှေးစေသော ဤလူငယ်အား သူ ဒေါသထွက်နေခဲ့သည်။ လူနာသည် သေလုမျောပါး အခြေအနေတွင် ရှိနေသည်။ ၎င်းကို နောက်ထပ်နှောင့်နှေးစေပါ က ထိုသူတို့သည် အချိန်မရွေးသေနိုင်ပေသည်။
***