← Chapters

ဆိုးရွားသောအခြေအနေ

Vol. 07 Ch. 348

ဆိုးရွားသောအခြေအနေ

Vol. 07 Ch. 348

အတန်ကြာပြီးနောက် လီဟွန်ဂျီသည် ထန်ရှု၏ ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။ ထန်ရှုသည် သူ၏ခေါ်ဆိုမှုကို လက်ခံဖြေကြားပြီးနောက် သူက လျင်မြန်စွာ ရယ်မောရင်း

“ဟိုင်း ထန်ရှု … ဇူဝမ်ဖုန့်က ရှန်ဟိုင်း ပထမပြည်သူ့ဆေးရုံမှာ မင်း လုပ်ခဲ့တာတွေကို ငါ့ကိုပြောခဲ့တယ်။ တကယ်ကို ကောင်းတယ်။ မင်းက ငါတို့ကြယ်တာရာတိုင်းရင်းဆေးရုံရဲ့ ဂုဏ်ကျက်သရေကို ဆောင်ခဲ့တာပဲ။”

ထိုအချိန်တွင် ထန်ရှုသည် ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်လာသော လမ်း၌ ရှိနေခဲ့သည်။ လီဟွန်ဂျီ၏ စကားများ ကြားသည့်အခါ သူက တည်ငြိမ်စွာဖြင့်

"ဒါက မတော်တဆတွေ့ပြီး ကံကောင်းတာကလွဲလို့ တခြားဘာမှမရှိပါဘူး။"

"ထန်ရှု … ဇူဝမ်ဖုန့်က မင်းကို ရှန်ဟိုင်း ပထမပြည်သူ့ဆေးရုံမှာ အလုပ်လုပ်ဖို့ အခွင့်အရေးပေးရင် မင်း ယူမှာလား။" လီဟွန်ဂျီက ထန်ရှုအား စကားအစ်လိုက်သည်။

"ကျွန်တော်က ဆရာဝန်တစ်ယောက် မဖြစ်ချင်ဘူးလို့ ခင်ဗျားကိုပြောဖူးတယ်မဟုတ်လား" ထန်ရှုက ပြောသည်။

“ကျွန်တော့်အမေ တရုတ်တိုင်းရင်းဆေးရုံမှာ ဆေးရုံတက်တဲ့အတွက် ခင်ဗျားရဲ့ဆေးရုံမှာ ဆေးကုသမှု ပေးဖို့ ကတိပြုခဲ့တယ်။ ခင်ဗျားက အမေ့ကို ကောင်းကောင်းစောင့်ရှောက်ပေးတဲ့အတွက် ကျွန်တော့်မှာ ဆပ်ဖို့ ကျေးဇူးကြွေးတင်ခဲ့တယ်။ ဒါကြောင့် မသွားပါဘူး။ ကျွန်တော် ရှန်ဟိုင်း ပထမပြည်သူ့ဆေးရုံကို မသွားဘူး။"

လီဟွန်ဂျီ တိတ်တဆိတ် စိတ်သက်သာရာရသွားပြီး

“ငါ သိပြီ။ မင်း မသွားချင်ရင် ဘယ်သူမှ မင်းကို တွန်းအားပေးလို့ရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဇူဝမ်ဖုန့် မင်းကိုရှာရင် သူ့ကို စိတ်လျှော့ဖို့ ပြောလိုက်ပါ။ သူက ငါ့ကို ခုလေးတင် ဖုန်းဆက်ပြီး မင်းကို လုချင်နေတယ်။ ငါ သူ့ကို တည့်တိုးပြောပြီးသား မင်းမှာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုပြီး။”

ထန်ရှုက ရယ်လိုက်ရင်း

"အာ… ခင်ဗျားက ကျွန်တော့်ကို ဒါအတွက် ဖုန်းဆက်တာ မဟုတ်လား ဆေးရုံအုပ်လီ။"

“ဒါတော့ ဒါပေါ့။ ငါ မင်းကို ပြန်လာပါလို့ တိုက်တွန်းနေချင်တာ။" လီဟွန်ဂျီက ရယ်ရင်းပြောသည်။

“အောက်တိုဘာ၁ရက်နေ့မှာ မင်း မပြန်မလာမချင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကို ရပ်ဆိုင်းလိုက်ကြရအောင်လား။”

“ကောင်းပြီ။” ထန်ရှုက ပြန်ပြောသည်။

ကြယ်ပြာအိမ်ရာဝင်း…

ထန်ရှု ကြယ်ပြာအိမ်ရာဝင်း၏ဝင်ပေါက်သို့ ရောက်သောအခါ သူနှင့် အတန်ငယ် ရင်းနှီးနေပြီဖြစ်သော ယခင်လုံခြုံရေးအစောင့်က အရိုအသေပေးကာ နွေးနွေးထွေးထွေး စကားဆိုလိုက်သည်။

“ပြန်လာပြီလား မစ္စတာထန်။ ဒါနဲ့ မင်းရဲ့သူငယ်ချင်းတွေ လာသွားတယ်။ ဒီနားက စတားဘက်ကော်ဖီဆိုင်မှာ စောင့်နေမယ်လို့ ပြောသွားတယ်။”

သူငယ်ချင်းတွေဟုတ်လား…

“ခင်ဗျား မှားနေတာများလား။” ထန်ရှုက ဇဝေဇဝါဖြင့် ပြောလိုက်သည်။

“ကျွန်တော် ရှန်ဟိုင်းကို ရောက်လာတာမကြာသေးဘူး။ ကျွန်တော် ဒီမှာ နေတာ သိတဲ့သူက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာ။ ကျွန်တော့်ကို လာရှာတဲ့သူငယ်ချင်းတွေက ဘယ်လိုရှိနိုင်မှာလဲ။”

ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုပြီးနောက် အိမ်ရာထဲသို့ အလျင်စလို မဝင်ဘဲ ထိုအစား စတားဘက်ဆိုင်ရှိရာ လမ်းဘက်သို့ လျှောက်လာခဲ့သည်။ စတားဘက်ဆိုင်သည် ရှန်ဟိုင်းတက္ကသိုလ်သို့ သွားသောလမ်းပေါ်တွင် ရှိသည်။

စတားဘက်ဆိုင်တွင်…

ဆိုင်အတွင်းပိုင်းသည် ကျယ်ဝန်းပြီး လက်ရာမြောက်စွာ အလှဆင်ထားသောကြောင့် အဆင့်မြင့် အထက်တန်းစားဆိုင်တစ်ခုအဖြစ် အပြည့်အ၀ ဖော်ပြနေသည့်ဟန်ရှိသည်။ ယခုအချိန်တွင် ဆိုင်ထဲ၌ သူ၏လက်တော့ပ်ကီးဘုတ်ပေါ်တွင် စာရိုက်နေသော လူငယ်တစ်ဦးနှင့် သူ့ဘေးတွင် ထိုင်နေသော လူလတ်ပိုင်းလေးယောက်မှလွဲ၍ ဧည့်သည်အနည်းငယ်သာ ရှိသည်။

စတားဘက်ကော်ဖီဆိုင်ထဲဝင်ပြီးနောက် ထန်ရှုက လက်တော့ပ်ပေါ်မှာ စာရိုက်နေသည့်သူအား မြင်လိုက်သည်။ ထိုသူသည် ထန်ဝေဖြစ်ပြီး ယခုတွင် တည်ကြည်လေးနက်သော အသွင်ကို ဆောင်ထားသည်။

“မင်း ဘာကြောင့် ဒီနေရာမှာ ရှိနေတာလဲ။”

ထန်ဝေက မော့ကြည့်လိုက်ရာ ထန်ရှုအား တွေ့ရသဖြင့် သူ၏မျက်ဝန်းများ အရောင်လက်သွားသည်။ ချက်ချင်းပင် သူ၏လက်တော့ပ်အား ပိတ်ကာ အပြုံးဖြင့်

“ငါ ဒီနားက ဖြတ်သွားရုံပါ။ မင်း ရှန်ဟိုင်းတက္ကသိုလ်မှာ တက်နေတာ ငါသိတယ်လေ အဲ့ဒါကြောင့် မင်းကို တွေ့ဖို့ လာခဲ့တာ။ ဒါနဲ့ မင်းဒီမှာ ဘယ်လိုနေလဲ။ တစ်ခုခု လိုအပ်ရင် ငါ့ကို ပြောကွာ။”

"ငါဆင်းရဲတယ်လို့ မင်းထင်လား" ထန်ရှုက ခေါင်းယမ်းပြီး ပြုံးလိုက်သည်။

"မင်း မဆင်းရဲဘူးဆိုတာ ငါသိပြီးသားပါ ငါ့ညီ။" ထန်ဝေက ပြုံးပြီး ပြောသည် ။

"ဒါပေမယ့် အစ်ကိုကြီးတစ်ယောက်က နည်းနည်းလေးတော့ ချစ်ခင်မှုကို မပေးနိုင်ဘူးဆိုတာ မဟုတ်ဘူးမလား။ စကားမစပ် ဒေါ်လေးက ငါရှန်ဟိုင်းကို ဖြတ်သွားရမယ်ဆိုတာ သိတာမို့ သူက မင်းအတွက် ငါ့ကို တစ်ခုခု သယ်သွားပေးစေချင်တယ်။”

“ဘာများလဲ။” ထန်ရှုက မေးသည်။

ထန်ဝေက ဘေးပတ်လည်အား အသာကြည့်လိုက်ပြီး ပြန်ဖြေသည်။

“မင်းကို ဒီနေရာမှာပေးဖို့ မသင့်တော်လောက်ဘူး။ မင်း အိမ်ကို ငါတို့ သွားပြီး အဲ့ဒီမှာ စကားပြောကြမလား။”

“ကောင်းပြီ။” ထန်ရှုက ခေါင်းညိတ်သည်။

သူတို့၂ယောက် ထကာ ဆိုင်မှ ထွက်လာပြီးနောက် သက်လတ်ပိုင်းလူ၄ယောက်သည်လည်း သူတို့၏အနောက်မှ ပါလာသည်။ ထန်ရှုက ထန်ဝေအား တိတ်တဆိတ် မေးကြည့်သောအခါ ထိုလူ၄ယောက်သည် ထန်ဝေ၏သက်တော်စောင့်များ ဖြစ်သည်ကို သူ သိလိုက်ရသည်။

ကြယ်ပြာအိမ်ရာဝင်းထဲမှ ထန်ရှု၏ခြံဝင်းထဲသို့ ရောက်သောအခါ သက်တော်စောင့်၄ယောက်သည် ခြံဝင်းထဲတွင် နေခဲ့ပြီး ထန်ရှုနှင့် ထန်ဝေသည် အိမ်ထဲသို့ ဝင်လာကာ ပထမထပ်ရှိ ခန်းမထဲသို့ ရောက်လာသည်။ ထိုင်လိုက်ကြပြီးနောက် ထန်ဝေက သားရေ လက်ဆွဲသေတ္တာတစ်လုံးအား ထန်ရှုသို့ လှမ်းပေးရင်း

“ဒေါ်လေးမင်းက မင်းအတွက် ငါနဲ့ လူကြုံပေးလိုက်တဲ့ ပစ္စည်းက အထဲမှာ ရှိတယ်။”

ထန်ရှု လက်ဆွဲသေတ္တာအား ယူကာ ဖွင့်လိုက်ရာ သူ ခဏမျှ ကြက်သေ သေသွားရသည်။

ငွေရောင်ပြောင်လက်နေသော ပစ္စတိုသေနတ်တစ်လက်၊ ကျည်အပြည့်ပါသော ကျည်ကတ်၄ကတ်နှင့် အသွားထက်သည့်ဟန်ရှိသော ဓားမြှောင်တစ်ချောင်းတို့ ဖြစ်သည်။

“အဲ့ဒါတွေက ဘာအဓိပ္ပာယ်လဲ။”

ထန်ရှုက ခေါင်းမော့လာရင်း ပဟေဠိဖြစ်နေသော အမူအရာဖြင့် မေးလိုက်သည်။

“ငါတို့ ထန်မိသားစုက အခု ကျဉ်းထဲကြပ်ထဲ ရောက်နေတယ်။” ထန်ဝေက ခါးသီးစွာ ပြုံးလိုက်ရင်း

“ဒေါ်လေးမင်းက မင်း ရှန်ဟိုင်းမှာ တစ်ယောက်တည်း ရှိနေတုန်း အန္တရာယ်နဲ့ ကြုံမှာကို စိတ်ပူနေတယ်လေ။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ ရအောင်ဆိုပြီး ငါ့ကို ဒါတွေ ယူသွားပေးစေချင်တာ။ ငါ ပြန်ရင် အပြင်ဘက်မှာရှိတဲ့ သက်တော်စောင့်ထဲက ၂ယောက်ကို မင်းကို စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူတို့က မင်းကို အမှောင်ထဲကနေပဲ ကာကွယ်ပေးမှာပါ။ မင်းရဲ့ပုံမှန်ဘဝကို အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး။”

ထန်ရှုက သူ၏မျက်ခုံးများကို တွန့်လိုက်ရင်း အတန်ကြာတိတ်ဆိတ်နေပြီးနောက်မှသာ သူမေးလိုက်သည်။

"အခုအခြေအနေက အရမ်းပြင်းထန်နေပြီလား။"

"တကယ်တော့ မဟုတ်သေးဘူး။"

ထန်ဝေက ခေါင်းခါလိုက်ပြီး

"ကွမ်းယန်နဲ့ ဖူခန်းကသာ အခုအချိန်မှာ ဆိုးရွားတဲ့ အခြေအနေဖြစ်နေတာပါ။ ဒီတစ်ခါ ငါ ပေကျင်းကနေ ကွမ်းယန်ကို ထွက်ခွာမယ်။”

"ကျွန်တော့်ကို လက်ရှိအခြေအနေတွေ ပြောပြပါဦး။" ထန်ရှုက ဆိုသည်။

"စိတ်မပူပါနဲ့။ ဦးလေးတစ်က လူတချို့ကို ကွမ်းယန်ဆီ ခေါ်လာခဲ့ပြီး အကျပ်အတည်းကို လောလောဆယ် ဖိနှိပ်ထားပါတယ်။” ထန်ဝေက ပြုံးလျက် ပြောသည်၊

“ငါတို့ထန်မိသားစုက တိတ်တဆိတ် ထိန်းချုပ်ထားတဲ့ ကြယ်စင်အလင်းအုပ်စုကတော့ လူတစ်ချို့ရဲ့ မီးရှို့ခြင်းကို ခံလိုက်ရတယ်။ ကြယ်စင်အလင်းအုပ်စုရဲ့ ရုံးချုပ်က ဝန်ထမ်းတွေကို အနီးနားက မြို့ဆီ ရွှေ့ပြောင်းထားရတယ်။”

"အခြေအနေက အဲ့လောက်ထိတောင် ဖြစ်သွားပြီလား" ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ယောင်မိသားစုက သူတို့အစီအစဉ်တွေကို အရင်ကတည်းက လျှို့ဝှက်ပြီး ကြံစည်နေခဲ့တာကွ။ နှစ်တောင် အတော်ပေါက်နေပြီ။ ကွမ်းယန်နဲ့ ဖူခန်းက တခြားမိသားစုတွေနဲ့ သဘောတူညီမှုမရလို့သာ ငြိမ်နေခဲ့တာ။ ယောင်မိသားစုမှာ မကြာသေးခင်က နိုင်ငံခြားက ပြန်လာတဲ့ အင်အားကြီးတဲ့ လူတစ်ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ လူတွေကို သူနဲ့အတူခေါ်ဆောင်လာတယ်လေ။ အဲ့ဒီလူတွေအားလုံးက တိုက်ခိုက်ရေးနဲ့ လုပ်ကြံသတ်ဖြတ်ရေးမှာ ကျွမ်းကျင်သူတွေချည်းပဲ။ အဲ့ဒါကြောင့် အဲ့ဒီလူ ဘယ်လိုလုပ်လိုက်လဲမသိဘူး။ နောက်ဆုံးတော့ ကွမ်းယန်နဲ့ ဖူခန်းက တခြားမိသားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ယောင်မိသားစုက ရသွားတာ။”

"သူ့နာမည်က ဘာတဲ့လဲ။"

“ယောင်ရှင်းဟွာ။”

ထန်ရှုက လက်ဆွဲသေတ္တာကို ပိတ်လိုက်ပြီး ထန်ဝေ့ဆီကို ပြန်တွန်းလိုက်ကာ

"ဒါတွေကို ပြန်ယူလိုက်ပါ။ ငါမလိုပါဘူး။ နောက်ပြီး မင်းက ငါ့အတွက် သက်တော်စောင့် ခန့်ပေးဖို့လည်း မလိုပါဘူးကွာ။ ယောင်မိသားစုနေနေသာသာ သိုင်းပညာရှင်ကြီးတွေကတောင် ငါ့ကို မဆုံးမနိုင်ဘူး။ အဲ့ဒါကြောင့် ငါ မင်းနဲ့အတူ ကွမ်းယန်ကို လိုက်ခဲ့မယ်။"

ထန်ဝေ ခဏတာ အံ့အားသင့်သွားပြီးမှ လက်ကို အမြန်ဝှေ့ယမ်းပြီး ပြောသည် ။

"မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်ဘူး။ ဒီလို လုပ်လို့ မရဘူး။ မင်း ဒါတွေကို တကယ်မယူချင်ဘူးဆိုရင် အဆင်ပြေပါတယ်။ ဒါပေမယ့် မင်း ကွမ်းယန်ကို ငါနဲ့လိုက်ဖို့က အကြီးကြီးကို မရဘူးပဲ။ မင်းကို အဲ့ဒီထဲကို ဆွဲခေါ်သွားတာ သိရင် အဘိုးက ငါ့ခြေထောက်တွေကို ချိုးမှာ သေချာတယ်။ မင်း ရှန်ဟိုင်းမှာ ကျောင်းတက်နေစဉ်အတွင်း သက်တောင့်သက်သာ ဖြစ်စေရမယ်လို့ အဖိုးက အမိန့်ထုတ်ထားတယ်။ ကောင်းကင်ပြိုကျရင်တောင်မှ ထန်မိသားစုက မင်းအတွက် အရာရာကို အကောင်းဆုံးပေးဆပ်ရမယ်။”

ထန်ရှုက မျက်ခုံးကိုပင့်လိုက်ပြီး သူ့ရင်ထဲတွင် ဖော်မပြနိုင်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။

“အစ်ကိုကြီး … မိသားစုမှာ မတော်တဆမှုတစ်ခု ကျရောက်တဲ့အခါ ငါ့မှာလည်း တာဝန်အချို့ရှိတယ်လို့ မင်းမထင်ဘူးလား။ နောက်ပြီး ဒီလိုအချိန်မှာ ကျောင်းမှာ စာသင်နေရတာက အသုံးမဝင်ဘူးလို့ ငါ ထင်တယ်။ အေးအတူပူအမျှဖြတ်သန်းမှသာ ငါတို့တွေ လျင်မြန်စွာ ကြီးထွားနိုင်မှာပေါ့။”

“ဒါပေမယ့် အဘိုးက အမိန့် ထုတ်ပြီးနေပြီ။” ထန်ဝေက သူ့လက်ကို နှာခေါင်းတွင် ထိပြီး ပြုံးလိုက်သည်။

"ဒီအကြောင်းကို အဘိုးကို ငါကိုယ်တိုင် ပြောလိုက်မယ်" ထန်ရှုက သူ့ကို ကြားဖြတ်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ကျောင်းမှာ စာသင်တာက တရားဝင် မစရသေးဘူး။ နောက်ပြီး စစ်ရေးလေ့ကျင့်မှုဘာသာရပ်ကနေ ငါ ခွင့်ယူထားတယ်။ ဒီအချိန်ကို အသုံးချပြီး ငါတို့ရန်သူရဲ့နည်းလမ်းတွေက ဘာလဲဆိုတာသိဖို့ ကွမ်းယန်ကို မင်းနဲ့အတူ ငါ လိုက်ခဲ့မယ်။”

"ဒါဆို အဘိုးကို မင်းကိုယ်တိုင်ပဲ ဖုန်းခေါ်လိုက်ပါ" ထန်ဝေက လက်မြှောက်ပြီး ပြောလိုက်သည်။

ထန်ရှုသည် သူ၏လက်ကိုင်ဖုန်းကိုယူကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဟိုင်း…ရှုအာလား"

ထန်ကောရှန့်၏အသံသည် ဖုန်းထဲမှထွက်ပေါ်လာသည်။

"ဟုတ်တယ် အဘိုး။"

"ကိစ္စ တစ်ခုခု ရှိလား ရှုအာ။"

ထန်ကောရှန့်က ပြုံးပြီးပြောသည်။

"ကျွန်တော် ထန်ဝေနဲ့ အခုတွေ့နေတာ။ သူ ကွမ်းယန်ကိုသွားမယ်ဆိုလို့ ကျွန်တော် သူနဲ့ လိုက်သွားချင်တယ်အဘိုး။ ကျွန်တော် အဲဒီမှာ ရူးရူးမိုက်မိုက် ဘာမှ လုပ်မှာ မဟုတ်လို့ အဘိုး စိတ်မပူပါနဲ့။ "

“ရှုအာ အဲ့ဒီမှာ အခြေအနေက အရမ်း ရှုပ်ထွေးနေတယ်။ မနေ့ညကပဲ ငါတို့ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ယုံကြည်ရတဲ့ လူအချို့က ဟိုတယ်မှာ အတိုက်ခိုက်ခံခဲ့ရတယ်။ အဲ့ဒါကို လုပ်တာ ဒေသခံလူဆိုးတွေလို့ အပေါ်ယံမှာ ထင်ရပေမယ့် နောက်ကွယ်က ကြိုးကိုင်နေသူက ယောင်မိသားစုက ယောင်ရှင်းဟွာပဲ။ မင်း ကွမ်းယန်ကို သွားဖို့ဆိုတာ အရမ်းအန္တရာယ်များတယ် "

ထန်ကောရှန့်က လေသံခပ်တိုးတိုးဖြင့် ပြန်ပြောသည်။

“အဘိုး … ကျွန်တော့်မှာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိပါတယ်။ ကျွန်တော် နမော်နမဲ့ မလုပ်ပါဘူး။"

ထန်ကောရှန့်က ခဏလောက်တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။

"မင်း ဆုံးဖြတ်ချက်ချပြီးတာ သေချာရဲ့လား"

"ဟုတ်ကဲ့ သေချာပါတယ်။" ထန်ရှုက အလေးအနက် ပြောခဲ့သည်။

"မင်း ဒီလောက်ပြောနေမှတော့ လိုက်သွားပါ။ ထန်ဝေကို ဖုန်းပေးလိုက်။ "

ထန်ကောရှန့်က သက်ပြင်းချလိုက်သည်။

“ကောင်းပြီ။” ထန်ရှု ဖုန်းပေးလိုက်သည်။

ထန်ဝေသည် ဖုန်းကိုယူပြီး ထန်ကောရှန်နှင့် စကားအနည်းငယ်ပြောခဲ့သည်။ ထန်ဝေက ဖုန်းချလိုက်ပြီးနောက်

“အဘိုးက ငါ့ကို အမိန့်ပေးတယ်။ မင်း ငါနဲ့အတူ ကွမ်းယန်ကို သွားဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက မင်း ငါနဲ့ ၂၄ နာရီ ၇ ရက် (အချိန်တိုင်း) အတူရှိနေရမယ်လို့ပြောတယ်။”

“ခဏစောင့်။ ငါ့ပစ္စည်းတွေကို ထုပ်လိုက်ဦးမယ်။" ထန်ရှုက ခေါင်းညိတ်ကာ သဘောတူသည်။

၁၀မိနစ်ကြာပြီးနောက် ထန်ရှုသည် ရိုးရှင်းသော အိတ်တစ်လုံးအား လွယ်ကာ ထန်ဝေနှင့်အတူ ထွက်လာခဲ့သည်။

“ငါတို့ ရှန်ဟိုင်းရဲ့ ခန်းဟောင်ဖိုးအက်စ်ဆိုင်ကို အရင်သွားရမယ်။ ငါ့အတန်းဖော်တွေကို တစ်ခုခု ပေးစရာရှိနေလို့။"

ထန်ဝေက ခေါင်းညိတ်လိုက်ပြီး ခန်းဟောင်ဖိုးအက်စ်ဆိုင်ကိုရှာရန် ဂျီပီအက်စ်ကို အသုံးပြုလိုက်သည်။ ထိုဆိုင်တွင် ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့သည် အော်ဒီအေဖိုးကားတစ်စီးကို ဝိုင်းကြည့်နေကြသည်။ ဝန်ထမ်းတစ်ဦးက အော်ဒီအေဖိုး၏ လုပ်ဆောင်ချက်တစ်ခုစီကို သူတို့အား ရှင်းပြနေခဲ့သည်။

“ယွဲ့ခိုင်”

ထန်ရှု ဆိုင်အထဲသို့ ဝင်ကာ ခေါ်လိုက်သည်။

ယွဲ့ခိုင်သည် ထန်ရှုထံမှ ကြိုတင်ဖုန်းခေါ်ဆိုထားမှုကို လက်ခံရရှိထားပြီးဖြစ်သောကြောင့် အနည်းငယ် တောက်ပသောအပြုံးဖြင့် ပြေးလာပြီး သူကပြောသည်။

"အစ်ကိုကြီးထန်…မင်း ငါ့ကို ဆရာမဟန်ဆီ ဘာပေးစေချင်တာလဲ။"

ထန်ရှုက သော့နှစ်ချောင်းနှင့်စာရွက်စာတမ်းအချို့ကို ထုတ်ယူကာ ယွဲ့ခိုင်၏လက်သို့ အပ်လိုက်ပြီး

“ဒါတွေကို ဆရာမဆီ ပေးပေးပြီး ငါ့ကို ခွင့်တိုင်ပေးပါ။ ငါ စစ်ရေးလေ့ကျင့်မှုအတန်းကိုလည်း တက်ဖြစ်မှာ မဟုတ်ဘူး။ အဲ့ဒီအတွက် ပျက်ကွက်ခွင့်ကိုလည်း ငါ တောင်းထားတယ်။ စစ်ရေးလေ့ကျင့်မှုမပြီးခင် ငါ ပြန်လာခဲ့မယ်။"

“မင်း တကယ်ပဲ ခွင့်ရပြီး စစ်ရေးလေ့ကျင့်မှုကို မလုပ်ရဘူးပေါ့။”

ယွဲ့ခိုင်က ခဏမျှအံ့သြသွားပြီး အံ့သြစွာ ပြောလိုက်သည်။

"ဝိုး … ဒါ အရမ်းအံ့သြစရာကောင်းတယ် သူငယ်ချင်း။ ဒါပေမယ့် အစ်ကိုကြီးထန်… ဒီဟာက မင်း ရှန်ဟိုင်းကနေ ထွက်သွားတော့မယ်လို့ ဆိုလိုတာလား။"

"ဟုတ်တယ်၊ ငါ ကိစ္စတချို့ကို ကိုင်တွယ်ဖို့ ရှန်ဟိုင်းကနေ ခဏလောက် ထွက်ရမယ်။"

ထန်ရှုက စကားဆိုသည်။

"ဘာဖြစ်လို့လဲ။" ယွဲ့ခိုင်က မေးလိုက်သည်။

ထန်ရှုက ဖြေလိုက်သည်။ “ငါ့မိသားစုမှာ ကိစ္စတစ်ချို့ ဖြစ်ခဲ့တယ်။”

"ကောင်းပြီ။ ဒီပစ္စည်းတွေကို ငါ ဆရာမဟန်ဆီ ပို့ပေးမယ်။ ဒါပေမယ့် မင်းမမေ့နဲ့နော် သူငယ်ချင်း။

မင်း ဒီည ညစာကျွေးဖို့ မလုပ်နိုင်တာကြောင့် မင်း ကျွေးရဦးမယ်။"

ယွဲ့ခိုင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

“အေးပါကွ။” ထန်ရှု ခေါင်းညိတ်သည်။

ချက်ချင်းပင် ထန်ရှုသည် ကျောက်လျန့်၊ ဟူချင်းစုန့်နှင့် အခြားသူများကို နှုတ်ဆက်သည်။ ထို့နောက် သူသည် ခန်းဟောင်ဖိုးအက်စ်ဆိုင်မှ ထွက်ကာ အပြင်တွင် စောင့်နေသော ထန်ဝေနှင့်ဆုံကာ လေဆိပ်သို့ အလျင်အမြန် သွားခဲ့သည်။

တက္ကစီပေါ်တွင်…

"ငါ အခုပဲ စစ်ပြီးသွားပြီ။" ထန်ဝေက မျက်မှောင်ကြုတ်လျက် “ကွမ်းယန်ကို သွားမယ့် ငါတို့လေယာဉ်ချိန်က နောက်ဆုံးအလုပ်ချိန်ပြီး နောက်တစ်နာရီပဲ။ အခုချိန်က အလုပ်ချိန် ပြီးသွားတဲ့အချိန်နဲ့ အတိအကျကို လာတိုက်နေတယ်။ လမ်းက ယာဉ်ကြောပိတ်တဲ့အထဲမှာ ပိတ်မိနေရင် လေဆိပ်ကို အချိန်မီ မရောက်နိုင်မှာကို ကြောက်ရတယ်။”

***

All Chapters