ကျီးကန်း တာအိုသခင်
Vol. 86-89 Ch. 1333
လက်ရှိအချိန်၌ မည်သူမှ ယဲ့ဖန်၏ စကားကို သံသယ မဝင်ကြတော့ချေ။ ဝူချီဖုန်းသည် ပြင်းထန်သော သိုင်းကွက် အတွက် အသက်ကိုပင် ရင်းခဲ့သော်လည်း ယဲ့ဖန်ကို မသတ်နိုင်ခဲ့ချေ။ ယခု သူ ရင်ဆိုင်ရမည့်အရာဟူ၍ မီးစာကုန်ခမ်း၍ လောင်ကျွမ်းမည့်အချိန်သာ ဖြစ်လေသည်။ ယခု ဝူချီဖုန်း လုပ်နိုင်သည့်အရာဟူ၍ သေမည့် အချိန်ကို စောင့်နေရန်သာ ဖြစ်သည်။
သို့သော် ယဲ့ဖန်က သူ့ကို ထိုဆန္ဒ ပြည့်ဝအောင် မည်သို့ ဖြည့်ဆည်းပေးနိုင်မည်နည်း။ သေမည့်အချိန်ကို စောင့်နေသည်တဲ့လား။ ယဲ့ဖန် သူ့ကို ဆိုးဆိုးရွားရွား နာနာကျင်ကျင် သေစေချင်၏။
ယဲ့ဖန်သည် လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် နတ်ဘုရားသံကြိုးကို ပြန်ကိုင်ကာ အရှေ့သို့ ရိုက်ချလိုက်သည်။
“ဂျွတ်”
ချက်ချင်းဆိုသလိုပင် ဝူချီဖုန်း၏ လက်မောင်းတစ်ဖက် ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာ၏။ လက်ပြတ်က သွေးဒလဟောနှင့် မြေကြီးပေါ် ကျသွားပုံက ထိတ်လန့်ဖွယ် ကောင်းလှသည်။
“အား…”
ဝူချီဖုန်း ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး ရုန်းကန်ရန် ကြိုးစားသော်လည်း သူ့အားတစ်ဝက် ဆုံးရှုံးသွားပြီကို သတိထာမိသွားသည်။
ထို့နောက်တွင် ယဲ့ဖန်က နတ်ဘုရားသံကြိုးကို ထပ်ခါထပ်ခါ လွှဲယမ်း၍ ဝူချီဖုန်းတို့ လူများကို သတ်ဖြတ် လေသည်။
“ဖြောင်း”
ဝူချီဖုန်း အလယ်မှ ထက်ပိုင်းဖြတ်ခံလိုက်ရပြီး သွေးများ အိုင်ထွန်းလာ၏။
“မင်း …”
ဝူချီဖုန်း ရူးမတတ် ဖြစ်နေ၏။ ပြင်းထန်သော ဝေဒနာက သူ့အား သေသည်ထက် ဆိုးရွားစေသည်။ ဤနတ်ဆိုးက သူ့အား အသာတကြည် ပေးသေစေချင်စိတ် မရှိပေ။ သူ အလွန် မုန်းတီးမိသည်။
ယဲ့ဖန် ငါ မင်းကို တစ်သက်လုံး ကျိန်စာတိုက်မှာကွ”
သို့သော် ယဲ့ဖန်က အထင်သေးစွာပြုံး၍ နောက်လက်တစ်ဖက်ကို ဖြတ်လိုက်ပြန်သည်။
“ဖြောင်း”
နောက်ထပ် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ပြတ်တောက်သွားပြီးနောက် မြေကြီးတွင် သွေးများဖြင့် ရွှဲရွှဲစိုနေ၏။ သူ့လက် မြောက်တက်ကာ ပြန်ကျလာသည့် အကြိမ်တိုင်း ဝူချီဖုန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုမဟုတ်တစ်ခု ပြတ်တောက်သွားသည်။ သူသည် ယဲ့ဖန်၏ လက်ခုပ်ထဲမှ ငါးဖြစ်လာပြီး စိတ်တိုင်းကျ သတ်ဖြတ်ခံနေရသည်။
“အား…”
လမ်းတစ်ခုလုံး သွေးတို့ဖြင့် ချင်းချင်းနီနေသည်။ လေထုထဲ၌ သွေးနံ့များ လှိုင်လှိုင်ထနေပြီး သူသည် သေဆုံးရန် တစ်လှမ်းမျှသာ ကွာဝေးတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ လူတိုင်း တိတ်ဆိတ်နေပြီး မည်သူမှ စကားမပြောရဲပေ။ အားလုံး ကြောက်လန့်တုန်ယင်နေပြီး မျက်စိရှေ့မှမြင်ကွင်းကြောင့် ကြက်သေ သေနေ၏။
*တစ်စစီ အပိုင်းခံလိုက်ရတယ်*
*သူက ဝူချီဖုန်းရဲ့ကိုယ်ကို အပိုင်းပိုင်း ဖြတ်လိုက်တာပဲ*
“ဝုန်း”
ထိုအခိုက်တွင် ဝူချီဖုန်း၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး အသက်ဓာတ် ပြတ်တောက်သွားလေသည်။
*သေသွားပြီ*
*မျိုးဆက်တစ်ခုရဲ့ စစ်သားဘုရင်က ဒီလိုမျိုး သေသွားတယ်တဲ့လား*
လူတိုင်း ရီဝေသော အမူအရာနှင့် ဆက်ရှိနေပြီး ယဲ့ဖန် ဝူချီဖုန်းကို တကယ် သတ်လိုက်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်သေးသည့်ပုံပင်။ သူတို့၏ နဖူးမှ ချွေးစေးများ စီးကျနေပြီး ခြေထောက်များ ထိန်းမရအောင် တုန်နေ၏။
ဟွမ်ထျန်းချန် စိတ်လှုပ်ရှားမှုနှင့်အတူ တုန်ယင်နေ၏။ ဝူချီဖုန်း တကယ် သေသွားလေပြီ။ ထို့ကြောင့် ရှုကျိုးက ခေါင်းဆောင်မဲ့သော နယ်မြေ ဖြစ်သွားပြီး သူ့ထိန်းချုပ်မှုအောက်သို့ အလုံးစုံ ကျဆင်းသွားပေတော့မည်။
ယဲ့ဖန်၏ ခွန်အားက ဤမျှ သန်မာလွန်းလိမ့်မည်ဟု သူ ထင်မထားမိပါ။ ထို့အပြင် သူသည် ဟေးဒီးစ် သတ်ဖြတ်ခြင်းနှင့် ရင်ဆိုင်ရသော်လည်း ဒဏ်ရာရခြင်း မရှိချေ။
အထိတ်လန့်ဆုံးသူမှာ ဝူကျောယိုပင်။ သူ၏ ဖခင် ခေါင်းပြတ်၍ အသတ်ခံလိုက်ရသည်ကိုမြင်ပြိး သူ့ပေါင်ခြံမှ ချဉ်စူးစူး အရည် စီးကျလာသည်။
လက်နက် အပြည့်အစုံပါသော စစ်တပ် သေဆုံးသွားသလို သူ၏ ဖခင်အရင်းလည်း သေဆုံးသွားလေပြီ။ သူ့ဖခင် မသေခင် အော်ဟစ်သွားသော အသံနှင့် ဝမ်းနည်းစိတ်တို့ကို သူ ဘယ်သောအခါမှ မေ့နိုင်မည် မဟုတ်ပါ။ ထိုကြောက်လန့်နေသော အမူအရာသည် သူ တစ်ခါမှ မမြင်ဖူးသော ကြောက်စရာကောင်းလွန်းသည့် အမူအရာ ဖြစ်သည်။
သူ့ဖခင်သည် ဘယ်သောအခါမှ မကြောက်လန့်ဖူးသော်လည်း သူ့ရှေ့မှ ဤလူနှင့် တွေ့သောအခါ ခန့်မှန်းမရနိုင် လောက်အောင် သွေးပျက်ဟန်များ ပြသခဲ့သည်။ မသိလျင် နတ်ဆိုးနှင့် တွေ့လိုက်ရ၍ ဆောက်တည်ရာမရ ဖြစ်ကာ နောင်တရနေသည့်ပုံပင်။
“ဒုန်း”
လက်ရှိအချိန်တွင် ဝူကျောယိုသည် ယဲ့ဖန်ရှေ့ ဒူးထောက်ကျသွားပြီး တောင်းပန်လေတော့သည်။
“ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့”
“မင်းကို သတ်မယ် ဟုတ်လား၊ မင်းက ငါ့လက်ထဲမှာ သေဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား”
ယဲ့ဖန်က အထင်သေးသော မျက်နှာထားနှင့် သရော်လိုက်သည်။ ထို့နောက် သူ့အား လှည့်ပင်မကြည့်ဘဲ သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။
“သခင်လေးဝူ ခုနက ခင်ဗျား ကျုပ်အသက်ကို လိုချင်တယ်လို့ ပြောလိုက်တာကို ကျုပ် ကြားလိုက်သလိုပဲ”
ထိုစဉ် ဟွမ်ထျန်းချန်က ဝူကျောယိုအား ထီမထင်သော မျက်နှာထားနှင့် ပြုံးကာ ပြောလာသည်။ ဝူကျောယို ချက်ချင်း ခေါင်းမွေးထောင်သွားပြီး သူ့မျက်နှာ၌ သွေးပျက်ဟန်များ ပေါ်လာလေသည်။
ယဲ့ဖန်က သူ့လက် ညစ်ပတ်မည်ကို မလိုလားလျင် ဟွမ်ထျန်းချန်က ပျော်ပျော်ကြီး ကူညီပေးမှာ ဖြစ်သည်။ ထို့နောက်တွင်မူ ဟွမ်ထျန်းချန်၏ လက်ထဲသို့ ရောက်သွားသော ဝူကျောယိုထံမှ နောင်တတရားတို့နှင့်အတူ ငယ်သံပါအော် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သူ မြန်မြန်သေချင်လျင်တောင်မှ မဖြစ်နိုင်တော့ချေ။
……
ဟိုတယ်တွင်းရှိ လူများကြားထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ အပြင်ဘက်ကမှ အသံက အလွန် ကျယ်လောင်လွန်းသဖြင့် သူတို့ မကြားနိုင်ချေ မရှိပါ။
သို့သော် သူတို့ အပြင်သို့ ထွက်မစစ်ဆေးရဲသဖြင့် တံခါးကိုပိတ်ကာ သေနတ်သံ ရပ်သွားသည်အထိ ပုန်းနေရန်သာ တတ်နိုင်လေသည်။
ဟွမ်ယွီလင်းသည်လည်း စိုးရိမ်နေ၏။ သူမဖခင် အပြင်သို့ ထွက်သွားပြီး ပြန်မလာသေးသလို ယဲ့ဖန်ကလည်း ပေးထားသည့် ကတိအတိုင်း ရောက်လာရမည့်အချိန်၌ ဟိုတယ်သို့ ရောက်မလာသေးချေ။ ထို့ကြောင့် သူမ စိုးရိမ်စိတ် မဝင်ဘဲ မနေနိုင်ပါ။
ထိုအခိုက်တွင် ဟိုတယ်တံခါး ပွင့်လာပြီး ယဲ့ဖန် ဝင်လာသည်။ လူတိုင်း၏ အကြည့်အောက်၌ သူ ဟွမ်ယွီလင်းထံသို့ လျှောက်လာလေသည်။
သူ့ကို မြင်သောအခါတွင်မှ ဟွမ်ယွီလင်း စိတ်အေးကာ သက်ပြင်းချလိုက်မိပြီး အလျင်အမြန် နှုတ်ဆက် လိုက်သည်။
“အစ်ကိုယဲ့ ဘာဖြစ်တာလဲ၊ ဘာလို့ အပြင်မှာ ဒီလောက် ဆူညံပြီး ပစ်ခတ်နေရတာလဲ”
“ဘာမှမဖြစ်ပါဘူး အားလုံး ဖြေရှင်းပြီးပြီ”
ယဲ့ဖန်က ပြုံးကာ ပြောလိုက်ပြီးနောက် စားပွဲထိုးအား အမိန့်ပေးလိုက်သည်။
“ညစာစားပွဲ စလို့ရပြီ”
သူ့စကားကို ကြားသောအခါ လူတိုင်း တစ်ခဏမျှ မှင်တက်သွားပြီးနောက် သက်ပြင်းချလာကြသည်။ ဘာပဲဖြစ်နေခဲ့ပါစေ ဖြေရှင်းပြီးသွားလျင် စိတ်အေးရလေပြီ။
လက်ရှိတွင် လူတိုင်းက ယဲ့ဖန်ကို ပဟေဠိဖြစ်နေသော အကြည့်များနှင့် ကြည့်နေကြပြီး သူ ဘယ်သူလဲဟု တွေးနေကြသလို ဘယ်လိုလုပ် ဟွမ်မိသားစု၏ သခင်မလေးနှင့် ရင်းနှီးနေသလဲ သိချင်နေကြသည်။
မကြာခင်မှာပင် အထပ်ဆယ်ထပ်ပါသော တန်ဖိုးကြီး ကိတ်မုန့်တစ်ခုအား စားပွဲထိုးများ တွန်း၍ သယ်ဆောင်လာပြီး လူတိုင်းက သူတို့၏ လက်ဆောင်များကို ထုတ်ပေး၍ ဂုဏ်ပြုစကား ဆိုကြလေသည်။
“လင်းအာ မြန်မြန် ဆုတောင်းလေ ဟုတ်တယ်မလား”
ဟွမ်ယွီလင်း၏ မိသားစုဝင်များက ပြောလာသည်။ ဟွမ်ယွီလင်းသည် လက်နှစ်ဖက်ကိုဆုပ်၍ မျက်လုံးကို မှိတ်ကာ စိတ်ထဲမှ ဆုတောင်းလိုက်သည်။
*ကျွန်မ အစ်ကိုယဲ့နဲ့ တစ်ချိန်လုံး အတူနေနိုင်ပါစေ*
ဆုတောင်းပြီးသွားသောအခါ သူမ မလုံမလဲနှင့် ယဲ့ဖန်ကို ခိုးကြည့်လိုက်မိသည်။ သူမ၏ အတွေးကို ယဲ့ဖန် သတိထားမိသွားမည်ကို စိုးရိမ်နေသလိုပင်။ သို့သော် ယဲ့ဖန်က တိတ်ဆိတ်နေပြီး တည်ငြိမ်စွာ ပြုံး၍ ကြည့်နေ၏။
ဤသည်ကိုမြင်သော် ဟွမ်ယွီလင်း ပျော်သွားရသလို စိတ်လည်းပျက်သွားလေသည်။ ယဲ့ဖန်က သူမအပြုအမူကို မည်သို့ သတိမထားမိဘဲ နေမည်နည်း။
သူသည် ဤဘဝ၌ ပြန်မွေးဖွားလာသူသာ ဖြစ်ပြီး ဟွမ်ယွီလင်းကြောင့် မွေးဖွားလာခြင်း မဟုတ်ပါ။ ထိုသို့မဟုတ်ပါက သူ ဤမိန်းမလှလေးကို တောင့်မခံနိုင်လောက်ချေ။ ထို့ကြောင့် သူ တည်ငြိမ်ချင်ယောင် ဆောင်နေခြင်း ဖြစ်သည်။
*ဟမ်*
ထိုအခိုက်တွင် ယဲ့ဖန် ရုတ်တရက် မျက်နှာပျက်သွားပြီး အမူအရာက အေးစက်ခက်ထန်လာပြီး တံခါးဝသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
တံခါးအပြင်ဘက်၌ အနက်ရောင် လေမုန်တိုင်းများ တိုက်ခတ်နေပြီး အေးစက်ခက်ထန်သော လေက လူအများထံ တိုက်ခတ်လာသောကြောင့် လူတိုင်း ကိုယ်ကို ထောင်ချီသော အပ်များ ထိုးစိုက်လာသကဲ့သို့ ခံစားရကာ နာကျင်လာကြသည်။
လူတိုင်း မျက်လုံးမှိတ်လိုက်ကြပြီး ဤလေပြင်းမုန်တိုင်းက ဘယ်နေရာမှ တိုက်ခတ်လာသလဲဟု တွေးနေ လေသည်။
ထို့နောက် သူတို့ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူတို့အလယ်၌ ဆံပင်ဖြူနေသော အဘိုးတစ်ယောက် ရပ်နေပြီး ထိုအဘိုးအိုဘေး၌ ဟွမ်ယွီလင်းနှင့် သက်တူရွယ်တူ မိန်းမပျိုလေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအဘိုးအိုသည် အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြည်လင်သော သရဖူတစ်ခုကို ဆောင်းထားကာ ကိုးပြည်နယ်မှ ဖိနပ်ကို စီးထားသည်။ သူတို့အရှေ့မှလူသည် နတ်ဆိုးဘုရင် ဖြစ်သည်။
သူ၏ မျက်လုံးတွင် အရောင်ခြောက်ရောင် ရှိနေပြီး တောက်ပစွာ ဝင်းလက်နေပုံက ကြယ်တာရာများ လှည့်ပတ် နေသလိုပင်။ သူ၏ ခြေလှမ်းများက နှေးကွေးသော်လည်း ခြေလှမ်းတိုင်း၌ အနက်ရောင် ကြာပန်းများ ထွက်ပေါ်လာသည်က ထူးဆန်းလွန်းလှပြီး ပုံမှန်မဟုတ်သော ဥပဒေသစွမ်းအင်များ စီးဆင်းနေသလိုပင်။
သူ ပေါ်လာသည်နှင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။
“ကျီးကန်း တာအိုသခင်”
တစ်စုံတစ်ယောက်က ဤအဘိုးအိုကို မှတ်မိသွားသည်။ သူသည် တာအိုလမ်းစဉ်ကို လေ့လာလိုက်စားသော ကျီးကန်း တစ်ကောင် ဖြစ်ပြီး လူ့အသွင် ဖန်ဆီးနိုင်ခဲ့ခြင်း ဖြစ်ကာ ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။ သူသည် မရေတွက်နိုင်သော ဒဏ္ဍာရီလာများကို ဖန်တီးနိုင်ခဲ့ပြီး နောက်မျိုးဆက်များအား အံ့အားသင့်စေသူ ဖြစ်သည်။
ခေတ်ပြိုင် နတ်ဆိုးဘုရင်များကြားထဲ၌ ကျီးကန်း တာအိုသခင်အား အသန်မာဆုံးဟု မပြောနိုင်သော်လည်း ထိပ်ဆုံးသုံးယောက်၌ ပါဝင်သည်ဟု ပြောနိုင်ပေ၏။ သူသည် လူတိုင်းနှင့် မကြာခဏ မတိုက်ခတ်သော်လည်း ယခုထိ မရှုံးဖူးသေးချေ။
အတိတ်အခါက သူသည် သူတော်စင်သခင်သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး တစ်ယောက်ကို သတ်နိုင်ခဲ့ကာ ကျန်နှစ်ယောက်ကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့သည်။
သူ့ထံ၌ ရှုံးသွားသော သူတော်စင်သခင်အဆင့် နှစ်ယောက်ထဲမှ တစ်ယောက်ဆိုလျင် သူ့ခန္ဓာကိုယ်၌ ဖယ်မရသော တာအိုဒဏ်ရာ စွဲကျန်ခဲ့ပြီး ကျင့်ကြံခြင်းအဆင့် ရှေ့ဆက်မတိုးတော့သည့်အပြင် ကျဆင်းသွားကာ တဖြည်းဖြည်းနှင့် နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ကျဆင်းသွားခဲ့သည်။
ကျန်တစ်ယောက်ဆိုလျင်လည်း တာအိုနှလုံးသား ထိခိုက်ကာ တိုက်ခိုက်ချင်သောစိတ် ဆုံးရှုံးသွားပြီး စိတ်ဓာတ်ကျဆင်း၍ နှစ်အနည်းငယ်အတွင်း သေဆုံးသွားလေသည်။
ထို့ကြောင့် ကျီးကန်း တာအိုသခင်၏ နာမည်က တစ်နိုင်ငံလုံး၌ ကျော်ကြားလာခဲ့ပြီး နောင်မျိုးဆက်၏ လေးစားခြင်း ခံလာရသည်။ ကျီးကန်း တာအိုသခင်က အလွန်အမင်း နှိမ့်ချနေတတ်သည်ဟု ပြောကြပြီး နှစ်ပေါင်းများစွာအတွင်း မည်သူနှင့်မှ ထိပ်တိုက်မတွေ့ပေ။ သို့သော်လည်း မည်သူမှ သူ့ကို အထင်မသေးရဲပါ။
ကျီးကန်းတာအိုသခင်က အကြီးအကဲတစ်ယောက်၏ လမ်းညွှန်မှုကို တစ်ခါ ရရှိခဲ့ပြီး နတ်ဘုရား အသိစိတ် ပင်လယ်ကို ဖွင့်နိုင်ခဲ့ကာ သူ့ကိုယ်သူ အသွင်ပြောင်းနိုင်ခဲ့ပြီး အတ္တစိတ်ကင်းမဲ့ကာ မိမိကိုယ်ကိုယ် သိမြင်အောင် ကျင့်ကြံခဲ့သည်ဟု ဆိုကြသည်။
ကျီးကန်းတာအိုသခင်က သူတော်စင်သခင်အဆင့်နှင့် နတ်ဘုရင်အဆင့်ကို တိုက်ခိုက်နိုင်သည်ဟုပင် သံသယ ရှိလေသည်။
ထို့ကြောင့်ပင် သူ ပေါ်လာသည်နှင့် ယဲ့ဖန်က လေးနက်သော အမူအရာမျိုး ဖြစ်လာခြင်း ဖြစ်သည်။ ရောက်လာသူများသည် ကောင်းသောလာခြင်း မဖြစ်နိုင်ပေ။ ဤကျီးကန်းတာအိုသခင်က သူ ယခင်က ရင်ဆိုင်ခဲ့သော ရန်သူများထက် ပို၍ ကြောက်စရာကောင်းနေသည်။
ရုတ်တရက် ယဲ့ဖန်သည် ဟွမ်ယွီလင်းအား သူ့နောက်ပို့ကာ ကာကွယ်လိုက်ပြီး အချိန်မရွေး တိုက်ခိုက်တော့ မည်ဟန်ဖြင့် မျက်နှာထား လေးနက်တည်ကြည်နေ၏။
“ဘိုးဘိုးကျီးကန်း”
သို့သော် ထိုအချိန်၌ ဟွမ်ယွီလင်းက အလွန် ပျော်ရွှင်သော မျက်နှာနှင့် လှမ်းခေါ်လာသည်။
*ဘိုးဘိုးကျီးကန်းတဲ့လား*
လူတိုင်း အံ့အားသင့်သွားကြသည်။
*ဟွမ်ယွီလင်းက ကျီးကန်းတာအိုသခင်နဲ့ သိနေတာလား၊ ပြီးတော့ တော်တော်လေး ရင်းနှီးတဲ့ပုံပဲ*
လက်ရှိတွင် လူတိုင်း ဟွမ်ယွီလင်းကို မတူသော အကြည့်တို့ဖြင့် ကြည့်လာသည်။ အစက သူတို့သည် ဟွမ်မိသားစုအား လူချမ်းသာ မိသားစုဟုသာ ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ သူတို့က ကျီးကန်း တာအိုသခင်နှင့် သိနေ၏။
ဤသတင်းသာ အပြင်သို့ပျံ့သွားပါက ရှုကျိုး၌ မည်သူက ဟွမ်မိသားစုကို ရန်စရဲမည်နည်း။ ယဲ့ဖန်တောင်မှ မအံ့ဩဘဲ မနေနိုင်ချေ။ ဟွမ်မိသားစုက ဤသို့သော ပုဂ္ဂိုလ်မျိုးနှင့် ဆက်သွယ်မှု ရှိလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ဘိုးဘိုး ကျီးကျန်း အစ်မ ရှင်းကျီ ဘာလို့ ဒီရောက်လာတာလဲ”
ဟွမ်ယွီလင်းက အနားသို့သွားကာ ပျော်နေသော မျက်နှာလေးနှင့် ပြုံးကာ မေးလိုက်သည်။
“ဒီနေ့က ငါ့မိသားစုထဲက လင်းအာလေးရဲ့ မွေးနေ့ပဲလေ၊ ငါ မလာဘဲ နေနိုင်ပါ့မလား”
ကျီးကန်းတာအိုသခင်က စနောက်လိုက်သည်။ တည်နေသော သူ့မျက်နှာ၌ အပြုံးပေါ်လာ၏။
“သမီး ဘိုးဘိုးကို ခွင့်မလွှတ်ဘဲ မနေရဲပါဦး၊ ပြောပါဦး သမီးအတွက် ဘာလက်ဆောင် ပါလာလဲ”
ဟွမ်ယွီလင်းက ပြုံးကာ ကျီးကန်းတာအိုသခင်ထံ လက်ဖြန့်လိုက်သည်။ ဤသည်က ဧည့်သည်များကို ပို၍ ထိတ်လန့်သွားစေသည်။ ဟွမ်ယွီလင်းနှင့် ကျီးကန်းတာအိုသခင်တို့၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် သူတို့ကို အလွန်အမင်း ထိတ်လန့်သွားရသည်။
ကျီးကန်းတာအိုသခင် လူတစ်ယောက်ယောက်နှင့် အလွန် ရင်းနှီးသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။ သို့သော် ဤမိန်းမပျိုလေးက အဘယ်ကြောင့် ဤသို့ ဆက်ဆံခံရသနည်း။ သူတို့နှစ်ယောက်က မည်သို့ ပတ်သတ်နေသလဲ။
“ကောင်မစုတ်လေး မင်းက ဘိုးဘိုးကျီးကန်းကို လက်ဘက်ရည်လေးတောင် မတိုက်ဘဲနဲ့ လက်ဆောင်တော့ တောင်းတယ်ပေါ့လေ၊ ငါ မင်းကို အလိုလိုက်ထားမိပြီထင်တယ်”
ကျီးကန်းတာအိုသခင်က စိတ်ဆိုးသလို ပြောသော်လည်း လက်ဆောင်ကို ထုတ်ပေးလေသည်။
“ဒါ တင်းယန်ပုလဲပဲ၊ ဒီတင်းယန်ပြုလဲကို မင်းနဲ့အတူ ဆောင်ထားရင် တစ်သက်လုံး နုပျိုပြီး အသက်ကြီးတာကို နှေးကွေးစေလိမ့်မယ်”
အလှအပကို မကြိုက်သော မိန်းကလေးဟူ၍ မကြည့်ပါ။ တင်းယန်ပုလဲ၌ ထိုသို့သော အစွမ်းသတ္တိများ ရှိသည်ကို ကြားသောအခါ ဟွမ်ယွီလင်း ဝမ်းသာပျော်ရွှင်သွားပြီး တင်းယန်ပုလဲကို လှမ်းယူလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဘိုးဘိုးကျီးကန်း”