← Chapters

ယဲ့ဖန်က ရက်စက်တယ်

Vol. 86-89 Ch. 1334

ယဲ့ဖန်က ရက်စက်တယ်

Vol. 86-89 Ch. 1334

“ဒီကလေးမကတော့လေ”

ကျီးကန်း တာအိုသခင် ရယ်ရမလား ငိုရမလား မသိတော့ချေ။

“ဘိုးဘိုး ကျီးကန်း၊ ဒါ အစ်ကိုယဲ့လေ၊ သမီးရဲ့ မိတ်ဆွေကောင်းပေါ့”

ထိုစဉ် ဟွမ်ယွီလင်းက ယဲ့ဖန်အား ကျီးကန်း တာအိုသခင်နားသို့ အလျင်အမြန် ဆွဲခေါ်လိုက်သည်။ ဤအပြုအမူက ကျီးကန်း တာအိုသခင်ကို မျက်မှောင်ကြုတ်သွားစေသည်။

ဟွမ်ယွီလင်း၏ စိတ်ထဲ၌ ဤလူငယ်လေး၏ အဆင့်အတန်းက သူ့ထက် မြင့်မားကြောင်း သိသာနေသည်။ သို့မဟုတ်ပါက သူမက ယဲ့ဖန်ကို သူ့ထံဆွဲ၍ မိတ်ဆက်ပေးမည် မဟုတ်ပါ။

ဟွမ်ယွီလင်းက ယဲ့ဖန်ကို စိတ်ဝင်စားနေမှန်း သိသာပေသည်။ ချက်ချင်းဆိုသလိုပင် သူ ယဲ့ဖန်ကို အထက်စီးဖြင့် ကြည့်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က အားနည်းကာ ယန်စွမ်းအင်မရှိဘဲ သိုင်းပညာရှင်တစ်ယောက်၏ အရှိန်အဝါမျိုး ရှိမနေသည်ကို တွေ့လိုက်ရသည်။

ကျီးကန်းတာအိုသခင်၏ မျက်နှာတွင် အထင်သေးဟန် ပေါ်လာ၏။ မဖြစ်ချေ၊ သူ လင်းအာကို ဤသို့သော အမှိုက်ကောင်နှင့် မည်သို့သောနည်းနှင့်မျှ ပတ်သက်ခွင့် မပြုနိုင်ပါ။ ဟွမ်ယွီလင်း၏ ပင်ကိုစွမ်းရည်နှင့် အရည်အချင်းအရ ဆိုလျင် နောင်တွင် သိုင်းလောက၏ အထွတ်အထိပ်သို့ ရောက်လာနိုင်သည်။ ဤလူက သူမအတွက် ဝန်ထုပ်ဝန်ပိုးသာလျင် ဖြစ်လာပေလိမ့်မည်။

ယဲ့ဖန်က ကျီးကန်း တာအိုသခင်ကို ခေါင်းသာ ညိတ်ပြလေသည်။ ဤအပြုအမူက ကျီးကန်းတာအိုသခင်ကို ချက်ချင်း ဒေါသထွက်သွားစေပြီး အေးစက်စွာ ပြောလိုက်သည်။

“ဟေ့ကောင် မင်းက ငါ့ကို မြင်တာတောင် ရိုင်းလာချည်လား၊ လူကြီးနဲ့ လူငယ်ကြားက ခြားနားချက်ကို မင်း မသိဘူးလား၊ မင်း ဘယ်လိုသွန်သင်မှုတွေနဲ့ ကြီးလာတာလဲ”

ထိုစကား၌ အလွန် အထက်စီးဆန်၍ မာနကြီးသော လေသံ ပါနေ၏။ ဤသည်မှာ ဖိအားပေး၍ မေးခွန်း ထုတ်ခြင်းပင်။

ဤသည်ကိုမြင်သော် လူတိုင်း သူတို့၏ ဒေါသများကို ပြလာကြသည်။ ဤသို့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်နှင့် ဆုံတွေ့ရလျင် လူတိုင်းက အရိုကျိုးဆုံးသော အပြုအမူကို ထိန်းသိမ့်နေရသော်လည်း ဤလူငယ်လေးက အလေးအနက်ပင် မထားဘဲ နေသည်တဲ့လား။

*မောက်မာလွန်းတယ် မဟုတ်လား*

*ဒါ သေတွင်းတူးနေတာပဲ*

သို့သော် ယဲ့ဖန်က သူ့ကို တည်ငြိမ်စွာပြန်ကြည့်လေသည်။

“လူကြီးနဲ့ လူငယ် ဟုတ်လား၊ ဒီလောကက အမြဲ အားကြီးသူနဲ့ အားနည်းသူအပေါ်ပဲ အမြဲ လည်ပတ်နေတာ မဟုတ်ဘူးလား၊ ဘာလို့ အသက်အရွယ်ကို မူတည်သွားတာလဲ”

သူ့စကား ထွက်လာသည်နှင့် လူတိုင်း အံ့ဩသွားပြီး ယဲ့ဖန်ကို မယုံသင်္ကာ ကြည့်လိုက်ကြသည်။

*သေချင်နေတာ*

*သူ သေချင်နေတာပဲ*

*သူက ကျီးကန်း တာအိုသခင်ကို ဒီလိုမျိုး ပြန်ခံပြောရဲတယ်လား၊ သူ အသက်ရှင်နေရတာကို ပင်ပန်းနေပြီလား*

“နင် ဘာစကားပြောလိုက်တာလဲ”

ရှင်းကျီ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူမနဖူးအလယ်မှ စည်းတံဆိပ်က တောက်ပလာပြီး မျက်နှာ သုန်မှုန်လာကာ ယဲ့ဖန်ကို အပြစ်ပေးရန် ကြံစည်နေသည့်ပုံပင်။

“ဪ မင်းရဲ့ခွန်အားက ငါ့ထက် သာတယ်ထင်တယ်ပေါ့၊ အဲ့ဒါကြောင့် မင်းက ငါ့ကို လျစ်လျူရှုတာလား”

ကျီးကန်း တာအိုသခင်၏ လေသံက ပို၍ အေးစက်လာသည်။ ယဲ့ဖန်မျှ မောက်မာသော လူငယ်ကို သူ မမြင်ဖူးခဲ့ပါ။ သူ မသိသာ စိတ်ပျက်လာသည်။

ထိုစဉ် သွေးများပေကျံနေသော ဟွမ်ထျန်းချန်က တံခါးဝမှ အထဲသို့ ဝင်လာသည်။ ကျီးကန်းတာအိုသခင်၏ စကားကို ကြားသောအခါ သူသည် ယဲ့ဖန်အကြောင်းကို ကျီးကန်း တာအိုသခင်အား ရှင်းပြရန် ကြံစည် လိုက်သည်။ သို့သော် ယဲ့ဖန်က သူ့အား အကြည့်ဖြင့် တားဆီးလာသည်။

သူ့အကြောင်း ယခု ပေါ်သွား၍ မဖြစ်သေးပေ။ သို့မဟုတ်ပါက ဟွမ်မိသားစု အကြီးအကျယ် ဒုက္ခရောက် ပေလိမ့်မည်။ ထို့နောက်တွင်မူ ယဲ့ဖန်က ကျီးကန်းတာအိုသခင်ကို ပြုံး၍ ပြန်ကြည့်လိုက်သည်။

“ကျုပ်ခွန်အားက ခင်ဗျားထက် နိမ့်မယ်လို့ မထင်ဘူး”

*ဟမ်*

“ဖွီ … ဟားဟားဟား”

လူတိုင်း အံ့ဩသွားပြီးနောက် ဟားတိုက် ရယ်မောလေသည်။ အားလုံးက ဟာသကြီးတစ်ပုဒ်ကို ကြားလိုက် ရသကဲ့သို့ ရယ်နေကြသည်။

*ဒီကောင် ဘာပြောလိုက်တာ၊ သူ့ခွန်အားက ကျီးကန်း တာအိုသခင်ထက် နိမ့်မယ်မထင်ဘူး ဟုတ်လား*

*သူ့ကိုယ်သူ ဘယ်လိုတောင် ကျီးကန်း တာအိုသခင်နဲ့ ယှဉ်ရဲတာလဲ၊ သူက ဘာမို့လို့လဲ၊ ဘာမို့ ဒီလို ပြောရဲတာလဲ*

အထင်သေး၍ ပျက်ရယ်ပြုသော အကြည့်များက ယဲ့ဖန်ပေါ် ကျရောက်လာသည်။ ဤမျှ အရှက်မဲ့သော လူငယ်လေးကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ကျီးကန်း တာအိုသခင်သည် သူတော်စင်သခင်အဆင့်များထဲတွင် ခေါင်းဆောင်ဟု ဆိုနိုင်ပေသည်။ ထိုသို့သော လူမျိုးနှင့် ယှဉ်ရဲသော သတ္တိကို သူ ဘယ်က ရလာသနည်း။

“ဟေ့ကောင် မင်း ဘာစားထားလို့ သတ္တိကောင်းနေတာလဲ၊ မင်းရှေ့မှာ ရပ်နေတဲ့လူက ဘယ်သူလဲ သိလား၊ သူက နာမည်ကျော် ကျီးကန်း တာအိုသခင်ကွ၊ ဧကရာဇ်တောင် သူ့ကိုမြင်ရင် ယဉ်ကျေးရတယ်”

“ဟုတ်တယ် မင်း တာအိုသခင်ကို မလေးမစားလုပ်တာက သေတွင်းတူးတာနဲ့ အတူတူပဲ၊ မင်း ဒူးထောက်ပြီး ပြန်တောင်းပန်လိုက်၊ ဒါဆို အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိဦးမယ်”

“ဟွမ်သခင်မလေးရဲ့ မိတ်ဆွေ ဖြစ်တာနဲ့ပဲ မင်း လုပ်ချင်တာ လုပ်လို့ရပြီလို့ မထင်နဲ့၊ သူတော်စင်သခင်အဆင့် အောက်ကလူတိုင်းက ပုရွက်ဆိတ်လိုပဲကွ၊ သူက မင်း ရန်စသင့်တဲ့လူ မဟုတ်ဘူး၊ မင်း မလေးမစား လုပ်တဲ့ အတွက် ဒဏ်ပေးခံရသင့်တယ်”

လူတိုင်း ကျိန်ဆဲကြပြီး ယဲ့ဖန်အား ပို၍ရန်လိုသော အကြည့်များဖြင့် ကြည့်လာကြသည်။ ရှင်းကျီကလည်း အထင်သေးသောဟန်ဖြင့် ပြုံးနေသည်။ လက်ရှိတွင် သူမ ဝင်ပါရန်ပင် စိတ်မပါတော့ချေ။

*ဒီကောင်က လုံးဝကို အရူးပဲ၊ သူ့ကိုသတ်ရင် လက်ညစ်ပတ်ရုံပဲ ရှိမယ်*

ဤသည်မှာ လူသားတို့၏ သိမ်ငယ်စိတ် ဖြစ်သည်။ လူတစ်စုကသည် တစ်စုံတစ်ယောက်က သူတို့နှင့် မတူခြားနား နေလျင် လက်သင့်မခံနိုင်သော စိတ်များ ဖြစ်လာကြပြီး အခြားသူအား ဟန်လုပ်ခြင်း၊ အထီးကျန်ခြင်းနှင့် ရင်းနှီးရ ခက်သူဟု ခေါင်းစဉ်တပ် သမုတ်ကြသည်။

ဤနည်းများဖြင့် လူတစ်စု၏ ပိုသာသည်ဟူသော ခံစားချက်ကို ထိန်းသိမ်းကြပြီး သူတို့ မှန်သည်ဟု သက်သေ ကြသည်။

ဥပမာပြောရမည်ဆိုလျင် ယခု ယဲ့ဖန်က သူတို့ မလုပ်ရဲသော တစ်စုံတစ်ရာကို လုပ်လိုက်ပြီး ထိုကိစ္စကို သူတို့ နားမလည်ကြချေ။ ထို့ကြောင့် သူတို့၏ မျက်လုံးထဲတွင် ယဲ့ဖန်က မာနကြီး၍ မောက်မာကာ သေတွင်းတူးနေသူဟု သတ်မှတ်လာကြသည်။

ထို့အပြင် သူတို့သည် ပို၍ ပြင်းထန်သော စကားလုံးများဖြင့် ပြောဆိုကြသည်။

“သူ ဘာလို့ ဒီလောက် မဟုတ်တမ်းတရားတွေ လုပ်ရတာလဲ၊ မိုးကောင်းကင်က ဘယ်လောက် မြင့်သလဲ မသိတဲ့ ဒီလိုအရူးက အပြစ်ပေးတာ ခံရသင့်တယ်”

ယဲ့ဖန် နောက်လှည့်ကြည့်လိုက်သောအခါ ထိုသို့ပြောလိုက်သည့်သူက အမျိုးသမီးကြီးတစ်ယောက် ဖြစ်နေ သည်ကို တွေ့လိုက်ရပြီး သူ့အား အေးစက်စက် မျက်နှာထားနှင့် ကြည့်နေရပြီး ဒုက္ခခံစားရပါစေဟု ဆုတောင်း နေပုံရသည်။

သူတို့နှစ်ယောက်သည် အချင်းချင်း တစ်ခါမှ မသိဖူးပါ။ သို့သော် ကျီးကန်း တာအိုသခင်အပေါ် ယဲ့ဖန်၏ အပြုအမူက အနည်းငယ် အေးစက်နေခဲ့သောကြောင့် ဤအမျိုးသမီးကြီးက ကျီးကန်း တာအိုသခင်အား လူသတ်ရန် တိုက်တွန်းနေခြင်းက ရက်စက်လွန်းပေ၏။

သို့သော် ဤသည်မှာ လူ့သဘာဝပင်။ အချို့သောသူများက အခြားသူများ၏ ကံမကောင်းမှုအား ထိုင်ကြည့် နေရသည်ကို သဘောကျကြသည်။

“ဟုတ်တယ် အမှိုက်ကို သတ်လိုက်ရတာပေါ့”

ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး ဖျတ်ခနဲ လှုပ်ရှားလိုက်သဖြင့် ထိုအမျိုးသမီးကြီး၏ ရှေ့သို့ ချက်ချင်း ရောက်သွားသည်။

“ဂျွတ်”

သွေးများ ဝေါခနဲ ပန်းထွက်လာ၏။ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် သူမ၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံးမှ အရေပြားနှင့် အသားကို ဆွဲခါလိုက်သဖြင့် လက်မောင်းရိုးသာ ကျန်ရစ်ခဲ့လေသည်။

“အား…”

ထိုအမျိုးသမီးကြီး နာကျင်စွာ အော်ဟစ်လာပြီး ကြမ်းပြင်ပေါ် လဲကျကာ ပြင်းထန်လှသော ဝေဒနာကြောင့် လူးလိမ့်လာသည်။

လူတိုင်း အသက်ရှူမှားသွားကြသည်။ ယဲ့ဖန်၏ တိုက်ခိုက်မှုက ရက်စက်လွန်းလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ အမျိုးသမီးတစ်ယောက် အပေါ်ကိုပင် ရက်စက်လွန်းသည်။ ထိုအမျိုးသမီးကြီး၏ အရေပြားနှင့် အသားကို ဆွဲစုတ်ကာ ခွာခဲ့သည် မဟုတ်ပါလော။

ဤသည်မှာ ဝက်ကိုသက်၍ အရေခွံစုတ်နေသလိုပင်။ သူမအား တိရစ္ဆာန်သဖွယ် သတ်မှတ်ခဲ့သည်။ ကြောက်စရာ ကောင်းကာ ရက်စက်လွန်းသည်။ ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ ယဲ့ဖန်က ကျီးကန်း တာအိုသခင် အရှေ့၌ လှုပ်ရှားရဲခြင်း ဖြစ်လေသည်။

*ဒါ တမင်တကာ ရန်စတာများလား*

ကျီးကန်း တာအိုသခင် မျက်မှောင်ကြုတ်သွားပြီး ဤအဖြစ်ကြောင့် မသိမသာ တွေဝေသွားသည်။ ယဲ့ဖန်၏ နည်းလမ်းက ထူးဆန်းလွန်းသည်။ အဘယ်ကြောင့်ဆိုသော် အစမှအဆုံးတိုင် ယဲ့ဖန် မည်သို့ လှုပ်ရှားလိုက်မှန်း သူ မမြင်လိုက်သောကြောင့်ပင်။ သူတော်စင်သခင်အဆင့်က ဂျူနီယာတစ်ယောက်၏ လှုပ်ရှားပုံကို မမြင်လိုက်ပေ။ ဤသည်က ဖြစ်နိုင်ပါမည်လော။

“မိန်းမရေ”

အနားမှ လူဝကြီးက အလန့်တကြား အော်ခေါ်လိုက်ပြီးနောက် ယဲ့ဖန်အား ဒေါသတကြီး စူးစိုက်ကြည့်လေသည်။

“မျိုးမစစ်ကောင် မင်းကများ ငါ့မိန်းမကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ”

“သူ့ကိုသတ်လိုက်ပါ၊ ငါ သူ့ကို သေစေချင်တယ်၊ သူ့ကို သေတာထက် ဆိုးတဲ့ဘဝမှာ နေစေချင်တယ်”

ထိုအမျိုးသမီးကြီးက နာကျင်၍ မုန်းတီးစိတ်အပြည့်ပါသော အသံဖြင့် အော်ဟစ်လာသည်။ ယဲ့ဖန်က သူမ လက်မောင်းမှ အရေပြားနှင့် အသားတို့ကို ဆွဲခွာခဲ့သဖြင့် နောင်တွင် သူမ သုံးစားမရသူ ဖြစ်လာပေတော့မည်။

ယဲ့ဖန် ခေါင်းခါလိုက်သည်။

“ခင်ဗျားရဲ့ ခေါင်းမာတဲ့ပုံကြောင့် ကျုပ် ခင်ဗျားကို သင်ခန်းစာပေးခဲ့တာ၊ ဒါပေမဲ့ ခင်ဗျားစိတ်က ကြမ်းတမ်း နေမှတော့ ကျုပ် ခင်ဗျားကို အသက်ရှင်လျက် ထားဖို့ မဖြစ်နိုင်တော့ဘူး”

ထိုသို့ပြောပြီးနောက် သူသည် လက်ချောင်းနှစ်ချောင်းကို အသာလှုပ်လိုက်ပြီး အလင်းတန်းတစ်ခုက အမျိုးသမီး ကြီးထံသို့ ပြေးဝင်သွားသည်။

ချက်ချင်းဆိုသလိုပင် အမျိုးသမီးကြီး၏ အော်သံက တိခနဲ ရပ်တန့်သွားပြီ ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်ကာ မျက်လုံးများက ရီဝေလာသည်။

ထို့နောက်တွင်မူ သူမလည်ပင်း၌ သွေးစင်းရာတစ်ခု ပေါ်လာပြီး ထိုအစင်းကြောင်းက တဖြည်းဖြည်း ကျယ်ပျံ့ လာသည်။ ပြီးနောက် သူမဦးခေါင်းတစ်ခုက လည်ပင်းမှ တိခနဲ ပြတ်ကျသွားပြီး တစ်ယောက်ယောက်က ချွန်ထက်သော ဓားဖြင့် ခေါင်းကို ခုတ်လိုက်သည်ဟု ထင်မှတ်ရကာ ဦးခေါင်း လိမ့်ကျလာ၏။

*သေသွားပြီ*

လူတိုင်း ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။

*ဒီလူက တော်တော် ရက်စက်တာပဲ၊ ဘာတစ်ခွန်းမှမပြောဘဲ လူကို အရင်ထိခိုက်အောင် လုပ်တယ် ပြီးတော့ သတ်ပစ်တယ်*

မိနစ်ပိုင်းအတွင်း အသက်ရှင်နေသောသူအား သေလူအဖြစ် သူတို့ ချောက်ချားသွားကြသည်။

“မင်း … မင်း ငါ့မိန်းမကို သတ်လိုက်တယ်”

လူလတ်ပိုင်းအရွယ် လူဝကြီး တုန်ယင်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လေသည်။

*လူမြင်ကွင်းကြီးမှာ လူသတ်တာလား*

*ဒီကောင် တော်တော် အတင့်ရဲတာပဲ*

“ဘာလို့လဲ ခင်ဗျား သူ့အတွက် လက်စားချေချင်လို့လား”

ယဲ့ဖန် သူ့ကို သရော်ဟန်ဖြင့် ကြည့်လိုက်သည်။

“မဟုတ်ဘူး … မဟုတ်ပါဘူး …”

ယဲ့ဖန်၏ အပြုံးတစ်ဝက်နှင့် အမူအရာကို ကြည့်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား ကြက်သီးထသွားပြီး ခေါင်းတဆတ်ဆတ် ခါလိုက်ကာ ငိုသည်ထက် ဆိုးသော အပြုံးကို ဖျစ်ညှစ်၍ ပြုံးပြလေသည်။

“ဒီမိန်းမကို ကျုပ် ကြည့်မရတာ တော်တော်ကြာပြီ၊ သူက တစ်နေ့လုံး လိုက်ရစ်နေတာ၊ ဒီမိန်းမကို ရှင်းလိုက်တဲ့ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်”

မိန်းမ သေလျင် အစားပြန်ရှာ၍ ရနိုင်သော်လည်း သူသေလျင် အသက် အစားပြန်မရနိုင်ပါ။ မည်သို့ပင် ဆိုစေကာမူ သူ ဤမိန်းမကို မျက်စိစပါးမွှေး စူးနေသည်မှာ ကြာနေပြီ ဖြစ်သည်။ မိသားစု ပိုင်ဆိုင်မှုအား သူမကို ခွဲဝေပေးရမည်ကို မစိုးရိမ်ခဲ့လျင် သူမကို သူ အစောကတည်းက နှင်ထုတ်ခဲ့လောက်သည်။

ယခု ဤမိန်းမ သေသွားသောကြောင့် သူ အိမ်ကို ပေါ်တင် မယားငယ် ခေါ်တင်၍ ရလေပြီ။

“အကြင်လင်မယား တစ်နေ့ဖြစ်ခဲ့ရင် ရက်တစ်ရာ ကြာလည်း လင်မယားပဲ မဟုတ်လား၊ လင်နဲ့မယား လျှာနဲ့သွားလို့ ဆိုကြတာကို ခင်ဗျား မိန်းမသေတာတောင် ခင်ဗျားက နောင်တမရဘူး၊ ခင်ဗျား သေသင့်တယ်”

ယဲ့ဖန် အေးစက်စွာ ပြုံးနေသည်။

“ဘာ”

လူလတ်ပိုင်းအရွယ် အမျိုးသား ရုတ်တရက် မျက်နှာပျက်သွားသည်။

“ရွှစ်”

ယဲ့ဖန် လက်တစ်ဖက်ကို ထပ်၍ ဝှေ့ယမ်းလိုက်သောအခါ ထိုလူ၏ ဦးခေါင်းက ကြမ်းပြင်ပေါ် လိမ့်ကျလာ၏။

*ထပ်သတ်ပြန်ပြီ*

လူတိုင်း ငိုချင်စိတ် ပေါက်လာကြသည်။ ဤမျှ ရက်စက်၍ သွေးထွက်သံယို များသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။ ယခုအချိန်ခဏလေးအတွင်း ဤလူငယ်က လူနှစ်ယောက်ကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။

*ရက်စက်တယ်*

*ကြမ်းကြုတ်တယ်*

*ပြီးတော့ ကျီးကန်း တာအိုသခင်အရှေ့မှာ သတ်ပစ်တာ*

ကျီးကန်း တာအိုသခင် အတော်လေး မျက်မှောင်ကြုတ်လာပြီး မျက်နှာထားက ပိုပို၍ သုန်မှုန်လာကာ ချက်ချင်း အော်ဟစ်လိုက်သည်။

“ဟေ့ကောင် မင်း တော်တော် သန်မာနေတယ်ပေါ့လေ”

ပြင်းထန်သော ယန်စွမ်းအင်က မုန်တိုင်းသဖွယ် ပျံ့လွင့်တိုက်ခတ်လာ၏။

“ဒုန်း ဒုန်း”

လူတိုင်း ကြမ်းပြင်ပေါ် ဒူးထောက်ကျလာ၏။ ဤဖိအားအောက်၌ သူတို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ လူတိုင်း ချောက်ချားနေသလို ကျီးကန်း တာအိုသခင်လည်း ဒေါသထွက်နေ၏။

“မျိုးမစစ်ကောင် ကျီးကန်း တာအိုသခင်ရှေ့မှာ ဒူးထောက်လိုက်လေ၊ မဟုတ်ရင် ငါတို့အားလုံး သေလိမ့်မယ်”

“ခွေးကောင် မင်း သေချင်ရင်လည်း ကိုယ့်ဘာသာကိုယ်သေ၊ ငါတို့ကို ဆွဲမထည့်နဲ့”

လူတိုင်း ဒေါသထွက်နေကြသည်။ ယဲ့ဖန်က ရက်စက်ပါသည်။ သို့သော် သူ မည်မျှ ရက်စက်ပါစေ ကျီးကန်း တာအိုသခင်ကဲ့သို့ နတ်ဆိုးဘုရင်နှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ဟွမ်ထျန်းချန် မချိပြုံး ပြုံးနေမိပြီး တစ်ခုခု ပြောရန် ပြင်မိသော်လည်း ဘာပြောရမှန်း မသိချေ။ သူ့ရှေ့မှ လူနှစ်ယောက်ထဲက မည်သူ့ကိုမှ သူ မဆန့်ကျင်နိုင်ပါ။

“ဘိုးဘိုးကျီးကန်း အစ်ကိုယဲ့က သမီးရဲ့ အခင်ဆုံးမိတ်ဆွေနော်၊ သူ့ကို ဒီလို အနိုင်ကျင့်တာကို လင်းအာ မကြိုက်ဘူး၊ ဘိုးဘိုးရဲ့ ပုလဲကို သမီး ပြန်ပေးမယ်”

ဟွမ်ယွီလင်းက စိတ်ဆိုးမာန်ဆိုးဖြင့် တင်းယန်ပုလဲကို ကျီးကန်း တာအိုသခင်ထံ ပြန်ပစ်ပေးလေသည်။ ဤအဖြစ်က လူတိုင်းကို မှင်တက်သွားစေသည်။

*မြတ်စွာဘုရား ဒီကောင်နှင့် သေချင်နေတာ မဟုတ်ဘဲ ဟွမ်မိသားစုက သခင်မလေးပါ သေချင်နေတာကိုး*

*ကျီးကန်း တာအိုသခင် ကိုယ်တိုင်ပေးတဲ့ လက်ဆောင်ကို ဟွမ်ယွီလင်းက ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပစ်ပေးတယ်၊ ဒါ ကျီးကျန်း တာအိုသခင်ကို အရှက်ခွဲလိုက်တာပဲ၊ ဒါ သေချင်နေတာ မဟုတ်ဘူးလား*

ရှင်းကျီက ချက်ချင်း ရှေ့တိုးလာပြီး ဟွမ်ယွီလင်းကို စူးစိုက်ကြည့်လေသည်။

“နင့်ကို ချီးမွမ်းလို့ မောက်မာနေတာလား၊ နင် သေချင်နေပြီလား"

All Chapters