မိန်းကလေးတွေရဲ့ ခံစားချက်က အမြဲ ကဗျာဆန်တယ်
Vol. 86-89 Ch. 1335
သူမ၏ ဆရာသည် အဆင့်အတန်း မြင့်မား၍ မြင့်မြတ်လွန်းသူ ဖြစ်သည်။ ဤသို့သော စော်ကားမှုမျိုးနှင့် အဘယ်ကြောင့် ရင်ဆိုင်ရမည်နည်း။
ဟွမ်ယွီလင်းက ယဲ့ဖန်အတွက် သူ့ကို ဆန့်ကျင်လိမ့်မည်ဟု မထင်ထားသဖြင့် ကျီးကန်း တာအိုသခင် မျက်မှောင်ကြုတ် သွားသည်။
သူ တိုက်ခိုက်တော့မည်ဟု လူတိုင်း ထင်နေချိန်တွင် သူက အပြုံးမျက်နှာကို ဆင်၍ ကြင်နာစွာ ပြုံးလိုက်သည်။
“ကြည့်ပါဦး ဒီအရူးမလေးကတော့ ငါ မင်းမိတ်ဆွေကို နောက်နေတာပါ၊ ငါနဲ့ မင်းမိတ်ဆွေက ဘာရန်ငြိုးမှ မရှိတာကို ဘယ်လိုလုပ် သူ့ကို အနိုင်ကျင့်မှာလဲ”
*အံ့ဩစရာကောင်းလိုက်တာ*
*ကျီးကန်း တာအိုသခင်က တကယ် စိတ်လျှော့လိုက်တာပဲ*
ဤသည်ကိုမြင်သော် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ ပုံမှန် မဟုတ်ချေ။ သူတော်စင်သခင် ဖြစ်သော သူ့၌ ကိုယ်ပိုင်မာန ရှိပေမည်။ ဤသို့ အရှက်ခွဲခံရချိန်တွင် စိတ်မတိုဘဲ နေနိုင်မည် မဟုတ်ပါ။
*ဒီအဘိုးကြီးက ဟွမ်ယွီလင်းကို တကယ် ချစ်တာလား ဒါမှမဟုတ် သူ့ဟွမ်ကျုံးလီကို လိုချင်တာလား*
“တကယ်လား”
ဟွမ်ယွီလင်းက ကျီးကန်း တာအိုသခင်ကို မသင်္ကာသလို ကြည့်နေသည်။ သူမ မယုံမှန်း သိသာပေသည်။
“တကယ်ပေါ့”
ကျီးကန်း တာအိုသခင်က တင်းယန်ပုလဲကို ပြန်ပေးလိုက်ပြီး ကြင်နာစွာ ပြောလေသည်။
“မင်းဘိုးဘိုး ကျီးကန်းက ဘယ်တုန်းက မင်းကို လိမ်ဖူးလို့လေ၊ ငါ တကယ် မင်းအစ်ကိုယဲ့နဲ့ နောက်နေတာပါ”
သို့သော် ထိုအပြုံး၏ နောက်ကွယ်၌ ကျီးကန်းတာအိုသခင်၏ နက်ရှိုင်းသော မျက်လုံးတစ်နေရာ၌ လူသတ် ချင်စိတ် ပုန်းအောင်းနေ၏။
*ကြည့်ရတာ ဒီကောင်လေးအပေါ် ထားတဲ့ လင်းအာရဲ့ အချစ်က ငါ ထင်ထားတာထက် ကျော်နေတာပဲ၊ သူ့ကို ရှင်းထုတ်ဖို့ လိုနေပြီ*
သူ ယဲ့ဖန်ကို ဟွမ်ယွီလင်းနှင့် ဝေးရာသို့ နည်းလမ်းအကုန်သုံး၍ နှင်ထုတ်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။ အကယ်၍ ယဲ့ဖန် ငြင်းရဲမည်ဆိုလျင် သူ ယဲ့ဖန်ကို ဤလောကမှ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ရလဲ ကိစ္စ မရှိပါ။
ထို့နောက်တွင်မူ ဟွမ်လင်းချန်က အလောင်းကို ရှင်းလင်းရန် ခိုင်းစေလိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သလို ပွဲကို ဆက်ကျင်းပလေသည်။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လူတိုင်း စကားစမြည် ပြောလာကြသည်။ ပြောကြသည့် ခေါင်းစဉ်မှာလည်း လတ်တလော အင်ပါယာကို အုတ်အော်သောင်းတင်း ဖြစ်စေသည့် ယဲ့ဘုရင် အကြောင်းသာ ဖြစ်သည်။
“ယဲ့ဘုရင်က မျှော်စင်သခင်နဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို တစ်ပြိုင်တည်း အနိုင်ယူခဲ့တယ်လို့ ငါ ကြားခဲ့တယ်၊ အဲ့ဒါ အမှန်ပဲလား”
ဧည့်သည်တစ်ယောက်က မယုံသင်္ကာဖြင့် မေးလာသည်။
“အမှန်ပဲ ငါ အဲ့မှာ အစကတည်းက ရှိခဲ့တာ၊ ပြီးတော့ ကမ္ဘာတုန်လောက်တဲ့ တိုက်ပွဲကို မြင်ခဲ့ရတာပဲ၊ ယဲ့ဘုရင်ရဲ့ ပုံစံက ငါ့စိတ်ထဲမှာ စွဲနေပြီ၊ သူ့ပုံစံက နတ်ဆိုးတစ်ကောင် ဆင်းသက်လာသလိုပဲ”
အခြား လူချမ်းသာ စီးပွားရေးသမားတစ်ဦးက အားကျလေးစားသော မျက်နှာထားနှင့် ပြောလေသည်။
“ဒါဆို မင်း ယဲ့ဘုရင်ကို မြင်ဖူးတာလား”
လူတိုင်း၏ အကြည့်အားလုံးက ထိုလူချမ်းသာပေါ် မျှော်လင့်တကြီး ကျရောက်လာ၏။ သို့သော် ထိုလူချမ်းသာ မချိပြုံး ပြုံးလာပြီး နောင်တရဟန် ပေါ်လာ၏။
“ငါ မြင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဘာလို့မှန်း မသိဘူး၊ ငါ ပြန်စဉ်းစားဖို့ ကြိုးစားတိုင်း ယဲ့ဘုရင်ရဲ့ မျက်နှာကို ရေးရေးပဲ မှတ်မိတယ်၊ ငါ ဘယ်လောက် ပြန်စဉ်းစားစဉ်းစား သူ့ပုံစံကို သေချာ မမှတ်မိဘူး”
လူတိုင်း သဘောပေါက် နားလည်သွားကြသည်။ ဤသည်မှာ သူတော်စင်သခင်အဆင့်၏ နည်းလမ်းပင်။ သူသည် သူ့မျက်နှာအစစ်ကို တမင်ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိ မည်မျှ ခေါင်းခြောက်အောင် စဉ်းစားပါစေ သူ့ပုံစံကို မှတ်မိရန် မဖြစ်နိုင်ပါ။
သို့သော် သူ မှတ်မိစေချင်လျင်လည်း အိပ်မက်ဆိုးသဖွယ်ဖြစ်ကာ တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။ ဤသည်မှာ သူတော်စင်သခင်အဆင့်၏ အစွမ်းပင်။
“ယဲ့ဘုရင်က တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်မယ့် လူစားမျိုးပဲ၊ သူ နာမည်ကြီးလာကတည်းက တစ်ခါမှ မရှုံးသေးဘူး၊ သူက လောကရဲ့ အသန်မာဆုံးလို့ ပြောရမယ့် လူတွေနဲ့ ရင်ဆိုင်ရတာတောင် ခဏခဏ နိုင်နေတာ”
“ကျုံးကျိုးအင်ပါယာက ဒီလိုလူမျိုးနဲ့ ရန်သူဖြစ်ချင်တာက မိုက်ရူးရဲဆန်တယ်ကွာ၊ အင်ပါယာရဲ့ မျက်နှာဖုံး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင် သူ့ကို ရှုံးသွားတာ၊ ဘယ်လိုလုပ် အင်ပါယာက သူ့ကို တိုက်မလဲ”
“အဲ့နေ့က ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကို တိုက်ခဲ့တာနော်၊ သူ တစ်နိုင်ငံလုံးကို တစ်ယောက်တည်း ဖျက်ဆီးနိုင်မှာ”
လူတိုင်းက ယဲ့ဘုရင်အား လေးစား၍ ချီးမွမ်းသော စကားများ ပြောနေကြသည်။ သို့သော် လူအုပ်ထဲမှ ယဲ့ဖန်ကမူ ခေါင်းကိုငုံ့ကာ ငြိမ်၍ သောက်နေ၏။ သူ့မျက်နှာ၌ ဝမ်းနည်းခြင်းလည်း မရှိသလို ပျော်ရွှင်ခြင်းလည်း မရှိချေ။ မသိလျင် သူတို့ ပြောနေသည်က သူ့အကြောင်း မဟုတ်သလိုပင်။
သူသည် လုပ်ကြံပြောဆိုသော စကားများနှင့် ချီးမွမ်းစကားများကို ကြားဖူးနေကြ ဖြစ်သောကြောင့် ဘယ်စကားကမှ သူ့ရင်ကို လှုပ်ရှားအောင် မလုပ်နိုင်ပါ။
ဟွမ်ယွီလင်း မချိုမချဉ် ပြုံးလိုက်ပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးနေမိသည်။ ဤလူများသာ သူတို့ ပြောနေသည့် ယဲ့ဘုရင်က ဤဟိုတယ်ခန်းမအတွင်း၌ ရှိနေသည်ကို သိသွားလျင် မည်သို့ ခံစားသွားရမလဲ မသိချေ။
ဟွမ်ယွီလင်းက ကျီးကန်းတာအိုသခင်က ခပ်ဆိုးဆိုး အမူအရာနှင့် ကြည့်လိုက်သည်။
“ဘိုးဘိုးကျီးကန်း ယဲ့ဖန်ကို ဘယ်လိုထင်လဲ”
“မဆိုးဘူး”
ကျီးကန်း တာအိုသခင်က မဖုံးကွယ်ဘဲ ချီးကျူးလာသည်။ သို့သော် သူ၏ စကားက မလုံလောက်ဟု ခံစားသွားပုံ ပေါ်ကာ ထပ်ပြောလိုက်သည်။
“သိပ်တော်တယ်”
*မဆိုးဘူး*
*သိပ်တော်တယ်*
ရိုးရှင်းသော စကားများ ဖြစ်သော်လည်း ကျီးကန်း တာအိုသခင်က ယဲ့ဘုရင်ကို စိတ်ရင်းနှင့် လေးစားမှန်း သိသာပေသည်။
သူတောင်မှ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် မျှော်စင်သခင်တို့အား ပြိုင်တူ ရင်ဆိုင်ရလျင် ပြိုင်ဘက် ကင်းဆဲ ဖြစ်လိမ့်မည်ဟု ယုံကြည်မှု မရှိပါ။ သူ နိုင်နိုင်လျင်တောင်မှ ယဲ့ဖန်ကဲ့သို့ အေးအေးဆေးဆေးနှင့် သက်တောင့်သက်သာ ရှိရန် မဆိုထားနှင့် ဆိုးရွားသော နိုင်ပွဲသာ ဖြစ်ပေလိမ့်မည်။
ဟွမ်ယွီလင်းက ချက်ချင်း ပန်းပွင့်သဖွယ် ပြုံးလာပြီး သူမ လူရွေးမမှားမှန်း သိလိုက်သည်။
*အစ်ကိုယဲ့က တကယ် အံ့ဩဖို့ကောင်းတယ်၊ ဘိုးဘိုးကျီးကန်းတောင်မှ ဒီလို ပြောနေပါရောလား*
ထို့နောက် သူမက ရှင်းကျီကို ထပ်ကြည့်လိုက်သည်။
“အစ်မရှင်းကျီရော ဘယ်လိုထင်လဲဟင်”
သူမစကားကိုကြားသော် ရှင်းကျီ၏ မျက်နှာလေးက ချက်ချင်း နီမြန်းသွားပြီး အချိန်အတော်ကြာအောင် စကား မပြောနိုင်တော့ချေ။ ကျီးကန်း တာအိုသခင်က စနောက်၍ ဝင်ပြောလေသည်။
“မင်းအစ်မ ရှင်းကျီက ယဲ့ဘုရင်နဲ့ လက်ထပ်နိုင်ဖို့ စိတ်ကူးယဉ်နေတာလေ၊ ဒီလိုလူက လောကရဲ့ သူရဲကောင်းလို့ ပြောနေတာ၊ သူ့ကိုသာ လက်ထပ်ရမယ်ဆိုရင် သူ့သက်တမ်း ဆယ်နှစ်လောက် တိုသွားလည်း ရတယ်တဲ့”
“ဆရာကတော့ နောက်နေပြန်ပြီ၊ တကယ်ပါပဲ ဆရာ့ကို မပြောတော့ဘူး”
ရှင်းကျီက စိတ်ဆိုးသလို ခြေဆောင့်လိုက်ပြီးနောက် သူမမျက်နှာက ပိုနီမြန်းလာ၏။ တိုက်ရိုက် ထုတ်လွှင့်ခြင်း မှနေ၍ သူမ ယဲ့ဖန်၏ အားမာန်ပါသော စကားကို ကြားခဲ့ရသည်။
“ဒီနေ့ ယဲ့ဘုရင်တစ်ယောက်တည်း မြို့ကို တိုက်မယ်”
ထို့နောက် သူမ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကာ ထိုနာမည်ကျော် အမျိုးသားကိုသာ ဆက်တိုက် တွေးနေမိသည်။ ယခင်က သူမ၏ ဘဝရည်မှန်းချက် ပန်းတိုင်သည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ဖြစ်သည်။ သို့သော် ယဲ့ဖန် ပေါ်လာသည့်အချိန်မှစ၍ သူမ၏ ပန်းတိုင်ကို သူမ မေ့သွားခဲ့သည်။
သူမသည် ယဲ့ဖန်နှင့် ပတ်သက်သော သတင်းကို အမြဲ အာရုံစိုက်ထားခဲ့ပြီး ယဲ့ဖန်နှင့် ပတ်သက်သော အရာရာတိုင်းကို သူမ အစွမ်းကုန် ကြိုးစား၍ ရှာဖွေလေသည်။ ထို့အပြင် သူမ ယဲ့ဖန်အကြောင်း သိလာရလေလေ ယဲ့ဖန်အပေါ် လေးစားချစ်ခင်စိတ် ပိုတိုးလာလေလေပင်။
နတ်ဆိုးကဲ့သို့ ကြောက်စရာကောင်းသောသူ၊ သိုင်းပညာရှင်များပင် ဦးညွှတ်ရသော ဧကရာဇ်ဖြစ်ပြီး သူ့ထံ လိုလိုလားလား အလုပ်အကျွေးပြုခြင်း ခံရသောသူ။
သိုင်းပညာရှင်များအား ဒူးထောက်လာစေရန် အလွန် သန်မာသော ခွန်အား ရှိရမည့်အပြင် ထိတ်လန့်ဖွယ် ကောင်းသော သတ္တိမျိုးလည်း ရှိရန်လိုကြောင်း သူမ ကောင်းကောင်း သိပါသည်။
ယဲ့ဖန်၌ ထိုရှားပါးသော အချက်နှစ်ချက်လုံး ရှိပေသည်။ ဤသို့သော အမျိုးသားက လူအများက မည်သို့ မချစ်ဘဲ နေနိုင်ပါမည်နည်း။
အင်ပါယာတွင်း၌ သူ့မျက်နှာအစစ်ကို မမြင်ဖူးသော ယောက်ျားသားတစ်ယောက်ကို တမ်းတနေသည့် အမျိုးသမီး မည်မျှ ရှိနေမလဲ မသိနိုင်ပါ။ သူတို့ရင်ထဲမှ ထင်မြင်ချက်အပေါ် မူတည်၍ မတူညီသော ပုံစံများ စွဲထင်ထား ကြသည်။ ထိုပုံစံများမှာ သူရဲကောင်းဆန်ခြင်း၊ သို့မဟုတ် နတ်ဆိုးဆန်ခြင်း စသောပုံစံများ ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိကာ ကြမ်းကြုတ်လေသည်။
ကျင်းရှီသည်လည်း ထိုမိန်းကလေးများထဲမှ တစ်ယောက် ဖြစ်လေသည်။ မိန်းကလေးတွေရဲ့ ခံစားချက်က အမြဲ ကဗျာဆန်လေသည်။
“ဘယ်လို အစ်မရှင်းကျီလည်း ယဲ့ဘုရင်ကို သဘောကျတာလား”
ဟွမ်ယွီလင်းသည် သူမအနှစ်သက်ဆုံး အရာတစ်ခု လုယူခံလိုက်ရသကဲ့သို့ ချက်ချင်း သွေးပျက်သွားပြီး သူ့အမူအရာက ချက်ချင်း မအီမသာ ဖြစ်လာ၏။
“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
ရှင်းကျီက မဖုံးကွယ်ဘဲ ပန်းပွင့်လေးတစ်ခုလို ပြုံးလာသည်။
“အစ်မက ဘာလို့ ယဲ့ဘုရင်ကို သဘောကျတာလဲ၊ သူ့ကို သဘောကျလို့ မရဘူး”
ဟွမ်ယွီလင်းက အလျင်စလို ပြောလိုက်ပြီး သူမအပြုအမူက မည်မျှ ပြင်းထန်နေကြောင်း သတိပင် မပြုလိုက် မိချေ။
လူတိုင်း စိတ်ရှုပ်ထွေးသွားပြီး အဘယ်ကြောင့် ဟွမ်ယွီလင်း အလွန် စိတ်လှုပ်ရှားနေသလဲ တွေးမိနေကြသည်။ ဟွမ်ထျန်းချန် တစ်ယောက်တည်းသာလျင် ဘာတွေဖြစ်နေသလဲ သိလေသည်။ သူသည် မြေခွေးအိုကြီးသဖွယ် ရယ်မောလိုက်ပြီး အလွန် စိတ်အေးသလို ခံစားလိုက်ရသည်။
“အာ … ဘာလို့လဲ”
ရှင်းကျီ တွေဝေသွားသည်။ သူ့ညီမလေး အလွန် တုံ့ပြန်ရသည့် အကြောင်းရင်းကို သူမ နားမလည်ပါ။
“ဘာလို့လဲဆိုတော့ ဘာလို့လဲဆိုတော့ …”
ဟွမ်ယွီလင်းသည် သူမ အလွန်အကျူး တုံ့ပြန်မိသွားကြောင့် သတိထားမိသွားပြီး ဘာလို့လဲဆိုတော့ ဟူသော စကား၌ အချိန်အတော်ကြာနေပြီး ဘာဆက်ပြောရမလဲ မသိတော့ပေ။ ရုတ်ချည်းဆိုသလိုပင် သူမအကြံရသွားပြီး ထိတ်လန့်သွားစေမည့် စကားတစ်ခွန်းကို ပြောချလိုက်သည်။
“ဘာလို့လဲဆိုတော့ … ဘာလို့လဲဆိုတော့ ယဲ့ဘုရင်က ယောက်ျားတွေကိုပဲ သဘောကျတာ”
“ဖွီး …”
ယဲ့ဖန် ပါးစပ်ထဲမှ ဝိုင်ကို ထွေးထုတ်လိုက်မိပြီး ဟွမ်ယွီလင်းအား အလန့်တကြား လှမ်းကြည့်လေသည်။
“နင် ဘာလုပ်တာလဲ”
ရှင်းကျီက ယဲ့ဖန်ကို ရွံသလို ကြည့်လေသည်။ ယဲ့ဖန်ကြောင့် သူမစကပ်၌ ဝိုင်အချို့ ပေသွားခဲ့သည်။
“ကျုပ် တောင်းပန်ပါတယ်၊ ကျုပ် သီးသွားလို့ပါ …”
ယဲ့ဖန် အဆက်မပြတ် ချောင်းဆိုးနေ၏။
“ရုပ်ဆိုးတဲ့လူတွေက တော်တော် ပြဿနာရှာတာပဲ”
ရှင်းကျီ၏ အမူအရာက ပိုမိုရွံရှာဟန် ပေါ်လာပြီး သူမစိတ်ထဲ၌ မျက်စိစပါးမွှေး ဆူးစေသော ယဲ့ဖန်ကို အထင်သေးလာ၏။ ဟွမ်ထျန်းချန်တောင်မှ ဟွမ်ယွီလင်း ဤသို့ ပြောလိမ့်မည်ဟု မထင်ထားသဖြင့် ကြက်သေ သေသွားလေသည်။
“ယဲ့ဘုရင်က ယောကျ်ားတွေကိုပဲ သဘောကျတာကို နင် ဘယ်လိုသိလဲ”
ရှင်းကျီ မျက်မှောင်ကြုတ်သွားသလို မျက်နှာ သုန်မှုန်လာ၏။ ဟွမ်ယွီလင်း၏ စကားသာ အမှန်ဖြစ်နေလျင် သူမ၏ စိတ်ကူးက တကယ် ဖြစ်မလာနိုင်တော့ပါ။
ယဲ့ဖန်၏ အလွန် မကျေမနပ် ဖြစ်နေသော အကြည့်နှင့် ရင်ဆိုင်ရသောကြောင့် ဟွမ်ယွီလင်း ဇတ်ပုသွား သော်လည်း လေသံတိုးတိုးဖြင့် ဆက်ပြောလေသည်။
“သူနဲ့ ပတ်သက်တဲ့ မိတ်ဆွေတစ်ချို့ကို ညီမ သိလို့ပါ၊ အဲ့ဒါကြောင့် သူ့မှာ အဲ့စိတ်ရှိတာကို သိတာ”
သူမ၏ အချစ်ပြိုင်ဘက်ကို ဖြေရှင်းရန် တိုက်ခိုက်ရပေတော့မည်။ ယဲ့ဖန် သွေးအန်လုနီးပါး ဖြစ်သွားရသည်။
*မင်း ဘာလို့ လူတစ်ယောက်ရဲ့ ဖြူစင်မှုကို လှောင်ပြောင်ရတာလဲ*
ချက်ချင်းဆိုသလိုပင် သူ၏ မကျေနပ်သော အကြည့်များက ဝမ်းနည်းသော အကြည့်များအဖြစ်သို့ ပြောင်းလဲ သွားသည်။
ဟွမ်ယွီလင်း၏ နှုတ်ရေးကောင်းမှုကြောင့် ကျင်းရှီ စိတ်ထဲ ဗုံးကွဲသလို ဖြစ်ကာ ပြိုလဲလုနီးပါး ဖြစ်သွားရသည်။ သူမကိုယ်သူမ ဤသည်က အမှန် မဟုတ်ကြောင်း ဆက်တိုက် ပြောနေမိသည်။
ညစာစားပွဲ ပြီးသွားပြီးနောက် ယဲ့ဖန် စောစော ထွက်လာခဲ့သည်။ ပထမအချက်မှာ သူ အခြားသူများနှင့် မိတ်ဆွေဖြစ်ရန် စိတ်ကူးမရှိသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ သူ ကျီးကန်း တာအိုသခင်ကို ရန်စခဲ့သောကြောင့် မည်သူမှ သူ့ကို အာရုံစိုက်ခြင်း မရှိသောကြောင့်ပင်။ ထိုနေရာ၌ ထိုင်နေသည်က အချိန်ကုန်ရုံသာ အဖတ်တင်ပေမည်။
သို့သော် အိမ်သို့ ပြန်ရောက်ရန် မိုင်အချို့သာ လိုတော့ချိန်တွင် မလှမ်းမကမ်း၌ ကျင်းရှီ ရပ်နေပြီး သူ့အား စိတ်မရှည်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန် ပြုံးလိုက်သည်။ ကျီးကန်းတာအိုသခင် အလွယ်တကူ လက်လျှော့မည် မဟုတ်ကြောင်း သူ သိနေ၏။
“ငါ့ဆရာက နင်နဲ့ တွေ့ချင်နေတယ်”
ကျင်းရှီက ထိုသို့အေးစက်စက် ပြောပြီး တစ်နေရာသို့ လျှောက်သွားသည်။ ယဲ့ဖန် နှာခေါင်းကိုပွတ်၍ မတတ် သာဟန် ပြုံးလိုက်ပြီး သူ့နောက်မှ လိုက်သွားလေသည်။
ထို့နောက် သူတို့သည် တောင်တစ်လုံး၏ အဖျားနားသို့ ရောက်လာကြသည်။ ထိုနေရာ၌ ကျီးကန်း တာအိုသခင်က လက်နောက်ပစ်၍ ရပ်နေသည်။ လရောင်အောက်၌ သူ့အား ငွေရောင် အလင်းတန်းလွှာများ ဖုံးအုပ်ထားပြီး သူ့ကိုယ်ပေါ်မှ အနက်ရောင် တာအိုဝတ်ရုံက ပို၍ အရောင်တောက်နေ၏။ သူ့ပုံစံက ညဘက်လရောင်အောက်၌ ကျီးကန်း တစ်ကောင် အမဲလိုက်နေဟန်နှင့် ဆင်တူနေလေသည်။
“ဘာကိစ္စရှိလို့လဲ”
ယဲ့ဖန်က ရှေ့တိုး၍ နှိမ့်ကျခြင်းလည်းမဟုတ် မောက်မာခြင်းလည်း မဟုတ်သော လေသံဖြင့် ခပ်အေးအေး မေးလိုက်သည်။
တစ်ဖက်လူက သူ့ကို မနှစ်မြို့သဖြင့် သူ့အတွက် ယဉ်ကျေးသယောင်ဆောင်နေရန် မလိုအပ်ပေ။ သူ့အပြုအမူက ရှင်းကျီ၏ စိတ်ထဲ၌ ပြင်းပြသော လူသတ်ချင်စိတ်အား ဖြစ်ပေါ်လာစေသည်။
*လုပ်ပြန်ပြီ၊ ဒီလူ ငါ့ဆရာကို ထပ်ပြီး မလေးမစား လုပ်ပြန်ပြီ*
*သေစမ်း၊ သေသင့်တဲ့ကောင်*
ကျီးကန်းတာအိုသခင်က သူ့စကားကို ကြားပြီးနောက် သရော်လိုက်ပြီး ယဲ့ဖန်ဘက်သို့ နောက်ပြန်လှည့်ကြည့် လေသည်။ လရောင်အောက်၌ သူ့မျက်လုံးက မသိမသာ ကြောက်စရာကောင်းနေ၏။
“ငါ မင်းကို တစ်ခုပဲ မေးမယ်၊ မင်း အသက်ရှင်ချင်သလား ဒါမှမဟုတ် သေချင်သလား”
စာစဉ် ၈၉ ဤတွင် ပြီးပါပြီ။