မင်းက သူနဲ့ မထိုက်တန်ဘူး
Vol. 90 Ch. 1336
“ငါ မင်းကို တစ်ခုပဲ မေးမယ်၊ မင်း အသက်ရှင်ချင်သလား ဒါမှမဟုတ် သေချင်သလား”
စလာသည်နှင့် ပြင်းထန်သော ခြိမ်းခြောက်မှုကို ဆိုလာသည်။ ယဲ့ဖန်အား ပုရွက်ဆိတ်တစ်ကောင်မျှသာ သတ်မှတ် ထားသည့်ပုံပင်။
ယဲ့ဖန်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။
“ခင်ဗျား ဘာပြောချင်တာလဲ”
သူ့စကားတွင် စိတ်မရှည်ဟန်များ ပေါ်လွင်နေသည်။ ကျီးကန်း တာအိုသခင်ကို သူ ယခင်က ဂရုမစိုက်သည့် အကြောင်းရင်းမှာ ဟွမ်ယွီလင်း၏ မျက်နှာကြောင့် ဖြစ်သည်။
သို့သော် တစ်ဖက်လူက အကြိမ်ကြိမ် ဖိအားပေးလာသဖြင့် ယဲ့ဖန်၏ နောက်ဆုံးလက်ကျန် စိတ်ရှည်မှုလည်း ကုန်ဆုံးလာသည်။
“မင်းလည်း သတိထားမိမှာပါ၊ အဲ့ကလေးမလေး လင်းအာက မင်းကို သဘောကျနေတယ်ဆိုတာကို”
ကျီးကန်း တာအိုသခင်သည် ယဲ့ဖန်၏ မျက်နှာပေါ်မှ ဒေါသရိပ်ကို မသိချင်ယောင်ဆောင်နေသည်။ တစ်နည်း အားဖြင့် ဆိုရလျင် အရေးမစိုက်ခြင်း ဖြစ်သည်။
“အဲ့တော့ ကျုပ် သေရမယ်ပေါ့”
ယဲ့ဖန်က ရယ်မောလိုက်သည်။
*အကြောင်းပြချက်က ဘာမို့လို့လဲ*
“ဟုတ်တယ်”
ကျီးကန်း တာအိုသခင်က အေးစက်စွာ ခနဲ့လိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။
“မင်းနဲ့သူက ကမ္ဘာချင်း မတူဘူး၊ အဲ့တော့ ဘာမှ ပတ်သက်မနေသင့်ဘူး၊ သူက အနာဂတ်မှာ သွားရမယ့် ရှည်လျားတဲ့ လမ်းကြောင်းရှိတယ်၊ သူ့ရဲ့ ကလေးကုလား အချစ်ရေးကိစ္စနဲ့ သူ အချိန်ဖြုန်းနေလို့ မရဘူး၊ အဲ့ဒါကြောင့် မင်း သူ့ကို ထားခဲ့မယ်လို့ ငါ မျှော်လင့်တယ်”
ယဲ့ဖန်၏ အပြုံးက ပိုပို၍ ထေ့ငေါ့ပုံ ပေါ်လာ၏။
“ကျုပ်က မလုပ်ဘူးလို့ ငြင်းရင်ရော”
“မလုပ်ဘူး ဟုတ်လား”
ရှင်းကျီက ရယ်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“ဒါဆိုလည်း နင် အရိုးတောင်မကျန်ဘဲ သေရမယ်လို့ ငါ ကတိပေးရတာပေါ့”
“ဒီတော့ သတ်မယ်လို့ ခြိမ်းခြောက်တာပေါ့ ဟုတ်တယ်မလား”
ယဲ့ဖန်၏ ရင်ထဲတွင်လည်း ဒေါသစိတ်များနှင့် ပြည့်နှက်နေသည်။
“အဲ့တော့ ဘာဖြစ်လဲ”
ကျီးကန်း တာအိုသခင်က အထင်သေးစွာ ပြုံးနေ၏။
“ဒီနေ့ ငါ မင်းဆီကို လာရတဲ့ အကြောင်းရင်းက မင်းကို နောက်ဆုံး အခွင့်အရေး ပေးဖို့ပဲ၊ ဟေ့ကောင်လေး မင်း လင်းအာကို ထားခဲ့မယ်လို့ ကတိပေးသရွေ့ ငါ မင်းကို လက်ဗလာနဲ့ မထားပါဘူး၊ ငါ မင်းကို ငွေတွေ အများကြီး ပေးမှာပါ၊ ဆုသေးသေးလေးဘဲ မဟုတ်ဘူး”
“တကယ်တမ်း မင်းလိုချင်တာက သူ မဟုတ်ဘဲ သူ့ခန္ဓာကိုယ်က ပစ္စည်းလေ၊ ငါ မင်းကို ပေးမယ့်အရာက အဲ့လောက် မကောင်းပင်မယ့် မင်းအတွက် သေချာပေါက် အကျိုးအမြတ်များပြီး မင်းကျင့်စဉ်ကိုလည်း တိုးမြှင့် နိုင်မှာပါ”
သူသည် ကြည့်ပြီး အထင်သေးဟန်ဖြင့် ဆက်ပြုံး၍ ပြောလေသည်။
“အရေးအကြီးဆုံးကတော့ မင်းအသက်ကို မင်း စိတ်ပူစရာ မလိုတော့ဘူးပေါ့”
“ခင်ဗျားပြောချင်တာ ဟွမ်ကျုံးလီလား”
ယဲ့ဖန် မဆင်မခြင် ပြောလိုက်သည်။ သူ့စကားကိုကြားသော် ကျီးကန်း တာအိုသခင် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးတွင်းမှ လူသတ်ချင်စိတ်က ပိုပို၍ ပြင်းထန်လာ၏။
*တကယ်ပါပဲ*
*အဲ့အရူးမလေး လင်းအာက သူ့ကို အားလုံး ပြောပြထားတာကိုး*
ယဲ့ဖန်၏ အမူအရာက ရုတ်တရက် အေးစက်သွားပြီး ကျီးကန်းတာအိုသခင်အား စူးရှစွာ ကြည့်လိုက်သည်။
“ကြည့်ရတာ ခင်ဗျားလည်း ဟွမ်ကျုံးလီကို လိုချင်လို့ တိုက်ခိုက်နေတာနဲ့ တူတယ်”
“တိတ်စမ်း ငါ့ကို မင်းလို မကောင်းတဲ့ကောင် ထင်နေလား”
သူသည် အမြီးတက်နင်းခံလိုက်ရသကဲ့သို့ ဒေါသထွက်လာသည်။ ဟွမ်ကျုံးလီက တစ်မူထူးခြားသော်လည်း ကျီးကန်း တာအိုသခင်ဟူသော သူ့အတွက် တန်ဖိုးမရှိပါ။
ယဲ့ဖန် တွေဝေသွားသည်။
“ခင်ဗျားရဲ့ ပန်းတိုင်က ဟွမ်ကျုံးလီ မဟုတ်ဘူးဆိုတော့ ခင်ဗျား ဘာလို့ အဲ့ကလေးမလေး ဟွမ်ယွီလင်းကို ကရုဏာ သက်ပြီး လိုက်လျောပေးနေရတာလဲ၊ ခင်ဗျား သူ့ကို သဘောကျနေလို့လို့တော့ မပြောနဲ့”
“ဘာလို့လဲဆိုတော့ သူက သခင်မ ရွေးချယ်ထားတဲ့ တစ်ယောက် ဖြစ်နေလို့ပဲ၊ အဲ့ဒါတစ်ခုတည်းနဲ့တင် ငါ သူ့ကို တစ်သက်လုံး ကာကွယ်ပေးဖို့ လုံလောက်နေပြီ”
ကျီးကန်းတာအိုသခင်က ရုတ်တရက် လေးစားကြည်ညိုစိတ် ပြလာပြီး သူ ပြောလိုက်သည့် သခင်မအပေါ် အလွန် လေးစားစိတ် ရှိပုံ ပြနေသည်။
ယဲ့ဖန် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး မျက်လုံးပြူးသွားလေသည်။
“အိုးရန်ချင်ရွှယ်”
“သခင်မနာမည်ကို အဲ့လို မခေါ်နဲ့”
ကျီးကန်း တာအိုသခင် ထအော်လာပြီး ရုတ်တရက် တောင်ထိပ်တစ်ခုလုံး တုန်ခါလာကာ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး မသိလျင် မိစ္ဆာဝိညာဉ် မွေးဖွားလာတော့မည့်ဟု ထင်မှတ်ရကာ တောင်ထိပ်တစ်ခုလုံး ပျက်စီး လာတော့မည့်ပုံပင်။
ကျီးကန်း တာအိုသခင်က ခက်ထန်သော မျက်နှာထားဖြင့် ယဲ့ဖန်အား နုတ်နုတ်စင်းချင်သကဲ့သို့ စူးစိုက်ကြည့် လေသည်။
သူ့ရင်ထဲမှ လေးစားရသော လူပုဂ္ဂိုလ်အား ယဲ့ဖန်က နာမည်တပ်ခေါ်သောကြောင့် သူ အလွန်အမင်း ဒေါသထွက် နေ၏။
ယဲ့ဖန် အံ့ဩသွားသည်။ ကျီးကန်းတာအိုသခင်က သူ့မိခင်ကို အလွန် လေးစားယုံကြည်သူ ဖြစ်မှန်း သူ မြင်နေ ရပါသည်။ ကျီးကန်းတာအိုသခင်သည် အခြားသူများအား သူ လေးစားရသူအပေါ် နည်းနည်းလေးမျှ ရန်စခွင့် မပြုနိုင်ပါ။
“ဟေ့ကောင် မဆင်မခြင် ထပ်ပြောလို့ကတော့ သတိထားနေ၊ ငါ မင်းကို သတ်ပစ်မယ်”
ကျီးကန်း တာအိုသခင်က ယဲ့ဖန်အား သတ်ချင်သော အရှိန်အဝါတို့နှင့် စိုက်ကြည့်လေသည်။ ယဲ့ဖန် မတတ်သာဟန် ပြုံးလိုက်သည်။ အကယ်၍ ကျီးကန်း တာအိုသခင်သာ ဤအပြုအမူနှင့် လွန်ခဲ့သော တစ်မိနစ်က သူ့ကို ပြောခဲ့လျင် သူ ချက်ချင်း လှုပ်ရှား၍ သတ်ပစ်လောက်သည်။
သို့သော် ကျီးကန်း တာအိုသခင်နှင့် သူ့မိခင်တို့၏ ပတ်သတ်ပုံကို သိပြီးနောက် သူ ထိုသို့ အလွယ်တကူ မလုပ်နိုင်တော့ပါ။ ကျီးကန်းတာအိုသခင်က သူ့မိခင်ကြောင့် ဉာဏ်အလင်းရလာသူ ဖြစ်ပြီး သူ့မခင်၏ မွေးစားသမီး ဟွမ်ယွီလင်းကို ကာကွယ်ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။ ဤသို့သော သစ္စာရှိ ကျေးကျွန်ကို ကျိုးကြောင်းမရှိဘဲ မသတ်နိုင်ပါ။
ကျီးကန်းတာအိုသခင်သည် သူ့စကားက သူ့အသက်ကို ကယ်လိုက်ကြောင်း တွေးမိမည် မဟုတ်ပါ။ ယဲ့ဖန် ဘာမှမပြောသည်ကို ကြည့်ပြီး ကျီးကန်း တာအိုသခင်က သူ့ကြောင့် ကြောက်သွားသည်ဟု ထင်ကာ အထင်သေး သလို ပြုံးလိုက်သည်။
“သူ့ကို ထားခဲ့၊ ဘာလို့လဲဆိုတော့ မင်းက သူနဲ့ မထိုက်တန်ဘူး”
စကားလုံးတိုင်း၌ အထင်သေးမှုများ ပြည့်နှက်နေသည်။ ဟွမ်ယွီလင်းသည် သခင်မ၏ မွေးစားသမိး ဖြစ်သည်။ ထိုအချက်နှင့်တင် ယဲ့ဖန်က သူမ၏ ဖိနပ်ကိုပင် သယ်ပေးရန် အရည်အချင်း မရှိပေ။
“ဪ ခင်ဗျားစိတ်ထဲမှာ ကျုပ်က မထိုက်တန်ရင် ဘယ်သူက သူနဲ့ ထိုက်တန်တာလဲ”
ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။
“ဒီလောကမှာ လင်းအာနဲ့ ထိုက်တန်တဲ့လူ တစ်ယောက်ပဲ ရှိမယ်ဆိုရင် အဲ့လူက ယဲ့ဘုရင်ပဲ”
ကျီးကန်း တာအိုသခင်က တင်စီးစွာ ပြောလိုက်သည်။ သူတောင်မှ ထိုလူကို လေးစားရလေသည်။ ဤလောက၌ သူ တလေးတစား ဆက်ဆံခြင်း ခံရထိုက်သူဟူ၍ နှစ်ယောက်သာ ရှိသည်။
တစ်ယောက်မှာ သူ လေးစားရသော အိုးရန်ချင်ရွှယ် ဖြစ်ပြီး နောက်တစ်ယောက်မှာ သူ လေးစားရသော ယဲ့ဘုရင်ပင်။
“ခွီ …”
ယဲ့ဖန် ကိုယ့်တံတွေး ကိုယ်သီးလုနီးပါး ဖြစ်သွားရသလို ရယ်လုနီးနီး ဖြစ်သွားလေသည်။
“မင်းက ဘာကို ရယ်တာလဲ”
ကျီးကန်း တာအိုသခင် မျက်မှောင်ကြုတ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ငေါက်လိုက်သည်။
*ဒီခွေးမသားလေးက တော်တော် မောက်မာတာပဲ၊ ငါ့ကို ဒီအပြုအမူနဲ့ ခဏခဏ ရန်စနေတယ်*
ယဲ့ဖန် ခေါင်းခါလိုက်သည်။
“စိတ်မပူနဲ့ ကျုပ် ဟွမ်ယွီလင်းကို စိတ်မဝင်စားဘူး၊ ကျုပ် သူ့ကို ညီမလေးလိုပဲ သဘောထားတာ”
“အဲ့တော့ မင်း သူ့ကို ထားခဲ့ဖို့ စိတ်ကူးပြီလား”
ကျီးကန်းတာအိုသခင်က ဟုတ်လှပြီထင်သော အပြုံးမျိုး ပြုံးလိုက်သည်။ တော်တော်ကြာအောင် စကားပြော ပြီးနောက် တစ်ဖက်လူက နာခံလာပြီ မဟုတ်ပါလော။
*ဒီကောင် အခြေအနေ အချိန်အခါကိုတော့ သိသားပဲ*
“ကျုပ် သူ့အပေါ် ခံစားချက်မရှိပင်မယ့် ဒါက ခင်ဗျား ကျုပ်ကို အမိန့်ပေးဖို့ အရည်အချင်း ရှိတယ်လို့ မဆိုလိုဘူး”
ယဲ့ဖန်၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး လေသံက အေးစက်လာသည်။
“ကျုပ် သူများတွေ အမိန့်ပေးတာကို လက်ခံဖို့ မပြောနဲ့ ကျုပ်ကို ခြိမ်းခြောက်လာရင်တောင် မကြိုက်ဘူး”
ကျောချမ်းဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်။ ကျီးကန်း တာအိုသခင်ရဲ့ အမူအရာ မသိမသာ ပြောင်းလဲလာပြီး လက်ရှိတွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အလွန် အန္တရာယ်များသော အငွေ့အသက်ကို သူ ခံစားလိုက် မိသည်။
*ဒီကောင်က ငါ့ကို အန္တရာယ်ရှိတယ်လို့ ခံစားရအောင် တကယ် လုပ်နိုင်တာလား*
*ငါ သူ့ကို အထင်သေးမိပြီနဲ့တူတယ်၊ ဒီကောင်က မျက်နှာနှစ်ဖက် ရှိတာပဲ*
“လူငယ်လေး မင်းက အခုထိ မောက်မာနေသေးတာပဲ*
ကျီးကန်း တာအိုသခင်က ဒေါသနှင့် ခနဲ့လေသည်။ သူ ဤမျှ ပြောထားမိသော်လည်း ယဲ့ဖန် မလွန်ဆန်ဘဲ နေနိုင်လိမ့်မည်ဟု ထင်မထားမိပါ။
“ငါ ငယ်ငယ်တုန်းကလည်း မင်းလို မောက်မာခဲ့ဖူးတယ်၊ အဲ့တာကြောင့် အတော်လေး ဒုက္ခများခဲ့တာ၊ နံရံနဲ့ ခဏခဏ စောင့်မိပြီးမှ ငါ အသိတရား ရလာတာ၊ လူတစ်ချို့မှ မင်းမသိနိုင်တဲ့ အရာတွေ ရှိနိုင်တယ်၊ မင်း မလုပ်တဲ့ တစ်စုံတစ်ရာလည်း ရှိနိုင်တယ်”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။
“အဲ့တာ ခင်ဗျားလေ၊ ခင်ဗျား အသုံးမကျတိုင်း သူများကို ခင်ဗျားလို မတွေးနဲ့၊ အခြားသူတွေကို မဟုတ်တာတွေ ပြောမနေနဲ့”
ကျီးကန်း တာအိုသခင် မလုပ်နိုင်သောအရာကို သူလည်း မလုပ်နိုင်ဟု မထင်ပါ။
“နင် သေချင်နေတာပဲ”
ရှင်းကျီ ရုတ်တရက် ဒေါသထွက်သွားပြီး လက်ထဲ၌ နှစ်ဘက်ချွန် ဓားမြောင်ကိုကိုင်၍ ယဲ့ဖန်ကို တိုက်ခိုက်ရန် ပြင်လေသည်။
သို့သော် ထိုအချိန်၌ ကျီးကန်း တာအိုသခင်က သူမကို တားလိုက်ပြီး မြောက်ဘက်မှ ကြယ်သဖွဘ် တောက်ပနေသော နေရာကို လက်ညှိုးထိုးလိုက်သည်။
“အဲ့ဒါ ဘယ်နေရာလဲ မင်း သိလား”
“အင်ပါယာရဲ့ မြို့တော်လေ”
ယဲ့ဖန် ပြန်ဖြေလိုက်သည်။ အင်ပါယာ၏ မြို့တော်သည် ခမ်းနားထည်ဝါသည်။ ညတာပင် နေ့ဘက်ကဲ့သို့ လင်းထိန်နေသဖြင့် နေလုံးဝ မဝင်ဘဲ ရှိနေသည်ဟု ထင်ရ၏။ ထို့ကြောင့် အင်ပါယာ၏ မည်သည့်နေရာမှ ဖြစ်စေ အင်ပါယာ မြို့တော်ကို ရှင်းလင်းစွာ လှမ်းမြင်ရသည်။
“အင်ပါယာရဲ့ မြို့တော်က ခမ်းခမ်းနားနား တည်ရှိနေပြီးတော့ မိုင်ထောင်ချီအထိ ဝါးမျိုနိုင်တဲ့ အစွမ်း ရှိတယ်၊ အင်ပါယာရဲ့ အကြီးဆုံးမြို့ပဲ”
ကျီးကန်း တာအိုသခင်က ဖြည်းဖြည်းချင်း ပြောလေသည်။
“ဒါပေမဲ့ ဒီလောကက ဒီတော်ဝင်မြို့တော်ထက် ပိုအင်အားကြီးတာ မင်း သိလား၊ မြို့တွေက နွားပေါက်လေးရဲ့ အမွေးလို များတာကိုရော မင်း သိလား၊ လေနယ်မြေက ဗီယင်ကျန်းမြို့၊ မီးနယ်မြေက သွေးဘီလူး ခံတပ်၊ အဲ့မြို့တစ်ခုစီရဲ့ နယ်မြေက ကျုံးကျိုးအင်ပါယာတစ်ခုလုံးထက် ပိုကြီးတယ်”
“မင်း အခုမြင်နေရတာက ကယူးရှူ သမုဒ္ဒရာ၏ အစက်တစ်စက်လောက်ပဲ ရှိတယ်၊ ကျုံးကျိုး အင်ပါယာလေးက ဘာမှမဟုတ်ဘူး၊ ပြီးတော့ လင်းအာမှာ တစ်လောကလုံးက အရူးအမူး လိုချင်တဲ့ မွေးရာပါ စိတ်ဝိညာဉ် အရင်းအမြစ် ရှိတယ်၊ မင်း ဒါကို တားနိုင်သလား”
ကျီးကန်း တာအိုသခင်က အထင်သေးစွာ ပြုံးလိုက်သည်။
“အနီးစပ်ဆုံးအရာနဲ့ ဥပမာပေးရရင် မိစ္ဆာမျှော်စင်က မျှော်စင်သခင်က လင်းအာကို မျက်စိကျနေတာ ကြာပြီ၊ မင်းသာ သူ့ကို ယဲ့ဘုရင်လို အနိုင်ယူနိုင်ရင် မင်းတို့အချစ်ရေးကို ငါ ဝင်တားမှာ မဟုတ်ဘူး၊ စိတ်မကောင်းစရာက မင်း မလုပ်နိုင်ဘူးလေ”
ယဲ့ဖန် ပြုံးလိုက်ပြီး ဘာမှမရှင်းပြချေ။ သူ အပြုံးနှင့်သာ ပြန်ပြောလိုက်သည်။
“အင်ပါယာတစ်ခုလုံးက ကယူးရှူရဲ့ နယ်မြေတွေထဲက တစ်ခု၊ သမုဒ္ဒရာထဲက အစက်လေး တစ်စက်လို့ ပြောခဲ့တယ် မဟုတ်လား၊ ဒါပေမဲ့ ကယူးရှူ ကိုးပြည်နယ်ကြီး တစ်ခုလုံးနဲ့ တစ်လောကလုံးက ကျုပ်မျက်လုံးထဲမှာ ဖုန်မှုန့်လို သေးငယ်တယ်ဆိုတာကိုရော ခင်ဗျား သိလား”
စကြဝဠာ၏ နတ်ဆိုးဧကရာဇ်ဖြစ်သော သူသည် နေအစင်းတစ်သောင်း၏ အလင်းကို မြင်ဖူးသလို ကြယ်တာရာ များစွာကို ခရီးနှင်ခဲ့ပြီး မရေတွက်နိုင်သော ဂြိုဟ်များ၏ ပျက်စီးခြင်းကိုလည်း မြင်ခဲ့ဖူးသည်။
ဘဝ၏ အနိမ့်အမြင့် အတက်အကျ၊ အချိန်၏ အပြောင်းအလဲ၊ သက်ရှိများ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကိုလည်း မြင်တွေ့ခဲ့သည်။ တစ်ချိန်ချိန်၌ တစ်လောကလုံးတောင် ပျောက်ကွယ်သွားနိုင်ချေ ရှိသည်။ ထိုသို့သော အချိန် ရောက်လာလျင်တောင်မှ ယဲ့ဖန်သည် ထာဝရ အသက်ရှင်၍ မသေဆုံးနိုင်ဘဲ တည်ရှိနေမည် ဖြစ်သည်။
ကျီးကန်းတာအိုသခင် မှင်တက်သွားသည်။ ဤမျှ မောက်မာသောလူကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
*သူ့မျက်လုံးထဲမှာ ကယူးရှူ ကိုးပြည်နယ်နဲ့ တစ်လောကလုံးက ဖုန်မှုန့်လို သေးငယ်တယ် ဟုတ်လား၊ ဘယ်လိုတောင် အဓိပ္ပာယ် မရှိတဲ့ စကားလဲ၊ ဒီလိုစကားမျိုး ငါတောင် မပြောရဲဘူး”
“ယဲ့ဘုရင်လိုအစွမ်းမရှိဘဲနဲ့ ယဲ့ဘုရင်လို ထက်မြက်ချင်ယောင်ဆောင်နေတာပဲ”
ကျီးကန်းတာအိုသခင်က ခနဲ့ကာ နောက်လှည့်၍ ပြန်ထွက်သွားသည်။ သူ ယဲ့ဖန်နှင့် စကားဆက်ပြောရန် စိတ်မပါတော့ချေ။ သူ့စိတ်ထဲတွင် ယဲ့ဖန်က ရူးမိုက်ရုံသာမက မောက်မာနေလေသည်။
*ဘာအရည်အချင်းမှမရှိတဲ့ ဒီလိုအမှိုက်ကောင်က သေဖို့ သိပ်မဝေးတော့ဘူး*
“ဆရာ သူ့ကို ယဲ့ဘုရင်နဲ့ ထပ်နှိုင်းမယ်ဆိုရင် ဒီတပည့်က ဆရာ့ကို ရန်လုပ်မှာကိုလည်း သတိထားပါ”
ရှင်းကျီက စိတ်ဆိုးမာန်ဆိုး ပြောလေသည်။
*ဒီကောင်က ဘာအရည်အချင်းရှိလို့ ယဲ့ဘုရင်နဲ့ နှိုင်းရမှာလဲ၊ ဒါ ငါ့စံပြပုဂ္ဂိုလ်ကို စော်ကားရာ ရောက်မနေ ဘူးလား*
ထိုအခိုက်တွင် ယဲ့ဖန်က သူမအနောက်မှနေ၍ လှမ်းအော်ပြောလိုက်သည်။
“ဟေ့ တကယ်တော့ ဟွမ်ယွီလင်းက မင်းကို ညာခဲ့တာ၊ ယဲ့ဘုရင်က မိန်းမတွေကို သဘောကျတာ”
ရှင်းကျီက နောက်လှည့်၍ ယဲ့ဖန်အား မာမာထန်ထန် စိုက်ကြည့်လေသည်။
“အရူး”
ယဲ့ဖန် ရယ်မောလိုက်ပြီးနောက် လက်နောက်ပစ်၍ အင်ပါယာမြို့တော် ရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။
“ကယူးရှူတစ်ခုလုံးက ငါ့လက်ထဲမှာ ကစားစရာ တစ်ခုလို ဖြစ်ခဲ့တာပဲ၊ ဒီမလောက်လေး မလောက်စား အင်ပါယာက ဘာလုပ်ရမှာလဲ”
“ဆရာ ကျွန်မတို့ အဲ့ကောင်ကို မသတ်ဘူးလား”
အပြန်လမ်း၌ ရှင်းကျီက မကျေမနပ် ဖြစ်နေပုံပေါ်ကာ သူမ နှစ်သက်ရသော ယဲ့ဘုရင်ကို တွေးနေမိသည်။ ယဲ့ဘုရင်အား သူ့လိုလူနှင့် ယှဉ်လိုက်ရသည်ကို သူမ ရွံသလို ခံစားလိုက်ရသည်။
*လျှာစောင်းထက်တာကလွဲရင် ဘယ်လိုယောက်ျားမှန်းကို မသိဘူး*
ထိုအခါ ကျီးကန်း တာအိုသခင်က သုန်မှုန်သော မျက်နှာထားနှင့် ရှိနေပြီး ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။
“အရူးမလေး တစ်ခါတလေ လူတစ်ယောက်ကို သတ်တာက မင်းကိုယ်တိုင် လုပ်စရာ မလိုဘူးလေ”