ဝမ်ကောဖူ
Vol. 90 Ch. 1337
နောက်တစ်နေ့ မနက်စောစော၌ ယဲ့ဖန်၏ တံခါးဝ၌ ခပ်ပြင်းပြင်း တံခါးခေါက်သံ ထွက်ပေါ်လာသည်။ သူ တံခါးဖွင့်လိုက်သောအခါ ဟွမ်ထျန်းချန်က တံခါးရှေ့၌ စိုးရိမ်တကြီး ရပ်နေပြီး အသံကျယ်ကျယ်ဖြင့် ပြောလာသည်။
“လူကြီးမင်းယဲ့ မကောင်းတော့ဘူး ပြဿနာတက်ပြီ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ယဲ့ဖန် အဝတ်အစားလဲ၍ ဟွမ်မိသားစု၏ အိမ်တော် ဧည့်ခန်းသို့ ရောက်သောအခါ သတင်းစာတစ်စောင်ကို ကိုင်ပြီး မျက်မှောင်ကြုတ်သွားရသည်။
သတင်းစာ တစ်ခုလုံး၏ ရှေ့မျက်နှာဖုံးအား မျက်စိပြာသွားလောက်သည့် စာလုံးကြီးကြီးအချို့က နေရာယူကာ ရေးသားထားသည်။
“ဟွမ်မိသားစုရဲ့ သခင်မလေး ဟွမ်ယွီလင်းမှာ မွေးရာပါ စိတ်ဝိညာဉ် အရင်းအမြစ် ဟွမ်ကျုံးလီ ရှိတယ်”
“ဒါ ဘယ်လိုလုပ် ဖြစ်ရတာလဲ၊ ဒီကိစ္စကို ဘယ်သူ ဖြန့်လိုက်တာလဲ”
ဟွမ်ထျန်းချန်၏ မျက်နှာက သုန်မှုန်နေပြီး ဟွမ်ယွီလင်းအတွက် စိုးရိမ်တကြီး ဖြစ်နေသည်။ ယဲ့ဖန်၏ လက်ချောင်းများက စားပွဲကို တတောက်တောက် ခေါက်နေသည်။ သူ့စကားကို ကြားသောအခါ ရုတ်တရက် လက်တောက်နေသည်ကို ရပ်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ယဲ့မိသားစု ဒုတိယဘိုးဘေး”
အခြားသူများက ထိုသို့လုပ်ရန် မဖြစ်နိုင်ပါ။ ဤကိစ္စအား လူအချို့သာ သိကြသည်။ ဟွမ်ထျန်းချန်နှင့် သူက ဟွမ်ယွီလင်းကို ထိခိုက်အောင် မလုပ်နိုင်ပါ။ ထို့အတူ ကျီးကန်း တာအိုသခင်ကလည်း ဟွမ်ယွီလင်း၏ စောင့်ရှောက်သူ ဖြစ်သဖြင့် ဤသိုလုပ်ရန် ပို၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် ယဲ့မိသားစု ဒုတိယဘိုးဘေးသာလျင် သံသယ အဝင်ရဆုံးသူ ဖြစ်သည်။
“ဘာ … သတင်းသာ ပြန့်သွားရင် လိုချင်တဲ့လူတွေ ပိုများလာတော့မှာလေ၊ သူ ဘာလို့ ဒီလိုလုပ်ရတာလဲ”
ဟွမ်ထျန်းချန် ပဟေဠိ ဖြစ်နေ၏။ မွေးရာပါ စိတ်ဝိညာဉ် အရင်းအမြစ် ဟွမ်ကျုံးလီသည် နတ်ဘုရင်တောင်မှ လုယူချင်သော အရာ ဖြစ်ပြီး ဒုတိယဘိုးဘေးသာ ဤသို့ သတင်းဖြန့်လိုက်လျင် သူ့အတွက်ပါ ယှဉ်ပြိုင်သူ တိုးလာမည် မဟုတ်ပါလော။
“ဘာလို့လဲဆိုတော့ ကျုပ် ဝူချီဖုန်းကို သတ်လိုက်ပြီးတော့ ခင်ဗျားတို့နဲ့ ပတ်သက်မှုကို သိအောင် ပြလိုက်မိလို့ပဲ၊ ကျုပ်ကလည်း ဟွမ်ကျုံးလီကို လိုချင်နေတယ်လို့ သူ ထင်ကောင်း ထင်နေလိမ့်မယ်၊ အဲ့ဒါကြောင့် ကျုပ်လက်ထဲကို ရောက်လာမယ့်အစား လူတိုင်း ဝိုင်းလုတာ ပိုကောင်းတယ်လို့ တွက်လိုက်တာ ဖြစ်မယ်၊ သူ မရနိုင်တဲ့အရာကို အခြားဘယ်သူမှ မရအောင်လို့ပေါ့”
“ဒီလူအိုကြီးကတော့”
ဟွမ်ထျန်းချန် အံကြိတ်လာသည်။ ဟွမ်ယွီလင်း၏ ကိုယ်ထဲမှ ဟွမ်ကျုံးလီကို သူ မရနိုင်တော့သည်နှင့် သူမကို သေအောင် ဖျက်ဆီးသည်တဲ့လား။
ဟွမ်ယွီလင်းသည်လည်း မျက်နှာဖြူရော်နေပြီး ကြောက်လွန်းသဖြင့် စကားပင် မပြောနိုင်ချေ။ ယခု သူမအကြောင်း ပေါ်သွားပြီဖြစ်သဖြင့် လောကထဲမှ လူမည်မျှများများက ရှုကျိုးသို့ အပြေးလာကာ သူမကို ရှာ၍ သူမအား တစ်စစီ ဖြစ်အောင် လုပ်မလဲ မသိတော့ချေ။
မရေတွက်နိုင်သော သန်မာသည့် ရန်သူများနှင့် ရင်ဆိုင်ရလျင် ယဲ့ဖန် အသတ်မခံရလျင်တောင်မှ သေမတတ် ဒုက္ခများနေဦးမှာပင်။
ထိုစဉ် ဧည့်ခန်းထဲသို့ လူနှစ်ယောက် တိတ်တဆိတ် ရောက်ရှိလာသည်။ ထိုသူများမှာ ကျီးကန်း တာအိုသခင်နှင့် ရှင်းကျီပင်။
ဟွမ်ထျန်းချန် စကားပြောရန် ပြင်လိုက်သည်နှင့် ကျီးကန်း တာအိုသခင်က လက်ကာပြ၍ အရေးမစိုက်သလို ပြောလိုက်သည်။
“ဘာဖြစ်နေလဲ ငါ သိပြီးပြီ၊ ငါ လင်းအာကို ခဏလောက် ခေါ်သွားမယ်၊ သူ ငါ့နောက်လိုက်ပြီး နောင်ပိုင်း ကျင့်ကြံပေါ့”
“ဘာ”
ဟွမ်ထျန်းချန်နှင့် ဟွမ်ယွီလင်းတို့ တအံ့တဩ ထအော်လေသည်။ တစ်ယောက်က အင်တင်တင် ဖြစ်နေပြီး နောက်တစ်ယောက်က စိတ်မပါချေ။
အထူးသဖြင့် ဟွမ်ယွီလင်းပင်။ ကျီးကန်း တာအိုသခင်နောက်လိုက်၍ ကျင့်ကြံရမည်ဆိုလျင် သူမ ယဲ့ဖန်ကို ထားခဲ့ရမည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။ နောင်တစ်ချိန် ပြန်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။
ဟွမ်ထျန်းချန်က တောင်းပန်သလို ပြုံး၍ ပြောလိုက်သည်.
“တာအိုသခင် အခြားနည်းလမ်း မရှိဘူးလား”
ကျီးကန်း တာအိုသခင် မျက်မှောင်ကြုတ်သွားပြီး ဟွမ်ထျန်းချန်ကို စူးစိုက်ကြည့်လေသည်။
“မင်းမှာ ပိုကောင်းတဲ့ နည်းလမ်းရှိလား၊ နောက်ပိုင်းကျရင် ငါ့ထက် မနိမ့်တဲ့ ရန်သူတွေ ရောက်လာမှာ၊ မင်းအနေအထားလောက်နဲ့ လင်းအာကို ကာကွယ်နိုင်သလား”
“ဒါက …”
ဟွမ်ထျန်းချန် ချီတုံချတုံ ဖြစ်နေပြီးနောက် ယဲ့ဖန်ကို လှမ်းကြည့်လေသည်။ ဤသေးငယ်သော အပြုအမူအား ကျီးကန်း တာအိုသခင်က ချက်ချင်း သရော်လိုက်သည်။
“သူက လင်းအာကို ကာကွယ်နိုင်တယ်လို့ မင်း ပြောချင်တာလား၊ မင်း လာနောက်နေတာလား၊ ငါ ဒီမှာ နေရင်တောင်မှ လင်းအာကို အန္တရာယ်ကင်းအောင် ထားနိုင်ပါ့မယ်လို့ ငါ အာမမခံနိုင်တာ၊ သူက ဘာလို့ လုပ်နိုင်မှာလဲ၊ ဟွမ်ထျန်းချန် မင်း အသက်ရလာတော့ တွေဝေလာပြီနဲ့ တူတယ်”
ထိုစဉ် ဟွမ်ယွီလင်းကလည်း ယဲ့ဖန်ကို စိတ်အားတက်ကြွစွာ ကြည့်နေပြီး ယဲ့ဖန် ထရပ်၍ သူမကို ဒီမှာ နေခဲ့စေရန် တစ်ခုခု ဝင်ပြောပါစေဟု မျှော်လင့်နေ၏။
“ငါ သူ့ကို မကာကွယ်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ”
ထိုစဉ် သိပ်မကျယ်သော်လည်း လူတိုင်း ကြားရသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ဖန်က ပြုံးလိုက်ပြီး ကျီးကန်း တာအိုသခင်တို့ ဆရာတပည့် နှစ်ယောက်အား အကြောက်လန့် မရှိသော မျက်နှာနှင့် ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရှင်းကျီ ဒေါသထွက်သွားပြီး အထင်သေးစွာ ပြုံးလိုက်လေသည်။
“နင့်ကိုယ်နင် နှိပ်စက်တတ်သူကြီးလို ဟန်ဆောင်နေတာလား၊ ငါ့ညီမကို ကာကွယ်မယ် ဟုတ်လား၊ နင် လေကျယ်လွန်းမနေဘူးလား၊ နင် ဘယ်လိုရန်သူမျိုးနဲ့ ရင်ဆိုင်နေရမလဲ သိလား၊ ဘုရင်အဆင့်၊ သူတော်စင်သခင် အဆင့်၊ နတ်ဘုရင်အဆင့်လည်း ဖြစ်နေနိုင်တယ်”
“သူ့ကိုယ်သူတောင် မကာကွယ်နိုင်တဲ့ အမှိုက်ကောင်က အခြားသူတွေကို ကာကွယ်ဖို့ ကြိုးစားနေတာလား၊ နင် ငါ့ကို ရယ်အောင် လုပ်နေတာလား”
ရှင်းကျီ ယဲ့ဖန်ကို ပိုပို၍ မုန်းတီးလာသည်။
*သူ ဘယ်လိုရန်သူနဲ့ ရင်ဆိုင်ရမလဲ မသိလို့ ဒီလို ပြောရဲနေတာ၊ ဒီကောင်က မောက်မာပြီးရင်း မောက်မာနေ တော့တာပဲ*
*သူ့သေတွင်းသူတူးပြီး ဟွမ်ယွီလင်းကိုပါ အန္တရာယ်ထဲ ကျအောင် ဆွဲချနေတာ၊ ဒီကောင်က ဘာလို့ အမြဲ ရှူးရှူးရှားရှား ဖြစ်လွယ်တာလဲ*
“ငါ ကြိုးစားတောင် မကြိုးစားကြည့်ရသေးဘူး၊ ငါ သူ့ကို မကာကွယ်နိုင်ဘူးလို့ မင်း ဘယ်လို သိလဲ”
ယဲ့ဖန်က ယခုထိ အေးအေးလူလူ ပြောနေသေးသည်။
“ဟေ့ကောင် ငါ မင်းကို မသတ်ရဲဘူးလို့ မင်း ထင်နေလား”
ကျီးကန်း တာအိုသခင် ဒေါသထွက်သွားသည်။ သူ ယဲ့ဖန်ကို တော်တော်လေး သည်းခံခဲ့ပြီးပြီ ဖြစ်သည်။ ယခု အခြေအနေက အလျင်လိုနေသောလည်း ယဲ့ဖန်က အရှက်မရှိ မဟုတ်တမ်းတရားများ ပြောနေသေးသည်။ သူ တကယ် လူသတ်ချင်စိတ် ပေါ်နေ၏။
ယခု ဟွမ်ယွီလင်းကို အဝေးသို့ ခေါ်ထုတ်သွားခြင်းက အကောင်းဆုံး ဖြစ်သော်လည်း ဖခင်ဖြစ်သူနှင့် ဤလူငယ်လေးတို့က ဆက်တိုက် အချေအတင်ဖြစ်ကာ ဝင်နှောင့်ယှက်နေသောကြောင့် သူတို့ကြားမှ ဆက်ဆံရေး ပျက်ပြားလာရသည်။
ယဲ့ဖန်က ရယ်မော၍ သရော်လိုက်သည်။
“ဒါဆို လင်းအာ ခင်ဗျားနောက် လိုက်မယ်ဆိုရင် သူ တစ်ရာရာခိုင်နှုန်း လုံခြုံမယ်လို့ အာမခံနိုင်လား”
“ဒါက … ဘယ်သူက လာပြီး ပြဿနာရှာရဲမှာလဲ”
ကျီးကန်းတာအိုသခင် ပြန်ခနဲ့လိုက်သော်လည်း သူ့ကိုယ်သူ မယုံကြည်ပါ။ နတ်ဘုရင်များလည်း ရောက်လာ နိုင်သည် မဟုတ်ပါလော။
“ဒါပေမဲ့ အနည်းဆုံး မင်းနောက် လိုက်တာထက် ပိုသာတယ်”
“ဟဲဟဲ မင်း အဲ့လိုမလုပ်ရဲပင်မယ့် ငါကတော့ လုပ်ရဲတယ်”
ထိုစဉ် ယဲ့ဖန်၏ မျက်လုံးက တစ်မျိုး ပြောင်းသွားပြီး နတ်ဆိုးမီးအိမ်ကဲ့သို့ တလက်လက် တောက်ပလာ၏။ ထို့နောက် မမြင်ရသော ဖိအားတစ်ခု ပျံ့လွင့်လာလေသည်။
ကောင်းကင်ဘုံကိုးလွှာမှ နတ်ဘုရားတစ်ပါး ဒေါသထွက်ပြီး နတ်ဘုရားစွမ်းအင်များ ထုတ်ဖော်လာသည်ဟု ထင်မှတ်ရသည်။
အားလုံး မျက်နှာပျက်သွားပြီး ကျီးကန်း တာအိုသခင်နှင့် ရှင်းကျီတို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဒီကောင့်မှာ ဒီလို သန်မာတဲ့ အရှိန်အဝါ ရှိတာလား၊ ဒါ ထင်ယောင်ထင်မှား ဖြစ်တာလား*
“နင် … နင် ဘာလို့ ဒီလိုလုပ်တာလဲ”
ရှင်းကျီ အံကြိတ်၍ သူမရင်ထဲမှ ကြောက်စိတ်ကို ဖိနှိပ်၍ ယဲ့ဖန်ကို မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါ လင်းအာကို ဝမ်ကောဖူထဲ ဝင်ခိုင်းဖို့ စဉ်းစားထားလို့"
ထိုစကားက လှိုင်းထန်သွားစေသည်။
*ဝမ်ကောဖူလား*
လူတိုင်း မှင်တက်သွားကြသည်။
*ငါတို့ ဘာလို့ ဒါကို မတွေးမိတာလဲ*
ဝမ်ကောဖူသည် ကယူးရှူ ကိုးပြည်နယ်နှင့် နိုင်ငံ ဆယ်နိုင်ငံတို့ မဟာမိတ်ဖွဲ့၍ တည်ထောင်ထားသော ကျောင်းတော် ဖြစ်သည်။ ဤကျောင်းတော်သို့ ဝင်ရောက်နိုင်သည့်လူသည် လောက၏ ပါရမီရှင်တစ်ယောက် သို့မဟုတ် မျိုးဆက်တစ်ခု၏ နံပါတ်တစ်သာ ဖြစ်ပေသည်။
ယခုအထိ ဝမ်ကောဖူ ကျောင်းတော်ထံသို့ နိုင်ငံများစွာမှ နာမည်ကျော် သိုင်းပညာရှင်များကို စေလွှတ်ခဲ့သည်။ ထိုလူများထဲတွင် ဘုရင်အဆင့်က ငှက်မွေးသဖွယ် များပြားလှပြီး သူတော်စင်သခင်အဆင့်ကလည်း တစ်ရာနီးနီး ရှိလေသည်။ နတ်ဘုရင်အဆင့် သိုင်းပညာရှင်များပင် ဆယ်ယောက်နီးပါး ရှိသည်။
ထို့ကြောင့် ဝမ်ကောဖူဟူသော အမည်နာမက တစ်လောကလုံး၌ ကျော်ကြားလေသည်။ နိုင်ငံများစွာက ဝမ်ကောဖူကို မျက်နှာလုပ်ရသည်။ အဘယ်ကြောင့်ဆိုသော် ယင်း၌ နိုင်ငံအားလုံးမှ ပါရမီရှင်များ စုဝေးနေပြီး နိုင်ငံတစ်နိုင်ငံချင်းစီ၏ သူရဲကောင်းများ ရှိနေသောကြောင့်ပင်။ ဝမ်ကောဖူ ကျောင်းတော်နှင့် ရန်သူဖြစ်ခြင်းက တစ်လောကလုံးနှင့် ရန်သူ ဖြစ်လိုက်သလိုပင်။
ဤလောကမှ ဝမ်ကောဖူ ကျောင်းတော်၏ ဂုဏ်သတင်းသည် ကမ္ဘာဂြိုဟ်ပေါ်မှ ဟားဗတ်၊ ကိန်းဘရစ်နှင့် အခြား နာမည်ကျော် တက္ကသိုလ်များနှင့် အတူတူပင် ဖြစ်သည်။ မတူသည့် အချက်ဟူ၍ ကမ္ဘာဂြိုဟ်ပေါ်၌ ဟားဗတ် တက္ကသိုလ်ကဲ့သို့ နာမည်ကျော် တက္ကသိုလ်များ ပေါများသော်လည်း ဤယန်နယ်မြေ လောက၌ ဝမ်ကောဖူ တစ်ကျောင်းတည်းသာ ရှိလေသည်။ ထို့ကြောင့် ၎င်း၏ ဂုဏ်သတင်းက လောကပထမပင်။
အကယ်၍ ဟွမ်ယွီလင်းသာ ဝမ်ကောဖူသို့ ဝင်နိုင်မည်ဆိုလျင် မည်သူက သူမကို ထိရဲပါမည်နည်း။ တစ်ချိန်က ဝမ်ကောဖူမှ ပါရမီရှင် တပည့်တစ်ယောက်သည် နိုင်ငံငယ်တစ်ခု၏ ဘုရင်ကြောင့် အသတ်ခံခဲ့ရသည်။ ထို့အတွက် ရလဒ်မှာမူ ဝမ်ကောဖူ ကျောင်းတော်ဘက်က မလှုပ်ရှားခင် ကျောင်းတော်မှ အောင်သွားပြီးသော ထိုတပည့်၏ စီနီယာက သူတစ်ယောက်တည်းဖြင့် ထိုနိုင်ငံ၏ စစ်သည်တော် တစ်သိန်းကို ဖျက်ဆီးကာ ထိုဘုရင်အား အနိုင်ယူ၍ နိုင်ငံ့အာဏာကို ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် တစ်လောကလုံးမှ လူများ သတိပေးခံရသလို ဖြစ်သွားပြီး ဝမ်ကောဖူ ကျောင်းတော်မှ တပည့်များကို မထိပါးရဲတော့ချေ။
ဝမ်ကောဖူကို ဝင်ရောက်ခြင်းက ဟွမ်ယွီလင်းအတွက် ဘေးအကင်းဆုံး နည်းလမ်းပင်။ ဟွမ်ယွီလင်းကို တိုက်ခိုက်ရန် မည်သူက ဝမ်ကောဖူဘက်က လက်စားချေလာမည့် အရေးကို စွန့်စားရဲပါမည်နည်း။
ထို့အပြင် ဟွမ်ယွီလင်း၌ မွေးရာပါ စိတ်ဝိညာဉ် အရင်းအမြစ် ဟွမ်ကျုံးလီပါ ရှိနေသဖြင့် ဤသို့သော ပါရမီရှင်မျိုးကို ဝမ်ကောဖူက မည်သို့ ငြင်းပယ်မည်နည်း။
သို့သော် ယဲ့ဖန်က ဆက်ပြောလေသည်။
“ဒါပေါ့ ကျုပ်လည်း ဝမ်ကောဖူ ကျောင်းတော်ကို ဝင်ပြီးတော့ လင်းအာကို ကိုယ်တိုင် ကာကွယ်မယ်”
ထိုစကားကြောင့် ကျီးကန်း တာအိုသခင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
*ကိုယ်တိုင် ကာကွယ်မယ် ဟုတ်လား*
ထိုစကားက ကျီးကန်း တာအိုသခင်အား အရှိုက်ထိသွားစေသည်။ အထူးသဖြင့် ယဲ့ဖန်၏ မသိမသာ ရန်စသော အပြုံးကိုမြင်ပြီး သူ ပို၍ ဒေါသထွက်လာ၏။
*ဒီကောင် တမင်လုပ်တာပဲ*
*တမင် ငါ့ကို အရှက်ရအောင် လုပ်တာ*
ယဲ့ဖန်အား ဟွမ်ယွီလင်းနှင့် ဝေးဝေးနေရန် သူ ဖိအားပေးခဲ့သော်လည်း ယဲ့ဖန်က သူ့ကို အယောင်ပြ၍ တမင်သက်သက် လက်စားပြန်ချေခြင်း ဖြစ်သည်။
“အစ်ကိုယဲ့က သိပ်ဉာဏ်ကောင်းတာပဲ”
သူ့စကားကိုကြားသော် ဟွမ်ယွီလင်း အပျော်လွန်သွားပြီး ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ သူ့ပါးကိုတောင်မှ နမ်းလာ၏။ ထိုအခါ လူတိုင်း ကြက်သေ သေသွားကြသည်။ ဟွမ်ယွီလင်းက ဤမျှ အတင့်ရဲလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ပါးကို နမ်းလိုက်မိပြီးနောက် ဟွမ်ယွီလင်းသည်လည်း မျက်နှာနီရဲကာ လျှာလေးထုတ်၍ ခပ်ရှက်ရှက် ပြောလေသည်။
“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ စိတ်လှုပ်ရှားလွန်သွားလို့ပါ”
ယဲ့ဖန်က ပါးကိုပွတ်၍ မတတ်သာဟန်ဖြင့် ပြုံးလိုက်သည်။ ယဲ့ဖန် ဟွမ်ယွီလင်းကို ဝမ်ကောဖူသို့ ခေါ်သွားချင်သည့် အကြောင်းရင်းမှာလည်း အမှတ်မထင် ဆုံးဖြတ်မိသွားခြင်း ဖြစ်သည်။ သူ ယခင်က အစီအစဉ်များ ချမှတ်ထားပြီးသား ဖြစ်သည်။ သူ့မိသားစုနှင့် မိတ်ဆွေများကို ဘေးကင်းအောင် ထားနိုင်ရန် သန်မာသော အင်အားစုတစ်ခု သူ လိုအပ်သည်။
ဤဝမ်ကောဖူက မထင်မှတ်ဘဲ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ကောဖူက မိသားစုဝင်များကို ခေါ်လာခွင့်ပေးသောကြောင့်ပင်။ မိမိ၏ ဘဝ သို့မဟုတ် နောက်ခံကို မကြည့်ချေ။ မိမိက လမ်းပေါ်မှ သူတောင်းစား ဖြစ်နေလျင်ပင် အရည်အချင်း ရှိသည်နှင့် ဝမ်ကောဖူ မျက်စိကျခြင်း ခံရပေမည်။
နောက်တစ်နေ့၌ ယဲ့ဖန်က သူ့မိသားစုနှင့် ဟွမ်ယွီလင်းကို ခေါ်၍ ဝမ်ကောဖူ၏ တပည့် ဖြစ်လာရန် ဖြေဆိုရမည့် စာမေးပွဲကို အောင်မြင်ရန်အတွက် ရှုကျိုးမှ ဝမ်ကောဖူ ကျောင်းခွဲသို့ တန်းသွားလေသည်။
ကျောင်းခွဲအဝင်ဝ၌ လူပေါင်းများစွာ စုဝေးနေပြီး အများစုမှာ ဘုရင်အဆင့်များ ဖြစ်ကြသည်။ ပြဿနာ ဖြစ်ပွားခြင်းမှ ရှောင်ရှားရန်အတွက် ယဲ့ဖန်သည် သူ့သိုင်းအဆင့်အား တမင်သက်သက် ဖိနှိပ်ထားပြီး အခြား သူများအား ဈာန်ဝင်စားခြင်းအဆင့်ဟု ထင်မြင်အောင် လုပ်ထားလိုက်သည်။
“ဈာန်ဝင်စားခြင်းအဆင့်နဲ့ မျိုးမစစ်ကောင်ပါလား၊ အကဲဖြတ် စစ်ဆေးပွဲကို လာဝင်ပြိုင်ရအောင် တော်တော် အရှက်မဲ့တာပဲ၊ မင်း ဘာစားထားလို့ သတ္တိကောင်းနေတာလဲ”
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်နှင့် အခြားသူများအနောက်မှ သရော်လှောင်ပြောင်သံ ထွက်ပေါ်လာ၏။ ယဲ့ဖန် မျက်မှောင်ကြုတ်၍ နောက်လှည့်ကြည့်လိုက်သောအခါ နာမည်ကျော် သူဌေးသားတစ်ဖွဲ့က သူ့အား လှောင်၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် သူ့ဘေးမှ မိန်းကလေးကို ကြည့်နေသည့်အကြည့်၌ တဏှာရာဂစိတ်များ ဖုံးဖိမရအောင် ပေါ်လွင်နေ၏။ ယဲ့ဖန် ချက်ချင်း မျက်နှာ သုန်မှုန်သွားပြီး လူသတ်ချင်စိတ် ထွက်ပေါ်လာသည်။
“မင်း ဘာကြည့်တာလဲ၊ ယုံချင်ယုံ မယုံချင်နေ မင်း မျက်လုံးကို ငါ ဖောက်ထုတ်ပစ်လိုက်မယ်”
ရှေးခေတ် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ငါးနှစ်ကောင်ပုံ ခါးပတ်ပတ်ထားပြီး သူဌေးသားပုံ ဖမ်းထားသော လူငယ်တစ်ယောက်က သူ့ကို အေးစက်စက် မာန်မဲလေသည်။
“နင် ဘာစကား ပြောတာလဲ”
ကျုံးလီအာ ချက်ချင်း စိတ်မပျော်တော့ချေ။ သို့သော် ယဲ့ဖန်က သူမကို တားလိုက်ပြီး ပြုံးကာ ပြောလေသည်။
“ငါ့နာမည် စာရင်းသွင်းပြီးတဲ့အထိ စောင့်ဦး”
ကျုံးလီအာက သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် ယဲ့ဖန်အား ပျော်ရွှင်စွာ ရယ်မောပြလိုက်သည်။
“ယီးပဲ ငကြောက်ကောင်”
ထိုလူငယ်က ရုတ်တရက် ခနဲ့လေသည်။
“အစ်ကိုဝမ် ခင်ဗျားအတွက် သိုင်းပညာရှင် ဖြစ်ရတာ ခက်ခဲမှာပဲ ဟုတ်တယ်မလား၊ သူက အဆင့်နိမ့်နိမ့်လေးနဲ့ ခင်ဗျားလို နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်နဲ့ တွေ့တာတောင် တွေဝေမနေဘူး ဟားဟားဟား”
“ဟေ့ သူ့နားက ကောင်မလေးတွေက တော်တော် မျက်စိဖမ်းစားနိုင်တာပဲ၊ ခွေးကို နေမင်းအနား နေခိုင်းထား တာက စိတ်ပျက်စရာပဲ”
ဝမ်ရှောင် ဘေးနားမှ သူဌေးသားများက စတင်၍ ညစ်ညစ်ညမ်းညမ်း ပြောဆိုလာသည်။ ဝမ်ရှောင်ကလည်း ထီမထင်ဟန် ပြုံး၍ ဉာဏ်များသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“အမှန်ပဲ ဒီအမှိုက်ကောင်က ဘာများ ထိုက်တန်လို့ ဒီပြိုင်စံရှား မိန်းမလှလေးတွေနဲ့ တွဲနေရာတာလဲ၊ ဒီကောင်မလေးတွေက ငါလို့ ပါရမီရှင်နဲ့ပဲ ထိုက်တန်တာ”