← Chapters

အသိဝင်အောင် လုပ်ပေးရမယ်

Vol. 90 Ch. 1338

အသိဝင်အောင် လုပ်ပေးရမယ်

Vol. 90 Ch. 1338

“နာမည်”

“ဖုန်းယဲ့”

“သိုင်းအဆင့်”

“ဈာန်ဝင်စားခြင်း စဦးအဆင့်”

ယဲ့ဖန် သိုင်းအဆင့်ကို ပြောလိုက်သည်နှင့် သူ့ဘေးပတ်လည်မှ အထင်သေးသော လှောင်သံများ ထွက်ပေါ် လာသည်။

“ဈာန်ဝင်စားခြင်း စဦးအဆင့်လေးနဲ့ လူရွေးပွဲ လာဖြေရဲတယ်လား၊ မင်းကိုယ်မင်း မူကြိုကျောင်း တက်တယ်များ ထင်နေလား”

“ဟေ့ကောင် ဝမ်ကောဖူက မင်းလိုအမှိုက်ကောင် ဝင်လာနိုင်တဲ့ နေရာမဟုတ်ဘူး၊ အိမ်ပြန်ပြီး နို့သောက်နေ လိုက်ပါလား”

သူ့အနောက်မှ ဝမ်ရှောင်နှင့် အခြားသူများက ထပ်လှောင်ရယ်လေသည်။ စစ်ဆေးသူမှာ ဆံပင်များ ဖြူနေသော အဘိုးအို တစ်ယောက် ဖြစ်သည်။ ယဲ့ဖန်၏ စကားကို ကြားပြီးနောက် သူ မနေနိုင်ဘဲ မျက်နှာအေးစက်သွားကာ ပြန်မေးလိုက်သည်။

“မင်း ဒီကို ပြဿနာ လာရှာတာလား”

“ကျုပ်က ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိတယ်ဆိုပင်မယ့် နဂါးအသွင်ပြောင်းခြင်းအဆင့်ကို အနိုင်ယူနိုင်တယ်”

ယဲ့ဖန်က စိတ်မဆိုးဘဲ တည်ငြိမ်စွာ ရှင်းပြလေသည်။

“ဟားဟားဟား ဈာန်ဝင်စားခြင်းအဆင့်လေးက နဂါးအသွင်ပြောင်းခြင်းအဆင့်ကို နိုင်တယ်တဲ့၊ မင်း ဘုရင် အဆင့်ကို သတ်နိုင်တယ်လို့ ပြောတာက ပိုမကောင်းဘူးလား”

ဝမ်ရှောင်က ခွက်ထိုးခွက်လန် ရယ်လိုက်ပြီးနောက် ပြောလေသည်။

“မိန်းမလှလေးတို့ မင်းတို့ ဒီအမှိုက်ကောင်ကို ဘယ်က ရှာလာပြီး‌တော့ အရှက်ကွဲခံနေတာလဲ”

ထို့နောက် သူသည် ညစ်ကျယ်ကျယ်ပြုံး၍ မိန်းကလေးများကို စိုက်ကြည့်လိုက်သည်။

“မင်းတို့ ဝမ်ကောဖူကို ဝင်ချင်တာ ငါ သိတယ်၊ ငါ့နောက်လိုက်ပါလား၊ ငါက စစ်သူကြီး အိမ်တော်က အကြီးဆုံးသားပဲ၊ ထူးချွန်တဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်၊ မင်းတို့အနားက အမှိုက်ကောင်ထက် အများကြီး ပိုသာတယ်”

“နင်က ဘာကောင်လဲ၊ နင့်ကိုယ်နင် ဟန်ထုတ်မနေနဲ့၊ နင်ကများ ငါတို့အစ်ကိုယဲ့နဲ့ လာယှဉ်ရဲတယ်လား”

ကျုံးလီအာက ချက်ချင်း သရော်လေသည်။

“ငါ နင့်မျက်နှာကိုမြင်တိုင်း အန်ချင်တယ်၊ နင် ပါးစပ်ပိတ်ထားလို့ မရဘူးလား”

ပိုင်ရွှယ်ကလည်း ယဉ်ကျေးသယောင်ယောင်နှင့် အရှိုက်ထိအောင် ပြောလိုက်သည်။ လူအုပ်ကြားထဲ၌ ဆူညံ ပွက်လောရိုက် သွားသည်။

*ဝမ်ရှောင် အငြင်းခံလိုက်ရတာလား*

*ဒါ ပထမဆုံးပဲ*

သူ့ရုပ်ရည်အပြင် သူ၏ ခွန်အားနှင့် နောက်ခံတို့ကြောင့် မိန်းကလေးအချို့သာ သူ့ကို ငြင်းရဲကြသည်။ သို့သော် ယခုအခါ၌ ဤမိန်းကလေးများက သူ့အား ရွံသလို ပြိုင်တူ ကြည့်နေကြပြီး ထိုအကြည့်က နံစော်နေသော ခွေးတစ်အုပ်ကို ကြည့်နေသလိုပင်။

*ဒါ နည်းနည်း အံ့ဩစရာ မကောင်းဘူးလား*

ဝမ်ရှောင် ချက်ချင်း မှင်တက်သွားသည်။ ဤမိန်းကလေးများထံမှ သူ့အပေါ် ဤသို့ တုံ့ပြန်လာလိမ့်မည်ဟု သူ မျှော်လင့်ထားပုံ မရချေ။

စစ်သူကြီးတစ်ယောက်၏ သားဖြစ်သည့် အားလျော်စွာ သူ၏ အဆင့်အတန်းက ထိုလူထက် ပို၍ မြင့်မြတ်ပြီး သူ့ခွန်အားကလည်း ထိုလူထက် သာပေသည်။ ဘယ်လိုလုပ် ဤမိန်းကလေးများက သူ့အပေါ် အထင်သေး ရသနည်း။

သူသည် မကောင်းသော အပြုံးမျိုး ပြုံးလိုက်ပြီး အငြိုးထားသော မျက်နှာပေးနှင့် ကြည့်လိုက်သလို သူ့စိတ်ထဲ၌ မကျေနပ်စိတ်များ ဖြစ်တည်လာသည်။

“သောက်ခွေးမတွေ၊ စောင့်နေလိုက်၊ ဒီသခင်ကြီးက မင်းတို့ကို ငါ့ပေါင်ကြားအောက်မှာ ဒူးထောက်ပြီး ပျော်ပျော်ကြီး ခံစားရအောင် လုပ်ပြမယ်”

သူ့ကို မည်သူမှ ဤသို့ မစော်ကားရဲသလို ထိုသို့ စော်ကားလာလျင်လည်း ထိုလူများ သေဆုံးရပေမည်။

“မင်းပြောတာ အမှန်ပဲလား”

စစ်ဆေးသူက ယဲ့ဖန်ကို တအံ့တဩ ကြည့်လေသည်။ ယဲ့ဖန် စကားက မှန်နေလျင် သူသည် ခြွင်းချက်မရှိ ပါရမီရှင် ဖြစ်သည်။ ယဲ့ဖန်က ခေါင်းညိတ်၍ အေးစက်စွာ ပြောလိုက်သည်။

“မကြာခင် ကျုပ် ခင်ဗျားကို သက်သေပြမယ်”

ထို့နောက် သူသည် ဝမ်ရှောင်နှင့် အခြားသူများဘက်ကို လှည့်ကြည့်၍ စကားနှစ်ခွန်းတည်း ပြောလိုက်သည်။

“အမှိုက်”

*ဘာ*

ဤအဖြစ်ကြောင့် လူတိုင်း မှင်တက်သွားသည်။

*ဈာန်ဝင်စားခြင်းအဆင့်လေး တစ်ယောက်က နဂါးအသွင်ပြောင်းခြင်း အဆင့်အဖွဲ့ကို သရော်တယ်ပေါ့၊ သူ ရူးနေတာလား*

“ဒါကို အနိုင်ကျင့်ရာ ကျမနေဘူးလား”

ပိုင်ရွှယ်က ကျုံးလီအာကို တံတောင်နှင့်တွတ်၍ မေးလေသည်။ ကျုံးလီအာက အလေးအနက်ထား၍ ခေါင်းပြန် ညိတ်လိုက်သည်။

“ဒါက အရှက်မရှိရာရောက်တယ်၊ ဒါပေမဲ့ ငါ သဘောကျတယ်”

ပိုင်ရွှယ်က သူမကို အထင်သေးသလို ကြည့်လေသည်။

“နင်က သူ နှာခေါင်းကလော်နေရင်တောင် ချောတယ် ပြောနေတာ၊ နင် မကြိုက်တာ ဘာရှိသေးလဲ”

“နင် …”

ကျုံးလီအာ စိတ်ဆိုးလွန်းသဖြင့် ပြန်ရန်တွေ့ရန် ပြင်လေသည်။

“မင်း ဘာပြောလိုက်တာလဲ”

လူတစ်ယောက်က အေးစက်စွာ ပြန်ချေပလာ၏။ ယဲ့ဖန်ခေါင်းထဲ၌ ချေးများသာ ရှိနေသည်ဟု ပြောလိုက်သူက သူပင်။

“အမှိုက်လို့ ပြောတာလေ”

ယဲ့ဖန်က ထပ်ပြောလိုက်ပြီး လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

“မင်းတို့အားလုံးက အမှိုက်တွေ”

ဘဝင်မြင့်၍ မောက်မာလွန်းသည်။ ဤမြင်ကွင်းက စစ်ဆေးသူအား မျက်လုံးပြူးသွားစေသည်။

*ဒီကောင်လေးက နဂါးအသွင်ပြောင်းခြင်းအဆင့် အဖွဲ့ကို တစ်ယောက်ထဲ စိန်ခေါ်တော့မလို့လား၊ သူ ရူးနေလား*

နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို နိုင်တယ်ဟု ပြောလာလျင် သူ ယုံနိုင်သေးသည်။ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်အဖွဲ့အား နိုင်သည်ဟု ပြောလာလျင်တော့ သူ မယုံပါ။ တစ်လောကလုံး၌ ထိုသို့သောအဖြစ်မျိုး တစ်ခါမှ မဖြစ်ဖူးသေးပါ။

“မင်းကို အမြင်မှန်ရအောင် လုပ်ပေးဖို့ မဖြစ်နိုင်တော့ဘူးနဲ့ တူတယ်”

ဝမ်ရှောင်က မတတ်သာဟန် သက်ပြင်းချသော်လည်း သူ့အပြုံးက ဖုံးဖိမရချေ။ ဤအမှိုက်ကောင်ကို သူ ရှင်းရန် အကြောင်းပြချက် ရှာနေစရာပင် မလိုပါ။ သူကိုယ်တိုင်ကိုက ပြဿနာကို အစဖော်လာသည် မဟုတ်ပါလော။

ထိုလူကို သူ စတိုင်ကျကျ အနိုင်ယူလိုက်လျင် သူ၏ မိန်းမမျာက မည်သူက တကယ့် သန်မာသူ ဖြစ်ကြောင်း သိလာပေလိမ့်မည်။ ထို့ကြောင့် သူက စစ်ဆေးသူအား ဂုဏ်ယူစွာ လှမ်းကြည့်လိုက်သည်။

“ကျွန်တော့်ကို အရင်ရန်လာစတာ သူနော်၊ ကျွန်တော် တိုက်ခိုက်ဖို့ ဖိအားပေး ခံရတာ၊ အဲ့ဒါကြောင့် ကျွန်တော် တိုက်ခိုက်လို့ ရတယ်မလား”

“ကျောင်းတော်တွင်းမှာ လူသတ်ခွင့် မပေးဘူး”

စစ်ဆေးသူက လေးနက်စွာ ပြောလိုက်သည်။

“ဪ ဒါဆို သူ့ကို မသတ်ဘဲ ခြေလက်တွေပဲ ကျွန်တော် ချိုးရင်ရော၊ အဲ့ဒါကို သေခြင်းရှင်ခြင်း တိုက်ပွဲလို့ ပြောလို့ရလား”

ဝမ်ရှောင်က ယဲ့ဖန်ကို မလေးမခန့်ကြည့်ကာ ရက်စက်စွာ ပြုံးနေ၏။ စစ်ဆေးသူ ငြိမ်ကျသွားသည်။ လူတစ်ယောက် မသေသရွေ့ စည်းကမ်းချိုးဖောက်သည်ဟု မဆိုနိုင်ပေ။

ထို့နောက် ဝမ်ရှောင်က ရက်စက်သော အပြုံးနှင့် ဖြည်းဖြည်းချင်း လျှောက်လာသည်။

“ဟေ့ကောင် မင်းက ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့ တော်တော် မောက်မာနေပါလား၊ ငါ မင်းကို အိပ်မက်ကနေ နိုးလာအောင် လုပ်မှရမယ့်ပုံပဲ၊ ပြော မင်း ဘယ်ခြေလက်ကို အချိုးခံချင်လဲ”

သူ့ပုံစံက ယုံကြည်မှု အပြည့်ပင်။ ယဲ့ဖန်အား သူ့လက်ခုပ်ထဲမှ ငါးဟုထင်ကာ အချိန်မရွေး သတ်လိုက်နိုင်သည်ဟု ထင်နေပုံရသည်။ ဝမ်ရှောင်က အခြားသူများအား အဖက်မတန်ဟန် သဘောထား၍ စိတ်တိုင်းကျ နင်းခြေရသည့် ခံစားချက်ကို သဘောကျသည်။

“ခြေလက်ကို ချိုးမယ် ဟုတ်လား၊ အကြံကောင်းပဲ”

ထိုစဉ် ယဲ့ဖန်ကလည်း ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။

“ရွှစ်”

တစ်ခဏအတွင်း သူ ဝမ်ရှောင်၏ အနောက်သို့ ရောက်သွားသည်။

*မကောင်းတော့ဘူး*

ဝမ်ရှောင် ချက်ချင်း ချွေးပြန်ကာ မျက်လုံးပြူးကျယ်လာ၏။

*မြန်လိုက်တာ*

*မြန်လွန်းလိုက်တာ*

သူ ယဲ့ဖန် ဘယ်လို ရောက်လာမှန်း မသိလိုက်ချေ။

*ဒီကောင့်မှာ ဘယ်လိုလုပ် ဒီလောက်မြန်တဲ့ အရှိန် ရှိနေတာလဲ*

လက်ရှိတွင် လူနှစ်ယောက်သည် တစ်ဖြောင့်တည်း ရပ်နေပြီး မတူညီသောဘက်သို့ မျက်နှာမူထားကြသည်။ ထိုအခိုက်တွင် လေထုသည်လည်း ထူးဆန်းစွာ ငြိမ်သက်နေသည်။

“ငါလည်း မင်းကို မေးမယ်၊ မင်းရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းကို ချိုးစေချင်လဲ”

ရုတ်တရက် ငရဲမှ တစ္ဆေတစ်ကောင်၏ အသံကဲ့သို့ လေးနက်ဩရှသော အသံတစ်သံက ဝမ်ရှောင်၏ နားထဲသို့ ဝင်ရောက်လာပြီး မြေအောက်လောကမှ တီးတိုး စကားပြောလာသည်ဟု ထင်မှတ်ကာ ကျောချမ်းလာလေသည်။

“သေချင်နေတာပဲ”

ဝမ်ရှောင် ကြက်သီးထသွားပြီး အလန့်တကြား ပြန်တိုက်ခိုက်လိုက်သည်။ သူသည် ယဲ့ဖန်၏ မျက်နှာအား အားဖြင့် ထိုးနှက်လိုက်လေသည်။

“ကျားလက်သီး”

ကျားလက်သီးသည် စစ်သူကြီး အိမ်တော်၏ အကောင်းဆုံး လက်သီးသိုင်း ဖြစ်ပြီး ဤလက်သီးအား ပြီးပြည့်စုံသော အနေအထားအထိ ဝမ်ရှောင် လေ့ကျင့်ထားပြီး ဖြစ်သည်။ ဤလက်သီးဖြင့် သူ လူအများကို အသားပြား ဖြစ်အောင် လုပ်နိုင်သည်။

လူတိုင်း မျက်နှာထား ပြောင်းလဲသွားသည်။

*ပြီးသွားပြီပဲ၊ ပျင်းစရာကောင်းလွန်းတယ် ဟုတ်တယ်မလား*

*ဝမ်ရှောင်ရဲ့ ကျားလက်သီးက ဘယ်လောက်တောင် ပြင်းလိုက်လဲ၊ လက်သီးတစ်ချက်ကို အလေးချိန် တစ်တန်လောက် ရှိတယ်၊ သိုင်းအဆင့်တူတဲ့လူတောင် မတားနိုင်သလောက်ပဲ*

*ဒီကောင် အသားပြား ဖြစ်သွားမှာတောင် စိုးရတယ်*

“ဖြောင်း”

ဆက်လက်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က သူတို့အား မျက်လုံးပြူးသွားစေသလို ကြက်သေ သေသွားစေ၏။ ဝမ်ရှောင်၏ ပြင်းထန်ပါသည်ဟူသော လက်သီးက ထိုလူငယ်၏ တားဆီးခြင်း ခံလိုက်ရသည်။ သူ့အပြုအမူက အားစိုက်ထားပုံပင် မပါဘဲ သက်တောင့်သက်သာ ရှိလွန်းသည်။

“မင်း”

ဝမ်ရှောင် ခေါင်းမွေးထောင်သွားပြီး စိတ်ထဲ၌ ကြိတ်အော်နေမိသည်။

*မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး*

သူ၏ ကျားလက်သီးသည် အဆင့်တူသူ အချင်းချင်းကြားမှာတောင်မှ တားဆီးရန် မဖြစ်နိုင်သော်လည်း ဈာန်ဝင်စားခြင်း အဆင့်သာ ရှိသော တစ်ဖက်လူက မည်သို့ တားဆီးလိုက်နိုင်ရသည်း။

*ဒီကောင်က လျင်မြန်မှုမှာတင် အံ့ဩစရာ ကောင်းတာမဟုတ်ဘူး၊ သူ့လက်အားကလည်း သူမတူဘူး*

“ကြည့်ရတာ မင်း ရွေးချယ်ပြီးပြီနဲ့တူတယ်”

ယဲ့ဖန် အပြုံးကြီး ပြုံးလိုက်ပြီး ဝမ်ရှောင်၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဖမ်းချုပ်၍ ဒူးခေါင်းကို မြှောက်ကာ ဝမ်ရှောင်၏ တံတောင်ဆစ်ကို ဒူးဖြင့် တိုက်လိုက်သည်။

“ဂျွတ်”

“အား…”

ဝမ်ရှောင်ထံမှ မထင်မှတ်ထားသော အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံ၌ ပြင်းထန်သော နာကျင်မှုများ ပါဝင်နေပြီး ကြောက်စရာကောင်းသော သားရဲတစ်ကောင် မာန်ဖီလိုက်သည်ဟုပင် ထင်မှတ်ရသည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ပါရမီရှင်များသည်လည်း အံ့ဩသော မျက်နှာ များနှင့် ဖြစ်နေကာ အသက်ပင် မရှူနိုင်တော့ချေ။

*ဝမ်ရှောင် ရှုံးသွားတာလား*

*ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဝမ်ရှောင်က အနည်းငယ် မောက်မာသော်လည်း သူ့၌ ထိုသို့ မောက်မာနိုင်စွမ်း ရှိပါသည်။ သူသည် စစ်သူကြီး အိမ်တော်၌ မွေးဖွားလာသူ ဖြစ်ပြီး အလွန် ထူးချွန်၏။ အသက်နှစ်ဆယ့်ငါးနှစ်နှင့် သူသည် နဂါးအသွင် ပြောင်းခြင်း အဆင့်သို့ ခြေချနိုင်ခဲ့သည်။

သို့သော် ထိုသို့ လျှောက်လာနိုင်ခဲ့သော်ငြားလည်း သူသည် ပြင်းပြင်းထန်ထန် လေ့လာ၍ ကျင့်ကြံနေသေးသည်။ သူသည် နေ့တိုင်း နေ့တစ်နေ့၏ အချိန်တစ်ဝက်ကျော်မျှ လေ့ကျင့်လေသည်။

*ဘယ်လိုလုပ် ဒီလို ထူးချွန်ပြီး ကြိုးစားတဲ့ ပါရမီရှင်က ရှုံးရတာလဲ*

ယဲ့ဖန်ထံသို့ ကြောက်လန့်သော အကြည့်များ ကျရောက်လာ၏။

*ဒီကောင်က ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့်ကို တကယ် အနိုင်ယူနိုင်တာပဲ*

*ထူးဆန်းလွန်းတယ်*

*ဒီကောင်က ဘာလဲ*

“နဂါးအသွင်ပြောင်းခြင်းအဆင့်လား၊ အဲ့ဒါက အံ့ဩစရာ ကောင်းလို့လား”

ဒူးဖြင့်တိုက်၍ ချိုးလိုက်သောကြောင့် လိမ်ဖယ်နေသော လက်မောင်းကိုကိုင်၍ ယဲ့ဖန်က ခက်ထန်သော လေသံဖြင့် ပြောလိုက်သလို အထင်သေးဟန်လည်း ပြနေ၏။ သူ့ပုံစံက ပုရွက်ဆိတ်ကို ကြည့်နေသလိုပင်။

ဝမ်ရှောင် နာကျင်နေပြီး ဝေဒနာကြောင့် မျက်နှာ ရှုံ့မဲ့နေ၏။ တစ်နေ့၌ ဈာန်ဝင်စားခြင်းအဆင့် တစ်ယောက်၏ လက်ထဲတွင် သူ ရှုံးနိမ့်ရလိမ့်မည်ဟု လုံးဝ ထင်မထားမိပါ။ ရှုံးနိမ့်သည်ကလည်း ဆိုးဆိုးရွားရွား ရှုံးခြင်းပင်။

*မိစ်ဆာ*

*ဒီကောင်က မိစ္ဆာပဲ*

*ဈာန်ဝင်စားခြင်းအဆင့်က ဒီလို ကြောက်စရာကောင်းတဲ့ ခွန်အားရှိဖို့ မဖြစ်နိုင်ဘူး၊ ဒါ ပုံမှန် မဟုတ်ဘူး*

ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်၏ လက်တစ်ဖက်က ဝမ်ရှောင်၏ နောက်လက်တစ်ဖက်ပေါ် ရောက်လာပြီး သူ့အပြုံးက ပို၍ ကြောက်စရာကောင်းလာသည်။ သူ့ပုံစံက သားကောင်ကို ကြည့်နေသော သားရဲတစ်ကောင်နှင့် တူနေပြီး မျက်လုံးတွင် လူသတ်ချင်စိတ်များ ပြည့်နေ၏။

“မင်း … မင်း ဘာလုပ်ချင်တာလဲ”

ဝမ်ရှောင် မကောင်းသော ခံစားချက် ရလာပြီး ကြောက်စိတ်ကြောင့် မျက်နှာ ပြာနှမ်းလာသည်။

“မင်း ခုနလေးတင် ငါ့ကို သတိပေးခဲ့တာလေ၊ လူ မသတ်မိသရွေ့ ခြေလက်ကို ချိုးပစ်လည်း အဆင်ပြေတ်ဆို ဟုတ်တယ်မလား”

ယဲ့ဖန် အပြုံးက သူ့အား ကြက်သီးထသွားစေသည်။ ဝမ်ရှောင် အလန့်တကြား အသက်ရှူလိုက်မိပြီး ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လေသည်။

*ဒီကောင် ငါ့ခြေလက်အားလုံးကို ချိုးမလို့လား*

“ဂျွတ်”

ထိုအခိုက်တွင် ယဲ့ဖန်က ဝမ်ရှောင်၏ ကျန်လက်တစ်ဖက်ကို လက်နှစ်ဖက်လုံးဖြင့်ကိုင် နောက်သို့ လိမ်ဆွဲလိုက်သည်။

ဝမ်ရှောင် ထပ်အော်လိုက်မိသလို နောက်လက်တစ်ဖက်လည်း ဆိုးဆိုးရွားရွား ကျိုးသွားလေပြီ။

“အား … ငါ့ကို မနှိပ်စက်ပါနဲ့တော့၊ ငါ မှားမှန်း သိပါပြီ၊ ငါ မင်းနဲ့ ရန်သူ မလုပ်တော့ပါဘူး”

ဝမ်ရှောင် နာကျင်နေသည့်ကြားမှ ပြောလိုက်သည်။ ပြင်းထန်သော ဝေဒနာကြောင့် တစ်ကိုယ်လုံး တုန်နေပြီး ယဲ့ဖန်အား မျက်ရည်များဖြင့် ကြည့်လာသည်။

ပြင်းထန်သော ဝေဒနာက သူ့ကို ရူးမတတ် ဖြစ်စေသည်။ သူ ကြောက်နေ၏။ ဤမျိုးမစစ်ကောင်က သူ့ကို တကယ် ဒုက္ခိတဖြစ်ရန် ကြံစည်နေသည်။

“မင်း ငါ့ကို အိပ်မက်ထဲက နိုးလာအောင် လုပ်မယ်လို့ မပြောခဲ့ဘူးလား”

ယဲ့ဖန်က လှောင်သံနှင့် မေးလိုက်သည်။ ဝမ်ရှောင် မျက်နှာပြာနှမ်းသွားသည်။ အစက သူ ယဲ့ဖန်ကို အသိတရားဝင်အောင် လုပ်ရန် ကြံစည်ထားသော်လည်း ယခု ယဲ့ဖန်က သူ့ကို ပြန်အသိတရားဝင်အောင် လုပ်သဖြင့် သူ သတိမဝင်ဘဲ မနေနိုင်တော့ပါ။

ထို့နောက် ယဲ့ဖန်က အပြုံးကြီးပြုံး၍ ပတ်ဝန်းကျင်အား ရန်လိုသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။

“အခြားဘယ်သူတွေက ငါ့ကို အသိဝင်အောင် လုပ်ပေးချင်လဲ”

All Chapters