← Chapters

ငါ မင်း စိန်ခေါ်တာကို လက်ခံတယ်

Vol. 90 Ch. 1343

ငါ မင်း စိန်ခေါ်တာကို လက်ခံတယ်

Vol. 90 Ch. 1343

ယဲ့ဖန်က ဝမ်ရှောင်ကို သတ်ခဲ့ပြီး သူ့အား လူမြင်ကွင်း၌ သူ့အကြံအစည် မအောင်မြင်အောင် လုပ်ခဲ့သည်။ သူ ဘယ်လိုလုပ် ယဲ့ဖန်ကို အသာထား၍ ဝမ်ကောဖူသို့ ဝင်ခွင့် ပေးနိုင်ပါမည်နည်း။

ကြီးကြပ်ရေးမှူးလျှိုက ကြီးကြပ်ရေးမှူးလီကို အေးစက်စွာ ကြည့်၍ ခပ်မာမာ ပြောလိုက်သည်။

“ကြီးကြပ်ရေးမှူးလီ ခင်ဗျားနေရာ ခင်ဗျား သိရင် ကောင်းမယ်၊ ကျုပ်တို့ တာဝန်က ကျောင်းသားတွေ ရွေးချယ်ဖို့ပဲ၊ ကျုပ်တို့မှာ အထက်က ပေးတဲ့ အမိန့်တွေရှိတယ်၊ ပြီးတော့ ကျုပ်တို့က ပါရမီရှင်တွေကို ဦးစားပေး ဆက်ဆံမှုတွေ ပေးရမှာ”

“ခင်ဗျားပြောကြည့်၊ ကောင်းကင်အဆင့် ပါရမီရှင်တစ်ယောက်ကို ဝမ်ကောဖူကနေ ခင်ဗျား နှင်ထုတ်လိုက်တာကို အကြီးအကဲတွေ သိသွားရင် သူတို့ ခင်ဗျားကို ဘာလုပ်မယ်ထင်လဲ”

ချက်ချင်းဆိုသလိုပင် ကြီးကြပ်ရေးမှူးလီ ထိတ်လန့်သွားပြီး သူ့ကိုယ်ပေါ်မှ လူသတ်လိုသည့် အငွေ့အသက် ချက်ချင်း ပျောက်ပြယ်သွားသည်။ ရလဒ်ကို သူတို့ဘာသာ သူတို့ သိနေသည်။ သူ သေသည်ထက်ဆိုးသော နာကျင်မှုကို ခံစားရပေမည်။

ကောင်းကင်အဆင့် ပါရမီရှင်ကို မောင်းထုတ်လိုက်ခြင်းက ကံကောင်းခြင်းကို မောင်းထုတ်လိုက်သလို ဖြစ်ပြီး သူ၏ ကံကြမ္မာက သေခြင်းထက် ဆိုးရွားသော ဘဝသို့ ရောက်လိမ့်မည်ဟု ဖော်ညွှန်းနိုင်၏။

ကြီးကြပ်ရေးမှူးလီသည် အံကြိတ်၍ ယဲ့ဖန်ကို စူးစူးဝါးဝါး စိုက်ကြည့်လေသည်။

*ဒီခွေးမသား ကံကောင်းနေလို့ပေါ့ကွာ*

ကြီးကြပ်ရေးမှူးလီ ငြိမ်ကျသွားသည်ကိုမြင်ပြီး သူ နားလည်သွားပြီဟု ကြီးကြပ်ရေးမှူးလျှို သိလိုက်ပြီး သရော်၍ ဘဝင်ခိုက်ဟန် မျက်နှာပေးမျိုးဖြင့် ကြည့်နေလိုက်သည်။ ထိုစဉ် စစ်ဆေးသူက ကြီးကြပ်ရေးမှူးလျှို၏ နားနားကပ်၍ တီးတိုး ပြောလာသည်။

“ဘာ”

ကြီးကြပ်ရေးမှူးလျှို ချက်ချင်း မျက်နှာထား ပြောင်းလဲသွားပြီး မယုံသင်္ကာ ပြောလိုက်သည်။

“မင်း ဘာပြောလိုက်တာလဲ”

“ဘာဖြစ်လို့လဲ”

ကြီးကြပ်ရေးမှူးလီကလည်း တစ်ခုခု မှားနေကြောင်း သတိထားမိကာ အလျင်အမြန် မေးလိုက်သည်။

“ဒီနဂါးအသွင်ပြောင်းခြင်းအဆင့်အားလုံးက ဒီကောင်လေး သတ်တာကို ခံလိုက်ရတာတဲ့”

ကြီးကြပ်ရေးမှူးလျှိုက ယဲ့ဖန်ကို ထိတ်လန့်သော မျက်နှာနှင့် ကြည့်နေသည်။

“ဘာ … ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ သူက ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိတာ သိသာနေတာပဲကို”

ကြီးကြပ်ရေးမှူးလီက ချက်ချင်း ပြန်ပြောလေသည်။ သူ့မျက်လုံးတွင် စိတ်ရှုပ်ထွေးမှုများ ပေါ်နေ၏။ ယဲ့ဖန်က ဈာန်ဝင်စားခြင်းအဆင့်လေးနှင့် နဂါးအသွင်ပြောင်းခြင်းအဆင့်အား သတ်နိုင်လျင်ပင် အံ့ဩစရာ ကောင်းနေ လေပြီ။ နဂါးအသွင်ပြောင်းခြင်းအဆင့် အဖွဲ့ကို သူ သတ်လိုက်သည်တဲ့လား။ ဤသည်မှာ ဒဏ္ဍာရီလိုပင်။

“မြေကမ္ဘာအဆင့် ပါရမီရှင်ပဲ”

ကြီးကြပ်ရေးမှူးလျှိုက သူကိုယ်တိုင် ချင့်ချိန် တွက်စလိုက်သည်။ သူ့ကဲ့သို့ လူမျိုးကလည်း လောက၌ ရှားပါးပေသည်။

*ယီးပဲ*

*သေစမ်း*

ကြီးကြပ်ရေးမှူးလီ၏ မျက်လုံးတွင်းမှ အမုန်းတရားက ပိုပို၍ ပြင်းထန်လာ၏။ ဤသည်က သူ ယဲ့ဖန်ကို ထပ်သတ်၍ မရနိုင်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

“ကောင်းတယ် ကောင်းတယ် ဟားဟားဟား …”

ကြီးကြပ်ရေးမှူးလျှိုက အားပါးတရ ရယ်မောလေသည်။ လူရွေးခြင်းဌာနက မြေကမ္ဘာအဆင့်နှင့် ကောင်းကင် အဆင့် ပါရမီရှင်တို့ကို ရွေးချယ်နိုင်ခဲ့သဖြင့် ဤသည်က ကြီးမားသော အောင်မြင်မှုကြီး ဖြစ်မှာ အသေအချာပင်။

ကျောင်းတော်ဆရာဘွဲ့ ရနိုင်မည်မှာ သေချာလောက်သည်။ ထိုနေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ပါရမီရှင်များအားလုံး နားလည်သွားကြသည်။ ယဲ့ဖန်က ဈာန်ဝင်စားခြင်းအဆင့်လေးနှင့် နဂါးအသွင်ပြောင်းခြင်း အဆင့်အား သတ်နိုင်သည်က အံ့ဩရာ မဟုတ်တော့ပေ။ သူက မြေကမ္ဘာအဆင့် ပါရမီရှင် ဖြစ်နေသည် မဟုတ်ပါ တကား။

နှစ်ပေါင်းများစွာအတွင်း ဝမ်ကောဖူက ထိုအဆင့် ပါရမီရှင်များကို အနည်းငယ်သာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ယဲ့ဖန် လက်ထဲ၌ သူတို့ ရှုံးနိမ့်ခဲ့ရသည်ကို မရှက်တော့ပါ။

မူလ၌ ကြီးကြပ်ရေးမှူးလီသည်လည်း ထိုသို့သော အကျိုးကျေးဇူးများ ရနိုင်ခဲ့သော်လည်း ယဲ့ဖန်ကို ကန့်လန့် တိုက်ခဲ့သည်။ ထို့အပြင် ဟွမ်ယွီလင်းကလည်း ယဲ့ဖန်၏ ဦးဆောင်မှုအတိုင်းသာ လိုက်လုပ်လေသည်။

ထို့ကြောင့် ကြီးကြပ်ရေးမှူးလီသည် အထွေထွေ ကြီးကြပ်ရေးမှူးနှင့် တက္ကသိုလ်ဆရာဘွဲ့ ရာထူးတို့အား သူ ဆုံးရှုံးသွားရပြီဟု သိလိုက်ရသလို သူ ရာထူးတောင်မှ လျှော့ချခံရလောက်သည်။ သူ ယဲ့ဖန်ကို မုန်းတီးရသည့် တကယ့် အကြောင်းရင်းက ယင်းသာ ဖြစ်လေသည်။ မနာလိုခြင်းနှင့် မလိုလားခြင်းတို့မှ မုန်းတီးခြင်းသို့ ကူးပြောင်းသွားလေတော့သည်။

“မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့”

ကြီးကြပ်ရေးမှူးလီက သူ့လက်အောက်ငယ်သား တစ်ဖွဲ့ကို ခေါ်လိုက်ပြီး ယဲ့ဖန်နှင့် အခြားသူများကို အလေးပေး ဆက်ဆံလေတော့သည်။ သူ အလွန်အမင်း ဝမ်းသာ ပျော်ရွှင်နေ၏။

ဤသည်မှာ ကွာခြားချက်ပင်။ ၎င်းသည် အမြဲ တောက်ပလျက် ရှိသော ရွှေပင် ဖြစ်ပြီး ယင်းရွှေက လူအများအား အမြဲ ရူးမတတ် ဖြစ်စေသည်။

မူလအတိုင်းဆိုလျင် နာမည်စာရင်းသွင်းပြီးသည်နှင့် ဖြေဆိုသူများအားလုံး အကဲဖြတ် စစ်ဆေးခြင်းကို ဝင်ပြိုင်ရမည်။ ထို့နောက် သူတို့က ပါရမီရှင်များ ဖြစ်ကြောင်း သက်သေပြနိုင်မှသာလျင် ဝမ်ကောဖူကို ဝင်ရောက် နိုင်ခွင့် ရှိသည်။

တစ်နှစ်လျင် လူရွေးပွဲဌာန၌ ဝင်ဖြေသူ ထောင်ချီရှိသော်လည်း ပြိုင်ပွဲများကို ဖြတ်ကျော်ပြီးမှ အတော်ဆုံးကိုသာ ရွေးချယ်သဖြင့် နှစ်တိုင်း ငါးနေရာလောက်သာ ဝင်ခွင့်ရှိသည်။

သို့သော် ယဲ့ဖန်နှင့် ဟွမ်ယွီလင်းတို့က ထိုသို့သော အဆင့်များကို ကျော်သွားလေသည်။ အကြောင်းမှာ သူတို့၏ အဆင့်အတန်းက အလွန် ထူးခြားသဖြင့် အကဲဖြတ်မှုများ မလိုအပ်သောကြောင့်ပင်။

သိုင်းကွင်းပြင်၌ အကဲဖြတ်မှုအတွက် စောင့်ဆိုင်းနေသော ဝင်ဖြေသူများစွာ စုဝေးနေ၏။ အကဲဖြတ်ခြင်း နည်းလမ်းမှာ အလွန် ရိုးရှင်းပါသည်။ သိုင်းယှဉ်ပြိုင်၍ အနိုင်ရသူ ကျန်ခဲ့ကာ ရှုံးနိမ့်သူ ထွက်သွားရပေမည်။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်နှင့် ဟွမ်ယွီလင်းတို့က အကဲဖြတ် စစ်ဆေးခြင်းကို မဖြေဘဲ စောင့်ဆိုင်းရေးခန်းမသို့ တန်းလျှောက်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။

ထိုအခါ ဝင်ဖြေသူများ မပျော်မရွှင် ဖြစ်သွားကြသည်။ ငါးနေရာသာ ကျန်တော့သော်လည်း ယဲ့ဖန်တို့ နှစ်ယောက်က အကဲဖြတ်ခြင်းကို မဖြေဘဲ တန်းပါသွားသည်တဲ့လား။ သူတို့ လက်မခံနိုင်ပါ။

“သူတို့က ဘာလို့ အကဲဖြတ် စစ်ဆေးခြင်းကို မဖြေရတာလဲ”

ချက်ချင်းဆိုသလိုပင် ဖြေဆိုသူတစ်ချို့က မျက်နှာချင်းဆိုင်၍ မကျေနပ်ကြောင်း ဖော်ပြနေသည့် မျက်နှာများနှင့် မေးလာကြသည်။

သူတို့စိတ်ထဲတွင် ဤလူနှစ်ယောက် အရှက်မရှိ အနောက်တံခါးမှ ဝင်သူများဟု ထင်နေကြသည်။

“ဘာလို့လဲဆို‌တော့ သူတို့က ကောင်းကင်အဆင့်နဲ့ မြေကမ္ဘာအဆင့် ပါရမီရှင်တွေ ဖြစ်နေလို့ပဲ၊ မင်းတို့ ဘာပြောချင်လဲ”

ကြီးကြပ်ရေးမှူးလျှို ဘာမှမပြောနိုင်ခင်မှာပင် ကြီးကြပ်ရေးမှူးလီက ထိုသူကို ဒေါသတကြီး အရင် အော်ငေါက် လိုက်သည်။ သို့သော် ဤသည်က ဖြေဆိုသူများက ဒေါပွသွားစေသည်။

“ခင်ဗျား ဘယ်သူ့ကို လာအရူးလုပ်နေတာလဲ၊ ကောင်းကင်အဆင့် ပါရမီရှင်နဲ့ မြေကမ္ဘာအဆင့် ပါရမီရှင်တွေ မပေါ်လာတာ နှစ်ချီနေပြီ၊ ဒီလို သေးငယ်တဲ့ ကျုံးကျိုး အင်ပါယာမှာ အဲ့လိုလူမျိုး ရှိမယ်လို့ ကျုပ် မယုံဘူး”

“ဟုတ်တယ် အဲ့လိုလူမျိုးက အင်အားကြီးနိုင်ငံတွေကပဲ ပေါ်လာတာ၊ ဘယ်လိုလုပ် ကျုံးကျိုး အင်ပါယာမှာ ဒီလောက် ရှားတဲ့လူတွေ ရှိနေမှာလဲ၊ ခင်ဗျားတို့ လူတွေကို အနောက်တံခါးက ခေါ်ချင်လို့ ဆင်ခြေပေးတယ် ဆိုလည်း အနည်းဆုံး ဟုတ်လောက်မယ့် ဆင်ခြေကို ရှာထားပါလား”

“လူလိမ် အာဏာကို ကိုယ်ကျိုးအတွက် အသုံးချတယ်၊ ကျုပ် ခင်ဗျားကို တိုင်မယ်”

“ကောင်းကင်အဆင့် ပါရမီရှင်နဲ့ မြေကမ္ဘာအဆင့် ပါရမီရှင် ဟုတ်လား၊ ကျုပ် သူ့ကို စိန်ခေါ်မယ်၊ ကျုပ် နိုင်ရင် ကျုပ် အကဲဖြတ် စစ်ဆေးပွဲကို တန်းအောင်ရမယ်၊ ဘယ်လိုလဲ”

ထိုစဉ် ယဲ့ဖန်က ကြီးကြပ်ရေးမှူးလီကို မချိုမချဉ် ကြည့်နေ၏။ ဤကြီးကြပ်ရေးမှူးလီက ဤသို့ အခြေအနေ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားမိလောက်သည်။ ထို့ကြောင့်ပင် သူတို့အကြောင်းကို အခြားသူရှေ့၌ ထုတ်ပြောခြင်း ဖြစ်လေသည်။

သူ၏ရည်ရွယ်ချက်မှာ ဤပါရမီရှင်များအား သူတို့ကိုယ်တိုင် ယဲ့ဖန်တို့ကို စိန်ခေါ်စေပြီး သတ်ပင်သတ်ပစ် စေရန် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဤပါရမီရှင်များက သေးငယ်သော လူရွေးဌာနတစ်ခုမှ တစ်လောကလုံး တုန်လှုပ်စေ လောက်မည့် ပါရမီရှင်နှစ်ယောက် ရွေးနိုင်လိမ့်မည် ဘယ်သောအခါမှ မယုံကြည်နိုင်ကြောင်း သူ သိနေသော ကြောင့်ပင်။

“ယီးပဲ ဒီကောင်က ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိတာကို ပါရမီရှင်တဲ့လား၊ ခင်ဗျား ဘယ်သူ့ကို လာနှောက်နေတာလဲ”

“ဒီနေ့ ခင်ဗျားတို့ ဝမ်ကောဖူ ကျောင်းတော်က ဖြေရှင်းချက် ပေးကိုပေးရမယ်”

ဖြေဆိုသူများ ရူးသွပ်ကာ ဒေါပွလာကြသည်။ ကြီးကြပ်ရေးမှူးလျှိုက လူတစ်ယောက်ကို လှမ်းကြည့် မျက်စိ တစ်ဖက် မှိတ်ပြလိုက်သည်။

ထိုလူသည် လူအုပ်ထဲမှ ထွက်လာပြီး ယဲ့ဖန်အား လက်သီးနှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။

“ကျုပ်က မိုချင်းရှန်ပါ၊ ကျေးဇူးပြုပြီး ကျုပ်ကို သင်ပြပေးပါဦး”

“မိုချင်းရှန်လား”

လူအုပ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ထိုလူကို ဝိုင်းကြည့်လာသည်။ ဖြူဖပ်ဖြူရော်နှင့် နေမကောင်းသလိုပုံစံ ရှိသော ယောက်ျားတစ်ယောက်ကို သူတို့ တွေ့လိုက်ရသည်။ ထိုလူက အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ထားကာ ဆံပင် ရှုပ်ပွနေပြီး အနက်ရောင်ကိုင်းတပ် မျက်မှန်ကို တပ်ထားသည်။ သူ့ပုံစံက သာမန်လူနှင့် မထူးခြားပေ။

သို့သော် သူ၏ပုံစံ အစစ်အမှန်မှာ ကျုံးကျိုးအင်ပါယာတစ်ခုလုံးကို ခေါင်းခဲစေသည့် လူသတ်သမား ဖြစ်လေသည်။

သူသည် အင်ပါယာ၏ စီရင်စု ဆယ့်ခုနစ်ခုက တစ်ကိုယ်တည်း သွားလာပြီး သူ စီရင်စုတစ်ခုကို ဖြတ်သွားချိန်တိုင်း ကြောက်စရာကောင်းသော သွေးထွက်သံယို အဖြစ်ကို ဖန်တီးပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။

သူသည် အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ရသည်ကို အနှစ်သက်ဆုံးပင်။ သူ ရွေးချယ်သော သားကောင်များအားလုံးက မျိုးရိုးမြင့် အရာရှိမျိုးနွယ်များ ဖြစ်လေသည်။ အလွန်ဆိုးယုတ်၍ လူ့အမှိုက် လူယုတ်မာ ဖြစ်သည်။

သူ့ကိုသတ်ရန်အတွက် အင်ပါယာက ထောင်ချီသော စစ်သားများကို စေလွှတ်၍ ဖမ်းခိုင်းသော်လည်း အားလုံး အသတ်ခံလိုက်ရသည်။

သူ၏ ခွန်အားက ယခု ဘုရင်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီဟု ဆိုကြပြီး အသက် နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသည်။ ထို့ကြောင့် သူ့အား ပါရမီရှင်ဟု သတ်မှတ်နိုင်ပေသည်။

အင်ပါယာစစ်တပ်က သူ့ကို အသည်းအသန် ဖမ်းချင်နေသောကြောင့်သာ သူ ဝမ်ကောဖူ ကျောင်းတော်ထဲ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူ့အား ရွေးချယ်ရန် တာဝန်ရှိသူမှာ ကြီးကြပ်ရေးမှူးလီ ဖြစ်ပေသည်။

မိုချင်းရှန်ကိုမြင်သော် လူတိုင်း အံ့ဩသွားပြီး ဤလူသတ်သမား မည်မျှ ကြောက်စရာကောင်းကြောင်း သိလိုက် ကြသည်။

သူ့လက်အောက်၌ အသက်ရှင်သူများ မရှိချေ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ သက်ကြီးပိုင်းများ ဖြစ်စေ အားလုံး အသတ်ခံရသည်ပင်။

လက်ရှိတွင် ကြီးကြပ်ရေးမှူးလီက ယဲ့ဖန်ကို ကြည့်၍ အပြုံးတစ်ဝက်နှင့် ပြောလိုက်သည်။

“အခု မင်းက ဝမ်ကောဖူက တပည့်ပဲ၊ အခု မင်းက မင်းကိုယ်မင်း ကိုယ်စားပြုရုံတင် မကဘူး ဝမ်ကောဖူကိုလည်း ကိုယ်စားပြုတယ်”

သူ ပြောသောစကားက ယဲ့ဖန်အား ဝမ်ကောဖူ ကျောင်းတော် မျက်နှာအတွက် တိုက်ခိုက်ရန် အားပေးခြင်း ဖြစ်သော်လည်း ယဲ့ဖန်နှင့် မိုချင်းရှန်ကြားမှ အဆင့်ကွာခြားမှုကို ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ ဖြစ်စေ လျစ်လျူရှုထားလေသည်။

“ကြီးကြပ်ရေးမှူးလီ ခင်ဗျား ဘာသဘောလဲ၊ ဖုန်းယဲ့က ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိတာ၊ သူ့ကို ဘုရင်တစ်ပိုင်း အဆင့် မိုချင်းရှန်နဲ့ တိုက်ခိုက်ချင်တာလား၊ ခင်ဗျား သူ့ကို သေခိုင်းနေတာ မဟုတ်ဘူးလား၊ ခင်ဗျား ဘာအချိုး ချိုးတာလဲ”

ကြီးကြပ်ရေးမှူးလီက လက်မလျှော့ချေ။ သူ ယဲ့ဖန်ကို မသတ်ရဲသဖြင့် အခြားသူကိုသုံး၍ သတ်ခိုင်းခြင်း ဖြစ်သည်။ အလွန် စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်ပင်။

“ခင်ဗျားမှာ ပိုကောင်းတဲ့နည်း ရှိလား၊ မဟုတ်ရင် ခင်ဗျား ဒီဖြေဆိုသူတွေရဲ့ ဒေါသကို ဘယ်လို ဖြေလျှော့ပေးမလဲ၊ အပြင်လောကက ကျုပ်တို့ ကိုယ်ကျိုးအတွက် အာဏာကိုသုံးတယ်လို့ ထင်သွားရင် ကျုပ်တို့ ဝမ်ကောဖူ ကျောင်းတော် မျက်နှာကို ဘယ်နားသွားထားရမလဲ၊ ကျုပ်တို့ ဝမ်ကောဖူ ကျောင်းတော်က ယုတ္တိမရှိဘူးလို့ ထင်မသွားနိုင်ဘူးလား”

ကြီးကြပ်ရေးမှူးလီက ချက်ချင်း ကောက်ကျစ်စွာ ပြန်ပြောလေသည်။ ဤသည်မှာ ချက်ကောင်းထိသော စကားပင်။

“မင်း”

ကြီးကြပ်ရေးမှူးလျို ဒေါသထွက်သွားသော်လည်း ပြန်မပြောနိုင်ဘဲ အလွန် စိတ်ဓာတ်ကျသွားသည်။

“ပြီးတော့ ငါတို့ ဖုန်းယဲ့ရဲ့ ခွန်အားကို ယုံကြည်သင့်တယ်၊ သူ နဂါးအသွင်ပြောင်းခြင်းအဆင့် အများကြီးကို သတ်ခဲ့တာ၊ မိုချင်းရှန်နဲ့ ရင်ဆိုင်ဖို့ ဘာမှမဖြစ်လောက်ပါဘူး”

ကြီးကြပ်ရေးမှူးလီက ရယ်နေသည်။ ထိုစကားလုံးများက အလွန် တင်စီးလှသည်။ ဘုရင်တစ်ပိုင်းအဆင့်နှင့် နဂါးအသွင်ပြောင်းခြင်းအဆင့်က မတူညီသော အဆင့်များ ဖြစ်သည်။

ဘုရင်တစ်ပိုင်းအဆင့်က နဂါးအသွင်ပြောင်းခြင်းအဆင့်အား သတ်ရန် လက်တစ်ချောင်းသာ လိုအပ်ပေသည်။ ထို့အပြင် မိုချင်းရှန်က စိတ္တဇသမား ဖြစ်သည်။ ယဲ့ဖန် သူ့ကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်ပါမည်နည်း။

ဤသည်ကိုတွေးမိပြီးနောက် ကြီးကြပ်ရေးမှူးလျှိုက ယဲ့ဖန်ကို ခပ်သွက်သွက် ပြောလိုက်သည်။

“ဖုန်းယဲ့ မင်း သူ့ကို အာရုံစိုက်စရာ မလိုဘူး၊ မင်း သဘောမတူသရွေ့ ဒီပြိုင်ပွဲ ရှိမလာဘူး”

“ဒါဆို ကျုပ် လက်မခံနိုင်ဘူး၊ ဒီအမှိုက်ကောင်က ဝင်နိုင်ပြီးတော့ ဘာလို့ ကျုပ်တို့က ဝင်လို့မရတာလဲ၊ သူက ကျုပ်တို့ထက် သာလို့လား၊ ကျုပ် လက်တစ်ချောင်းနဲ့တောင် သတ်နိုင်တဲ့ ဒီကောင်က ဘာအရည်အချင်း ရှိလို့ ဝမ်ကောဖူကို ဝင်နိုင်ရတာလဲ”

မိုချင်းရှန်က ချက်ချင်း ရယ်၍ ပြောလိုက်သည်။

“မိုချင်းရှန် မင်း ဝင်ပြောခွင့် မရှိဘူး”

ကြီးကြပ်ရေးမှူးလျှိုက ဒေါသတကြီး ငေါက်ငမ်းလေသည်။

“ဟုတ်တယ် ဟုတ်တယ် ကျုပ်တို့ လက်မခံဘူး”

“ကျုပ်တို့ မပြိုင်ရရင် ကျုပ်တို့ လက်မခံနိုင်ဘူး”

“ဟုတ်တယ် ဒီအမှိုက်နှစ်ကောင်က အကဲဖြတ် စစ်ဆေးခြင်းကို ဘာလို့ တန်းအောင်တာလဲ၊ ခင်ဗျား မျက်နှာသာ ပေးချင်ရင် ကျုပ်တို့ကို လွန်လာပြီလို့ အဆိုးမဆိုနဲ့”

အခြားသော ဖြေဆိုသူများကလည်း ထောက်ခံလာကြသည်။ ယဲ့ဖန်တို့က နှစ်နေရာ လုယူသွားသဖြင့် များစွာသော သူတို့ထဲမှ သုံးယောက်သာ နေရာရပေတော့မည်။ ထို့အပြင် မိုချင်းရှန်လို မိစ္ဆာကောင်ကိုလည်း သူတို့ ရင်ဆိုင် ရဦးမည်။ သူတို့ မည်သို့ စိတ်ကြည်နိုင်ပါတော့မည်နည်း။

လူတိုင်းက ယဲ့ဖန်နှင့် ဟွမ်ယွီလင်းကို သတ်ချင်စိတ်များ ပါဝင်သည့် အေးစက်စက် အကြည့်များဖြင့် ကြည့်လာ ကြသည်။ သူတို့ရင်ထဲမှ မနာလိုစိတ်က တဖြည်းဖြည်း မုန်းတီးစိတ်အဖြစ် ပြောင်းလဲကာ လူပါ သတ်ချင် လာကြသည်။

*ဒီလူနှစ်ယောက်က နောက်တံခါးကနေ ဝင်လာမှတော့ ကြီးကြပ်ရေးမှူးလျှိုတောင် မပြောနိုင်တော့ဘူး၊ ဘာလို့လဲ ဆိုတော့ ဒါက ဝမ်ကောဖူ ကျောင်းတော်ရဲ့ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်နေတာကိုး*

မိုချင်းရှန်က သရော်လေသည်။

“ကြီးကြပ်ရေးမှူးလျှို ခင်ဗျားလည်း မြင်တာပဲ၊ ကျုပ်တင် မဟုတ်ဘူးနော်၊ ခင်ဗျား ကျေနပ်လောက်မယ့် ဖြေရှင်းချက် မပေးနိုင်ရင် ခင်ဗျား လူအုပ်ကြီးကို နားချနိုင်မှာ မဟုတ်ဘူး”

ကြီးကြပ်ရေးမှူးလျို၏ မျက်နှာက ပြာနှမ်းနေသည်။ မိုချင်းရှန်နှင့် ကြီးကြပ်ရေးမှူးလီက သူ့အား ဘေးကြပ်နံကြပ် ဖြစ်အောင် လုပ်ကာ သဘောတူရန် ဖိအားပေးနေ၏။ သို့ရာတွင် ထိုအခိုက်တွင် ရယ်ကျဲကျဲ အသံ ထွက်ပေါ်လာသည်။

“ကောင်းပြီလေ မင်း စိန်ခေါ်တာကို ငါ လက်ခံတယ်”

All Chapters