ဈာန်ဝင်စားခြင်းအဆင့်က ဘုရင်တစ်ပိုင်းအဆင့်အား သတ်ဖြတ်ခြင်း
Vol. 90 Ch. 1344
*ဘာ*
ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာချိန်တွင် လူတိုင်း မှင်တက်သွားကြသည်။
*ဒီကောင်က မိုချင်းရှန် စိန်ခေါ်တာကို တကယ် လက်ခံမလို့လား*
*ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့ ဘုရင်တစ်ပိုင်းအဆင့်ကို တိုက်ခိုက်မလို့လား*
*ဒီကောင် ရူးနေတာလား*
“ဖုန်းယဲ့ အရမ်းကာရော မလုပ်နဲ့၊ မင်း အဲ့မိုချင်းရှန်ကို မသိဘူး၊ သူက မင်း ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး”
ကြီးကြပ်ရေးမှူးလျှို ချက်ချင်း စိုးရိမ်တကြီး ဖြစ်လာ၏။
*ဒီကောင်လေး ဦးနှောက်မှ ရှိရဲ့လား၊ ဘုရင်တစ်ပိုင်းအဆင့်နဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့်က ယှဉ်လို့ ရနိုင်လို့လား*
မဆင်မခြင်လုပ်လျင် သေလမ်းသာ ရှိပေမည်။
“ကောင်းပြီလေ တကယ့် သူရဲကောင်းတစ်ယောက်ပဲ ကျုပ် လေးစားသွားပြီ”
ကြီးကြပ်ရေးမှူးလီက ယဲ့ဖန်အား လေးစားသော မျက်နှာထားနှင့် လက်မထောင်ပြလေသည်။ သို့သော် သူ့စိတ်ထဲ၌ လှောင်ရယ်နေ၏။
*မောက်မာတဲ့အရူး ဒီတစ်ခါ မင်း မသေဘူးလို့ ငါ မယုံဘူးကွ*
“သူ့ကို မသိဘူးတဲ့လား”
ယဲ့ဖန်က ခေါင်းခါ၍ မာနကြီးစွာ ပြောလိုက်သည်။
“မသာတစ်ယောက်ကို ကျုပ် သိစရာ မလိုဘူး”
ထိုစကားက ချက်ချင်း မိုချင်းရှန်၏ မျက်နှာကို မည်းမှောင်သွားစေပြီး သူ သွေးဆာသော အပြုံးမျိုး ပြုံးလာသည်။
*မသာ*
*ဒီကောင်က တကယ် ပြောရဲတာပဲ*
“ယိုးယိုး … မင်းလေက တယ်ကြီးတာပဲ၊ ကြည့်ရတာ မင်း တကယ် သေချင်တယ်နဲ့တူတယ်၊ မင်းက မိုချင်းရှန်ကို ဒီလို ရန်စရဲမှတော့ မင်း လွယ်လွယ်သေမှာ မကြောက်ဘူးလား”
“ဟားဟားဟား အရူးပဲ၊ မင်း တကယ် စိန်ခေါ်တာကို လက်ခံရဲတယ်ပေါ့လေ၊ မင်း ဆယ်ကွယ်အတွင်း သေမယ်လို့ ငါ မှန်းရဲတယ်”
“ဆယ်ကွက်ဟုတ်လား၊ သူ တစ်ကွက်တည်းနဲ့တောင် အသက်ရှင်နိုင်ပါ့မလား၊ အရိပ်အကဲ မသိတဲ့ကောင်က မဟုတ်တမ်းတရားတွေ ပြောရဲမှတော့ သေတောင် မသနားဘူး”
အားလုံး၏ မျက်နှာတွင် မုန်းတီးစိတ်များ ပေါ်လွင်နေသည်။ ယဲ့ဖန်တစ်ယောက် မိုချင်းရှန်၏ စုတ်ဖြဲခြင်း ခံရသည်ကို မစောင့်နိုင်တော့ချေ။ ယဲ့ဖန် သေသွားသည်နှင့် သူတို့အတွက် နေရာတစ်နေရာ ပိုရလာပေမည်။
မိုချင်းရှန်ကလည်း နှုတ်ခမ်းကို လျှာသပ်၍ အန္တရာယ်များသော အပြုံးမျိုး ပြုံးလာ၏။
“ဟေ့ကောင် မင်းရဲ့ မောက်မာတဲ့ပုံစံကြောင့် ငါ အကြိုက်ဆုံးနည်းနဲ့ မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သေအောင် လုပ်မယ်ကွ”
သူဟူသော မိုချင်းရှန်က မည်သို့သော လူစားနည်း။ တစ်လောကလုံး ကြောက်လန့်ရသည့် နာမည်ကျော် စိတ္တဇ လူသတ်သမား ဖြစ်သည်။
သို့သော် ယဲ့ဖန်က သူ့ကို အထင်သေးရဲသည်တဲ့လား။ ထိုသို့ဆိုလျင် သူ ယဲ့ဖန်ကို သူ့ရှေ့ ဒူးထောက်၍ တောင်းပန် လာအောင် လုပ်ရပေမည်။
“စိတ်မကောင်းပါဘူး၊ ကျုပ် နည်းနည်း အလျင်လိုနေလို့ တစ်ကွက်တည်းနဲ့ ဖြေရှင်းလိုက်ရအောင်”
ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
*ဘာ*
*တစ်ကွက်တည်း ဟုတ်လား*
လူတိုင်း ထိုစကားကို ဟာသဟု မထင်ကြချေ။ ဈာန်ဝင်စားခြင်းအဆင့်သာ ရှိသော ယဲ့ဖန်က မည်မျှ ရူးသွပ်နေ၍ ဤသို့ အမြင်မရှိလုနီးပါး ဖြစ်နေရသနည်း။
*သူ မိုချင်းရှန်ကို တစ်ကွက်တည်းနဲ့ သတ်ပစ်မယ်လို့ ပြောလိုက်တာလား*
ထိုအခိုက်တွင် ကြီးကြပ်ရေးမှူးလီက မိုချင်းရှန်အား “တစ်ကွက်တည်းနဲ့ သတ်မယ်ဆိုလည်း တန်းသတ် လိုက်တော့” ဟူသော သဘောဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလေသည်။
အလွန် နောက်ကျသွားလျင် အဖြစ်အပျက်များက ပြောင်းလဲသွားလိမ့်မည်။ ထို့အတူ သူ ပြဿနာ ကြီးထွား မလာစေချင်ပါ။
မိုချင်းရှန်က ကြီးကြပ်ရေးမှူးလီ၏ သဘောကို နားလည်သွားပြီး ချက်ချင်း ရက်စက်သော အမူအရာ ပေါ်လာ၏။
“မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
ထိုအခိုက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကိုင်းလာပြီး ခေါင်းက ရှေ့သို့ စောင်းငဲ့လာပုံက သားကောင်ကို သတ်ရန် အဆင်သင့်ဖြစ်နေသော ကျားသစ်တစ်ကောင်လိုပင်။ ထို့နောက် သူ၏ ခွန်အားက ဝုန်းခနဲ ပေါက်ထွက်လာပြီး အရှိန်ဖြင့် ပြေးတက်လာသည်။
ယဲ့ဖန်၏ အမူအရာက တည်ငြိမ်ပြီး သူ့မျက်လုံး၌ ရန်လိုမှုများ ပြင်းထန်နေကာ တိုက်ခိုက်တော့မည့် သားရဲရိုင်း တစ်ကောင်လိုပင်။
*မြန်လိုက်တာ*
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ မိုချင်းရှန်က ယဲ့ဖန်နှင့် မီတာ သုံးဆယ်ကျော် အကွာ၌ ရှိနေသော်လည်း ယဲ့ဖန်က အသက်တစ်ကြိမ်ရှူစာအတွင်း သူ့ရှေ့သို့ ရောက်လာလေသည်။
ယဲ့ဖန်၏ ခံစားချက်ကင်းမဲ့သော မျက်လုံးတစ်စုံကို ကြည့်ပြီး မိုချင်းရှန် ခေါင်းမွေးထောင်သွားကာ သူ့စိတ်ထဲ၌ ကြောက်စိတ်ကို ခံစားလိုက်ရသည်။ သေရမည်ကို မကြောက်သော လူသတ်သမားတစ်ဦး ဖြစ်သည့်သူက တကယ် ကြောက်လန့်လာသည်တဲ့လား။
သူကိုယ်သူ့တောင်မှ မယုံကြည်နိုင်ပါ။ သို့သော် သူ မည်မျှ ရက်စက်ပါစေ သူသည် လူသားတစ်ဦး ဖြစ်နေ သေးသည် မဟုတ်ပါလော။
သို့သော် သူတို့ရှေ့၌ ရပ်နေသော လူသည် ငရဲမှထွက်လာသည်ဟု တင်စားထိုက်သည့် နတ်ဆိုးတစ်ကောင် ဖြစ်လေသည်။
“ရွှစ်”
ထိုအခိုက်တွင် ယဲ့ဖန်သည် မိုချင်းရှန် ဘေးနားမှ ဖြတ်သွားပြီးနောက် သူ့အနောက် ငါးမီတာအကွာ၌ ပြန်ပေါ် လာသည်။ ထိုအခါ ဘေးလူများအားလုံး ဆူညံ ပွက်လောရိုက်လာ၏။ အားလုံးက တစ်ချိန်တည်း ပြိုင်တူ အော်လာကြသည်။
“မိုချင်းရှန် သေပြီ”
ထိုအသံ၌ ချောက်ချားဟန်များ ပါနေပြီး မယုံနိုင်၍ မေးခွန်းထုတ်ချင်ပုံ ပေါ်သလို မွန်းကြပ်ဟန်လည်း ပေါ်လေသည်။
*ဘုရင်တစ်ပိုင်းအဆင့်က ဈာန်ဝင်စားခြင်းအဆင့်လက်ထဲမှာ ချက်ချင်း အသတ်ခံလိုက်ရတယ်တဲ့လား*
*ဒါ မယုံနိုင်စရာ ကောင်းလွန်းတယ်*
“သေပြီ ဟုတ်လား”
မိုချင်းရှန် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲ၌ သံသယ ဝင်လာ၏။
*ဒီအရူးတွေ ဘာတွေပြောနေတာလဲ၊ ငါ ဘယ်တုန်းက သေလို့လဲ*
သို့သော် တစ်ခဏအတွင်းမှာပင် သူ့ရင်ဘတ်၌ ထိုးဖောက်ခံလိုက်ရသလို နာကျင်စွာ ခံစားလိုက်ရသဖြင့် သူ့ရင်ဘတ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ သို့သော် သူ့ကိုယ်သူ ဖောက်ထွင်း မြင်လိုက်ရသည်။ သူ့နှလုံးသား မရှိတော့ပေ။
ထိုအခါ မိုချင်းရှန် မျက်မှောင်ကြုတ်သွားပြီး အခြားသူများ ပြောသော သေပြီဟူသည့် စကားကို နားလည် သွားရသည်။
သူ နောက်သို့ ခက်ခက်ခဲခဲ လှည့်ကြည့်၍ ယဲ့ဖန်၏ ကျောပြင်ကို စိုက်ကြည့်လေသည်။
“မင်းက တကယ့် နတ်ဆိုးပဲ”
ထို့နောက် သူ့ကိုယ်က မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။ နောက်ထပ် လှုပ်တောင် မလှုပ်တော့ချေ။ ဘုရင် တစ်ပိုင်းအဆင့် သေသွားလေပြီ။
သိုင်းကွင်းပြင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။ ထိုအခိုက်တွင် အသက်ရှူသံများပင် ပြင်းထန် နေသည်ဟု ထင်မှတ်ရသည်။
တစ်ခဏကြာသော် အားလုံးက ပြိုင်တူ အော်ဟစ်လာကြသည်။
“ဈာန်ဝင်စားခြင်းအဆင့်က ဘုရင်တစ်ပိုင်းအဆင့်ကို သတ်လိုက်တာလား”
ဘုရင်တစ်ပိုင်းအဆင့် တစ်ယောက်က ယဲ့ဖန်ထံ၌ ချောင်းမြောင်း တိုက်ခိုက်ခံရခြင်းလည်း မဟုတ်သလို အခြား လက်နက်ဖြင့် တိုက်ခိုက်ခံရခြင်းလည်း မဟုတ်ဘဲ လုံးဝ အသတ်ခံလိုက်ရသည်။
ထိုအချိန်တွင် လူတိုင်း အေးစိမ့်နေပြီး ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
*ဒီကောင် သူ တကယ်ပဲ ဈာန်ဝင်စားခြင်းအဆင့် ဟုတ်ရဲ့လား*
ဤမျှ ကြောက်စရာကောင်းသော ဈာန်ဝင်စားခြင်းအဆင့်ကို သူတို့ မမြင်ဖူးပေ။ မိစ္ဆာဆန်သော ပါရမီရှင်များကို မြင်ဖူးနေကြ ဖြစ်သည့် ကြီးကြပ်ရေးမှူးလီနှင့် ကြီးကြပ်ရေးမှူးလျှိုတို့တောင်မှ စကားပင် မပြောနိုင်ဘဲ မျက်လုံးပြူး နေကြသည်။ ဤသို့သော အဖြစ်မျိုးက တစ်ခါမှ မဖြစ်ဖူးချေ။
“ဒီကောင်လေးက မြေကမ္ဘာအဆင့် ပါရမီရှင် မဟုတ်ဘူး၊ ကောင်းကင်အဆင့် ပါရမီရှင်ပဲ”
ချက်ချင်းဆိုသလိုပင် ကြီးကြပ်ရေးမှူးလျှိုက ကျိန်းသေပေါက် တွက်ဆ၍ ပြောလာ၏။ သူ့အထင် မှန်ပေသည်။ ဤသို့သော နတ်ဆိုးဆန်သူက အတိတ်တုန်းက မရှိခဲ့ဖူးသလို နောင်လည်း ရှိလာမည် မဟုတ်ပါ။ ဝမ်ကောဖူ ကျောင်းတော်ကို စတင် တည်ထောင်ကတည်းက ဤမျှ မိစ္ဆာဆန်သော ကျောင်းသားမျိုး မရဖူးပါ။
ပထမ၌ ဟွမ်ယွီလင်းကသာ ရွေးချယ်လိုက်သည့် အဖိုးအတန်ဆုံးလူဟု သူ ထင်ခဲ့သော်လည်း ယခု သူ အထင်မှားခဲ့ကြောင်း သတိပြုလိုက်မိသည်။ ယဲ့ဖန်ကသာ ရတနာ ဖြစ်လေသည်။
လက်ရှိတွင် ယခင်က ယဲ့ဖန်ကို စိန်ခေါ်ခဲ့သော ဖြေဆိုသူများသည် အလွန် ကံကောင်းသွားသည်ဟု တွေးမိ သွားသည်။ သူတို့လည်း ယဲ့ဖန်ကို စိန်ခေါ်ချင်ခဲ့သည်။ မိုချင်းရှန်က သူတို့အစား လှုပ်ရှားပေးသည့်အတွက် ကံကောင်းသွားသည်။ သို့မဟုတ်ပါက ယခု သေသွားမည့်သူက သူတို့ ဖြစ်နိုင်ပေသည်။
ယခုအချိန်၌ သူတို့အားလုံး မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အစောပိုင်းက စကားလေး တစ်ခွန်း၊ နှစ်ခွန်းကြောင့် သူတို့ မကျေနပ်နပ်ခဲ့သော်လည်း ယခု သူတို့ မည်မျှ အဓိပ္ပာယ်မဲ့ကြောင်း သိလိုက် လေသည်။
ဈာန်ဝင်စားခြင်းအဆင့်လေးနှင့်တင် ဤမျှ ကြောက်စရာကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားနေသည်။ အကယ်၍ နဂါးအသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် ဘုရင်အဆင့်သို့ ရောက်လာလျင် မည်မျှ ကြောက်စရာ ကောင်းနေမည်နည်း။ မယုံနိုင်စရာ ကောင်းလှသည်။
ကြီးကြပ်ရေးမှူးလျှိုက ယဲ့ဖန်ကို ကောင်းကင်အဆင့် ပါရမီရှင်ဟု ပြောနေသော်လည်း သူတို့ထဲက မည်သူမှ အရူးမဟုတ်ပါ။
*ကောင်းကင်အဆင့် ပါရမီရှင်လား၊ ဘယ်ကောင်းကင်အဆင့် ပါရမီရှင်က သိုင်းအဆင့်ကြီး နှစ်ဆင့်ကျော်ပြီး လူသတ်တာကို ခင်ဗျားတို့ မြင်ဖူးလို့လား*
သူတို့ လက်ခံသွားကြသည်။ သူတို့ လုံးဝ အရှုံးပေးသွားကြသည်။ အစက ယဲ့ဖန်က ဝမ်ကောဖူသို့ အနောက်တံခါးမှ ဝင်သည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ယဲ့ဖန်က သူ အနောက်တံခါးမှ ဝင်စရာ မလိုကြောင်း အချက်ကျကျ သက်သေပြသွားလေပြီ။ သူ့ကဲ့သို့ နတ်ဆိုးဆန်သူအား ဝမ်ကောဖူကပင် ဒူးထောက်၍ ကျောင်းတော်သို့ ဝင်ရောက်ရန် တောင်းပန်ရပေမည်။
သိုင်းအဆင့်နိမ့်နိမ့်လေးနှင့် သန်မာသော ရန်သူကို ချက်ချင်း သတ်ပစ်လိုက်သည်။ ဤသည်မှာ အလွန် သဘာဝ မကျလှပေ။
ဤနေရာ၌ ရှိနေသော ပါရမီရှင်များသည် ယနေ့အဖြစ်အပျက်က လောကတစ်ခွင်၌ ဆူညံပွက်လောရိုက်စေပြီး ထိတ်လန့်ဖွယ် သတင်းကြီး တစ်ပုဒ် ဖြစ်လာမည် ဖြစ်ကြောင်း သတိပြုလိုက်မိသည်။
ဝမ်ကောဖူအတွက်မှာမူ သူတို့သာ ဦးနှောက်ချောင်မနေလျင် သူတို့ရှေ့မှ နတ်ဆိုးဆန်သောလူအား ရှိသမျှ အကုန်သုံး၍ လေ့ကျင့်ပျိုးထောင်ပေးလောက်သည်။
ထို့နောက်တွင်မူ ကြီးကြပ်ရေးမှူးလျှိုက နားဝေတိမ်တောင် ဖြစ်နေသော ကြီးကြပ်ရေးမှူးလီအား ရန်စသလို ကြည့်လေသည်။
“ကြီးကြပ်ရေးမှူးလီ ခင်ဗျား အခု ဘာပြောစရာ ရှိသေးလဲ”
ကြီးကြပ်ရေးမှူးလီ ဘာစကားမှ မပြောနိုင်သော်လည်း တစ်ကိုယ်လုံး အေးစက်ကာ အကြောက်တရားက သူ့ကို ခြောက်လန့်နေ၏။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အလွန် ကြောက်စရာကောင်းသော အန္တရာယ် အငွေ့အသက်ကို သူ ခံစားမိနေသည်။
*ဈာန်ဝင်စားခြင်းအဆင့်နဲ့ ဘုရင်တစ်ပိုင်းအဆင့်ကို သတ်နိုင်တယ်ဆိုတော့ ဒီကောင် နဂါးအသွင်ပြောင်းခြင်း အဆင့်ကို ရောက်သွားရင် ဘုရင်အဆင့်ကိုပါ သတ်နိုင်မှာလား*
*ဒီနေ့ ငါ သူ့ကို ဒီလို အန္တရာယ်ပေးခဲ့တာ၊ ပြန်စဉ်းစားကြည့်ရင် ငါ ဒုက္ခရောက်မနေနိုင်ဘူးလား*
*မဖြစ်ဘူး*
*သူ့ကို အသက်ရှင်ခွင့် ပေးလို့မရဘူး*
*သူ ဒီထက် မကြီးထွားလာခင် သူ့ကို အမြစ်ပြတ်အောင် သတ်ပစ်မှရမယ်*
ကြီးကြပ်ရေးမှူးလီ၏ စိတ်ထဲ၌ လူသတ်ချင်စိတ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ယဲ့ဖန် မသေလျင် သူ သေရပေမည်။
ယဲ့ဖန်က လက်ထဲမှ နှလုံးကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး သူ့မျက်နှာတွင် မိုချင်းရှန်ကို သတ်လိုက်ရ၍ ပျော်နေ ဟန်လည်း မရှိချေ။
သူ့အတွက်က ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်ရသလောက်ပင် ရှိသဖြင့် အဘယ်ကြောင့် သူ အရေးစိုက် ရမည်နည်း။
ထို့နောက် သူသည် လူအုပ်ကြီးကို ဝေ့ကြည့်၍ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
“အချိန်ဖြုန်းမနေနဲ့ ဘယ်သူ စိန်ခေါ်ချင်သေးလဲ လာခဲ့”
ပုရွက်ဆိတ်တစ်ကောင်ကို သတ်ခြင်းနှင့် ပုရွက်ဆိတ် တစ်အုံကို သတ်ခြင်းက ခြားနားမှု ရှိပါမည်လော။ မည်သူမှ စကားမပြောရဲသလို စိန်လည်းမခေါ်ရဲချေ။
မိုချင်းရှန်လို မိစ္ဆာကောင်တောင်မှ ယဲ့ဖန်ထံ၌ ချက်ချင်း အသတ်ခံလိုက်ရသဖြင့် သူတို့က ဘာကိုသုံး၍ ယဲ့ဖန်ကို တိုက်ခိုက်ရမည်နည်း။ သူတို့သည် ပါရမီရှင်များသာ ဖြစ်သည်။ နတ်ဘုရား မဟုတ်ပါ။
“အမှိုက်တွေ”
ယဲ့ဖန် ထပ်ပြောလိုက်သည်။ မောက်မာပုံက သူ့ပင်ကိုသဘာဝဖြစ်ပြီး သရော်ခြင်းက သူ့အရည်အချင်း ဖြစ်လေသည်။
လူတိုင်း၏ မျက်နှာ ပြာနှမ်းသွားပြီး အရှက်ရသလို ခံစားမိသော်လည်း ဘယ်သူမှ ပြန်မပြောရဲပါ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၌ သူတို့ကို ဤသို့ပြောနိုင်သည့် အရည်အချင်း တကယ် ရှိမှန်း သူတို့ သိသွား သောကြောင့် ဖြစ်ပြီး သူတို့တွင် တကယ်ပင် ပြန်ပြောနိုင်သည့် အရည်အချင်း မရှိပါ။
“ကြီးကြပ်ရေးမှူးလျှို လမ်းပြပါ”
ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ ဒီလမ်းပဲ”
ကြီးကြပ်ရေးမှူးလျှို ချက်ချင်း ဝမ်းသာပျော်ရွှင်သွားပြီး မျက်နှာချိုသွေးသော အပြုံးကို ဆင်မြန်းထားလေသည်။ ယခင်က သူ၏ တည်ငြိမ်လေးနက်သော ဟန်ပန်ကို စွန့်ပစ်၍ ယဲ့ဖန်အား မျက်နှာလုပ်နေ၏။
ယဲ့ဖန်ကဲ့သို့သော ပုဂ္ဂိုလ်က နောင်တွင် လောကကို လွှမ်းမိုးနိုင်သည့် ဘုရင် ဖြစ်ရန် ကံပါလာသူ ဖြစ်သည်။ ယခု သူ မျက်နှာလုပ်ထားလျင် အနာဂတ်၌ သူ ဆုချခံရနိုင်လောက်သည်။
ကြီးကြပ်ရေးမှူးလီနားမှ ဖြတ်သွားသောအခါ ကြီးကြပ်ရေးမှူးလျှိုက သူ၏ ရူးမိုက်မှုကို သရော်သကဲ့သို့ အထင်သေးဟန် ပြလေသည်။
ဘာမဟုတ်သော စစ်သူကြီးတစ်ယောက်၏ သားတစ်ယောက်အတွက်နှင့် နောင်တွင် သူတော်စင်သခင် အဆင့်နှင့် နတ်ဘုရင်အဆင့်ထိ ရောက်သွားနိုင်သူကိုမှ ရန်စခဲ့သည်။
ယခုအချိန်၌ ကြီးကြပ်ရေးမှူးလီက သူ့လုပ်ရပ်အတွက် နောင်တရလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။ ကောင်းကင်အဆင့် ပါရမီရှင်နှစ်ယောက်ကို ရန်စခဲ့ခြင်းက နောင်တွင် သူ့အား ပိုကောင်းသော ဘဝမျိုး ပေးနိုင်ပါမည်လော။
ထိုအခိုက်တွင် ယဲ့ဖန်နှင့် ဟွမ်ယွီလင်းတို့သာ တစ်ခွန်း၊နှစ်ခွန်းမျှ တိုင်တန်းလိုက်ပါက ကြီးကြပ်ရေးမှူးလီ ကံဆိုးမိုးမှောင် ကျပေမည်။
သူတို့အနောက်၌ ရပ်နေသော ကြီးကြပ်ရေးမှူးလီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အံကြိတ်ကာ မျက်လုံးများက မီးပွင့်မတတ် ဖြစ်နေ၏။ ထို့နောက် သူ အားဖြင့် ရိုက်ချလိုက်သည်။
ကြီးမားပြင်းထန်သော စွမ်းအင်တစ်ခုက မိုချင်းရှန်၏ အလောင်းကို ဖုံးလွှမ်းသွားပြီးနောက် မိုချင်းရှန်၏ အလောင်းက အမှုန့်ဖြစ်ကာ ဘာမှမကျန်ခဲ့တော့ပေ။
ဤမြင်ကွင်းက ပါရမီရှင်များအားလုံးကို ခေါင်းမွေးထောင်သွားစေပြီး အားလုံး ကြီးကြပ်ရေးမှူးလီကို မယုံသင်္ကာ ကြည့်လာကြသည်။ အလောင်းကိုပင် အလွတ်မပေးသည့်အထိ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“အသုံးမကျတဲ့အမှိုက်ကောင်”
ကြီးကြပ်ရေးမှူးလီက ကျိန်ဆဲလိုက်ပြီးနောက် ယဲ့ဖန်နှင့် အခြားသူများ ထွက်သွားရာဘက်သို့ လှမ်းကြည့် လေသည်။ သူ့မျက်လုံးများက အေးစက်လာပြီးနောက် မကောင်းသော အပြုံးဖြင့် တီးတိုး ပြောလိုက်သည်။
“မျိုးမစစ်ကောင် ဒီနေ့ အရှက်ကွဲခဲ့ရတာအတွက် နောင် ငါ မင်းကို အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်”