ကယ်တင်ပြီ
Vol. 08 Ch. 351
ဖုန်းခေါ်ဆိုမှု ပြီးသွားခဲ့ပြီ ဖြစ်သည်။
ကျန်းရှောင်ဟူ၏မျက်နှာပေါ်တွင် အလွန်အမင်း ကျေနပ်နှစ်သိမ့်နေသည့် အကြည့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့တွင် သတင်းကောင်းတစ်ခု ရှိနေပြီး ထိုသတင်း မှန်ကန်ကြောင်း သက်သေပြနိုင်မည်ဆိုပါက သူသည် ဟောင်မိသားစု၏ သူရဲကောင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။ သူ့အတွက် ကျေနပ်စရာကောင်းသည့် ဆုလာဘ်တစ်ခု ရရှိရုံသာမက သူသည် ပိုမိုမြင့်မားသောရာထူးသို့လည်း ရာထူးတိုးပေးခံရလိမ့်မည်ဖြစ်သည်။ အမှန်တကယ်တွင် သူသည် ကွမ်မြို့တွင် တာဝန်ကျနေသည့် ဟောင်မိသားစု၏ ထောက်လှမ်းရေး ဝန်ထမ်းများအနက်မှ တစ်ယောက်ဖြစ်သည်။
ကမ္ဘာမြေဗီရိုစက်ရုံနှင့် ဆယ်ကီလိုမီတာခန့် ဝေးသောလမ်းမထက်တွင် ကားလေးစီးသည် အရှိန်ဖြင့် ရှေ့သို့ ဆက်လက်မောင်းနှင်နေလျက် ရှိသည်။ တတိယကားထဲတွင် ထန်ရှုသည် မျက်လုံးမှိတ်ကာ ထိုင်နေပြီး ထန်ဝေ နှင့် ရွှဲ့ကျီတို့သည် ကွမ်းယန်၏ အခြေအနေအကြောင်း ပြောဆိုနေကြသည်။
ဖုန်းမြည်သံ…
ထန်ရှု၏အိတ်ကပ်အတွင်းတွင် ထည့်ထားသော ဖုန်းမြည်လာသည်။ ထန်ရှုသည် ဖုန်းကိုယူလိုက်ရာ ဖုန်းမျက်နှာပြင်တွင် ခေါ်ဆိုသူနံပါတ်အား တွေ့သည်နှင့် ခေါ်ဆိုမှုကို ချက်ချင်းလက်ခံပြီး မေးလိုက်သည်။
“သတင်း ရလာပြီလား။”
"မစ္စတာ ထန် … ငါတို့ဟောင်မိသားစုက တာဝန်ပေးထားတဲ့ ထောက်လှမ်းရေးသမားတစ်ဦးက အရေးကြီးတဲ့ သတင်းတစ်ခုကို အခုပဲ ပေးပို့လာတယ်။ ကွမ်းယန်ရဲ့စွန်းမိသားစုက ချန်ပုမြို့မှာ ရှိတဲ့ ရေခဲပြင်စကိတ်ကွင်းမှာ လူတစ်ယောက်ကို ဖမ်းဆီးထားတယ်တဲ့။ ဒါပေမယ့် တစ်ဖက်လူက အဲ့ဒီနေရာကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေလို့ ပြန်ပေးဆွဲခံရတဲ့ ဝမ်ဟယ်အန်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူး။ မင်း အဲဒီကိုသွားချင်တယ်ဆိုရင် ငါတို့
ထောက်လှမ်းရေးသမားရဲ့ဖုန်းနံပါတ်ကို ငါ ပေးလိုက်မယ်။ အဲ့ဒါဆို မင်း သူ့ကို ဆက်သွယ်လို့ရပြီ။"
"ကျွန်တော် သိပြီ။ ကျေးဇူးတင်ပါတယ်ဗျာ။”
“အားမနာပါနဲ့ မစ္စတာထန်။ ဒါ ငါလုပ်သင့်တဲ့အရာပဲ။ ငါတို့ကို အခြား အမိန့်ပေးစရာ ရှိလား။"
“လောလောဆယ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် လိုအပ်ရင် ကျွန်တော် ထပ်ဆက်သွယ်ပါ့မယ်။”
“ဟုတ်ပြီ၊ ကောင်းပြီ။ ငါ့ဖုန်းကို တစ်ချိန်လုံး ဖွင့်ထားမယ်။”
ဖုန်းချပြီးနောက် ထန်ရှုက လေးနက်သောလေသံဖြင့် ပြောသည် ။
“လမ်းပြောင်းပါ။ သတင်းပေးက မှန်တယ်ဆိုရင် အန်တီရွှဲ့ရဲ့လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ဟယ်အန်က ရေခဲပြင်စကိတ်ကွင်းမှာ ရှိတယ်။
ရွှဲ့ကျီသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ယာဉ်မောင်းအား ကြည့်ကာ
"ထန်ရှုစကားကို နားထောင်ပြီး ရေခဲပြင်စကိတ်ကွင်းကို အမြန်သွားပါ။"
“ကောင်းပါပြီ။”
ယာဉ်မောင်းက ဂျီပီအက်စ်တွင် ရေခဲပြင်စကိတ်ကွင်း၏ တည်နေရာကို အမြန်ရှာလိုက်သည်။
“အကြီးအကဲရွှဲ့… ရေခဲပြင်စကိတ်ကွင်းက ဒီကနေ ခြောက်ကီလိုမီတာပဲဝေးတယ်။ ငါတို့ အဲ့ဒီကို မြန်မြန် ရောက်နိုင်လိမ့်မယ်။”
ယာဉ်မောင်းက ပြောသည်။
"အိုကေ။"
ရွှဲ့ကျီက ပြန်ပြောလိုက်ပြီး ထန်ရှုကို တစ်ချက် ကြည့်လိုက်သည်။
တစ်ဖက်လူထံမှ ထန်ရှု ရရှိသောသတင်းများ မှန်ကန်မှုရှိ၊ မရှိကို သူမ မသိပေ။ အချက်အလက်များ မတိကျပါက သူမတို့သည် အချိန်အနည်းငယ် ဖြုန်းတီးရာ ကျပေလိမ့်မည်။
အကယ်၍ မှန်ကန်ခဲ့ပါက ထန်ရှု အကူအညီ တောင်းခဲ့သော တစ်ဖက်လူသည် နောက်ခံ အတော်လေး ကောင်းမွန်ပေလိမ့်မည်။
ထိုသူများသည် မည်သူများ ဖြစ်နိုင်ပါမည်နည်း။
ရွှဲ့ကျီက စိတ်အတွင်းမှ တွေးနေမိသည်။
ကားလေးစီးသည် လျင်မြန်စွာဖြင့် ချန်ပုမြို့သို့ ရောက်လာပြီး ရေခဲပြင်စကိတ်ကွင်းအနီးတွင် ရပ်လိုက်သည်။ ထို့နောက် ထန်ရှုသည် ဟောင်မိသားစုခေါင်းဆောင်မှ ပေးထားသော ထောက်လှမ်းရေးသမား၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ သိပ်မကြာခင်မီပင် သူ၏ခေါ်ဆိုမှုသည် ချိတ်ဆက်သွားခဲ့သည်။
"မင်္ဂလာပါ၊ ငါ ကျန်းရှောင်ဟူပါ။ ဘယ်သူများ ဖုန်းဆက်တာပါလဲ။"
“လူတစ်ယောက်က မင်းရဲ့ဖုန်းနံပါတ် ငါ့ကို ပေးခဲ့တယ်။ ငါတို့ အခု ရေခဲပြင်စကိတ်ကွင်းအနားကို ရောက်နေပြီ။ မင်း အခု ဘယ်နေရာမှာ ရှိနေလဲ။" ထန်ရှုက ပြောသည်။
“ငါက ရေခဲပြင်စကိတ်ကွင်းရဲ့ ဘယ်ဘက်ခြမ်းက ဆံပင်ညှပ်ဆိုင်ထဲမှာ ရှိတယ်။ မင်းက ဘယ်မှာလဲ။ ငါ မင်းကို ခုချက်ချင်း လာတွေ့မယ် "
ကျန်းရှောင်ဟူက ဆိုသည်။
ထန်ရှုသည် အနီးတစ်ဝိုက်အား ကြည့်လိုက်ရာ မီတာ ၆၀၀ မှ ၇၀၀ ခန့်အကွာအဝေးတွင် ရှိသော ဆံပင်ညှပ်ဆိုင်လေးကို တွေ့သည့်အခါ
“ဆံပင်ညှပ်ဆိုင်က ထွက်လာပြီး ညာဘက်ခြမ်းကို မီတာ ၆၀၀ ဒါမှမဟုတ် ၇၀၀ လောက်လမ်းလျှောက်ပါ။ အဲ့ဒီမှာ ကားလေးစီး ရပ်ထားတယ်။"
"ကျေးဇူးပြုပြီး ခဏစောင့်ပေး။"
ပြောပြီးသည်နှင့် ကျန်းရှောင်ဟူက ဖုန်းချလိုက်သည်။ တည်ငြိမ်နေသော အမူအရာအား ဆက်လက် ထိန်းထားကာ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကို နှုတ်ဆက်ပြီးနောက် ထန်ရှု ရှိနေသော နေရာဆီသို့ အမြန်လျှောက်သွားခဲ့သည်။
ကားပေါ်တွင်ထိုင်နေရင်း ထန်ရှုသည် အလွန် မှတ်မိနိုင်သော ကျန်းရှောင်ဟူ ချဉ်းကပ်လာနေသည်ကို ကြည့်လိုက်သည်။ ထန်ဝေနှင့် ရွှဲ့ကျီတို့အား ကားပေါ်မှဆင်းခွင့်မပြုခဲ့ပဲ ကားတံခါးကိုဖွင့်ပြီး တစ်ယောက်တည်း ဆင်းလိုက်သည်။
"မင်းက ကျန်းရှောင်ဟူလား။"
ကျန်းရှောင်ဟူသည် ထန်ရှုကို ကြည့်လိုက်ပြီးနောက် လမ်းဘေးတွင် ရပ်ထားသည့် ကားလေးစီးကို ကြည့်လိုက်သည်။ ပထမကားအတွင်း၌ လူလေးယောက်ပါလာသည်ကို သူ၏ထက်ရှသော မျက်လုံးများက မြင်နိုင်သည်။
“ငါပါ။ ငါ မင်းကို ဘယ်လို ခေါ်ရမလဲ။"
"ငါက ထန်ရှုပါ။ ရေခဲပြင်စကိတ်ကွင်းအတွင်းက အခြေအနေကို ပြောပြပါ။" ထန်ရှုက ပြောလိုက်သည်။
သူသည် ထန်ရှုနှင့် အခြားသူများ၏ ပုံရိပ်အား မသိသော်လည်း ကျန်းရှောင်ဟူသည် သူ၏အထက်လူကြီးထံမှ အမိန့်တစ်ခုအား လက်ခံရရှိထားသည်။ ထို့ကြောင့် သူသည် ထန်ရှုအား သူသိသမျှအားလုံးကို အလျင်အမြန်ပြောပြီး နောက်ဆုံးတွင်
" ငါ မင်းကို အထဲခေါ်သွားစေချင်လား။"
"မင်းက အဲ့ဒီဘက်ကို သိလား။ " ထန်ရှုက မေးလိုက်သည်။
“သိတယ်။ ငါက ဒီကွင်းရဲ့တာဝန်ခံပါ။” ကျန်းရှောင်ဟူက ပြောသည်။
"ဒါဆို မင်းက ဒီရေခဲပြင်စကိတ်ကွင်းရဲ့ သူဌေးကို သိလား။"
ထန်ရှုက မျက်ခုံးတွန့်သွားကာ မေးလိုက်သည်။
“ဟုတ်တယ်။ ငါ သူ့ကို သိပါတယ်။ သူနဲ့တော်တော်ရင်းနှီးတယ်လို့ ပြောနိုင်တယ်။ နောက်ပြီး ငါ အထဲကို ဝင်သွားတော့ စွန်းမိသားစုရဲ့ လူတွေကို ငါ့သူဋ္ဌေးနဲ့ အတူ တွေ့တယ်။"
"ဒီလိုဆိုမှဖြင့် ငါတို့ကို အထဲခေါ်သွားပေး။ မင်း စိတ်မပူနဲ့။ မင်းရဲ့လုံခြုံရေးကို ငါတို့ အာမခံတယ်။ ”
ထန်ရှုက ပြောလိုက်သည်။
"မင်းတို့ သေနတ်တွေ ယူလာလား။ သူတို့မှာ သေနတ်တွေရှိတယ်။ အသံတိတ်ကိရိယာတွေလည်း သုံးနေမယ်လို့ ငါ ထင်တယ်။” ကျန်းရှောင်ဟူက လေသံတိုးတိုးဖြင့် ပြောသည်။
ထန်ရှုက သူ့ပုခုံးကိုပုတ်လိုက်ပြီး ကားထဲသို့ ပြန်ဝင်လိုက်သည်။ ထို့နောက် သူက အသံတိုးတိုးဖြင့်
“ဒီနေရာက မှန်တယ်။ အဲ့ဒီလူကျန်းရှောင်ဟူက ရေခဲပြင်စကိတ်ကွင်းရဲ့တာဝန်ခံခေါင်းဆောင်ငယ်ပဲ။ အတွင်းထဲမှာရှိတဲ့ လူတစ်ချို့က ကွမ်းယန်ရဲ့ စွန်းမိသားစုကဆိုတာကို သူ့သူဌေးဆီကနေ သူသိခဲ့တာ။ အဲဒီတော့ မှန်ကန်တဲ့နေရာကို ကျွန်တော်တို့ ရှာတွေ့နေတာပဲဖြစ်ရမယ်။ ဒါနဲ့ အန်တီရွှဲ့မှာ ဘာအစီအစဉ် ရှိလဲ။"
ရွှဲ့ကျီက သူမ၏မျက်လုံးများအား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"ထန်ရှု ဒီကအခြေအနေအကြောင်း ငါဘာမှမသိတော့ ကြောက်နေတယ်။ ခေါင်းဆောင်တာဝန်ကို နင် ယူရင်ရော ဘယ်လိုလဲ။"
ထန်ရှုသည် သူ၏အကြည့်အား ထန်ဝေဆီသို့ ပြောင်းလိုက်သည်။
“ညီလေး … အန်တီရွှဲ့ မှန်တယ်။ မင်းက ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းရှိတယ် ငါပြောတာ ဟုတ်လား။” ထန်ဝေက ပြောသည်။
"လှုပ်ရှားမှုကို ညွှန်ကြားဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးလား။" ထန်ရှုက မေးလိုက်သည်။
“ငါ တကယ်ကို အပြည့်အဝယုံကြည်မှု မရှိဘူး။ ငါက လုပ်ငန်းတစ်ခုလုပ်ကိုင်ရာမှာ အတွေ့အကြုံနဲ့အစွမ်းအစ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ဓားစာခံတွေကို ကယ်တင်တာကိုတော့ ငါ အတွေ့အကြုံ မရှိဘူး။ ဝမ်ဟယ်အန်ကို ရှာနိုင်တဲ့ အရည်အချင်း နင့်မှာ ရှိကတည်းက နင့်ရဲ့စွမ်းရည်က ငါ့ထက် ပိုကောင်းမယ်လို့ ငါယုံကြည်တယ်။"
ရွှဲ့ကျီက ပြောသည်။
ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက ခေါင်းညိတ်ပြီး
“ဒီလိုဆိုမှဖြင့် ကျွန်တော် စစ်ဆင်ရေးကို တာဝန်ယူပါ့မယ်။ ကျွန်တော်တို့နဲ့အတူ သက်တော်စောင့်ဆယ်ယောက် ပါလာတာဆိုတော့ အန်တီရွှဲ့တို့ကို ကာကွယ်ဖို့ လူနှစ်ယောက်ကို ထားခဲ့လိုက်မယ်။ ကျန်တဲ့ရှစ်ယောက်ကို ကျွန်တော်နဲ့အတူ ခေါ်သွားမယ်။”
"ငါ မင်းနဲ့ လိုက်မယ်။"
ထန်ဝေက အမြန်ပြောလိုက်သည်။
"ထန်ရှု … ငါ့မှာ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မရှိတာမို့ နင့်နောက်ကို ငါလိုက်လာရင် နင့်ကို ဒုက္ခပေးရာ ကျနေမယ်။ အဲ့ဒါကြောင့် ငါ မသွားတော့ဘူး။ ဝေလေးက တိုက်ကွမ်ဒို လေ့ကျင့်နေတယ်ကြားလို့ သူ့ကို နင်နဲ့အတူ ခေါ်သွားလို့ရတယ်။" ရွှဲ့ကျီက ပြောသည်။
ထန်ဝေကိုကြည့်ပြီး ထန်ရှုက ခေါင်းညိတ်လိုက်ကာ
"ဒါဆို လိုက်လာပါ။ ဒါပေမယ့် စကိတ်ကွင်းထဲ ဝင်ပြီးသွားရင် မင်းရဲ့လုံခြုံရေးကို ကိုယ့်ဘာသာ ဂရုစိုက်ပေးပါ။ ရန်သူတွေမှာ သေနတ်တွေရှိတာမို့ အရမ်းအန္တရာယ်များမှာ ငါစိုးထိတ်မိတယ်။"
တည်ကြည်သောအမူအရာဖြင့် ထန်ဝေက ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့။ ငါသေချာဂရုစိုက်ပါ့မယ်။"
ထန်ဝေမှ ထွက်ခွာရန် ကိုယ်ရံတော်ရှစ်ဦးကို ချက်ချင်းအမိန့်ပေးပြီးနောက် တစ်ဖွဲ့လုံးသည် ကျန်းရှောင်ဟူ၏အနောက်မှလိုက်ကာ စကိတ်ကွင်းထဲသို့ အမြန်ဝင်ခဲ့သည်။
“ညီအစ်ကိုထန်၊ ငါတို့ အဲဒီနေရာကို အလျင်စလိုနဲ့ ဝင်လိုက်ရင် အထဲမှာရှိတဲ့လူတွေက ငါတို့ကို အဝေးက မြင်လိမ့်မယ်။ ငါ မင်းကို ဘေးကနေ လမ်းပြပေးမယ်။ အဲ့ဒီဘက်မှာ အများသုံးအိမ်သာတွေရှိတယ်။ အဲ့ဒီနေရာကနေ ငါတို့ စကိတ်ဖိနပ်သိုလှောင်ခန်းနားကို ပတ်ဝင်ဖို့လိုတယ်။”
ကျန်းရှောင်ဟူက ကော်ရစ်ဒါလျှောက်လမ်း၌ သူ၏ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောခဲ့သည်။
ဤအချိန်၌ ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ကာ အတွင်းမှ အခြေအနေအား ကြည့်ရှုလိုက်သည်။ စကိတ်ဖိနပ်များသိုလှောင်ရာ အခန်း၏ တံခါးဝတွင် မျက်နှာထားတင်းမာသော အမျိုးသားနှစ်ဦးသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ အခန်းတစ်ခန်းအတွင်း၌ လက်ကို ကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ အခြားအမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရှိနေကြသည်။ ဝတုတ်နေသော အမျိုးသားသည် ကျန်းရှောင်ဟူ ပြောပြသော ဖက်တီးသူဌေး ဖြစ်လောက်ပြီး ကျန်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးမှာ စွန်းမိသားစု၏လူများ ဖြစ်နိုင်သည်။
"ကောင်းပြီ။ အများသုံးအိမ်သာတွေဘက်ကနေ လှည့်ဝင်ရအောင်။"
သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုကြည့်ရှုရာတွင် ကျန်းရှောင်ဟူ၏သတင်း မှန်သည်ကို ထန်ရှု တွေ့ရှိသည်။ ကော်ရစ်ဒါလျှောက်လမ်း၏အဆုံးနားတွင် အဝိုင်းတစ်ခုရှိပြီး အများသုံးအိမ်သာများ တည်ရှိသည်။ အများသုံးအိမ်သာများ၏ ဘေးနံရံနှစ်ဖက်စလုံးသည် အလုံပိတ်မထားချေ။ ၎င်းတို့၏အပေါ် လူတစ်ဦး၏အရပ်နီးနီးခန့်ရှိသော နေရာ၌ သွက်လက်ဖျတ်လတ်သော မည်သူမဆို ဝင်ရောက်နိုင်သည့် နေရာလွတ်တစ်ခုရှိသည်။
တစ်မိနစ်အကြာတွင် အများသုံးအိမ်သာများမှတဆင့် ရေခဲပြင်စကိတ်ကွင်းထဲသို့ တိတ်တဆိတ်ဝင်ခဲ့ကြသည်။ ထိုနေရာမှ စကိတ်ဖိနပ်များသိုလှောင်ခန်းဆီသို့ အကွာအဝေးသည် မီတာနှစ်ဆယ်ကျော်မျှသာ ကွာဝေးသည်။
“ငါ့ကို ဒီမှာစောင့်။ တံခါးဝမှာ လူနှစ်ယောက်ကို ငါ ရှင်းလိုက်မယ်။ ပြီးရင် ငါ့နောက်ကနေ ချက်ချင်း လိုက်လာခဲ့။" ထန်ရှုက တီးတိုး ပြောလိုက်သည်။
ထန်ဝေက မျက်နှာပျက်သွားကာ ထန်ရှု၏လက်ကို ဖမ်းဆုပ်လိုက်ပြီး တီးတိုးပြန်ပြောလိုက်သည်။
“မဟုတ်ဘူး။ တခြားသူတွေ လုပ်ပလေ့စေ။ အဲဒီလူနှစ်ယောက်မှာ သေနတ်ရှိရင် မင်းကို အန္တရာယ် ဖြစ်လိမ့်မယ်။”
ထန်ရှုက သူ၏လက်ကို အသာ ဖြုတ်လိုက်ပြီး ခေါင်းယမ်းလျက်
"စိတ်မပူပါနဲ့။ ငါ မလုပ်နိုင်တဲ့အရာကို ငါ မပြောဘူး။ အဲဒီလူနှစ်ယောက်ကို ရှင်းပစ်ဖို့ဆိုတာက ငါ့အတွက် ပြဿနာ မဟုတ်ပါဘူး။”
ထိုသို့ပြောပြီးနောက် ထန်ရှုသည် ဥယျာဉ်အား အကာကွယ်ယူကာ တိတ်တဆိတ် ချဉ်းကပ်လာပြီး ထိုသူတို့နှစ်ဦးနှင့် ခုနစ်မီတာ-၈မီတာအကွာတွင် ရှိသော တိုင်လုံးတစ်ခု၏အနာက်တွင် ပုန်းလိုက်သည်။
ထို့နောက် ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ခါးတွင် ထိုးထားသော မစ်ဆူဘီရှီစစ်သုံး ဓားမြှောင်တစ်ချောင်းကို ထုတ်လျက် တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး စကိတ်ဖိနပ်သိုလှောင်ခန်းဆီသို့ ခြေသံလုံလုံဖြင့် ပြေးသွားလိုက်တော့သည်။
ဝှစ်…
အလွန်လျင်မြန်သောပုံရိပ်တစ်ခုသည် သန်မာကြံ့ခိုင်သောအမျိုးသားတစ်ဦး၏ရှေ့တွင် ပေါ်လာပြီး စူးရှထက်မြက်သော မစ်ဆူဘီရှီစစ်သုံး ဓားတစ်ချောင်းသည် ချက်ချင်းပင် သူ၏လည်ပင်းအား ထိုးဖောက်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် ထန်ရှုသည် အခြားလူတစ်ယောက်၏အနောက်တွင် ပေါ်လာပြီး ပါးစပ်ကို အုပ်ကာ လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်သည်။
ထန်ရှု၏လှုပ်ရှားမှုများသည် ဖြတ်သန်းသွားနေသော တိမ်များနှင့် စီးဆင်းနေသောရေသဖွယ် ချောမွေ့နေပြီး သူ၏ခြေသံသည် အလွန်ပေါ့ပါးလှပေသည်။ ထိုသူ၏ လည်ပင်းကို လှီးဖြတ်ပြီးနောက် သူသည် လည်ပင်းကို ဆွဲယူကာ အခြားလူ၏ လည်ပင်းကိုလည်း အတူ ဆုပ်ကိုင်လိုက်သည်။ သူ၏ပြီးပြည့်စုံသော ခွန်အားဖြင့် ထို၂ယောက်၏ခန္ဓာကိုယ်များအား မီတာ၂၀အဝေးသို့ သယ်လာခဲ့သည်။
ဘုန်း…ဘုန်း…
ထိုလူနှစ်ဦးသည် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်နေပြီး ၎င်းတို့၏လည်ချောင်းများအား လက်များဖြင့် အုပ်လျက် ပါးစပ်နှင့်လည်ပင်းများမှ သွေးများ အဆက်မပြတ်စီးကျလာချိန်တွင် ထန်ရှုသည် ထိုသူတို့၏တုန်ယင်နေသော ခန္ဓာကိုယ်များကို ကြမ်းပြင်ပေါ် တိတ်တဆိတ် လွှတ်ပေးလိုက်သည်။
ထန်ဝေ၊ ကျန်းရှောင်ဟူ နှင့် သက်တော်စောင့် ရှစ်ဦးတို့သည် ထိုလူနှစ်ယောက်၏အဖြစ်အပျက်အား ကြက်သေ သေလျက် တုန်လှုပ်ချောက်ချားပြီး မယုံနိုင်ဖွယ်ရာ မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူက တံခါးစောင့်နှစ်ယောက်ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ရှင်းပစ်လိုက်တာလား။
ထန်ရှုက အသံနှိမ့်ကာ ပြောလိုက်သည်။
“မင်းတို့အားလုံး ငါ့နောက်ကို လိုက်ခဲ့။ ငါ တံခါးကို ကန်ချလိုက်တာနဲ့ အထဲက လူတွေကို ချက်ခြင်း ထိန်းလိုက်။ မှတ်ထားပါ … သူတို့မှာ သေနတ်တွေရှိဖို့ အလားအလာ အရမ်းများတာကြောင့် သူတို့ကို အသုံးပြုဖို့ အခွင့်အရေး ဘယ်တော့မှ မပေးသင့်ဘူး။”
"နားလည်ပြီ။" လူတိုင်း ခေါင်းညိတ်ကြသည်။
သေဆုံးသွားသော လူနှစ်ယောက်၏ခါးမှ ပစ္စတိုနှစ်လက်ကို ဆွဲထုတ်ပြီး ထန်ရှုက သက်တော်စောင့်နှစ်ဦး အားပေးလိုက်သည်။ ထို့နောက် သူသည် ရုံးခန်းတံခါးဆီသို့ တစ်ရှိန်ထိုး ပြေးလာခဲ့သည်။
အဖွဲ့သားအားလုံး တံခါးနားရောက်သည်နှင့် ထန်ရှုက တံခါးအား ပြင်းထန်စွာ ကန်ပစ်လိုက်သည်။
ဘန်း…
တံခါးပွင့်သွားသည်နှင့် သက်တော်စောင့် ရှစ်ဦးသည် ၎င်းတို့၏ သေနတ်များ၊ ဓားမြှောင်များ ကိုင်ဆောင်ကာ အထဲသို့ တစ်ရှိန်ထိုး ပြေးဝင်သွားခဲ့သည်။ အတွင်းတွင် ရှိနေသော ဖက်တီးသူဌေး၊ အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတို့သည် သေနတ်များ ချိန်ထားခြင်း ခံရသောကြောင့် တုံ့ပြန်ရန် အချိန်မရလိုက်ကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များ လှည့်လိုက်သော အခိုက်အတန့်တွင် သူတို့၏လည်ပင်းအား ထောက်ထားသော ဓားမြောင်များ ရှိနေပြီ ဖြစ်တော့သည်။
***