← Chapters

ဓားခုတ်ကောင်သည် ပုဇဉ်းရင်ကွဲကောင်အား ပိုင်းဖြတ်သည်

Vol. 08 Ch. 352

ဓားခုတ်ကောင်သည် ပုဇဉ်းရင်ကွဲကောင်အား ပိုင်းဖြတ်သည်

Vol. 08 Ch. 352

မည်သူက မုဆိုး … မည်သူက သားကောင် ဖြစ်ပါသနည်း။

မူလက စွန်းမိသားစုမှ အမျိုးသမီး ၁ဦး နှင့် အမျိုးသား ၂ဦးသည် သူတို့၏သားကောင်အား ဖမ်းမိထားသော မုဆိုးများပမာ ယုံကြည်ချက်များ ရှိနေကြသည်။ သို့သော် သူတို့ မည်သည့်သတင်းကို မညှစ်ယူနိုင်သေးမီ တစ်ပြန် သားကောင်အဖြစ်သို့ ပြန်ရောက်သွားလိမ့်မည်ဟု မည်သည့်အခါမျှ မျှော်လင့်မထားခဲ့မိကြချေ။

ပြောင်းလဲသွားသော အခြေအနေသည် ထိုသူများ၏စိတ်နှလုံးအား  အေးစက်သွားစေသည်။

"မင်း ဘယ်သူလဲ။"

စွန်းမိသားစု၏ သက်လတ်ပိုင်းအရွယ်အမျိုးသားက အော်ဟစ်လိုက်သည်။

"ဒီအခြေအနေမှာ မင်းက မေးနေတုန်းပဲလား။"

ထန်ရှုက ထိုသူအား အေးစက်စွာ ကြည့်လိုက်ပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

"မင်းက သေလူဖြစ်တော့မှာပဲ။ ဘာလို့ ဒီလောက် ခေါင်းရှုပ်ခံနေရတာလဲ။"

ထိုစကားကိုပြောပြီးနောက် ထန်ရှုသည် အချုပ်နှောင်ခံထားရသောလူဆီသို့ သွားပြီး အံ့အားသင့်နေသော မျက်နှာကို ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးသည် ။

"ခင်ဗျားက ဝမ်ဟယ်အန်လား။"

"ဟုတ်တယ်။ အဲဒါ ငါပါ။" အချုပ်နှောင်ခံထားရသောလူက ဖြေလိုက်ရင်း "ငါက ကြယ်စင်အလင်းအုပ်စုရဲ့ ဘဏ္ဍာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ဟယ်အန်ပါ။ မင်းက ငါ့ကိုကယ်ဖို့ ဒီကို လာတာလား။"

ထန်ရှုက ထက်လှစွာသော မစ်ဆူဘီရှီစစ်သုံးဓားအား ရုတ်တရက်ထုတ်လိုက်သဖြင့် ဝမ်ဟယ်အန် မျက်နှာ ပျက်သွားသည်။ ထန်ရှုက ချည်နှောင်ထားသော ကြိုးများအား ဖြတ်တောက်နေရင်း မေးလိုက်သည်။

“ငါ့ကို တစ်ခုခုပြောပါဦး။ မင်း သူတို့ကို ဘာတွေပြောမိထားလဲ။"

ဝမ်ဟယ်အန်က ခေါင်းယမ်းလိုက်ပြီး "ငါ ဘာမှ မပြောထားဘူး။"

ထန်ရှုက ခေါင်းညိတ်ကာ အေးစက်တင်းမာသော လေသံတစ်ခုဖြင့် ဆိုလိုက်သည်။

"သူတို့ကို အကုန်သတ်လိုက်။"

ဒိုင်း…ဒိုင်း…ဒိုင်း…

သက်တော်စောင့်ရှစ်ဦးသည် တုံ့ဆိုင်းမနေဘဲ လူလေးဦးကို အသံတိတ်သေနတ်များဖြင့် ချက်ချင်းသတ်ပစ်သည်။ သူတို့သည် ထန်ရှု ၏အမိန့်ကို နာခံရန် အမိန့်ရထားပြီးဖြစ်သောကြောင့် ထန်ရှု၏ အမိန့်စကားအား တစ်သွေမတိမ်း လိုက်နာကြသည်။

ထိတ်လန့်မင်သက်နေသောအကြည့်ဖြင့် ထန်ဝေသည် သွေးအိုင်ထဲမှ အလောင်းလေးလောင်းကို ကြည့်လိုက်မိသည်။ သူ ပြောမယ့်ဆဲဆဲ စကားများကို ပြန်မျိုချလိုက်ရင်း မယုံကြည်နိုင်မှုသည် သူ၏မျက်လုံးများတွင် ပြည့်သွားခဲ့သည်။ ထန်ရှုသည် ထိုသူများအား သတ်ရန် တကယ် အမိန့်ပေးလိမ့်မည်ဟု မည်သည့်အခါမျှ သူ မထင်ထားခဲ့မိချေ။ သိထားရမည်မှာ ထန်ရှုသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု သူ အမြဲလိုလို တွေးခဲ့သည်။

သာမန်လူတစ်ယောက်က ဘယ်လိုလုပ် လူတွေကို သတ်ရဲတာလဲ။

သို့သော်လည်း သူတို့ အခန်းအပြင်မှာရှိစဉ်က ထန်ရှုသည် သူ၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို အသုံးပြုကာ အစောင့်နှစ်ယောက်ကို သူကိုယ်တိုင် သုတ်သင်ခဲ့ပြီး ယခုလည်း စွန်းမိသားစု၏လူလေးယောက်ကို သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ ယခုအချိန်တွင် ထန်ဝေသည် ထန်ရှုအကြောင်း သူသိထားသည်မှာ သုညမျှသာ ရှိသေးသည်ကို ရုတ်တရက်သဘောပေါက်သွားသည်။

ကျန်းရှောင်ဟူလည်း ထိတ်လန့်တုန်လှုပ်ကာ ကြက်သေ သေသွားခဲ့သည်။ ထန်ရှုသည် အလွန်ရက်စက်ပြီး သနားညှာတာမှုကင်းမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ဤအချိန်တိုခဏလေးအတွင်းမှာပင် လူခြောက်ဦးသည် သူ၏လက်ထဲတွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ သေဆုံးသွားခဲ့ရပြီဖြစ်သည်။

သည်သတ်ဖြတ်ခြင်းနတ်ဘုရား ... သူ့ရဲ့နောက်ခံက ဘာများလဲ။

ဝမ်ဟယ်အန်၏ ပုခုံးကို ပုတ်လိုက်ရင်း ထန်ရှုက ခေါင်းလှည့်ပြီး ပြောသည်။

"သွားကြစို့။ ကယ်ဆယ်ရေးမစ်ရှင် အောင်မြင်တယ်။ ဒါပေမယ့် ငါတို့ သုတ်သင်ပစ်ရမယ့်လူတွေ ရှိသေးတယ်။ ရန်သူက ငါတို့ကို ထောင်ချောက်ဆင်ချင်မှတော့ ငါတို့က သူတို့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးပစ်ရမယ်။ သူတို့ ဘယ်လိုလှည့်ကွက်တွေ လုပ်ထားမလဲဆိုတာ ငါမြင်ချင်သေးတယ်။"

ထန်ဝေက သူ့နောက်ကို အလျင်အမြန် လိုက်လာပြီး မေးသည် ။

"ညီလေး … မင်းဆိုလိုတာက ငါတို့ ကမ္ဘာမြေဗီရိုစက်ရုံကို ဆက်သွားရမှာလား။"

“ဟုတ်တယ်။ သူတို့က ငါတို့အတွက် ဒီလိုအခွင့်အရေးကောင်းတွေ ပေးထားတာကို ဘာလို့ လက်လွတ်ရမှာလဲ။” ထန်ရှုက ပြောသည်။

"ဒါပေမယ့် ဟိုကအခြေအနေအကြောင်း ငါတို့ ဘာမှ မသိဘူးမဟုတ်လား။" ထန်ဝေ ချီတုံချတုံ ဖြစ်သွားသည်။

“ကျွန်တော်တို့ ဘာမှမသိသေးဘူးဆိုတော့ အဲဒီနေရာကို အရင်သွားရမယ်။ ရန်သူက အားကောင်းလွန်းနေရင် ချက်ခြင်း ပြန်ထွက်မယ်။ ဒါပေမယ့် ရန်သူက အားနည်းနေတယ်ဆိုရင်တော့ သူတို့ကို ငရဲသွားဖို့ ဘာကြောင့် လက်မှတ် မပေးနိုင်ရမှာလဲ။ ရန်သူက အဲဒီနေရာမှာ ထောင်ချောက်ဆင်ထားတော့ လူအင်အား အများကြီး ချထားတယ်လို့ ငါ ပြောနိုင်တယ်။ ငါတို့က သူတို့ကိုအဆုံးစီရင်နိုင်ရင် ရန်သူ့ လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်နိုင်တယ်။”

“အဲဒါတော့ အမှန်ပဲ။” ထန်ဝေ ခေါင်းညိတ်သည်။

ထန်ရှုက သူနှင့် နီးကပ်စွာ နောက်မှ ပါလာသော ကျန်းရှောင်ဟူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အဲဒီအလောင်း၆လောင်းကို မင်း ရှင်းလင်းပေးပါ။ မင်း သူတို့ကို ကိုင်တွယ်နိုင်မယ်လို့ ငါယုံတယ်။"

"ပြဿနာ မရှိပါဘူး။" ကျန်းရှောင်ဟူ လျင်မြန်စွာပြောလိုက်သည်၊

“ဒီအလောင်း၆လောင်းက တိတ်တဆိတ် ပျောက်ကွယ်သွားလိမ့်မယ်လို့ ငါအာမခံတယ်။ သေချာပေါက် ပြသနာ မဖြစ်စေရဘူး။”

"မင်းလုပ်တာက ကောင်းတယ်။ ငါ မင်းကို ကူညီပြီး မင်းရဲ့သူဋ္ဌေးဆီမှာ စကားကောင်းပြောပေးပါမယ်။"

ထန်ရှုက ရယ်ရင်းပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ကျန်းရှောင်ဟူ ဝမ်းသာသွားရပြီး ထန်ရှုအား ကျေးဇူးတင်သော အကြည့်တို့ဖြင့်

"ကျေးဇူးတင်ပါတယ် မစ္စတာထန်။"

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး ကျန်းရှောင်ဟူကို နောက်မှာ နေခဲ့ဖို့ အချက်ပြလိုက်ကာ ထန်ဝေ၊ ဝမ်ဟယ်အန်၊ သက်တော်စောင့်ရှစ်ယောက်တို့နှင့်အတူ ရေခဲပြင်စကိတ်ကွင်းမှ အမြန်ထွက်ခွာသွားကြသည်။

သူတို့ ကားဆီကို ပြန်ရောက်ချိန်တွင် စိုးရိမ်စိတ်အပြည့်နှင့် ရွှဲ့ကျီက သူတို့ကို နှုတ်ဆက်ဖို့ လျှောက်လာသည်။ ဝမ်ဟယ်အန်ကို တွေ့မှသာ သူမက လျင်မြန်စွာ စိတ်သက်သာရာရသွားသည်။

“အန်တီရွှဲ့ ငါတို့ သူ့ကို ကယ်ခဲ့ပြီး စွန်းမိသားစုထဲက လူခြောက်ယောက်ကိုလည်း သတ်ပစ်ခဲ့တယ်။ ကျွန်တော်တို့ ကမ္ဘာမြေဗီရိုစက်ရုံကို ဆက်သွားမယ် မဟုတ်လား။”

ရွှဲ့ကျီက ထူးဆန်းသော အမူအရာဖြင့်

"ထန်ရှု … နင်လုပ်တာ အရမ်းကောင်းတယ်။ ဒါပေမယ့် ငါတို့က သူ့ကို ကယ်ပြီးပြီမို့ အဲဒီကို သွားဖို့မလိုတော့ဘူး မဟုတ်လား။ ငါတို့ရဲ့လူတွေကို အခုချိန် ရွှေ့ပြောင်းနေတာဆိုတော့ ကွမ်းယန်ကနေ စောစောထွက်လေ၊ ငါတို့လူတွေ အန္တရာယ် နည်းပါးလေပဲ။”

ထန်ရှုက မျက်ခုံးများ ပင့်လိုက်ရင်း

"ကျွန်တော်တို့မသွားခင် အတိုးနည်းနည်းလောက် ပြန်ယူရမယ်မဟုတ်ဘူးလား။"

“ဒါပေမယ့် အဲဒီမှာ ထောင်ချောက်တစ်ခုတော့ ရှိနေတယ်။ အတိုးမယူနိုင်ဘဲ ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားရမယ်ဆိုရင် ဆုံးရှုံးမှုက အမြတ်ထက် ကျော်သွားလိမ့်မယ်။”

ရွှဲ့ကျီက ပြန်ဖြေရင်း မျက်မှောင်ကြုတ်လိုက်သည်။

ထန်ရှုက နှုတ်ဆိတ်နေရင်း ရွှဲ့ကျီ ကမ္ဘာမြေဗီရိုစက်ရုံသို့ မသွားချင်သည်ကို သူသဘောပေါက်သည်။ အဘယ်ကြောင့်ဆိုသော် ရွှဲ့ကျီသည် သတ်ဖြတ်ခြင်း၌ မကျွမ်းကျင်သောကြောင့် ထိုသို့တွေးသည်ဟူသော သူမ၏အတွေးအား သူ နားလည်နိုင်ခဲ့သည်။

ထန်ဝေက ထန်ရှုအား ကြည့်လိုက်ရင်း မြန်မြန် ဝင်ပြောလိုက်သည်။

"အန်တီရွှဲ့ … ထန်ရှုနဲ့ ကျွန်တော် အဲဒီကိုသွားပြီး အခြေအနေကြည့်နေတုန်း လက်ထောက်ညွှန်ကြားရေးမှူးကို ခေါ်ပြီး အရင်ပြန်နှင့်လိုက်ပါလား။ အဲဒီ့စက်ရုံမှာ ရန်သူတွေ အများကြီးရှိနေရင် ကျွန်တော်တို့ ပေါ့ပေါ့ဆဆ မလုပ်ပါဘူး။ ဒါပေမယ့် အဲ့ဒီနေရာမှာ နည်းနည်းပဲ ရှိရင်တော့ ကျွန်တော်တို့က သူတို့ကို ရှင်းပစ်မယ်။”

“ဒါပေမယ့် ဟိုမှာ နင်တို့ဦးလေးတစ်က…”

ရွှဲ့ကျီ ချီတုံချတုံ ဖြစ်သွားသည်။

“သူ ဘာမှ စိတ်ပူနေစရာ မလိုပါဘူး။ မတော်တဆမှုတိုင်းအတွက် ကျွန်တော် တာဝန်ယူမယ်။ ယောင်မိသားစုနဲ့ ထန်မိသားစုက ကွမ်းယန်နဲ့ ဖူခန်းမှာ အဆိုးအကောင်းအားလုံးကို ဆုံးရှုံးခဲ့ရပြီဆိုတော့ ကျွန်တော်တို့ပြန်ဆုတ်သွားရင် သူတို့က ထန်တွေကို ဖိနှိပ်မှာကို ကျွန်တော် စိုးထိတ်တယ်။ အဆုံးသတ်ကျရင် အဲ့ဒီပြည်နယ်နှစ်ခုမှာ ကျွန်တော်တို့ရဲ့ မြေတစ်လက်မတိုင်းကို လုံးဝဆုံးရှုံးသွားရလိမ့်မယ်။”ထန်ရှုက ရှင်းပြသည်။

တစ်ခဏမျှ စဉ်းစားလိုက်ရင်း ရွှဲ့ကျီက ခေါင်းညိတ်ပြီး ပြောသည်။

"ဒါဆို ငါ နင်တို့နဲ့ လိုက်ခဲ့မယ်။ ဒါပေမယ့် ဒီကိစ္စကို နင်တို့ဦးလေးဆီ အကြောင်းကြားပြီး သူ့ထင်မြင်ချက်ကို ငါတို့ အရင်နားထောင်ရမယ်။”

"ဒါဆို သွားရင်းနဲ့ လမ်းမှာ သူ့ကို ပြောပြကြတာပေါ့။"

ထန်ရှုက ပြောသည်။

မေပယ်လ်နီအိမ်ရာဝင်း…

ဒါဇင်နှင့်ချီသော သန်မာတောင့်တင်းသည့် အမျိုးသားများသည် အေးစက်သော အမူအရာများဖြင့် အိမ်၏ခြံဝင်းထဲတွင် အနားယူနေကြပြီး အခြားများစွာသောသူများက အိမ်ခြံအနီးတစ်ဝိုက်တွင် စောင့်ကြပ်နေကြသည်။

အိမ်အတွင်း၌ ထန်ယွင်ဖန်းသည် ဒုတိယထပ်ရှိ အခန်းအတွင်းတွင် ထိုင်လျက် လက်ထဲရှိ သတင်းတင်ပြချက်အား တိတ်ဆိတ်စွာ ဖတ်နေသည်။ သို့သော်လည်း သူသည် လက်မှနာရီအား မကြာခဏမြှောက်ကာ အချိန်အား စိုက်ကြည့်နေလေသည်။

ဖုန်းမြည်သံ…

သူ၏လက်ကိုင်ဖုန်းမှ အသံမြည်လာသဖြင့် ထန်ယွင်ဖန်း၏အမူအရာ ပြောင်းလဲသွားသည်။ ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖုန်းခေါ်ဆိုသူနံပါတ်ကို တွေ့လိုက်သည်နှင့် အဖြေခလုတ်အား ချက်ချင်း နှိပ်လိုက်ပြီး

“ဘယ်လိုလဲ။ သူ့ကို ကယ်တင်နိုင်လိုက်ပြီလား။”

"ကျွန်မတို့ သူ့ကို ကယ်တင်လိုက်ပြီ။ ဒါပေမယ့် ဝမ်ဟယ်အန်ကို ကမ္ဘာမြေဗီရိုစက်ရုံမှာ ဖမ်းထားတာ မဟုတ်ဘဲ ချန်ပုမြို့ရဲ့ အခြားတစ်နေရာမှာ ထိန်းသိမ်းထားခဲ့တယ်။ ထန်ရှုက သူ့သူငယ်ချင်းကို အဲ့ဒီမြို့က အခြေအနေအကြောင်းစုံစမ်းပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဝမ်ဟယ်အန်ကို ဖမ်းထားခဲ့တဲ့ စွန်းမိသားစုရဲ့လူ၆ယောက်ကိုတော့ ထန်ရှုနဲ့ ထန်ဝေတို့ သတ်လိုက်ပြီ။"

ဖုန်းထဲတွင် ရွှဲ့ကျီ၏ အသံကို ကြားလိုက်ရသည်။

ထန်ယင်ဖန်းက ဝမ်းသာအားရ အော်ပြောလိုက်သည် ။

"ကောင်းကောင်းလုပ်ခဲ့တာပဲ။ အခု အမြန်ဆုတ်ခဲ့တော့။ ကွမ်းယန်ပြည်နယ်က ငါတို့လူအများစုကို ရွှေ့ပြောင်းပေးခဲ့ပြီးပြီ။ ကြယ်စင်အလင်းရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ မင်းလည်း ချက်ချင်း ဘေးကင်းရာကို သွားရမယ်။”

"ဒါပေမယ့် ထန်ရှုနဲ့ ထန်ဝေတို့က ကမ္ဘာမြေဗီရိုစက်ရုံကို သွားဖို့ ရည်ရွယ်ထားတယ်။" ရွှဲ့ကျီက ပြောသည်။

“ငါတို့လူတွေ အဲ့ဒီမှာ များများစားစား မရှိဘူး။ မင်းတို့က အဲဒီကို ဘာသွားလုပ်ချင်တာလဲ။"

ထန်ယွင်ဖန်း၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားကာ လေးလံသောအသံဖြင့် မေးလိုက်သည်။

“သူတို့ရဲ့ရည်ရွယ်ချက်က တစ်ဖက်လူ ထောင်ချောက် စီစဉ်ထားတာကို ငါတို့ သိပြီးကတည်းက တစ်ဖက်လူကို သူတို့ရဲ့ကစားနည်းနဲ့ ပြန်ရိုက်ချပြီး အတိုးအချို့ ပြန်ယူဖို့ပါ။ ယောင်နဲ့စွန်းမိသားစုတွေကို ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားစေရအောင် လုပ်နိုင်ရင် ကျွန်မတို့ရဲ့ အကျိုးစီးပွားအချို့ကို ပြန်လည်ရရှိတယ်လို့  ယူဆနိုင်တယ်လေ။”ရွှဲ့ကျီက ပြောသည်။

"ဒါက အရိုးရှင်းဆုံး ဒုက္ခရောက်အောင်လုပ်နေတာပဲ။" ထန်ယွင်ဖန်းက ဒေါသတကြီး ပြောလိုက်ရင်း

“အဲ့ဒီနေရာမှာ ငါတို့ရဲ့အင်အားတွေက သူတို့နဲ့တန်းတူ မဟုတ်ဘူး။ ရန်သူက ထောင်ချောက်တစ်ခု လုပ်ထားပြီဆိုကတည်းက အဲ့ဒီမှာ သူတို့က လူအင်အားအများကြီး ထား ထားမှာပဲ။ သူတို့တံခါးကို သူတို့ကိုယ်တိုင်သွားချင်အောင် လုပ်တယ်ဆိုပေမယ့် ဒါက အရမ်းအန္တရာယ်များတာကို ငါတို့ ကောင်းကောင်းသိကြတယ်။ ဒါက အရိုးရှင်းဆုံး သေမယ့်လမ်းပဲ။ ထန်ရှုတို့ကို ခုချက်ခြင်း ပြန်ဆုတ်ဖို့ ပြောလိုက်။”

“ဒါ…”

ကားပေါ်တွင် ရွှဲ့ကျီက ထန်ရှုနှင့် ထန်ဝေအား လှည့်ကြည့်လိုက်ပြီး အားတင်းပြုံးကာ ပြောသည်။

“နင်တို့ရဲ့ဦးလေးတစ်က ခုချက်ချင်း ပြန်လာစေချင်နေတယ်။”

ထန်ရှုက လက်လှမ်းလိုက်ပြီး

"ကျွန်တော့်ကို ဖုန်းပေးပါ။"

ရွှဲ့ကျီက ခဏလောက်တုံ့ဆိုင်းသွားပြီးမှ သူ၏ဖုန်းကို ပေးလိုက်သည်။

"ဦးလေးတစ် … ကျွန်တော် ထန်ရှုပါ။"

ထန်ရှုက ပြောသည်။

ထန်ယွင်ဖန်းက စိတ်ထိန်းထားရသောလေသံဖြင့်

"ထန်ရှု မင်း ကောင်းကောင်းလုပ်ခဲ့မှန်း ငါသိပါတယ်၊ ဒါပေမယ့် မင်း ဘယ်တော့မှ မာနနဲ့ မတွန်းလှန်ရဘူး။ ယောင်မိသားစုက လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ကွမ်းယန်မှာ သူတို့ရဲ့ အစီအစဉ်ကို စတင်နေခဲ့တာ။ ယောင်မိသားစုက ဟိုခွေးသားလေး ခေါ်လာတဲ့ နိုင်ငံခြားကျွမ်းကျင်ပညာရှင်အနည်းငယ်ကြောင့် ငါတို့ထန်မိသားစုက ကြိုတင်ပြင်ဆင်မှုမရှိဘဲ အဖမ်းခံလိုက်ရတာ။ ငါတို့တွေက သူတို့ရဲ့ပြိုင်ဘက်တွေ မဟုတ်ဘူးဆိုမှတော့ မင်းအခုပြန်လာခဲ့။ ဒီကိုလာပြီး ငါ့ကိုလာတွေ့ကြ။ ငါတို့ ကွမ်းယန်ကို ယာယီထွက်ခွာကြမယ်။”

“ဦးလေးတစ်… ကျွန်တော် မလုပ်နိုင်တဲ့အရာဆိုရင် ကျွန်တော် မပြောဘူး။ ကျွန်တော် သူတို့ကို ထိုးနှက်ဖို့ ယုံကြည်ချက်ရှိတာမို့ ဦးလေးတစ် ကျွန်တော့်ကို ထောက်ခံဖို့ပဲ တောင်းဆိုပါတယ်။ ဝမ်ဟယ်အန် ထိန်းသိမ်းခံရတဲ့နေရာအမှန်ကိုစုံစမ်းဖို့ တစ်ယောက်ယောက်ကိုမေးနိုင်တဲ့အရည်အချင်း  ကျွန်တော့်မှာ ရှိတယ်။ အဲ့ဒါက ကျွန်တော် အခုလုပ်မယ့် ကိစ္စကိုလည်း ပြီးမြောက်နိုင်တယ်လို့ ဖော်ပြရာ ရောက်တယ်။ ဒါပေါ့ ကျွန်တော်တို့က အလျင်စလို မလှုပ်ရှားသလို မျက်ကန်းတွေလိုလည်း မလှုပ်ရှားပါဘူး။ ကျွန်တော်တို့ရဲ့ ရန်သူအကြောင်းကို သိထားတာနဲ့ ကိုယ့်အကြောင်းကိုယ်သိခြင်းဟာ အောင်နိုင်ရေးလမ်းစဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ မလှုပ်ရှားခင် ရန်သူ့အကြောင်းကို သေချာစွာ စုံစမ်းမှာပါ။ စုံစမ်းစစ်ဆေးတာ မရှင်းမလင်းဖြစ်နေရင် ဒါမှမဟုတ် ကျွန်တော်တို့အင်အားက သူတို့ထက် အားနည်းနေရင်  အလျင်စလိုမလုပ်ဘဲ ချက်ချင်းပြန်လာခဲ့မယ်။”

ထန်ယွင်ဖန်းက ထန်ရှု ဒီလိုစကားမျိုးပြောမယ်လို့ မည်သည့်အခါကမှ မတွေးခဲ့မိချေ။ သူသည် ထန်ရှုအကြောင်း သိပ်မသိသော်လည်း တစ်ချိန်က ဆုံးရှုံးခဲ့သော တူဖြစ်သူမှာ အရည်အချင်းအချို့ ရှိကြောင်းကိုတော့ သူ သိသည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ထန်ရှုသည် မိသားစု၏ အန္တရာယ်ရှိသောလှုပ်ရှားမှုများတွင် ပါဝင်ခြင်းနှင့် ပတ်သက်၍ သူ အတန်ငယ် စိုးရိမ်နေမိဆဲဖြစ်သည်။

ထန်ရှုက ထပ်ပြောလိုက်သည်။

“ ဦးလေးတစ် … အဲဒါကို ပြီးဆုံးအောင် လုပ်ရအောင်။ အခွင့်အရေးရရင် သူတို့ကို ကျွန်တော်တို့ အပြုတ်နှံခဲ့မယ်။ မရရင် ချက်ချင်း ဆုတ်ခဲ့မယ်။”

ထိုစကားကိုပြောပြီးနောက် ထန်ရှုသည် ဖုန်း တန်းချလိုက်သည်။

မိုဘိုင်းဖုန်းမှ တိတ်သွားသည့် အသံကို နားထောင်ရင်း ထန်ယွင်ဖန်း ပါးစပ်အဟောင်းသားဖြစ်သွားကာ  နောက်ဆုံးတွင် သူ ခေါင်းယမ်းလျက် ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ သူသည် အိမ်ထဲမှ အမြန်ထွက်လာပြီးနောက် ခြံဝင်းအတွင်းရှိ ဒါဇင်နှင့်ချီသော လူများကို ကြည့်ကာ လေးနက်သောအသံဖြင့် အော်လိုက်သည်။

"ငါတို့ ချန်ပုမြို့ကို သွားမယ်။"

“ဟုတ်။”

ဒါဇင်နှင့်ချီသော လူများသည် ချက်ချင်းမတ်တပ်ရပ်ပြီး စုဝေးလိုက်ကြသည်။

ချန်ပုမြို့တွင်…

ကမ္ဘာမြေဗီရိုစက်ရုံအနီး အိုက်မုရွီသည် သုံးထပ်အဆောက်အအုံ၏ တတိယထပ်ရှိ ပြတင်းပေါက်ရှေ့၌ မလှုပ်မယှက်ရပ်နေပြီး ဆာ့ဖ်ကား၄စီးအား ကြည့်ရန် မှန်ပြောင်းတစ်ခုအား ကိုင်ထားသည်။

သူ၏အနောက်တွင် ပေါ့ပေါ့ပါးပါးအဝတ်အစားများ ဝတ်ထားကာ ဆံပင်အရောင်ချွတ်ထားသော လူငယ်နှစ်ယောက်သည် သူတို့လက်ထဲရှိ ဓားမြှောင်များနှင့် ကစားနေကြသည်။

“ အားလီ အောက်ကို ဆင်းသွားပြီး အခြားသူတွေကို တိတ်တိတ်လေးဝိုင်းဖို့ အကြောင်းကြားလိုက်။ သူတို့ကို သတိမပြုမိစေဘဲ သူတို့ ဆုတ်ခွာနိုင်မယ့် လမ်းကြောင်းကို ဖြတ်တောက်ထားဖို့လုပ်။ သူတို့ဘယ်သူပဲဖြစ်ဖြစ် ငါတို့ သူတို့ကို ဒီနေ့ ထွက်သွားခွင့်မပြုဘူး။”အိုက်မုရွီက ခေါင်းလှည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

အားလီဟုခေါ်သောလူငယ်၏မျက်လုံးထဲတွင် တိုက်ပွဲ ဆာလောင်သောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူ ထရပ်ကာ အပြင်သို့ ထွက်သွားသည်။

(Charm Ming Nge - ဓားခုတ်ကောင်သည် ပုဇဉ်းရင်ကွဲအား ပိုင်းဖြတ်ရန် ကြိုးစားနေစဉ် အနောက်တွင် ရှိနေသော ငှက်ဝါအား သတိမမူမိသကဲ့သို့ အကျိုးအမြတ်အနည်းငယ်အတွက် ပိုမိုကြီးမားသော အန္တရာယ်အား လစ်လျူရှုထားမိပုံကို ဆိုလိုသည့် တရုတ်စကားပုံဖြစ်သည်။)

All Chapters