အောင်မြင်မှုကို ရည်ရွယ်သော ပြင်းထန်သည့် တိုက်ခိုက်မှု
Vol. 08 Ch. 353
အချိန်များ ကုန်ဆုံးလာပြီဖြစ်သည်။
ချန်ပုမြို့၏ ကမ္ဘာမြေဗီရိုစက်ရုံအနီးတွင် ဆာ့ဖ်ကားလေးစီးကို ရပ်ထားသည်။ ကားတစ်စီးပေါ်မှ လီရှောင်ကျီသည် တယ်လီဖုန်းခေါ်ဆိုမှုတစ်ခုအား လက်ခံရရှိချိန်တွင် သူ၏မျက်နှာသည် အေးခဲသွားဟန်ရသည်။ နောက်ထပ် ညွှန်ကြားချက်များ ရပြီးသည့်အခါ သူ၏အေးစက်စက် မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဘာသတင်းများလဲ ခေါင်းဆောင်။" ရှေ့ဆုံးခုံတွင် ထိုင်နေသော လူငယ်တစ်ယောက်က မေးသည်။
“လက်ထောက်ညွှန်ကြားရေးမှူးကို ကယ်တင်ပြီးသွားခဲ့ပြီ။ ဒီကမ္ဘာမြေဗီရိုစက်ရုံက တကယ်တော့ ထောင်ချောက်တစ်ခုပဲ။ လက်ထောက်ညွှန်ကြားရေးမှူးကို အခြားနေရာမှာ ဒီကောင်တွေက ဖွက်ထားကြတာ။ ငါတို့ရန်သူတွေက စက်ရုံထဲမှာ လူအင်အားအများကြီး ထည့်ထားပြီး သူတို့ထောင်ချောက်ထဲ ငါတို့ ဝင်လာဖို့ စောင့်နေကြတာကွ။”
"ကယ်တင်ခံရလိုက်ရပြီလား။ ဘယ်သူ ကယ်လိုက်တာလဲ။" လူငယ်က တအံ့တသြ မေးသည်။
"ငါလည်း မသိဘူး။ အကြီးအကဲရွှဲ့က ငါ့ကို မပြောသွားဘူး။" လီရှောင်ကျီက ပြောသည်။
လူငယ်က ခေါင်းညိတ်ပြီး မေးသည်။
"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရဦးမလဲ။ ပြန်ဆုတ်ရမှာလား။"
"ငါတို့ မဆုတ်ဘူး။" လီရှောင်ကျီက ခေါင်းခါလိုက်ပြီး
"အကြီးအကဲရွှဲ့က ဒီမှာ စောင့်ဖို့ ပြောတယ်။ သူက ငါတို့နဲ့ ဆုံပြီး ဒီနေရာကို ငါတို့ တိုက်ခိုက်မယ်။”
“ဒါဟာ ထောင်ချောက်တစ်ခုမှန်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိရဲ့သားနဲ့ ဘာလို့ ဇွတ်တိုးမှာလဲ။" လူငယ်က အံသြစွာ မေးသည်။
"ပုစဉ်းရင်ကွဲကို ပိုင်းဖြတ်ဖို့လုပ်နေတဲ့ ဓားခုတ်ကောင်က အနောက်က ချောင်းနေတဲ့ ငှက်ဝါကို သတိမမူမိဘူးဆိုတဲ့ ဆိုရိုးစကားကို မင်း မကြားဖူးဘူးလား။ ငါတို့ ဒီနေရာကိုရောက်တဲ့ အခိုက်အတန့်မှာ ငါတို့ကို ဖော်ပြပြီးသားဖြစ်နေပြီ။ ဒီတော့ ငါတို့က ငါးစာလိုပုံစံမျိုး လုပ်လို့ရမယ်။ လာနေတဲ့ အင်အားတွေ ရောက်လာပြီဆိုရင်တော့ ငါတို့ စတင်လှုပ်ရှားလို့ ရပြီ။”
ဖုန်းမြည်သံ…
လီရှောင်ကျီ ပြောပြီးသည်နှင့် သူ၏ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ ဖုန်းခေါ်ဆိုသူနှင့် စကားအနည်းငယ် ပြောပြီးသည့်နောက်တွင် သူ၏မျက်နှာထက်မှ အပြုံးများ ပိုမိုသိပ်သည်းလာကာ၊
“သူဌေးက အခုပဲ ဖုန်းဆက်လာတယ်။ သူက လူတချို့ကို ခေါ်လာပြီး ဒီကို အပြေး လာနေတယ်။ နောက်ပြီး အကြီးအကဲရွှဲ့နဲ့အတူ နောက်ထပ် နှစ်ဦးလည်း ပါလာတယ်။ တစ်ယောက်က ထန်ဝေ၊ နောက်တစ်ယောက်က ထန်ရှု။
"ကျွန်တော် ထန်ဝေကို သိတယ်၊ ဒါပေမယ့် ထန်ရှုက ဘယ်သူလဲ။" စိတ်ရှုပ်ထွေးသွားသော လူငယ်က မေးသည်။
"ထန်မိသားစုက သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ကလေးကို ရှာတွေ့ခဲ့တာကို မင်းမေ့သွားပြီလား။ အဲဒီ့ကလေးက ထန်ရှုလေ။ ငါ သိသလောက်ပြောရမယ်ဆိုရင် သူက အရမ်းအစွမ်းရှိတာပဲ။ မေ့မျောနေတဲ့အဆင့်က လူတစ်ယောက်ကို ပြန်ပြီးသတိရလာစေတယ်။” လီရှောင်ကျီက ပြောသည်။
လူငယ်က ရုတ်တရက် သတိရသွားသည်။
"အဲ့လိုဆိုမှဖြင့် ကျွန်တော်တို့ရဲ့တာဝန်က အတော်ကြီးသွားပြီ။ ရန်သူကို တဖက်ကလည်း တိုက်ခိုက်ရမယ် တစ်ဖက်ကလည်း ဒီသခင်လေးနှစ်ယောက်ကို ကာကွယ် ပေးရတော့မှာပေါ့။”
နှုတ်ဆိတ်နေသော်လည်း လီရှောင်ကျီသည်လည်း ထိုကဲ့သို့ အတွေးမျိုးရှိခဲ့သည်။ အမှန်တကယ်တွင် ထန်မိသားစု၏တိုက်ရိုက်မျိုးဆက်များ အထူးသဖြင့် ငယ်ရွယ်သော မျိုးဆက်သစ်များသည် ဤကဲ့သို့သော တိုက်ပွဲများတွင် အတွေ့အကြုံမရှိသော မျိုးဆက်များသာ ဖြစ်သည်။
သူဋ္ဌေးသည် သူကိုယ်တိုင်ကိုယ်ကျ လူများကို ခေါ်ဆောင်ကာ လာခြင်းသည် ထန်ဝေ နှင့် ထန်ရှုတို့၏ လုံခြုံရေးအတွက် သူစိုးရိမ်နေသည်ဟု ထင်ရှားစွာ ဖော်ပြနေသည့်အချက်ပင် မဟုတ်ပေလော။
ထိုအချိန်တွင် ကမ္ဘာမြေဘီရိုစက်ရုံ၏အနောက်ဘက် လမ်းထောင့်တွင် ကားလေးစီးရပ်လာသည်။
ထန်ဝေအား တစ်ချက်ကြည့်ကာ ထန်ရှုက လေးနက်သောလေသံဖြင့်
“ငါ လူနည်းနည်း ခေါ်သွားပြီး အခြေအနေ အရင် စုံစမ်းကြည့်လိုက်မယ်။ မင်းက အပြင်မှာ စောင့်ပြီး ငါနဲ့ ဖုန်းအဆက်အသွယ် မပြတ်စေနဲ့။"
"ငါ မင်းနဲ့လိုက်မယ်။" ထန်ဝေက မြန်မြန်ပြောသည်။
“ငါတို့မှာ လူအများကြီးမရှိတဲ့အတွက် ရန်သူကို သတိပေးသလိုမဖြစ်အောင် တတ်နိုင်သမျှ လုပ်ရမယ်။ ဒီမှာပဲ နေပြီး ရှေ့ပြေးအဖွဲ့နဲ့ အဆက်အသွယ် မပြတ်အောင် နေပေး။ ရန်သူက ဒီမှာ ထောင်ချောက် ဆင်ထားတာဆိုတော့ အတွင်းထဲမှာရှိတဲ့ အုပ်စုအပြင် အနီးတစ်ဝိုက်မှာ လူအင်အားတွေ ရှိမယ်လို့ ငါ ယုံတယ်။ အစောပိုင်းက ရောက်ထားတဲ့ ငါတို့လူတွေကို သူတို့ စောင့်ကြည့်နေမယ်ဆိုတာ အသေအချာပဲ။ ဒါကြောင့် ငါတို့ကို ဝိုင်းထားတဲ့ ရန်သူတွေ အများကြီးရှိနိုင်တယ်။”
ထန်ရှုက သုံးသပ်ပြလိုက်သည်။
ထန်ဝေက တစ်ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြသည်။
"ဒါဆို မင်း သတိထားပါ။"
သူ့ကို ပြုံးပြရင်း ထန်ရှုက သူ့ပုခုံးကို ပုတ်ကာ ကားတံခါးကို အမြန်ဖွင့်လိုက်သည်။
ထို့နောက် သူတို့ကားအနောက်မှ ကားဆီသို့ သွားလိုက်ပြီး ပြတင်းပေါက်ကို ခေါက်ကာ ပြောလိုက်သည်။
“ငါနဲ့ ၃ယောက်လိုက်ခဲ့ပါ။ စက်ရုံထဲကို ခိုးဝင်မယ်။”
"ငါသွားမယ်။"
"ငါလည်း လိုက်မယ်။"
"ငါ့ကိုလည်း ထည့်တွက်ပါ။"
ယာဉ်မောင်းမှလွဲ၍ ကျန်သုံးဦး တံခါးဖွင့်ကာ ထွက်လာခဲ့သည်။ သူတို့သည် တစ်ချိန်က စစ်သားများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အထူးလေ့ကျင့်မှု အတွေ့အကြုံများ နှင့် အလွန်ကောင်းမွန်သော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူတို့သည် ထန်ရှု၏အနောက်ကိုလိုက်ကာ အခြေအနေကို စုံစမ်းစစ်ဆေးရန် ဆန္ဒရှိခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အရမ်းသန်မာသည်ဟု ယူဆထားသော်လည်း ထန်ရှုနှင့် တန်းတူ သဘောမထားဝံ့ကြပါချေ။။
ထန်ရှု၏ သတ်ဖြတ်ရာတွင် လျင်မြန်မှုကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြသည်။ ထိုကဲ့သို့ တိုက်ခိုက်ရာတွင် ချောမွေ့မှု၊ ဖြတ်သန်းနေသော တိမ်တိုက်များ နှင့် စီးဆင်းနေသော ရေကဲ့သို့ လှုပ်ရှားမှုများ၊ သတ်ဖြတ်ခြင်းနည်းစနစ်များအပြင် ရက်စက်ကြမ်းကြုတ်မှုတို့သည် ၎င်းတို့အတွက် ထန်ရှုအား မမီနိုင်သော အရာများ ဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင် လူလေးဦးသည် ကမ္ဘာမြေဗီရိုစက်ရုံ၏ အနောက်ဘက်နံရံတွင် တိတ်တဆိတ် ပေါ်လာသည်။ ထန်ရှုသည် စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်သောအခါ အနီးဝန်းကျင်တွင် ရန်သူကို မတွေ့ခဲ့ပေ။
သူသည် ချက်ချင်းပင် နံရံပေါ်မှ ခုန်ဆင်းကာ အတွင်းထဲသို့ အမြန်ဝင်လိုက်သည်။ ကျန်သုံးယောက်သည်လည်း နံရံမှ အလွန်သွက်လက်စွာ ခုန်ဆင်းလိုက်ပြီး ထောင်ထားသော ပျဉ်ပြားပုံ၏ အနောက်တွင် ပုန်းအောင်းနေလိုက်သည်။
"မင်းတို့အားလုံး ဒီမှာစောင့်။ ငါ့အမိန့်မပါဘဲ ဒီနေရာကနေ မထွက်ရဘူး။ ငါ ပစ်မှတ်ထားနေတာလေးတစ်ခု ရှိတယ်။ ဒါကြောင့် နည်းနည်းသွားစုံစမ်းပြီးရင် မင်းတို့ဆီ ပူးပေါင်းမယ်။"
သူ၏အမိန့်အား တီးတိုးပြောပြီး ထောင်ထားသော ပျဉ်ပြားကြီးများအား အကာအကွယ်ယူပြီး တိတ်တဆိတ်ဖြတ်သန်းကာ ရှေ့ဆီသို့ ခိုးကြောင်ခိုးဝှက် လျှောက်သွားလိုက်သည်။ လေးငါးမိနစ်ခန့်အကြာတွင် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ရှာဖွေလိုက်ရာ ဂိုဒေါင်အတွင်းရှိ ပို၍ လျှို့ဝှက်သော နေရာတွင် ပုန်းအောင်းနေကြသည့် လူဦးရေ ဆယ်ချီပါဝင်သော ရန်သူအဖွဲ့အချို့ကို တွေ့ရှိခဲ့သည်။
ထို့အပြင် ရုံးခန်းအဆောက်အဦး၏ အရှေ့ဘက်မှ အခြေအနေများသည် သူ့အား မျက်မှောင်ကြုပ် သွားစေသည်။ ထိုနေရာတွင် သေနတ်များ၊ ဓားများ ကိုင်ဆောင်ထားကြသော ဒါဇင်နှင့်ချီသည့် လူများစွာ ရှိနေသည်။ များပြားလှသော လူများသည် အိမ်ခေါင်မိုးပေါ်၌လည်း ရှိနေကြပြီး လူတစ်ယောက်သည် သူ၏သတ်ဖြတ်လိုစိတ်အား ဖော်ပြထားသည်မှာ မထင်မှတ်ဘဲ နိုင်ငံခြားသားတစ်ဦး ဖြစ်နေသည်။
ယောင်ရှင်းဟွာ ဟုခေါ်သည့် ယောင်မိသားစု၏ စွမ်းအားကြီးသောသူသည် နိုင်ငံခြားမှ ပြန်လာသောအခါတွင် နိုင်ငံခြားကျွမ်းကျင်သူ အနည်းငယ်ကို ခေါ်ဆောင်လာခဲ့ကြောင်း ထန်ရှု ကြားခဲ့သည်။အဆိုပါနိုင်ငံခြားသားသည် ယောင်ရှင်းဟွာ နိုင်ငံခြားမှ ခေါ်ဆောင်လာသည့် ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။
ရုံးအဆောက်အဦးအတွင်းနှင့် ခေါင်မိုးပေါ်ရှိ ရန်သူများကို ကြိုတင်ကာကွယ်ရန် ဖြစ်နိုင်သော နည်းလမ်းမရှိချေ။ သို့သော် ဂိုဒေါင်ထဲတွင် ပုန်းအောင်းနေသော အဖွဲ့သုံးဖွဲ့အား သူ့အနေဖြင့် အချိန်မီ ရှင်းပစ်နိုင်မည်ဖြစ်သော်လည်း ဆယ်ယောက်-တစ်ယောက်တိုက်ခိုက်ရာတွင် အသံမထွက်စေဘဲ တိတ်ဆိတ်စွာ တိုက်ခိုက်ရန်ဆိုသည်မှာ အတန်ငယ် ခက်ခဲလိမ့်မည်ဖြစ်သည်။
ထန်ရှုသည် ခဏမျှ တွေးလိုက်ပြီးနောက် သတိကြီးစွာ ထားကာ သူနှင့်အတူ ခေါ်ဆောင်လာသော သက်တော်စောင့်သုံးယောက် ပုန်းအောင်းရာနေရာသို့ တိတ်တဆိတ် ပြန်သွားလိုက်သည်။
“မင်းတို့ထဲက တစ်ယောက် ပြန်သွားပြီး တခြားလူတွေကို အထဲကို ဝင်လာဖို့ ပြောလိုက်။ မှတ်ထားရမှာက နံရံကို အမြန်ခုန်ဖို့ပဲ။ ရုံးအဆောက်အဦးရဲ့ခေါင်မိုးထက်မှာ အပြင်ဘက်ကို စောင့်ကြည့်နေတဲ့ မှန်ပြောင်းကိုင်ထားတဲ့ လူတစ်ယောက်ရှိတယ်။ မတော်လို့ မင်းကို မြင်သွားရင် ငါတို့ရဲ့ဝင်စီးနင်းမည့်အစီအစဉ်ကို ကျရှုံးသွားမှာ ငါ စိုးရိမ်တယ်။
"ငါ သွားလိုက်မယ်။" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်အကြာတွင် ထန်ဝေသည် အခြားသက်တော်စောင့်ငါးဦးကို တိတ်တဆိတ် ဦးဆောင်ကာ ထန်ရှုအနားသို့ရောက်ရှိလာခဲ့ပြီး ပုန်းခိုရန် နေရာယူပြီးသောအခါ ထန်ဝေက တီးတိုး ပြောလိုက်သည်။
"ညီလေး … အထဲက အခြေအနေ ဘယ်လိုလဲ။"
“ဘယ်ဘက်နဲ့ ညာဘက်မှာရှိတဲ့ အလုပ်ရုံနှစ်ခုရဲ့ အတွင်းအခြေအနေကို ငါ စူးစမ်းခဲ့တယ်။ အဆောက်အဦးတစ်ခုစီထဲမှာ လူဆယ်ယောက်တစ်ဖွဲ့စီ ရှိပြီးတော့ နောက်လူဆယ်ယောက်က ခပ်လှမ်းလှမ်းက ပျဉ်ပြားပုံကြီးနောက်မှာ ပုန်းနေကြတယ်။ အဲ့ဒီအဖွဲ့သုံးဖွဲ့စီမှာ လူ၂ယောက်စီက သေနတ် ကိုင်ထားတယ်။ ကျန်တဲ့သူတွေက ဓားတွေ၊ တုတ်တွေ ကိုင်ထားကြတယ်။ ဒါပေမယ့် ရုံးခန်းအဆောက်အဦးအတွင်းနဲ့ ခေါင်မိုးပေါ်မှာက ဒါဇင်နဲ့ချီတဲ့ လူတွေ ရှိနေသေးတယ်။ ပထမအဖွဲ့သုံးဖွဲ့ကို အရင်ရှင်းပစ်ပြီးရင် အပြင်က ကျန်တဲ့ငါတို့လူတွေကို အမြန်ဝင်ပြီး ဝိုင်းထားဖို့ ချက်ချင်း အကြောင်းကြားရမယ်။ ယောင်မိသားစုက လူဘယ်လောက်ပဲ စီစဉ်ပေးထားပါစေ စက်ရုံအတွင်းမှာရှိတဲ့ ရန်သူအားလုံးကို ထိန်းထားနိုင်သရွေ့ အပြင်ဘက်က ရန်သူခေါင်းဆောင်ကို ချိန်ရွယ်ထားနိုင်တယ်။”
"ညီလေး … မင်း ဒါကို ရှင်းရှင်းလင်းလင်း စုံစမ်းထားနိုင်တယ်ပေါ့။ မင်း အရင်က ကင်းထောက်တစ်ယောက် လုပ်ဖူးတာလား။"
ထန်ဝေက အံ့သြသွားကာ မေးလိုက်သည်။
“ငါက ကင်းထောက်တစ်ယောက်ထက်တောင် သန်မာနိုင်ပါတယ်။ ကောင်းပြီ၊ မင်းတို့အားလုံး ငါ့နောက်သို့ လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားဖို့ အာရုံစိုက်ထားတော့။ ဘယ်ဘက်ခြမ်းစက်ရုံထဲက ရန်သူအဖွဲ့ဆီ အရင်သွားကြရအောင်။”
ထန်ရှုက ပြုံးပြီး ပြောသည်။
“သွား။”
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုနှင့် ထန်ဝေအပါအဝင် သက်တော်စောင့်ရှစ်ဦးသည် ဘယ်ဘက်ရှိ အလုပ်ရုံတံခါးအပြင်ဘက်တွင် သတိကြီးစွာဖြင့် ထွက်ပေါ်လာခဲ့သည်။
အလုပ်ရုံ၏အရှေ့တံခါးသည် ရန်သူဆယ်ယောက် ပုန်းအောင်းနေသည့်နေရာဖြစ်သောကြောင့် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုထားမှုအရ ဘေးဘက်တံခါးမှဝင်ရောက်ကာ အတွင်းမှရန်သူများ အံ့အားသင့်နေစဉ်အတွင်း အမြန်ပြေးသတ်ရန် ရွေးချယ်လိုက်သည်။
“မင်းတို့ ကိုးယောက်က သူတို့ဆီ ချဉ်းကပ်ပြီးရင် ချက်ချင်းစပြီး မြန်မြန်လုပ်ပါ။ သေနတ်ကိုင်ထားတဲ့ လူနှစ်ယောက်ကို ငါကိုယ်တိုင် ရှင်းမယ်။ ဒီဆယ်ယောက်ထဲမှာရှိတဲ့ လူတွေဆီကနေ အပြင်ကို သတိပေးချက်တစ်ခုမှ မရောက်စေရအောင် ဒီစီးနင်းမှုကို မြန်မြန်ပြီးမြောက်အောင် လုပ်ရမယ်။”
ထန်ရှုက တိုးတိုးလေး ပြောလိုက်သည်။
"နားလည်ပြီ။" လူတိုင်းက လက်အချက်ပြပြီး ပြန်ဖြေကြသည်။
ပရိဘောဂများအား အကာအကွယ်ယူကာ သူတို့အားလုံးသည် လျင်မြန်စွာပင် အလုပ်ရုံဝင်ပေါက်တွင်ရှိသော လူဆယ်ယောက်အနီးသို့ ချဉ်းကပ်လာကြသည်။
၎င်းတို့အနက်မှ နှစ်ဦးသည် အပြင်ဘက်မှ လှုပ်ရှားမှုမှန်သမျှအား တိတ်တဆိတ်ကြည့်ရှုနေပြီး လူအချို့သည် ထိုင်ခုံတွင်ထိုင်ကာ လက်နက်များကို သန့်ရှင်းရေးလုပ်လျက်၊ အချို့က ၎င်းတို့၏ဓားနှင့် တုတ်များဖြင့် ကစားလျက် ရှိနေကြသည်။
“သွား။”
ထန်ရှုက အသံတိုးတိုး ကြုံးဝါးလိုက်တယ်။
သူ့ခြေချောင်းဖျားအား ရုတ်တရတ် အသာတော့ကာ ကျားတစ်ကောင်က သားကောင်အား ခုန်အုပ်သည့်အလား တစ်ရှိန်ထိုး ပြေးလွှားလိုက်သည်။ နှစ်စက္ကန့်အတွင်း ထန်ရှုသည် သေနတ်များ ကိုင်ဆောင်ထားသော လူနှစ်ဦးရှေ့သို့ ရောက်သွားခဲ့ကာ သူ့လက်ထဲမှ မစ်ဆူဘီရှီ စစ်သုံးဓားတစ်လက်ဖြင့် လူတစ်ယောက်၏လည်ချောင်းကို ထိုးဖောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အခြားလူတစ်ယောက်၏နောက်ကျောတွင် ပေါ်လာပြီး ထိုလူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာ အလွယ်တကူ လည်ပင်းကို ချိုးပစ်လိုက်သည်။
"ရန်သူ။"
ထိုင်ခုံပေါ်မှ လူတစ်ယောက်သည် ဓားရှည်အား ထုတ်လျက် ခုန်ဆင်းလာသည်။
ဒုတ်…
ချွန်ထက်သော ဓားမြှောင်တစ်ချောင်းသည် ထိုလူ၏ နှလုံးသားအား ထိုးဖောက်သွားခဲ့ပြီဖြစ်သည်။
ထန်ရှုသည် ဘေးဘက်သို့ လျင်မြန်စွာ ရွေ့လျား လိုက်သည်။ အခြားလူတစ်ယောက်၏အရှေ့တွင် သူပေါ်လာသည့်အခိုက်အတန့်တွင် သူ၏ မစ်ဆူဘီရှီစစ်သုံးဓားမြှောင်သည် ထိုသူ၏လည်ချောင်းအား ထိုးဖောက်သွားတော့သည်။ ထို့နောက် ဓားအား ချက်ချင်း ပြန်ဆွဲထုတ်ကာ ဝဲဘက်ခြမ်းရှိ အခြားလူတစ်ဦး၏ လည်ချောင်းအား မြန်ဆန်လှသောအရှိန်ဖြင့် ထိုးစိုက်လိုက်သည်။
ဘန်း…ဘန်း…ဘန်း…
ဓားများသည် အပေါ်အောက် ခုတ်ပိုင်းသွားသည်။ ထန်ဝေ နှင့် ကိုယ်ရံတော်ရှစ်ဦးတို့သည် အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ကြပြီး အငိုက်မိသွားသော ရန်သူဆယ်ဦးကို တိုက်ခိုက်ခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း အလုပ်ရုံအတွင်းရှိ ရန်သူဆယ်ဦးစလုံး သေဆုံးခဲ့ပြီဖြစ်သည်။ ၎င်းတို့ထဲမှ လေးဦးသည် ထန်ရှု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ကျန်ခြောက်ဦးမှာ ထန်ဝေနှင့် အခြားသူများ ပူးပေါင်းသတ်ဖြတ်ခြင်းဖြစ်ပေသည်။
"အရမ်း အဆင်ပြေတယ်။"
ထန်ဝေက ကျေနပ်သော အပြုံးဖြင့် ပြောလိုက်သည်။
“တကယ်ကို အရမ်း အဆင်ပြေတယ်။ ဒါပေမယ့် နောက်တစ်နေရာမှာ ရန်သူအုပ်စုနှစ်စု ကျန်သေးတယ်။” ထန်ရှုက ခေါင်းညိတ်ပြီး ပြောသည်။
“သူတို့အားလုံးကို အလွယ်တကူ သတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တတိယအုပ်စုထဲက တစ်ယောက်ကိုတော့ မသတ်ဘဲထားရမယ်။ ဒီထောင်ချောက်ထဲမှာ ငါတို့အတွက် ရန်သူက လူဘယ်နှစ်ယောက်လောက် တာဝန်ချထားတယ်ဆိုတာ သိဖို့လိုတယ်။”
"မင်းဆိုလိုတာက စက်ရုံအပြင် တခြားမှာ ရှိနိုင်သေးတယ်လို့ ဆိုလိုတာလား။" ထန်ဝေက မေးသည်။
“အထဲမှာ ရှိတဲ့ရန်သူအရေအတွက်ကို ငါ သိပြီးပြီ။ ဒါပေမယ့် စက်ရုံအပြင်မှာ ရန်သူတွေ ဘယ်လောက် ရှိမလဲဆိုတာတော့ ငါမသိဘူး။ အဲဒါကို ဖော်ထုတ်မှ ရမယ်။” ထန်ရှုက ရှင်းပြလိုက်သည်။
“ညီလေး … မင်းရဲ့ ကွန်ဖူးက အရမ်းမိုက်တယ်။ ကျန်တဲ့သူတွေကို ချက်ချင်းသတ်ပစ်လိုက်ပါ။ သူတို့ထဲကတစ်ယောက် အသက်ရှင်စေဖို့ကိုတော့ ငါ့တာဝန် ထားလိုက်။" ထန်ဝေက ပြောသည်။
"သတိရှိရမယ်ဆိုပေမယ့်လည်း မင်းရဲ့စိတ်ကို အရမ်းကြီးထိန်းချုပ်မထားဘဲ တိုက်ခိုက်လိုက်။ အခြားသူတွေနဲ့ တွဲလုပ်ရင်း လာမယ့် တိုက်ပွဲနှစ်ခုမှာ အန္တရာယ်ကင်းစွာ ရုန်းထွက်နိုင်ဖို့ပဲ ကြိုးစား။” ထန်ရှုက အားပေးလိုက်သည်။
“နောက်တစ်ခု ဆက်လုပ်ကြစို့။ အဲ့ဒီအလုပ်ရုံကို သွားမှာမလား။” ထန်ဝေက မေးသည်။
"ဟုတ်တယ်။" ထန်ရှုက ဖြေလိုက်သည်။
လျင်မြန်စွာပင် သက်တော်စောင့်နှစ်ယောက်သည် ရန်သူနှစ်ဦးလက်မှ ပစ္စတိုများကို ယူလိုက်ကြသည်။ ရေခဲပြင်စကိတ်ကွင်းတွင် တိုက်ခိုက်စဉ်က လူခြောက်ဦးသေဆုံးပြီး ပစ္စတိုလေးလက်ကို ရယူနိုင်ခဲ့သည်။ ထန်ရှုတို့အဖွဲ့သည် ယခုအခါ နောက်ထပ် ပစ္စတိုနှစ်လက်အား ထပ်မံရရှိခဲ့ပေရာ စုစုပေါင်း ခြောက်လက် ရှိခဲ့ပြီဖြစ်သည်။ ထန်မင်းက တူဖြစ်သူထန်ရှုအား လက်ဆောင်ပေးခဲ့သော သေနတ်ကိုပါ ထည့်တွက်မည်ဆိုပါက ယခုအခါ ၎င်းတို့လက်ဝယ်တွင် ပစ္စတိုခုနစ်လက်ရှိသည်။ ရွှဲ့ကျီ၏ ကိုယ်ရံတော်လေးဦးသည် သေနတ်တစ်လက်စီ အသီးသီး ကိုင်ဆောင်ထားသောကြောင့် ယခုအခါ ထန်ရှုတို့ဆယ်ယောက်တွင် ပစ္စတို ဆယ့်တစ်လက် ရှိနေပြီဖြစ်တော့သည်။
***