← Chapters

ဆောင်းဦးလေပြည်အား သန့်စင်ခြင်း

Vol. 08 Ch. 354

ဆောင်းဦးလေပြည်အား သန့်စင်ခြင်း

Vol. 08 Ch. 354

ထန်ရှုအား ပစ္စတိုသေနတ်တစ်လက်ကို ပေးနေရင်း ထန်ဝေက တီးတိုး ပြောလိုက်သည် ။

“ညီလေး … မင်းရဲ့ကွန်ဖူးက အံ့သြစရာကောင်းမှန်း ငါသိပါတယ်၊ ဒါပေမယ့် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျည်ဆန်တွေကို ရှောင်လို့မရဘူး။ ဒီသေနတ်ကိုယူထား။ ငါတို့ ဆုံးရှုံးဖို့ မဖြစ်နိုင်သလို မင်းကို မတော်တဆ ထိခိုက်မှုတွေလည်း ခွင့်မပြုနိုင်ဘူး။"

ထန်ရှုက ပစ္စတိုကို ယူကာ သူ့ခါးတွင် ထိုးထည့်ရင်း

“အားလုံးမှတ်ထားကြပါ။ ငါတို့က ခိုးဝင်စီးနင်းမှုကို လုပ်နေတာဖြစ်လို့ တတ်နိုင်သမျှ သေနတ်မသုံးပါနဲ့။ သေနတ်တွေမှာ အသံတိတ်စက်တွေပါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ အဲဒါကို ကြားနိုင်တုန်းပဲ။”

"နားလည်ပြီ။" လူတိုင်းက တုံ့ပြန်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ဓားရှည်များကို ကိုင်လိုက်ကြသည်။

ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်အကြာတွင် ၎င်းတို့သည် အခြားစက်ရုံတစ်ခုတွင် ပေါ်လာပြီး အတွင်းမှ လူဆယ်ဦးကို အောင်မြင်စွာ သတ်ပစ်ခဲ့သည်။

ရုံးခန်းခေါင်မိုးပေါ်တွင်…

တိုဖာဆန်သည် မျက်မှောင်တင်းတင်း ကြုတ်ထားသည်။ သူသည် ကြည့်နေသော မှန်ပြောင်းကို ဖယ်လိုက်ပြီး သူ့ဘေးနားရှိ လူအား ပေးကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် အရိပ်အမြွက်ပြောလိုက်သည်။ ထို့နောက် သူ စီးကရက်တစ်လိပ်ထုတ်ရင်း ထိုင်လိုက်သည်။

သူကိုယ်တိုင်ပင် သတိမထားမိဘဲ အနည်းငယ် ဂနာမငြိမ် ဖြစ်နေမိသည်။ ဆိုးရွားသည့်အရာ တစ်ခုခု ဖြစ်တော့မည်ဟု သူ ခံစားနေရသည်။ ယခင်က သည်လိုခံစားချက်မျိုးအား နှစ်ကြိမ်ခံစားဖူးပြီး အကြိမ်တိုင်း  ကြိုတင်သတိထားခဲ့မှုကြောင့် နောက်ဆုံးတွင် သူ လွတ်မြောက်ခဲ့ရသည်ချည်း ဖြစ်သည်။

“အခြားသူတွေကို ဆက်သွယ်ပြီး သတိထားဖို့ ပြောပါ။ ရန်သူကို ငါတို့ တိုက်ခိုက်လိုက်တာနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ငါတို့ ရင်ဆိုင်ရလိမ့်မယ်။” တိုဖာဆန်က တိုးညှင်းသော အသံဖြင့် ပြောသည်။

“ထပ်တူ ပြောလိုက်ပါမယ်။”

ဘေးနားရှိလူက သူ၏ဖုန်းအားယူကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

အလုပ်ရုံအပြင်ဘက်တွင်…

နှစ်မီတာမြင့်သည့် ပျဉ်ပြားပုံကြီးကြားရှိ လူတစ်ယောက်၏လက်ထဲမှ လက်ကိုင်ဖုန်းတစ်လုံး တုန်ခါသွားသည်။ သူ၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ ခေါ်ဆိုသူနံပါတ်အား ကြည့်လိုက်သည်။ ဖုန်းခေါ်ဆိုမှုအား လက်ခံလိုက်ပြီး

"ဘာဖြစ်လို့လဲ။"

“သတိနဲ့နေကြ။ ရန်သူက နေ့ဘက်တွင် မတိုက်ခိုက်ဘူးဆိုရင်တောင် ညဘက်မှာ တိုက်ခိုက်နိုင်ဖို့များတယ်။ ငါတို့သတိမထားနိုင်ရင် သေသွားကြလိမ့်မယ်။"

"နားလည်ပါပြီ။"

ထိုလူက ခေါင်းညိတ်ကာ ပျဉ်ပြားပေါ်ရှိ အပေါက်များမှတဆင့် တံခါးကို ချောင်းကြည့်ရင်း ပြန်ဖြေသည်။

"အိုကေ။ ဒါပဲ။"

ဖုန်းခေါ်ဆိုသူ ဖုန်းချသွားသောအခါတွင် ထိုလူက အသံနှိမ့်ကာ

“ညီအစ်ကိုတို့ သတိနဲ့နေကြ။ ဒီအချိန်မှာ ရန်သူတွေကို ငါတို့ သတ်နိုင်သလောက်သတ်ရင် ကောင်းမွန်တဲ့ ဆုလာဘ်ကို ငါတို့ပြန်လာရင် သခင်လေးက ဆုချလိမ့်မယ်။ အချိန်တန်ရင် ငါတို့တွေ စကီလေးတွေ အများကြီးနဲ့ ပါတီကြီးတစ်ခု လုပ်လို့ရတယ်။

“ကောင်းပြီ။”

ကျန်သောလူ၉ယောက်က ဝမ်းသာအားရ ပြုံးရင်း ရန်သူကို အောင်မြင်စွာ သတ်ပြီး မည်မျှ ပျော်စရာကောင်းမည်ကို စိတ်ကူးယဉ်စပြုလာသည်။

ဇွပ်…

ချွန်ထက်သော မစ်ဆူဘီရှီစစ်သုံးဓားတစ်ချောင်းသည် ဖုန်းပြန်ဖြေသော လူ၏ နောက်ကျောသို့ ထိုးဝင်လာသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူ့အနီးရှိ ညီအစ်ကိုတစ်ယောက်မှာ ခေါင်းကွဲဒဏ်ရာဖြင့် သွေးများ စီးကျနေသည်ကို မြင်လိုက်ရသည်။ သွေးများနှင့် ဦးနှောက်ဖတ် အရည်များသည် ထိုသူ၏မျက်နှာပေါ်သို့ စီးကျလျက်ရှိသည်။

လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားသော ထန်ဝေသည် လူတစ်ဦး၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ပိုင်းသည်။ သက်တော်စောင့်လူတစ်ယောက်မှ ထိုအခုတ်ပိုင်းခံရသူ၏ဗိုက်ကို ဓားနှင့်ထိုးလိုက်သဖြင့် မချိမဆန့် ညည်းညူသံထွက်လာသည်။

တပ်ချထားသော ရန်သူများအနက်မှ တစ်ယောက်သည် သူ၏အဖွဲ့သားတစ်ယောက် တိုက်ခိုက်ခံရသည်ကို ရုတ်တရက် သတိပြုမိပြီး ကျယ်လောင်စွာ အော်တော့မည့်ဟန် ပြင်လိုက်သည်။

“ရန်…”

ရွှတ်…

ထန်ရှု၏ ဓားသည် ထိုသူ၏လည်ချောင်းအား လှီးဖြတ်ပြီးနောက် လက်သီးတစ်ချက်ဖြင့် အဆုံးသတ်လိုက်ပေးလိုက်သဖြင့် အသံသည် ဆက်မထွက်လာနိုင်တော့ပေ။

“ဓားရှည်တွေအားလုံးကို စွန့်ပစ်ပြီး သေနတ်တွေကို ယူပါ။ နောက်တိုက်ပွဲမှာ သေနတ်တွေသုံးမယ်။” ထန်ရှုက လေးနက်စွာ အမိန့်ပေးလိုက်သည်။

"နားလည်ပြီ။"

ထိုအချိန်တွင် ထန်ဝေအပါအဝင် လူကိုးဦးသည် ထန်ရှုအား လုံးဝယုံကြည်နေပြီဖြစ်သည်။ ထန်ရှု၏ ခေါင်းဆောင်မှုဖြင့် ရန်သူများအား သတ်ဖြတ်ရာတွင် ထန်ရှု၏ နည်းလမ်းများကို တွေ့မြင်ခဲ့ကြသကဲ့သို့ အတွေ့အကြုံများလည်း ရခဲ့ကြသည်။

လူနှစ်ဆယ့်ကိုးယောက်။ သူတို့အားလုံးသည် သေနတ်များ၊ ဓားများ ကိုင်ဆောင်ထားကြသော်လည်း  မိနစ်နှစ်ဆယ်အတွင်းမှာပင် အသတ်ခံလိုက်ရသည်။ သူတို့ထဲမှ လူတစ်ယောက်အား  သတိလစ်သွားအောင် လုပ်ထားသဖြင့် ယခု သူတို့၏ခြေထောက်များနားတွင် လဲနေပြီဖြစ်သည်။ ထန်ရှုတို့တစ်ဖွဲ့လုံး ဒဏ်ရာရသူတစ်ဦးမျှ မရှိချေ။

အဆင်ပြေသည်။ အလွန်အမင်းကို အဆင်ပြေခဲ့သည်။

သက်တော်စောင့်များသည် ယခင်က စစ်သားများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့အထဲမှ အများအပြားသည် ထန်မိသားစုမှ ငယ်စဉ်ကလေးဘဝတည်းက လေ့ကျင့်သင်ကြားခြင်းခံရပြီး တာဝန်ထမ်းဆောင်ပြီး သေမင်းခံတွင်းဝမှ လွတ်မြောက်လာသည့် ကျန်သောသူများသည် ထန်မိသားစုအပေါ် သစ္စာစောင့်သိသော အငြိမ်းစားစစ်သားများ ဖြစ်လာသည်။ ၎င်းတို့အားလုံးနီးပါးသည် ယခင်က ရန်သူများအား သတ်ဖြတ်ခဲ့ကြသော်လည်း ဤကဲ့သို့ လွယ်ကူသော သတ်ဖြတ်စီးနင်းမှုမျိုး သို့မဟုတ် ထိုကဲ့သို့ ကြီးမားစွာ အောင်မြင်သော ရလဒ်မျိုးအား မတွေ့ကြုံဖူးပေ။

"ညီလေး … ငါတို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ။ ဝင်ရောက်စီးနင်းဖို့ ပြင်ပလူတွေကို အကြောင်းကြားရတော့မလား။”ထန်ဝေက မေးသည်။

"ဟင့်အင်း။ အခု မဟုတ်သေးဘူး။" ထန်ရှုက ခေါင်းခါပြီး "ငါတို့ ညာဘက်ခြမ်းက အလုပ်ရုံကို သွားမယ်။ ငါ ရုံးအဆောက်အဦးထဲကို ခိုးဝင်ပြီး လုပ်ကြံသတ်ဖြတ်နေတုန်း မင်းက အဲဒီမှာ ရန်သူကို ချောင်းတိုက်ခိုက်ဖို့ လုပ်ထား။”

“မရဘူး။” ထန်ဝေက ခေါင်းခါပြီး “လုံးဝကြီးကို မရဘူး။ မင်းက အရမ်းသန်မာတယ်ဆိုရင်တောင် မင်းတစ်ယောက်တည်း စွန့်စားဖို့ ခွင့်မပြုဘူး။ လက်သီး၂လုံးက လက်လေးဖက်ကို တိုက်ဖို့ခက်တယ်။ ဟိုမှာ ရန်သူတွေက ဒါဇင်နဲ့ချီပြီးရှိနေပြီး တော်တော်များများက သေနတ်တွေ ရှိကြမယ်။ မတော်လို့ မင်းသာ မတော်တဆ ဖြစ်ခဲ့ရင် ငါ… တိုတိုပြောရရင် ငါတို့က ဒီနေရာထိရောက်နေပြီဖြစ်တဲ့အတွက် မင်းသွားတဲ့နေရာတိုင်းကို ငါ လိုက်ရမှာပဲ။”

“ငါ…”

ထန်ရှုက စကားပြောတော့မည့်ဟန်ပြင်လိုက်စဉ် ထန်ဝေက သူ၏လက်ကို ဝှေ့ယမ်းကာ စကားစဖြတ်လိုက်ပြီး

“ညီလေး … မင်း မတော်တဆ ထိခိုက်သွားရင် ဖိုးဖိုးကြီးနဲ့ ငါ့အဖိုးက ငါ့ခြေထောက်ကို ချိုးမှာ ငါ မလိုချင်ဘူးနော်။ နောက်ပြီး တစ်သက်လုံးလည်း အပြစ်ရှိသလို မခံစားချင်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး ဘာမှ ထပ် မပြောနဲ့တော့။”

ထန်ရှုက အားတင်းပြုံးကာ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းရင်း

"ကောင်းပြီ။ ဒါဆိုလည်း ငါတို့ ရုံးခန်းအဆောက်အဦးဆီ တိတ်တဆိတ် သွားကြည့်မယ်… အာ … မဟုတ်သေးဘူး။ သေစမ်း… ရုံးခန်းထဲကလူတွေ သိသွားတော့မယ်။”

"သူတို့က ဘယ်လိုသိမှာလဲ။" ထန်ဝေက အမြန်မေးလိုက်သည်။

ထန်ရှုက မျက်ခုံးပင့်လိုက်ပြီး

"အရင် ငါတို့သတ်ခဲ့တဲ့လူတွေကို တစ်ယောက်မှ သူတို့ ဖုန်းဆက်မရဘူးလေ။ ငါမှန်းတာမှန်ရင် အလုပ်ရုံ၂ခုလုံးက လူတွေဆီ သူတို့ ဖုန်းဆက်လိမ့်မယ်။ သနားစရာကောင်းတာက ဘယ်သူမှ ဖုန်းဖြေတဲ့သူ ရှိမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အလုပ်ရုံထဲကလူတွေ မတော်တဆမှုတစ်ခုနဲ့ ကြုံနေပြီလို့ သူတို့ တွက်ကြတော့မှာပဲ။"

ဖုန်းမြည်သံ….

ထန်ရှု ပြောပြီးသည်နှင့်တစ်ပြိုင်နက် ထန်ရှုလက်ချက်ဖြင့် ပထမဆုံး အသတ်ခံလိုက်ရသည့် လူ၏လက်ထဲမှ ဖုန်းမြည်လာခဲ့သည်။ ထန်ဝေနှင့် ထန်ရှုတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

"သေချာပါတယ်။"ထန်ဝေက အားယူပြုံးပြသည်။

ထန်ရှု တစ်ခဏမျှ စဉ်းစားလိုက်ရင်း

"ဒါကိုကြည့်ရင် ရုံးခန်းအဆောက်အဦးထဲက ရန်သူကို ခိုးဝင်တိုက်ခိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ ချက်ခြင်းပြန်ဆုတ်ရမယ်။ အပြင်ဘက်က ငါတို့လူတွေနဲ့ ပူးပေါင်းပြီး တတ်နိုင်သမျှ အမြန်ပြန်ဆုတ်ကြရအောင်။ ငါတို့ကို တားရဲတဲ့သူရှိရင် သတ်ပစ်။"

“ငါတို့ သူတို့လူကို အများကြီး သတ်ပစ်လိုက်တာပဲ။ လုံလောက်နေပါပြီ။” ထန်ဝေက ခေါင်းညိတ်ပြီး "ဒါပေမယ့် ငါတို့ ဒီလူကို ဘာလုပ်သင့်လဲ။"

ထန်ရှုက သတိလစ်နေသောလူကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

“သူ့ကို ထားဖို့ အသုံးမဝင်တော့ဘူး။ သတ်လိုက်တော့။"

“ကောင်းပြီ။” ထန်ဝေက သူ၏ဓားကို လွှဲကာ သတိလစ်နေသည့်လူအား ထိုးသတ်လိုက်သည်။

ပြီးသည်နှင့်ချက်ချင်း ထန်ရှုတို့အုပ်စုသည် အမြန်ထွက်သွားကာ အိမ်နောက်ဖေးနံရံမှ ကျော်တက်ပြီး ကားများဆီသို့ ပြန်လာခဲ့ကြသည်။

"အခြေအနေ ဘယ်လိုရှိလဲ။"

အပြင်မှာစောင့်နေသည့် ရွှဲ့ကျီက ထန်ရှုနှင့် ထန်ဝေတို့ အဖွဲ့ ပြန်လာသည်ကို တွေ့သည်နှင့် အလျင်အမြန် မေးလိုက်သည်။

သူ့မျက်နှာပေါ် မှ သွေးများကို သုတ်ရင်း ထန်ဝေက တဟိဟိရယ်ကာ

“အန်တီရွှဲ့ … ကျွန်တော့်ညီရဲ့ ဦးဆောင်မှုနဲ့  ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို အကုန် အဆုံးမသတ်ခဲ့ရဘူး။ ကျွန်တော်တို့ကို ရှာမတွေ့ခင် သူတို့ရဲ့လူသုံးဆယ်ကို သတ်ပြီး ပြန်ဆုတ်လာခဲ့တာ။”

ရွှဲ့ကျီက အံ့သြထိတ်လန့်သွားပြီး ပြောမိသည်။

"ဒါပေမယ့် နင်တို့ အဲဒီမှာ နာရီဝက်တောင် မရှိသေးဘူးမဟုတ်လား။ နင်တို့ သူတို့လူသုံးဆယ်ကို တကယ်သတ်ခဲ့တာလား။ ဘယ်လိုများ လုပ်လိုက်တာလဲ။"

"သူ့ကို မေးကြည့်။"ထန်ဝေက ထန်ရှုအား လက်ညှိုးထိုးပြကာ ရယ်နေသည်။

“ဒါက ခိုးဝင်တိုက်ခိုက်မှုတစ်ခုပါပဲ။ ကျွန်တော်က သူတို့ကို ကင်းထောက်ပြီး သူတို့ပုန်းနေတဲ့နေရာကို သိတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ အတူတူ လှုပ်ရှားကြတယ်။ ပုန်းအောင်းနေတဲ့ ရန်သူသုံးအုပ်စုကို ကျန်တဲ့သူတွေ မသိရှိရအောင် သုတ်သင်ခဲ့လိုက်တယ်။ နဲ့ ကျွန်တော်တို့တွေ ဒီကနေ ထွက်ပြီး ရှေ့ဝင်ပေါက်က ကျွန်တော်တို့လူတွေနဲ့ ပေါင်းကြရအာင်။”

ထန်ရှုက ရှင်းပြလိုက်သည်။

"အိုကေ။" သူမမျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်နေသည့်အမူအရာ ထင်ဟပ်လျက် ရွှဲ့ကျီက ခေါင်းညိတ်တုံ့ပြန်သည်။

ခဏအကြာတွင် ရွှဲ့ကျီက လီရှောင်ကျီအား  ဖုန်းဆက်လိုက်ပြီး ထွက်ခွာရန်အတွက် အဆင်သင့်ပြင်ရန် ပြောလိုက်သည်။ ကားလေးစီးသည် ကမ္ဘာမြေဗီရိုစက်ရုံအနီးနားသို့ အမြန်မောင်းလာစဉ် လီရှောင်ကျီက သူတို့၏ကားများကို မြင်ပြီး ကျန်လူများအား ကားလေးစီးနှင့်အတူပေါင်းကာ ထွက်ရန် ချက်ချင်း အမိန့်ပေးသည်။ ထို့နောက် ကားရှစ်စီးသည် အလွန်လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ဗီရိုစက်ရုံအတွင်းရှိ ပျဉ်ပြားပုံများကြားတွင် တိုဖာဆန်သည် ကြောက်စရာကောင်းပြီး ရက်စက်တော့မည့်ဟန် ရှိနေသည်။ သူ့ထံမှ သိပ်သည်းစွာ ထွက်ပေါ်လာသော လူသတ်လိုစိတ်ကြောင့် ဒါဇင်နှင့်ချီသော လူအုပ်ကြီးသည် အတန်ပင် ကြောက်လန့်သွားကြသည်။

ရှက်ဖို့ကောင်းလှသည်။ ဤနေရာ၌ တာဝန်ပေးထားသော လူအင်အားသည် ရန်သူ၏ တိတ်တဆိတ် သတ်ဖြတ်မှုအား ခံလိုက်ရသောကြောင့် တိုဖာဆန်တစ်ယောက် ရှက်ရွံ့မှုအား ပြင်းပြင်းထန်ထန် ခံစားရသည်။ ထိုအဖြစ်အပျက်သည် သူ့အား စိုးစဉ်းမျှပင် မရိပ်မိစေဘဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တင်ပြပါတယ်။ တခြားအဖွဲ့နှစ်ဖွဲ့လည်း အသတ်ခံလိုက်ရတယ်။”

မျက်နှာထက်တွင် ကြောက်ရွံ့မှု အတန်ငယ်ရှိနေသည့် လူတစ်ယောက်သည် အရှိန်ဖြင့် ပြေးလာကာ တင်ပြသည်။

"မအေဘေးတွေ…"

တိုဖာဆန်သည် ပျဉ်ပြားထိပ်များအား လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သိရှိသွားသည့်ပမာ ဖုန်းနံပါတ်တစ်ခုအား နှိပ်လိုက်ပြီး

"အိုက်မုရွီ အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ။"

“လှုပ်ရှားမှုမရှိသေးဘူး။ ရန်သူတွေက ကားထဲမှာ ရှိနေတုန်းပဲ … အာ မဟုတ်သေးဘူး။ ကားလေးစီး လာနေတယ်။"

ဖုန်းထဲက အိုက်မုရွီ၏အသံ ထွက်ပေါ်လာသည်။

တိုဖာဆန်၏အမူအရာပြောင်းလဲသွားရင်း ချက်ချင်းပင်

"သူတို့ကို မတားနဲ့။ သူတို့တွေ ကမ္ဘာမြေစက်ရုံထဲကို အလျင်စလိုဝင်ဖို့ ကြိုးစားရင် ပေးဝင်လိုက်။ ပြီးရင် အထဲကို သူတို့နောက်က လိုက်ခဲ့လိုက်ပါ။ ဒါပေမယ့် သူတို့ထွက်သွားတယ်ဆိုရင်တော့ လွှတ်ပေးလိုက်။”

"ဘာလို့လဲ။ ဒါက အစီအစဉ်အတိုင်း မဟုတ်ဘူးလေ။" အိုက်မုရွီက မေးခွန်းထုတ်သည်။

တိုဖာဆန်က အံတင်းတင်းကြိတ်ရင်း

“ရန်သူက စက်ရုံထဲကို ခိုးဝင်ပြီး ငါ စီစဉ်ထားတဲ့ အဖွဲ့သုံးဖွဲ့လုံးကို သတ်သွားပြီ။ ငါတို့ လူသုံးဆယ် ဆုံးရှုံးလိုက်ရတယ်။”

"ဘာ။" အိုက်မုရွီက အမှတ်တမဲ့ အော်ဟစ်လိုက်မိသည်။

ချန်ပုမြို့မှ ဆယ်ကီလိုမီတာကျော်အကွာ အဝေးပြေးလမ်းမကြီးပေါ်တွင် ကားတစ်ဒါဇင်ကျော် အရှိန်အဟုန်ဖြင့် ဖြတ်သန်းနေသည်။ ကားတန်းအလယ်ရှိ အော်ဒီကားအတွင်းတွင် ထန်ယွင်ဖန်းသည် သူ့ဖခင်ထံမှ စကားများကို ပြန်အမှတ်ရနေချိန်တွင် မှုန်မှိုင်းနေဟန်ရှိသည်။

"ငါတို့ပေးဆပ်ရမှာ ဘယ်လောက်ပဲကြီးပါစေ ရှုအာနှင့် ဝေ့အာတို့ရဲ့ဘေးကင်းမှုကတော့ သေချာစေရမယ်။ အဆိုးဆုံးထဲက အဆိုးဆုံးဖြစ်လာရင် ငါတို့တွေ ကွမ်းယန် နဲ့ ဖူခန်းပြည်နယ်နှစ်ခုလုံးကနေ ပြန်ဆုတ်မယ်။ ယောင်မိသားစုက တခြားပြည်နယ်တွေမှာ ငါတို့ထန်မိသားစုနဲ့ ဆန့်ကျင်ဝံ့တယ်ဆိုရင် ရလဒ်က ဘာပဲဖြစ်ဖြစ် သူတို့ကို တိုက်ထုတ်ကြတာပေါ့။”

ထန်ယွင်ဖန်းသည် နားထင်အား ပွတ်ရင်း ထန်ရှု၏ အဆိုပြုချက်အား သဘောတူမိသည်ကို ရုတ်တရက် နောင်တရသွားသည်။

ထန်ရှုသည် အရည်အချင်းပြည့်ဝသော ကလေးတစ်ယောက်ဖြစ်ကြောင်း သူသိသည်။ လူငယ်အရွယ်ကတည်းက အားကြိုးမာန်တက် လုပ်ကိုင်ပြီး အထင်ကြီးစရာကောင်းသည့် လုပ်ငန်းများအား မည်သူထံမှ အကူအညီမယူခဲ့ဘဲ လုပ်ဆောင်နိုင်ခဲ့သော လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ထိုအရာကပင်လျှင် အံ့သြဖွယ်ကောင်းနေပြီး သာမန်ထက် ထူးကဲနေပြီဖြစ်သည်။

ထန်ရှုအား နှစ်များစွာ အချိန်ပေးပါက သို့တည်းမဟုတ် ဆယ်စုနှစ်တစ်စု အချိန်ပေးလျှင်တောင်မှ ထန်ရှု၏အင်အားသည် ပိုမို ကြီးထွားလာမည်ဖြစ်သည်။ ထန်မိသားစု၏အကူအညီပါ ထည့်ပေါင်းလိုက်မည်ဆိုပါက ထန်ရှု မည်မျှထိ မြင့်မားလာလိမ့်မည်ကို သူ တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

ထန်ရှုက နောင်တက်လာမည့် မျိုးဆက်သစ်များထဲမှ တစ်ယောက်အဖြစ် သူကိုယ်တိုင် အမှန်တကယ် မှတ်ယူထားပါက ထန်မိသားစု၏ အင်အားစုများသည် ခုန်ပျံကျော်လွှားကာ အရှိန်အဟုန်ဖြင့် တိုးတက်မည်ကို သူ စိတ်ကူးယဉ်ထားပြီးသားဖြစ်သည်။ ထန်မိသားစုသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန် နှစ်အနည်းငယ်သာ အချိန်ယူရပေမည်။

ထိုအချိန်ရောက်လာပါက မည်သည့်မိသားစုက ထန်မိသားစုအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝံ့ပါဦးမည်နည်း။

ပေကျင်းဒေသတစ်ခုလုံးနှင့် တရုတ်တစ်နိုင်ငံလုံးမှာပင် ထန်ရှုထက် ပိုပြီးထူးချွန်သောလူငယ် တစ်ယောက်မျှ ရှိနိုင်မည်မထင်ပါချေ။

….ထန်မိသားစုရဲ့အနာဂတ်အတွက်သာမက ဒီကလေး ဖြတ်သန်းခဲ့ရတဲ့ ခါးသီးမှုတွေနဲ့ ခက်ခဲမှုတွေအားလုံးကို ဖြည့်ဆည်းပေးဖို့ ဒီတိုတိုလေးပဲ ကျန်နေသေးတဲ့ ငါ့အသက်ကို စတေးရရင်တောင် သူဘေးကင်းဖို့ သေချာစေရမယ်…

ထန်ယွင်ဖန်းသည် သူ၏မျက်လုံးများကို မှိတ်ကာ စိတ်အတွင်းမှ တိတ်တဆိတ် တွေးနေသည်။

***

All Chapters