ထန်မိသားစု၏ကောင်းမွန်သော ကံကြမ္မာ
Vol. 08 Ch. 355
ထန်ယွင်ဖန်း တောင်စဉ်ရေမရ တွေးနေချိန်တွင် ရွှဲ့ကျီထံမှ ဖုန်းဝင်လာသည်။ သို့သော် သူမ၏ တင်ပြမှုအား ကြားရသည့်အခါ သူ၏လေးထောင့်ကျကျ မျက်နှာထက်၌ ချက်ချင်းပင် အံ့သြတုန်လှုပ်မှုများ ဖုံးလွှမ်းသွားသည်။
"မင်း စိစစ်ပြီးပြီလား။ ယောင်မိသားစုရဲ့ လူအင်အားအဖွဲ့တစ်ဖွဲ့ကို မင်းတို့ တကယ်ပဲ ချေမှုန်းလိုက်တာလား။”
"အဲဒါအမှန်ပါပဲ။" ရွှဲ့ကျီက ဖြေရင်း
"ထန်ရှုကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးပြီး ခိုးဝင်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တယ်။ ရန်သူတွေရဲ့ လူ၃၀ကို သတ်ဖြတ်ပြီး ပစ္စတိုခြောက်လက် သိမ်းဆည်းရခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့ အခု အပြန်လမ်းတွင် ရောက်နေပြီမို့လို့ အများဆုံး တစ်နာရီလောက်ဆို မေပယ်နီအိမ်ရာကို ရောက်တော့မှာပါ။"
"နားလည်ပြီ။" ထိုစကားကိုပြောပြီးနောက် ထန်ယွင်ဖန်းက ဖုန်းချလိုက်သည်။
ခဏအကြာတွင် သူ၏ ဂုဏ်သိက္ခာရှိသော မျက်နှာထက်တွင် အံ့သြတုန်လှုပ်မှုနှင့် ပီတိဖြစ်မှုတို့ ထွက်ပေါ်လာပြီးနောက် သူက လေးနက်သောအသံဖြင့် ပြောသည်။
“ငါတို့ချန်ပုမြို့ကို မသွားတော့ဘူးဆိုပြီး တခြားသူတွေကို အကြောင်းကြားလိုက်။ ငါတို့ မေပယ်နီအိမ်ရာကို ပြန်ကြမယ်။"
"နားလည်ပြီ။" ရှေ့ဆုံးခုံမှ သက်လတ်ပိုင်းအရွယ် လူတစ်ဦးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ထန်ယွင်ဖန်းသည် ပြတင်းပေါက်မှတဆင့် အပြင်ဘက်အားကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အား အာရုံစိုက်မိပါက အနည်းငယ် တုန်ရီနေပြီး လက်သီးများ တင်းတင်းဆုပ်ထားကြောင်း တွေ့ကြရမည်ဖြစ်သည်။
လူအယောက်သုံးဆယ်တဲ့လား။
…စီးနင်းမှုတစ်ခုတည်းနဲ့ ရန်သူရဲ့ လူအယောက်သုံးဆယ်ကို မထင်မှတ်ဘဲ သေဆုံးစေတယ်။ ငါတို့ထန်မိသားစုက ခြေလှမ်းတိုင်းမှာ ယောင်မိသားစုရဲ့ဖိနှိပ်တာကို ခံရပြီး ငါတို့လူအများအပြားက ဒီကောင်တွေရဲ့လူတွေ တိုက်ခိုက်တာကို ခံနေခဲ့ရတယ်။ ဒါတောင် အသေအပျောက်က လူအယောက်နှစ်ဆယ်ကို မကျော်ခဲ့ပေမယ့် ထန်ရှုရဲ့ ပထမဆုံး တိုက်ခိုက်မှုက သူတို့ရဲ့ လူအယောက်သုံးဆယ်ကို သေစေခဲ့တယ်။ မဟုတ်ဘူး … သုံးဆယ်မဟုတ်ဘူး။
လက်ထောက်ညွှန်ကြားရေးမှူးကို ကယ်တုန်းကလည်း ရန်သူခြောက်ဦးကို သတ်ခဲ့သေးတယ်မဟုတ်လား။
ဆိုတော့ အခုတစ်ကြိမ် ရန်သူက ငါတို့လူတစ်ဦးကို ဖမ်းပြီး ငါတို့ကို ထောင်ချောက် ပြင်ထားပေမယ့် သူတို့တွေ လက်ထောက်ညွှန်ကြားရေးမှူးထံမှ ဘာသတင်းမှ မရလိုက်ဘူး။ ငါတို့ကို လှည့်ဖြားဖို့ကြိုးစားပေမယ့် သူတို့တွေပဲ အရှုံးနှစ်ဆကို ခံစားလိုက်ရတာပေါ့။
ကောင်းတယ် … အရမ်းကောင်းတယ်…
ထန်ရှု … ထန်ရှု မင်းက ထန်မိသားစုရဲ့ ကံကောင်းခြင်းလေးပဲ။ ငါတို့တွေရဲ့ကံကြမ္မာကို ယူဆောင်လာသူလေး…
အချိန်အတော်ကြာပြီးနောက် ထန်ယွင်ဖန်းသည် သူ၏မျက်နှာထက်မှ အပြုံးအား ဖုံးမနိုင်ဖိမရ ဖြစ်နေခဲ့ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သို့သော်လည်း သတင်းပို့ရန် ချက်ချင်း ဖုန်းမခေါ်ခဲ့ပေ။ တစ်ခဏမျှ ချီတုံချတုံပြီးနောက် သူ၏လက်ကိုင်ဖုန်းအား တစ်နေရာတွင် တင်လိုက်သည်။ သူ၏ဖခင်ထံ သတင်းပို့ခြင်းကိစ္စနှင့် ပတ်သက်၍ ထိုအကြောင်းအရာအား နှံ့စပ်သေချာစွာသိရှိစေရန် စောင့်ဆိုင်းရမည်ဖြစ်သည်။
ကွမ်းယန်၏ ခေတ်သစ်အုပ်စု…
နူးညံ့သော ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်ရင်း ယောင်ရှင်းဟွာသည် အချက်အလက်များအား တိတ်ဆိတ်စွာ ဖတ်နေသည်။ ထိုသတင်းအချက်အလက်သည် ကွမ်းယန်နှင့် ဖူခန်းရှိ ထန်မိသားစု၏ အခွဲများအကြောင်းဖြစ်သည်။
လက်ရှိတွင် ကွမ်းယန်ရှိ ထန်မိသားစုနှင့် ဆက်နွယ်နေသည့် ပိုင်မိသားစု၏ အကြီးအကဲအား သူကိုယ်တိုင် အကြံအစည်ထုတ်ကာ ယာယီဖမ်းဆီးထားခံရအောင် ပြုလုပ်ထားခဲ့ပြီး ကြယ်စင်အလင်းအုပ်စုကိုလည်း မီးလောင်ပျက်စီးသွားရစေခဲ့သည်။ ကွမ်းယန်ရှိ ထန်မိသားစု၏ လက်နှစ်ချောင်းအား ဖြတ်တောက်လိုက်သည်ဟု ဆိုနိုင်သည်။
ကြယ်စင်အလင်း၏ဘဏ္ဍာရေးအခြေအနေကိုလေ့လာပြီးနောက် သူတို့သည် ထန်မိသားစု၏ ငွေအရင်းအမြစ်အား သိမ်းယူကာ ကြယ်စင်အလင်းအုပ်စုအား လုံးဝဖျက်ဆီးပစ်နိုင်သည်။ ထို့ကြောင့် ထန်မိသားစု၏ နောက်ထပ်လက်ချောင်းတစ်ချောင်းအား ထပ်မံဖြတ်တောက်နိုင်လိမ့်မည်ဖြစ်သည်။
ယောင်ရှင်းဟွာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဖုန်းမြည်သံ…
မိုဘိုင်းလ်ဖုန်းမှ အသံမြည်လာသည်။
ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ ခေါ်ဆိုသူ၏နံပါတ်အား ကြည့်လိုက်သည့်အခါ သူ၏မျက်နှာထက်ရှိ အပြုံးသည် ချက်ချင်းပင် သိပ်သည်းလာခဲ့သည်။
"တိုဖာဆန် … သတင်းကောင်းတစ်ခု ရပြီလား။"
"ဝံပုလွေကြီး … တစ်ခုခု မှားနေပြီ"
လူသတ်လိုစိတ်ပြည့်နေသော တိုဖာဆန်၏ အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။
ယောင်ရှင်းဟွာ၏ အပြုံးသည် အေးခဲသွားပြီး ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အား တည့်တည့်မတ်မတ် ထိုင်လိုက်ကာ လေးလံသောလေသံဖြင့် မေးသည် ။
"ဘာဖြစ်သွားတာလဲ။"
တင်းမာသောလေသံဖြင့် တိုဖာဆန်က ပြန်ပြောသည်၊
“ကမ္ဘာမြေစက်ရုံမှာ ငါတို့စီစဉ်ထားတဲ့ ထောင်ချောက်တွေကို ရန်သူက ဖြိုဖျက်သွားလိုက်ပြီ။ အဲ့ဒီကောင်တွေက လှည့်စားတဲ့ နည်းဗျူဟာကို အသုံးပြုပြီး စက်ရုံအပြင်ဘက်မှာ လူတစ်ဖွဲ့ရှိနေတုန်း ကျန်အဖွဲ့တွေက စက်ရုံထဲ ခိုးဝင်လာကြတယ်။ အုပ်စုသုံးစုထဲက ငါ့လူသုံးဆယ်အားလုံးကို အသံမထွက်ဘဲ သတ်သွားတယ်။ နောက်ပြီး …”
ယောင်ရှင်းဟွာ၏မျက်လုံးများထဲမှ လူသတ်လိုစိတ်များ ဖြစ်ပေါ်လာကာ ရုတ်တရက် ရပ်လိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်ကာ မေးသည် ။
"တစ်ခြား…ဘာများ။"
"ဝမ်ဟယ်အန်ရဲ့ အချုပ်အနှောင်အတွက် တာဝန်ရှိတဲ့ ယောင်ရှင်းယုဆီ အခုပဲ ဖုန်းဆက်ခဲ့ပေမယ့် ဘယ်သူမှ မကိုင်ခဲ့ဘူး။ သူလည်း အပျက်အစီးတွေနဲ့ ကြုံမှာကို ငါ စိုးမိတယ်။”
"ချီးပဲ။"
ယောင်ရှင်းဟွာက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ဖုန်းကို ချလိုက်ပြီး ယောင်ရှင်းယု၏နံပါတ်အား ချက်ချင်းဆက်လိုက်သည်။ မည်သူမျှ ဖြေမည့်သူ မရှိပါချေ။ ယောင်မိသားစု၏ အခြားနံပါတ်များကိုပင် ခေါ်ဆိုသော်လည်း တူညီသောရလဒ်ကိုသာ ရရှိခဲ့သည်။
အချိန်အတော်ကြာအောင် ဒေါသအမျက်ထွက်နေပြီးနောက် ယောင်ရှင်းဟွာသည် တိုဖာဆန်အား ဖုန်းပြန်ဆက်ပြီး
“မင်းရဲ့လူတွေကို ခေါ်ပြီး ရေခဲပြင်စကိတ်ကွင်းက အခြေအနေကို ချက်ချင်းသွားစစ်ပါ။”
“ငါ လုပ်ထားပြီ။ မကြာခင် သတင်းရလိမ့်မယ်။”
ယောင်ရှင်းဟွာက စားပွဲကို လက်သီးဖြင့် ထိုးကာ အော်လိုက်သည်။
“ကမ္ဘာမြေဗီရိုစက်ရုံမှာ ကျရှုံးတဲ့အတွက် မတော်တဆမှုတွေ ထပ်မဖြစ်အောင် ငါတို့လူတွေကို ခေါ်ပြီး ချက်ချင်းဆုတ်။ ငါ မင်းကို ကွမ်မြို့မှာစောင့်နေမယ်။"
တစ်နာရီကြာပြီးနောက်…
ကွမ်မြို့ မေပယ်နီအိမ်ရာ
ထန်ယွင်ဖန်း ပြန်ရောက်နေပြီဖြစ်သည်။ အိမ်၏အရှေ့တံခါးဝတွင် ရပ်နေသော သူ၏ခန္ဓာကိုယ်သည် လှံတစ်စင်း ထောင်ထားသည်နှင့် အလားတူသည်။ မှုန်ကုပ်ကုပ်အကြည့်များနှင့် သန်မာသော လူလေးယောက်က သူအား ဝန်းရံထားပြီး ဘေးပတ်လည်အား ကြည့်နေကြသည်။
"သူတို့ လာကြပြီ။" သူ့နံဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တိုးတိုးလေးပြောသည်။
ထိုအချိန်တွင် အိမ်ခြံဝင်း၏ဝင်ပေါက်ဆီသို့ ဦးတည်ကာ ကားရှစ်စီး အမြန် မောင်းနှင်လာသည်ကို ထန်ယွင်ဖန်း တွေ့လိုက်ရသည်။ ထို့နောက် ကားရှစ်စီးက သူ၏အရှေ့တွင် ရပ်ပြီး ကားတံခါး ပွင့်သွားသည်။
"အကိုကြီး ယွင်ဖန်း…" ရွှဲ့ကျီက ထန်ယွင်ဖန်း၏အရှေ့သို့ ပထမဆုံးရောက်လာကာ ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်လိုက်သည်။
"ဦးလေးတစ်"
"ဦးလေးတစ်"
ထန်ဝေနှင့် ထန်ရှုလည်း ကားပေါ်မှ ဆင်းလာပြီး ခေါ်လိုက်သည်။
တောက်ပသော အပြုံးတစ်ခုသည် ထန်ယွင်ဖန်း၏မျက်နှာထက်တွင် ပေါ်လာပြီး
"ရွှဲ့ကျီ … မင်း ဒီတစ်ခါ ကောင်းကောင်း လုပ်ခဲ့တာပဲ။"
ထိုသို့ပြောပြီးနောက် ထန်ဝေနှင့် ထန်ရှုအား ဖြည်းညှင်းစွာ ခေါင်းညိတ်ပြီး ပြုံးပြကာ၊
“ညီအကိုတွေ အတူတကွ လုပ်ဆောင်တာ အားသာချက်တစ်ခုပဲ။ မင်းတို့ ညီအကိုနှစ်ယောက်က အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာ။ ထန်ရှု မင်းမှာ ကျွမ်းကျင်မှုရှိတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ဒီလောက် ပြင်းထန်မယ် မထင်ဘူး။"
ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဘာမှမဟုတ်ပါဘူး။ အသေးအဖွဲလေးပါပဲ။"
ထန်ယွင်ဖန်းက အမှတ်တမဲ့ ရယ်မောရင်း
“ကောင်းတယ်။ ဒါဟာ မင်းမျက်လုံးထဲမှာတော့ အသေးအဖွဲကိစ္စတစ်ခုဖြစ်ပေမယ့် ငါ့အတွက်တော့ အရမ်းကောင်းတဲ့ကိစ္စပဲ။ ကောင်းတယ် သိပ်ကောင်းတယ်။ ဒီလိုထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေနဲ့ဆိုရင် ငါတို့ထန်မိသားစုက အနာဂတ်မှာ အထွတ်အထိပ်ကို ပြန်လည် ရောက်ရှိနိုင်လိမ့်မယ်လို့ ငါ ယုံတယ်။"
"ကျွန်တော်တို့ ဖြစ်လာမှာပါ။" ထန်ရှုက ဖြေလိုက်သည်။
“ဟား…ဟား…ဟား။” ထန်ယွင်ဖန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
“ကောင်းပြီ မင်းတို့ ကြိုးကြိုးစားစား လုပ်ခဲ့ကြတယ်။ မင်းတို့ပြန်လာတာကို စောင့်နေရင်းနဲ့ အစားအသောက်ကောင်းကောင်းနဲ့ ဝိုင်တွေ ပြင်ခိုင်းထားပြီးပြီ။ ကောင်းပြီ … အထဲဝင်ပြီး စကားပြောရအောင်။"
အိမ်ထဲသို့ သူတို့ ဝင်လိုက်သည်နှင့် သက်တော်စောင့်များက စတင်ထွက်ခွာသွားကြသည်။ ထန်ယွင်ဖန်း၊ ရွှဲ့ကျီ၊ ထန်ရှုနှင့် ထန်ဝေတို့သည် အိမ်၏ ဒုတိယထပ်ရှိ ဧည့်ခန်းဆီသို့ လျှောက်သွားကြသည်။
"ရွှဲ့ကျီ … အခြေအနေအကြောင်း အသေးစိတ် ပြောပြပါဦး။"
အားလုံးထိုင်ပြီးနောက် ထန်ယွင်ဖန်းက မအောင့်နိုင်တော့စွာ မေးလိုက်သည်။
“ကောင်းပြီ … ထန်ရှုက ဒီစစ်ဆင်ရေးကို ဦးဆောင်သူပါ။ သူက ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေးကို ဦးဆောင်ဖို့ တာဝန်ယူခဲ့တယ်။ သူ့ကို ဖြေခွင့်ပြုလိုက်ပါ။” ရွှဲ့ကျီက ရယ်နေသည်။
ထန်ယွင်ဖန်းက သူ၏အကြည့်အား ထန်ရှုထံသို့ ပြောင်းလိုက်သည်။
***