← Chapters

ဆောက်တည်ရာမရ ပျာယာခတ်ခြင်း

Vol. 08 Ch. 357

ဆောက်တည်ရာမရ ပျာယာခတ်ခြင်း

Vol. 08 Ch. 357

ကွမ်းမြို့ မေပယ်နီအိမ်ရာဝင်း…

အရသာရှိသော အစားအစာများကို ထမင်းစားပွဲပေါ် တင်လိုက်သည့်အချိန်တွင် ထန်ယွင်ဖန်းသည် မျက်နှာထက်တွင် အပြုံးမပျက်ဘဲ ဒုတိယထပ်မှ ဆင်းလာသည်။ သူ့အား ထိုင်ခုံပေါ်၌ ထိုင်ရန် ရွှဲ့ကျီက အကူအညီပေးခဲ့ပြီး ထန်ယွင်ဖန်းက လက်ကို ဝှေ့ယမ်းကာ လူအားလုံးကို ထိုင်ခိုင်းလိုက်သည်။

"အရသာရှိတဲ့ ဟင်းတွေပဲ။ ဒီနေ့တော့ ငါ ခံတွင်း တွေ့ပြီပေါ့။ ဒါနဲ့ မင်းတို့ ငါနဲ့သောက်ကြမလား။" ထန်ယွင်ဖန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဦးလေးမှာ ဝိုင်ကောင်းကောင်းရှိလား။" ထန်ဝေက မျက်လုံးများ တောက်ပလာကာ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"အခုချိန်မှာ ဘယ်ဝိုင်အရက်မဆို ငါ့အတွက် ကောင်းနေတယ်။" ထန်ယွင်ဖန်းက အပြုံးဖြင့် ပြောလိုက်သည်။

ထိုစကားကြောင့် သူ့တွင် ခံစားချက်ကောင်းရှိကြောင်း ပြောနိုင်ကာ လူတိုင်း ချက်ချင်းပင် ပြုံးမိကြသည်။ ထန်ဝေက မီးဖိုချောင်သို့ ချက်ချင်း ပြေးသွားပြီး ဝိုင်နှစ်ပုလင်း ယူလာရန် အိမ်အကူအား ပြောလိုက်သည်။

ထန်ရှုကိုကြည့်ပြီး ထန်ယွင်ဖန်းက ပြုံးလိုက်ကာ

"ကွမ်းယန်ကိစ္စအတွက် မင်းကို တစ်ဦးတည်း လုပ်ပိုင်ခွင့်ပေးဖို့ အဖေက သဘောတူထားတယ်။ အဲ့ဒါမို့ ငါ ဒီနေ့ညပဲ ရှုစုပြည်နယ်ကို ပြန်တော့မယ်။ ဒီကကိစ္စတွေကို မင်းနဲ့ လွှဲထားခဲ့မယ်။"

"စိတ်ချပါ။" ထန်ရှုက ခေါင်းညိတ်ပြသည်။

"ထန်ရှု … ပွင့်ပွင့်လင်းလင်းပြောရရင် မင်းကို ငါတို့ ဒီ့ထက်စောစောတွေ့နိုင်ခဲ့ရင် ပိုကောင်းလိမ့်မှာ။" ထန်ယွင်ဖန်း သက်ပြင်းချမိသည်။

"အခုလည်း အရမ်းနောက်မကျသေးပါဘူး … ဟုတ်တယ်မဟုတ်လား။" ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဟုတ်တယ် အခုလည်း အရမ်း နောက်မကျသေးပါဘူး။ ဒါနဲ့ ဖူခန်းကို မင်း ဘယ်တော့သွားမှာလဲ။" ထန်ယွင်ဖန်းက တစ်ချက်ပြုံးပြီး မေးသည်။

“မနက်စောစောသွားမယ်။ ပထမဆုံး ကွမ်းယန်နဲ့ ဖူခန်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့အင်အားကို ဆန်းစစ်သုံးသပ်ရမယ်။ ပိုင်မိသားစုရဲ့ အကြီးအကဲပိုင်ယန် အဖမ်းခံရတဲ့အတွက် အခု ပိုင်မိသားစုကို ဘယ်သူတာဝန်ယူထားလဲ။”

"သူ့ရဲ့ညီ ပိုင်ထောင်။" ထန်ယွင်ဖန်းက ပြောသည်။

ထန်ရှု ခေါင်းညိတ်သည်။

ညစာစားပြီးနောက် ထန်ယွင်ဖန်းသည် ထန်မိသားစုမှ လေ့ကျင့်ပေးထားသော သက်တော်စောင့် ၆ယောက်နှင့်အတူ ထွက်ခွာသွားပြီး ထန်ရှု၊ ထန်ဝေ၊ ရွှဲ့ကျီနှင့် လီရှောင်ကျီတို့ ကျန်ခဲ့သည်။

“အန်တီရွှဲ့…ကွမ်းယန်နဲ့ဖူခန်းမှာရှိတဲ့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အင်အားစုအကုန်လုံးကို ပြောပြပါဦး။ ကျွန်တော်တို့အင်အားကို သိမှသာ အစီအစဉ်ရဲ့ နောက်ခြေလှမ်းအတွက် ကောင်းမွန်တဲ့ စီမံမှုတွေ ကျွန်တော် လုပ်နိုင်လိမ့်မယ်။” ထန်ရှုက မေးခွန်းထုတ်လိုက်သည်။

“ကြယ်စင်အလင်းအုပ်စုကလွဲပြီး ကုမ္ပဏီငယ်လေးတွေ၊ အဝတ်အထည်စီးပွားရေး စီမံကိန်းတွေနဲ့ ကြေငြာလုပ်ငန်းတစ်ခုကို ငါတို့ ချုပ်ကိုင်ထားတယ်။ ဒါပေမယ့် အဝတ်အထည် စီးပွားရေးလုပ်ငန်းက မန်နေဂျာ လီယွမ်ရှန်းက လွန်ခဲ့တဲ့၅နှစ်ကပဲ ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားတယ်။ ယောင်မိသားစု လုပ်တာပဲဖြစ်လိမ့်မယ်။ ကြေငြာလုပ်ငန်းကို စီမံနေတဲ့ ဝေ့ယွမ်လည်း တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပေမယ့် သူ အသက်ရှင်ခဲ့တယ်။ ဒါပေမယ့်လည်း ဆေးရုံတက်နေရတယ်။”

“ဖူခန်းမှာတော့ ငါတို့ထန်မိသားစုက လျှို့ဝှက်တည်ထောင်ထားတဲ့၊ ကျင်းချန်လုံခြုံရေး ကုမ္ပဏီလို့ ခေါ်တဲ့ လုံခြုံရေးကုမ္ပဏီတစ်ခု ရှိတယ်။ လုပ်ငန်းက သေးပေမယ့် အဲ့ဒီက လုံခြုံရေး အစောင့်အားလုံးက ငါတို့ထန်မိသားစုက လေ့ကျင့်ပျိုးထောင်ပေးထားတာလေ။ အရေအတွက်ကတော့ ၁၂၀နီးပါးရှိတယ်။ လီဝေ၀ကေ အဲ့ဒီက တာဝန်ခံ။ ဖူခန်းမှာ အိမ်ဆောက်ပစ္စည်းနဲ့ အိမ်ခြံမြေစီးပွားရေး ရှိသေးတယ်။ အပေါ်ယံမှာတော့ အခြားသူ စီမံတယ်ဆိုပေမယ့် နောက်ကွယ်မှာ လီဝေဝေက ထိန်းချုပ်ထားတယ်။”

“…”

ရွှဲ့ကျီ၏ ရှင်းလင်းချက်နှင့်အတူ ထန်ရှုသည် ကွမ်းယန်နှင့် ဖူခန်းရှိ ထန်မိသားစု၏ အင်အားကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။ ကြယ်စင်အလင်းအုပ်စုမှလွဲ၍ ထန်မိသားစု၏ ကျန်လုပ်ငန်းများသည် အသေးစား လုပ်ငန်းများဖြစ်သည်။ သို့သော်လည်း စစ်အင်အားကဏ္ဍတွင် ကျင်းချန်လုံခြုံရေးကုမ္ပဏီသည် အမှန်တကယ် ကောင်းမွန်သော ကုမ္ပဏီတစ်ခု ဖြစ်သည်။

ထို့အပြင် ထန်ယွင်ဖန်းသည်လည်း အိမ်ခြံဝင်းထဲတွင် လူလေးဆယ်ကျော် ချန်ထားပေးခဲ့သည်။ ၎င်းတို့အနက်မှ တစ်ဝက်သည် ကျင်းချန် လုံခြုံရေးကုမ္ပဏီမှ ပြောင်းလာခဲ့ပြီး ကျန်တစ်ဝက်သည် ကြယ်စင်အလင်းအုပ်စုမှ အဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် တာဝန်ယူထားရသူများ ဖြစ်သည်။

"အန်တီရွှဲ့ ကျွန်တော်နဲ့အတူ ပိုင်မိသားစုဆီ လိုက်ခဲ့ပါ။ လက်ရှိအချိန်မှာတော့ သူတို့ရဲ့စိတ်တွေ ဆောက်တည်ရာမရ တုန်လှုပ်နေကြောင့် သူတို့ကို ကျွန်တော်တို့ နှစ်သိမ့်ပေးဖို့ လိုတယ်။” ထန်ရွှဲ့က ပြောသည်။

"ဒါပေမယ့် နင့်ဦးလေးတစ်… အစောကြီးကတည်းက..." ရွှဲ့ကျီက ပြောရာ

သူမအား ကြားဖြတ်ရန် သူ၏လက်ကို မြှောက်လိုက်ပြီး ထန်ရှုက လေးလေးနက်နက်ပြောလိုက်သည်။

"အန်တီရွှဲ့ … ဦးလေးတစ်က ဦးလေးတစ်။ ကျွန်တော်က ကျွန်တော်လေ။ ကွမ်းယန်နဲ့ ဖူခန်းတို့အတွက် လုပ်ပိုင်ခွင့်ကို ကျွန်တော့်ဆီ လွှဲလိုက်ပြီဆိုတော့ ပိုင်မိသားစုကို ရပ်တည်ပေးရမှာဖြစ်တယ်။ အဲဒါ ... သူတို့ နှလုံးသားကို အနိုင်ယူဖို့ပဲ။”

ရွှဲ့ကျီသည် စိတ်တွင်းမှ တုန် လှုပ်သွားကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူမသည် ထန်ရှုအကြောင်းကို ပို၍ ပို၍ သိချင်လာမိသည်။ သူမ၏အရှေ့က လူငယ်လေးသည် ပြင်းထန်တဲ့ တိုက်ခိုက်ရေးအင်အားကို ပိုင်ဆိုင်ရုံသာမက ဉာဏ်ရည်ထက်မြက်သူဆိုသည်ကို ယခုမှ သူမ သဘောပေါက်လာသည်။

ထို့နောက် ထန်ရှုက ထန်ဝေကိုကြည့်ကာ

"အစ်ကို မင်း ဒီမှာနေပြီး စောစောအနားယူပါ။ ဒါပေမယ့် မင်းရဲ့ဘေးကင်းရေးကို ဂရုစိုက်ပါ။ ငါတို့လူတွေကို သတိရှိဖို့ အမိန့်ပေးထားပါ။ ယောင်မိသားစုက ဒီနေ့ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရတော့ သူတို့တွေကို ပြင်းထန်စွာ လက်တုံ့ပြန်ဖို့ အဲဒါက တွန်းအားပေးလိမ့်မယ်။ ညဘက်အမှောင်ထုကို အခွင့်ကောင်းယူနိုင်တယ်။”

"စိတ်မပူပါနဲ့။" ထန်ဝေက ခေါင်းညိတ်ပြီး

“ငါ ဒီမှာ အရာရာကို သင့်တင့်အောင် စီစဉ်ပေးမယ်။ ဒါပေမယ့် မင်း ပိုင်မိသားစုကို သွားမှာဖြစ်လို့ မင်း လူများများယူသွားရမယ်။"

“မဟုတ်ဘူး။” ထန်ရှုက ခေါင်းခါလိုက်ပြီး

"ငါ့ခန့်မှန်းချက် မှန်တယ်ဆိုရင် ယောင်မိသားစုရဲ့လူတွေက ငါတို့ မေပယ်နီကို သေချာစောင့်ကြည့်နေလိမ့်မယ်။ ငါတို့ အဲဒီလို ထင်ထင်ရှားရှား ဒီကနေ ထွက်သွားရင် သူတို့ သိသွားလိမ့်မယ်။ ပိုင်မိသားစုကို ပြေလည်စေဖို့အတွက် အန်တီရွှဲ့ နဲ့ ငါ အဲ့ဒီကို သွားမယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ယနေ့ညအတွက် ပိုမို လျှို့ဝှက်ပြီး လုံခြုံတဲ့ နေရာတွေကိုလည်း ရှာဖွေရလိမ့်မယ်။ ပြီးရင် ငါတို့ ထွက်သွားကြမယ်။”

"ငါ နားလည်ပြီ။" ထန်ဝေက ခေါင်းညိတ်သည်။

ချက်ခြင်းပင် ထန်ရှုနှင့် ရွှဲ့ကျီသည် ရွှဲ့ကျီ၏ ယုံကြည်ရသည့် ကိုယ်ရံတော်နှစ်ယောက်ကိုသာ ခေါ်သွားခဲ့ကာ ခြံဝင်းထဲတွင် လှည့်လည်ပြီးနောက် ခြံနံရံကို တိတ်တဆိတ် ဖြတ်ကျော်သည်။ အနီးနားက လမ်းတစ်ခုမှ တက္ကစီကို တားပြီး အမြန် ထွက်ခွာသွားကြသည်။

ပိုင်မိသားစုနေထိုင်ရာ ကွမ်မြို့…

ပိုင်ထောင်နှင့် မိသားစု၏ အဓိကအဖွဲ့ဝင်များသည် ၎င်းတို့၏မိသားစုနေထိုင်ရာအတွင်း၌ မှိုင်းညို့သော အမူအရာဖြင့် ရှိနေကြသည်။ ပိုင်ယန်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပြီး အပြီးသတ် စစ်ဆေးသည့်အထိ မရောက်သေးသော်လည်း သူတို့တွင် မျှော်လင့်ချက် သိပ်မရှိလှချေ။

မူလက ဤကဲ့သို့ မတော်တဆမှုမျိုးတွင် ထန်မိသားစုက ၎င်းတို့ကို ကူညီပေလိမ့်မည်။ ယခုမူ ထန်မိသားစုသည် ကွမ်းယန်ပြည်နယ်တွင် ၎င်းတို့ကိုယ်ကိုကိုယ်ပင် မကာကွယ်နိုင်တော့ပေရာ သူတို့၏ ပိုင်မိသားစုကို အာရုံစိုက်ရန် အချိန်ပို မရှိတော့ပေ။

“ဒုတိယအစ်ကိုကြီး … ငါတို့နည်းလမ်းတစ်ခု စဉ်းစားရမယ်။ အစ်ကိုအကြီးဆုံးက အခု စစ်ဆေးမေးမြန်းခြင်း ခံနေရတယ်။ ပြဿနာအသေးအဖွဲတွေ အသာထားဦး။ အခြားမရှိရင်တောင် ယောင်မိသားစုနဲ့ စွန်းမိသားစုတွေက ပြဿနာတွေကို ကျွန်မတို့ဆီ သယ်လာလိမ့်မယ်။ ကျွန်မတို့ အခု ထန်မိသားစုကို အားကိုးလို့မရတော့ဘူးဆိုပေမယ့် အစ်ကိုအကြီးဆုံးကို ကူညီဖို့ နည်းလမ်းတွေ ရှာရမယ်။"

ပိုင်ဘင်းသည် မျက်မှောင်ကြုပ်ရင်း စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

"ခဏလောက်တော့ စောင့်ပါဦး။" ပိုင်ထောင်က ခေါင်းခါလိုက်ပြီး

“စုံစမ်းရေးအဖွဲ့က ရလဒ်တွေကို စုံစမ်းချင်နေတုန်းပဲ။ သူတို့က တစ်စိတ်တစ်ပိုင်းပဲ ပြီးသွားကြသေးတာ။ နောက်ပြီး ငါတို့ အခုအချိန်အထိ ဘာသတိပေးချက်မှ မရသေးတဲ့အတွက် အချိန်ရသေးတယ်။ မနက်ဖြန်ည ထန်ယွင်ဖန်းကို သွားတွေ့မယ်။ ထန်မိသားစုမှာ ဖြေရှင်းဖို့ နည်းလမ်းတစ်စုံတစ်ရာရှိရင် ငါတို့ သိရမှာပဲ။ ဒါပေမဲ့ သူတို့လည်း ဆုံးရှုံးပြီး ဘာမှ မလုပ်နိုင်တော့ဘူးဆိုရင် ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပြီးတော့ မိသားစုဝင်တွေကို ရွှေ့ပြောင်းဖို့ စရလိမ့်မယ်။”

"ဒါပေမယ့် ဒုတိယအစ်ကိုကြီး … ပိုင်မိသားစုရဲ့ လုပ်ငန်းအားလုံးကို စွန့်လွှတ်မှာလား။"

ပိုင်ဘင်း အံ့အားသင့်သွားသည်။

ပိုင်ထောင်က ပြုံးပြီး

"အစ်ကိုကြီး တကယ် အစစ်ခံရရင် သူတို့ကို ငါတို့ အရှုံးပေးမှာမဟုတ်ဘူးလို့ မင်းထင်တာလား။ မင်းလည်း အစိုးရအရာရှိတစ်ယောက်ပဲ။ ငါတို့အစ်ကိုအကြီးဆုံးက ရုံးတင်စစ်ဆေးခံရရင် ငါတို့ ပိုင်မိသားစုရဲ့ ကံကြမ္မာ ဘယ်လိုမျိုးရှိမလဲဆိုတာကိုလည်း မင်း ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ အနည်းဆုံး … အနည်းဆုံးတော့ ငါတို့ ပိုင်မိသားစုဝင် ငါးဦး ဒါမှမဟုတ် ခြောက်ယောက်ကို စုံစမ်းစစ်ဆေးမှုစာရင်းမှာ ထည့်သွင်းခံရနိုင်ပြီး သူတို့ရဲ့ ရာထူးက ဖယ်ရှားခံရဖို့ ဒါမှမဟုတ် အရေးမပါတဲ့ရာထူးတွေဆီ ရာထူးလျှော့ခံရပြီး အဲဒီနေရာမှာပဲ ရာထူးကအနားယူချိန်အထိ အရိုးဆွေးသွားနိုင်တယ်။”

ပိုင်ဘင်း တိတ်ဆိတ်သွားရသကဲ့သို့ ပိုင်မိသားစု၏အဓိကအဖွဲ့ဝင်များသည်လည်း တိတ်ဆိတ်သွားရသည်။ ပိုင်ထောင်၏သုံးသပ်ချက်အား သူတို့သည်လည်း နားလည်ကြသည်။ သည်အရာသည် တရုတ်နိုင်ငံတွင် ဖြစ်နေကျ ဖြစ်ရပ်တစ်ခုဖြစ်သည်။ မိသားစုတစ်စုအတွင်းမှ ရာထူးမြင့်မားသူ ထိန်းသိမ်းခံရပါက ပိုင်မိသားစုမှ အခြားအဖွဲ့ဝင်များသည်လည်း တူညီသော ကံကြမ္မာအား ခံစားရမည်ဖြစ်သည်။

ရုတ်တရက် ပိုင်မိသားစုဝင်တစ်ယောက်မှ ပြောလိုက်သည်။

“ဒုတိယအစ်ကိုကြီး…ကျွန်တော်တို့ ယောင်မိသားစုဘက်ကို ပြောင်းကြရင်ရော။ အစ်ကိုကြီးဆုံး … သူ …”

“တိတ်စမ်း။”

ပိုင်ထောင်၏မျက်ဝန်းများဆီမှ ဒေါသမီး တောက်လောင်သွားပြီး အသံနက်ကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။

“ဒီလိုစကားမျိုး လေသံတောင် မဟနဲ့။ ယောင်မိသားစုအောက်မှာ ခိုလှုံဖို့ဆိုတာ အခွင့်အရေး ရှိမှာမဟုတ်ဘူး။ ရှိတယ်ဆိုရင်တောင်မှ ငါတို့ အဲ့ဒီလို ဘယ်တော့မှမလုပ်ဘူး။ သစ္စာဖောက်တယ်ဆိုတာ တရုတ်နိုင်ငံက မိသားစုကြီးတွေအားလုံးအတွက် မလုပ်အပ်ဆုံးအရာပဲ။ ငါတို့နဲ့ ထန်မိသားစုက ကြိုးတစ်ချောင်းမှာ အတူချည်နှောင်ထားကြတာ။ ထန်မိသားစု ဖျက်ဆီးမခံရရင် ပိုင်မိသားစုလည်း ပြိုကွဲမှာမဟုတ်ဘူး။ နောက်ပြီး ငါတို့ ဘက်ပြောင်းရင်တောင်မှ ယောင်တို့က ငါတို့ကို ကောင်းကောင်းဆက်ဆံမယ် ထင်သလား။ ယောင်တွေက ငါတို့သွေးကို သောက်၊ ငါတို့အသွေးအသားကို စားပြီး ငါတို့ပိုင်မိသားစုကို ဝါးမျိုဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြလိမ့်မယ်။”

ဘက်ပြောင်းရန် ပြောခဲ့မိသည့် ပိုင်မိသားစု အဖွဲ့ဝင်၏မျက်နှာသည် ရှုံ့မဲ့သွားရပြီး သူ၏စကားများအတွက် အရှက်ရသွားသဖြင့် ခေါင်းငုံ့ထားမိသည်။

သည်အချိန်တွင် သန်မာကြံ့ခိုင်သော လူတစ်ယောက်သည် အပြင်မှ ဝင်လာပြီး လေးနက်သောအသံဖြင့်

“အစ်ကိုကြီးထောင်…အပြင်မှာ လူ၄ယောက် ရောက်နေတယ်။ တစ်ယောက်က ကြယ်စင်အလင်းအုပ်စုရဲ့ အထွေထွေမန်နေဂျာ ရွှဲ့ကျီတဲ့။ နောက်တစ်ယောက်က ထန်မိသားစုက ထန်ရှုလို့ ပြောတယ်။”

ပိုင်ထောင်၏အမူအရာ ပြောင်းလဲသွားသည်။ ချက်ချင်းပင် သူ မတ်တတ်ရပ်လိုက်ပြီး

“သူတို့ကို ကြိုဆိုရအောင် ငါနဲ့ လိုက်ခဲ့ကြ။”

ပိုင်ထောင်နှင့် ပိုင်မိသားစုဝင်များစွာသည် လျင်မြန်စွာပင် ထန်ရှုနှင့် ရွှဲ့ကျီအား နှုတ်ဆက်လိုက်ကြသည်။ သို့သော်လည်း သူတို့သည် ထန်ရှုအား မသိကြသောကြောင့် သူ့အကြောင်းအား သိလိုကြသည်။

“ဟယ်လို… အကြီးအကဲရွှဲ့။” ပိုင်ထောင်က နှုတ်ဆက်လိုက်သည်။

ရွှဲ့ကျီက ခပ်ဖွဖွ ပြုံးလိုက်ရင်း

“ပိုင်ထောင်… ငါ နင့်ကို ထန်မိသားစုက ထန်ယွင်သဲ့ရဲ့သား ထန်ရှုနဲ့ မိတ်ဆက်ပေးပါရစေ။ အကြီးအကဲကြီးရဲ့အမိန့်အရ အစ်ကိုကြီးယွင်ဖန်းက ကွမ်းယန်နဲ့ ဖူခန်းပြည်နယ်မှာရှိတဲ့ ကိစ္စရပ်တွေအတွက် လုပ်ပိုင်ခွင့်ကို ထန်ရှုကို လွှဲပေးထားတယ်။”

ပိုင်ထောင်၏မျက်နှာ ပျက်သွားသည်။ ထန်ရှု၏ပုံရိပ်အား ယခင်က သူ မသိထားသော်လည်း ထန်မိသားစု၏အကြီးအကဲကြီးက သည်ကဲ့သို့သော ကိစ္စကြီးတစ်ခုအား ဖြေရှင်းရန် လူရွယ်တစ်ယောက်အား တာဝန်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားမိချေ။

…ဖြစ်နိုင်တာက …. ထန်မိသားစုက ဒီပြည်နယ်၂ခုကို လက်လွှတ်တော့မှာလား…

ထန်ရှုက သူ၏လက်အား ဆန့်ပေးရင်း

“ဟယ်လို … ကျွန်တော်က ထန်ရှုပါ။”

စိုးရိမ်ပူပန်မှုတို့ဖြင့် လေးလံနေသော စိတ်နှလုံးဖြစ်နေသော ပိုင်ထောင်သည် သူ၏လက်အား ဆန့်တန်းကာ မချိပြုံး ပြုံးလိုက်ရင်း

“မင်္ဂလာပါ မစ္စတာထန်။ ငါက ပိုင်မိသားစုရဲ့

ဒုတိယသား ပိုင်ထောင်ပါ။”

ထန်ရှု ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ ပိုင်ထောင်၏အမူအရာမှတဆင့် သူ၏အတွေးများအား ထန်ရှု ရိပ်စားမိသည့်အားလျော်စွာ

“ဦးလေးက ကျွန်တော့်အဖေနဲ့ အသက်တူတူလောက်ပဲ ရှိမယ်ထင်တယ်။ ဦးလေးစိတ်မရှိရင် ကျွန်တော် ပိုင်ဦးလေးနှစ်လို့် ခေါ်ပါရစေ။”

ပိုင်ထောင် တစ်ခဏမျှ တွေဝေသွားပြီး အတန်ငယ် သက်တောင့်သက်သာ ရှိသည်ဟု ခံစားလိုက်ရသည်။သူ၏အားတင်းထားရသော အပြုံးသည် ပိုမိုတောက်ပလာကာ ခေါင်းညိတ်ပြီး

“ထန်ရှု … တူအလိမ္မာလေး။ ညဘက်ကြီး နောက်ကျမှ ရောက်လာခဲ့တယ်။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို ငါ သိလို့ရမလား။”

“ကျွန်တော်တို့ စကားပြောကြမလား။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

ပိုင်ထောင်က ရုတ်တရက် နားလည်သွားပြီး အမြန်ပြောလိုက်သည်။

“အာ… ငါ မသိတတ်လိုက်တာ။ အားလုံး ကျေးဇူးပြုပြီး လာကြပါ။ အထဲမှာ စကားပြောကြတာပေါ့။”

ချက်ချင်းပင် ပိုင်ထောင်ဦးဆောင်ကာ အိမ်တွင်းသို့ ဝင်လာကြပြီး ပထမထပ်ရှိ ဧည့်ခန်းထဲတွင် ထိုင်လိုက်ကြပြီးနောက် ပိုင်ထောင်က တစ်စုံတစ်ယောက်အား လက်ဘက်ရည် ယူလာခဲ့ရန် မှာကြားလိုက်သည်။

“ဦးလေးပိုင်နှစ် … ကျေးဇူးပြုပြီး ဒုက္ခမရှာပါနဲ့။ ကျွန်တော်တို့ ပိုင်မိသားစုကို လာရတာက ဦးလေးကို ပြောစရာရှိလို့ပါ။ နောက်ပြီး ကျွန်တော်တို့ ဒီကနေ ထွက်ခွာရမယ်။”

“ဘာ…” ပိုင်ထောင်က မေးလိုက်သည်။

“ဒီအချိန်မှာ ပိုင်မိသားစုက စိုးရိမ်ပူပန်မှု တွေကြောင့် ဆောက်တည်ရာမရဖြစ်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲ့ဒီလိုဖြစ်နေဖို့ မလိုအပ်ဘူးလို့ ပိုင်ဦးလေးနှစ်ကို ကျွန်တော် ပြောရမယ်။ ထန်မိသားစုက ကွမ်းယန်ပြည်နယ်ကို မစွန့်လွှတ်သလို ပိုင်မိသားစုရဲ့အကြီးအကဲကိုလည်း လက်လွှတ်မှာ မဟုတ်ဘူး။ ကျွန်တော့်အဘိုးက ကွမ်းယန်နဲ့ ဖူခန်းက ကိစ္စတွေအတွက် လုပ်ပိုင်ခွင့်ကို ကျွန်တော့်ကို လွှဲပေးမှတော့ ကျွန်တော် ဒါကို တာဝန်ယူမယ်။ နောက်ပြီး ဦးလေးတို့ကို ကျွန်တော် တစ်ချို့ကိစ္စတွေကို အသိပေးရဦးမယ်။ ဒီနေ့မှာပဲ ကြယ်စင်အလင်းအုပ်စုရဲ့ ဘဏ္ဍာရေးဋ္ဌာနက ဒုတိယညွှန်ကြားရေးမှူးကို ယောင်မိသားစုနဲ့ စွန်းမိသားစုက ဖမ်းလိုက်တယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ကယ်ပြီးဖြစ်သလို သူတို့လူအယောက်၃၀ကျော်ကိုလည်း သုတ်သင်ပြီးသွားပြီ။ တူညီစွာပဲ ပိုင်မိသားစုရဲ့အကြီးအကဲကို ကျွန်တော်ကယ်မှာမို့ ပိုင်ဦးလေးနှစ်က ကျွန်တော့်ကို အချိန်အချို့တော့ ပေးစေချင်တယ်။”

“ဘာရီး…”

ပိုင်မိသားစုဝင်များ၏အမူအရာများ ပြောင်းလဲသွားကြသည်။ ကွမ်းယန်ပြည်နယ်တွင် ထန်မိသားစုအား ဆုတ်ခွာရန် မည်မျှ ဖိအားပေးခံနေရသည်ကို သူတို့ ကောင်းစွာ သိကြသည်။ ပိုင်မိသားစုမှ လူများအပါအဝင် လူ၂၀ကျော်ပင် ဆုံးရှုံးခဲ့ရသည်။

သို့သော် ယနေ့မှ ရောက်လာသော ထန်ရှုသည် ယောင်နှင့် စွန်းမိသားစုမှ လူ၃၀ကျော်အား သုတ်သင်ပစ်ပြီးဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိပါပေ။

ဒါ … ဒါကြီးက အရမ်းကို အံ့အားသင့်စရာ ကောင်းလွန်းနေတယ် မဟုတ်ဘူးလား။

***

All Chapters