← Chapters

နောက်တစ်ခေါက်လောက်

Vol. 08 Ch. 360

နောက်တစ်ခေါက်လောက်

Vol. 08 Ch. 360

“အပေးအယူက မင်းအသက်နဲ့ဆိုင်တယ်။ မင်း ငါနဲ့ ပူးပေါင်းရင် မင်း အသက်ရှင်မယ်။ မင်း ငြင်းရင် ဝမ်းနည်းစရာကောင်းတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ပြီးရင် တခြားလူကို ဒီနေရာရဲ့ အုပ်စိုးသူအဖြစ် ငါ ထားမယ်။” ထန်ရှုက ပြောသည်။

“ဟား…ဟား…ဟား…”

ဟေးလုံက ထန်ရှုအား အရူးတစ်ယောက်ပမာ ကြည့်နေရင်း အော်ရယ်ချင်စိတ်အား မမျိုသိပ်နိုင်တော့ပေ။ သူသည် ယခင်က ဟာသများစွာကို ကြားခဲ့ဖူးသော်လည်း ယခုအရာလောက် ရယ်စရာမကောင်းပါချေ။

"ပြောစမ်းညီအစ်ကို မင်းက အရူးလား။ ငါဆိုတဲ့ ဟေးလုံက ဒီမှာနေတာကြာပြီ။ ငါလိုချင်တာမှန်သမျှ အမြဲရတယ်။ ဒီနေရာက စည်ကားပြီး သာယာတယ်။ ပြီးတော့ ငါက ဒေသခံလူမိုက် ခေါင်းဆောင်တစ်ဦးပဲလေ။ ဘာကြောင့် သောက်ကျိုးနည်းကို မင်းနဲ့ ပူးပေါင်းရမှာလဲ။ ဒါနဲ့ … မင်း အသက် ဘယ်လောက်ရှိပြီလဲ။”

"ဒါဆို မင်းက မလုပ်ချင်ဘူးပေါ့။" ထန်ရှုက မျက်လုံးများ မှေးကာ ကြည့်လိုက်သည်။

ဟေးလုံ၏ မျက်နှာထက်ရှိ အပြုံးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ၏မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ ကြိမ်းမောင်းလိုက်သည်။

“ယီးပဲ …. ဒီနေရာက ထွက်ပြီး မင်းလာရာ လမ်းကြောင်းကို ပြန်လိုက်။ ဒီဖေဖေကြီးက ဒီနေ့ စိတ်ကောင်းဝင်နေလို့ ငါ မင်းနဲ့ ရန်မဖြစ်ချင်ဘူး။"

ထန်ရှုသည် ဟေးလုံ၏ ဘေးတစ်ဖက်တစ်ချက်စီမှ လူနှစ်ယောက်အား လက်ညှိုးထိုးပြရင်း "အဲ့ဒီနှစ်ယောက်က မင်းရဲ့လူတွေလား။"

“ဟုတ်တယ်။” ဟေးလုံက အေးစက်သော အမူအရာဖြင့် ပြန်ဖြေသည်။

ထန်ရှုသည် ခေါင်းတစ်ချက်ညိတ်လိုက်သည်နှင့် ချက်ချင်းပင် သူ၏လက်ထဲ၌ မစ်ဆူဘီရှီစစ်သုံးဓားတစ်လက် ပေါ်လာသည်။ တောက်ပအေးစက်သော အလင်းတန်းများသဖွယ် သူ၏ပုံသဏ္ဍာန်သည် ရိပ်ကနဲ ရွေ့လျားသွားသည်။ ညာလက်ရုံးနှစ်ယောက်၏ ကိုယ်လုံးများသည် တောင့်တင်းသွားခဲ့ပြီး သူတို့၏လည်ပင်းများအား လျင်မြန်စွာ အုပ်လိုက်မိသည်။ သွေးများ ပန်းထွက်လာခဲ့သည်။

သူတို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့်အတူ ပြူးကျယ်သွားပြီး သူတို့၏အသက်သည် လျင်မြန်စွာ ထွက်ခွာသွားနေသည်ဟု ခံစားနေရသည်။

ကောစန့်၏အနားတွင် ရပ်နေခဲ့သော ရှောင်ချန်၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားရကာ မျက်ဝန်းများသည်လည်း ဝိုင်းစက်သွားသည်။ ထန်ရှု၏အရှိန်သည် သူ့အား ကြက်သီးမွှေးညှင်းများ ထနေစေသည်။

မြန်လွန်းသည်။ အရမ်းကို မြန်လွန်းသည်။

ထန်ရှုသည် ဆိုဖာတွင် ထိုင်နေရာမှ ထကာ ဟေးလုံ၏ဘေးမှ လူနှစ်ယောက်အား တိုက်ခိုက်လိုက်ပြီးနောက် ဆိုဖာပေါ်သို့ တစ်ဖန်ပြန်ထိုင်လိုက်ချိန်သည် နှစ်စက္ကန့်ထက် မပိုပေ။

ဒီအမြန်နှုန်းကြီးက ... ကြောက်စရာကောင်းလှသည်။

ရှောင်ချန်သည် သူ၏အရှိန်မှာ အတော်မြန်သည်ဟု ပြောနိုင်သော်လည်း ထန်ရှုနှင့် နှိုင်းယှဉ်လိုက်သောအခါ နေ့နှင့်ညပမာ ကွာခြားနေသည်ကို သိလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။ ထန်ရှုသာ သူ့အား သတ်ချင်သည်ဆိုပါက ခုခံနိုင်စွမ်းပင်ရှိမည် မဟုတ်ပါချေ။

ဟေးလုံ၏အမူအရာ သိသိသာသာ ပျက်သွားကာ ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။ သူ့ခါးဆီမှ ပစ္စေတိုကို ဆွဲထုတ်ပြီး ထန်ရှုကို ချိန်ထားလိုက်သည်။ လည်ပင်းများ လှီးဖြတ်ခံထားရသည့် သူ့လူနှစ်ယောက်၏ သနားစရာကောင်းသည့် အသွင်အပြင်အား ငေးကြည့်ရင်း သူ၏စိတ်နှလုံးသည် အကြိမ်ပေါင်းများစွာ တုန်ရီသွားရသဖြင့် ဟိန်းဟောက်လိုက်သည်။

“ဟေ့ကောင် … မင်းက ဘယ်သူလဲ။”

ထန်ရှု၏ လှုပ်ရှားမှုအား ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် နက်ရှိုင်းသော အကြောက်တရားသည် သူ၏စိတ်နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့သည်။ ထန်ရှုသည် သူ့လူနှစ်ယောက်၏ လည်ပင်းများအား လှီးဖြတ်ရန် တခဏခန့်သာ အားထုတ်ရသည်။ ထိုကဲ့သို့သော အရှိန်ဖြင့် ထန်ရှုသာ သူ့အား ယခုပင် သတ်ချင်သည်ဆိုပါက သူ့လူနှစ်ယောက်ကဲ့သို့ အဆုံးသတ်သွားရလိမ့်မည် ဖြစ်သည်။

"မင်းလက်ထဲက သေနတ်က ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား။" ထန်ရှုက ခေါင်းယမ်းပြီး ပြောသည် ။

"လက်နက်ချပြီး ငါနဲ့ ပူးပေါင်းလိုက်ပါ။ မင်းအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု ရှိပါသေးတယ်။ ငါ့ရဲ့ လက်အောက်ငယ်သားဖြစ်လာရင် မင်း အသက်ရှင်နိုင်မှာ ဖြစ်သလို အနာဂတ်မှာ ကံကောင်းခြင်းတွေ ရလာနိုင်သေးတယ်။ မင်း ငြင်းရင်တော့ မင်းရဲ့ညီအကိုနှစ်ယောက်နောက်ကို ပို့ပေးလိုက်ဖို့ ငါ ဝန်မလေးဘူး။"

ထန်ရှု၏လှုပ်ရှားမှုအား ပြန်သတိရလိုက်သည့် ဟေးလုံက ထိတ်လန့်တုန်လှုပ်သွားသည် ။ သူ၏အရှေ့မှ သည်လူငယ်လေး၏ ကြောက်စရာကောင်းလှသည့် အရှိန်သည် သူ၏ကျည်ဆန်များကို အလွယ်တကူ ရှောင်တိမ်းနိုင်လောက်ပေမည်။

တခဏချင်းမှာပင် သူ၏လူနှစ်ယောက် ကြမ်းပြင်ပေါ်သို့ တအိအိပြိုလဲကျနေသည်ကို သူမြင်နေရသည်။ ဆယ်စက္ကန့်အကြာတွင် အသက်ရှုရပ်ကာ သေဆုံးသွားပြီဖြစ်သည်။

"မင်း ခုထိ မရွေးချယ်သေးဘူး။ သေမလား၊ ရှင်မလား ရွေးပါ။” ထန်ရှုက ခံစားချက်မဲ့စွာ ပြောလိုက်သည်။

ဟေးလုံ၏လက်ကောက်ဝတ်သည် တုန်ရီနေရင်း ပစ္စေတိုအား ခါးတွင် တိတ်တဆိတ် ပြန်ထည့်လိုက်သည်။ သူက စိတ်ဆိုးနေသော အမူအရာဖြင့် ထန်ရှုအား စိုက်ကြည့်ရင်း

“မင်း ငါ့ညီတွေကို သတ်လိုက်တယ်။ ငါက မင်းကို အပေါ်ယံ ထောက်ခံပြီး နောက်ကွယ်ကနေ လက်စားချေမှာကို မင်း မကြောက်ဘူးလား။"

"မင်းမလုပ်နိုင်ဘူး မင်း လုပ်မှာမဟုတ်ဘူး။" ထန်ရှုက ခေါင်းခါပြီး ပြောသည်။

“မင်းက ရက်စက်ကောင်း ရက်စက်နိုင်ပေမယ့် သေရမှာကို ကြောက်တယ်။ မင်းကိုသတ်ချင်ရင် ငါ့အတွက် ပုရွက်ဆိတ်တစ်ကောင် သတ်ရသလို အလွယ်လေးပဲ။ ငါမပါဘဲ ငါ့လူတွေကတောင် မင်းကို လက်တစ်ဖက် မ စရာမလိုဘဲ သတ်နိုင်တယ်။ မင်းရဲ့ညီအကိုတွေအပါ သူတို့ သွေးချောင်းစီးတာကို မြင်အောင်လုပ်ဖို့ တစ်ညဆို လုံလောက်တယ်။”

ဟေးလုံက ကောစန့်တို့နှစ်ယောက်ကို လက်ညှိုးထိုးပြရင်

“သူတို့၂ယောက်ကို မင်း ပြောနေတာလား။”

"သူတို့နှစ်ယောက်က ငါ့လူတွေ မဟုတ်ဘူး။" ထန်ရှုက ခပ်အေးအေး ပြောလိုက်သည်။

“သူတို့နောက်ရဲ့ သူဌေးကြီးက ဒီဇာတိ မဟုတ်တဲ့အတွက်ကြောင့် ဝင်စွက်ဖက်မှာ မဟုတ်ပေမယ့် မင်းကို လွယ်လွယ်လေးပဲ သတ်နိုင်တယ်။ ငါ မင်းကို ရှာရတာက ထူးခြားတဲ့ အကြောင်းရင်းတစ်ခုကြောင့်ပါ။ မဟုတ်ရင် မင်းရဲ့လက်ရှိခွန်အားကို အသာထား အဆတစ်ရာ ပိုအားကောင်းလာရင်တောင် ငါ မင်းကို လှည့်တောင်မကြည့်ဘူး။"

ဟေးလုံ၏အသက်ရှူသံ ခေတ္တရပ်တန့်သွားသည်ဟု ထင်လိုက်ရကာ တစ်ခဏမျှ တွေးတောလိုက်ရင်း

"မင်းရဲ့ နောက်ခံကို ငါ သိမှရမယ်။ မဟုတ်ရင် မင်းနဲ့ မပူးပေါင်းနိုင်ဘူး။"

ထန်ရှုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာပြောလိုက်သည်။

“တကယ်တော့ မင်းရဲ့ အဆင့်အတန်းနဲ့ စွမ်းရည်ကြောင့် မင်းကို ငါပြောခဲ့ရင်တောင် မင်းလိုလူက ငါ့ကို မသိမှာကို ငါကြောက်တယ်။ ဒါပေမယ့် ငါ မင်းကို အမှန်တစ်ကယ် အချက်တစ်ခုတော့ ပြောနိုင်တယ်။ မင်းက တရုတ်ရုပ်သံလိုင်းရဲ့ ပထမဆုံးလိုင်းက တီဗီသတင်းကို ကြည့်နေတာ ဟုတ်လား။”

“နိုင်ငံတော်အရေးကို ငါ သိပ်ဂရုမစိုက်နိုင်ဘူး။” ဟေးလုံက ခေါင်းယမ်းပြီး ပြောသည် ။

"နောက်ပြီး ငါက ဘာအတွက် ဒါကို ကြည့်ချင်ရမှာလဲ။ အဲ့ဒါကို ကလေးအရွယ်လောက်ကပဲ ကြည့်ဖူးတယ်။”

"ငါလည်း ငယ်ငယ်တုန်းက မြင်ဖူးတယ်။" ထန်ရှုက ပြောလိုက်ရင်း

"ဘာပဲဖြစ်ဖြစ် ငါက ပေကျင်းကလာတာ။ ငါ့အဘိုးက ထန်ကောရှန့်ပဲ။"

ပေကျင်းက လာတာလား။ ထန်ကောရှန့်တဲ့လား။

ဟေးလုံ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး ဆိုဖာပေါ် ပြုတ်ကျသွားတော့သည်။

ထန်ကောရှန့်အကြောင်း သူ မည်သည့်အတွက်ကြောင့် မသိရှိဘဲ နေပါမည်နည်း။ ထိုလူသည် တိုင်းပြည်၏ ကြီးမားသော ပုံရိပ်များထဲမှ တစ်ဦးဖြစ်ပြီး … ခမ်းနားသော ပုံရိပ်ပင်။

ထန်ရှု၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည် ။

“အဘိုးရဲ့ပုံရိပ်ကို မင်းသိပုံရတယ်။ သူ့ကို ငါ မှီခိုတာမဟုတ်ပေမယ့် ငါ့ရဲ့နောက်ခံကို သက်သေပြဖို့က အတော် အသုံးဝင်တယ်။ ဒါဆို ဘယ်လိုလဲ။ မင်း ငါနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား။"

“ဆန္ဒရှိတယ်။”

ဟေးလုံက ဆိုဖာထက်ကနေ ခုန်ထလာသည်။ သူ၏ပုံသဏ္ဍာန်သည် သူ၏ယုံကြည်ရသော လူနှစ်ယောက်အား ထန်ရှု သတ်လိုက်သည်ကို မေ့သွားသည့်ဟန်ရှိသည်။ စိတ်လှုပ်ရှားမှုအပြည့်ရှိနေသည့် မျက်နှာနှင့် ဟေးလုံက

“မင်းနဲ့ ပူးပေါင်းဖို့ ငါ အရမ်း ဆန္ဒရှိတယ်။”

သူ့ထံတွင် ကံကောင်းမှုအကြီးစားတစ်ခု ရောက်ရှိနေပြီကို သူ သဘောပေါက်သွားပြီဖြစ်သည်။။

ပေကျင်းမြို့မှ သခင်လေးတစ်ဦး။

လူတော်တော်များများမှ ခစားချင်သည့်ပုံရိပ်တစ်ခု။

ထန်ရှုသည် လေးစားထိုက်သော မိသားစုကြီးတစ်ခု၏ ဂုဏ်သိက္ခာရှိသော မျိုးဆက်တစ်ယောက်ဖြစ်ပြီး အဘယ်ကြောင့် ကွမ်မြို့ကဲ့သို့သော သေးငယ်သည့်နေရာသို့ ပြေးလာသည်ကို သူ မသိသော်လည်း ထိုကဲ့သို့သော အခွင့်အရေးကို ဟေးလုံ လက်လွှတ်မခံပါ။

"ငါ မင်းကိုလှည့်စားမှာ မကြောက်ဘူးလား။" ထန်ရှုက ပြုံးပြီး မေးသည်။

"မင်း လုပ်လိမ့်မယ် မထင်ဘူး။" ဟေးလုံက လေးနက်စွာ ပြောလိုက်သည်။

“နောက်ပြီး မင်းက ငါ့ကို မင်းအတွက် အလုပ်လုပ်စေချင်လို့ မင်း လိမ်မှာမဟုတ်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ်  လိမ်ညာခဲ့ရင်လည်း ဖော်ထုတ်ဖို့ အလွန်လွယ်ကူနေတာပဲ။ နည်းနည်းစုံစမ်းလိုက်တာနဲ့ အဲဒါကို အလွယ် သိနိုင်တယ်။”

"ကောင်းပြီ … ကြည့်ရတာ မင်းက တကယ်ကို စမတ်ကျတဲ့ပုံပဲ။" ထန်ရှုက ပြုံးသည် ။

“မင်း ဒီနေရာကို အုပ်စိုးနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် လူတစ်ချို့ကို ဒီနှစ်ယောက်ကို ရှင်းခိုင်းပြီးတော့ ငါနဲ့လိုက်ခဲ့တော့။"

"ဘယ်နေရာကိုလဲ။" ဟေးလုံက မေးလိုက်သည်။

"မေးသင့်တာကို မေးပါ။ မေးဖို့ မလိုတာကို မမေးနဲ့။" ထန်ရှုက ဆက်ပြောသည်။

“တိုတိုပြောရရင် ငါ့အမိန့်အတိုင်း လိုက်နာဖို့ပဲ။ ကောင်းကောင်းလုပ်ရင် အနာဂတ်မှာ ကြီးကျယ်တဲ့ တိုးတက်မှုတွေ ရလာမယ်။ ဒီနေရာက ဒေသခံလူမိုက်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို မနစ်မွန်းစေနဲ့။ သာမန်ညောင်ညလောက်ပဲ လုပ်ရင်တော့ မင်းကို တစ်ခါတည်း ပစ်ပယ်မယ်။"

“ငါ မှတ်ထားပါ့မယ်။” ဟု ဟေးလုံက တလေးတစား တုံ့ပြန်လိုက်သည်။

နှစ်မိနစ်အကြာတွင် ဟေးလုံသည် ၎င်း၏ ယုံကြည်စိတ်ချရသော လူအများအပြားကို ခေါ်ဆောင်လာပြီး အလောင်းနှစ်လောင်းကို သိုသိပ်စွာ ထုပ်ပိုးကာ လျှို့ဝှက်ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။ ပြီးနောက် ဟေးလုံသည် ထန်ရှု၏အရှေ့သို့ တလေးတစားနှင့် ပြန်ရောက်လာသည်။

"သွားကြစို့။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

ထန်ရှုတို့အုပ်စုသည် နဂါးနက်ဘားမှ ထွက်ခွာလာကြပြီး ထန်ရှုက ကောစန့်ကိုကြည့်ကာ "ဟုန်ပိုဒေသကို ကူညီစောင့်ကြည့်ဖို့ လတ်တလောမှာ မင်းရဲ့ ထောက်လှမ်းရေးကွန်ရက်ကို ငါ ငှားထားဖို့လိုတယ်။ မသင်္ကာစရာ လူတွေရောက်လာရင် ချက်ချင်းသတင်းပို့ပါ။”

"မစ္စတာ ထန် … ဒီနေရာမှာ သံသယဖြစ်စရာလူတွေက အများကြီးပဲ။" ကောစန့်က အားတင်းပြုံးလိုက်ရင်း

"ကျွန်တော်တို့မှာ တိကျတဲ့ ပစ်မှတ်တစ်ခုတော့ ရှိသင့်တယ်မဟုတ်လား။"

ခဏလောက် နှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

"ကွမ်းယန်က စွန်းမိသားစုရဲ့လူတွေကို သတိထားပေး။"

စွန်းမိသားစုဟုတ်လား…

ကောစန့်၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး

“ဒီကိစ္စကို သူဌေးကြီးဆီ ငါ အရင်အကြောင်းကြားဖို့ လိုတယ်။ ငါ့ရာထူးက အလွန်နိမ့်တော့ ကွမ်းယန်က စွန်းမိသားစုအကြောင်း သိပ်မသိဘူး။ ငါနဲ့အတူ ပူးတွဲလုပ်ဖို့ ရာထူးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက် လိုတယ်။"

“ဒါဆို တင်ပြလိုက်ပါ။ မနက်ဖြန် ငါလည်း မင်းရဲ့ သူဌေးကြီးဆီ ကိုယ်တိုင် သွားတွေ့လိုက်ဦးမယ်။"

ထန်ရှုက ပြောသည်။

“ကောင်းပြီ။” ကောစန့်က ခေါင်းညိတ်သည်။

"မင်းရဲ့ကားကို ငါတို့နဲ့ ထားခဲ့လိုက်။ နောက်ပြီး လူတစ်ချို့ကို ခေါ်ပြီး စက်ရုံထဲက အခန်းအချို့ကို သန့်ရှင်းရေးလုပ်ခိုင်းထား။ အဆင်ပြေရင် ငါ့ကို နေ့စဉ်သုံးပစ္စည်းတွေကို ကူပြီး ဝယ်ထားပေးပါဦး။ မှတ်ထားရမှာက မင်း အဲ့ဒါတွေ လုပ်နေတဲ့အချိန်မှာ လူတွေ အာရုံစိုက်မှုကို မခံရစေနဲ့။” ထန်ရှုက လိုအပ်သည်များကို မှာလိုက်သည်။

“ကိစ္စမရှိပါဘူး။” ကောစန့်က ပြုံးကာ ပြောလိုက်သည်။

ထန်ရှုသည် ဟေးလုံအား လက်ဝှေ့ယမ်းအချက်ပြကာ အခြားကားတစ်စီးတွင် သက်တော်စောင့်များနှင့်အတူ ထိုင်ခိုင်းလိုက်ပြီး ဆာ့ဖ်ကားထဲသို့ ဝင်လိုက်သည်။

ထိုအချိန်တွင် ဟေးလုံ၏ စိတ်ခံစားမှုသည် ရှုပ်ထွေးနေပေသည်။ သူ့စိတ်တွင်း၌ စိုးရိမ်လှုပ်ရှားနေသည်။ အနာဂတ်တွင် သူ့အား မည်သည့်ကံကြမ္မာက စောင့်ကြိုနေမှန်းမသိသော်လည်း ၎င်းအတွက် တိုက်ပွဲဝင်ချင်နေပါသေးသည်။

သူ၏ရွေးချယ်မှု မှန်ကန်ပါက သူ့တွင် တောက်ပသော အနာဂတ်တစ်ခု ရှိလာလိမ့်မည်ဖြစ်သည်။ သို့သော် ရွေးချယ်မှုမှားခဲ့ပါက အဆိုးတကာ့ အဆိုးဆုံးသည် သူသေရမည်ဖြစ်သည်။

ထန်ရှု၏ကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ပါက သည်နေ့တွင်ပင် သူသည် အလောင်း ဖြစ်သွားမည်ဖြစ်သည်။

မေပယ်နီအိမ်ရာ…

မေပယ်နီအိမ်ရာမှ တစ်ကီလိုမီတာအကွာတွင် ကားနှစ်စီးသည် ရပ်ထားပြီး ထန်ရှုနှင့် ရွှဲ့ကျီတို့သည် ညအမှောင်အား အခွင့်ကောင်းယူကာ ဟောင်ပိုခရိုင်သို့ ဆုတ်ခွာဖို့ဆုံးဖြတ်ရန် ဆွေးနွေးခဲ့ကြသည်။

"အန်တီရွှဲ့… ကျွန်တော့်ကို ဒီမှာစောင့်။ ကျွန်တော် အထဲဝင်မယ်။"

"အိုကေ။"

ထန်ရှုတစ်ယောက်တည်း နံရံပေါ်မှခုန်ဆင်းကာ အိမ်ဝင်းဆီသို့ အမြန်ပြန်လာခဲ့သည်။

ထိုအချိန်တွင် ထန်ဝေသည် အနားမယူသေးပေ။ ထန်ရှု၏ဘေးကင်းရေးအား စိတ်ပူနေသောကြောင့် ဒုတိယထပ် ပြတင်းပေါက်ရှေ့တွင် ရပ်ရင်း ဆေးလိပ်သောက်နေခဲ့သည်။ ခြံဝင်းထဲသို့ နံရံပေါ်မှ ပုံသဏ္ဍာန်တစ်ခု ခုန်ဆင်းလာသည်ကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားရသကဲ့သို့ ဒါဇင်နှင့်ချီသော လူများက ၎င်းတို့၏ သေနတ်များကို အမြန်ဆွဲထုတ်ကာ ထိုလူပုံသဏ္ဍာန်ကို ချိန်ရွယ်လိုက်ကြသည်။

"ကျွန်တော်ပါ။" ထန်ရှုက ထက်ရှသောလေသံဖြင့် အော်လိုက်သည်။

ဒါဇင်နှင့်ချီသော သေနတ်ကိုင်လူများသည် ထန်ရှုအား ရှင်းရှင်းလင်းလင်း မြင်ပြီးသည့်နောက်တွင် ချိန်ထားသော သေနတ်များကို ချက်ချင်း ဖယ်လိုက်ပြီး ဘေးဘက်အသီးသီးသို့ လူစုခွဲလိုက်ကြသည်။

"အားလုံး သိမ်းဆည်းပါ။ ဒီနေရာကနေ ဒီညပဲ ထွက်ကြမယ်။" ထန်ရှုက လေးနက်သောလေသံဖြင့် ပြောသည်။

"နားလည်ပြီ။" ထိုလူများက ပြန်ဖြေကြသည်။

ထို့နောက် ထန်ရှုသည် အိမ်၏ ပထမထပ်သို့ သွားစဉ် ထန်ဝေက လှေကားမှ အပြေးအလွှား ဆင်းလာခဲ့သည်။

"ဘယ်လိုလဲ ညီလေး။"

“အားလုံးပြီးခဲ့ပြီ။ ပိုင်မိသားစုရဲ့လူတွေဆီ ငါ သွားလည်ခဲ့ပြီး ငါတို့ ခဏလောက်နေဖို့ အခြားပုန်းအောင်းဖို့နေရာကိုလည်း ရှာတွေ့ခဲ့တယ်။ သန့်ရှင်းရေးလုပ်ပြီး ပြင်ဆင်ပါ။ ငါတို့ မကြာမီ ထွက်သွားကြမယ်။”ထန်ရှုက ပြောပြသည်။

"မင်း ဒီကိစ္စကို ကိုင်တွယ်တာ ငါ့ကို စိတ်သက်သာရာ ရစေတယ်" ထန်ဝေ ခေါင်းညိတ်လိုက်သည်။

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုတွဲလွဲခိုလာပြီး "မင်းနောက်တစ်ခေါက်လောက် သွားချင်သေးလား။"

"ဘာဖြစ်လို့လဲ။" ထန်ဝေ ပဟေဠိဖြစ်စွာ မေးသည်။

ထန်ရှုက အိမ်၏ဂိတ်တံခါးဆီသို့ ညွှန်ပြရင်း

“ငါ့ရဲ့ ခန့်မှန်းချက် မှန်သင့်ရင် တစ်စုံတစ်ယောက်က ငါတို့အိမ်ကြီးကို စောင့်ကြည့်နေရမယ်။ အရင်က နံရံကို ခုန်ကျော်ပြီး ထွက်သွားတဲ့အတွက် သူတို့ ရှာမတွေ့နိုင်ဘူး။ ငါတို့ လူအများကြီး ထွက်သွားမှာဆိုတော့ ကားတွေ မပါလို့ မရဘူးလေ။ အဲ့ဒါကြောင့် ငါတို့ကို စောင့်ကြည့်နေတဲ့ရန်သူတွေကို ရှင်းပစ်ရမယ်။”

"ခက်လွန်းတယ်။" ထန်ဝေက ခေါင်းယမ်းလိုက်ရင်း

“ငါတို့က အလင်းထဲမှာ စောင့်ကြည့်နေတဲ့သူတွေက အမှောင်ထဲမှာဆိုတော့ သူတို့ကို ရှာတွေ့ဖို့ဆိုတာက အရမ်းခက်တယ်။”

***

All Chapters