← Chapters

ခြေရာဖျောက်ခြင်း

Vol. 08 Ch. 361

ခြေရာဖျောက်ခြင်း

Vol. 08 Ch. 361

ထန်ရှုသည် ဂိမ်းကစားသည့်အခါ လှည့်စားတတ်သည့် ကိရိယာရှိနေသော ဂိမ်းကစားသူတစ်ဦးနှင့် တူပေသည်။ သူ၏စိတ်ဝိညာဉ်အာရုံ၏လွှမ်းခြုံမှုအောက်တွင် မီတာရာများစွာတွင်း မည်သည့်အရာကိုမဆို ကြည့်ရှုသိရှနိုင်သည်။ ထို့ကြောင့် သူသည် အိမ်အနီးတစ်ဝိုက်တွင် အချိန်အတန်ကြာ လှည့်ပတ်လိုက်ပါက သံသယဖြစ်ဖွယ် လူများ၏အရိပ်အယောင်များကို ရှာတွေ့နိုင်သည်။ သို့သော် ယနေ့ခေတ်တွင် အကျိုးသက်ရောက်မှု ကြီးမားသည့် မှန်ပြောင်းများဖြင့် ထိုသူများသည် အဝေးကြီးတွင် စောင့်ကြည့်နေခဲ့ပါမူ သူ၏စိတ်အာရုံစက်ကွင်းမှ လွတ်မြောက်နိုင်သော ငါးအချို့  ရှိကောင်းရှိနိုင်သည်။

"ငါတို့က သူတို့ကို ရှာကို ရှာရမယ်။ ငါတို့နောက်ကို လိုက်လာတဲ့ မသင်္ကာစရာလူတွေကို စရှင်းထုတ်တဲ့အခါ အနောက်ဘက်ကို ခေါ်သွားလိုက်မယ်။"

ထန်ရှုက ပြောသည်။

ထန်ဝေက ခေါင်းညိတ်ပြီး

"သတိဆိုတာ ပိုတယ်မရှိတော့ သတိရှိခြင်းက အမြဲကောင်းတယ်။ ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ။"

"ငါတို့ အပြင်ထွက်ပြီး လေကောင်းလေသန့် ထွက်ရှူတယ် ဟန်ဆောင်ရုံပဲ။" ထန်ရှုက ပြောသည်။ “သံသယဖြစ်တဲ့ ဘယ်သူကိုမဆို တွေ့ရင် သူတို့ရဲ့ပုံရိပ်တွေကို ဖော်ထုတ်ရမယ်။ ရန်သူတွေ ဖြစ်ရင် ချက်ချင်းသတ်မယ်။ ရန်သူမရှိရင် ငါတို့ပြန်ပြီး ဆုတ်ခွာဖို့ စုရုံးကြတာပေါ့။”

“ကောင်းပြီ။” ထန်ဝေက သူ့ခါးမှ ပစ္စတိုသေနတ်ကို ထိလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် နှစ်ယောက်သား အိမ်ရှေ့၏အရှေ့ဝင်ပေါက်မှ ပေါ်တင် တန်းထွက်သွားကြသည်။ ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ဖြန့်ကျက်ကာ ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးလိုက်သည်။ သူ၏စိတ်ဝိညာဉ်အာရုံ ဖြန့်ကျက်လိုက်သည်နှင့် ရန်သူ၏လှုပ်ရှားမှုအား တွေ့ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါချေ။ အိမ်မှထွက်လာသည့် အခိုက်အတန့်တွင် သူတို့အိမ်နှင့် မီတာတစ်ရာဝေးသော အခြားအိမ်၏ ခေါင်မိုးထက်၌ မှန်ပြောင်းကိုင်ထားသော လူရွယ်နှစ်ယောက်သည် ထန်ရှုတို့၏ အိမ်မှ မည်သည့်လှုပ်ရှားမှုကိုမဆို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

သို့သော် ထန်ရှုက အလောတကြီး မပြုမူချေ။ ထန်ရှုနှင့် ထန်ဝေတို့သည် အိမ်ခြံ၏အပြင်ဘက်သို့ ရောက်ရှိလာပြီးနောက် ၎င်းတို့နှစ်ဦးသည် လမ်းလျှောက်ကာ စီးကရက်များ သောက်လာရင်း ရံဖန်ရံခါ မီးခိုးငွေ့များကို အကွင်းလေးများဖြစ်အောင် မှုတ်ထုတ်ကြသည်။

“ငါ့မှတ်ဉာဏ်က ကောင်းကောင်းလုပ်သေးတယ်ဆိုရင် ငါတို့အရှေ့ကလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ရပ်ထားတဲ့ ဆာ့ဖ်ကားက အဲဒီနေရာမှာရပ်ထားတာ နာရီပေါင်းများစွာ ရှိနေပြီ မဟုတ်လား။ ငါ ချန်ပုမြို့ကနေ ပြန်လာကတည်းက အဲဒီနေရာမှာ ရပ်ထားတာ တွေ့လိုက်တယ်။”

ညမှောင်မှောင်ကြားမှ ထွက်ပေါ်နေသော ဝါဖျော့ဖျော့ မှိန်မှိန်တိန်တိန်အလင်းရောင်သည် ထန်ရှု၏ စူးရှသော မျက်လုံးများကို မတားဆီးနိုင်ပေ။ ချန်ပုမြို့မှ ပြန်ရောက်လာစဉ်က ဆာ့ဖ်ကားကို သတိပြုမိသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကားပေါ်တွင် မည်သူကိုမျှ မတွေ့ခဲ့ရပေ။ သို့သော် ယခုလက်ရှိတွင် ကားထဲ၌ လူနှစ်ယောက်ရှိနေသည်။ သူတို့ထဲက တစ်ယောက်သည် ကားနောက်ခန်းတွင် တိတ်တဆိတ် ဆေးလိပ်သောက်နေသည်။

ထန်ဝေ၏အမြင်အာရုံသည် ထန်ရှုလောက် မထက်မြက်သောကြောင့် သူတို့နှင့် မီတာသုံးလေးရာခန့်အကွာတွင် ရှိနေသောကားထဲမှ လူအား လှမ်းမမြင်ချေ။ ထန်ဝေက ခေါင်းယမ်းလိုက်ရင်း

“အင်း … လမ်းဘေးမှာ ကားရပ်တာ ငါ့အတွက် ပုံမှန်ပါပဲ။ ဒါပေမယ့် ငါ ဒီကားကို အရင်က သတိမထားမိဘူး။"

“လမ်းဘေးမှာ ကားရပ်တာက ပုံမှန်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အထဲမှာ တစ်ယောက်ယောက် ရှိနေခဲ့ရင်ရော။”ထန်ရှုက ပြောသည်။

ထန်ဝေသည် အနည်းငယ် အမူအရာပြောင်းသွားပြီး

“ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ တချို့လူတွေ ကားထဲမှာ နာရီအတော်ကြာ စခန်းချနေမယ်ဆိုရင် ပြဿနာက ထင်သလောက် မရိုးရှင်းဘူး။”

"တစ်ချက် ကြည့်ရအောင်။" ထန်ရှုက ပြောရင်း ကားဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ဆာ့ဖ်ကား၏မောင်းသူနေရာတွင် ထိုင်နေသော လူရွယ်တစ်ဦးသည် အိမ်ရာ၏တံခါးဆီသို့ လှမ်းကြည့်နေသည်။ ထန်ရှုနှင့်ထန်ဝေတို့ အိမ်ခြံမှ ထွက်လာချိန်တွင် ထိုလူရွယ်သည် သူတို့နှစ်ယောက်အား သတိထားမိပြီးဖြစ်သည်။ သူတို့နှစ်ယောက် လမ်းလျှောက်ထွက်လာခဲ့ခြင်းသည် မတော်တဆတိုက်ဆိုင်မှု ဖြစ်သွားခဲ့သည်။

"ဟင်။"

ထန်ရှုတို့နှစ်ယောက်သည် သူတို့နေရာသို့  ဦးတည်လျှောက်လာနေသည်ကို သိလိုက်သည့်အခါ ကားမောင်းသူနေရာတွင် ထိုင်နေသော လူရွယ်သည် ချက်ခြင်း ခေါင်းကို လှည့်ပြီး နောက်ခန်းတွင် ရှိနေသော လူအား ပြောလိုက်သည်။

"အစ်ကိုကြီးဟူ … စုံစမ်းထားမှုအရ အိမ်ရာထဲက ထွက်လာတဲ့ ဒီလူနှစ်ယောက်မှာ တစ်ယောက်က ထန်မိသားစုရဲ့ မျိုးဆက် ထန်ဝေပဲ။"

"သေချင်နေကြတာပဲ။"

ထိုလူသည် မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားပြီး ပစ္စေတိုသေနတ်အား ဆွဲထုတ်လိုက်ရာ စကားစပြောလိုက်သော လူရွယ်သည် ထိတ်လန့်သွားရသည်။

“အစ်ကိုကြီးဟူ … ငါတို့တာဝန်က မေပယ်နီအိမ်ရာမှာ ရှိတဲ့ ထန်မိသားစုကို စောင့်ကြည့်ဖို့ပဲ။ အခု သူတို့ကို သတ်မယ်ဆိုရင် သခင်လေးက ငါတို့ကို အပြစ်ပေးမှာ မဟုတ်ဘူးလား။”

"စိတ်မပူနဲ့။" ထိုလူက ထီမထင်ဟန်ဖြင့်

"ထန်မိသားစုရဲ့ တိုက်ရိုက်အဖွဲ့ဝင်တစ်ယောက်ကို ငါတို့သတ်နိုင်ရင် သခင်လေးက ငါတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး။ သူက ငါတို့ကို ဆုတောင် ချလိမ့်မယ်။ မင်းမသိပေမယ့် ချန်ပုမြို့ကသတင်းတွေ ငါတို့ရထားတယ်။ ငါတို့ လူများစွာ ဆုံးရှုံးခဲ့ရလို့ သခင်လေးက အတော်ဒေါသထွက်နေတာ။ ထန်ဝေကို သတ်လိုက်ရင် သခင်လေး စိတ်ကျေနပ်သွားမှာ သေချာတယ်။”

“ကောင်းပြီ” ကားမောင်းသူထိုင်ခုံမှ လူရွယ်သည်လည်း သူ၏ခါးမှ ပစ္စေတိုတစ်လက်ကို ဆွဲထုတ်သည်။

နှစ်ဘက်ကြား အကွာအဝေးသည် ပိုနီးလာပြီဖြစ်သည်။

ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်ထားပြီး ကားအတွင်းမှ လူနှစ်ယောက်ကို လွှမ်းခြုံထားပြီးဖြစ်သည်။ လူသတ်လိုစိတ် ဖုံးလွှမ်းနေသော ထိုနှစ်ယောက်စလုံး၏ မျက်နှာများနှင့်အတူ ပစ္စေတိုများ ကိုင်ဆောင်ထားသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ ထိုအခိုက်အတန့်တွင် သူသည် ထိုလူနှစ်ယောက်၏ပုံရိပ်အား ဆုံးဖြတ်လိုက်သည်။ ၎င်းတို့သည် ယောင်သို့မဟုတ် စွန်းမိသားစုမှ ဖြစ်ပေမည်။ တစ်နည်းအားဖြင့် သူတို့သည် ရန်သူများဖြစ်ကြသည်။

“အစ်ကိုဝေ … သတိထားပါ။ သူတို့မှာ သေနတ်တွေ ရှိတယ်။”ထန်ရှုက တိုးတိုးလေး ပြောလိုက်သည်။

"စိတ်ချပါ။ သူတို့က ငါတို့ကို စောင့်ကြည့်နေတာမို့ လွယ်လွယ်နဲ့ ပစ်သတ်မှာ မဟုတ်ပါဘူး။” ထန်ဝေက ပြောသည်။

ထန်ရှုသည်  ရင်တွင်းမှ သက်ပြင်းချလိုက်သည်။

ထိုသူတို့၏ လှုပ်ရှားမှုများတဆင့် သူတို့ မပစ် ဟူသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။ ထိုသူတို့သည် ယခုချက်ချင်းပင် ပစ်သတ်ချင်နေသည် မဟုတ်ပါလော။

"မင်းရဲ့သေနတ် ငါ့ကိုပေး။" ထန်ရှု၏ခြေလှမ်းများ ရပ်တန့်သွားကာ ထန်ဝေ၏အရှေ့မှာ ရပ်လိုက်ပြီး စကားပြောလိုက်သည်။

ထန်ဝေက ခဏလောက် ချီတုံချတုံဖြစ်သွားပြီးမှ သူ၏ပစ္စေတိုကို ထုတ်ကာ ထန်ရှုအား ပေးလိုက်သည်။

ပစ္စေတိုသေနတ်ကို လက်ခံရရှိပြီးနောက် ထန်ရှုသည် အိတ်ကပ်ထဲသို့ ချက်ချင်း ထည့်လိုက်ကာ ဘေးဘက်သို့ ရွှေ့လိုက်သည်။ ထို့နောက် အခြားတစ်ဖက်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ အကွာအဝေး ပိုမိုနီးကပ်လာပြီး သူတို့နှင့် မီတာသုံးဆယ်ခန့်သာ ကွာဝေးတော့သည့်အခါတွင် ထန်ရှုသည် ရုတ်တရက် ရပ်တန့်လိုက်ကာ အလင်းတန်း၏အမြန်နှုန်းအတိုင်း မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ ထန်ရှုသည် ပစ္စေတိုကို ချက်ချင်း ထုတ်ကာ ဆာ့ဖ်ကားထဲမှ လူနှစ်ယောက်ဆီသို့ ချိန်ရွယ်ပြီး သေနတ်၏လုံခြုံရေးခလုပ်အား ဖြုတ်လိုက်သည်။

ဒိုင်း … ဒိုင်း …

အသံတိတ်ကိရိယာတပ်ထားသောကြောင့် သေနတ်သံ ခပ်အုပ်အုပ်ထွက်ပေါ်လာသည်။ ကျည်ဆန်များသည် လေကာမှန်ကို ထိမှန်ကာ ကျည်ဆံတစ်တောင့်သည် ယာဉ်မောင်းထိုင်ခုံမှ လူငယ်၏ဦးခေါင်းကို ထိမှန်ခဲ့ပြီး နောက်ကျည်ဆံတစ်တောင့်သည် နောက်ထိုင်ခုံရှိ အမျိုးသား၏နှလုံးကို ထိမှန်သွားခဲ့သည်။ ထန်ရှုသည် သေနတ်လေ့ကျင့်မှု တစ်ကြိမ်မျှ မပြုလုပ်ဖူးသော်လည်း သူ၏ လက်ဖြောင့်မှုမှာ အလွန်တိကျသည်။ သူ၏မျက်လုံးထဲတွင် သေနတ်ပစ်ခြင်းသည် လက်နက်ပုန်းပစ်ခြင်းနှင့် အတူတူပင်ဖြစ်သောကြောင့်  လွယ်ကူစွာ လုပ်နိုင်ခဲ့သည်။

ထန်ဝေ၏ အမူအရာသည် ပြောင်းလဲသွားသည်။ ကားမောင်းသူထိုင်ခုံနေရာမှ လူကို ထိမှန်သည်ကို သူမြင်လိုက်ရသဖြင့် ထန်ရှုဆီသို့ လျင်မြန်စွာ ပြေးလာပြီး ပြောလိုက်သည်။

"ညီလေး … မင်း ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားပြီး ပစ်လိုက်တာလဲ။"

သူ့ပခုံးကို ဖက်လိုက်သော ထန်ရှု၏လုပ်ရပ်က သူ၏နှလုံးသားအား နွေးထွေးစေသည်။ ထို့နောက် ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး

"ပြန်ကြစို့။"

ထန်ဝေ အံ့အားသင့်သွားပြီး ဆာ့ဖ်ကားကို ညွှန်ပြကာ “ဒါဆို သူတို့ရဲ့…”

“တချို့လူတွေ သူတို့ရဲ့အလောင်းကို သိမ်းဖို့ လာလိမ့်မယ်။ အခု ငါတို့ အိမ်ပတ်ပတ်လည်ကို ကြည့်ကြမယ်။ တခြားရန်သူတွေကို ရှာမတွေ့ဘူးဆိုရင် အိမ်ရာထဲက ရန်သူ နှစ်ယောက်ကို ရှင်းပစ်ပြီး ချက်ချင်း ဘေးလွတ်ရာကို ထွက်ခွာသွားမယ်။” ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြန်ဖြေသည်။

"အိမ်ရာထဲမှာ ရန်သူနှစ်ယောက် ရှိနေတာလား။"

ထန်ဝေသည် ပို၍ ပို၍ ထူးဆန်းလာသော ထန်ရှုအား ကြည့်ရင်း သူ၏အမူအရာသည် အံ့သြသွားသည့်ဟန် ရှိသည်။ သူသည် ထန်ရှုနှင့် တလျှောက်လုံး အတူရှိခဲ့ပြီး လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာ ရှာဖွေစောင့်ကြည့်နေခဲ့သည်။ သို့တိုင် သူသည် မည်သည့်ရန်သူကိုမျှ လုံးလုံးလျားလျား ရှာမတွေ့နိုင်ခဲ့ပေ။

ဆယ်မိနစ်အကြာတွင် သူတို့အိမ်ရာဘက်သို့ ပြန်လှည့်လာပြီးနောက် ထန်ရှုသည် ချောင်ကျသော ထောင့်တွင် ရပ်လိုက်ပြီး

"ငါ့ကို ဒီမှာစောင့်။ ငါ မြန်မြန်ပြန်လာမယ်။"

ထန်ဝေက ထန်ရှု၏နောက်သို့ လိုက်ချင်သောကြောင့် ပါးစပ်ကို ဟလိုက်သော်လည်း သူသည် အခြေအနေအား မသိသလို ထန်ရှုအား ရှုပ်ထွေးသွားမှာကိုလည်း စိုးရိမ်သောကြောင့် နောက်ဆုံးတွင် တိတ်တိတ်လေးသာ ခေါင်းညိတ်ပြနိုင်ခဲ့သည်။

ခဏအကြာ ထန်ရှုက ထန်ဝေ၏အနားသို့ ပြန်ရောက်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

“အဲဒီလူနှစ်ယောက်ကို ငါ ရှင်းလိုက်ပြီ။ သွားကြစို့။ အားလုံးကို ချက်ခြင်း ထွက်ဖို့ ပြောရအောင်။”

ထန်ဝေ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ထိုကဲ့သို့သော ကွာဟချက်။ ထန်ရှုသည် သူနှင့်အတူ ကွမ်းယန်ကိုရောက်လာကတည်းက ထန်ရှုကိုင်တွယ်သော ကိစ္စတိုင်းမှသည် သူတို့နှစ်ယောက်ကြားတွင် ကွာဟချက်ကြီးတစ်ခု ရှိနေသည်ကို သူ သဘောပေါက်သွားခဲ့သည်။

လျင်မြန်စွာ ပြီးဆုံးသွားပြီးနောက် မေပယ်နီအိမ်ရာမှ ကားအစီးရေ တစ်ဒါဇင်ကျော်သည် လေ၏အလျင်နှုန်းသဖွယ် လျင်မြန်စွာ ထွက်ခွာသွားသည်။ အိမ်ရာအပြင်ဘက်တွင်ရှိနေသော ရွှဲ့ကျီနှင့်အခြားသူများနှင့် ပေါင်းစည်းပြီးနောက် ဟောင်ပိုဒေသအား ဦးတည်ခဲ့ချေသည်။

သို့သော်လည်း ထန်ရှုစီးသောကားသည် ကီလိုမီတာ တစ်ဒါဇင်ခန့် မောင်းနှင်ပြီးနောက် လမ်းဘေးတွင် ရပ်သွားသည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်အာရုံကို လွှတ်လိုက်ပြီး နောက်မှလိုက်လာသော ယာဉ်များ ရှိ၊မရှိအား တိတ်တဆိတ် စစ်ဆေးလိုက်သည်။ မိနစ်အတော်ကြာ ရပ်တန့်ပြီးနောက် ၎င်းတို့နောက်မှ လိုက်လာသော ယာဉ်များကိုမတွေ့သောကြောင့် အရှိန်မြှင့်ကာ အခြားကားများနောက်သို့ လိုက်သွားခဲ့သည်။

မိနစ်နှစ်ဆယ်ကြာသော် …

ဟောင်ပိုဒေသနှင့် ခပ်ဝေးဝေးတစ်နေရာရှိ လမ်းဘေးတွင် ကားများ ရပ်ထားကြသည်။

ကားမောင်းသူများမှလွဲ၍ လူတိုင်းသည် လမ်းကြောင်းပြောင်းရန်အတွက် ဘတ်စ်ကားများ သို့မဟုတ် တက္ကစီများစီးကာ ဟောင်ပိုဒေသရှိ ငှားရမ်းထားသောစက်ရုံဆီသို့ အမြန်သွား  ကြသည်။

ယနေ့ခေတ်တွင် အီလက်ထရွန်းနစ်မျက်လုံးများသည် နေရာတိုင်းတွင် ရှိနေပါသည်။

ယောင်နှင့် စွန်းမိသားစုများ ပိုင်ဆိုင်သည့် စွမ်းရည်များဖြင့် သယ်ယူပို့ဆောင်ရေးဌာနမှတဆင့် ၎င်းတို့၏ကားများ မည်သည့်နေရာသို့ သွားသည်ကို ရှာဖွေရန် အလွန်လွယ်ကူပေသည်။ ထို့ကြောင့် ကားများကို စွန့်ပစ်ရန် လိုအပ်ပြီး လမ်းတစ်ဝက်တွင် အခြားသယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို သုံးကြခြင်းဖြစ်သည်။

မနက် ၂ နာရီ။

ငှားရမ်းထားသော စက်ရုံရှိ အလုပ်သမားတန်းလျားအတွင်းတွင် အခန်းတစ်ဒါဇင်သည် မီးများ ထွန်းညှိထားသည်။ လွန်ခဲ့သည့် နာရီအနည်းငယ်က ကောစန့်သည် လူအချို့ကို ခေါ်ဆောင်ကာ အိပ်ယာ၊ အိုး၊ ဒယ်အိုးများနှင့် နေ့စဉ်အသုံးပြုသည့် အခြားပစ္စည်းများကို အမြောက်အမြားဝယ်ယူပြီး ကိုယ်တိုင် ပို့ဆောင်ခဲ့သည်။ သူတို့သည် ထန်ရှုနှင့် အခြားသူများနှင့်အတူ ထိုနေရာအား အတူတကွ သန့်ရှင်းရေးလုပ်ခဲ့ကြသည်။

"သခင်လေးရှု … ငါတို့ ပြီးခဲ့ပြီ။"

လီရှောင်ကျီသည် သန်မာသော အမျိုးသားများနှင့်အတူ မီးခိုးငွေ့များပြည့်နေသော အစည်းအဝေးခန်းအတွင်းရှိ ထန်ရှုအား သတင်းပို့ခဲ့သည်။

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ကုလားထိုင်တွေကို ညွှန်ပြကာ ထိုင်ခိုင်းရင်း ဖြည်းညှင်းစွာ မေးသည်။

"မင်း ကားတွေကို ဘယ်လိုဖြေရှင်းခဲ့တာလဲ။"

"သူတို့ကို ကွမ်မြို့ရဲ့ယာဉ်ထိန်းရဲအဖွဲ့အနီးမှာ ထားခဲ့ပါတယ်။" လီရှောင်ကျီက ပြောသည်။

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

"လုပ်တာကောင်းတယ်။ သည်တစ်ကြိမ်တော့ တိုက်ခိုက်မှုကို ငါတို့ဘက်က စပြီးလှုပ်ရှားမယ်။ မင်းတို့အားလုံး ဒီနေ့ ကောင်းကောင်း အနားယူကြပါ။ မနက်ဖြန် နေ့လယ်လောက်ကျရင် စစ်ဆင်ရေးအစီအစဉ်ကို ငါ ဉာဏ်ဆင်လိုက်ဦးမယ်။”

"နားလည်ပြီ။"

အစည်းအဝေးခန်းအတွင်းတွင် ရွှဲ့ကျီ၊ ထန်ဝေနှင့် လီရှောင်ကျီတို့က ပြိုင်တူခေါင်းညိတ်ကြသည်။

“အန်တီရွှဲ့ … အလုပ်ကြိုးစားရတော့မယ်။ ကွမ်းယန်က ယောင်နဲ့ စွန်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေကို ကျွန်တော် အသေးစိတ် သိချင်တယ်။ အဲ့ဒီထဲမှာ ကုမ္ပဏီလိပ်စာနဲ့ ဝန်ထမ်းစာရင်း ပါဝင်ရမယ်။ မနက်ဖြန် နေ့လည် ၂ နာရီ မတိုင်ခင် ပြီးစေချင်တယ်။” ထန်ရှုက ဆိုသည်။

ရွှဲ့ကျီက ခေါင်းညိတ်ပြီး

“ငါက ဒီကိစ္စမှာ ကောင်းတယ်။ ငါနဲ့သာ ထားခဲ့လိုက်။"

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး ထန်ဝေကို ကြည့်လိုက်ကာ

“မင်းက ဒီနေရာရဲ့ တာဝန်ခံပဲ။ စက်ရုံကို ချဉ်းကပ်လာတဲ့ မသင်္ကာဖွယ်ရာလူတွေကို ချက်ချင်းဖမ်းပါ။ ခုခံရင် ပစ်သတ်ဖို့ မတွန့်ဆုတ်ပါနဲ့။”

"နားလည်ပြီ။" ထန်ဝေ ခေါင်းညိတ်သည်။

ထို့နောက် ထန်ရှုက လီရှောင်ကျီအား ကြည့်ပြီး

"မနက်ဖြန် မင်းနဲ့ငါ ဖူခန်း သွားမယ်။ ပိုင်မိသားစုရဲ့ အကြီးအကဲကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ရမယ်။"

"နားလည်ပါပြီ။" လီရှောင်ကျီက ချက်ချင်းပြောသည်။

ထန်ရှု၏ စီစဉ်မှုအပြီးတွင် သုံးယောက်သား အစည်းအဝေးခန်းမှ ထွက်သွားကြသည်။

အစည်းအဝေးခန်းအပြင်ဘက်ရှိ ကော်ရစ်ဒါတွင် ဟေးလုံက နံရံကိုမှီကာ ဆေးလိပ်သောက်နေသည်။ ထန်ရှု ယခင်က သူ့အား ပြောဆိုခဲ့သမျှသည် အမှန်တွေဖြစ်သည်ကို ယခုမှ သူ အပြည့်အဝ သဘောပေါက်သွားသည်။ ထန်ရှုသာ ဆန္ဒရှိပါက သူ့အား သတ်ရသည်မှာ ပုရွက်ဆိတ်ကို သတ်ရသည့်နှယ် လွယ်ကူလှပေသည်။

သူ တိတ်တဆိတ် စောင့်ကြည့်မိသည်။ ထိုလေးဆယ်ကနေ ငါးဆယ်အထိ သန်မာသောသူများသည် ကျွမ်းကျင်သူများ ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့သည် တစ်ချိန်က စစ်သားများဖြစ်ကြောင်း သူပြောနိုင်သည်။

သို့သော် သူ၏နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများသည် ရှိနေသေးသည်။ ထန်ရှုနှင့် ထိုလူများ၏ လှုပ်ရှားမှုများမှ ကြည့်ရင်း ထန်ရှုသည် ကြီးကျယ်သော လှုပ်ရှားမှုကို ပြုလုပ်တော့မည်ဖြစ်ပြီး အခြားသူနှင့် စစ်ပွဲတစ်ခုကို စတင်တော့မည့်ဟန်ဖြစ်ကြောင်း သူပြောနိုင်သည်။

တစ်ဖက်လူသည် မည်သူဆိုသည်ကို သူ မခန့်မှန်းနိုင်သော်လည်း ၎င်းတို့သည် ထန်မိသားစုအား အရေးကြီးသည့်အခြေအနေသို့ တွန်းပို့နိုင်သည်အထိ ၎င်းတို့သည် အလွန်အစွမ်းထက်လှပေသည်။

ထို့အပြင် ထန်ရှုသည် သူ့အား မည်သည်အတွက်ကြောင့် ရွေးချယ်ခဲ့သည်ကို ယခုအချိန်အထိ သူ မသိသေးပါ။ သူ၏အခန်းကဏ္ဍသည် မည်သည့်နေရာတွင် ပါဝင်ရမည်နည်း။

"ဟေးလုံ … ထန်ရှုက မင်းကို အထဲကို ဝင်စေချင်တယ်။"

ရွှဲ့ကျီသည် အစည်းအဝေးခန်းမှ ထွက်လာစဉ် ဟေးလုံဆီသို့ အကြည့်များ ရောက်လာသည်။

***

All Chapters