သီးသန့်စကားပြောခြင်း
Vol. 08 Ch. 363
ထန်ရှုနှင့်ဟောင်ကျင်းဖူတို့သည် နှစ်ဖက်စလုံး ကောင်းမွန်သော စိတ်ကျေနပ်မှုများနှင့်အတူ စာဖတ်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကြသည်။ ထို့နောက် ထန်ရှုသည် မီးလျှံကျောက်အား ဘေးတွင်ချထားပြီး အရေးကြီးသောကိစ္စရပ်ကို စကားစလိုက်သည်။
"မိသားစုခေါင်းဆောင်ဟောင် … ကျွန်တော်က ထာဝရခန်းမရဲ့ သူဌေးဖြစ်တာကို သိပြီးဖြစ်သလို ကျွန်တော့်ရဲ့ တခြားပုံရိပ်ကိုလည်း ခန့်မှန်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။”
ဟောင်ကျင်းဖူ၏မျက်လုံးထဲတွင် ထူးခြားသော အရောင်တစ်ခု တောက်ပလာကာ
"မင်းနဲ့ ပေကျင်းမြို့က ထန်မိသားစု..."
"အမှန်ပါပဲ။ ကျွန်တော်က ထန်မိသားစုဝင် တစ်ယောက်ပါ။" ထန်ရှုက ပြောသည်။
"ကြယ်စင်အလင်းအုပ်စုရဲ့ ဘဏ္ဍာရေးလက်ထောက်ညွှန်ကြားရေးမှူးရဲ့နေရာကို စုံစမ်းဖို့ အကူအညီကိုတောင်းကတည်းက ငါ အနည်းငယ် ခန့်မှန်းထားပြီးသားပါ။ ထန်မိသားစုနဲ့ ယောင်မိသားစုက အခုအချိန်မှာ ကွမ်းယန်နှင့် ဖူခန်းတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကြယ်စင်အလင်းရုံးချုပ်ကိုလည်း လူအချို့က မီးရှို့ဖျက်ဆီးခဲ့တယ်။ ငါတို့ထောက်လှမ်းရေးရဲ့ စုံစမ်းမှုအရဆိုရင် အဲ့ဒါကို စွမ်းမိသားစုက လုပ်ခဲ့တာ။”ဟောင်ကျင်းဖူက ပြောသည်။
“ဟုတ်တယ်။ အဲ့ဒါ စွန်းမိသားစု လက်ချက်ပဲ။ နောက်ပြီး ထန်နှင့်ယောင်မိသားစုအကြား တိုက်ပွဲက ကျွန်တော့်မိသားစုကို အခုအချိန်အထိ မကောင်းကျိုးတွေပဲ ဖြစ်စေတာမို့ ဒီပြဿနာကို ကိုယ်တိုင်ဖြေရှင်းဖို့ ကွမ်းယန်နှင့်ဖူခန်းကို လာခဲ့တာပါ။”
"မစ္စတာထန် … ကျေးဇူးပြုပြီး မင်းရဲ့ အတွေးတွေကို ငါ့ကို လွတ်လွတ်လပ်လပ် ပြောပါ။ မင်းက ထန်မိသားစုဝင်တစ်ယောက်လို့ ငါ မှန်းထားခဲ့ပြီးသားမို့် ဟောင်မိသားစုရဲ့ တပ်ဖွဲ့တွေကို စုစည်းထားဖို့ ငါ ညွှန်ကြားထားပြီးသား။ ငါတို့ရဲ့ အဓိကကုမ္ပဏီကြီးတွေကိုလည်း ပြင်ဆင်ထားပြီးဖြစ်လို့ ငါတို့ဟောင်မိသားစုက ထန်မိသားစုနဲ့ အတူ တိုက်ပွဲဝင်ဖို့အတွက် စကားတစ်ခွန်းပဲ မင်း ပြောဖို့လိုတယ်။"
ထန်ရှုက မတ်တပ်ထရပ်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်ဟောင်။ ကျွန်တော် ထပ်မပြောတော့ဘူး။ ကျွန်တော်တို့ရဲ့ လာမယ့်နေ့ရက်တွေက ရှည်လျားလိမ့်မယ်။ ဒါပေမယ့် ဟောင်မိသားစုက ပေးဆပ်သမျှ အရာအားလုံးက အချည်းနှီး မဖြစ်စေရပါဘူး။”
"ဒါက ငါတို့လုပ်သင့်တဲ့အရာပါ။" ဟောင်ကျင်းဖူလည်း မတ်တပ်ထရပ်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
သူတို့နှစ်ယောက် ပြန်ထိုင်လိုက်ကြပြီး ဟောင်ကျင်းဖူက ဆက်ပြောသည်။
"ဒါဆို ငါတို့အတွက် မင်း ဘာညွှန်ကြားချက်များ ပေးမလဲ မစ္စတာထန်…"
"ကွမ်းယန်က ယောင်နဲ့စွန်းမိသားစုအကြောင်း၊ ဖူခန်းက ယန်မိသားစုအကြောင်း အသေးစိတ် ကျွန်တော် လိုတယ်။ နောက်ပြီး ကျွန်တော်တို့ ကွမ်းယန်မှာ စခန်းချထားလို့ ဟောင်မိသားစုရဲ့ ထောက်လှမ်းရေးကွန်ရက်က ကျွန်တော် လိုအပ်တဲ့ အချက်အလက်အားလုံးကို ပံ့ပိုးပေးပြီး ကျွန်တော်နဲ့ အချိန်တိုင်း ဆက်သွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။" ထန်ရှုက ပြောသည်။
"ငါ အမိန့်ပို့လိုက်မယ်။" ဟောင်ကျင်းဖူက ခေါင်းညိတ်ရင်း
"ကွမ်းယန်က ဟောင်မိသားစုရဲ့ ထောက်လှမ်းရေးတာဝန်ခံကို ဆက်သွယ်ဖို့ အသေးစိတ်အချက်အလက်တွေကို ငါပေးမယ်။"
"လောလောဆယ်တော့ ဟောင်မိသားစုရဲ့ ထောက်လှမ်းရေးဆီက အကူအညီပဲ လိုအပ်ပါတယ်။" ထန်ရှုက ပြောသည်။
"လက်နက်ကိုင်တပ်တွေကော ဘယ်လိုလဲ … မစ္စတာထန်။"
ဟောင်ကျင်းဖူက ချက်ချင်းပြောလိုက်သည်။
“ကျနော် ရထားတဲ့ အချက်အလက်တွေအရဆိုရင် ဖူခန်းရဲ့ ယန်မိသားစုက ကိုယ်ခံပညာကျွမ်းကျင်သူတွေ အများကြီးကို လေ့ကျင့်ပေးခဲ့တယ်။ အဲ့ဒီရည်ရွယ်ချက်အတွက် သူတို့က ကိုယ်ခံပညာသင်တန်းအများကြီး တည်ထောင်ထားတယ်။ သိုင်းသင်တန်းတာဝန်ခံအပြင် ယန်မိသားစုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကိုယ်ခံပညာသင်တန်းသားများစွာလည်း ရှိသေးတယ်။"
“အခုချိန်ထိ ကျွန်တော်ရထားတဲ့ အချက်အလက်အရ ကွမ်းယန်ကို ယန်မိသားစုက လူအင်အား အများကြီး မပို့ထားဘူး။” ထန်ရှုက ဆက်ပြောသည်။
"ယောင်မိသားစုမှ ဦးဆောင်သူက ဖူခန်းပြည်နယ်မှာရှိတဲ့ ထန်မိသားစုရဲ့အာဏာကို ဖယ်ရှားချင်သလို ယန်မိသားစုရဲ့အင်အားကို သုံးပြီးတော့လည်း ကွမ်းယန်က ထန်မိသားစုရဲ့ အင်အားအားလုံးကို ဖယ်ရှားဖို့ စီစဉ်နေလိမ့်မယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ စွန်းမိသားစုက ကြိုပြီး ဖြေရှင်းရမယ့် ဦးစားပေးဆုံး ပစ်မှတ်ဖြစ်တယ်။”
"ငါနားလည်တယ်။" ဟောင်ကျင်းဖူက ခေါင်းညိတ်ပြီး ပြောသည် ။
"တိုတိုပြောရရင် ငါတို့ကို တိုက်ခိုက်ဖို့ လိုအပ်တဲ့အခါ ဟောင်မိသားစုကို မင်း အကြောင်းကြားလိုက်ပါ။"
"ကျွန်တော် မိသားစုခေါင်းဆောင်ဟောင်ကို ဒုက္ခပေးရမယ့် နောက်တစ်ခုရှိသေးတယ်။" ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျေးဇူးပြုပြီးပြောပါ။" မိသားစုအကြီးအကဲဟောင်က ပြောသည်။
“ကျွန်တော်သိသလောက်တော့ မိသားစုအကြီးအကဲဟောင်နဲ့ ကွမ်းယန်ပြည်နယ်က နံပါတ်တစ်ပုံရိပ်က အတန်းဖော်တွေဆို ဟုတ်လား။ ဒီလိုပဲ သူနဲ့ ခင်ဗျားရဲ့ ဆက်ဆံရေးက ကောင်းတယ်လို့ ကျွန်တော် ကြားတယ်။”
"ဒါ အမှန်ပဲ။" ဟောင်ကျင်းဖူက ပြောသည်။
"ကွမ်းယန်မှာရှိတဲ့ ကျွန်တော်တို့ ထန်မိသားစုရဲ့ အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက် ပိုင်မိသားစုရဲ့ အကြီးအကဲကို ယောင်နဲ့ စွန်းမိသားစုလက်အောက်က အစိုးရအရာရှိတွေက စုံစမ်းစစ်ဆေးမှုအတွက် လောလောဆယ် ဖမ်းဆီးထားတယ်။ သူ့ကိုကယ်တင်ဖို့ အတန်းဖော်ဟောင်းကို မိသားစုအကြီးအကဲဟောင်က ဆက်သွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့စုံစမ်းစစ်ဆေးမှု ရလဒ်တွေ မထွက်လာသေးဘူး။ သူ့ရဲ့ အရင်ရာထူးကို ပြန်လည်ရနိုင်ဖို့ ကျွန်တော် မျှော်လင့်တယ်။”
ဟောင်ကျင်းဖူက မျက်မှောင်ကြုတ်သွားရင်း အားတင်းပြုံးကာပြောသည်။
" ဒီကိစ္စက ကိုင်တွယ်ရ အရမ်းခက်တယ်။ မဟုတ်ရင်…”
"ဘယ်ဟာ …. မဟုတ်ရင် …" ထန်ရှုက မေးလိုက်သည်။
"သုံးနှစ်တစ်ကြိမ် ထာဝရခန်းမကိုလွှတ်တဲ့ လူခွဲတမ်းတစ်ခုကို သူ့မိသားစုကို ပေးမယ်လို့ ကတိမပေးရင်" ဟောင်ကျင်းဖူက ဆက်ပြောသည်။
“မကြာမီနှစ်တွေတုန်းက ဟောင်မိသားစုရဲ့ ကျွမ်းကျင်ပညာရှင်တွေကို လေ့ကျင့်သင်ကြားတဲ့ အင်အားစုတွေအကြောင်း သူက ငါ့ကို အတင်းအကျပ် မေးလာတယ်။ ထာဝရခန်းမနဲ့ ပတ်သက်လို့ ငါ ဘာမှ မပြောဝံ့တဲ့အတွက် သူ့ကို တစ်ခါမှ ပြန်မဖြေခဲ့လိုက်ဘူး။”
"သူ့ကို ကတိပေးလိုက်ပါ။" ထန်ရှုက သူ့မေးစေ့ကို ကိုင်ကာ ပြောလိုက်သည်။
ဟောင်ချင်းဖူ၏ အမူအရာသည် ဖြောင့်မတ်သွားပြီး ခေါင်းညိတ်ကာ ပြောသည် ။
“ဒီကတိနဲ့ဆိုရင် သူနဲ့ သူ့မိသားစုက ပိုင်မိသားစုရဲ့ အကြီးအကဲကို ကယ်တင်ဖို့ သူတို့ရဲ့ စွမ်းအားအားလုံးကို အသုံးချမယ်လို့ ငါ အာမခံရဲတယ်။ ကွမ်းယန်ပြည်နယ်မှာ အလွန်အားကောင်းတဲ့ သြဇာနဲ့ လွှမ်းမိုးမှုရှိပေမယ့် သူ့မိသားစုမှာ စစ်မှန်တဲ့ ကျွမ်းကျင်သူတွေ မရှိဘူးလေ။ နို့မဟုတ်ရင် သူ့မိသားစုက ငါ့ရဲ့ဟောင်မိသားစုကို သာလွန်နေလိမ့်မယ်။"
"ဒါဆို အကြီးအကဲဟောင်ရဲ့သတင်းကောင်းကို ကျွန်တော် စောင့်နေမယ်။" ထန်ရှုက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
ထန်ရှုက ပြန်ဖို့ ပြင်ဆင်နေတာကို မြင်တော့ ဟောင်ကျင်းဖူက ချက်ချင်း ပြောလိုက်သည်။
"မစ္စတာ ထန် … ငါ အစေခံတွေကို နေ့လယ်စာ ပြင်ခိုင်းပြီးပြီ။ ဘယ်လိုသဘောရလဲ …"
"မိသားစုခေါင်းဆောင်ရဲ့စေတနာကို ကျွန်တော် ငြင်းရတော့မယ်။" ထန်ရှုက ခေါင်းယမ်းလိုက်ပြီး
"အချိန်က အရမ်းအရေးကြီးနေပြီမို့ ကျွန်တော် ကွမ်းယန်ကို စောစောပြန်ရမယ်။"
ထန်ရှုက ပြန်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဟောင်ကျင်းဖူက သူ့ကို ဆက်ခေါ်ဖို့ မကြိုးစားတော့ပါချေ။
သို့သော် သူ၏စိတ်အတွင်း၌ မရှင်းလင်းသော ပဟေဠိအချို့ ရှိနေသည်။
ထွက်တော့မည့်ဟန်ပြင်နေသော ထန်ရှုအား ကြည့်ကာ အတွေးတစ်ခု ဖျတ်ကနဲ ပေါ်လာသောကြောင့် ထန်ရှုနှင့်အတူ အပြင်သို့ထွက်လာပြီး တီးတိုးမေးလိုက်သည်။
"မစ္စတာ ထန် … မင်းနဲ့ သူဋ္ဌေးဂူအကြောင်း ငါ မေးလို့ရမလား၊ သူနဲ့ မင်းရဲ့ဆက်ဆံရေးက…"
“နောင်တစ်ချိန်မှာ မိသားစုအကြီးအကဲဟောင်က အဲဒီအကြောင်းကို သိလာပါလိမ့်မယ်။” ထန်ရှုက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
တိတ်တဆိတ် မချိပြုံး ပြုံးပြလိုက်ရင်း သည်အဖြေသည် ထန်ရှုထံမှ လိမ္မာပါးနပ်စွာ တုံ့ပြန်မှုဖြစ်ကြောင်း ဟောင်ကျင်းဖူ သိလိုက်သည်။ ထန်ရှုသည် သူ့အား သည်အကြောင်း မပြောချင်သည်ကို ရှင်းလင်းလှသည်။ မည်သို့ပင်ဆိုစေ ထန်ရှု၏ပုံရိပ်အား သူဆက်၍မမေးဝံ့ပေ။ ထာဝရခန်းမသည် မည်မျှ ကြောက်စရာကောင်းသည်ကို အခြားသူများ မသိနိုင်သော်လည်း သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း သိနေသည်။ ဟောင်မိသားစုသည် ဖူခန်းပြည်နယ်ရှိ ထိပ်တန်းမိသားစုဖြစ်နိုင်သော်လည်း ထာဝရခန်းမနှင့် နှိုင်းယှဉ်ပါက ၎င်းတို့အကြားရှိ ကွာခြားချက်မှာ ဆယ်ဆဖြစ်သည်။
ထာဝရခန်းမသည် ဟောင်မိသားစုကို သုတ်သင်လိုပါက လူအနည်းငယ်မျှသာ စေလွှတ်ရမည်ပြီး ညတွင်းချင်းပင် ဟောင်မိသားစုအဖွဲ့ဝင်အားလုံး အသတ်ခံရဖွယ်ရှိသည်။
ထန်ရှုထံမှ သိလိုသည့် အဖြေမရသော်လည်း ဟောင်ကျင်းဖူသည် ထန်ရှု၏ကတိစကားအရ အလွန်ကျေနပ်ပျော်ရွှင်နေသေးသည်။ ဟောင်မိသားစုလက်အောက်ရှိ ကျွမ်းကျင်သူ အရေအတွက်သည် နောင်နှစ်ပေါင်းများစွာ ကြာလာသောအခါတွင် အဆများစွာ များပြားလာမည်ကို သူ ကြိုတင် စိတ်ကူးနိုင်နေပြီဖြစ်သည်။
မိသားစုတစ်စုအတွက် အရေးကြီးဆုံးသည် မည်သည့်အရာဖြစ်ပါသနည်း။ အဖြေသည် ထိုမိသားစု၏ စစ်အင်အားဟုပင် ဖြေရပေလိမ့်မည်။
အာဏာနှင့် ချမ်းသာမှုသည် အလွန် အရေးကြီးသော်လည်း စစ်အင်အား၏ အရေးပါမှုအား ကျော်လွန်နိုင်မည်မဟုတ်ချေ။ ယနေ့ခေတ်တွင် ချမ်းသာကြွယ်ဝပြီး သြဇာကြီးမားသော အစစ်အမှန် မိသားစုများတွင် စစ်အင်အား လုံးဝရှိရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့အား အမည်ခံမဟုတ်ဘဲ တကယ်စစ်မှန်သော စွမ်းအားရှင်တစ်ဦးအဖြစ် မှတ်ယူနိုင်မည် ဖြစ်သည်။
နေမွန်းမတည့်မှီ…
ထန်ရှုသည် ကွမ်းမြို့၏ ဟောင်ပိုဒေသသို့ ပြန်ကာ စက်ရုံဆီသို့ တန်းသွားလိုက်သည်။ စက်ရုံတွင် ထန်ဝေက သူ့အား အမြန်လာတွေ့ပြီး
“ညီလေး … အပြင်လူတစ်ယောက် ငါတို့ဆီ လာလည်တယ်။ ဟောင်မိသားစုအကြီးအကဲက မင်းကို ဒီမှာလာတွေ့ဖို့ အမိန့်ပေးခဲ့တယ်။”
"ငါ သိတယ်။" ထန်ရှုက ခေါင်းညိတ်ပြီး
"သူက ဟောင်ပင်းချန်လို့ခေါ်တယ်။"
ထန်ဝေ၏ မျက်လုံးများတွင် ထူးခြားသော အလင်းတန်းတစ်ခု လင်းလက်သွားကာ
"ညီလေး … မင်း ဘယ်လိုလုပ်ခဲ့တာလဲ။ ဖူခန်းရဲ့ဟောင်မိသားစုကလူတွေ ဘာအတွက်နဲ့ ငါတို့ကို ဒီနေရာမှာ ရှာတွေ့ကြတာလဲ။ နောက်ပြီး မင်းနဲ့သူတို့ကြားက ဆက်ဆံရေးက အတိအကျ ဘာများလဲ။”
"ဟောင်မိသားစုရဲ့အကြီးအကဲနဲ့ ငါ့မှာ နောက်ခံဇာတ်လမ်းရှိတယ်။" ထန်ရှုက ပြုံးပြီး ပြောသည်။
“ဒီနေ့ ဟောင်မိသားစုရဲ့အကြီးအကဲဆီ ငါကိုယ်တိုင် သွားတာကို မင်းလည်းသိပါတယ်။ အဲ့ဒါကြောင့် လတ်တလောမှာ ကွမ်းယန်က ဟောင်မိသားစုရဲ့ ထောက်လှမ်းရေးကွန်ရက်ကို ငါ ငှားထားတယ်။"
ထန်ဝေက လက်မကို မြှောက်ကာ ချီးမွမ်းလိုက်သည်။
“ညီလေး … ငါ မင်းကို ပိုပိုပြီး လေးစားလာတယ်။ မင်းက လိမ္မာပါးနပ်တဲ့သူမှန်း ငါသိပါတယ်။ ရိုးရိုးသားသားပြောရရင် အဘိုးက မင်းကို ကွမ်းယန် နဲ့ ဖူခန်းမှာရှိတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အာဏာအပြည့်ပေးခဲ့တုန်းက နည်းနည်းတော့ အံ့သြမိပေမယ့် အခုတော့ နားလည်သွားပြီ။ မင်းက ဦးလေးတစ်ထက်တောင် ပိုအသုံးဝင်သေးတယ်။”
"ပေါက်ကရစကားတွေ သိပ်မပြောနဲ့။"
ထန်ရှုက ရယ်မောပြီး ပြောသည်။
"ဒါနဲ့ အဲ့ဒီဟောင်ပင်းချန် ဘယ်မှာလဲ။ ငါ့ကို သူနဲ့ တွေ့ဖို့ ခေါ်သွားပါ။"
“ကောင်းပြီ။” ထန်ဝေ ပြုံးလိုက်သည်။
နူးညံ့သိမ်မွေ့ပြီး ပညာတတ်တစ်ယောက်ဟန်ပန်ရှိသော လူလတ်ပိုင်းအရွယ် ဟောင်ပင်းချန်နှင့် ထန်ရှုသည် တွေ့ဆုံခဲ့သည်။
"ခင်ဗျားက ကွမ်းယန်က ဟောင်မိသားစု ထောက်လှမ်းရေးကွန်ယက်ရဲ့ ကြီးကြပ်ရေးမှူး ဟောင်ပင်းချန်လား။ ငါက ထန်ရှုပါ။ ခင်ဗျားဆီ ဖုန်းအရင် ဆက်လိုက်သေးတယ်။"
ဟောင်ပင်းချန်က လေးလေးစားစား ကြည့်လိုက်ရင်း
“ငါက ဟောင်ပင်းချန်ပါ မစ္စတာထန်။ မိသားစုအကြီးအကဲရဲ့ အမိန့်နဲ့ ကွမ်းယန်ပြည်နယ်က ငါတို့ရဲ့ ထောက်လှမ်းရေးကွန်ယက်အားလုံးကို စုစည်းထားပြီးတော့ လက်ရှိမှာ ယောင်နဲ့ စွန်းမိသားစုတွေရဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နေပါတယ်။ ပြသနာရဲ့ အရိပ်အယောင်လေးကို ချက်ခြင်းရှာတွေ့နိုင်တယ်လို့ မပြောဝံ့ပေမယ့် ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုခုလုပ်ရင် ငါတို့ရဲ့ ထောက်လှမ်းရေးဝန်ထမ်းတွေရဲ့ မျက်လုံးတွေကို ရှောင်လွှဲလို့ မရပါဘူး။”
"ဒါဆို မင်းဘာဆက်လုပ်မှာလဲ။"
ထန်ရှုက ခေါင်းညိတ်ပြပြီး
"မင်း ဒီမှာနေမှာလား။ ဒါမှမဟုတ် တခြားနေရာမှာနေပြီး ဖုန်းနဲ့ အဆက်အသွယ်လုပ်မှာလား။”
"ငါတို့ရဲ့ မူလနေရာမှာပဲ နေမယ်။ ဒါပေမယ့် သတင်းအချက်အလက်တွေရရင် ချက်ချင်း အကြောင်းကြားပေးမှာပါ။"
ဟောင်ပင်းချန်က ပြောသည်။
"အဆင်မပြေမှုအတွက် စိတ်မကောင်းပါဘူး။"
ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကိစ္စ မရှိပါဘူး။ ဒါ ငါတို့လုပ်သင့်တာတွေပါ။” ဟောင်ပင်းချန်က ပြုံးလိုက်သည်။
ထန်ရှုသည် ဟောင်ပင်းချန်အား ပြန်လိုက်ပို့ပြီးနောက် ရွှဲ့ကျီက သူမ သုံးသပ်စိတ်ဖြာထားသော အချက်အလက်များအား ထန်ရှုကို ပေးသည်။ သူမသည် အချက်အလက်အားလုံးကို နားလည်ခဲ့ပြီး ၎င်းတို့အားလုံးသည် ယောင်နှင့်စွန်းမိသားစုတို့၏ လုပ်ငန်းများကို စုံစမ်းရန် စေလွှတ်လိုက်သော လူများဆီမှ အချက်အလက်များ ဖြစ်သည်။ ၎င်းအချက်အလက်များတွင် စွန်းမိသားစုအဖွဲ့ဝင်များ၊ ၎င်းတို့လုပ်ငန်းများ၏တာဝန်ခံများ၊ ၎င်းတို့ လက်အောက်မှ ရုံးပိုင်းဆိုင်ရာပုဂ္ဂိုလ်များ စသည်တို့ ပါဝင်သည်။
ထန်ရှု၏အမူအရာသည် ထိုအချက်များအား ဖတ်ပြီးနောက် တည်ငြိမ်သွားသည် ။
ကွမ်းယန်ရှိ စွန်းမိသားစု၏ အင်အားသည် အမှန်တကယ် အစွမ်းထက်ကြောင်း သူတွေ့ရှိခဲ့သည်။ ပထမဆုံးအနေနှင့် သူတို့၏စစ်တပ်အကြောင်း ပြောရန်ပင် မလိုချေ။ ကွမ်းယန်ရှိ ၎င်းတို့၏ စာရင်းဝင်ကုမ္ပဏီ သုံးခုသည် တုန်လှုပ်ချောက်ချားစရာ ခိုင်မာသော ခွန်အားတစ်ခုပင် ဖြစ်သည်။
"ညီလေး … ငါ ဖတ်ပြီးပြီ။ ယောင်နှင့် စွန်းမိသားစုတွေရဲ့ လုပ်ငန်းတွေကို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို သုံးပြီး နှောင့်ယှက်မယ်ဆိုရင် စာရင်းပါလုပ်ငန်းတွေကို လှုပ်ရှားလိုက်တာနဲ့ကို အတော်ကောင်းနေပြီ။ ဒါပေမယ့် စွန်းမိသားစုရဲ့စစ်အင်အား အဲ့ဒါတွေကို လှမ်းကြည့်ဖို့တောင် ငါတို့ကို အခွင့်အရေး နည်းနည်းမှ ပေးမှာမဟုတ်ဘူး။ ယောင်မိသားစုရဲ့အင်အားတွေနဲ့ ပူးပေါင်းထားတော့ ဒီနေရာက ငါတို့လူတွေကိုပဲ အားကိုးနေရင် သူတို့ရဲ့ပြိုင်ဘက်တွေ ဖြစ်လာမှာမဟုတ်ဘူး။” တည်ကြည်သော အမူအရာဖြင့် ထန်ဝေက သူ၏ မေးစေ့ကို ပွတ်သပ်ကာ တီးတိုးပြောလိုက်သည်။
“အဲဒါတော့ အမှန်ပဲ။” ထန်ရှုက ခေါင်းညိတ်လိုက်ရင်း
“အဲ့ဒါက အန်တီရွှဲ့စုံစမ်းထားတဲ့ သူတို့ရဲ့ထင်ရှားတဲ့ စစ်အင်အားချည်းပဲလို့ ပြောလို့မရဘူး။ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဘယ်လောက် ရှိမလဲဆိုတာ ဘယ်သူသိပါ့မလဲ။ အဲ့ဒါကို ကြည့်ပြီး ငါ တခြားအကူအညီတွေ ရှာရလိမ့်ဦးမယ်။”
ထန်ဝေ၏အမူအရာ လှုပ်ရှားသွားကာ ချက်ခြင်းမေးလိုက်သည်။
"နောက်ထပ် အကူအညီတွေကို မင်း ဘယ်မှာ ရှာမှာလဲ။"
ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ရင်း သူ၏ဖုန်းအား ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကျွမ်းကျင်သူဆယ်ယောက်လိုတယ်။ ကွမ်မြို့ရဲ့ ဟောင်ပိုဒေသကို ချက်ချင်း လွှတ်ပေးပါ။ လိပ်စာအတိအကျကို နောက်မှ ပို့လိုက်မယ်။"
"ဟုတ်ကဲ့သူဋ္ဌေး။" တစ်ဖက်မှ အမြန် ပြန်ဖြေသည်။
***