မခံချိမခံသာ စိတ်ပျက်ရခြင်း
Vol. 08 Ch. 365
ကျယ်လောင်သော သေနတ်သံသည် စွန်းမိသားစု၏ ကျန်ရှိနေသေးသော ကိုယ်ခံပညာ ကျွမ်းကျင်သူများကို နိုးထစေခဲ့သည်။ ထန်ရှုသည် ကော်ရစ်ဒါရှိ ဖွင့်ထားသော အခန်းများကြားတွင် အလွန်လျင်မြန်သောအရှိန်ဖြင့် ရွေ့လျားနေသည်။ အခန်းများမှ ထွက်လာသော သန်မာသူတိုင်းသည် ချက်ခြင်း အသတ်ခံရလိမ့်မည် ဖြစ်သည်။
ခြေလှမ်းဆယ်လှမ်းတိုင်းတွင် လူတယောက်ကို သတ်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်။
ထန်ရှုသည် ထိုဆိုရိုးစကားအတိုင်း အောင်မြင်ရုံတင်မက ပိုမိုကောင်းမွန်အောင်ပင် လုပ်နိုင်ခဲ့သည်။
ကော်ရစ်ဒါသည် မီတာဆယ်နှင့်ချီ ရှည်လျားသည်။ သူသည် ထိပ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ရွေ့လျားနေသောအခါတွင် သူ၏လက်၌ ကျဆုံးသော ရန်သူစုစုပေါင်း ဆယ့်နှစ်ယောက်ရှိသည်။
ပြင်းထန်သော တိုက်ပွဲသည် အချိန်တိုအတွင်း ပြီးဆုံးသွားသည်။
ကလပ်စံအိမ်နောက်ဖေးရှိ ရန်သူများအားလုံးကို သတ်ပြီးနောက် ထန်ရှုနှင့်သူ၏အဖွဲ့ဝင်များသည် မီးလောင်လွယ်သောနေရာများတွင် အသင့်ပြင်ဆင်ထားသော ဓာတ်ဆီများကို လောင်းချကြသည်။ ကလပ်စံအိမ်နောက်ဖေးတစ်ခုလုံး မီးလောင်သွားခဲ့ပြီဖြစ်သည်။
"ညီလေး … ပြီးပြီ။"
ထန်ဝေသည် နားရွက်ချိတ်မတတ် ပြုံးကာ သက်တော်စောင့်နှစ်ယောက်နှင့်အတူ ထန်ရှု၏အရှေ့သို့ ရောက်လာသည်။
"ကောင်းကောင်း လုပ်ခဲ့တာပဲ။"
ထန်ရှုက ခေါင်းညိတ်ပြီးပြောသည် ။
“ဒီစစ်ဆင်ရေးမှာ အရေးကြီးဆုံးက ငါတို့ရဲ့ပုံရိပ်ကို မပေါ်စေဖို့ပဲ။ ဒါကြောင့် ထောက်လှမ်းရေးကိရိယာ အကုန်လုံးကို အရင်ဆုံး ဖျက်ဆီးပစ်ရမယ်။ မြန်မြန်လုပ်ကြစို့။ ဆဋ္ဌမပစ်မှတ်အတွက် အကောင်းဆုံးအချိန်ကို ငါတို့ လုပ်ပေးရဦးမယ်။”
ထန်ဝေက စိတ်ရှုပ်သွားရင်း
"ငါတို့ ကလပ်စံအိမ်ရှေ့ပိုင်းကို မီးမရှို့ဖူးလား။"
"ကလပ်ထဲမှာ ဧည့်သည်တွေ အများကြီးပဲ။" ထန်ရှုက ခေါင်းခါပြီး ပြောသည်။
“အခု ကလပ်ကို မီးရှို့လိုက်ရင် အပြင်လူတော်တော်များများ ဒုက္ခရောက်မယ်။ နောက်ပြီး ငါတို့က မီးမရှို့ဘူးဆိုရင်တောင် ဒီညပြီးရင် ဒီနေရာကို လာလည်မယ့်လူက နည်းနည်းလေးပဲ ရှိတော့မယ်။”
ထန်ဝေက သည်စကားကိုကြားတော့ ပြုံးပြီး ခေါင်းညိတ်သည်။
"မင်း မှန်တယ်။ မီးဆိုတာ လူတိုင်း ရှောင်ရမယ့် အရာပါ။ ဒီနေရာမှာ ငါသာ အချိန်ဖြုန်းနေတုန်း မီးလောင်တာနဲ့ လူသတ်မှုကို ကြုံရရင် နောက်ထပ်လာဖို့ကို ငါ ကြောက်မိမှာပဲ။
ချက်ခြင်းပင် ဆယ့်နှစ်ယောက်အုပ်စုသည် နံရံကိုဖြတ်ကျော်ကာ တိတ်တဆိတ်ထွက်သွားခဲ့သည်။
ကြယ်တွေ ပြည့်နေသည့် ကောင်းကင်အား တိမ်မည်းများက မသိလိုက် မသိဘာသာ ဖုံးလွှမ်းသွားခဲ့ပြီး လေထုထဲတွင် ခပ်ဖျော့ဖျော့သွေးနံ့က လွင့်ပျံနေခဲ့သည်။
တစ်ကမ္ဘာလုံး အိပ်မောကျသွားသည့်နှယ် မဲမှောင်တိတ်ဆိတ်သွားခဲ့သည်။
ပစ်မှတ်နေရာခြောက်ခုမှ ယောင်နှင့် စွန်းမိသားစုများမှ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်ပညာရှင် ၂၀၀ကျော်သည် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။ ပစ်မှတ်နေရာလေးခုရှိ ယောင်နှင့်စွန်းမိသားစုအဖွဲ့၏ ကုမ္ပဏီ ၃ ခုနှင့် အရေးကြီးသော ဂိုဒေါင်တစ်ခုသည် အကုန်လုံး မီးလောင်သွားခဲ့သည်။
ကွမ်မြို့ … မြစ်ကမ်းခြေစံအိမ်
ခွမ်း…
စံအိမ်၏ဒုတိယထပ်ရှိ ပြတင်းပေါက်ရှေ့တွင် ယောင်ရှင်းဟွာသည် ဒေါသပြင်းထန်သောအမူအရာဖြင့် သလင်းကျောက်ခွက်ကို ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်သည်။
သူ၏အရှေ့တွင် ရပ်နေသော အမျိုးသားနှင့် အမျိုးသမီးတစ်ဦးသည် တင်းမာနေသော ပတ်ဝန်းကျင်လေထုကြောင့် အသက်ပင် ရဲရဲမရှူဝံ့ကြချေ။ တိုဖာဆန်နှင့် အိုက်မုရွီတို့သည် ဆန့်ကျင်ဘက်ဆိုဖာပေါ်တွင် ထိုင်ကာ ဆေးပြင်းလိပ် သောက်ရင်း လက်ထဲရှိသေနတ်အား ဆော့ကစားနေသည်။
ဘန်း…
ဖြူဖျော့နေသောဟန်ဖြင့် လူရွယ်တစ်ယောက်က တံခါးအား အတင်းတွန်းဖွင့်ကာ အခန်းထဲသို့ အလောတကြီးဝင်လာရင်း
“သခင်လေး … မင်တင်းအုပ်စုရဲ့ဌာနချုပ် မီးလောင်သွားတယ်။ စောင့်ကြည့်ထိန်းချုပ်ခန်းအတွင်းက လုံခြုံရေးအစောင့်လေးဦး သေဆုံးခဲ့တယ်။ ကုမ္ပဏီအတွင်း သိမ်းထားတဲ့ နမူနာတွေအားလုံးလည်း မီးထဲပါသွားတယ်။ အရေးကြီးဆုံးအချက်က... ထုတ်ကုန်အသစ်ရဲ့နမူနာနဲ့ အချက်အလက်တွေပါ ပါသွားတာပဲ။ ဒီတစ်ခါတော့ ငါတို့ရဲ့ ဆုံးရှုံးမှုက ကြီးမားပြီ။”
ယောင်ရှင်းဟွာ၏ သူငယ်အိမ်သည် ကျုံ့သွားပြီး သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားရသည်။ မင်တင်းအုပ်စုမှ သုတေသနပြုတီထွင်ထားသော ထုတ်ကုန်အသစ်အား သူသိသည်။ ၎င်းသည် ဆီးလမ်းကြောင်းရောင်ရမ်းခြင်းအတွက် ဆေးအသစ်ဖြစ်သည်။ ယနေ့မွန်းလွဲပိုင်းအချိန်က ထိုထုတ်ကုန်အသစ်၏ သုတေသနနှင့် ဖွံ့ဖြိုးရေး ဋ္ဌာနမှူးသည် နမူနာများနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေး အချက်အလက်များကို ရုံးချုပ်သို့ ပေးပို့ခဲ့ပြီး သူ့ကိုပင် ထုတ်ကုန်၏ အသေးစိတ်အချက်အလက်များအား ရှင်းပြခဲ့သေးသည်။
“ချီးပဲ။ ဒီပစ္စည်းတွေကို ကုမ္ပဏီရုံးချုပ်မှာ ငါ ဘာလို့ ထားခဲ့မိတာလဲ။”
နောင်တနှင့် ဒေါသတို့အပြည့်ဖြင့် ယောင်ရှင်းဟွာ၏ ဒေါသပြင်းထန်သောအမူအရာသည် ရှုံ့မဲ့လျက်ရှိသည်။
ဖုန်းမြည်သံ…
စားပွဲပေါ်ရှိ မိုဘိုင်းလ်ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
ယောင်ရှင်းဟွာသည် လက်ကိုင်ဖုန်းကို ကိုင်လိုက်သော်လည်း ခေါ်ဆိုသူနံပါတ်အား မတွေ့ရသောကြောင့် တင်းမာသောလေသံဖြင့် သူအော်လိုက်သည်၊
"အခု ဘာဖြစ်တာလဲ။"
"သခင်လေးယောင် … ကြီးမားတဲ့ အဖြစ်အပျက် တစ်ခုပဲ။ ငါတို့စွန်းမိသားစုရဲ့နိုက်ကလပ်နဲ့ ရေချိုးစင်တာကို အမည်မသိလူတွေက တိုက်ခိုက်ခဲ့တယ်။ ရွှေရောင်တည်းခိုကလပ်စံအိမ်က ငါတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ အများကြီး သေဆုံးပြီး ကလပ်အိမ် မီးလောင် ပျက်စီးသွားတယ်။ ကုမ္ပဏီရုံးချုပ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လုံခြုံရေးအစောင့်အများကြီး သေဆုံးကြတယ်။ ငါ့… ငါ့
ညီငယ်—စွန်းဖေးလုံလည်း ဆုံးသွားပြီ။”
စွန်းမိသားစု၏ အကြီးအကဲ စွန်းဖေးလဲ့၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
သူ့ပါးစပ်ကို ဖွင့်ထားသော်လည်း ယောင်ရှင်းဟွာ ဘာမှ မပြောနိုင်ပေ။ အချိန်အတော်ကြာအောင် တွေဝေနေပြီး
“မြစ်ကမ်းခြေစံအိမ်ကို ချက်ခြင်းလာခဲ့ပါ။ ခင်ဗျားကိုစောင့်နေမယ်။"
"ကောင်းပါပြီ။" စွန်းဖေးလဲ့က ပြန်ပြောပြီး ဖုန်းကို တန်းချလိုက်သည်။
ယောင်ရှင်းဟွာ တိတ်ဆိတ်သွားသည်။ သူ့မျက်နှာထက်မှ ပြင်းထန်သောအမူအရာသည် တဖြည်းဖြည်း လျော့ပါးလာသည်။ ဆိုဖာပေါ်ပြန်ထိုင်ပြီး ရေရွတ်နေရင်း သူ၏မျက်နှာတွင် ပြုံးနေသည့်အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
“စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီပုံစံနဲ့ စွမ်းရည်က ထန်ယွင်ဖန်းရဲ့ပုံစံမဟုတ်ဘူး။ သူက ရှုစုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်နေတော့ ဒီလိုမျိုး ရူးရူးမိုက်မိုက် လုပ်လို့ မရဘူး။ ဘယ်သူများ ဖြစ်မလဲ။ ထန်ဝေ … ဒီချာတိတ်က အင်အားကြီးတဲ့ စွမ်းရည် ရှိပေမယ့် ထန်မိသားစုရဲ့ ထောက်လှမ်းရေးက ငါတို့ကို ဘယ်လို ရှင်းရှင်းလင်းလင်း စုံစမ်းနိုင်မှာလဲ။”
ဆိုဖာထဲမှာ နစ်နေသော တိုဖာဆန်က ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ကြွလိုက်ပြီး
"ခေါင်းဆောင်ယောင် … မင်း အဲ့ဒီထန်ဝေအကြောင်း ကောင်းကောင်းသိလား။ စစ်ရေးလေ့ကျင့်မှုကိုရော အပြင်းအထန်လုပ်ဖူးလား။ သူ ဘယ်နေရာမှာ စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့လဲ။"
ယောင်ရှင်းဟွာက ခေါင်းခါပြီး ပြောသည်။
“သူက ပေကျင်းရဲ့ အပျော်အပါးမက်တဲ့ ကောင်လေးတစ်ယောက်ပဲ။ သူက ထန်မိသားစုအတွက် စီးပွားရေးလုပ်ငန်းအချို့ လုပ်ပေးတယ်ဆိုပေမယ့် ဒီလိုအရာတွေကို လုပ်နိုင်တဲ့သူမဟုတ်ဘူး။ တိုက်ကွမ်ဒိုကို လေ့ကျင့်ရုံလေးပဲဆိုတော့ သာမန်လူထက် နည်းနည်းလေး ပိုသန်မာတာပဲရှိတယ်။”
"သူ မဖြစ်နိုင်ဘူး။" တိုဖာဆန်က ခေါင်းယမ်းလိုက်ရင်း
“ချန်ပုမြို့ ကမ္ဘာမြေဗီရိုစက်ရုံက ငါ့လူတွေကို တိုက်ခိုက်တဲ့လူတွေကြားမှာ ကျွမ်းကျင်ပညာရှင် တစ်ယောက် ရှိကိုရှိရမယ်။ အဲ့ဒီငတိက အရမ်း အစွမ်းထက်တယ်။ ပြီးတော့ ငါ့မှာတောင် ဒီလို အံ့အားသင့်ဖို့ကောင်းတဲ့ ကျွမ်းကျင်မှုရှိမှာမဟုတ်ဘူး။ သေဆုံးတဲ့အလောင်းတွေက ဒဏ်ရာတွေအားလုံးကို ငါ စစ်ဆေးပြီးပြီ။ အများစုက ဓားတစ်ချောင်းတည်းနဲ့ ထိုးသတ်ခံရတာတွေ။”
ယောင်ရှင်းဟွာ၏ အမူအရာတုန်လှုပ်သွားသည်။ သူသည် တိုဖာဆန်၏စွမ်းရည်များကို အလွန်ပင် သတိထားမိခဲ့ပြီး တိုဖာဆန်က ရန်သူထက် သူ ညံ့သည်ဟုတောင် ခံစားရသည်ဆိုပါက သူလည်း သတိထားရမည်ဖြစ်သည်။
အချိန် တရွေ့ရွေ့ ကုန်သွားခဲ့သည်။
နာရီဝက်အကြာတွင် စွန်းဖေးလဲ့သည် သက်တော်စောင့် တစ်ဒါဇင်နှင့်အတူ မြစ်ကမ်းခြေစံအိမ်သို့ ရောက်ရှိလာသည်။
“အကြီးအကဲစွန်း ကျေးဇူးပြုပြီး ထိုင်ပါဗျ။” ယောင်ရှင်းဟွာက သူ၏အရှေ့မှ ဆိုဖာအား ညွှန်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။
စွန်းဖေလဲ့က ခါးသီးသောအမူအရာဖြင့် ပြောသည် ။
"သခင်လေးယောင် … ငါ့ရဲ့စွန်းမိသားစုက ဒီညမှာ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ ထန်မိသားစုက ရူးသွားပြီ။ ငါတို့စွန်းမိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်ခဲ့တာ ဘာအမှားအယွင်းမှကို မရှိဘူး။ လက်ခံဖို့ အခက်ဆုံးကတော့ ငါတို့စွန်းမိသားစုရဲ့ စားကျက်တွေကို သူတို့ရဲ့လက်ဖဝါးလို သိနေကြတာပဲ။ မမျှော်လင့်တဲ့တိုက်ခိုက်မှုတွေက အလွန်လျင်မြန်သလို အောင်မြင်ပြီးနောက် ပြန်လည်ဆုတ်ခွာသွားတာလည်း မြန်လွန်းတယ်။ ငါ ဘယ်သူ့ကိုမှ ကယ်တင်ဖို့ အချိန်မရလိုက်ဘူး။"
“ငါ့ယောင်မိသားစုပိုင် အလုပ်နှစ်ခုလည်း တိုက်ခိုက်ခံရပြီး လူတွေလည်း အများကြီး ဆုံးရှုံးခဲ့တယ်။ ငါတို့မင်တင်းအုပ်စုရဲ့ရုံးချုပ်ကလည်း ထန်မိသားစုရဲ့ကြယ်စင်အလင်းအုပ်စုလိုပဲ ဘယ်သူမဆို အလွယ်တကူ ဝင်ထွက်လို့ရတဲ့နေရာ မဟုတ်ဘူး။" ယောင်ရှင်းဟွာက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျား ဒီကို မလာခင် အဲ့ဒီသတင်းကို မကြားခဲ့ဘူးလား။"
“ဟုတ်တယ်။”စွန်းဖေးလဲ့က ခေါင်းညိတ်ပြီး ပြောသည်။
"ဒါပေမယ့် ထန်မိသားစုရဲ့ လူတွေက ဘာလုပ်တာလဲ။"
"ငါလည်း မသိဘူး။" ယောင်ရှင်းဟွာက ခေါင်းခါလိုက်ပြီး
"ထန်ယွင်ဖန်းက ရှုစုပြည်နယ်ကို ပြန်ရောက်နေပြီ။ သူတို့ မူလက မေပယ်နီအိမ်ရာတွင် တပ်စွဲထားပေမယ့် အဲ့ဒီနေရာက အခု လူမရှိတော့ဘူး။ သူတို့ကို တိတ်တဆိတ် စောင့်ကြည့်ဖို့ စေလွှတ်ထားတဲ့ လူတွေလည်း အသတ်ခံရတယ်။ အခုဆို သူတို့အသိုက် ဘယ်မှာရှိမှန်းမသိဘူး။"
"ဒါဆို ငါတို့ ဘာလုပ်ရမှာလဲ။" စွန်းဖေးလဲ့က မျက်ခုံးတွန့်ကာ စိုးရိမ်တကြီး မေးသည် ။
"ငါတို့ရဲ့ဆုံးရှုံးမှုတွေ အများကြီးပဲ။ ငါတို့ သေဖို့ ထိုင်ပြီး စောင့်နေကြတာလား။"
"သေမင်းကို ထိုင်စောင့်နေတာ ငါ့ဆန္ဒလို့ မင်းထင်နေတာလား။"
ယောင်ရှင်းဟွာ၏အမူအရာသည် အေးစက်တင်းမာလာပြီး
“ငါတို့ အခု ခြေရာပျောက်နေပြီ။ အခု အရေးကြီးဆုံးက သူတို့ကို ရှာဖွေဖို့နဲ့ သူတို့ကို ချေမှုန်းဖို့ ငါတို့ရဲ့ အင်အားစုအားလုံးကို စုစည်းဖို့ပဲ။”
"အဲဒီလူသတ်သမားတွေကို အားကုန်ထုတ်ရှာဖို့ ငါ အမိန့်ပေးထားတယ်။"
စွန်းဖေးလဲ့က လေးနက်စွာ ပြောလိုက်သည်။
"ငါ့စွန်းမိသားစုရဲ့ထောက်လှမ်းရေးကွန်ရက်က လက်ရှိမှာ အမြင့်ဆုံးမြန်နှုန်းနဲ့ လည်ပတ်နေတာဆိုတော့ သူတို့ ကွမ်းယန်မှာရှိနေသရွေ့ ရှာနိုင်လိမ့်မယ်။"
"ထန်မိသားစုက ဒီညမှာ ငါတို့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ဖို့ ပြင်ဆင်ထားခဲ့တယ်။"
ယောင်ရှင်းဟွာက ခေါင်းညိတ်ပြီး
“ငါတို့ရဲ့ စစ်အင်အားကို စုစည်းဖို့ အာရုံမစိုက်ခင် ဆုံးရှုံးမှုတွေကို အရင်ဆုံး စိတ်ဖြာသုံးသပ် ကြည့်ရအောင်။ သူတို့ရဲ့ ခြေရာတွေကို ရှာတွေ့ခဲ့ရင် ငါကိုယ်တိုင် တိုက်ခိုက်မှုကို ဦးဆောင်မယ်။ ထန်မိသားစုရဲ့အင်အားအကုန်လုံး ကွမ်းယန်ပြည်နယ်မှာ မရှိစေရဘူး။”
"ကွမ်းယန်က ထန်မိသားစုရဲ့ အင်အားနဲ့ သြဇာလွှမ်းမိုးမှုကို ငါတို့ ဖယ်ပစ်ရမယ်။ မဟုတ်ရင် ငါ့မှာ အိပ်မပျော်တဲ့ညတွေနဲ့ အစားလည်း အေးအေးဆေးဆေး မစားရဘူး။ သခင်လေးယောင်…ငါ့ဆီက သတင်းကောင်းကို စောင့်နေပါ။"
"ငါလည်း အရမ်းစိတ်ဆိုးနေလို့ မင်းဒေါသကို နားလည်တယ်" ယောင်ရှင်းဟွာက ခေါင်းညိတ်ပြီး ပြောသည် ။
“ဒါပေမယ့် အခုအချိန်က ငါတို့ ခေါင်းရှုပ်ခံရမယ့် အချိန်မဟုတ်ဘူး။ ထန်မိသားစုမှာ အစွမ်းထက်တဲ့ ပုံရိပ်တစ်ခု ရှိနေတယ်။ အဲဒီလူက ဘယ်သူလဲဆိုတာ မသိပေမယ့် ဒီကစားပွဲကို သူနဲ့ ငါ အရမ်း ကစားချင်တယ်။ တခါတရံမှာ အားနည်းလွန်းတဲ့ ပြိုင်ဘက်တွေနဲ့ ကစားရတာက အတော် ပျင်းဖို့ကောင်းတယ်။”
"ဒါပေမယ့် အခုဟာကြီးက ပျော်စရာကောင်းဖို့အတွက် ပေးဆပ်ရတာ အရမ်းကြီးမားလွန်းနေတယ်။" စွန်းဖေးလဲ့က ခါးသီးစွာ ပြုံးပြလိုက်သည်။
"ဒီညက မတော်တဆမှုတစ်ခုပါပဲ။" ယောင်ရှင်းဟွာက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
“တစ်ဖက်လူက ဒီညမှာ အကျိုးကျေးဇူး ကြီးကြီးမားမား ရခဲ့တယ်။ အဲ့ဒါကြောင့် သူတို့က ဆုတ်ခွာပြီး လတ်တလောတော့ ငြိမ်နေကြလိမ့်မယ်။ စကားမစပ် ပိုင်ယန်ကို တရားစွဲဖို့အတွက်နည်းလမ်းရှာဖို့ ခင်ဗျား ထိန်းချုပ်ထားတဲ့ အစိုးရအရာရှိတွေကို ပြောလိုက်ပါ။ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေအတွက် အပြစ်ရှိတယ်လို့တွေ့လေလေ ပိုင်မိသားစုကို ရှင်းရှင်းလင်းလင်း ဖယ်ရှားဖို့ ပိုမိုလွယ်ကူလာလေပဲ။ ရန်သူရဲ့လက်ရုံးတစ်ဖက်ကို ဖြတ်တောက်လိုက်တယ်လို့ ဆိုရမှာပဲ။”
"သခင်လေးယောင် … ပိုင်ယန်ကို ဒီညမတိုင်ခင် စီရင်ချက်ချဖို့ဆိုတာ အရမ်းလွယ်လိမ့်မယ်။ ငါတို့ ဆက်ပြီး ဖိအားပေးနေသရွေ့ ဒီကိစ္စက ရက်အနည်းငယ်အတွင်း ပြီးသွားနိုင်ပါတယ်။”
စွန်းဖေးလဲ့က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်၊
“ဒါပေမယ့် ဒီည ဖြစ်ပျက်ခဲ့တာတွေက အရမ်းကြီးတယ်။ ဒီဟာက ကွမ်းယန်ပြည်နယ် တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မယ်လို့ ငါ ယုံတယ်။ တိုင်းပြည်ရဲ့ အင်အားစုကြီးတွေတောင် ဖြစ်ပျက်ခဲ့တာကို အတိအကျ သိရင်သိသွားမှာပဲ။ ဒီတစ်ခါတော့ ငါ့ရဲ့စွန်းမိသားစုကို မပြောနဲ့ … ပိုင်မိသားစုကိစ္စကိုတောင် လူတွေက အာရုံစိုက်မှာ မဟုတ်ဘူး။"
ယောင်ရှင်းဟွာက မျက်ခုံးပင့်လိုက်ပြီး ဖြည်းညှင်းစွာပြောသည် ။
"အခုလောလောဆယ်မှာ ပိုင်ယန်ကို ငါတို့ စီရင်ချက်လို့မရတော့တဲ့အတွက် သူ့ကိုဒုက္ခပေးဖို့ ထောင်ထဲကလူတချို့ကို ဝယ်လိုက်မယ်။ အဲ့ဒါက အလုပ်မဖြစ်ရင် သူ့ကို တိုက်ရိုက်သတ်လိုက်ပါ။ သူ့ကိုယ်သူ သတ်သေတယ်ဆိုပြီး ကြေငြာဖို့ ဘယ်နည်းနဲ့မဆို အသုံးပြုပါ။ ဘယ်လိုလုပ်ပါဆိုပြီး ခင်ဗျားကို သင်ပေးဖို့ မလိုဘူးလို့ ငါယုံတယ် ဟုတ်တယ်မလား။”
"သခင်လေးယောင် … စိတ်ချပါ" စွန်းဖေးလဲ့၏ မျက်လုံးများ အရောင်တောက်လာကာ ခေါင်းညိတ်လိုက်ပြီး
"မနက်ဖြန်ညမှာ ပိုင်ယန် အသက်မရှင်တော့ဘူးဆိုတာ ငါအာမခံတယ်။"
အရုဏ်မတက်မီအချိန် …
ကွမ်မြို့ ဟောင်ပိုဒေသ။
ထန်ရှုက သူ၏အဖွဲ့အား စက်ရုံသို့ ပြန်ခေါ်ပြီး သိပ်မကြာမီမှာပင် လီရှောင်ကျီနှင့် ဂူလန်တို့၏အဖွဲ့တွေလည်း ပြန်ရောက်လာသည်။ ထန်ဝေနှင့် ရွှဲ့ကျီအပါအဝင် လူငါးဦးသည် အစည်းအဝေးခန်းတွင် စုဝေးခဲ့သည်။
"ကောင်းပြီ၊ စကားပြောရအောင်။ စစ်ဆင်ရေးကို ဘယ်လို ပြီးဆုံးအောင် လုပ်ခဲ့လဲ။”
ထန်ရှုက ပြုံးရင်း စီးကရက်တစ်လိပ်ကို မီးညှိကာ အားပါးတရ ဖွာရှိုက်လိုက်သည်။
လီရှောင်ကျီက ပြုံးပြီး
“ငါ ပျော်ပျော်ရွှင်ရွှင် မသတ်ရတာ အတော်ကြာပြီ။ ဒီနေ့ည ငါတို့အဖွဲ့က ရန်သူ၆၂ယောက်ကို သုတ်သင်နိုင်ခဲ့တယ်။ အဖွဲ့သားတွေထဲက လူ၂ယောက် သေပြီး ၄ယောက် ဒဏ်ရာရခဲ့တယ်။ ဒါပေမဲ့ ဒဏ်ရာရတဲ့ ညီအစ်ကိုတွေက အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။”
ဂူလန်က ခပ်တိုးတိုးပြောသည်။
“ငါတို့ လူ၇၄ယောက်ကို သုတ်သင်ခဲ့ပြီး ဒဏ်ရာရသူ ၃ ဦး ရှိပါတယ်။ တစ်ယောက်မှ မသေဘူး။”
လီရှောင်ကျီသည် ခဏတာ မင်သက်သွားရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ၏အဖွဲ့သည် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု သူထင်ခဲ့ပေသော်လည်း သည်လျှို့ဝှက်ဆန်းကြယ်သည့် ဂူလန်နှင့်ယှဉ်ပါက သူသည် အနည်းငယ် ညံ့သွားခဲ့တော့သည်။
***