← Chapters

စိတ်လှုပ်ရှားဖွယ်

Vol. 08 Ch. 366

စိတ်လှုပ်ရှားဖွယ်

Vol. 08 Ch. 366

“မင်းတို့ ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဆုံးရှုံးမှုနည်းနည်းနဲ့ ရန်သူအများကြီးကို သတ်ခဲ့တာ။ ဒါ တကယ့်ကို ကြီးမားတဲ့အလုပ်ပါ။”

ထန်ရှုက ခေါင်းညိတ်ပြီး ပြောသည် ။

“အဆုံးမှာတော့ အရာအားလုံးက အရမ်းချောမွေ့စွာနဲ့ ရန်သူ့လူတစ်ရာကျော်ကို သတ်နိုင်ခဲ့တယ်။ ကွမ်းယန်ရှိ ယောင်နှင့်စွန်းမိသားစုများရဲ့သုံးပုံတစ်ပုံခန့်ကို ငါတို့ ဖယ်ရှားလိုက်တာပဲ။ ဒီည ဒီအောင်ပွဲအတွက် ပေကျင်းမှာရှိတဲ့ မိသားစုကို သတင်းပို့လိုက်ရင် အဘိုးတော့ ဝမ်းသာသွားမှာ။" ထန်ဝေ ရယ်သည်။

သူမ၏ရင်တွင်းမှ လေးစားကြည်ညိုုမှု တိုးလာသည်နှင့်အမျှ ရွှဲ့ကျီ၏မျက်လုံးထဲတွင် အလင်းများ တလက်လက် ထလာသည်။ ယနေ့ခေတ်တွင် လူအနည်းငယ်မျှသာ သူမ၏လေးစားကြည်ညိုမှုကို ရနိုင်သည်။ သို့သော် ယနေ့ည၏ လုပ်ရပ်များအပြီးတွင် သူမသည် ထန်ရှုအပေါ် ဤကဲ့သို့သော ခံစားချက်မျိုး ခံစားလာရသည်။

အံ့သြစရာကောင်းပြီး ရဲရင့်သည်။

ထန်ရှုအား ပြည့်စုံစွာ ဖော်ပြရန်အတွက် သုံးရမည့် စကားလုံးများသည် အလွန်နည်းပါးလှသည်။

ရွှဲ့ကျီ အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ပြုံးရင်းပြောသည် ။

“နင်တို့အားလုံး ကောင်းကောင်းလုပ်ခဲ့တယ်။ ရလဒ်က ငါ မျှော်လင့်ထားတာထက် ဆယ်ဆ ပိုကောင်းတယ်။ ငါတို့က ကွမ်းယန်ပြည်နယ်ကနေ လုံးဝဆုတ်ခွာရမယ်လို့ အစက ထင်ခဲ့မိတယ်။ ဒါပေမယ့် ထန်ရှုရဲ့ ဦးဆောင်မှုအောက်မှာ စစ်ဆင်ရေး နှစ်ခုလောက်နဲ့ပဲ ယောင်နဲ့စွန်းမိသားစုတွေ ဒီလောက် ပြင်းထန်တဲ့ ထိုးနှက်မှုကို ခံရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ ဒါဆို ငါတို့ ဘာဆက်လုပ်ရဦးမလဲ ထန်ရှု…။"

"ကျွန်တော်တို့ အလဲထိုး တိုက်ခိုက်ပြီး အမဲလိုက်ကြမယ်"

ထန်ရှုက ပြုံးရွှင်စွာ ပြောသည်။

“ဒီညက တိုက်ပွဲက တကယ်ကြီးမားတာမို့ အလဲထိုးတိုက်ခိုက်တာကို နားလည်ပါတယ်”

ရွှဲ့ကျီက ပဟေဠိဖြစ်နေသော အမူအရာနှင့်

"ကွမ်းယန်ပြည်နယ်က ထိပ်တန်းခေါင်းဆောင်တွေ ငြိမ်မထိုင်နိုင်တော့မှာကို ငါကြောက်တယ်။ ဒီည ငါတို့သာ ထပ်ပေါ်လာခဲ့ရင်တော့ ငါတို့ကို နှိမ်နှင်းလိမ့်မယ်။ ဒါပေမယ့် အမဲလိုက်တယ်ဆိုတာ နင် ဘာကိုဆိုလိုတာလဲ။”

“လုပ်ကြံတာ။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ရွှဲ့ကျီက မျက်နှာအမူအရာ အနည်းငယ် ပျက်သွားပြီး မေးလိုက်သည်။

"ပစ်မှတ်က ဘယ်သူလဲ။ ယောင်နဲ့ စွန်းမိသားစုတွေရဲ့ လူတွေလား။"

ထန်ရှုက ခေါင်းညိတ်ရင်း

"ကွမ်းယန်ကိုရောက်လာတဲ့ ယောင်နဲ့ စွန်းမိသားစုတွေပါဝင်တဲ့ လုပ်ကြံသတ်ဖြတ်မှု စာရင်းတစ်ခုပြုလုပ်ဖို့ အန်တီရွှဲ့ရဲ့အကူအညီလိုတယ်။ ကျွန်တော်တို့ ကွမ်းယန်က စစ်ပွဲကို စောစောစီးစီး အဆုံးသတ်လိုရင် ရန်သူတွေကို သတ်ပြီး သူတို့ကို ကြောက်စိတ်ဝင်သွားအောင် လုပ်ရမယ်။"

"ဒါအမှန်ပဲ။ ဒါကို စလုပ်ပြီဆိုကတည်းက လက်စားချေတဲ့အနေနဲ့ သူတို့ကို ကြီးမားတဲ့ ထိုးနှက်ချက်ပေးရမယ်။”

ထန်ဝေက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး

"ယောင်မိသားစုကလူတွေကို များများသတ်နိုင်အောင် သူတို့လူများများလွှတ်ဖို့ အခုတော့ ငါမျှော်လင့်နေတယ်။ မျှော်လင့်တာကတော့ ဒီလိုအခြေအနေမျိုးမှာ အသာစီးရယူပြီး ဒီကစားပွဲကို စောစောစီးစီး အပြီးသတ်နိုင်ဖို့ပဲ။

ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

“လက်ရှိ ငါတို့ ထန်မိသားစုက ဘယ်လိုအခြေအနေမျိုးလဲဆိုတာ မင်းလည်း ကောင်းကောင်း သိတယ်လို့ ငါယုံကြည်တယ်။ တကယ်လို့များ ငါတို့မိသားစုက ယောင်မိသားစုနဲ့အတူ လုံး၀ အားလုံးဆုံးရှုံးသွားခဲ့ရင် ငါတို့မိသားစုက သူတို့ကို လုံးလုံး ဖျက်ဆီးပစ်နိုင်ရင်တောင်မှ ငါတို့မိသားစုလည်း အကြီးအကျယ် အကြပ်ရိုက်သွားမှာကို ငါကြောက်တယ်။ ငါတို့ အဲဒီ့လိုဖြစ်သွားတာနဲ့ နိုင်ငံထဲမှာရှိတဲ့ တခြားမိသားစုတွေက ဒီအခွင့်အရေးကို လက်လွတ်မခံမှာဘဲ ငါတို့ကို အခွင့်ကောင်း ယူကြလိမ့်မယ်မဟုတ်လား။”

ထန်ဝေက ခဏလောက် တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ပြရင်း

“အဘိုးပြောသလိုပဲ … ငါတို့ မိသားစုအတွက် အလိုအပ်ဆုံးက အချိန်ပါပဲ။ ငါတို့ ၃ နှစ်ကနေ ငါးနှစ်လောက် အချိန်ရလို့ကတော့ ယောင်မိသားစုမပြောနဲ့ နိုင်ငံရဲ့ထိပ်သီး မိသားစုတွေကိုတောင် ငါတို့မိသားစုက ကြောက်မှာမဟုတ်ဘူး။”

"မှန်တယ်၊ ငါတို့လိုအပ်တာက အချိန်အတိအကျပဲ။ တကယ်တမ်းပြောရရင် ငါတို့နဲ့ယောင်မိသားစုကြားက အခုကစားပွဲက ကိုယ်လည်းအကျိုးမရှိ သူတစ်ပါးတွေကိုလည်း ထိခိုက်နစ်နာစေတဲ့ပွဲ ဖြစ်နေတယ်။ အဲ့ဒါကြောင့် ငါတို့ အမဲလိုက်တာကို စရင် ရန်သူတွေကို တတ်နိုင်သမျှ သတ်ပစ်ရုံတင်မကဘူး အကျိုးကျေးဇူးလည်း ရမှဖြစ်မယ်။ ဒါက ငါ ဂူလန်ကို ခေါ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းပဲ။ ဒါပေမယ့် အစ်ကိုဝေ မင်းက ဒီမှာနေပြီး ငါ့အမိန့်ကို စောင့်ရလိမ့်မယ်။" ထန်ရှုက ပြောလိုက်သည်။

“ဒါ…” ထန်ဝေ သည်စကားကြားသည့်အခါ အနည်းငယ် တုံ့ဆိုင်းသွားသည်။

"ထန်ဝေ … ထန်ရှုက ဒီလိုပြောလာပြီဆိုမှတော့ နင် သူ့စကားကို နားထောင်ရမယ်။ သူ လုပ်နိုင်တယ်ဆိုတာ နင်သိမယ်လို့ ငါယုံကြည်တယ်။ သူ့အတွက် ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။”

ရွှဲ့ကျီ ဝင်ပြောလိုက်သည်။

"ကောင်းပြီ။ ငါဒီမှာနေပြီး ဒီနေရာကို စောင့်ရှောက်မယ်။” ထန်ဝေက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါကရော။" ရွှဲ့ကျီက ထန်ရှုအား ပြုံးပြီးကြည့်ရင်း

"ငါ ဒီမှာဆက်နေသင့်သလား။ ဒါမှမဟုတ်…”

"အန်တီရွှဲ့ …  ကြယ်စင်အလင်းရုံးချုပ် ဖျက်ဆီးခံလိုက်ရပေမယ့် ကုမ္ပဏီမှာ ပြဿနာတွေ အများကြီးရှိနေတုန်းမို့ အန်တီရွှဲ့ ဒီမှာနေနေရတာက အတော် အခက်တွေ့လိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်တော်နဲ့ ဖူခန်းကို လိုက်ခဲ့ဖို့ အကြံပေးချင်တယ်။ အဲ့ဒီမှာရှိတဲ့ ရုံးခွဲက ကုမ္ပဏီကိစ္စရပ်တွေကို စီမံခန့်ခွဲဖို့ အပြည့်အဝတာဝန်ယူရလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အန်တီရွှဲ့ရဲ့ လက်ရှိကိုယ်ရံတော်တွေအပြင် အန်တီရွှဲ့ကို ကာကွယ်ပေးဖို့ ကျွမ်းကျင်သူ လေးယောက်ကို ကျွန်တော် လွှတ်လိုက်မယ်။ ခိုးဝင်တိုက်ခိုက်မှုအကြီးစားကို ရင်ဆိုင်ရရင်တောင်မှ သူတို့က အန်တီရွှဲ့ကို ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”ထန်ရှုက အကြံပေးလိုက်သည်။

"အဲ့ဒါဆို ငါ့အတွက် အဆင်ပြေတယ်။" ရွှဲ့ကျီက ပြုံးပြီး ပြောသည်။

ချက်ခြင်းပင် ထန်ရှုသည် ဟောင်မိသားစု၏ ထောက်လှမ်းရေးမှပေးသော အချက်များကို အခြေခံ၍ ရွှဲ့ကျီ၏အကူအညီဖြင့် လုပ်ကြံမည့်စာရင်းအား ပြုစုခဲ့သည်။ ယောင်နှင့် စွန်းမိသားစုများအပြင် ဤလုပ်ကြံသတ်ဖြတ်မှုစာရင်းတွင် ဖူခန်းရှိ ယန်မိသားစု၏လူများလည်း ပါဝင်သည်။ ထို့အပြင် ထန်ရှုသည် ကွမ်းယန်ပြည်နယ် လုပ်ကြံသတ်ဖြတ်မှုများအပြီးတွင် ဖူခန်းပြည်နယ် ရှင်းလင်းရေးအား ချက်ချင်းစတင်ရန် ဆုံးဖြတ်ခဲ့သည်။

ပေကျင်း  ထန်မိသားစု၏ ဘိုးဘေးအိမ်တွင် ….

ထန်ကောရှန့်နှင့် ထန်ကောရှို့ညီအစ်ကိုနှစ်ဦးသည် ပြဿနာအချို့ကို ဆွေးနွေးနေကြပြီး ထန်မင်းသည် ဘေးတွင်ထိုင်ရင်း လက်ဖက်ရည်ခွက်များ ဖြည့်ပေးကာ တစ်ချက်တစ်ချက် တစ်ချို့စကားများအား ဝင်ထောက်ပေးနေသည်။

ဖုန်းမြည်သံ…

ထန်ကောရှန့်သည် မျက်မှောင်ကြုပ်သွားရင်း ကွမ်းယန်ပြည်နယ်ရှိ ပြဿနာဆီသို့ ချက်ချင်း စိတ်ရောက်သွားသည်။ သူသည် တုံ့ဆိုင်းမနေဘဲ လက်ကိုင်ဖုန်းကို ကိုင်လိုက်ရာ ထန်ရှုထံမှ ဖုန်းခေါ်ဆိုမှုဖြစ်သည်ကို တွေ့ပြီးနောက် အဖြေခလုတ်ကို ချက်ချင်းနှိပ်လိုက်သည်။

"ရှုအာ … ဒီလောက် ညဉ့်နက်နေပြီ။  ဘာလို့ အနားမယူသေးတာလဲ။"

"ကျွန်တော် အဖိုးကို ပြောစရာတွေ ရှိတယ်။" ထန်ရှုက ပြောသည်။

"ဘာဖြစ်သွားလို့လဲ။ ကွမ်းယန်မှာ တစ်ခုခုဖြစ်ခဲ့သလား။" ထန်ကောရှန်က မေးသည်။

“လွန်ခဲ့တဲ့ ၂ နာရီက ကွမ်းယန်မှာရှိတဲ့ ယောင်နဲ့ စွန်းမိသားစုတွေရဲ့ လုပ်ငန်းတွေကို တိုက်ခိုက်ဖို့နဲ့ သူတို့ရဲ့ စစ်အင်အားတွေကို စီးနင်းဖို့ ကျွန်တောတို့်လူတွေကို ခေါ်ဆောင်ခဲ့တယ်။ အခုချိန်ထိဆိုရင် ကွမ်းယန်မှာရှိတဲ့ သူတို့ရဲ့အင်အားသုံးပုံတစ်ပုံနီးပါးကို ဖျက်ဆီးပစ်ခဲ့ပြီးပါပြီ။”

"ဘာ။"

ထန်ကောရှန့် ရုတ်တရက် ရပ်လိုက်ပြီး သူ့မျက်လုံးများအတွင်းမှ မယုံကြည်နိုင်မှုများ ပေါ်ပေါက်လာသည်။

အံ့သြတုန်လှုပ်စရာ … ဒါကြီးက တကယ့်ကို အံ့သြတုန်လှုပ်စရာ ကောင်းလွန်းလှတယ်။

ထန်ကောရှန့် သူ့နားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ ကွမ်းယန်ရှိ ယောင်မိသားစု၏ တပ်ဖွဲ့များသည် ကြီးကြီးမားမားမဟုတ်သော်လည်း စွန်းမိသားစုသည် ထိုနေရာတွင် ဒေသခံအာဏာရှင် ဖြစ်သည်ကို သိထားရမည်ဖြစ်သည်။ ထိုသူတို့၏ အင်အားသုံးပုံတစ်ပုံကို တစ်ချိန်တည်း ဖျက်ဆီးဖို့ လူအင်အား ဘယ်လောက်များ လိုအပ်ပါသနည်း။

ထစ်ငေါ့ငေါ့ငေါ့ဖြင့် မေးလိုက်သော ထန်ကောရှန့်၏ နှုတ်ခမ်းများ တုန်ယင်သွားသည်၊

"ရှု…ရှုအာ… မင်း အဲ့ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ။"

"ကျွန်တော်တို့ထန်မိသားစုကို ဟောင်မိသားစုရဲ့ ထောက်လှမ်းရေးက ပံ့ပိုးပေးခဲ့တယ်။ ကျွန်တော့်လူတွေကိုလည်း ကျွန်တော်ခေါ်တယ်။ အဲ့ဒါကြောင့် ရန်သူ့ရဲ့နေရာခြောက်ခုကို တိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့တွေက ကျွန်တော်တို့ ထန်မိသားစုရဲ့ကြယ်စင်အလင်းရုံးချုုပ်ကို မီးရှို့ထားသေးတယ်မလား။ အဲ့ဒါကြောင့် ယောင်နဲ့စွန်း မိသားစုပိုင်လုပ်ငန်းများက ရုံးချုပ်တွေကိုပါ မီးရှို့ပစ်လိုက်တယ်။ စိတ်ချပါ ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် လုပ်ခဲ့တယ်။ ကျွန်တော်တို့ လုပ်နေတာလို့ သိနေရင်တောင်မှ သက်သေအထောက်အထားတွေ ရှာတွေ့မှာ မဟုတ်ဘူး။”

"ကောင်းတယ်။ အဲဒါ သိပ်ကောင်းတာပဲ။ မင်းကို ကွမ်းယန်မှာရှိတဲ့ ငါတို့ထန်မိသားစုရဲ့ လုပ်ပိုင်ခွင့် ပေးပြီးကတည်းက ငါ သတင်းတွေရနေပြီဆိုတော့ ယောင်တွေရဲ့အဘိုးကြီးလည်း အခုလောက်ဆို ဒီသတင်းကို ရနေလောက်ပြီထင်တယ်။ ဟားဟား… ငါ ပျော်တယ်ကွာ … တော်တော့်ကို ပျော်တယ်။"

"အဘိုး … အန်တီရွှဲ့က  ဒီနေရာက လုပ်ဆောင်မှုအသေးစိတ်တွေကို အဘိုးဆီ တင်ပြစာ ပေးပို့ပါလိမ့်မယ်။ စကားမစပ် …  ကျွန်တော် အခု ဖုန်းချတော့မယ်ခင်ဗျ။"

“နေဦး။” ထန်ကောရှန့် လျင်မြန်စွာအော်လိုက်သည်။

"အဖိုးမှာ ပြောစရာရှိသေးလား။" ထန်ရှုက မေးသည်။

"ရှုအာ … ဒီည မင်း ထူးထူးခြားခြား အောင်ပွဲရခဲ့ပေမယ့် ရန်သူကို လျှော့မတွက်သင့်ဘူး။ တစ်ခုခု မှားသွားရင် မင်းနဲ့ ဝေအာ ချက်ချင်း ပြန်ဆုတ်ရမယ်။ ကွမ်းယန် နဲ့ ဖူခန်းကို စွန့်လွှတ်ရမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။”

ထန်ကောရှန့်က ပြောသည်။

"ကျွန်တော် နားလည်ပြီ။" ထန်ရှုက ဖြေသည်။

ထန်ကောရှန့် တစ်ခဏမျှ စဉ်းစားပြီး ထပ်ပြောလိုက်သည်။

"ဒါဆို မင်းရဲ့နောက်ထပ်အစီအစဉ်က ဘာလဲ။"

“လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်စာရင်းကို ကျွန်တော်လုပ်ထားတယ်။ ပစ်မှတ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းက ကွမ်းယန်မှာရှိတဲ့ ယောင်နဲ့ စွန်းမိသားစုဝင်တွေဖြစ်ပြီး အများစုက ဖူခန်းက ဖြစ်လိမ့်မယ်။ နောက်အကျဆုံးနှစ်ရက်မှာ ဖူခန်းက ယောင်၊ စွန်းနဲ့ ယန်မိသားစုတွေကို တုံပြန်ဖို့ ဖူခန်းပြည်နယ်ကို ကျွန်တော် သွားတော့မယ်။”

"ဖူခန်းမှာရှိတဲ့ ဟောင်မိသားစုကရော ဘယ်လိုလဲ။ ကူညီမှာလား" ထန်ကောရှန့်ကို မေးသည်။

“မဟုတ်ဘူး။ နောက်ဆုံးအားကိုးစရာ အခြေအနေကလွဲရင် ကျွန်တော် ဟောင်မိသားစုကို မပါဝင်စေချင်ဘူး။ ဒါပေမယ့် ကျွန်တော် မခံနိုင်ရင် ဟောင်မိသားစုက ကျွန်တော်တို့ကို အစွမ်းကုန် ကူညီပေးမှာပါ။"

ထန်ရှုက ရှင်းပြသည်။

"အဲဒါ တကယ်လား။" ထန်ကောရှန့်က အံ့အားသင့်သွားပြီး

"သူတို့က ငါတို့ကို ကူညီဖို့ အားကုန် သုံးမှာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။"

"အဘိုး … လောလောဆယ်တော့ ကျွန်တော် ကိစ္စအချို့ကို မပြောနိုင်သေးဘူး။ အချိန်တန်ရင် အဘိုး ဒီအကြောင်းတွေ သိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”  ထန်ရှုက ပြောသည်။

“ကောင်းပြီ။ ငါ သဘောပေါက်ပြီ။”

ထန်ကောရှန့်က ပြောသည်။

ဖုန်းချသွားပြီးနောက် ထန်မင်းက လျင်မြန်စွာ မေးလိုက်သည်။

“အဖေ … ကွမ်းယန်မှာ ဘာဖြစ်လို့တဲ့လဲ။ အဖေ့နှုတ်ခမ်းက ပြုံးနေတာပဲ။”

မျက်နှာထက်တွင် အပျော်များပြည့်နေသော ထန်ကောရှန့်က ပြုံးရွှင်စွာဖြင့်

“နေဦး။ မင်း ကြားတဲ့အထိ နေဦး။ အား … ရှုအာက တကယ်ကို ထန်မိသားစုရဲ့ မျိုးဆက်အဖြစ် ထိုက်တန်တယ်။ အံ့အားသင့်စရာ … အံ့သြစရာပဲ။”

ထန်ကောရှို့နှင့် ထန်မင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထန်ကောရှို့က အားတင်းပြုံးလိုက်ရင်း

“အစ်ကိုကြီး … ငါတို့ကို မှန်းဆခိုင်းနေတာတော့ မဟုတ်ဘူးမလား။ နောက်ဆုံးမှာ ဘာတွေဖြစ်ခဲ့တာတဲ့လဲ။"

ထန်ကောရှန့်က နားရွက်ချိတ်မတတ် ပြုံးပြရင်း

"ဒီညမှာပဲ ရှုအာက သူ့အင်အားတွေကို ယူဆောင်ပြီး ကွမ်းယန်မှာရှိတဲ့ ယောင်နဲ့ စွန်းမိသားစုတွေရဲ့ အင်အားသုံးပုံတစ်ပုံကို ချေမှုန်းလိုက်တယ်။"

"ဘာ။"

“ဘုရားရေ…”

ထန်ကောရှို့နှင့် ထန်မင်းတို့သည် မျက်နှာထက်တွင် ယုံရခက်သောအမူအရာများဖြင့် ရုတ်တရက် ထရပ်လိုက်မိသည်။ သူတို့သည် ထန်ကောရှန့်အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။

"ငါ မင်းတို့ကို လိမ်နေတာမဟုတ်ဘူး။ ရှုအာကိုယ်တိုင် ငါ့ဆီ ဖုန်းဆက်တာ။ သူ ငါ့ကို လိမ်မှာမဟုတ်ဘူးလို့ ငါယုံတယ်။" ထန်ကောရှန့်က ပြုံးပြီး ပြောသည် ။

"အစ်ကိုကြီး … ရှုအား ပြောတာ တကယ်မှန်ရင်... ကွမ်းယန်မှာရှိတဲ့ ထန်မိသားစုက အခြေအနေအပေါ်မှာ အသာစီးရသွားပြီလို့ ယူဆလို့ရပြီမဟုတ်လား။"

ထန်ကောရှို့ စိတ်လှုပ်ရှားသွားသည်။

“ယောင်နဲ့စွန်းမိသားစုတွေရဲ့ အစီအစဉ်တွေကို မူလက နှစ်ပေါင်းများစွာ ချထားခဲ့တာကိုလည်း ငါတို့သိတယ်။ သူတို့ရဲ့ စွမ်းအားက ငါတို့ထက် အနည်းဆုံး နှစ်ဆရှိတယ်။ သူတို့ အခု ဒီလောက် ဆုံးရှုံးမှုကြီးကို ခံစားခဲ့ရတာကို တွေးကြည့်တော့ … ယောင်တွေရဲ့ အဘိုးကြီး အခုကနေ သေတဲ့အထိ ပူပင်သောက ရောက်ရတော့မှာပဲ။”

"ဒါအမှန်ပဲ။" ထန်ကောရှန့်က ခေါင်းညိတ်ပြီး ပြုံးရွှင်စွာဖြင့်

"ကွမ်းယန်ကို ငါတို့ အပြီးအပိုင် စွန့်လွှတ်ရမယ်ဆိုရင်တောင် ယောင်နဲ့စွန်းမိသားစုတွေ ဒီလောက် ကြီးမားတဲ့ ဆုံးရှုံးမှု ကြုံလိုက်ရတာကို ကျေနပ်တယ်။"

ပေကျင်း … ယောင်မိသားစု စံအိမ်…

ခြံဝင်းထဲတွင် ခွေးဟောင်သံများ ရံဖန်ရံခါ ထွက်ပေါ်လာသည်။ ပင်မအိမ်အတွင်း၌ ပစ္စည်းများပြုတ်ကျသည့်အသံမှာ အတော်ပင် ကျယ်လောင်လှသည်။

ယောင်ချင်းကျွမ်၏ အိုမင်းသောမျက်နှာထက်တွင် ဒေါသထင်ဟပ်လျက်ရှိသည်။

သူ၏အရှေ့တွင် ထပ်တူဒေါသထွက်နေကြနေသော အမျိုးသား သုံးယောက်နှင့် အမျိုးသမီး နှစ်ယောက်သည် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေကြသည်။

"အဖေ … ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုစာရင်းတွေ ထွက်လာပြီ။"

ယောင်ချန်းချင်က စာရွက်အထူကြီးကိုင်ထားပြီး အခန်းထဲသို့ လျှောက်လာသည်။

ယောင်ချင်းကျွမ်သည် ထိုစာရွက်စာတမ်းများကို ကောက်ကိုင်ပြီး အမြန်ဖတ်လိုက်ရာ သူ့မျက်နှာသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမို အရုပ်ဆိုးလာသည်။ နောက်ဆုံးစာမျက်နှာအား  ဖတ်ပြီးသွားသည့်အခါ စာရွက်အထပ်လိုက်အား စားပွဲပေါ်သို့ ပစ်ချလိုက်ကာ ဒေါသတကြီး ဟောက်လိုက်သည်။

"ရှင်းဟွာက ထန်မိသားစုရဲ့ လှုပ်ရှားမှုတွေကို လုံးဝ မတွေ့မိဘူးလား။ ယီးလို  စွမ်းမိသားစုကရော ကွမ်းယန်က ဒေသခံအဆိပ်ပြင်းတဲ့လူတွေ မဟုတ်ဘူးလား။ သူတို့ရဲ့ ခိုင်မာတဲ့ ထောက်လှမ်းရေးကွန်ရက်ကနေ ခြေရာလက်ရာတွေကို ဘယ်လိုကြောင့် သတိမပြုမိဘဲ ရှိနေကြတာလဲ။”

ယောင်ချန်းချင်က မချိပြုံး ပြုံးလိုက်ရင်း

“ကွမ်းယန်ပြည်နယ်ထဲက ထန်မိသားစုရဲ့ အင်အားစုအားလုံး ခြေရာလက်ရာမရှိဘဲ ပျောက်သွားတယ်။ သူတို့တွေ ပုန်းအောင်းသွားကြပြီး ယာယီတော့ မလှုပ်ရှားနိုင်လို့ ရှင်းဟွာက ထင်လိုက်မိတယ်။ အဲ့ဒီလိုဖြစ်မယ်လို့ ဘယ်သူကထင်မှာလဲ။”

***

All Chapters