← Chapters

လုပ်ကြံသတ်ဖြတ်ငွေညှစ်ခြင်း

Vol. 08 Ch. 368

လုပ်ကြံသတ်ဖြတ်ငွေညှစ်ခြင်း

Vol. 08 Ch. 368

ထန်ရှု၏ လှုပ်ရှားမှုများသည် တိမ်တိုက်များနှင့် စီးဆင်းနေသော ရေများသဖွယ် ချောမွေ့လျက်ရှိသည်။ သူ၏ခြေဖဝါးများ မြေပြင်နှင့် ထိသည်နှင့်ချက်ချင်း ကျားသစ်တစ်ကောင်အလား ချုံပုတ်များအတွင်းသို့ ပြေးဝင်လိုက်သည်။ အားစိုက်ထုတ်မှုအနည်းငယ်ဖြင့် မျက်စိတစ်မှိတ်အတွင်း သစ်ပင်အုပ်အစုထဲသို့ ပြေးဝင်သွားခဲ့သည်။

“ စွန်းမိသားစုက အရမ်းသတိကြီးတယ်။ မင်းရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။"

အဝေးဆီမှ နီးကပ်လာသော  မှိတ်တုတ်မှိတ်တုတ် မီးရောင်များကို ကြည့်ရင်း ထန်ရှုက တီးတိုး ပြောသည်။

"ဟုတ်ကဲ့ … သူဌေး။" ဂူလန်က ပြောသည်။

သူ၏စိတ်ဝိညာဉ်အာရုံ လွှမ်းခြုံထားသည့် ဥယျာဉ်အိမ်အများအပြားကို ညွှန်ပြရင်း ထန်ရှုက တီးတိုးပြောလိုက်သည်။

“ဒီနေ့ ငါတို့ရဲ့ အစီအစဉ်က အလျင်စလိုဖြစ်သွားတော့ ဒီနေရာနဲ့ သူတို့လက်နက်ကိုင်တပ်တွေရဲ့ အခြေအနေကို ငါတို့ မသိဘူး။ အဲ့ဒါကြောင့် ငါတို့ စာရင်းမှာပါတဲ့ နာမည်တွေကို တိုက်ခိုက်မယ်။ အခြားလူတွေကတော့ ရွေးချယ်ခွင့်ရှိတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို မခုခံရင် တတ်နိုင်သမျှ မသတ်ပါနဲ့။"

"နားလည်ပြီ။" ဂူလန် တိတ်တဆိတ် ခေါင်းညိတ်ရင်း သူ၏ မျက်လုံးများတွင် ပုံမှန်မဟုတ်သော အရိပ်တစ်ခု ပေါ်လာသည်။

ကင်းလှည့်အဖွဲ့၏ မီးရောင်များသည် အကွာအဝေးတစ်ခုရှိ လမ်းကြား၏အဆုံးတွင် ပျောက်ကွယ်သွားသောအခါ ထန်ရှုသည် ထောက်လှမ်းရေးကင်မရာများစွာ၏ လွတ်နေသောထောင့်မှ ဂူလန်အား ဦးဆောင်ကာ လာခဲ့သည်။ သူတို့သည် အနီးဆုံး ဥယျာဉ်အိမ်သို့ တိတ်တဆိတ် ချဉ်းကပ်ကြသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထန်ရှုသည် အိမ်တွင်းထဲမှ အခြေအနေကို မြင်ခဲ့သည်။

အိမ်အတွင်းတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးအပြင် စာဖတ်ခန်းထဲ၌ ပစ္စတိုတစ်လက် ကိုင်ဆောင်ထားသော လူလတ်ပိုင်းတစ်ဦးလည်း ရှိသေးသည်။

လီယီသည် စွန်းမိသားစု၏သားမက်ဖြစ်ပြီး ကျွမ်းကျင်သူ တိုက်ခိုက်ရေးသမား။ ထက်မြက်၊ ဉာဏ်ကောင်းပြီး ပံ့ပိုးကူညီမှုများ လုပ်နိုင်သူ။

ထိုလူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် စုံစမ်းစစ်ဆေးမှုမှ အချက်အလက်များသည် ထန်ရှု၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။ အဆိုပါ လူလတ်ပိုင်း အမျိုးသား၏ ဓာတ်ပုံသည် စုံစမ်းမှုအချက်အလက်တွင် ပါဝင်သည်။

စာဖတ်ခန်းအတွင်း…

ပစ္စေတိုအား ကိုင်ထားသော လီယီ၏ မျက်လုံးများထဲတွင် ပြုံးနေသော အရိပ်အယောင် ထွက်ပေါ်လာသည်။ လောလောဆယ်တွင် သူသည် တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေဟန်ရှိသည်။။

အဲသည်လူ - စွန်းဖေးလုံ သေသွားပြီဖြစ်ရာ စွန်းမိသားစု၏ ထိန်းချုပ်မှုသည် အလွန် လျော့ကျသွားမည်ဖြစ်ပြီး ရရှိနိုင်သော လူအင်အားလည်း နည်းပါးသွားမည်ဖြစ်သည်။

ဒါဆို... နောက်ထပ် လုပ်ငန်းတွေရဲ့တာဝန်ခံက ငါ မဖြစ်နိုင်ဘူးလား။

ဟမ့်... မိသားစုပြင်ပက တစ်ယောက်ယောက်မှာ ကွဲပြားခြားနားတဲ့ စိတ်နှလုံးသား ရှိနေရင်ရော…

ငါ့မှာ စွန်းမိသားစုရဲ့ သွေးမရှိရင်ရော ဘာဖြစ်မလဲ။ မင်းတို့ များများသေလေ ငါရနိုင်တဲ့ အခွင့်အာဏာက ပိုကြီးလေပေါ့။ အဲဒီအချိန် မင်းတို့ ငါ့ကို မခေါ်သွားချင်ရင်တောင်မှတခြားတစ်ယောက်ယောက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

ပစ္စေတိုသေနတ်အား ဘေးတွင် ချလိုက်သော လီယီသည် ပြတင်းပေါက်အပြင်ဘက်မှ ဖျော့တော့တော့ အရိပ်များကို သတိမထားမိလိုက်ပေ။

သူ၏လက်အား ဆန့်ထုတ်ကာ နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောသည် ။

"ပြောင်ကြီး … စွန်းမိသားစုက မင်းရှိနေတာကို မသိသေးတဲ့အတွက် ငါတို့ရဲ့လူတွေကို ကောင်းကောင်းထိန်းချုပ်ထားပါ။ အခု သူတို့က ယောင်မိသားစုအတွက် ပြေးလွှားပေးနေတဲ့ ခွေးတစ်ကောင်လို ဖြစ်နေပြီ။ ထန်မိသားစုနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲဝင်နေရတယ်။ စွန်းမိသားစုရဲ့လူတွေ သေတာများလေ အာဏာနဲ့ ကြွယ်ဝမှုတွေ နောက်ပိုင်းမှာ ငါတို့ပိုပြီးရနိုင်လေပဲ။ ငါတို့အင်အားကို ကြိုတင်ပြင်ဆင်ထား။ တစ်ချိန်အခွင့်အရေးရတာနဲ့ အဲ့ဒါကို ငါတို့ လက်လွတ်ခံလို့မဖြစ်ဘူး။”

“သဘောပေါက်ပြီ။”

လီယီက ဖုန်းကိုချလိုက်ပြီး ပစ္စေတိုသေနတ်ကို ထပ်ကိုင်လိုက်သည်။

ပြတင်းပေါက်အပြင်ဘက်ရှိ ထန်ရှုသည် လီယီ၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသဖြင့် မျက်လုံးများတွင် ပုံမှန်မဟုတ်သော အလင်းတန်းများ လင်းလက်လာသည်။ ထိုလူအား သတိပေးချက် မဖြစ်စေရန် တိတ်တဆိတ် ထွက်သွားခဲ့သည်။ အမှောင်ထောင့်တစ်ခုတွင် ဂူလန်နှင့် ပူးပေါင်းပြီးနောက် ထန်ရှုက ခပ်ဖွဖွ ပြုံးကာ တီးတိုး ပြောလိုက်သည်။

“အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ စွန်းမိသားစုက မျိုးရိုးမတူတဲ့ လူတစ်ချို့တွေမှာ ကွဲပြားတဲ့ စိတ်တွေ ရှိနေပုံပဲ။ ငါတို့က သူ့ကို  ထိန်းထားရင် အနာဂတ်မှာ အများကြီး အကျိုးရှိလိမ့်မယ်။”

ထန်ရှု မည်သည်ကို ဆိုလိုမှန်း မသိဘဲ ဂူလန်က နာခံစွာ ခေါင်းညိတ်ရင်း

"ဒါဆို ငါတို့ တခြားနေရာကို သွားမှာလား။"

"ဟုတ်တယ်။" ထန်ရှုက ပြန်ဖြေပြီး အနီးနားရှိ ဥယျာဉ်အိမ်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

ညအမှောင်တွင် ထန်ရှုနှင့် ဂူလန်သည် ထိုဥယျာဉ်အိမ်ထဲသို့ ခိုးဝင်လာရင်း ခွန်အားကို အချည်းနှီး မဖြုန်းတီးစေဘဲ ဒုတိယထပ်ရှိ အိပ်ခန်းသို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် အခန်းထဲ၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အိပ်ပျော်နေသည်။ ထန်ရှုက ထိုလူအား စွန်းမိသားစု၏ဋ္ဌာနခွဲမှ တစ်ယောက်ဟု သိထားသည်။

ဖောင်း…

ဂူလန်က အမျိုးသမီးကို ရိုက်ပြီး သတိလစ်အောင် လုပ်လိုက်ချိန်တွင် ထန်ရှု၏လက်ထဲက မစ်ဆူဘီရှီစစ်သုံးဓားက ထိုမျိုးသား၏လည်ပင်းအား လှီးဖြတ်ပြီး အသက်ကို တိုက်ရိုက်နှုတ်ယူလိုက်သည်။

"နောက်ထပ် အဆောက်အဦး။"

ထန်ရှုတို့နှစ်ယောက်သား ခြေရာလက်ရာသဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည် ။ မကြာမီ အခြားဥယျာဉ်အိမ်တစ်ခုတွင် သူတို့ပေါ်လာသည်။ သူ၏ ရှင်းလင်းပြတ်သားသော စိတ်ဝိညာဉ်အာရုံဖြင့် ထန်ရှုသည် ဥယျာဉ်အိမ်တစ်ခုစီရှိ အခြေအနေအား အလွယ်တကူ ကြည့်ရှုနိုင်ပြီး ရန်သူ၏နေရာကို ချက်ချင်းရှာဖွေနိုင်ခဲ့သည်။

ဂူလန်သည် ထန်ရှု၏စိတ်ဝိညာဉ်အာရုံကဲ့သို့ စွမ်းရည်အား မပိုင်ဆိုင်ထားသော်လည်း တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုများတွင် လွန်စွာ အတွေ့အကြုံရှိခဲ့သည်ဖြစ်ရာ ၎င်းတို့ ၂ယောက်၏ အဖွဲ့လိုက်လုပ်ဆောင်မှုဖြင့် ဥယျာဉ်အိမ်များတွင်းမှ လူများအား မူးမေ့သတိလစ်စေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ ပြုလုပ်လာခဲ့ရာ ဥယျာဉ်အိမ်ခြောက်လုံးအား သုတ်သင်ရှင်းလင်းပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့လက်ချက်ကြောင့် သေဆုံးရသူ စုစုပေါင်း ရှစ်ဦးရှိသွားခဲ့ပြီဖြစ်သည်။

စွန်းမိသားစုစံအိမ် … အခြားဥယျာဉ်အိမ်အတွင်း…

စွန်းဖေးဝူသည် ယခုထက်တိုင် မနားရသေးပေ။ သူ၏အရှေ့တွင် ရပ်နေသော ကြံ့ခိုင်သည့် လူနှစ်ယောက်သည် ယနေ့ည၏ဆုံးရှုံးမှုများကို သတင်းပို့ရင်း ယနေ့ည၏ ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို သူနှင့်ဆွေးနွေးနေကြသည်။

သူသည် တတိယသားဖြစ်ပြီး စွန်းမိသားစု၏ အကြီးအကဲဖြစ်သူ စွန်းဖေးလဲ့၏ ညီငယ်ဖြစ်ကာ အခွင့်အာဏာအပြည့်ရှိသူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူတစ်ယောက်တည်းမှ စွန်းမိသားစု လက်နက်ကိုင်တပ်ဖွဲ့များ၏ သုံးပုံတစ်ပုံနှင့် ၎င်းတို့၏ ကြွယ်ဝမှု ဆယ်ပုံတစ်ပုံနီးပါးအား တစ်ဦးတည်း ထိန်းချုပ်ထားသည်။ သူ့အား ဆုံးရှုံးရပါက စွန်းမိသားစု၏လက်ချောင်းတစ်ချောင်း ဆုံးရှုံးသွားသည်နှင့် အလားတူသည်ဟု ပြောလို့ရပေသည်။

"အားချင် … ငါ့ရဲ့ဒုတိယအစ်ကို အသတ်ခံလိုက်ရပြီ၊ ဒါကြောင့် သူ စီမံခန့်ခွဲနေတဲ့ မိသားစုရဲ့ လုပ်ငန်းအားလုံးကို ထိန်းချုပ်ဖို့ အထူးအခွင့်အာဏာ ပေးမယ်။ အစ်ကိုအကြီးဆုံးနဲ့ ဆွေးနွေးပြီးပြီ။ သူလည်း သဘောတူပြီးသား။ မှတ်ထားပါ။ မင်းကို ငါ ကျွမ်းကျင်ပညာရှင် အယောက် ၂၀ စေလွှတ်မယ်။ သူတို့ကို အမိန့်ပေးပိုင်ခွင့် အပြည့်ရှိတယ်ဆိုတာ သတိရပါ။ ရန်သူတွေကို ရှာတွေ့တာနဲ့ သတ်ဖို့ လက်မနှေးနဲ့။”

စွန်းဖေးဝူ၏အကြည့်များသည် အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်သော အမျိုးသားတစ်ဦးထံ ရောက်သွားသည်။

"စိတ်ချနေပါ။ ထန်မိသားစုရဲ့ ခွေးတွေကို ငါပစ်သတ်ပြီး သေသေချာချာ သတ်...”

ဒုတ်…

သွယ်လျရှည်လျားသော လက်ချောင်းများဖြင့် ပါးစပ်ကို ဖုံးအုပ်ခံလိုက်ရပြီးနောက် မစ်ဆူဘီရှီစစ်သုံး ဓားတစ်ချောင်းသည် သူ၏နှလုံးသားတည့်တည့်အား အနောက်မှ ပြင်းထန်စွာ ဓားဖြင့်ထိုးလိုက်သည်။

တံခါး၏ဦးတည်ရာဘက်မှ ဓားမြှောင်တစ်ချောင်းကို လက်ပြန်ကိုင်ဆောင်ထားသည့် ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ ရိပ်ကနဲ ရောက်လာသည်။ တိုတောင်းသော အသက်ရှုသံတွင် ထိုပုံရိပ်သည် အခြားကြံ့ခိုင်သည့် လူ၏နံဘေးသို့ ရောက်ရှိလာကာ မစ်ဆူဘီရှီစစ်သုံးဓားဖြင့် ထိုလူ၏လည်ပင်းအား လှီးဖြတ်လိုက်သည်။

“မင်းက ဘယ်သူလဲ။”

အမူအရာပျက်သွားသော စွန်းဖေးဝူသည် အံဆွဲအား အမြန်ဆွဲဖွင့်ကာ အတွင်းမှ ပစ္စေတိုတစ်လက် ထုတ်ယူပြီး သူ့ဆီသို့ ဦးတည်လာနေသော ဂူလန်ဆီသို့ ကို ချိန်ရွယ်လိုက်သည်။ သို့သော် အတွင်းထဲသို့ ပထမဆုံး ပြေးဝင်လာသူ ထန်ရှုသည် ဘေးဘက်သို့ ရွှေ့လိုက်ပြီးဖြစ်ကာ သူ၏ဓားဖြင့် ပစ္စေတို ကိုင်ဆောင်ထားသည့် စွန်းဖေးဝူ၏လက်အား ပိုင်းဖြတ်လိုက်သည်။

"တိတ်တိတ်နေစမ်း။"

ထန်ရှုသည် စွန်းဖေးဝူ၏လည်ပင်းကို ဖမ်းကိုင်ကာ ပါးစပ်ကို အုပ်လိုက်ပြီး မစ်ဆူဘီရှီစစ်သုံးဓားဖြင့် သူ၏လည်ပင်းပေါ်သို့ ဖိလိုက်သည်။

နာကျင်မှုကြောင့် စွန်းဖေးဝူ၏မျက်နှာသည် ကြက်သွေးရောင်ပြောင်းသွားပြီး ခန္ဓာကိုယ်မှာ တွန့်လိမ်သွားရသည်။ အသံနည်းနည်းထွက်ဖို့ပင် သူ့တွင် ခွန်အားမရှိတော့ချေ။ သူယုံကြည်ရသော လူယုံများသည် သူ၏အရှေ့တွင် အသတ်ခံရပြီး သွေးအိုင်ထဲသို့ လဲကျသွားသည်ကို သူ့အနေဖြင့် စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ သူ၏နှလုံးသားသည်ပင် အေးခဲသွားသည့်နှယ်။

ထန်ရှုက ပြုံးကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ခင်ဗျားရဲ့ထိန်းချုပ်မှုအောက်မှာ ချမ်းသာကြွယ်ဝမှု ဘယ်လောက်ပဲရှိပါစေ အသက်က အမြဲတမ်း အရေးကြီးဆုံးအရာပဲ။ ခင်ဗျား သေသွားပြီဆိုတာနဲ့ ဘယ်အရာမှ သယ်သွားလို့ မရဘူး။ အဲ့ဒါကြောင့် အသက်ရှင်နေဖို့က အရေးကြီးဆုံးပဲ။ ခင်ဗျားရဲ့ပိုက်ဆံ ပေးစမ်း။ အသက်ကို ငါ ချမ်းသာပေးမယ်။"

နာကျင်နေသောဒဏ်ရာပေါ်သို့ ဖိနှိပ်လိုက်ရာ စွန်းဖေးဝူ၏ အောက်နှုတ်ခမ်းသည် ရှုံ့မဲ့သွားပြီး သူစကားပြောချင်ကြောင်း အရိပ်အမြွက်ပြသည်။

စွန်းဖေးဝူ၏ပါးစပ်ပေါ်မှ သူ၏လက်အား ဖြေလျှော့လိုက်ပြီး ထန်ရှုက အေးစက်စွာ ပြောလိုက်သည်။

"အကူအညီတောင်းဖို့ ယောင်လို့တောင် မစဉ်းစားနဲ့။ ခင်ဗျား အသံကျယ်ကျယ်ထွက်လိုက်တာနဲ့  ငါ့ဓားက လည်ပင်းကို ဖြတ်သွားလိမ့်မယ်။ ပိုက်ဆံကိုယူပြီး ကိုယ်ပိုင်တဲ့ အသက်လေးကို ဝယ်လိုက်စမ်းပါ။ ခင်ဗျားရဲ့အသက်အတွက် ပိုက်ဆံ ဘယ်လောက် ပေးမယ်ဆိုတာ ငါသိချင်တယ်။"

"မင်း ဘယ်သူလဲ။"

စွန်းဖေးဝူသည် သူ့လက်ကောက်ဝတ်မှ သွေးများ စီးကျလာသည်ကို ခံစားမိသဖြင့် လျင်မြန်စွာ မေးလိုက်သည်။

“ငါတို့ရဲ့ပုံရိပ်တွေကို စိတ်မပူပါနဲ့။ ငါတို့ ညီအစ်ကိုတွေက ကွမ်းယန်ကို ရောက်လာတာ မကြာသေးဘူး။ ငါတို့ မှာ စားစရာမရှိတော့ဘူးဆိုတာ မြန်မြန်တွေ့လိုက်ရတယ်။”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည်။

“ဒါပေမယ့် ခင်ဗျားတို့စွန်းမိသားစုက အရမ်းချမ်းသာတယ်လို့ ငါတို့ကြားတယ်။ အစကတော့ ခင်ဗျားရဲ့ဇနီးကို ပြန်ပေးဆွဲပြီး ပိုက်ဆံနဲ့ ရွေးခိုင်းဖို့ပဲ။ ဒါပေမယ့် သူမက ခင်ဗျားရဲ့အိမ်မှာ ဒီနှစ်ရက်နေနေတော့ ခင်ဗျားဆီက ပိုက်ဆံနည်းနည်းရဖို့ ငါတို့က စွန့်စားမှုလေး လုပ်ရတာပဲ။"

သူ၏သူငယ်အိမ်များ ကျုံ့သွားကာ စွန်းဖေးဝူက အော်လိုက်သည်။

"မင်းတို့က ထန်မိသားစုရဲ့လူမဟုတ်ဘူးလား။"

မျက်ခုံးပင့်ကာ ထန်ရှုက အံ့အားသင့်ဟန်ဆောင်လိုက်ပြီး "ထန်မိသားစုဟုတ်လား။ သူတို့က ဘယ်သူတွေလဲ။"

စွန်းဖေးဝူ စိတ်တွင်းမှ ထိတ်လန့်သွားကာ

"မင်းတို့က ထန်မိသားစုရဲ့လူတွေ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့စွန်းမိသားစုရဲ့ အိမ်ထဲကို အပြေးဝင်လာဖို့ မင်းမှာ စကိတ်တွေ ရှိနေတာလား။ ပြန်ထွက်မသွားနိုင်မှာ မကြောက်ဘူးလား။ ငါတို့ အိမ်ရဲ့နေရာတိုင်းမှာ ကင်းလှည့်မှုတာတွေ ရှိနေတာကို မင်းသိရမယ်။ မင်းအတွက် မြေမြှုပ်စရာ သင်္ချိုင်းတောင် ရှိမှာမဟုတ်ဘူး။"

"မင်းတို့ရဲ့ ဒီအိမ်အစုတ်ထဲမှာ ကင်းလှည့်တာတောင် ရှိတာလား။"

ထန်ရှုက ထူးဆန်းသည့် အမူအရာနှင့် ပြန်ပြောသည်။ "ငါတို့ ဒီကို ခိုးဝင်တုန်းက ငါတို့ ဘယ်လိုမှ မသိခဲ့တာ။ ဒါပေမယ့် လူတွေတော့ နည်းနည်းတွေ့တယ်။ သူတို့ အထဲကို ဝင်တယ် နောက်ပြီး ပြန်ထွက်သွားတယ်။ မင်းတို့ သုံးယောက် ဒီမှာ ကျန်ခဲ့တယ်။”

သေဟဲ့နန္ဒိယ…

စွန်းဖေးဝူသည် စိတ်အတွင်းထဲတွင် အမှန်တကယ် ဒေါသထွက်နေသည်။ သည်ခွေးကောင်၂ကောင်သည် ထန်မိသားစု၏လူများမဟုတ်ဟု သူ၏ အိပ်မက်ရိုင်းများထဲတွင် ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ သူတို့သည် သူ၏ငွေနောက်သို့ လိုက်နေကြပြီး ဤစံအိမ်သို့ ခိုးဝင်သောအခါတွင် ကင်းလှည့်များနှင့် မတွေ့မိခြင်းမှာ အလွန်ကံကောင်းလှသည်။

သည်ဟာသည် တကယ်ကံမကောင်းသည်မှာ မှန်သော်လည်း သူ့အနေဖြင့် သည်လို ကံမကောင်းမှုမျိုးအား အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးသည်။ သို့သော် သည်ကံဆိုးမှုသည် သူ့ဘဝတစ်သက်တာလုံးတွင် တစ်ခါမှ မကြုံဖူးသည့် ကံဆိုးမှုတစ်ခုဟု သူ ကျိန်ဆိုရဲသည်။

"မင်း ဘယ်လောက်လိုချင်သလဲ။ မင်းကို ငါပေးမယ်။" စွန်းဖေးဝူ စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

"ငါ ကြားတာတော့ ခင်ဗျားရဲ့ စွန်းမိသားစုက အရမ်းချမ်းသာပြီး ခင်ဗျားမိန်းမကလည်း ကုမ္ပဏီကြီးတစ်ခုကို စီမံခန့်ခွဲနေပုံရတယ်။ ခင်ဗျားမှာ ပိုက်ဆံအများကြီး ရှိသင့်တယ်၊ မဟုတ်ဘူးလား။ ခင်ဗျားဈေးနှုန်း ဖွင့်ပါ။ ခင်ဗျားနဲ့ ခင်ဗျားမိန်းမရဲ့ အသက်က ဘယ်လောက်တန်လဲ။ မှတ်ထားပါ။ ခင်ဗျား ငါတို့ကို လှည့်စားပြီး ခင်ဗျားရဲ့ စည်းစိမ်ဥစ္စာကို မပေးဝံ့ရင် အတော် သနားစရာကောင်းအောင် သေရလိမ့်မယ်။ ခင်ဗျားမိန်းမကိုတော့ အရှက်ခွဲပြီး နောက်မှ သတ်ပစ်မယ်ဆိုတာ ခင်ဗျား သေချာသိထားလိုက်။"

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

“မင်း…”

စွန်းဖေးဝူ၏ စိတ်ထဲတွင် လူသတ်လိုစိတ်များ ပေါက်ဖွားလာရသည်။ သို့သော် ယခုအချိန်တွင် သူသည် စဉ်းနှီတုံးပေါ်က ငါးတစ်ကောင်နှင့် အလားသဏ္ဍာန် တူသည်။ ထိုသူတို့ကို အမှန်တကယ် သတ်ချင်သော်လည်း မပြုဝံ့ပေ။

"ငါ မင်းကို ပိုက်ဆံပေးမယ်။ ၁၀သန်း။"

"၁၀သန်းလား။ မင်း ငါတို့ကို ၁၀ သန်း တကယ် ပေးမှာလား။"

ထန်ရှုက အံ့အားသင့်သွားဟန်အမူအရာဖြင့် ပြောလိုက်သည်။

"မင်းအသက်က ၁၀သန်းပဲတန်တာလား။ ဒါ သိပ်နည်းလွန်းတယ်။" ဂူလန်က ပြောသည်။

"ဂူလန် … ၁၀သန်းက နည်းလွန်းတယ်လို့ မင်းပြောလိုက်တာလား။ သူတို့မိသားစုက ပိုက်ဆံပိုပြီး ရှိတာလား။”ထန်ရှုက မသိလေဟန် မေးလိုက်သည်။

"ဟုတ်တယ်။ သူတို့ရဲ့ကုမ္ပဏီကြီးက တစ်ဘီလီယံကျော် တန်ကြေးရှိတယ်လို့ ငါကြားတယ်။” ဂူလန်က အတိုင်ဖောက်ညီညီ ပြောလိုက်သည်။

ထန်ရှု၏မျက်နှာက ပြောင်းလဲသွားခဲ့ပြီး စွန်းဖေးဝူ၏ပါးစပ်အား အုပ်ကာ ပေါင်ကို ဓားဖြင့် ထိုးလိုက်ရင်း ဆတ်ကနဲ ပြောလိုက်သည်။

"မင်းက ဝက်ငတုံးပဲ။ ငါ့ကို ထုတ်သွားစေဖို့ ၁၀သန်းပဲ ပေးချင်တာလား။ ဒီဖေဖေကြီးကို အရူးများ မင်းထင်လား။ ငါ့ကို ပိုပေး။"

"သူ သန်း၂၀၀လောက်တော့ ထုတ်ယူနိုင်မယ်ထင်တယ်။" ဂူလန်က ပြောသည်။

"သန်း ၂၀၀လား။  သူ တကယ်ထုတ်မှာလား။" ထန်ရှု ပြောသည်။

“သူ့ရဲ့ အရည်အချင်းကို ကြည့်ကြတာပေါ့။ သူ သန်း ၂၀၀မပေးနိုင်ရင် သူ့ကိုသတ်ပြီး သူ့မိန်းမကို ရှာရအောင်။”ဂူလန်က ပြောလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ပြပြီး “မင်း ပြောတာ မှန်တယ်။ မိန်းမတွေက အရမ်းကြောက်တတ်တယ်။ ဒါဆို ငါတို့ သူ့ကို သတ်လိုက်ရင်ရော ဘယ်လိုလဲ။ သူ့မိန်းမက တော်တော်လှတာပဲလို့ ငါကြားတယ်။ ငါတို့…”

“ကောင်းပြီ။”

ထန်ရှုက သူ၏ဆုပ်ကိုင်ထားမှုအား ဖြေလျော့လိုက်ချိန်တွင် စွန်းဖေးဝူသည် လွတ်ထွက်သွားပြီး ဆတ်ခနဲ ပြောလိုက်သည်။

***

All Chapters