ယောင်မိသားစု၏တုံ့ပြန်မှု
Vol. 08 Ch. 371
ပေကျင်း…ထန်မိသားစု စံအိမ်…
ပုံမှန်အားဖြင့် ထန်မိသားစု၏ အဓိကအဖွဲ့ဝင်များသည် အားလပ်ရက်များတွင် အတူတကွ စုစည်းမိရန် ခက်ခဲလှသည်။ သို့သော် သည်နေ့တွင် မြို့ပြင်ပတွင် ရောက်ရှိနေပြီး မလာနိုင်သောသူများမှတစ်ပါး ကျန်သောသူများအားလုံး သည်နေရာတွင် စုဝေးရောက်ရှိနေကြသည်။ ကြယ်တာရာသို့ မပြန်သေးသည့် ထန်ရှု၏မိဘများပင် ရှိခဲ့သည်။
"မင်းတို့ သတင်းတွေ ကြားပြီးကြပြီလား။ ငါတို့မိသားစုက ကွမ်းယန်က ယောင်နဲ့ စွန်းမိသားစုတွေကို နှိမ်နင်းလိုက်တယ်။ သူတို့ တစ်ညတည်းနဲ့ အချီကြီး ဆုံးရှုံးသွားတာပဲ။”
"ဟုတ်။ ကျွန်မလည်း သတင်းရခဲ့တယ်။ ထန်ရှုက ထန်မိသားစုရဲ့မျိုးဆက်အဖြစ် တကယ်ကို ထိုက်တန်တာပဲ။ သူ့နည်းလမ်းတွေက ကောင်းမွန်တာ အမှန်ပဲ။ မနေ့ညကတောင် အဖေ အကြာကြီး ရယ်နေတာကို ကျွန်မ ကြားတယ်။”
"ယွင်သဲ့ … လင်းယွမ် … မင်းတို့နှစ်ယောက်က တကယ်ကို သားကောင်းတစ်ယောက် မွေးထားတာပဲ။ သူ့ကြောင့်သာ မဟုတ်ရင် ကွမ်းယန်မှာရှိတဲ့ ငါတို့မိသားစုလုပ်ငန်းက လုံးဝကို နှင်ထုတ်ခံရမှာကို ငါစိုးထိတ်မိတယ်။”
“…”
သူနှင့် ရင်းနှီးစွာ စကားပြောနေသော ဆွေမျိုးသားချင်းများ၏စကားအား နားထောင်ရင်း ထန်ယွင်သဲ့၏ အပြုံးသည် အလွန်တောက်ပနေသည်။ ဆန့်ကျင်ဘက်တွင် စုလင်းယွမ်၏ အပြုံးသည် အတော် အားစိုက်ထားရဟန်ရှိပြီး ထန်ယွင်သဲ့၏ မျက်နှာအား ထောက်ထားကာ သူမသည် လူတိုင်းအား အားတင်းပြုံးပြခဲ့သေးသည်။
"ယွမ်လေး … မင်း မပျော်ဘူးလား။"
ဇနီးဖြစ်သူ၏အမူအယာကို တွေ့ရှိပြီးနောက် ထန်ယွင်သဲ့က သူမအား ထောင့်တစ်နေရာသို့ ခေါ်သွားကာ တီးတိုးမေးသည်။
စုလင်းယွမ်က ခေါင်းယမ်းလိုက်ပြီး “အဲဒီလိုကြောင့် မဟုတ်ပါဘူး။ ကျွန်မ အတော်တော့ စိတ်ပူနေမိတယ်။ ဆွေမျိုးများစွာ ပါဝင်ပတ်သက်နေတဲ့ မိသားစုရဲ့ အရေးကြီးတဲ့ကိစ္စမှာ ရှုအာက ဘာကြောင့် အခြေအနေကို ကိုင်တွယ်ဖို့ ကွမ်းယန်ကို ပြေးတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ရုံပါ။ မိသားစုကြီးတွေကြားထဲက အငြင်းပွားမှုတွေရဲ့ အကြောင်းကို ကျွန်မ ဘာမှမသိပေမယ့် ကြားရတာ အရမ်း လန့်ဖို့ကောင်းတယ်။ ယောင်နဲ့ စွန်းမိသားစုများမှ လူတွေ အများကြီး သေတာကြောင့် ရှုအာလည်း မမျှော်လင့်ထားတဲ့ ကံဆိုးမှုတစ်ခုနဲ့ကြုံတွေ့မှာကို ကျွန်မ စိုးထိတ်တယ်။ ကျွန်မ…”
"စိတ်မပူပါနဲ့။ ရှုအာက ကွမ်းယန်မှာ ကောင်းကောင်း လုပ်ပြခဲ့ပြီးပြီ။” ထန်ယွင်သဲ့က စုလင်းယွမ်အား ညင်သာစွာ ပွေ့ဖက်ကာ တီးတိုးစကားဆိုရင်း
“ဒါက သူ ကြီးပြင်းလာတာကို ပြနေတာပဲ။ နောက်ပြီး ဒါတွေက သူ အနှေးနဲ့အမြန်ဆိုသလို ဖြတ်သန်းရမယ့် အရာတွေပဲလေ။ သူ့အနေနဲ့ အချိန်စောပြီး ကြုံလိုက်ရတာပဲရှိတာပါ။ အခု သူ ကောင်းကောင်းမွန်မွန် ဖြစ်နေတာပဲဆိုတာ ယွင်လေး မမြင်ဘူးလား။ ရှုအာ မနေ့ညက အဖေ့ကို ဖုန်းဆက်တယ်။ ငါ သေချာမပြောနိုင်ပေမယ့် မနေ့ညက ယောင်မိသားစုကို ခြောက်လှန့်ဖို့ လူတချို့ကို သူခေါ်သွားခဲ့တယ်။"
"ယောင်တွေ တကယ်ကြောက်သွားမှာလား။ သူတို့သာ ကြောက်ရင် နှစ်ဖက်စလုံးကြား အငြင်းပွားမှု ပြီးသွားမှာလား။" စုလင်းယွမ်က ပြောသည်။
“လောလောဆယ်တော့ သူတို့ လှုပ်ရှားလိမ့်မှာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။ ယောင်တွေက ငါတို့မိသားစုနဲ့ ပတ်သက်လို့ အခုလောလောဆယ်မှာ အဆိုးတွေအားလုံးကို ဆုံးရှုံးခံဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကွမ်းယန်နဲ့ ဖူခန်းမှာဖြစ်တဲ့ ကိစ္စတွေက ငါတို့လက်ထဲမှာရှိတဲ့ ကတ်ပြားတွေကို စမ်းသပ်ဖို့ သူတို့ စမ်းသပ်နေရုံလောက်ပဲ။”
စုလင်းယွမ်က အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်ကာ
"ယွင်သဲ့ … ကျွန်မကို ပြောပါဦး။ ရှုအာကို ထောက်ကူဖို့ ကွမ်းယန်ကို သွားသင့်သလားလို့။ ကျွန်မ စိုးရိမ်တာက …”
ထန်ယွင်သဲ့က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး “မစိုးရိမ်ပါနဲ့။ သူက ဉာဏ်ကောင်းပြီး ရဲရင့်တယ်။ တကယ်လို့ သူ ဒီတာဝန်ကို မထမ်းဆောင်နိုင်ရင် သူ့ကိုယ်သူ ဒုက္ခရောက်အောင် ဘယ်တော့မှ အတင်းလုပ်မှာ မဟုတ်ဘူး။ အခု မိသားစုဝင်တိုင်း ပျော်ရွှင်နေတာကို ယွမ်လေး မြင်တယ်မဟုတ်လား။ အဲ့ဒါက အောင်ပွဲခံနိုင်ခဲ့တာကို ပြနေတာပဲလေ။ ဘာပဲဖြစ်ဖြစ် ကိစ္စပြီးပြီးချင်း ရှုအာကို ရှန်ဟိုင်းကို ချက်ချင်းပြန်ခွင့်ပြုဖို့ အဖေကို တောင်းဆိုလိုက်မယ်။"
"ဟုတ်တယ်။ ယွင်သဲ့ သူ့ကိုမေးရမယ်။" စုလင်းယွမ်က ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး "ရှုအာက ကောလိပ်ကျောင်းသားတစ်ယောက်။ ရှန်ဟိုင်းတက္ကသိုလ်ကလည်း ကောင်းမွန်တဲ့ တက္ကသိုလ် ဖြစ်တာမို့ သူကျောင်းတက်တာကို နှောင့်နှေးလို့ မဖြစ်ဘူး။”
"စိတ်မပူပါနဲ့။" ထန်ယွင်သဲ့ နှစ်သိမ့်လိုက်သည်။
ဘိုးဘေးစံအိမ်အတွင်းတွင် ညီအစ်ကိုနှစ်ဦးဖြစ်သည့် ထန်ကောရှန့်နှင့် ထန်ကောရှို့တို့သည် လက်ဖက်ရည်စားပွဲတစ်လုံးခြားကာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ထိုအချိန်တွင် သူတို့၏ အိုမင်းသော မျက်နှာများပေါ်တွင် ပြုံးရိပ်များသန်းနေသည်။
"အံ့သြစရာကောင်းတယ် … အံ့သြစရာပဲ။" ထန်ကောရှို့က ကျယ်လောင်စွာ ရေရွတ်လိုက်သည်။
"သူ့ကို ကွမ်းယန်မှာ တာဝန်ယူဖို့ ငါ သဘောတူခဲ့တုန်းကတော့ မျှော်လင့်ချက်အများကြီး မထားခဲ့ပါဘူး။" ထန်ကောရှန့်က ခေါင်းညိတ်ပြီး ပြောတယ်။ "အစီအစဉ်က ပြီးသွားပြီး ငါတို့က ကွမ်းယန်ကို ဆုံးရှုံးရလိမ့်မယ်လို့ ထင်ထားတော့ ဒီတိုင်းပဲ ထား ထားတာ။ အံ့သြစရာကောင်းတဲ့ အံ့အားသင့်စရာတွေ ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မထင်မှတ်ဘဲ…”
ဖုန်းမြည်သံ…
မိုဘိုင်းလ်ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
ဖုန်းကိုချိတ်ဆက်ပြီး ထန်ကောရှန့်သည် ဖုန်းခေါ်ဆိုသူ၏စကားကိုကြားလိုက်ရသည်။ ရုတ်တရက် မတ်တပ်ရပ်ကာ အလျင်စလို မေးလိုက်သည်။
"ဒါအမှန်ပဲလား။ ပိုင်ယန် လွတ်မြောက်သွားပြီလား။ ကွမ်းယန်ပြည်နယ်ရဲ့နံပါတ်၁နဲ့ နံပါတ်၂က လက်မှတ်ရေးထိုးပြီး လုပ်ပေးလိုက်တာလား။ ကောင်းတယ် … ဟားဟား... ငါ သိပြီ။"
ဖုန်းချပြီးနောက် ထန်ကောရှန့်က ရွှင်မြူးစွာဖြင့်
"ပိုင်မိသားစုရဲ့အကြီးအကဲ ပိုင်ယန် လွတ်လာပြီ။ တကယ်ကို မထင်မှတ်ဘူး။ ငါ တကယ်မမျှော်လင့်ခဲ့ဘူး။ မနေ့က ရှုအာလုပ်ခဲ့တာတွေက နံပါတ်တစ်နဲ့ ၂ ကို ထိတ်လန့်စေတယ်။ မိသားစုကြီးတွေအကြား ပဋိပက္ခတွေ ထပ်မဖြစ်အောင် သူတို့ လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် ပိုင်ယန်ကို လွှတ်ပေးလိုက်တာနေမယ်။”
“အစ်ကိုတစ် … ဝမ်းသာစရာ အံ့သြစရာကြောင့် ခေါင်းရှုပ်မခံပါနဲ့။” ထန်ကောရှို့က သူ့မျက်လုံးများကို မှေးစင်းကာ ဖြည်းညှင်းစွာပြောသည်။
“ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူးထင်တာပဲ။ ယုတ္တိဗေဒကျကျပြောရရင်… ကွမ်းယန်ပြည်နယ်က နံပါတ်တစ်နဲ့ နံပါတ်နှစ် တို့က ယောင်က မဟုတ်သလို ငါတို့လူတွေလည်း မဟုတ်ဘူး။ ငါတို့နဲ့ ယောင်တွေ သေတဲ့အထိ တိုက်ပွဲဝင်ဖို့ရော မျှော်လင့်နေတာများလား။”
ထန်ကောရှန့်သည် တုန်လှုပ်သွားသဖြင့် သူ၏မျက်နှာထက်မှ အပြုံးများသည် လျင်မြန်စွာ ပျောက်ကွယ်သွားရသည်။ သူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ
“သူတို့ရဲ့ဒေသမှာ ကြီးမားတဲ့ ရန်ပွဲတွေ ထပ်ပြီး မပေါ်ပေါက်စေချင်လို့ရော ဖြစ်နိုင်မလား။”
"မဖြစ်နိုင်ဘူးလို့ထင်တယ်။" ထန်ကောရှို့က ခေါင်းခါလိုက်ပြီး
"ချူမိသားစုက ကွမ်းယန်ပြည်နယ်မှာရှိတဲ့ အကြီးဆုံးမိသားစုဖြစ်ပြီး သူတို့နဲ့ ကွမ်းယန်မှာရှိတဲ့ နံပါတ်တစ်ပုဂ္ဂိုလ်က ဘက်မလိုက်မှုတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတယ်။ ဒီကိစ္စကို လွယ်လွယ်နဲ့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ တကယ်တော့ ငါ တွေးနေခဲ့တာ ... ဒီကိစ္စက ရှုအာနဲ့များ သက်ဆိုင်နေမလားလို့။"
" ညီလေးသုံး … မင်း ရှုအာကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား"
ထန်ကောရှန့်က ရယ်မောကာ ခေါင်းယမ်းရင်း
“သူက ထူးချွန်တာကို ငါ ဝန်ခံပါတယ်။ ဒါပေမယ့် သူ့မှာ အုပ်ချုပ်ရေးဗျူရိုကရေစီကို ဝင်ရောက်စွက်ဖက်ဖို့ နည်းလမ်းမရှိဘူးလေ ဟုတ်တယ်မလား။ မင်း…အာ။”
ထန်ကောရှို့သည် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ
“ငါ သူ့ကို ခေါ်ပြီး မေးလိုက်မယ်။”
ထန်ကောရှန့် အံ့အားသင့်စွာ ရယ်မောလိုက်ပြီး ချက်ချင်းပင်
"မင်းထင်တဲ့အတွက် ငါလည်း အဲဒါကို ကြားချင်ပါတယ်။ သူ့ကို ခေါ်လိုက်ပါ။”
မိနစ်ဝက်အကြာတွင် ထန်ကောရှို့သည် ထန်ရှု၏ဖုန်းနံပါတ်ကို ခေါ်ဆိုသည်။ ဖုန်းအချိတ်အဆက် ရသွားပြီးနောက် သူက ပြုံးလိုက်ပြီး
"ရှုအာ … တတိယအဘိုးလေးပါ။ အခု ဘယ်ရောက်နေလဲ။"
"ကျွန်တော် ဖူခန်းပြည်နယ်ကို ပြန်လာတဲ့လမ်းမှာပါ။" ထန်ရှုက ဖြေသည်။
"ရှုအာ … မင်း ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့သတင်းကို ရခဲ့တယ်။ ဒါဟာ အရမ်းကို ကောင်းပြီး အံ့သြစရာကောင်းလှတယ်။”
ထန်ကောရှို့က ပြုံးရင်း ပြောသည်။
"စိတ်ကြီးဝင်ပြီး မာနကြီးတဲ့ ယောင်မိသားစုကို မင်း ဖြုတ်ချလိုက်တယ်လို့ ပြောလို့ရတယ်။"
"တတိယအဘိုး … ကျွန်တော့်ကို ချီးမွမ်းဖို့အတွက်တော့ ဖုန်းခေါ်တာတော့ မဟုတ်ဘူးမလား၊ ပြောစရာရှိရင် ပြောပါဗျ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ ကလေး…” ထန်ကောရှို့က ရယ်ပြီး
“ဘာပဲဖြစ်ဖြစ် ငါ မင်းကို မေးစရာလေးတစ်ခုရှိတယ်။ ပိုင်မိသားစုရဲ့အကြီးအကဲကို ဒီနေ့မနက်ပဲ လွှတ်ပေးလိုက်တယ်။ မင်းရဲ့ အဘိုးကို သူ ကိုယ်တိုင် ဖုန်းဆက်လာတယ်။ ဒါပေမယ့် ငါ အရမ်း သိချင်နေမိတယ်။ အဲ့ဒါ မင်းနဲ့များ ဆိုင်မလားလို့။"
"ဟုတ်တယ်။ ဖူခန်းမှာရှိတဲ့ ဟောင်မိသားစုအကြီးအကဲနဲ့တွေ့တုန်းက သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်။ အဲ့ဒီသဘောတူညီမှုကိုတော့ တတိယအဘိုး မေးနေစရာ မလိုတော့ဘူး။ ထန်မိသားစုကို ထိခိုက်စေမယ့်အရာ မဟုတ်တာကို ကျွန်တော် အာမခံတယ်။ အဲ့ဒီဟာက... ကျွန်တော်ရဲ့ တခြားစီးပွားရေးသဘောတူညီချက်ပါ။ ဒီလောက်ပါပဲ။"
ထန်ကောရှို့က အံ့အားသင့်သွားပြီး
"ဟောင်မိသားစုရဲ့ အကြီးအကဲ ဟောင်ကျင်းဖူက ချူမိသားစုရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကို လွှမ်းမိုးနိုင်တာလား။"
"ကျွန်တော် စကားပြောခဲ့တာက ဟောင်တို့တွေတင်မကဘဲ ချူတို့လည်းပါပါတယ်။ ဒါပေမယ့် ချူတွေနဲ့ ကျွန်တော် တိုက်ရိုက်ဆက်ဆံရေး မရှိတာကြောင့် အကောင်းဆုံးရွေးချယ်မှုကတော့ ဟောင်တို့ရဲ့မိသားစုခေါင်းဆောင် ဟောင်ကျင်းဖူနဲ့ ပတ်သက်ဆက်နွယ်လိုက်တာပါ။”
“ရှေးခေတ်ကတည်းက သူရဲကောင်းတွေဟာ အမြဲလိုလို ငယ်ရွယ်သူတွေကြားထဲက ပေါ်လာတယ်ဆိုတဲ့စကားက ဘယ်လောက် မှန်လိုက်လေလဲ။ ငါ အထင်ကြီးမိပါတယ်။ ဒီအဘိုးအိုကို အထင်ကြီးစေတဲ့ လူများစွာ ကမ္ဘာပေါ်တွင် မရှိပေမယ့် မင်း လုပ်ပြခဲ့တယ်။ မင်းက လုပ်ရမယ့်အရာတွေကို လှလှပပလုပ်ခဲ့ပြီး တကယ်ကောင်းမွန်တဲ့ရလဒ် ရစေခဲ့တာပဲ။ ပေကျင်းကို ပြန်ရောက်တဲ့အခါ သောက်ကြရအောင်။" ထန်ကောရှို့က ပြောသည်။
"ကောင်းပါပြီ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
ဖုန်းချလိုက်တော့ ထန်ကောရှို့က ထန်ကောရှန့်၏ ထူးဆန်းသည့်အမူအရာကို ကြည့်ပြီး
"အစ်ကိုတစ်… မင်း ကြားလိုက်တယ် မဟုတ်လား။ စပီကာကို ငါဖွင့်ထားတာပဲ။ ပိုင်ယန် ထွက်လာနိုင်အောင် ထန်ရှုလုပ်တာ အမှန်ပဲ။ သူနဲ့ ချူမိသားစုကြားက သဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့ သူက မပြောချင်တဲ့အတွက် ငါ အများကြီး မမေးခဲ့ဘူး။”
"ညီလေးသုံး…မင်း တစ်ခုခုကို သဘောပေါက်သွားပြီလား။ ရှုအာက တကယ်ကို လျှို့ဝှက်လွန်းတယ်။" ထန်ကောရှန့် ရေရွတ်ရင်း သူ၏မျက်လုံးများ တောက်ပလာကာ
"သူ့ဆီမှာ ငါတို့ကို လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေသေးတယ်လို့ ရုတ်တရက် ငါ ခံစားလာရတယ်။"
"သူ့လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးလိုက်ပါ။" ထန်ကောရှို့က ပြုံးပြီး
“သူ့မှာ ငါတို့ကို မသိစေချင်တဲ့ လျှို့ဝှက်ချက်တွေ ဘယ်လောက်ပဲရှိရှိ သူက ငါတို့ ထန်မိသားစုရဲ့ အမျိုးအနွယ်ပဲလေ။ မိသားစုကို ထိခိုက်အောင် သူ ဘယ်တော့မှ မလုပ်ဘူး။ မင်း ထန်မိသားစုရဲ့ အကြီးအကဲရာထူးကို သူ့ဆီ တိုက်ရိုက်လွှဲပေးရင်တောင် သူ့မှာ အရည်အချင်းရှိပြီး လက်ခံဖို့ ဆန္ဒရှိနေသရွေ့ ငါတို့မိသားစုက ဘယ်သူမှ ဆန့်ကျင်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။”
"မင်း မှန်ပါတယ်။ သူ့မှာ အရည်အချင်းရှိရင် မိသားစုရဲ့ အခွင့်အာဏာကို အနာဂတ်မှာ သူ့ဆီ လွှဲပြောင်းပေးနိုင်ပါတယ်။” ထန်ကောရှန့်က ရယ်မောလိုက်ပြီး
“ဘာပဲဖြစ်ဖြစ် သူ့မိသားစုကို အန္တရာယ်ပြုတဲ့ တစ်ခုခုကို သူလုပ်လာရင် ဘယ်လိုလုပ်မလဲ။ ကောင်းပြီ… အဲဒါကိုမေ့လိုက်ကြရအောင်။ တစ်ခုခုဆိုလည်း စုံစမ်းဖို့ ဘယ်သူ့ကိုမှ မလွှတ်ပါနဲ့။ ဒီအကြောင်းကို တစ်နေ့တော့ သူပြောပြလိမ့်မယ်လို့ ငါ ယုံတယ်။"
"ကောင်းပါပြီ။"
ထန်မိသားစု အောင်ပွဲခံနေချိန်တွင် ထိုအချိန်တွင် တစ်ဖက် ယောင်မိသားစုသည် မရွှင်မလန်းသော စိတ်များဖြစ်နေသည်။ ယောင်ကျင်းချွမ်သည် ဖြူလျော်လျော်ဖြစ်နေဟန်ရှိပြီး သူ၏ စာဖတ်ခန်းထဲတွင် နာရီအနည်းငယ်ကြာ တိတ်ဆိတ်စွာ ထိုင်နေသည်။ နောက်ဆုံးတွင် နေ့မွန်းတည့်ချိန် မရောက်သေးခင် သူသည် အခန်းထဲကနေ ထွက်လာခဲ့သည်။
"ချန်ကျင်း … လျန်ထန်း ပြန်လာဖို့ အကြောင်းကြားပါ။ နောက်ပြီး ထန်မိသားစုထံ သွားလည်ဖို့ တစ်စုံတစ်ဦးကို စေလွှတ်ပါ။ ထန်ရဲ့ ခွေးအိုကြီးနေမကောင်းလို့ ငါတို့က ဆေးဝါးတချို့ လာပို့တာလို့ သူတို့တွေကို ပြောလိုက်။”
"အဖေ … ဒါက ရှုံးနိမ့်တာကို ဝန်ခံတာနဲ့တူတယ် မဟုတ်လား။"
ယောင်ချန်ကျင်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ကမန်းကတန်းပြောလိုက်သည်။
“စွန်းမိသားစုက တော်တော်များများ ဆုံးရှုံးသွားပေမယ့် ကွမ်းယန်မှာ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုက ကြီးကြီးမားမား မဟုတ်ပါဘူး။ နောက်ပြီး ဖူခန်းက ကျွန်တော်တို့ရဲ့တပ်တွေကို မသုံးရသေးပါဘူး။ ဒါကြောင့် အဲဒီကနေ တိုက်ခိုက်ရေး စလိုက်တာနဲ့ ကွမ်းယန်နဲ့ ဖူခန်းပြည်နယ်မှာ ရှိတဲ့ ထန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုက အတော်နည်းသွားလိမ့်မယ်။”
"ဒါပေမယ့် ထန်မိသားစုအတွက် ကွမ်းယန်ကို ဘယ်သူက တာဝန်ယူတယ်ဆိုတာ မင်း အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မစုံစမ်းရသေးဘူး။" ယောင်ကျင်းချွမ်က အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
"ရန်သူအခြေအနေအကြောင်း ဘာမှမသိဘဲ ဆက်ပြီးတိုက်ခိုက်ရင် အောင်ပွဲရနိုင်ခြေကို ဘယ်လိုတွက်ချက်နိုင်မှာလဲ။"
“ဒါ…” ယောင်ချန်ကျင်းက မည်သို့ ပြန်ဖြေရမှန်းမသိဖြစ်သွားသည်။
ရုတ်တရက် ယောင်ချန်ကျင်း၏မိုဘိုင်းလ်ဖုန်းက မြည်လာသည်။ သူဖုန်းခေါ်မှုကို ချိတ်ဆက်ပြီး တစ်ဖက်လူ၏စကားကို နားထောင်ပြီး တိတ်ဆိတ်သွားသည်။
“အခု တကယ်ပဲ။ ဘာဖြစ်ပြန်ပြီလဲ။"
သားဖြစ်သူ၏ တိတ်တိတ်ဆိတ်ဆိတ်အမူအရာကို မြင်လိုက်ရသဖြင့် စိတ်တွင်းမှ နိမိတ်တစ်ခုကို ရသည့်အလား ယောင်ကျင်းချွမ် စူးစူးဝါးဝါး မေးလိုက်သည်။
"ပိုင်ယန် လွတ်မြောက်သွားပြီ။" ယောင်ချင်းကျွမ်က ခါးသီးစွာ ပြောသည်။
“ကွမ်းယန်ရဲ့နံပါတ်တစ်နဲ့ နံပါတ်နှစ်က လက်မှတ်ရေးထိုးပြီးတစ်ပြိုင်နက် အမိန့်ပေးလိုက်တာတဲ့။ နောက်ပြီး ပေကျင်းက သူ့အတွက် စကားပြောဆိုပေးနေတဲ့ လူတချို့လည်း ရှိခဲ့တယ်။”
ယောင်ကျင်းချွမ်၏ အမူအရာ ပြောင်းသွားသည်။ သူသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားကာ ပြုံးခြင်းမမည်သော အပြုံးဖြင့် ရုတ်တရက် ပြုံးလိုက်သည်။
“ဘယ်လောက်ကောင်းလိုက်တဲ့ ထန်မိသားစုလဲ။ သူတို့ကိုယ်သူတို့ နက်နက်နဲနဲ ဖုံးကွယ်ထားမယ်လို့ မထင်ထားမိဘူး။ ထန်ရဲ့အဖိုးကြီး မသေသေးသရွေ့ သူတို့ကို ဖိနှိပ်ဖို့ဆိုတာ အတော်ခက်လိမ့်မယ်။ မေ့လိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါတို့က ရေအတိမ်အနက်ကို စမ်းသပ်ပြီးပြီ။ ငါ အရင်က မင်းကို ပြောတဲ့အတိုင်း လုပ်ပါ။"
"ကောင်းပါပြီ။" ယောင်ချန်ကျင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
သူထွက်ခွာခါနီးတွင် ယောင်ကျင်းချွမ်က တင်းမာသောလေသံဖြင့်
"အဲဒီမှာ တိုက်ပွဲပြီးသွားရင်တောင်မှ ကွမ်းယန်ပြည်နယ်က ထန်ရဲ့တာဝန်ခံက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း စုံစမ်းဖို့ မမေ့နဲ့။"
"ဟုတ်ကဲ့။ အဖေ့ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်မှာပါ။"
***