← Chapters

ကမ္ဘာငယ်လေး

Vol. 08 Ch. 372

ကမ္ဘာငယ်လေး

Vol. 08 Ch. 372

ကွမ်းယန်နှင့် ဖူခန်းကို ဆက်သွယ်ထားသည့် ပြည်နယ်အဝေးပြေးလမ်းမကြီးတွင် ကားနှစ်စီး အမြန် မောင်းနှင်လာခဲ့သည်။ ထန်ရှုသည် ဒုတိယကားပေါ်တွင် ထိုင်ရင်း ယန်မိသားစုအကြောင်း အချက်အလက်များအား တိတ်တဆိတ် ဖတ်နေသည်။

ဤတစ်ကြိမ်တွင် သူသည် ဖူခန်းသို့ လူအမြောက်အမြားကို မခေါ်ခဲ့ဘဲ ထာဝရခန်းမမှ ကျွမ်းကျင်သူ ခြောက်ဦးကိုသာ ခေါ်ဆောင်လာခဲ့သည်။ သူကြံစည်ခဲ့သော စစ်ဆင်ရေးအစီအစဉ်သည် လုပ်ကြံသတ်ဖြတ်မှုများကို ဦးစားပေး လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် လုပ်ဆောင်မည့်လူများ၏ အရည်အသွေးသည် အရေအတွက်ထက် ပိုမိုအရေးကြီးပေသည်။ ထာဝရခန်းမမှ ကျွမ်းကျင်သူ ခြောက်ဦးမှာ တစ်ဦးချင်းစီအနေဖြင့် လွတ်လပ်စွာ လုပ်ဆောင်နိုင်သူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ထန်ရှုက ၎င်းတို့ ခုနစ်ဦးသည် ဖူခန်းပြည်နယ်တွင် သွေးထွက်သံယိုသတ်ဖြတ်ခြင်း ပွဲတော်ကို ကျင်းပနိုင်မည်ဟု ယုံကြည်ခဲ့သည်။

"သူဌေး… ဖူခန်းက ဆရာချန်က တွေ့ချင်တယ်လို့ ပြောတယ်။"

ရှေ့ထိုင်ခုံမှ အမျိုးသားတစ်ဦးသည် ဖုန်းချပြီးနောက် ခေါင်းကို လှည့်ကာ စကားပြောလိုက်သည်။

"ဟမ်" ထန်ရှု အံ့သြသွားသဖြင့် မျက်ခုံးပင့်လိုက်ပြီး "အဲ့ဒီဆရာချန်က ဘယ်သူလဲ။"

"ချန်ရှောင်ဟွာပါ။" ထိုလူက အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

ထန်ရှုက အနည်းငယ် တွေဝေသွားပြီး

“သူ အခု ဘယ်မှာတဲ့လဲ။”

"သူက မြစိမ်းဟိုတယ်မှာ ရှိနေတယ်။" ထိုလူက ပြန်ပြောသည်။

"ငါတို့ ဘယ်မှာနေမယ်လို့ မဆုံးဖြတ်ရသေးဘူးဆိုတော့ မြစိမ်းဟိုတယ်ကိုပဲ တန်းမောင်းပါ။"

ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပါပြီ။” ထိုလူက ခေါင်းညိတ်သည်။

နာရီဝက်အကြာတွင် ကားနှစ်စီးသည် ဖူခန်းပြည်နယ် ကျိုးမြို့ရှိ မြစိမ်းဟိုတယ်၏ မြေအောက် ကားပါကင်သို့ ရောက်ရှိလာသည်။ ကားများရပ်နားပြီးနောက် ထန်ရှုတို့ခုနစ်ယောက်အုပ်စုသည် ဓာတ်လှေကားဖြင့် ၁၈ထပ်သို့ တက်ခဲ့ကြသည်။ ထို့နောက် ထန်ရှုသည် မျက်မှန်တပ်ထားသည့် နူးညံ့သိမ်မွေ့သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အပြင်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"မင်္ဂလာပါ သူဋ္ဌေး။" ထန်ရှုကိုမြင်သောအခါ ချန်ရှောင်ဟွာ၏ မျက်လုံးများသည် ချက်ချင်းပင် အရောင်လက်သွားကာ အရိုအသေပေးလိုက်သည်။

"မင်းက ချန်ရှောင်ဟွာလား။" ထန်ရှုက သူ့ကို ကြည့်ကာ ခေါင်းညိတ်တုံ့ပြန်သည်။

"ဟုတ်ပါတယ်။" ချန်ရှောင်ဟွာက ပြုံးကာ ပြောလိုက်သည်။

သူ၏လက်ကို ဝှေ့ယမ်းလိုက်လျက် ထန်ရှုက ကော်ရစ်ဒါဆီသို့ လျှောက်လာပြီး

"မင်းက ဘာလို့ ဖူခန်းရောက်နေတာလဲ။ ကျိုးမြို့မှာရှိတဲ့ ငါတို့ထာဝရခန်းမရဲ့ ရှေးဟောင်းလုပ်ငန်းကြောင့်လား။"

ထန်ရှုနှင့်အတူ လမ်းလျှောက်ရင်း ချန်ရှောင်ဟွာက

"ငါတို့ထာဝရခန်းမက ကျိုးမြို့မှာ တကယ်လည်း ရှေးဟောင်းပစ္စည်းဆိုင် အနည်းငယ်ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်လာရတဲ့ အကြောင်းအရင်းက ငါ သူဋ္ဌေးနဲ့တိုင်ပင်ဖို့ လိုတာကြောင့်ပါ။"

"အဲ့ဒါက…" ထန်ရှု အံ့သြသွားသည်။

"သူဋ္ဌေး … အခန်းထဲကို အရင်သွားရအောင်။ သူဋ္ဌေး ရောက်လာတာကို စောင့်နေရင်း လက်ဖက်ရည်ကို ပြင်ထားပြီးပါပြီ။" ချန်ရှေုာင်ဟွာက ပြောသည်။

ထန်ရှု၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ချက် ဖြတ်သန်းသွားကာ ခေါင်းညိတ်လိုက်သည်။ မကြာမီ ထန်ရှုသည် ချန်ရှောင်ဟွာ၏ ဦးဆောင်မှုအောက်တွင် အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ပြီး သူ ခေါ်လာခဲ့သည့် လူခြောက်ဦးသည် စင်္ကြံတွင်နေခဲ့သည်။

"လက်ဖက်ရည်က အပေါ်ယံတစ်ခု ဟုတ်တယ်မဟုတ်လား။ မင်းရဲ့အသီးအပွင့်တွေ ကြည့်ရအောင်။”

"အရင်ဆုံး သူဋ္ဌေးကို ကျင့်ကြံမှုအခြေအနေအကြောင်း ပြောပြမယ်။"

ချန်ရှောင်ဟွာသည် ထန်ရှု၏အရှေ့တွင်ရပ်လိုက်ရင်း အပြုံးဖြင့် ပြောသည်။

"ငါ့ခန္ဓာကိုယ်ထဲက အစစ်အမှန်ချီက အစစ်အမှန် အဆီအနှစ်သို့ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပြီ။ ခွန်အားကလည်း အဆင့်တစ်ခုသို့တိုးမြင့်လာတယ်။ အဲ့ဒါကြောင့် ငါ့ကို ယုံယုံကြည်ကြည်နဲ့ ပြုစုပျိုးထောင်ပေးတဲ့တွက် ကျေးဇူးတင်ပါတယ် သူဋ္ဌေး။ အနာဂတ်မှာ မင်းရဲ့အမိန့်ကို ဦးထိပ်မှာ ပန်ဆင်သွားမှာပါ။"

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းကာ ထိုင်ခိုင်းလိုက်သည်။

ချန်ရှောင်ဟွာသည် ထန်ရှု၏အရှေ့တွင် ထိုင်ပြီးနောက် သူက ဆက်ပြောသည်။

" သူဌေးနဲ့ တိုင်ပင်ချင်တာက ငါတို့ရဲ့ အပြင်ဘက်မှာ တခြားကမ္ဘာတွေ ရှိနေတာကို မင်းပြောခဲ့တာ။ အဲ့ဒါအမှန်လား သူဋ္ဌေး။"

“ဟုတ်တယ်။” ထန်ရှုက မျက်လုံးများ မှေးစင်းထားကာ ခေါင်းညိတ်ပြသည်။

ချန်ရှောင်ဟွာက တုန်လှုပ်သွားဟန်ဖြင့်

"သူဌေး … ကျေးဇူးပြုပြီး ဒါလေးကို စစ်ဆေးကြည့်ပါ။"

ထိုသို့ပြောပြီးနောက် သူ၏အိတ်ကပ်ထဲမှ ကျောက်တုံးတစ်တုံးကိုယူကာ ထန်ရှုအား အရိုအသေပေးရင်း ပေးအပ်လိုက်သည်။

"သက်တန့်ဖီးနစ်ကျောက်လား။"

ကျောက်တုံးကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် ထန်ရှု၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ကျောက်တုံးပေါ်တွင် အရောင်အသွေးစုံသော ရောင်ခြည်စီးကြောင်းကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားနေပုံရသည်။ ထိုအရောင်များမှာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းရောင်တို့ ဖြစ်သည်။ သူသည် ထိုကျောက်အား လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် လွှမ်းခြုံလိုက်သည်။ စစ်ဆေးပြီးနောက်တွင် ထိုအရောင်စုံကျောက်တုံးသည် သာမန်အရည်အသွေးသာ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်း၏အရည်အသွေးသည် သာမန်မျှသာ ဖြစ်သော်လည်း အင်မော်တယ်ကမ္ဘာရှိ မရေမတွက်နိုင်သော စွမ်းအားရှင်များသည် ၎င်းအတွက် တိုက်ပွဲဝင်ပေလိမ့်မည်။ မြင့်မြတ်သော စွမ်းအားရှင်များပင်လျှင် ထိုကျောက်တုံးအား မက်မောကြပေလိမ့်မည်။

သက်တန့်ဖီးနစ်ကျောက် — ၎င်းသည် အင်မော်တယ်ပစ္စည်းများကို ဖန်တီးရန်အတွက် အကောင်းဆုံး ပစ္စည်းဖြစ်ပြီး လက်သီးဆုပ်အရွယ်အစား ရှိသောကျောက်သည် ထိပ်တန်းအဆင့် အင်မော်တယ် ပစ္စည်းတစ်ခုအဖြစ် သန့်စင်နိုင်သည်။

အတိတ်ကာလတွင် ထန်ရှုသည် ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းများစွာကို ပိုင်ဆိုင်ခဲ့သည်။ နှစ်ခုကို သန့်စင်ပြီး သက်တန့်ဖီးနစ်ကျောက်တုံးနှင့် ရောစပ်ထားသည်။ အသုံးပြုသည့်အခါ လက်နက်၏စွမ်းအားသည် အခြားအဆင့်မြင့် အင်မော်တယ်ပစ္စည်းများထက် ပို၍ များစွာ အားကောင်းသည်။

"ရှောင်ဟွာ၊ ဒီကျောက်တုံးကို မင်းဘယ်ကရခဲ့တာလဲ"

ထန်ရှု၏မျက်လုံးများသည် ချန်ရှောင်ဟွာအား စိုက်ကြည့်ရင်း အလေးအနက်ထားကာ မေးလိုက်သည်။

"အနောက်ဘက်က။" ချန်ရှောင်ဟွာ၏အမူအရာအနည်းငယ်ပြောင်းသွားရင်း

“လုံချွမ်တောင်က။”

"မင်း ဘယ်လိုရခဲ့လဲ ငါ့ကိုပြောပါ။" ထန်ရှုက မေးသည်။

"သူဌေး … ငါက ထာဝရခန်းမက ရှေးဟောင်းလုပ်ငန်း စီးပွားရေးရဲ့ မန်နေဂျာဆိုတာ သူဋ္ဌေးလည်း သိတယ်။ အထူးအကြောင်းအရင်းတစ်ချို့ကြောင့် အနောက်ဘက်ဒေသမှာ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေ အများကြီးရှိတယ်ဆိုတာကို ငါ ကြားခဲ့လို့ လူတချို့ကို ခေါ်ပြီး အဲဒီကို သွားခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်လလောက်က လုံချွမ်တောင်ကို ရောက်တဲ့အခါ လှပတဲ့ပတ်ဝန်းကျင်ရှိတဲ့ အဲဒီနေရာကို တွေ့တယ်။ အဲဒီမှာ ရွာသူရွာသား တစ်ရာကျော် နေထိုင်ပြီးတော့ သူတို့ဆီမှာ ရှေးခေတ်က ကျန်ခဲ့တဲ့ ပစ္စည်းဟောင်းအချို့ ရှိတယ်။

“အဲဒီ့ပစ္စည်းတွေကို ဝယ်ဖို့ ပိုက်ဆံအချို့ သုံးခဲ့တယ်။ ဒါပေမယ့် လုံချွမ်တောင်က လမ်းပန်းဆက်သွယ်ရေးက ခက်ခဲကြမ်းတမ်းတာမို့ အဲ့ဒီနေရာမှာ တစ်ည အိပ်ဖို့ ဖြစ်လာတော့တာပဲ။ အဲ့ဒါကြာင့် ငါတို့တွေ အချိန်ဖြုန်းဖို့အတွက် တစ်စုံတစ်ခုများ တွေ့လေမလားဆိုပြီး တောင်ပေါ်သို့သွားခဲ့ပေမယ့် ရလဒ်က ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့တော့တယ်။”

“သူ့ရဲ့ပတ်ဝန်းကျင်က လှပတယ်လို့ထင်ရပေမယ့် လုံချွမ်တောင်က အန္တရာယ်တွေအပြည့်ပဲ။ အဲ့ဒီညမှာ ငါတို့တွေ ကြောက်မက်ဖွယ်ကောင်းတဲ့ တိရစ္ဆာန်တွေနဲ့ ကြုံခဲ့ရလို့ အကြိမ်ပေါင်းများစွာ သေမင်းနှုတ်ခမ်းဝကို နင်းနေခဲ့ရတာနဲ့ အခြားနေရာတွေထက် တအား သန့်ရှင်းလတ်ဆတ်ပြီး လေကောင်းလေသန့်ရတဲ့ တောအုပ်တစ်ခုထဲကို မတော်တဆ ရောက်သွားတော့တာပဲ။ အသက်တစ်ကြိမ်ရှူလိုက်ရုံနဲ့ လေထုက ခန္ဓာကိုယ်ကို အတော် သက်တောင့်သက်သာ ဖြစ်စေတယ်။

“ဒါပေမယ့် အဲ့ဒီနေရာမှာ ရှိနေတဲ့ အလွန် ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင်က ငါတို့ကို တောနက်ထဲ ရောက်သည်ထက်ရောက်အောင် ဖိအားပေးခဲ့လို့ ဝင်ပေါက်ပွင့်နေတဲ့ သင်္ချိုင်းတစ်ခုထဲ  ပြေးဝင်လိုက်ရတယ်။ အထဲမှာတော့ တခြားကမ္ဘာကိုရောက်သွားသလိုပဲ သူဋ္ဌေး။

“အထဲမှာ ပန်းတွေ၊ မြက်ပင်တွေ၊ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူတွေရှိတယ်။ အရေးအကြီးဆုံးကတော့ အဲ့ဒီကအသီးအရွက်တွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ၈၀%လောက်ကို တစ်ခါမှမမြင်ဖူးသလို အထဲမှာ ကြမ်းကြုပ်တဲ့ သားရဲတွေအများကြီး ရှိတယ်။ …ကိုတောင်”

ထိုနေရာ၌ စကားရပ်တန့်သွားပြီးနောက် ချန်ရှောင်ဟွာ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအချို့ ပေါ်လာခဲ့သည်။

"ဘာကို…တောင်လဲ။" ထန်ရှုက လေးနက်သောလေသံဖြင့် မေးလိုက်သည်။

"နဂါးရုပ်တုတစ်ရုပ်တောင်တွေ့ခဲ့တယ်... တစ်ကိုယ်လုံးက အနက်ရောင်တောက်ပနေတယ်။"

ချန်ရှောင်ဟွာက လေသံတိုးတိုးနှင့် ဆက်ပြောသည်။

"အဲ့ဒါက အနက်ရောင် မီးတောက်တွေကို လွှတ်ထုတ်နိုင်တဲ့ လက်သည်း၅ချောင်းနဲ့ ငါးမီတာအရှည်ရှိတဲ့ အနက်ရောင် နဂါးကြီးပါ။ အရမ်းကို ကြောက်ဖို့ကောင်းပြီး တုန်လှုပ်ခြောက်ခြားခဲ့ရတယ်။ အဲ့ဒီနဂါးဆီက အနက်ရောင်မီးတောက်တွေ ထွက်လာတာကြောင့် အလေးချိန် ၅ တန်လောက်ရှိတဲ့ ကျောက်တုံးကြီး အရည်ပျော်သွားတာကို မျက်မြင်တွေ့ခဲ့ရတယ်။”

"ဆက်ပြောပါ။"

ထန်ရှုက စကားထောက်ပေးလိုက်သည်။

“ဒါက သေခြင်းအဆုံးသတ်ဆိုတော့ ငါတို့ ထဲထဲဝင်ဝင် သိပ်ပြီး မကြည့်ခဲ့ဘူး။ အဲ့ဒါကြောင့် ဝင်လာခဲ့တဲ့ လမ်းဟောင်းအတိုင်း အမြန်ပြန်ထွက်ပြီး အသက်ရှင်လွတ်မြောက်ဖို့ အားထုတ်ကြိုးစားခဲ့ရတယ်။”

ချန်ရှောင်ဟွာက စကားဆက်သည်။

"အဲဒီနောက် ကျင်းမန်ကျွန်းကို ပြန်သွားပြီး ဒီကိစ္စကို သူဋ္ဌေးလေးထံ တင်ပြတယ်။ သူဋ္ဌေးလေးက လျှို့ဝှက်ထားဖို့ အမိန့်ပေးခဲ့တယ်။”

ဂူရှောင်ရွှဲ့ဆီမှ သည်ကိစ္စအား တစ်ခါမှ မကြားဖူးသောကြောင့် ထန်ရှု မျက်မှောင်ကြုတ်လိုက်သည်။

“ အကြီးအကဲကျိဆီက ကျင့်ကြံနည်းစနစ်ကို သင်ယူပြီးချိန်မှာ အဲဒီနေရာနဲ့ ပတ်သက်ပြီး တစ်ခုခုကို သိလိုက်ရတယ်။ အဲ့ဒီနေရာက ကြွယ်ဝတဲ့ ကောင်းကင်နှင့်မြေကြီးစိတ်ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေတာမို့လို့ အဲ့ဒီနေရာမှာ ထူးခြားလတ်ဆတ်တဲ့လေကို တွေ့ရှိခဲ့တာကိုပေါ့။ အစစ်အမှန်ချီကနေ အစစ်အမှန်အဆီအနှစ်အဖြစ်ကို ပြောင်းပြီးတဲ့နောက်မှာ သူဋ္ဌေးလေးကို ဒီကိစ္စကို ထပ်ပြောလိုက်တယ်။ နောက်ဆုံးတော့ သူဋ္ဌေးလေးက ငါသိသမျှ သူဋ္ဌေးကို ပြောပြဖို့ ဒီကို လာခွင့်ပြုလိုက်တယ်။ ဒါပေမယ့်…”

"ဒါပေမယ့် … ဘာလဲ။" ထန်ရှုက မေးသည်။

"ဒါပေမယ့် သူဋ္ဌေးလေးက ငါ့ကို စကားအချို့ ပြောစေချင်တယ်။ အဲ့ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာမို့ သူဋ္ဌေး သတိထားမယ်လို့ သူ မျှော်လင့်တယ်လို့ ပြောခဲ့တယ်။ လောလောဆယ်တော့ အဲဒီ့နေရာကို မသွားဘဲနေတာ အကောင်းဆုံးပဲ။"

နောက်ဆုံးတွင် ဂူရှောင်ရွှဲ့သည် သည်ကိစ္စအား မည်သည့်အကြောင်းကြောင့် သူ့အား မပြောခဲ့သည်ကို ထန်ရှု နားလည်ခဲ့ပြီဖြစ်သည်။ သူမသည် သူ၏ခွန်အားကို သိထားသူတစ်ယောက် ဖြစ်ပြီး ထိုအကြောင်းကိုကြားပြီးနောက် ထိုကမ္ဘာငယ်လေးဆီသို့ ထန်ရှု အပြေးအလွှားသွားကာ ရင်ဆိုင်ရမည့်အန္တရာယ်များကို ဂရုမစိုက်မိမည်ကို သူမ စိုးထိတ်နေခဲ့သည်။

" ရှောင်ဟွာ … မင်းနဲ့ ရှောင်ရွှဲ့ကလွဲပြီး  ဒီကိစ္စကို မင်း ဘယ်သူ့ကိုမှ မပြောရဘူး။ အသက်ရှင်ရတာ မပင်ပန်းဘူးဆိုတော့ ငါတို့ အခုတော့ အဲ့ဒီနေရာကို ဝင်သွားလို့မရသေးဘူး။ ဘာပဲဖြစ်ဖြစ် ငါ သန်မာလာခဲ့ပြီးရင် တစ်ချိန်မှာ မင်းကို ငါခေါ်သွားမယ်။"

"နားလည်ပြီ သူဋ္ဌေး … အဲဒါကို စိတ်မပူပါနဲ့။" ချန်ရှောင်ဟွာ ခေါင်းညိတ်လိုက်သည်။

"ဒီသက်တန့်ဖီးနစ်ကျောက်တုံးကို ငါ့ကိုပေးပါ။” ထန်ရှုက ပြောသည်။

“မင်း ကြိုက်တဲ့ လက်နက်အမျိုးအစားကို ပြောပြပါ။ ထိပ်တန်းလက်နက်တစ်ခုကို သန့်စင်ဖို့ ငါ ကူညီမယ်။"

ချန်ရှောင်ဟွာ၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း ပြန်ဖြေသည် ။

"ဓားမြှောင်တစ်ချောင်းက အကောင်းဆုံးပဲ။"

"မင်းတို့အားလုံး ဓားမြှောင်တွေကို ကြိုက်ကြတာကို ငါသဘောပေါက်တယ်။"

ထန်ရှုက ပြုံးပြီး

"ဒီသက်တန့်ဖီးနစ်ကျောက်တုံးအပိုင်းကို ငါ သုံးတဲ့အထိ စောင့်လိုက်ပါ။ အဆင်ပြေတဲ့အချိန် မင်းကို ဓားမြှောင်တစ်လက် သန့်စင်ပေးမယ်။ စကားမစပ် အဲ့ဒီကမ္ဘာငယ်လေးကနေ သက်တန့်ဖီးနစ်ကျောက်တုံးအပြင် တခြား မင်း ယူလာခဲ့တဲ့အရာ ရှိသေးလား။”

“အဲဒီတုန်းက ဒီကျောက်တုံးဟာ သာမန်မဟုတ်ဘဲ အဖိုးတန်သတ္တုရိုင်းတစ်ခုဖြစ်ဟန်ရှိတယ်လို့ပဲ ငါ ထင်လိုက်တယ်။”

ချန်ရှောင်ဟွာက မချိပြုံး ပြုံးလိုက်ပြီး

"အဲ့ဒါကြောင့် ဒီပစ္စည်းတစ်ခုပဲ သယ်လာခဲ့မိတယ်။"

" အဲဒီ့ကနေ အသက်ရှင်လျက် ထွက်လာနိုင်တာကိုပဲ မင်းရဲ့ ကံတရားက တကယ်ကောင်းလှပြီလို့ ငါဆိုရမယ်။" ထန်ရှုက ခေါင်းညိတ်ပြီး

“ကောင်းပြီ။ ဒီအကြောင်းပြောနေတာ ရပ်လိုက်ကြရအောင်။ ပြန်သွားပြီး ရှောင်ရွှဲ့ကို စိတ်ချပါလို့ ပြောပေး။ ငါ အဲဒီနေရာကို ဒီအတောအတွင်း မသွားသေးပါဘူး။”

"ကျွန်တော် မှတ်ထားပါ့မယ်။" ချန်ရှောင်ဟွာ ခေါင်းညိတ်လိုက်သည်။

"ဒါနဲ့ ဒီနေ့လည် အားလား။ နေ့လည်စာအတူတူစားရအောင်။" ထန်ရှုက မေးသည်။

"ဟုတ်ကဲ့သူဋ္ဌေး…။" ချန်ရှောင်ဟွာ အံ့အားသင့်ကျေနပ်သွားရပြီး ပို၍ လေးစားလာခဲ့သည်။

နေ့လယ်စာစားပြီးနောက် ချန်ရှောင်ဟွာသည် မြစိမ်းဟိုတယ်မှ ထွက်ခွာသွားသည်။ သူ ကြိုတင်ပြင်ဆင်ထားသည့် အခန်းကျယ်ကြီးသည် ထန်ရှု၏နေရာထိုင်ခင်းဖြစ်လာသည်။ သို့သော်လည်း သူ့အဘိုး ဖုန်းခေါ်လာသောအချိန်တွင်မူ နေရာတကျ မဖြစ်သေးချေ။

"ဘာတွေပြောနေတာလဲ အဘိုး။ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်တော့မှာလား။"

ထန်ရှု မျက်မှောင်ကြုပ်သွားသည်။ သူ အတော် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူသည် နောက်ထပ်စစ်ဆင်ရေးအစီအစဉ်ကို ရေးဆွဲထားပြီးဖြစ်သော်လည်း ယောင်တို့သည် ရှုံးနိမ့်ကြောင်း ဝန်ခံပြီး ကွမ်းယန်နှင့် ဖူခန်းရှိ ကစားပွဲများကို အဆုံးသတ်လိုကြောင်း သူ၏အဘိုးက မမျှော်လင့်ဘဲ အသိပေးခဲ့သည်။

"ဒါဟာ ယာယီနောက်ပြန်ဆုတ်ခြင်းတစ်ခုပဲ။ အခုအချိန်မှာတော့ ငါတို့မိသားစုအတွက် အလိုအပ်ဆုံးက အချိန်ပါပဲ။”

ထန်ကောရှန့်က လေးနက်စွာ ပြောသည်။

“ငါ့ရဲ့အစီအစဉ်အရ ငါတို့ထန်မိသားစုက ဒီသုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ အရည်အချင်းရှိတဲ့သူတွေကို လေ့ကျင့်ပေးဖို့ ဆယ်စုနှစ်တစ်ခုစာ ချမ်းသာကြွယ်ဝမှုတွေကို မြှုပ်နှံထားတယ်။ ထန်မိသားစုကို အထွတ်အထိပ်ကို ပြန်ရောက်စေချင်ပြီး အဲ့ဒါကို လာမယ့်၁၀ နှစ်အတွင်းမှာတောင် ကျော်လွန်သွားချင်တာလေ။”

ထန်ရှုက ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးမှ ကူကယ်ရာမဲ့စွာ ပြောသည်။

“ကောင်းပါပြီ။ အဘိုးက ဆုံးဖြတ်ပြီးပြီဆိုကတည်းက ကျွန်တော် လိုက်နာပါ့မယ်။ ဒါပေမယ့် စိတ်မကောင်းစရာပဲ။ ယောင်၊ စွန်းနဲ့ ယန်မိသားစုတွေဆီကနေ ကံကောင်းမှုကြီးတစ်ခု ရမယ်လို့ ကျွန်တော် တွေးထားခဲ့တာ။ နောက်ပြီး ရလဒ်ကလည်း အတော် ကောင်းမွန်မယ့်ပုံပဲ။”

"ဘာကံကောင်းမှုကြီးလဲ။" ထန်ကောရှန့်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

***

All Chapters