ဝိုင်မြည်းစမ်းပွဲညီလာခံ
Vol. 08 Ch. 374
ခမ်းနားထည်ဝါသော ဧည့်ခန်းသည် အလွန်တန်ဖိုးကြီးလှသောအပြင်အဆင်ပုံစံဖြင့် ရှိသည်။ ပါကေးခင်းထားသော သစ်သားကြမ်းပြင်အား အဝါနုရောင် ကော်ဇောဖြင့် ဖုံးအုပ်ထားပြီး အိမ်သုံးပစ္စည်းမျိုးစုံသည် အဆင့်မြင့် နိုင်ငံခြားအမှတ်တံဆိပ်များ ဖြစ်သည်။ ဧည့်ခန်းရှိ ဆိုဖာပင်လျှင် တန်ဖိုးကြီးလှသော သားရေဖြင့် ပြုလုပ်ထားသည်။ အကြီးကျယ်ဆုံးအရာမှာ အိမ်တွင် ရုပ်ရှင်ကြည့်ရန် တပ်ဆင်ထားသည့် လက်မ၆၀ တီဗွီပြားကြီးသာ ဖြစ်တော့သည်။
… အရမ်းကြီးကို ခမ်းနားကြီးကျယ်လွန်းနေတာပဲ…
ဟန်ကျင်းဝူသည် သူမ၏ ဖိနပ်ကို ချွတ်လိုက်ပြီး အခြားနေရာများသို့ လှမ်းကြည့်လိုက်သည်။ သူမသည် အံ့သြတုန်လှုပ်ချောက်ချားသည့်အမူအရာဖြင့် မအော်မိဘဲ မနေနိုင်တော့ပေ။
ဤတိုက်ခန်းသည် အနည်းဆုံး စတုရန်းမီတာ ၂၅၀ ကျယ်ဝန်းသည်ဟု သူမ ခန့်မှန်းခဲ့သည်။ အခန်းငါးခန်းနှင့် ဧည့်ခန်းသုံးခန်း၊ မီးဖိုချောင်နှင့် ရေချိုးခန်းနှစ်ခန်း ပါရှိသည်။ လသာဆောင်ပင်လျှင် တစ်ဆယ်စတုရန်းမီတာကျော် ကျယ်သည်။ ဟန်ကျင်းဝူသည် ရှန်ဟိုင်း၏အိမ်ဈေးများအား သိထားသည်။ မြေတစ်လက်မလျှင် ရွှေတုံးတစ်တုံး တန်သည့် သည်မြို့ကြီးတွင် သည်တိုက်ခန်းသည် ၁၀မီလီယံကျော်မည်ဆိုတာသည် ကျိန်းသေသလောက် ရှိသည်။
ဘေးပတ်လည်အား ကြည့်ပြီးနောက် ဟန်ကျင်းဝူသည် အနေရခက်စွာ ပြုံးလိုက်ပြီး ထန်ရှု၏ဖုန်းနံပါတ်ကို ခေါ်ရန် သူမ၏လက်ကိုင်ဖုန်းကိုထုတ်လိုက်သည်။ ခဏအကြာတွင် သူမ၏ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။
"ထန်ရှု … နင် ငါ့ကို နောက်နေတာလား။ နင့်သူငယ်ချင်းရဲ့အိမ်က အရမ်း..."
"ဆရာမ သဘောမကျဘူးလား။" ထန်ရှု၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ကျေနပ်ပါတယ် … ဒါပေမယ့် အရမ်းများလွန်းတယ်။" ဟန်ကျင်းဝူက မချိပြုံး ပြုံးလိုက်ပြီး
"ဒီအိမ်က ခမ်းနားလွန်းတယ်။ စတုရန်းမီတာ၂၅၀တောင် ရှိတယ်။ အပြင်အဆင်ကလည်း ... အရမ်း ကောင်းလွန်းနေတယ်။ ပြောပါဦး … နင့်သူငယ်ချင်းက ဒီလိုနေရာမျိုးကို တစ်လကို ယွမ်ထောင်ဂဏန်းနဲ့ ငှားဖို့ တကယ်သဘောတူမှာလားလို့။”
"ဆရာမ ကျေနပ်မှုရင် ပြီးတာပါပဲ။ ကျွန်တော် ပြောသလိုပဲ။ သူက အိမ်ကို အလွတ်ကြီး မထားချင်ဘူးလေ။ ဆရာမ အိမ်ငှားခ ဘယ်လောက်ပေးမလဲဆိုတာ သူ ဂရုမစိုက်ဘူး။ ဆရာမ အဲဒီ့မှာ မနေချင်ဘူးဆိုရင် ထားလိုက်တော့။" ထန်ရှု ပြောသည်။
"ငါနေမယ်။ ငါ အဲ့ဒါ မယူဘူးလို့ ဘယ်သူပြောလဲ။ ငါ့ကို အခွင့်အရေးပေးတာကို ငါ ဘာလို့ မယူချင်ဖြစ်ရမှာလဲ။ ဒါဆို ဖြစ်သွားပြီးနော်။ နင် ပြန်လာတာကို ငါစောင့်နေမယ်၊ ပြီးရင် နင့်ကို ခြောက်လစာ ငှားခပေးမယ်။" ဟန်ကျင်းဝူ အလျင်အမြန် ပြောလိုက်သည်။
"ကောင်းပါပြီ။" ထန်ရှုက ပြန်ပြောပြီး ဖုန်းချလိုက်သည်။
ဖုန်းအား လက်မှ ကိုင်ထားရင်း ဟန်ကျင်းဝူသည် ဖုန်းမှ တတီတီမြည်နေသည့်အသံများကို ကြားလိုက်ရသောကြောင့် မျက်လုံးများ ဝိုင်းစက်သွားရသည်။ သို့သော်လည်း ခမ်းနားလှပသော တိုက်ခန်းကြီးကို လှမ်းကြည့်ရင်း တစ်ချက်ပြုံးလိုက်မိလေသည်။
နောက်တစ်နေ့မနက်ခင်း …
တောက်ပပြီး နွေးထွေးသော နေရောင်ခြည်သည် တစ်ကမ္ဘာလုံးသို့ လွှမ်းခြုံလာခဲ့သည်။
ရှန်ဟိုင်းကမ္ဘာ့ကုန်သွယ်မှုပြပွဲအဆောက်အဦး…
နိုင်ငံတစ်ဝှမ်းမှ ဝိုင်တံဆိပ် ရာပေါင်းများစွာအား ကောင်တာများတွင် ခင်းကျင်းပြသထားသည်။
ကောင်တာများ၏အပြင်ဘက်ရှိ ကော်ရစ်ဒါတွင် နိုင်ငံတစ်ဝှမ်းမှ လာရောက်သော အရက်လက်ကား ရောင်းချသူများသည် ကောင်တာများပေါ်ရှိ ဝိုင်မျိုးစုံကို လှည့်ပတ်ကြည့်ရှုနေကြသည်။
ကောင်တာ #၂၄၆ တွင်…
ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာထိုင်နေသော ခန်းရှသည် သွားလာလှုပ်ရှားနေသည့် လူရေစီးကြောင်းများကို ကြည့်နေသည်။
ခမ်းနားသော ထန်လုပ်ငန်းစု၏ ဝိုင်စက်ရုံမှ ထုတ်လုပ်သော နတ်ဘုရားဝတ်ရည်သည် ကျော်ကြားမှုမရှိသေးသလို လူသိမများသေးပေ။ ထို့ကြောင့် လူအများက ၎င်းကိုကြည့်ရှုခဲ့သော်လည်း ပစ္စည်းမှာယူလိုသည့် ရည်ရွယ်ချက်ကို မည်သူမျှ မပြသခဲ့ကြချေ။
ဆိုင်းဘုတ်တွင် ပြထားသည့် ဈေးနှုန်းကြောင့် လူတော်တော်များများက လှောင်ပြောင်ကြသည်။
"ဒီခမ်းနားတဲ့ ထန်လုပ်ငန်းစုအကြောင်း ငါ ဘာလို့ မကြားဖူးတာလဲ။ သူတို့က ဝိုင်အမျိုးအစား တစ်မျိုးတည်းကိုပဲ ပြသပေမယ့် ဈေးနှုန်းက ၁၈,၈၈၈ယွမ်တောင်။ ဒါက ဟာသတစ်ခုလား ဒါမှမဟုတ် ဘာလားဟ။ ဒီကုမ္ပဏီရဲ့သူဌေးက ရူးနေသလားဆိုတာတော့ ငါ တကယ်မသိဘူး၊ ဒါပေမယ့် ကျော်ကြားမှုလုံးဝမရှိဘဲ မြင့်မားတဲ့ဈေးနှုန်းနဲ့ ရောင်းလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားတာ။”
“တကယ်တော့ ဈေးကြီးတဲ့ ပြည်တွင်းဝိုင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒီနတ်ဘုရားဝတ်ရည်ဆိုတာ ဘာကြီးလဲ။ ကဲ့ရဲ့ခံရမှာကို မကြောက်ကြဘူးဟေ့။ ဒီဟာပိုင်ရှင်က ချီးထုပ်ပဲ။”
“တစ်ပုလင်း ၁၈,၈၈၈။ ဒါက လှည့်စားမှုတစ်ခုလို မဟုတ်ဘူးလား။ ဒီအရက်က နတ်ဘုရားဝတ်ရည် ဖြစ်နိုင်ပါ့မလား။"
“အခုက တကယ်ကိုပဲ။ တောအုပ်ကြီးတစ်ခုထဲမှာ ငှက်မျိုးစုံကို တွေ့နိုင်ပါတယ်။ ဒီကုမ္ပဏီက သေချာပေါက် လိမ်နေတာပဲ။ ဒီလောက်ကြီးမြင့်တဲ့ဈေးနဲ့ တမင်တကာ ရောင်းတာ စဉ်းစားစရာပဲ။”
"သွားကြရအောင်။"
“…”
ခန်းရှသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ဖြတ်သန်းသွားသူများ၏ အသံကို နားထောင်သည်။ စုချွမ်သည်လည်း ထိုနည်းလည်းကောင်းပင် - ထိုသူတို့၏ ထင်မြင်ချက်များကို နည်းနည်းလေးမှ ဂရုမစိုက်လေဟန် ပြုံးနေသည့် မျက်နှာထားနှင့် ဖြစ်သည်။
"အိုး … အဘိုး၊ ဒီဝိုင်က စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနာမည်ကို ကျွန်မ တစ်ခါမှ မကြားဖူးပေမယ့် ဈေးနှုန်းက မထင်မှတ်ပဲ ၁၈၈၈၈ ယွမ်။ ဒီဝိုင်က အကောင်းဆုံးဝိုင်ဖြစ်တဲ့ ဝူလျန်ကျဲထက် ပိုကောင်းတာလား။”
ကောင်မလေးတစ်ယောက်၏ ကြည်လင်ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူနှစ်ယောက် - အသက်ကြီးသူတစ်ယောက်နှင့် အသက်ငယ်သူတစ်ယောက်သည် ကောင်တာရှေ့သို့ ရောက်လာသည်။ အသက်ကြီးသောသူသည် ကောင်တာပေါ်ရှိ နတ်ဘုရားဝတ်ရည် ပုလင်းလေးလုံးကို ကြည့်ပြီးနောက် အံ့ဩသွားပုံရသည်။ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စုချွမ်ကိုကြည့်ကာ
“ညီငယ် … ဒီဝိုင်က ဘယ်ကလာတာလဲ။ နောက်ပြီး တခြားကောင်တာတွေက ဝိုင်ကို မြည်းစမ်းဖို့ အခွင့်အရေးပေးတယ်။ မင်းကရော မလုပ်ဘူးလား။"
"ဦးလေး … ကျွန်တော်တို့ဝိုင်က ရွှမ်းချင်ပြည်နယ် ကြယ်တာရာမြို့ကပါ။"
စုချွမ်က ပြုံးပြီး ပြန်ပြောသည်။
"ကျွန်တော်တို့ဝိုင်ကို ဘယ်သူ့ကိုမှ မြည်းစမ်းခွင့် မပေးဘူးဆိုတာက အရည်အသွေးကို အကဲမဖြတ်နိုင်တဲ့သူတွေက ဒီဝိုင်ကောင်းကောင်းကို ပျက်စီးသွားစေမှာကို ကြောက်လို့ပါ။ နောက်ပြီး ကျွန်တော်တို့က အဲ့ဒီဝိုင်လက်ကားရောင်းချသူတွေဆီက မျက်နှာသာပေးမှုကို မလိုအပ်ပါဘူးခင်ဗျ။ ဒီပွဲမှာ ပါဝင်ရတဲ့ ဒုတိယအကြောင်းရင်းကတော့ ဒီနတ်ဘုရားဝတ်ရည်ကို ဈေးကွက်မှာ မိတ်ဆက်ပေးချင်တာပါ။”
"မင်းမှာ သတ္တိနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နှစ်ခုလုံးရှိတယ်။"
ထိုအဘိုးအိုက လက်မထောင်ကာ ချီးမွမ်းလိုက်ပြီး
“ပြောခဲ့တဲ့အတိုင်း မင်းရဲ့ဝိုင်ကို မြည်းစမ်းကြည့်ဖို့ ငါမျှော်လင့်တယ်။ တကယ်လို့ ခွင့်မပြုဘူးဆိုရင် ဒီဝိုင်ပုလင်းကို ငါ ဘယ်လိုလုပ် ဝယ်ရမလဲ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒီနှစ်တွေထဲမှာ ငါ့ကို စူးစမ်းချင်စိတ်ဖြစ်ပေါ်စေတဲ့အရာက အနည်းငယ်ပဲ ရှိခဲ့တယ်။ ဒါပေမယ့် ဒီဝိုင်က ငါ့ရဲ့ စူးစမ်းချင်စိတ်ကို နှိုးဆွပေးနေတယ်။”
စုချွမ်က ခန်းရှကို လှည့်ကြည့်လိုက်သည်။ ခန်းရှက မတ်တတ်ရပ်လိုက်ပြီး ထိုအဘိုးအိုအား အကဲခတ်လိုက်သည်။ ထို့နောက် သူမက ပြုံးကာ
“အန်ကယ် … ကျွန်မတို့ ဒီဝိုင်လေးပုလင်းပဲ သယ်လာခဲ့တယ်။ ဝိုင်မြည်းစမ်းပွဲညီလာခံအတွက် ပုလင်းနှစ်ပုလင်း ပြင်ဆင်ထားပေမယ့် ကျန်နှစ်ခုကို စိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်။ အန်ကယ်က မြည်းစမ်းကြည့်ချင်တယ်ဆိုတဲ့အတွက် တစ်ပုလင်း အခမဲ့ပေးလိုက်ပါမယ်။ အန်ကယ်က ဒီဝိုင်ကို ကောင်းတယ်လို့ထင်ရင် လူသိများအောင် ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။”
အဘိုးအိုက တစ်ခဏလောက် စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြုံးပြရင်း
“မင်း ဒီလိုပြောတာ အရမ်းကောင်းတယ်။”
ပြောပြီးသည်နှင့် နတ်ဘုရားဝတ်ရည်တစ်ပုလင်းကို ယူပြီး သူ့မြေးအား
“ယင်လေး … အဖိုးရဲ့ဝိုင်ဖန်ခွက်ကို ထုတ်လိုက်ပါ။”
“ဟုတ် အဘိုး။”
အသက် ၁၇ နှစ် သို့မဟုတ် ၁၈နှစ်အရွယ် မိန်းကလေးသည် အိတ်ထဲမှ လေးထောင့်ပုံ သလင်းဖန်ခွက်အား ဂရုတစိုက်ထုတ်ပြီး အဘိုးအိုအား လှမ်းပေးလိုက်သည်။
အဘိုးအိုသည် ဝိုင်ပုလင်းအား ဖွင့်ကာ လေးထောင့်ပုံသလင်းဖန်ခွက်တစ်ဝက်ရောက်သည်ထိ လောင်းထည့်လိုက်သည်။ ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြသွားမိသည်။
“ဒီမွှေးရနံ့က ယစ်မူးစေတယ်။ ဒီအဖိုးကြီးက ခုထိ မသောက်ဖူးသေးပေမယ့် ဒီဝိုင်က သောက်ကြည့်ဖို့ စေခိုင်းနေသလိုပဲ။”
အဘိုးအိုက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ဝိုင်အား ပါးစပ်အပြည့် ညင်သာစွာ တစ်ချက်စွာ ငုံလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ့၏အမူအရာက အံ့အားသင့်သွားဟန်ရှိပြီး တစ်ချိန်တည်းမှာပင် သူ၏အိုမင်းသော မျက်နှာသည် တုန်လှုပ်နေသော အမူအရာဖြင့် နီရဲလာသည်။ ခန်းရှနှင့် စုချွမ်ပြုံးနေစဉ် အဘိုးအိုသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားသည်။
“ဟေ့ အဘိုး … ကျွန်မကို မှန်းဆခိုင်းမနေပါနဲ့။ ဝိုင်က ဘယ်လိုလဲ။"
မိန်းကလေးသည် သူမ၏ သိမ်မွေ့နူးညံ့သော မျက်နှာငယ်ပေါ်တွင် စိတ်အလိုမကျဟန်ဖြင့် အဘိုးအို၏ အင်္ကျီလက်စများကို ဆွဲလိုက်သည်။
အဘိုးအိုက ချက်ချင်းပင် မျက်လုံးဖွင့်လိုက်ပြီး
“ဝိုင်ကောင်း ကောင်းတဲ့ဝိုင်ပဲဟေ့။ ဒီအဘိုးကြီးက သူ့ဘဝမှာ ဝိုင်ကောင်းတွေ အများကြီးသောက်ခဲ့ပေမယ့် ဒီတစ်မျိုးနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဝိုင်က တစ်မျိုးပဲ ရှိတယ်။”
"အန်ကယ် … ကျွန်တော့်ကို နောက်နေတာလား" စုချွမ်က နားရွက်ချိတ်မတတ် ပြုံးပြပြီး
"ကျွန်တော် ဝိုင်တွေ အများကြီး သောက်ဖူးပေမယ့် ဒီတခွက်လောက်တောင် အရသာမရှိခဲ့ဘူး။"
“လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်က ငါ ရှန်းနောင်ကျားကိုသွားခဲ့တော့ အဲဒီမှာ မျောက်အုပ်စုတစ်စုကို တွေ့ခဲ့တယ်။ မျောက်တွေလုပ်တဲ့ဝိုင်အကြောင်း မင်း ကြားဖူးလား။ စိတ်မကောင်းစရာက -ငါကံကောင်းလို့ နည်းနည်းလောက် သောက်လိုက်ရတယ်ဆိုပေမယ့် အဲဒီမျောက်တွေ ငါ့ကို တိုက်ခိုက်တဲ့အတွက် တောထဲ ထွက်ပြေးခဲ့ရတယ်။ မျောက်ဝိုင်ရဲ့ အရသာက ငါ ဘယ်တော့မှ မမေ့နိုင်တဲ့ အရာပါ။ ဒါကြောင့် ဒီကမ္ဘာမှာ မျောက်ဝိုင်အပြင် ဒီလိုမျိုးကောင်းမွန်တဲ့ ဝိုင်ကောင်းမျိုး တကယ်ရှိဖို့ ငါ မမျှော်လင့်ထားမိဘူး။”
စုချွမ်က ရုတ်တရက်နားလည်သွားပြီး
"မျောက်ဝိုင်အကြောင်း ကျွန်တော်လည်း ကြားဖူးတယ်။ ဒါပေမယ့် တစ်ခါမှတော့ မသောက်ဖူးဘူး။ အန်ကယ်က ကျွန်တော်တို့ရဲ့ နတ်ဘုရားဝတ်ရည်ကို ကြိုက်တယ်ဆိုတော့ လူသိများအောင် အကူအညီပေးပါဦးဗျာ။"
"စိတ်မပူပါနဲ့ လူငယ်လေး။" အဘိုးအိုက ရယ်မောပြီး
“ဒီအဘိုးအိုက သူ့စကားကို တည်ပါတယ်။ ဒါနဲ့ ပုလင်းအနည်းငယ်လောက် ငါကြိုတင်မှာယူလို့ ရမလား။ ဈေးနှုန်းက မင်းပြထားတဲ့အတိုင်း ပေးချေပါမယ်။"
“အားပေးမှုကို ကျေးဇူးတင်ပါတယ် အန်ကယ်” ခန်းရှက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း
"ဒါပေမယ့် ကျွန်မတို့ သီးသန့်အရောင်းလုပ်လို့ မရလို့ပါ။ အန်ကယ် ကြိုက်တယ်ဆိုရင် ကျွန်မတို့ဆိုင်မှာ ဝယ်လို့ရပါတယ်။ ဒီဝိုင်ပြပွဲပြီးတဲ့အခါကျရင် မြို့အသီးသီးက ကျွန်မတို့ရဲ့သီးသန့်စတိုးဆိုင်များဆီ ပို့ဆောင်တော့မှာပါ။”
"မင်းရဲ့ကုမ္ပဏီက ကိုယ်ပိုင်ဆိုင်တွေ ဖွင့်ထားတာလား။” အဘိုးအိုက အံ့သြတကြီး မေးလိုက်သည်။
"ဒါ အမှန်ပဲ။" ခန်းရှက ပြုံးပြီး ပြန်ဖြေသည်။
"အထင်ကြီးစရာပဲ။" အဘိုးအိုက လက်မထောင်ပြပြီး
“အခုခေတ် ဝိုင်စက်ရုံတွေက သူတို့ထုတ်တဲ့ဝိုင်တွေကို လက်ကားရောင်းသူတွေဆီ ပို့ပေးတယ်။ အဲ့ဒါကြောင့် လက်ကားရောင်းတဲ့သူတွေက တိုင်းပြည်ရဲ့ အစိတ်အပိုင်းတိုင်းကို လက်ဝါးကြီး အုပ်ထားကြတာ။ ဒါပေမယ့် မင်းက တစ်ဦးတည်းပိုင် ချုပ်ကိုင်ထားပြီး ဖောက်သည်တွေဆီ တိုက်ရိုက်ရောင်းချဖို့ အမှန်တကယ် ရင်းနှီးမြုပ်နှံခဲ့တယ်။ ဒါ ကောင်းတယ်။"
"အဲ့ဒါက သူဋ္ဌေးရဲ့ တောင်းဆိုမှုပဲ။" ခန်းရှက ပြုံးလိုက်ရင်း
"ကျွန်မတို့က သူရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာတာပါ။"
"မင်းရဲ့သူဋ္ဌေးကရော…" အဘိုးအိုက ခေါင်းညိတ်သည်။
“တောင်းပန်ပါတယ် အန်ကယ်။ ကျွန်မတို့ရဲ့သူဋ္ဌေးက ကုမ္ပဏီကိစ္စတွေမှာ ဝင်စွက်ဖက်တာ ရှားပါတယ်။ သူက လူမြင်ကွင်းမှာ ရုပ်လုံးပြရတာကိုလည်း မကြိုက်တဲ့သူမို့ပါ။ အဲ့ဒါကြောင့် သူ့ရဲ့အချက်အလက်တွေကို အများပြည်သူကို ကြေညာလို့ မရပါဘူး။ လူကြီးမင်းကတော့ အနာဂတ်မှာ သူ့ကို သိဖို့ အခွင့်အရေးတစ်ခု ရှိနိုင်ပါတယ်။”
အဘိုးအိုက ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ပဲ
“အဲဒါကိုကြည့်ရင် မင်းရဲ့သူဌေးက လူကောင်း ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် တခြားအရာတွေကို ဘယ်လိုဆွေးနွေးမလဲ။ ဒီဝိုင်ကို အရမ်းကြိုက်တယ်။ ငါတို့ ဒီမှာတွေ့ပြီးကတည်းက ငါ့ကို ကြိုရောင်းပေးနိုင်မလား။ ငါ အများကြီး မလိုပါဘူး။ ဆယ်သေတ္တာလောက်ရောင်းရင် အဆင်ပြေပါပြီ။ အဲ့ဒါ ကုန်တာနဲ့ မင်းဆိုင်မှာ ဝိုင်ဝယ်လိုက်မယ်။"
“ဒါ…” ခန်းရှ ချီတုံချတုံ ဖြစ်သွားသည်။
အဘိုးအိုက သူ၏အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ယူပြီး ခန်းရှထံသို့ ပေးကာ
"မိန်းကလေး … ဒါက ငါ့ရဲ့ ကတ်ပြားပဲ။"
ထိုကတ်ကို လက်ခံရရှိပြီးနောက် ခန်းရှ၏ မျက်လုံးများသည် ကတ်ပေါ်သို့ ဝေ့ဝဲကြည့်လိုက်ပြီး သူမ၏အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။
"အန်ကယ်က ဝေဒီအုပ်စုရဲ့ပိုင်ရှင် အကြီးအကဲ ဒူကန်လား။"
"မင်း ငါ့ကို တကယ်မှတ်မိလိမ့်မယ်လို့ မထင်ခဲ့ဘူး။" ဒူကန်ကပြုံးလိုက်ရင်း
"ကြည့်ရတာ စင်ပေါ်မှာ ပေါ်ထွက်ခဲတဲ့ မင်းတို့ခမ်းနားသောထန်လုပ်ငန်းစုရဲ့ သူဋ္ဌေးနဲ့ ငါက အတူတူပါပဲလို့ မင်းမထင်ဘူးမဟုတ်လား။"
ထို့နောက် ခန်းရှက သူမ၏လုပ်ငန်းကတ်တစ်ခုအားကို ထုတ်ကာ ဒူကန်အား ပေးလိုက်ရင်း "လူကြီးမင်း ဒူ … ကျွန်မတို့ အရင်က တွေ့ဖူးတယ်။"
ဒူကန်သည် တွေတွေကြီး စိုက်ကြည့်နေသည်။ ခန်းရှ၏လုပ်ငန်းကတ်ကို ယူလိုက်သောအခါတွင် သူ၏ မျက်ခုံးများ တွန့်သွားသည်။ သူက အချိန်အတော်ကြာအောင် တွေးပြီး ဇဝေဇဝါဖြစ်သွားကာ
“ခန်းရှလား။ ဒီနာမည်က ကမ္ဘာ့အကျော်ကြားဆုံး ရွှေမန်နေဂျာလို့ ငါ သိတယ်။ ငါ့ကို မပြောနဲ့နော် မင်းက …”
"ပြောတာမမှားပါဘူး။ အဲ့ဒါ ကျွန်မပါပဲ။ ဒါပေမယ့် ကမ္ဘာ့အကျော်ကြားဆုံး ရွှေမန်နေဂျာလို့ ကျွန်မ မခံယူဝံ့ပါဘူး။"
ဒူကန်၏ အမူအရာ ပြောင်းသွားသည်။ သူက ခန်းရှကို လေးလေးနက်နက် ကြည့်ပြီး သိချင်စိတ်နှင့်
မေးလိုက်သည်။
"မင်းကို ငါတို့ ဝေဒီအုပ်စုရဲ့ CEO လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မင်းငြင်းခဲ့တာ ငါ သတိရနေသေးတယ်။"
"ကျွန်မ အရင်ကုမ္ပဏီကနေ နှုတ်ထွက်ခဲ့တာ။ အဲ့ဒီမှာ နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ ကောင်းကောင်း အနားယူချင်ခဲ့တာ။"
ခန်းရှ၏ပုံရိပ်အား နောက်ဆုံးတွင် အသိအမှတ်ပြုပြီးနောက် ဒူကန်၏မျက်နှာထက်တွင် လေးစားသောအသွင်သည် ပေါ်လာသည်။ ထို့နောက် သူက ခေါင်းညိတ်သက်ပြင်းချကာ "ခမ်းနားသော ထန်လုပ်ငန်းစုရဲ့သူဌေးက မင်းကို တကယ်ရသွားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ သူ့ရဲ့ကံက တကယ်ကောင်းတာပဲ။”
"အကြီးအကဲဒူ … ကျွန်မတို့ ဝိုင်ဝယ်ချင်တာဆိုတော့ အန်ကယ့်ကို ဝိုင်ဆယ်သေတ္တာရောင်းဖို့ ကျွန်မ တာဝန်ယူပေးလိုက်ပါမယ်။" ခန်းရှက ရယ်မောရင်း
“ဒီကိုတော့ ဒီပုလင်းလေးလုံးကလွဲလို့ အပိုထပ်မပါဘူးဆိုတော့ လူကြီးမင်းက တစ်ယောက်ယောက်ကို ကြယ်တာရာမြို့ကို လွှတ်လိုက်ဖို့ ပြောရတော့မှာပဲ။"
ဒူကန်က တစ်ချက်ပြုံးလိုက်ရင်း
“ပြသနာ မရှိပါဘူး။”
***