← Chapters

နာမည်ကောင်းတစ်ခု တည်ဆောက်ခြင်း

Vol. 08 Ch. 376

နာမည်ကောင်းတစ်ခု တည်ဆောက်ခြင်း

Vol. 08 Ch. 376

ကောင်တာအတွင်း၌ ရပ်လျက် ထန်ရှုသည် မျှော်လင့်တကြီးဖြစ်နေသော ချင်ချန်းလင်နှင့် အပြင်ဘက်ရှိ အခြားလူများအား ကြည့်နေသည်။ မျက်နှာထက်တွင် အံ့သြသည့်အမူအရာများ ဖြစ်နေကြသည့် အခြားသူများကိုလည်း သူ ကြည့်လိုက်ရင်း အတော် ကျေနပ်သွားရသည်။ ချင်ချန်းလင်နှင့် အခြားသူများက မည်သည့်အကြောင်းကြောင့် နတ်ဘုရားဝတ်ရည်အား ဝယ်ရန် အပြိုင်အဆိုင် လိုလားနေကြသည်ကို  သူ မသိရှိသော်လည်း ထိုသူများသည် ဟန်ဆောင်နေခြင်းမဟုတ်ဟု ယုံကြည်ကြသည်။

"အကြီးအကဲခန်း … ကျေးဇူးပြုပြီး စည်းကမ်းတွေကို ပြင်လို့ရမလား။ တစ်ပုလင်းလောက်ပါပဲ။ နောက်ပြီး ဝိုင်မြည်းစမ်းပွဲအတွက်က ပုလင်းနှစ်ပုလင်းလောက်ပဲ လိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ပုလင်းက ကျန်နေမှာဆိုတော့ ငါ့ကိုရောင်းတာ ပိုကောင်းတယ်မဟုတ်လား။ ငါ နှစ်ဆပေးပါ့မယ်… မဟုတ်ဘူး။ ငါ ဆယ်ဆ ပေးပါမယ်။ အဖိုးကြီးဒူကန်က မင်းဆီက တစ်ပုလင်းရခဲ့ပြီး ငါတို့ အဲ့ဒါကို မြည်းစမ်းပြီးပြီ။ အရသာက တကယ်ကို ကမ္ဘာ့အဆင့်မီတယ်။ ဒီနတ်ဘုရားဝတ်ရည်ကို သောက်ပြီးသွားတဲ့အချိန်မှာ ငါ တခြားဝိုင်မသောက်ချင်တော့ဘူး။”ချင်ချန်းလင်က နားပူနားဆာတိုက်နေသည်။

ခန်းရှက အနေရခက်နေသောအပြုံးဖြင့်

“အန်ကယ် … ကျွန်မ မရောင်းချင်လို့ မဟုတ်ပါဘူးရှင်။ ဒါပေမယ့် အန်ကယ့်ဘေးနားက တခြားလူတွေကို ကြည့်ပါဦး။ သူတို့လည်း ဝယ်ချင်နေကြတယ်။ ကျွန်မက အန်ကယ့်ကိုပဲ ရောင်းလိုက်ရင် သူတို့ မပျော်မှာကို စိုးရွံ့မိပါတယ်။ အဲ့ဒါကြောင့် မျက်နှာလိုက်ရာမကျအောင် ဝိုင်မြည်းစမ်းပွဲ ပြီးဆုံးချိန်ထိ စောင့်ပေးပါရှင့်။ ကျွန်မတို့ရဲ့ သီးသန့်စတိုးဆိုင်တွေက မကြာခင် ဖွင့်တော့မှာဆိုတော့ အချိန်ရောက်ရင် အဲဒီကိုသွားဝယ်လို့ရပါပြီ။”

ချင်ချန်းလင်က တခြားသူများကို ကြည့်လိုက်သည်။ သူ ခေါင်းငုံ့လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ခေါင်းကို မော့ကာ

" အကြီးအကဲခန်း … ငါတို့ အခုပဲ စကားပြောပြီးသွားပြီ။ ကျေးဇူးပြုပြီး ငါတို့ကို ဝိုင်တစ်ပုလင်းရောင်းလိုက်ပါ။ ငါတို့ ဒီညနေကျရင် အတူတူသောက်မယ်။ အရင်က ငါပြောခဲ့သလို ဆယ်ဆပေးမယ်။ မင်း ဘယ်လိုထင်လဲ။"

တစ်ခဏမျှ စဉ်းစားပြီးနောက် ခန်းရှက ခေါင်းညိတ်ပြီး

"လူကြီးမင်း အဲ့ဒါကို အရမ်းကြိုက်တဲ့အတွက် ပိုက်ဆံ ပိုမပေးပါနဲ့။ ဈေးနှုန်းကတော့ တစ်ပုလင်းကို ၁၈,၈၈၈ယွမ် ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ငွေပေးချေ၍ တစ်ပုလင်း ယူသွားလို့ရပါပြီရှင်။”

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။"

ယွမ်ချူးလင်သည် မဆိုင်းမတွ သူ၏ပိုက်ဆံအိတ်အား ဖွင့်လိုက်သည်။ သို့သော် အထဲတွင် ယွမ်ထောင်ဂဏန်းလောက်သာ တွေ့လိုက်ရသဖြင့် သူ တုန်လှုပ်သွားရသည်။  ကျန်သည့် ဒိုင်လူကြီးငါးယောက်သည်လည်း သူတို့၏ပိုက်ဆံအိတ်များကို သွားယူကာ ယွမ် ၁၈,၉၀၀ ကို အမြန်စုဆောင်းလိုက်သည်။ ခန်းရှသည် အပိုပေးခြင်းကို လက်မခံချင်သောကြောင့် သူမသည် ထိုသူတို့အား ၁၂ ယွမ် ပြန်အမ်းခဲ့သည်။

"လူကြီးမင်းတို့ … ကျွန်မတို့ ခမ်းနားသော ထန်လုပ်ငန်းစုမှ ထုတ်လုပ်တဲ့ နတ်ဘုရားဝတ်ရည်ကို ရှင်တို့ အမှန်တကယ် နှစ်သက်တယ်ဆိုရင် လူသိများအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်ရှင့်။ သင်းပျံ့မွှေးကြိုင်ပြီး ကောင်းမွန်သောဝိုင်က မှောင်မိုက်သောလမ်းကို မကြောက်ဘူးဆိုပေမယ့်လည်း လူကြီးမင်းတို့မှတဆင့် လူသိများအောင် ကူညီပေးမယ်ဆိုရင် နတ်ဘုရားဝတ်ရည်ကို ပြည်တွင်းဈေးကွက်ထဲ အရှိန်အဟုန်ပြင်းစွာနဲ့ ထိုးဖောက်ဝင်ရောက်စေတဲ့အချိန်ကျရင် အကျိုးရှိပါလိမ့်မယ်ရှင်။” ခန်းရှက ပြုံးပြုံးလေး ပြောလိုက်သည်။

ခေါင်းတညိတ်ညိတ် တုံ့ပြန်ပြီးနောက် ချင်ချန်းလင်သည် ဘေးပတ်လည်အား ကြည့်လိုက်သည်။ သူက နတ်ဘုရားဝတ်ရည်ကို မြှောက်ပြရင်း

“ငါက ဒီဝိုင်မြည်းစမ်းခြင်းပွဲရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်သလို တရုတ်နိုင်ငံ ဝိုင်လုပ်ငန်းအသင်းရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်တယ်။ ငါ့ဘေးက လူကြီးလူကောင်းငါးဦးကလည်း ဒီနှစ်ဝိုင်မြည်းစမ်းခြင်းပွဲရဲ့ အကဲဖြတ်ဒိုင်တွေပါ။ ဒီနတ်ဘုရားဝတ်ရည်ကို ကြိုပြီး မြည်းစမ်းခွင့်ရတာ ငါတို့ ဂုဏ်ယူမိပါတယ်။ အရသာက ထူးထူးခြားခြား ကောင်းမွန်ပြီး ငါတို့သောက်ဖူးသမျှထဲမှာ အကောင်းဆုံးဝိုင်ပါ။ ဒါကြောင့် အားလုံးသိအောင် ကူညီပေးကြဖို့ မျှော်လင့်ပါတယ်။ ဝိုင်က ၁၈,၈၈၈ယွမ် ဈေးဆိုပေမယ့် ပေးရတဲ့ငွေနဲ့ လုံးဝတန်ပါတယ်။”

"ဝိုး…"

သူ့လက်ထဲရှိ နတ်ဘုရားဝတ်ရည်ဝိုင်ပုလင်းကို စိုက်ကြည့်ရင်း အံ့သြတုန်လှုပ်သွားသည့် အမူအရာများဖြင့် လူအုပ်ကြီး ရုတ်တရက် ဆူပွက်သွားသည်။ ယနေ့ ဝိုင်မြည်းစမ်းပွဲသို့ လာရောက်ကြသူများမှာ ဝိုင်လုပ်ငန်းနှင့် ပတ်သက်ပြီး နက်နဲသော အသိပညာရှိသူများ ဖြစ်ကြပါသည်။ လူအများစုသည် ချင်ချန်းလင် မည်သူဖြစ်သည်ကို သိရှိကြသည်။ ထိုအသက်ကြီးသောသူများသည် အမြဲတရားမျှတပြီး ဂုဏ်သိက္ခာရှိသော စိတ်ထားရှိကြောင်းကိုလည်း သူတို့သိကြသည်။ ထို့ကြောင့် ဤဝိုင်အရသာညီလာခံ၏ အကဲဖြတ်ဒိုင်လူကြီးခြောက်ဦးအဖြစ် သူတို့ ဆောင်ရွက်နိုင်ကြခြင်းဖြစ်သည်။

တခြားသူသည်သာ ထိုကဲ့သို့ ပြောလာပါက ယုံကြမည်မဟုတ်သော်ငြား ချင်ချန်းလင်ကြောင့် လူတော်တော်များများသည် ယုံကြည်ကြသည်။ ထို့အပြင် ဝိုင်မြည်းစမ်းပွဲ၏ အကဲဖြတ်ဒိုင်များသည်လည်း မရေမတွက်နိုင်သော ဝိုင်ကောင်းများကို မြည်းစမ်းခဲ့ကြသည်။ သူတို့တွင် ဝိုင်အမျိုးအစားတစ်ခုချင်းစီ၏ နက်ရှိုင်းသော ဗဟုသုတများလည်း ရှိသည်။

ဤနတ်ဘုရားဝတ်ရည်သည် ကမ္ဘာပေါ်တွင် ရှားပါးပြီး ထူးထူးခြားခြား ဝိုင်တစ်မျိုးဖြစ်သည်ဟု သူတို့အားလုံးက တစ်သံတည်းပြောနေကြသောကြောင့် ယင်းသည် လုံးဝမှန်ကန်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

“ဒီနှစ် ဝိုင်မြည်းစမ်းပွဲမှာ တောက်ပနေတဲ့ မြင်းနက်ကြီး ရှိပုံရတယ်။ ဒီနတ်ဘုရားဝတ်ရည်ရဲ့ အရသာကို ငါတကယ်သိချင်လာပြီ။”

“ဒိုင်လူကြီးတွေရဲ့ စကားနဲ့ အမူအရာတွေက ငါ့ရဲ့သိလိုစိတ်ကို တကယ်ကို နှိုးဆွစေတယ်။ ဒီဝိုင်က ပုံမှန်မဟုတ်ဘူးလို့ သူတို့အားလုံး ပြောကြတာကို တွေးမယ်ဆိုရင် ဒီနတ်ဘုရားဝတ်ရည်ရဲ့ အရသာက ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လေမလဲ။”

“အား… စိတ်မကောင်းစရာက ဝိုင်နှစ်ပုလင်းပဲ ကျန်တော့တာပဲ။ ငါ တကယ်ကို တစ်ဗူးလောက်ဝယ်ချင်ပါတယ်။ ဒါဆို ခမ်းနားသောထန်လုပ်ငန်းစုက သီးသန့်စတိုးဆိုင်များဖွင့်တာကို စောင့်ရမယ်။ အဲ့ဒီနေရာကို ချက်ခြင်း သွားပြီး မြည်းစမ်းကြည့်ရမယ်။ ဒိုင်လူကြီးတွေပြောသလိုမျိုး ဝိုင်က ထိပ်တန်းဆိုရင်တော့ ငါ အများကြီး မှာပစ်မှာပဲ။"

"ဒိုင်လူကြီးတွေက ချီးကျူးဂုဏ်ပြုမှုတွေ၊ အသိအမှတ်ပြုမှုတွေအပြည့် ရှိနေကြတာပဲ။ ဒါမျိုးက ဝိုင်မြည်းစမ်းပွဲမှာ အရင်တုန်းကဆို တစ်ခါမှ မတွေ့ဖူးတဲ့အရာ။ ဝိုင်မြည်းစမ်းပွဲတစ်ခုစီမှာ ဒိုင်လူကြီးခုနစ်ဦးရှိတယ်။ ကျန်တဲ့သူတွေကပါ အပြည့်အ၀ ချီးမွမ်းရင် အခုပဲ အများကြီး မှာလိုက်မယ်။”

"အခုပဲ မင်း မကြားလိုက်ဘူးလား။ ဒီဒိုင်လူကြီးခြောက်ယောက်က ၇ယောက်မြောက် အကြီးအကဲဒူဆီကနေ နတ်ဘုရားဝတ်ရည်ကို မြည်းစမ်းပြီး ဒီဝိုင်အကြောင်းကို သိလာကြတယ်။”

"ဒါ မှန်တယ်။"

“…”

ကျယ်ကျယ်လောင်လောင် ပြောဆိုသံများကြားတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အတွင်းဆုံးနေရာသို့ ရောက်ရန် တွန်းတိုက်ဝင်လာခဲ့သည်။ သူက ခန်းရှကိုကြည့်လိုက်ပြီး "အကြီးအကဲ ခန်း … မင်းရဲ့နတ်ဘုရားဝတ်ရည်ဝိုင်ကို သေတ္တာ၂၀၀လောက် ငါ မှာချင်ပါတယ်။ ဟုတ်တယ်… သေတ္တာ၂၀၀ပါ။"

တခြားလူကလည်း နောက်ကျန်မရစ်ဘဲ ပြောလိုက်သည်။

“ငါလည်း သေတ္တာ၂၀၀ မှာမယ်။”

ခန်းရှက ထိုသူများကို ကြည့်ရင်း ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်သွားရသည်။ ထို့နောက် သူမက တစ်ချက်ပြုံးလိုက်ရင်း

"ကျွန်မတို့ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ကြိုတင်မှာယူရောင်းချမှုကို မလုပ်ဆောင်ပေးနိုင်တဲ့အတွက် တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်မတို့ ဖွင့်လှစ်ထားတဲ့ သီးသန့်စတိုးဆိုင်တွေမှာပဲ ဒီဝိုင်ကို ရောင်းချမှာပါ။ အဲ့ဒါကြောင့် ဝယ်ယူချင်တယ်ဆိုရင် ကျွန်မတို့ဆိုင်မှာပဲ သွားကြည့်လို့ရပါတယ်။ နောက်ပြီး ကျွန်မတို့ရဲ့နတ်ဘုရားဝတ်ရည်က အကန့်အသတ်နဲ့ ထုတ်လုပ်တာမို့် ဝယ်ယူသူတစ်ဦးစီက ၆လုံးပါဝိုင်သေတ္တာ ၂ သေတ္တာ ဒါမှမဟုတ် ၁၂ ပုလင်းထက်ပိုပြီး ဝယ်ယူခွင့်မပြုပါဘူးရှင်။”

ထိုလူက တစ်ခဏမျှ စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ဒါ မင်းတို့ရဲ့ စီးပွားရေးလုပ်တဲ့ပုံစံပဲလား။ လူတစ်ယောက်က မင်းတို့ဝိုင်ကို ဝယ်ချင်တာကို မင်းတို့က တကယ်ပဲ ဝယ်ယူမှုကန့်သတ်ချင်တာလား။ ဒါတွေက ဘယ်လို အပြုအမူမျိုးတွေလဲ။"

"ဒါက ငါတို့ သူဌေးရဲ့ ဆုံးဖြတ်ချက်ပဲ။"

ခန်းရှက ပြုံးလိုက်ပြီး

"ဒီလိုမျိုးဖြစ်ဖို့ ကျွန်မတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ ကျွန်မတို့က သူ့ရဲ့ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ပေးရုံပါပဲ။"

"အကြီးအကဲခန်း… ခမ်းနားသော ထန်ကော်ပိုရေးရှင်းရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မေးလို့ရမလား။"

ချင်ချန်းလင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"တောင်းပန်ပါတယ်။ ကျွန်မတို့ရဲ့သူဌေးက လူရှေ့သူရှေ့ မထွက်ချင်လို့ သူ့ရဲ့ပုံရိပ်ကို မဖော်ထုတ်ဖို့ ကျွန်မတို့ကို မှာထားလို့ပါ။”

ခန်းရှက ပြုံးကာ ပြောလိုက်သည်။

"မင်းတို့ရဲ့ ခမ်းနားသော ထန်လုပ်ငန်းစုက တကယ့်ကို အံ့သြစရာပဲ။"

ချင်ချန်းလင်က မချိပြုံး ပြုံးလိုက်သည်။

“ဒါနဲ့ ဒီနာမည်ကို တော်တော်ရင်းနှီးနေတယ်လို့ ဘာလို့ ခံစားမိနေတာပါလိမ့်။ တစ်နေရာရာမှာ ကြားဖူးသလိုပဲ။”

သူ့ပတ်ဝန်းကျင်က လူတော်တော်များသည်လည်း ထိုစကားအား ကြားသည်နှင့် စိတ်ရှုပ်သွားသည့်ဟန် ရှိသည်။ ခမ်းနားသော ထန် လုပ်ငန်းစုဟူသော အမည်သည် အတန်ငယ်ရင်းနှီးသည်ဟုလည်း အများစုက ယူဆသောကြောင့်ဖြစ်သည်။

"ငါမှတ်မိသလောက်... အဲ့ဒီလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာက နာမည်ကြီး ရွှေမန်နေဂျာ ခန်းရှဖြစ်တယ်... ဒါဆို မင်းက... အကြီးအကဲခန်းလား။"

သက်လတ်ပိုင်းလူတစ်ယောက်က အော်လိုက်မိသည်။

ချက်ချင်းဆိုသလိုပင် လူအားလုံး၏ အကြည့်များသည် ခန်းရှဆီသို့ ရောက်လာကြသည်။ အချို့က အံ့သြနေကြပြီး အချို့က စူးစမ်းနေကြသည်။

“ကျွန်မ ဒီလောက်နာမည်ကြီးမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒီဝိုင်မြည်းစမ်းခြင်းပွဲမှာ တစ်ယောက်ယောက်က ကျွန်မကို အသိအမှတ်ပြုလာခဲ့တယ်။”

ခန်းရှက တခစ်ခစ်ရယ်ပြီး ပြောသည်။

"မှန်ပါတယ်။ ကျွန်မ ခန်းရှပါ။ ဒါပေမယ့် ဒီရွှေမန်နေဂျာဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်မ ဘာမှ မသိရပါဘူးရှင်။”

“မထူးဆန်းတော့ဘူး။ ခမ်းနားသော ထန်လုပ်ငန်းစုရဲ့အမည် ကျော်ကြားလာတော့မယ်ဆိုရင် အံ့သြစရာမဟုတ်ပေတော့ဘူး။"

ချင်ချန်းလင်က အံ့အားသင့်စွာ ပြောလိုက်မိသည်။

"ဘာလို့လဲဆိုတော့ အခု အကြီးအကဲခန်းက အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာမို့လို့ပေါ့။ ဒီကုမ္ပဏီကို အကြီးအကဲခန်း တည်ထောင်ခဲ့တာလို့ ငါ ထင်နေတာ။ ဒါပေမယ့် ကုမ္ပဏီမှာ ကိုယ်ပိုင်သူဋ္ဌေးရှိနေတာကိုး။”

ခပ်ဖွဖွပြုံးနေသော ထန်ရှုအား ခန်းရှသည် မရည်ရွယ်ဘဲ တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် ချစ်စရာကောင်းသော အပြုံးဖြင့် စကားဆိုလိုက်သည်။

“ကျွန်မမှာ ရွေးချယ်စရာ မရှိဘူးလေ။ ကြည့်ရတာ ကျွန်မက တခြားသူတွေအတွက် အလုပ်လုပ်ပေးဖို့ မွေးဖွားလာပုံရတယ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်မရဲ့လက်ရှိသူဌေးနဲ့ဆို ပိုတောင် ဆိုးသေးတယ်ရှင့်။ သူဋ္ဌေးက အခြားသူများကို အလုပ်ခိုင်းစေတဲ့ သူဌေးတစ်ဦး ဖြစ်ပေမယ့် သူကိုယ်တိုင် အလုပ်မလုပ်ဘူးလေ။ ဒါကြောင့် ကျွန်မက အရာအားလုံးအတွက် တာဝန်ရှိနေတော့တာပဲ။"

"အင်း… ဒါက ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ဘူး။"

ချင်ချန်းလင်က ပြတ်သားကျယ်လောင်စွာ ရယ်မောရင်း

“အရည်အချင်းရှိတဲ့လူက အစစအရာရာ ပိုလုပ်သင့်တယ်။ ဒါက မင်းရဲ့သူဌေးမှာ အမြင်ကျယ်မှုနဲ့ အမျှော်အမြင်ကြီးမှုကို ပြနေတာပဲ။  သူက မင်းလိုလူတစ်ယောက်ရဲ့ အရည်အချင်းတွေကို မြှုပ်နှံမထားချင်သလို အလဟသဖြစ်အောင် မထားချင်ဘူး။ ငါတို့က သူ့ကို တကယ် အားကျမိပါတယ်။"

ခဏအကြာတွင် ချင်ချန်းလင်နှင့် အခြားလူများ ထွက်ခွာသွားကြသည်။ သို့သော် နတ်ဘုရားဝတ်ရည် နှင့်ပတ်သက်သည့်သတင်းကို ရရှိပြီးနောက် ဝိုင်အရက်လက်ကားရောင်းချသူများနှင့် ဝိုင်လုပ်ငန်းစုများ၏အမှုဆောင်အရာရှိအများအပြားသည် ဝိုင်မြည်းစမ်းပွဲသို့ ရောက်လာကြသည်။ လူတော်တော်များများက နတ်ဘုရားဝတ်ရည်အား ကြိုတင်မှာယူချင်သော်လည်း နောက်ဆုံးမှာတော့ ခန်းရှက သူတို့အားလုံးကို ပယ်ချခဲ့သည်။

ပြင်းပြသောဆန္ဒနှင့် ရည်ရွယ်ချက်ကောင်းရှိသူအချို့က ခန်းရှသည် တစ်နာရီအတွင်း အရက်လက်ကားရောင်းချသူ ၂၀ ကျော်ကို ငြင်းပယ်ခဲ့ကြောင်း တိတ်တဆိတ် သတိပြုမိကြသည်။

နေ့လည် မရောက်ခင် အချိန်အနည်းငယ်လို…

ခန်းရှက ထန်ရှုနှင့် မျက်နှာချင်းတွင ထိုင်နေရင်း ပြုံးပြီး ပြောလိုက်သည်။

"သူဌေး… ငါတို့ မကြာခင် နေ့လည်စာစားတော့မယ်။ အလုပ်လုပ်ရင်းနဲ့ ဒီမှာ နေ့လည်စာစားမလား။ ဒါမှမဟုတ် ငါတို့ကို နှစ်သိမ့်အားပေးဖို့ အပြင်မှာ နေ့လည်စာစားမလား။”

"အလုပ်လုပ်ရင်းနဲ့ပဲ ထမင်းစားကြတာပေါ့။" ထန်ရှုက ပြုံးပြီးဖြေသည်။

"ညနေမှာ မင်းတို့ကို ဆုချဖို့ စားသောက်ဆိုင်တစ်ဆိုင် ငါ ရွေးလိုက်မယ်။"

အနီးနားက နံရံကို မှီကာရပ်နေသည့် စုချွမ်က ပြုံးလိုက်ရင်း

"သူဌေးထန်…ငါ မင်းကို ပိုပိုပြီး လေးစားမိတယ်။ ငါ ငယ်ငယ်တုန်းက မင်းရဲ့ ကျွမ်းကျင်မှုတွေ ဘာကြောင့်များ မသိခဲ့ပါလိမ့်။ ငါ အရင်ကသိခဲ့ရင် မင်းရဲ့ခြေထောက်ကိုဆွဲပြီး မခွာစတမ်း စောစောစီးစီးကတည်း လိုက်ခဲ့မိလိမ့်မယ်။"

"တော်ပြီ။" ထန်ရှုက ရယ်ပြီး ပြောလိုက်သည်။

"မင်းက ဘုရားတစ်ဆူမှ မဟုတ်တာကွာ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မင်း ဘယ်လိုသိနိုင်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်မနှောင်းသေးပါဘူးကွ။ ငါနဲ့ ပေါင်းဖက်တဲ့အပေါင်းအသင်းတွေကို အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝတွေ ပိုင်ဆိုင်ဖို့ သေချာအောင် လုပ်မှာပါကွ။ မင်းသာ ကောင်းကောင်း လုပ်ပါ။”

"မင်းပြောတာနော်။" စုချွမ်က ပြုံးပြီး

"ငါ့ရဲ့ လုပ်ဆောင်မှုကို သေချာပေါက် မင်း ကျေနပ်အောင် လုပ်မယ်။"

"အခု အရမ်းကျေနပ်နေပါပြီ။" ထန်ရှုက ပြုံးလျက်

"စကားမစပ်… ခန်းရှရေ… ကြယ်တာရာ ပြန်ရောက်တဲ့အခါ တစ်ယောက်ယောက်ကို အိမ်နှစ်အိမ် ရှာခိုင်းလိုက်က်ပါ။ အိမ်တစ်လုံးကို ၂မီလီယံထက် မနည်းစေနဲ့။ စုချွမ်နဲ့ စုဘင်တို့ကို တစ်လုံးစီပေးပါ။ အဲဒါကို သူတို့အတွက် ထောက်ပံ့မှုလို့ မှတ်ပေးပါ။”

"မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး။"

စုချွမ်က သူ၏လက်အား အမြန်ဝှေ့ယမ်းလိုက်ပြီး

"ထန်ရှု… ငါတို့က ညီအစ်ကိုတွေဆိုပေမယ့် ငါတို့ကို အထူးတလည် ဆောင်ရွက်ပေးဖို့မလိုပါဘူးကွာ။ မင်း ငါ့ကိုပေးရင် လုံးဝအဆင်ပြေတယ်ဆိုတာသိပေမယ့် ညီအစ်ကိုဘင်ရဲ့ စိတ်နေသဘောထားကို မင်း ဘာလို့ မသိတာလဲ။ အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ သူက အိမ်ကို လက်ခံမှာမဟုတ်ဘူး။ သူလက်မခံဘဲ ငါကလက်ခံရင် ငါက ဘယ်မျက်နှာကြီးနဲ့ နေရမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းအနေနဲ့ နောက်ပိုင်းကျရင် အကြီးအကဲခန်းကို ငါတို့ရဲ့လစာတွေကို တိုးခိုင်းပြီး အကျိုးခံစားခွင့်တွေကို ပေးလို့ရနေတာပဲလေ။ ဒါပေမယ့် ဒီအိမ်ကိစ္စကို ဖယ်ထားလိုက်ပါ။”

ထန်ရှု တွေဝေသွားသည်။ စုဘင်၏ ရိုးသားဖြောင့်မတ်ပြီး ခေါင်းမာသောအကျင့်စရိုက်အား သူ သတိရမိသဖြင့် ချက်ချင်းပင် မချိပြုံး ပြုံးကာ

“အစ်ကိုဘင်… အာ… မေ့လိုက်တော့… မေ့လိုက်တော့။ ခန်းရှ… မင်းလည်း ကြားတယ်မဟုတ်လား။ နောက်ပိုင်းမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ရင် သူတို့ကို ဆုတွေ ပိုပေးလိုက်ပါ။”

"ပြဿနာမရှိပါဘူး။"

ခန်းရှသည် ထန်ရှုနှင့် စုချွမ်တို့၏ညီအစ်ကိုစိတ်ထားအား ခံစားမိသဖြင့် ပြုံးကာ ခေါင်းညိတ်သည်။

နေ့လည်စာစားပြီးနောက် ထန်ရှုသည် ထိုနေရာတွင် ဆက်လက်နေသည်။ သူသည် သူဋ္ဌေးဖြစ်၍ နေရန်မလိုအပ်သော်လည်း အခြားလုပ်စရာ မရှိသောကြောင့် ခန်းရှ၊ စုချွမ်တို့နှင့်အတူ အခြေအနေကို ကြည့်ရှုရန် ထိုနေရာတွင် နေခဲ့သည်။ အတူတူ ရွှင်မြူးစွာ စကားစမြည်ပြောခြင်းသည်လည်း ပျော်ရွှင်စရာကိစ္စတစ်မျိုး ဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင် ခမ်းနားသော ထန်လုပ်ငန်းစု၏ နတ်ဘုရားဝတ်ရည်သည် အာရုံစိုက်မှုကြီးတစ်ခုကို ဖြစ်ပေါ်စေပြီး ချက်ချင်းကျော်ကြားလာခဲ့သည်။ ဝိုင်မြည်းစမ်းပွဲသို့ လာလည်ကြသော ဧည့်သည်များအားလုံးသည် ၎င်းတို့၏ကောင်တာသို့ သွားကြသည်။ ဒါဇင်နှင့်ချီသောလူတို့သည် ကြိုတင်အော်ဒါတင်ချင်ကြသော်လည်း ခန်းရှက အားလုံးကို ငြင်းဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်အခြေအနေအရ ခန်းရှ၊ စုချွမ် သို့မဟုတ် ထန်ရှုတို့သည် အချက်တစ်ချက်အား သတိပြုမိကြသည်။ နတ်ဘုရားဝတ်ရည်၏ ကျော်ကြားမှုသည် အမြင့်ထိ ထိုးတက်နေသည်ဟူပင်။

(Charm Ming Nge - ခန်းရှ သုံးသွားသော ဈေးကွက်ထိုးဖောက်ရေးနည်းလမ်းသည် လူ လူချင်း သတင်းဆောင်ကာ လူသိများစေသည့် နည်းလမ်း (Word of Mouth Strategy) ဖြစ်သည်။ မိမိကုမ္ပဏီ၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား သဘောကျနှစ်သက်သည့် ဝယ်ယူသူများ၏ စကားများမှတဆင့် မိမိ၏ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအား လူသိများစေခြင်းဖြစ်သည်။ နတ်ဘုရားဝတ်ရည်အား ဈေးကွက်အတွင်းသို့ ဖြန့်ချီသည့်နည်းလမ်းအား exclusive distribution ဟု ခေါ်သည်။ မိမိ၏ထုတ်ကုန်အား သီးသန့်ဆိုင်များတွင်သာ ဝယ်ယူရရှိနိုင်သော ဖြန့်ချီရေး ဖြစ်သည်။)

***

All Chapters