← Chapters

ဆုလာဘ်

Vol. 08 Ch. 377

ဆုလာဘ်

Vol. 08 Ch. 377

ညအချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။

စည်ကားသော ရှန်ဟိုင်းမြို့သည် မီးရောင်တလက်လက်ဖြင့် တောက်ပနေသော မြို့တစ်မြို့ဖြစ်သည်။ ထာဝရခန်းမ၏ ရှန်ဟိုင်းဆိုင်ခွဲတွင် ချီနန်သည် ကောင်တာအား မလှုပ်မယှက် မှီကာ ပျင်းရိစွာ လက်ကိုင်ဖုန်းနှင့် ဆော့ကစားနေသည်။

"အကြီးအကဲချီ … တစ်ယောက်ယောက်က မင်းကို လာရှာနေတယ်။" စားပွဲထိုးအမျိုးသမီးတစ်ယောက် ရောက်လာသည်။

ချီနန်သည် ပျင်းရိစွာ မော့ကြည့်ရင်း မေးလိုက်သည်။ "ငါ့ကို ဘယ်သူရှာနေတာလဲ။"

စားပွဲထိုးအမျိုးသမီးက နောက်ကျောဘက်သို့ လက်ညှိုးထိုးပြပြီး

“သူက အခန်းတစ်ခန်းလိုချင်တယ်လို့ ပြောတဲ့ ကျောင်းသားလေး။ ဒါပေမယ့် အခု ငါတို့စားသောက်ဆိုင်ထဲမှာ အခန်းတွေက အပြည့်ဖြစ်နေတယ်လေ။”

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ချီနန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ သူမ၏လှပသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုကျောင်းသားမှာ ထန်ရှုဖြစ်သည်ကို သိပြီးနောက် သူမသည် စားပွဲထိုးအား ပြောလိုက်သည်။

“စတုတ္ထထပ်က အထူးဧည့်သည်အခန်းကို ချက်ချင်း သွားရှင်းပါ။ အထူးဧည့်သည်အခန်းရဲ့ဝန်ဆောင်မှုအရ အကောင်းဆုံး သောက်စရာနဲ့ ဟင်းလျာတွေကို ပြင်ဆင်ပါ။ မြန်မြန်သွားချေ။"

"အထူးဧည့်သည်ခန်းဟုတ်လား။" စားပွဲထိုးအမျိုးသမီးက ကြက်သေ သေသွားကာ တွေဝေသွားပြီးမှ ထန်ရှုနှင့်တခြားသူများအား လှည့်ကြည့်လိုက်ရင်း ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။

ချီနန်သည် ပြုံးရွှင်သောအမူအရာဖြင့် ထန်ရှုနှင့် အခြားသူများ၏အရှေ့သို့ ရောက်လာသည်။ ခန်းရှ၏ ရင်သပ်ရှုမောဖွယ်အသွင်အပြင်ကို သူမ မြင်ဖူးသော်လည်း ထိုအရာကြောင့် သူမ အနည်းငယ် တုန်လှုပ်မိနေသေးသည်။ ထို့နောက် သူမက ပြုံးပြီး

“ကြိုဆိုပါတယ်။ အခန်းဘယ်နှစ်ခန်းလိုလဲ သူဋ္ဌေး။"

"ချီနန်၊ ငါတို့အတွက် စတုတ္ထထပ်က အထူးဧည့်ခန်းကို စီစဉ်ပါ။ သူတို့အားလုံးက ငါတို့လူတွေပဲ။”

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ချီနန် တုန်လှုပ်သွားပြီးနောက် ပြုံးလိုက်ပြီး

"ငါ ပြင်ဆင်နေပါတယ် သူဌေး။"

"ကောင်းပြီ။ သူတို့နဲ့ မိတ်ဆက်ပေးမယ်။ သူမက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာ ခန်းရှ။ သူက ငါနဲ့အတူကြီးပြင်းလာသော အစ်ကိုစုချွမ် - အခု ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုမှာပဲ အလုပ်လုပ်တယ်။"

ထန်ရှုက အနည်းငယ် ပြုံးကာ

"သူမက ထာဝရခန်းမရဲ့ရှန်ဟိုင်းဌာနခွဲမန်နေဂျာ ချီနန်။"

"ဟယ်လို ခန်းရှ" ချီနန်က သူမလက်ကို လှမ်းလိုက်ကာ ပြုံးပြီး ပြောလိုက်သည်။

"ငါတို့က တစ်ဘက်တည်းကလူတွေမို့ ကျေးဇူးပြုပြီး နန်နန်လို့ ခေါ်ပါ။ ငါက မင်းကို ရှရှလို့ခေါ်ရင်ရော ဘယ်လိုလဲ။"

“ဒါ…” ခန်းရှက ချီတုံချတုံဖြစ်နေပြီးနောက် ချီနန်ကို လက်ဆွဲနှုတ်ဆက်ပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် သူမသည် ထန်ရှုကိုကြည့်ကာ ပဟေဠိဖြစ်နေဟန်ဖြင့် "ဒါက ဘာလဲ သူဌေး။"

"အင်း … ကိုယ်က ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်ပါ။"

ထန်ရှုက ပြုံးပြီး "ဒါပေမယ့် ထာဝရခန်းမရဲ့ ပိုင်ရှင်ကလည်း ငါပါ။"

"နင်က တကယ်ပဲ ထာဝရခန်းမရဲ့သူဋ္ဌေးလား။"

ခန်းရှ လန့်သွားပြီး

“ဒါက ဘယ်လို ဖြစ်နိုင်လဲ။ ငါသိထားတာက ထာဝရခန်းမက ဆယ်စုနှစ်များစွာကတည်းက ရှိနေခဲ့တာလေ။ နင်က ဘယ်လို …”

သူ၏လက်ကို ဝှေ့ယမ်းကာ ခန်းရှ၏စကားအား ကြားဖြတ်လိုက်ပြီး ထန်ရှုက အနည်းငယ် ပြုံးကာ ပြောသည် ။

“မင်းမသိသေးတဲ့ အရာတွေရှိတယ်။ အဲဒါကို နောက်ကျရင် သိလာပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုရားဝတ်ရည်က ဝိုင်မြည်းစမ်းပွဲမှာ အာရုံစိုက်မှုကြီးကြီးမားမား ရခဲ့တယ်။ အဲ့ဒါက မကြာမီမှာပဲ ဝိုင်ကို နာမည်ကြီးအောင် လုပ်ပေးလိမ့်မယ်၊ ဒါကြောင့် ဂုဏ်ပြုစကားနဲ့ ဂုဏ်ပြုပွဲကို ကြိုပြီးပေးမယ်လို့ တွေးထားခဲ့တာ။”

ထန်ရှု ထပ်ပြီး အသေးစိတ်မပြောချင်တော့သည်ကို မြင်လိုက်ရသည့် ခန်းရှက အသာနောက်ပြန်ဆုတ်လိုက်ပြီး ဆက်မမေးတော့ချေ။ ယခု ထန်ရှုနှင့် အတူရှိနေရသည်ကပင် သူမအတွက် အံ့ဩကျေနပ်စရာဖြစ်နေခဲ့ပေသည်။

စတုတ္ထထပ်ရှိ အထူးဧည့်သည်ခန်းတွင်…

ချီနန်က ကျယ်ဝန်းသည့် အထူးဧည့်သည်ခန်းထဲသို့ ခေါ်သွားခဲ့ရာ အတွင်းပိုင်းအပြင်အဆင်ကို ကြည့်ပြီးနောက် စုချွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် သူသည် ပြတင်းပေါက်ဆီသို့ လာကာ အပြင်ဘက်တွင် လူစည်ကားသော လမ်းများပေါ်မှ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းများအား ကြည့်နေသည်။ သူက မနေနိုင်စွာ ရေရွတ်လိုက်မိသည်။

“ဒါက အရမ်းခမ်းနားတာပဲ။ စားသောက်ဆိုင်တော်တော်များများကို ရောက်ဖူးပေမယ့် ဒီလိုခမ်းနားတဲ့စားသောက်ဆိုင်မှာ ဒါပထမဆုံးအကြိမ်ပဲ။”

"ဒါက ငါတို့ထာဝရခန်းမရဲ့ အထူးဧည့်သည်ခန်းမလေ။"

ချီနန်က ရယ်ပြီး

“ဒါက ပုံမှန်တော့ အများပြည်သူကို မဖွင့်ပေးဘူး။ အထူးဧည့်သည်အနည်းငယ်နဲ့ ငါတို့လူတွေကလွဲလို့ အပြင်လူတွေကို ခွင့်မပြုဘူး။”

"ကြည့်ရတာ သူဋ္ဌေးကြီးကြောင့် ငါတို့က အခွင့်ထူးခံနေရတာပေါ့" စုချွမ်က ပြုံးကာပြောသည်။

ခမ်းနားသော ထန်လုပ်ငန်းစု၏ အခြားဝန်ထမ်းများလည်း ထိတ်လန့်သွားကြသည်။ ထန်ရှုသည် ကုမ္ပဏီ၏ သူဋ္ဌေးကြီးဖြစ်သည်ကို သိကြသော်လည်း သူသည် တခြားသူများကို အလုပ်တွေ ခိုင်းပေမယ့် သူ ဘာမှမလုပ်တတ်ကြောင်းသာ သူတို့အားလုံး သိမြင်နေကြသည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ၏ကြီးကျယ်ထည်ဝါမှုအား သူတို့ သိလာကြပြီဖြစ်သည်။ ကုမ္ပဏီ၏ အခြေအနေနှင့် ပတ်သက်ပြီး အများအားဖြင့် စိတ်မဝင်စားသော သူဋ္ဌေးသည် ခမ်းနားသော ထန်လုပ်ငန်းစုအပြင် အခြားစီးပွားရေးလုပ်ငန်းများပါ လုပ်ကိုင်ထားသည်။

"ထိုင်ကြလေ။" ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

ခန်းရှက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ထန်ရှုအတွက် ကုလားထိုင်ကို ကိုယ်တိုင် ဆွဲပေးလိုက်သည်။ ထို့နောက် သူမက ပြုံးကာ ထန်ရှု၏ဘေးတွင် ထိုင်လိုက်သည်။

ချီနန်က မထိုင်ဘဲ

“သူဋ္ဌေး… အကြီးအကဲကျိ ရောက်နေပြီ။ ပြီးခဲ့တဲ့ရက်က သူဋ္ဌေး ကွမ်းယန်ကို သွားမှန်းသိလို့ သူဋ္ဌေးဆီ လှမ်းမပြောဖြစ်တာ။ သူဋ္ဌေးအချိန်ရရင် သူ့ကိုတွေ့နိုင်မလား။"

ခဏလောက် တွေးတောပြီးနောက် ထန်ရှုက

“အကြီးအကဲကျိကို ခဏနေခိုင်းထားပါဦး။ ငါစောင့်နေတဲ့လူက ရှန်ဟိုင်းကို မရောက်သေးဘူး။  အဲဒီ့လူရောက်လာပြီးရင် သူမကို ဆက်သွယ်လိုက်မယ်။”

“ကောင်းပါပြီ။” ချီနန်က ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်သည်။

ထာဝရခန်းမ၏ အထူးကောင်းမွန်သော ဟင်းပွဲများနှင့် ဝိုင်ကောင်းများကို လျင်မြန်စွာ ပေးပို့တည်ခင်းထားပြီဖြစ်သည်။မွှေးကြိုင်သောဟင်းလျာများသည် လူတိုင်း၏စားချင်စိတ်အား နှိုးဆွပေးသည်။ ညစာ စာပြီးရန် အချိန်နှစ်နာရီမျှ ကြာခဲ့သည်။

ခန်းရှသည် ဝိုင်အနည်းငယ်သာ သောက်ခဲ့သော်လည်း သူမ၏ ရင်သပ်ရှုမောဖွယ်လှပသော မျက်နှာထက်တွင် နှင်းဆီရောင် သန်းနေမှုသည် သူမအား ပိုမိုချစ်စရာကောင်းပြီး နှစ်လိုဖွယ် ဖြစ်စေသည်။

"သူဌေး… ရှန်ဟိုင်းမြို့ရဲ့ ညရှုခင်းတွေကို ကြည့်ဖို့ နင် ငါ့ကို လိုက်ပို့ပေးနိုင်မလား။"

စားသောက်ဆိုင်မှ ထွက်ခွာပြီးနောက် ခန်းရှသည် ထန်ရှုနှင့်အတူ လမ်းလျှောက်ကာ တီးတိုးလေး ကပ်ပြောလိုက်သည်။

"ကောင်းပြီ။"

ထန်ရှုက သူမအား မငြင်းဆန်ချေ။ ခန်းရှသည် သူယုံကြည်သဘောကျသော သူငယ်ချင်းဖြစ်သည်။ ထို့ကြောင့် သူမအား ကျေနပ်နှစ်သိမ့်စေချင်သည်။ စုချွမ်နှင့် ကျန်သောသူများအား လွှတ်လိုက်ပြီးနောက် ထန်ရှုသည် ချီနန်ကိုကြည့်ကာ ပြုံးရင်းပြောသည်။

" မင်းကိစ္စရှိရင် ပြန်လေနော်။ ငါ ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ ခန်းရှကိုခေါ်သွားလိုက်မယ်။"

ချီနန်သည် ခန်းရှအား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ပြုံးပြီး မေးသည်။

"သူဌေး… ငါ့ကားကို သုံးချင်လား။"

"မလိုဘူး။" ထန်ရှုက သူ၏လက်အား ဝှေ့ယမ်းရင်း ပြောသည်။

“ငါ့အတွက် အရက်သောက်ပြီး ကားမောင်းတာ ဘာပြဿနာမှ မရှိပေမယ့် အရက်မူးပြီး ကားမောင်းတာစိုးရိမ်စရာပါပဲ။ အဲ့ဒါကြောင့် ငါတို့ တက္ကစီစီးလိုက်မယ်။"

"ကောင်းပါပြီ။" ချီနန်က ပြန်ဖြေရင်း စားသောက်ဆိုင်ဆီသို့ ပြန်လှည့်သွားသည်။

ထို့နောက် ထန်ရှုက ခန်းရှကိုကြည့်ပြီး ပြုံးကာ မေးသည်။

"မင်း ဘယ်သွားချင်လဲ။ ရှန်ဟိုင်းကို ပထမဆုံးရောက်တုန်းက အတန်းဖော်တွေနဲ့ လျှောက်လည်ခဲ့တယ်။ တကယ်တော့ ဒီမြို့ကြီးဟာ အရမ်းကောင်းပါတယ်။”

"ငါတို့ ဘန်းကိုသွားရင်ရော ဘယ်လိုလဲ။" ခန်းရှက ပြုံးပြီးပြောလိုက်သည်။

“ဟောင်ပုမြစ်ရဲ့ ညမြင်ကွင်းကို ငါ ကြည့်ချင်တယ်။ အာ… ဟုတ်ပြီ။ ဟောင်ပုမြစ်မှာ ညဘက်ခရီးသည်တင်လှေစီးနိုင်ရင် ပိုကောင်းလိမ့်မယ်။”

"ကောင်းပါပြီ။"

ထန်ရှု ခေါင်းညိတ်လိုက်သည်။ တက္ကစီတစ်စီးကို တားပြီးနောက် သူတို့သည် ဟောင်ပုမြစ်၏ ကူးတို့လက်မှတ်ရုံးသို့ အမြန်ရောက်ရှိလာသည်။ ထန်ရှုက လက်မှတ်များဝယ်ပြီး ဟောင်ပုမြစ်ကို လှည့်လည်ကြည့်ရှုန်ရန် ခန်းရှနှင့်အတူ ကမ်းခြေသို့ ပြန်လာခဲ့သည်။ ခန်းရှနှင့် ထန်ရှုတို့သည် လူအုပ်ကြားတွင် ဘေးချင်းကပ် လျှောက်လာခဲ့သည်။ နောက်ဆုံးတွင် တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် ခန်းရှသည် သူမ၏လက်ကလေးကို ဆန့်ကာ ထန်ရှု၏လက်အား ဆုပ်ကိုင်လိုက်သည်။

သူမကို စိုက်ကြည့်ရင်း ထန်ရှု အနည်းငယ်ပြုံးလိုက်ကာ

“မင်းမှာ မေးချင်တာတွေ ရှိနေပုံရတယ်။ ထာဝရခန်းမရဲ့ ပိုင်ရှင်ဖြစ်သွားတာကိုလည်း မင်း သိချင်တယ်မဟုတ်လား။”

"ငါ မေးချင်တာက နင် ထာဝရခန်းမရဲ့ပိုင်ရှင် ဘယ်လိုဖြစ်လာတာလဲဆိုတာ မဟုတ်ဘူး။"

ခန်းရှက ပြုံးလိုက်ရင်း

“ဒါပေမယ့် ချီနန်အကြောင်းတော့ သိချင်တယ်။ နင်နဲ့သူ့ရဲ့ ဆက်ဆံရေးက နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး။”

ထန်ရှု တစ်ချက် ကြောင်သွားပြီးမှ ချက်ခြင်း ရယ်မောလိုက်သည်။

"ငါတို့ ဆက်ဆံရေးက ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးလို့ မင်း တွေးလို့ မရဘူး ဟုတ်လား။"

“မဟုတ်ဘူး၊ အဲဒီ့လို မဟုတ်ဘူး။ ပြောရရင် မင်းတို့နှစ်ယောက်က အရမ်းရင်းနှီးပုံရတယ်၊ ဒါပေမယ့် သူက မင်းကို အရမ်းလေးစားတယ်။" ခန်းရှက ဆက်ပြောသည်။

“ဒါက အတုအယောင် လေးစားမှုနဲ့ မတူပါဘူး။ ဒါပေမယ့် အဲဒါက ရင်ထဲနှလုံးသားထဲက လာတဲ့လေးစားမှု။ အဲ့ဒါကို သူမက ဖုံးကွယ်ဖို့ ကြိုးစားပေမယ့်လည်း မကြာခဏ ထွက်ထွက်လာတယ်… သူမက နင့်ကို ချော့မော့နေသလိုမျိုး။”

ဟောင်ပုမြစ်အနီးတွင် ရပ်နေစဉ် ထန်ရှု၏ မျက်နှာထက်ရှိ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့လာသည်။ မြစ်မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသော မှိန်ဖျော့ဖျော့ မီးရောင်များ၏ပုံရိပ်မြင်ကွင်းကို ကြည့်ပြီး သူက

"ခန်းရှ… မင်း သူမကို အရမ်းဂရုစိုက်တယ်။ ဒါပေမယ့် သူမကရော မင်းဆီက ထူးထူးခြားခြားနဲ့ သီးသန့်ဖြစ်နေတဲ့အပြုအမူတစ်ခုကို တွေ့လိမ့်မယ်လို့ မင်း မထင်မိဘူးလား။"

"ဒါက သူမကို ပထမဆုံးအကြိမ်တွေ့တာမဟုတ်ဘူးလို့ ငါထင်တယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒါဟာ မိတ်ဟောင်းဆွေဟောင်းတွေကြားက ချစ်ခင်တွယ်တာတဲ့ ခံစားချက်တစ်ခုလိုလို ဘာလိုလိုပါပဲ။ ငါလည်း သေချာ မပြောပြတတ်ဘူး။” ခန်းရှက ပြန်ဖြေသည်။

ထန်ရှုသည် လှည့်ကာ သူမ၏မျက်နှာအား ကြည့်လိုက်သည်။ ရေကဲ့သို့ ကြည်လင်ကာ တောက်ပနေသော သူမ၏ စိုရွှန်းသော မျက်ဝန်းအစုံအား ကြည့်ရင်း

"ကျင့်ကြံမှုနည်းစနစ်ကို  ကိုယ် သင်ပေးပြီးပြီ။ မင်းရဲ့လေ့ကျင့်မှုက ဘယ်လိုလဲ။"

"အတွင်းချီကို မခံစားမိသေးဘူး။" ခန်းရှက ပြောသည်။

"မင်းက အတွင်းပိုင်းချီကို မခံစားဖူးပေမယ့် သူမက အစစ်အမှန်ချီကို ကျင့်ကြံပြီး လေ့ကျင့်ပျိုးထောင်နေတာ။ စစ်မှန်တဲ့ ကျင့်ကြံမှုလမ်းကြောင်းပေါ် သူမ မရောက်သေးပေမယ့် အနာဂတ်မှာ သင်ယူနိုင်လိမ့်မယ်။ ထာဝရခန်းမရဲ့အဓိကအဖွဲ့ဝင်များအားလုံးက ကိုယ့်အမိန့်ကို တစ်သွေမတိမ်း နာခံကြသည့်သူများ ဖြစ်တယ်။ ကိုယ့်ရှေ့မှာ သူတို့ကို သတ်သေဖို့ အမိန့်ပေးရင်တောင်မှ ချက်ခြင်း သေကြမယ့်သူတွေပါ။”

ခန်းရှ၏ နှလုံးသားလေး တုန်လှုပ်သွားရသည်။ သူမက ထန်ရှုအား မယုံကြည်နိုင်ဟန်အမူအရာဖြင့် ကြည့်ကာ မေးသည်။

"သူဋ္ဌေး… ဒီလိုသစ္စာရှိတဲ့သူတွေက ဒီကမ္ဘာမှာ တကယ်ရှိနိုင်ပါ့မလား။"

"သူတို့က မတူဘူး။ သူတို့ရဲ့အသက်တွေက သူတို့အတွက်တင်မဟုတ်ပါဘူး။” ထန်ရှုက ပြောသည်။

"သူဋ္ဌေး… ငါသဘောမတူဘူးလို့ ပြောရမယ်။" ခန်းရှက သူမ၏ခေါင်းကို ယမ်းလိုက်ပြီး

“သူတို့ရဲ့ အသက်က သူတို့လက်ထဲမှာ ထိန်းချုပ်ဖို့ ရှိရမယ်။ အနာဂတ်မှာ သူတို့ ဘယ်လို လျှောက်လှမ်းကြမလဲဆိုတာအတွက် သူတို့ လျှောက်ရမယ့်လမ်း ရှိပါတယ်။ နင် ဒီလိုမျိုး ဘယ်လိုပြောနိုင် …”

“သူတို့ လျှောက်တဲ့လမ်းက တကယ်ပဲ ဆုံးသွားပြီ” ထန်ရှုက သူမရဲ့စကားကို ကြားဖြတ်ကာ ယုံကြည်မှုရှိစွာ ပြောလိုက်ပြီး

"သူတို့က အသက်ကြီးပြီး မထင်မရှား မသေချင်ကြရင် ကိုယ့်နောက်ကို ပြင်းပြင်းထန်ထန် လိုက်ကြလိမ့်မယ်။ အနာဂတ်မှာ သူတို့လျှောက်ရမယ့်လမ်းကို ကိုယ်ပေးမယ်။ ဒါကြောင့် သူတို့ရဲ့အသက်တွေက ကိုယ့်အပေါ် သစ္စာစောင့်သိဖို့ သူတို့အသုံးပြုရမယ့် အရာတစ်ခုပါပဲ။”

"နင် ပေးထားတာလား။" ခန်းရှ အံ့သြသွားပြီး  "နင် သူတို့ကို ဘယ်လိုပေးလိုက်တာလဲ။"

"မင်းရဲ့ကျင့်ကြံမှုနည်းစနစ်ကို သင်ပေးတုန်းက ငါပြောခဲ့တာကို မင်းမေ့သွားတယ်လို့ မပြောနဲ့နော်။

"…ပိုမို အားသန်ပြီး ဆက်လက် အသက်ရှင်ပါ…" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးပြီးပြောလိုက်သည်။ "သူတို့က နယ်ပယ်တစ်ခုအထိ ကျင်ကြံနိုင်ရင် သူတို့ အသက်ရှည်လိမ့်မယ်။ သူတို့တင်မကဘူး မင်းကလည်း ငါ့ဆီက ကျင့်ကြံမှုနည်းစနစ်ကို သင်ယူပြီးပြီမို့ မင်းအသက်ကလည်း ငါ့အပိုင်ပဲ။”

ခန်းရှ တခဏမျှ တိတ်ဆိတ်သွားသည်။ သူမ၏မျက်နှာလှလှလေးပေါ်တွင် အပြုံးတစ်ခု ရုတ်ချည်းပေါ်လာပြီး

“ကောင်းပြီ။ ငါ့အသက်နဲ့ ခန္ဓာကိုယ်က နင်ပိုင်တယ်။”

“အာ…” ထန်ရှု တစ်ခဏမျှ တုန်လှုပ်သွားပြီး ခန်းရှနှင့်ပတ်သက်သည့်ကိစ္စအား ရုတ်တရက် ပြန်သတိရသွားသဖြင့် သူ၏ဝမ်းဗိုက်အောက်က အစိတ်အပိုင်းက ပူနွေးလာခဲ့သည်။

“ခန်းရှ… ကိုယ်…”

ထန်ရှုက စကားပြောရန် သူ၏ပါးစပ်ကို ပာလိုက်သည်။

ခန်းရှက သူမ၏ကျောက်စိမ်းနှင့်တူသော လက်ချောင်းသွယ်သွယ်လေးများကို မြှောက်လိုက်ပြီး ထန်ရှု၏ နှုတ်ခမ်းများကို ညင်သာစွာ အုပ်လိုက်ကာ ပေါ့ပေါ့ပါးပါး ရယ်မောရင်း

"ငါတို့က သာမာန်စုံတွဲတစ်တွဲ မဖြစ်နိုင်ဘူးလို့ နင်ပြောထားတာ ငါသိပါတယ်။ ဒါပေမယ့် ငါ အဲဒါကို စိတ်မဆိုးပါဘူး။ နင့်ရဲ့နှလုံးသားထဲမှာ နေရာတစ်ခု ငါ့အတွက် ရှိနေသရွေ့ ငါကျေနပ်တယ်။"

ထန်ရှု စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ၏ပခုံးကို ဖက်ကာ

“အဲဒီ့အကြောင်း မပြောနဲ့တော့။ တခြားနေရာကို သွားရအောင်။”

ခန်းရှက ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ချေ။ သူမ၏ မျက်လုံးများမှ ခြားနားသော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူမ မည်သည့်အကြောင်းအရာ တွေးနေသနည်းဆိုသည်ကို မည်သူမျှ သိမည်မဟုတ်ချေ။

အချိန်အတော်ကြာလျှောက်ပြီးနောက် ခန်းရှက နူးညံ့စွာ ပြောလိုက်သည်။

“ဒီအနီးနားက ကုန်တိုက်တစ်ခုကို ငါ သိတယ်။ အဝတ်အစားနည်းနည်းဝယ်ချင်လို့ လိုက်ပို့ပေးပါလား။”

"ကောင်းပါပြီ။” ထန်ရှုက ပြုံးကာ ပြောလိုက်ပြီး

“အာ… ဒီကုန်တိုက်က အဝတ်အစားတွေအပြင် တခြားပစ္စည်းပါ ရောင်းတာလား။ ကိုယ် လက်တော့ပ်တစ်လုံးလောက် ဝယ်ချင်တယ်။ အခုခေတ်ကြီးမှာ ကွန်ပြူတာနဲ့ပတ်သက်ပြီး ဗဟုသုတမရှိတဲ့သူကို စာမတတ်သူလို့ မှတ်ယူနိုင်တယ်လေ။”

"နင် ကွန်ပြူတာကို ဘယ်လိုသုံးရမှန်းမသိဘူးလား။" ခန်းရှ အံ့သြသွားသည်။

"ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေအတွက် ငါသုံးနိုင်တယ်။ အထက်တန်းကျောင်းတုန်းက ကွန်ပျူတာသင်တန်းရှိတယ်လေ။ ဒါပေမယ့ ကိုယ်လေ့လာခဲ့တဲ့အရာတွေက အရမ်းရိုးရှင်းပါတယ်။ စမတ်ဖုန်း စသုံးဖြစ်တာတောင် ဟိုတလောလေးမှပဲ။” ထန်ရှု ရှင်းပြသည်။

***

All Chapters