လမ်းလည်ကောင်တိုက်ပွဲ
Vol. 08 Ch. 379
အဆောက်အဦး၏အဝင်ဝတွင်…
ခန်းရှနှင့်ထွက်လာသော ထန်ရှုသည် တစ်စုံတစ်ခု လွဲမှားနေသည်ကို ရိပ်စားမိလိုက်သည်။ မကောင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားသော မျက်လုံးအချို့က သူ့အား အဆက်မပြတ် ကြည့်နေသည်။ အနည်းငယ် ဝေ့ဝဲကြည့်ရုံမျှဖြင့် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားသည့် လူရွယ်အယောက် နှစ်ဆယ်ခန့်သည် သူ့ထံ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို သူ သိနိုင်ပေသည်။
“ကိုယ့်နောက်က နီးနီးကပ်ကပ်လိုက်ခဲ့။ ဘာကိစ္စပဲဖြစ်ဖြစ် မကြောက်ရဘူးနော်။”
ထန်ရှုက ခန်းရှ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ။" ခန်းရှက စိတ်ရှုပ်သွားသည့်ဟန်ဖြင့် မေးလာသည်။
“တချို့စိတ်သဘောထားသေးသိမ်တဲ့သူတွေက ကိုယ့်ကို ပြဿနာရှာချင်နေကြတယ်။”
ထန်ရှုက သူ့နှုတ်ခမ်းတွေကို သပ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"လီလို့ အမည်ရတဲ့ ဒီငတိနဲ့ ပတ်သက်မှာပဲစိုးရတယ်။"
"လီကျန်းလား။"
ထန်ရှုလှမ်းကြည့်နေသည့်ဘက်သို့ ခန်းရှ လှည့်ကြည့်လိုက်ရာ ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားသော လူရွယ်ငါးယောက်က သူတို့အား စိုက်ကြည့်နေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။ အခြားဘက်များတွင်လည်း အလားတူလူရွယ်များသည် သူတို့နှင့် နီးကပ်စွာ ရှိခဲ့သည်။
“သူဌေး … ဒီနေရာက အရမ်းစည်ကားတာကို သူတို့ ဒီလောက် ရဲတင်းမနေသင့်ဘူး မဟုတ်လား။”
ခန်းရှ အနည်းငယ် ထိတ်လန့်သွားရသည်။
“သူတို့က အဓိက လှုံ့ဆော်သူ မဟုတ်ဘူး။”
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်မယ်။ အဲ့ဒီကျောထောက်နောက်ခံကြောင့်မို့ ဒီလိုပတ်ဝန်းကျင်မှာ သတ္တိရှိရှိ လုပ်ရဲနေတာပေါ့။ မင်း ကိုယ့်အနားမှာပဲ နေ။ ဒီဒေသခံလူမိုက်တွေလောက်ကတော့ ကိုယ့်အတွက် စာမဖွဲ့ဘူး။”
ထိုအချိန်တွင် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှင့်လိုက်ရာ မီတာ ၂၀၀မှ ၃၀၀အတွင်း လူတိုင်း၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း သိမြင်ရပေသည်။
"အိုး…"
ရှန်ဟိုင်းတက္ကသိုလ်ဝင်ပေါက်တွင် တစ်ကြိမ်တွေ့ဖူးသည့် လူတစ်ယောက်အား တွေ့လိုက်ရသည့်အတွက် ထန်ရှု မျက်ခုံးတွန့်သွားသည်။ ထိုအချိန်က လီကျန်းနှင့် အတူရှိနေသည့် လူရွယ်တစ်ဦးမှာ သူ့အား မခိုးမခန့်ပြုမူသောကြောင့် ထန်ရှု၏ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ထို့အပြင် သူ၏စိတ်ဝိညာဉ်အာရုံကြည့်ခြင်းအားဖြင့် ထိုသူ၏နောက်တွင် ရှိနေသော တုတ်ခိုင်သည့် လူလေးယောက်လည်း ထန်ရှုတို့ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
"အိုး…"
ထန်ရှုသည် အခြားသော အသိမိတ်ဆွေများကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။ သူတစ်ပါး၏ ကံကြမ္မာအား မြင်ရသဖြင့် ပျော်ရွှင်နေဟန်ရှိသော လီကျန်းနှင့် အခြားလူရွယ်တစ်ဦးဖြစ်သည်။ အစောပိုင်းတွင်လည်း ထိုနှစ်ယောက်သည် ထန်ရှုနှင့် ခန်းရှတို့ဖြင့် ထိပ်တိုက်တွေ့ခဲ့ကြပြီးဖြစ်သည်။ ထိုနှစ်ယောက်သည် ထန်ရှုနှင့် ရှန်ဟိုင်းတက္ကသိုလ်တွင် ပြသနာဖြစ်ထားသောလူနှင့် အတူရှိရမည့်အစား ဆန့်ကျင်ဘက် အဆောက်အဦး၏တတိယထပ်တွင် ပုန်းအောင်းကြည့်ရှုနေခဲ့သည်။
…ဘယ်လောက်သနားစရာကောင်းတဲ့ကောင်လဲ။ ဒီငတိက မြှောက်ထိုးပင့်ကော်သမားပဲဟ။…
ထန်ရှု၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီးနောက် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ပြောသည်။
“ချီနန် … ရှန်ဟိုင်းရဲ့လီမိသားစုကို စုံစမ်းပါ။ အသေးစိတ်စုံစမ်းရလေလေ၊ ပိုကောင်းလေပဲ။ ဒီနေ့ညကတော့ လီမိသားစုကို သွားလည်ရမယ့် အချိန်ကောင်းလေး ကျလာပြီ။ နောက်ပြီး ခန်းရှက လီမိသားစုရဲ့မိန်းမပျို လီတန်နဲ့ဆို ညီမကောင်းတစ်ယောက်ပေါ့။"
ထာဝရခန်းမ၏ ရှန်ဟိုင်းဌာနခွဲတွင် ချီနန်သည် ပျင်းရိငြီးငွေ့စွာဖြင့် ငါးကန်ထဲမှ အာရိုဝါးနားငါးနှစ်ကောင်အား ကြည့်နေသည်။ ထန်ရှု၏ဖုန်းခေါ်ဆိုမှုအား သူမ လက်ခံရရှိပြီး သူ၏အေးစက်သောအသံကိုကြားသောအခါ ရုတ်ခြည်းပင် မျက်လုံးများ တောက်ပလာကာ
“သူဌေး … ငါ့သတင်းကို စောင့်ပါ။ လီမိသားစုရဲ့အသေးစိတ်အချက်အလက်တွေကို အနည်းဆုံးနာရီဝက်လောက်ဆို ရှင်းရှင်းလင်းလင်း သိရမှာပါ။ ဒါနဲ့ သူဋ္ဌေး ဒီကိုလာမှာလား ဒါမှမဟုတ် ငါ ရှာရမှာလား။"
"ငါ မင်းကို လာတွေ့မယ်။" ထန်ရှုက ပြောသည်။
"ကောင်းပါပြီ။"
ချီနန်က စိတ်အားထက်သန်စွာ ဖုန်းချလိုက်သည်။
သိပ်မကြာမီ သူမသည် ထာဝရခန်းမ၏ ထောက်လှမ်းရေးကွန်ရက်ထဲရှိ လူတိုင်းအား ဖုန်းခေါ်ပြီး လုပ်ငန်းစတင်လိုက်သည်။ ထာဝရခန်းမ၏ အဓိကအဖွဲ့ဝင်များအားလုံးသည် လမ်းကြောင်းများနှင့် ကွန်ရက်အမျိုးမျိုးမှတစ်ဆင့် ရှန်ဟိုင်း၏ လီမိသားစုအကြောင်း သတင်းအချက်အလက်များအား စုဆောင်းလာကြသည်။
လူစည်ကားသောလမ်းပေါ်တွင်…
ထန်ရှုသည် လေးဘက်လေးတန်မှ ချဉ်းကပ်လာသည့် လူရွယ်များအား လှည့်ပတ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများသည် ချန်ယီနှင့် သူ၏ဘေးမှ လူကြီးသုံးယောက်အား စိုက်ကြည့်လိုက်သည်။ အထူးသဖြင့် သူ၏အကြည့်များသည် ချန်ယီနှင့် သူ့ဘေးကလူဆီ ကျရောက်နေသည်။ သူတို့၏ခါးတွင် ချိတ်ဆွဲထားသည်မှာ ဓားများ မဟုတ်ဘဲ သေနတ်များ ဖြစ်နေသည်။
“မစခင် လမ်းထောင့်က လူရဲ့နာမည်ကို ပြောပြလို့ရမလား။”
ထန်ရှုက ချန်ယီကိုကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ချန်ယီသည် တစ်ခဏတာ ငိုင်သွားပြီးနောက် မျက်ခုံးပင့်ကာ ရယ်မောလိုက်ရင်း
"ဝိုး ချာတိတ် … မင်းက အရမ်းတော်တာပဲ မဟုတ်လား။ သခင်လေးယုက မင်းကို ဗျင်းချင်နေတာ မင်းသိတယ်ပေါ့။ သူက ရှန်ဟိုင်းမေ့ဒူရဲ့ အကြီးဆုံး သခင်လေးဆိုတာ မင်းသိနေတယ်ဆိုမှတော့ လိမ်လိမ်မာမာနဲ့ ငါတို့နဲ့ လိုက်ခဲ့ရင်ရော ဘယ်လိုလဲ။"
"မင်းက တိုက်ခိုက်ချင်လို့ထင်တယ်။ ငါ့အတွက်က ပြဿနာမဟုတ်ပါဘူး။ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။ နေရာက တိတ်တိတ်ဆိတ်ဆိတ်ရှိနေရင် ပိုကောင်းတယ်။"
ချန်ယီ၏မျက်နှာပေါ်ရှိ အပြုံးသည် ကွယ်ပျောက်သွားပြီး တည်ကြည်သော အမူအရာဖြင့် အစားထိုးလာသည်။ ထန်ရှု၏တည်ငြိမ်သည့် အမူအရာအား ကြည့်ရင်း သူ၏နှလုံးသားထဲတွင် ထိတ်လန့်မှုအနည်းငယ် ပေါက်ဖွားလာပေသည်။
"ချာတိတ်… မင်းက ငါတို့လောကက လူပဲလား။"
"ကောင်းပြီ။ ကြည့်ရတာ မင်းက ငါ့အကြောင်းကို အရင်မေးဖို့ သိတယ်ဆိုကတည်းက ငတုံးတစ်ယောက်တော့ မဟုတ်လောက်ဘူးပဲ။"
ထန်ရှုက အနည်းငယ် ပြုံးလိုက်ပြီး
"ဒါပေမယ့် ယုဇီတောင်မှ မလာရဲဘူး။ အဲ့ဒါက သူ ငါ့ကိုကြောက်နေတယ်ဆိုတာ ပြနေတာမဟုတ်ဘူးလား။ သြော် … မင်းက ငါ့အကြောင်း သိဟန်မတူဘူး။"
ချန်ယီ မျက်မှောင်ကြုတ်လိုက်ရင်း ယုဇီပုန်းနေသည့်နေရာအား မသိစိတ်ဖြင့် အလိုလို ကြည့်လိုက်မိသည်။ ခဏတိတ်ဆိတ်သွားပြီးနောက် သူက မထီတထီရယ်မောလိုက်ကာ
"ချာတိတ်… သရုပ်ဆောင်မနေနဲ့တော့။ မင်းက သခင်လေးယုကို ပြစ်မှားတဲ့အတွက် အဆုံးသတ်က မကောင်းတော့ဘူး။ နောက်ပြီး မင်းဘေးနားက အမျိုးသမီးကို ငါတို့ ဘာမှ မလုပ်ဘူးဆိုပေမယ့် ရဲခေါ်တာမျိုးတွေ…မလုပ်ဖို့ သူမကို သတိပေးထား။”
ထန်ရှုက ခန်းရှကို ပြုံးကာကြည့်ရင်း
"မင်း ကိုယ့်ကိုယုံလား။"
ခန်းရှ အတော် စိတ်ပူသွားသော်လည်း တစ်ဖက်သားက အလျင်စလိုမလုပ်ဘဲ ကြောက်ရွံ့နေသော အရိပ်အယောင်ကို မြင်လိုက်ရပြီးနောက် သူမက ချက်ချင်း ပြန်ပြုံးကာ ခေါင်းခါပြလိုက်ပြီး
"ဒါပေါ့ ငါ မကြောက်ပါဘူး။ နောက်ပြီး နင် အရင်က ပျံသန်းနေတဲ့နဂါးသိုင်းသင်တန်းကျောင်းကို အလည်သွားဖို့ နင့်လူတွေကို ခေါ်သွားတဲ့ မြင်ကွင်းကို ငါမြင်ဖူးသားပဲ။ ပျံသန်းနေတဲ့ နဂါးသိုင်းသင်တန်းကျောင်းက လူတွေလောက် သူတို့ ကောင်းကောင်း မစွမ်းဆောင်နိုင်မှာကိုပဲ ငါ စိုးရိမ်တာပါ။”
…အဲ့ဒီလူငယ်က သူဌေးလား။… ပျံသန်းနေတဲ့ နဂါးသိုင်းသင်တန်းကျောင်း ဆိုပါလား။…
ချန်ယီ၏ မျက်ခုံးများ တွန့်သွားပြန်သည်။ ဤအခိုက်အတန့်တွင် ထန်ရှုအပေါ် သူ၏ကြောက်ရွံ့မှုက အနည်းငယ် ပိုတိုးလာသည်။ ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးပြကြီးများတွင် ကြာမြင့်စွာ အမြစ်တွယ်နိုင်ခြင်းမှာ သူသည် ငတုံးငအတစ်ယောက် မဟုတ်သောကြောင့်ဖြစ်သည်။ မည်သူကို ပြစ်မှားနိုင်သည်၊ မည်သူကိုတော့ မထိနိုင်…စသောအချက်များအား သူ ကောင်းစွာ သိထားသည်။ နို့မဟုတ်ပါက သူသည် ဘေးဒုက္ခဆိုးကြီးနှင့် ရင်ဆိုင်ရသည်မှာ ကြာပြီးဖြစ်ပေလိမ့်မည်။
"သွားကြရအောင်။ တခြားနေရာမှာ စကားပြောကြတာပေါ့။"
သည်ကိစ္စအား ခဏလောက် ချိန်ဆပြီးနောက် ချန်ယီက သူ အကြောက်လန့်လွန်သွားသည်ဟု ထင်ပြီး ချက်ချင်းပင် ရှက်ဒေါသ ဖြစ်သွားရသည်။
"လမ်းပြပါ။" ထန်ရှု တည်ငြိမ်စွာ ပြောလိုက်သည်။
အနီးနားက လမ်းထောင့်တွင် ယုဇီက မျက်မှောင်ကြုတ်ပြီး ဒေါသတကြီး ကြည့်နေသည်။ သူ လိုချင်သည်က ချန်ယီသည် ထန်ရှုကိုတွေ့သည်နှင့် ချက်ချင်းရိုက်ပြီး ထန်ရှုကို ထားခဲ့ကာ ချက်ချင်း ထွက်ခွာသွားတာမျိုးကိုပင်။ သို့သော်လည်း ချန်ယီသည် ထန်ရှုနှင့် အမှန်တကယ် စကားပြောဆိုနေခဲ့ပြီး ထိုကဲ့သို့ လုံးဝမလုပ်ဆောင်ခဲ့ပေ။
မိနစ်အနည်းငယ်အကြာတွင် လူအုပ်ကြီးသည် လွန်ခဲ့သည့်အခိုက်အတန့်က လမ်းနှင့်ယှဉ်လျှင် အလွန်တိတ်ဆိတ်သော နေရာကွက်လပ်တစ်ခုသို့ ရောက်လာသည်။ ယုဇီက အနောက်ကနေ ဂရုတစိုက် လိုက်လာသည်။ သို့သော် သူ့အား မသိလိုက်စေဘဲ လူနှစ်ယောက်က သူတို့၏အနောက်ကို တိတ်တဆိတ် လိုက်လာပြီး သူ၊ ချန်ယီ၊ ထန်ရှုနှင့် တခြားသူများအား စိုက်ကြည့်နေသည်။
"ချာတိတ် … ငါ့ကိုပြော။ မင်းက ဘယ်မိသားစုထဲက ပုံရိပ်လဲ။”
ချန်ယီနှင့် အခြားသူများသည် ထန်ရှုနှင့် ခန်းရှတို့ကို ဤနေရာသို့ ခေါ်ဆောင်သွားသော်လည်း သူသည် အလျင်စလိုမလုပ်သေးပေ။ သတိကြီးစွာ ထားပြီး မေးလိုက်သည်။
"ငါ့ရဲ့ပုံရိပ်ကို မင်းကိုပြောပြရင်တောင် မင်း ငါ့ကို သိမှာမဟုတ်ဘူး။" ထန်ရှုက တီးတိုးပြောသည်။ "မင်းကြောက်ရင် ချက်ချင်းထွက်သွားတာ ပိုကောင်းတယ်။ ဒါပေမယ့် စမ်းချင်ရင် စမ်းကြည့်လို့ ရတယ်။ ဘာပဲဖြစ်ဖြစ် ယုဇီက ငါတို့နောက်ကို လျှို့ဝှက်လိုက်နေတာ။ မင်း မလုပ်ဝံ့ရင် သူ့ကို ဒီကိုလာခိုင်းလိုက်။"
ချန်ယီက မျက်မှောင်ကြုတ်ပြန်သည်။ သူက အနောက်ကို အမြန် တစ်ချက် ကြည့်လိုက်သော်လည်း ယုဇီအား မတွေ့ချေ။ ခဏလောက်စဉ်းစားပြီးမှ သူ့ဘေးနားက လူကြီးတစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုသူက အနောက်ဘက်သို့ အပြေးသွားလိုက်ရာ လမ်းထောင့်တွင် ယုဇီကို တွေ့လိုက်သည်။ ထို့နောက် ထိုလူသည် ယုဇီဆီသို့ လျှောက်လာပြီး
"သခင်လေးယု … သူဌေးက မင်းကို မေးနေတယ်"
"ဘာဖြစ်သွားတာလဲ။" ယုဇီ၏မျက်နှာ ပြောင်းလဲသွားပြီး လေသံအက်ရှရှဖြင့် မေးလိုက်သည်။
"အဲ့ဒီကလေးက ထူးထူးခြားခြား နောက်ခံရှိပုံရတယ်။ သူဌေးကလည်း သူ့ကို ကြောက်ဟန်ရှိတယ်။ နောက်ပြီး အဲ့ဒီချာတိတ်က ငါတို့နောက်ကနေ သခင်လေး လိုက်နေတယ်ဆိုတာ သိနေတော့ သူက မင်းကို အဲ့ဒီကို လာစေချင်နေတာ။”
ယုဇီ၏အမူအရာပြောင်းလဲသွားကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လမ်းမပေါ်သို့ လျှောက်သွားလိုက်သည်။
"ချန်ယီ မင်း ဘယ်လို အလုပ်လုပ်နေတာလဲ။ ငါက သူ့ကို အရူးလုပ်ချင်တယ်။ မင်းက ဘာလို့ ထစ်ထစ်ငေါ့ငေါ့ဖြစ်အောင် လုပ်နေတာလဲ။"
ချန်ယီသည် ထန်ရှုအား ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။
"မင်းက မေ့ဒူအုပ်စုရဲ့ ယုဇီလို့ခေါ်တဲ့ အကြီးဆုံး သခင်လေးလား။"
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးကာ စကားစလိုက်သည်။
"မင်း ငါ့ကို ဘယ်လိုသိတာလဲ။" ယုဇီ၏မျက်နှာပျက်သွားကာ အေးစက်သောအသံဖြင့် အော်လိုက်သည်။
"ငါ့ကို ပြောပြတယ်လေ။" ထန်ရှုက ခပ်ပေါ့ပေါ့လေသံဖြင့် ပြောလိုက်သည်။
ယုဇီသည် ချန်ယီ့အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ထန်ရှုက သူ၏လက်အား ဝှေ့ယမ်းပြီး ပြောသည်။
"ယုဇီ ငါတို့ကိစ္စတွေပဲ ပြောကြည့်ရအောင်။ ပထမတော့ မင်းက လီကျန်းရဲ့နောက်ကို အမြဲလိုက်နေတဲ့ လက်ပါးစေခွေးတစ်ကောင်လိုပါပဲ။ မင်း ဒဏ်ရာရသွားတယ် မဟုတ်ဘူးလား။ ဒါတောင် မင်း ငါ့ကို နှောင့်ယှက်ဝံ့သေးတာလား။"
"မင်းဖေကြီးကို သွားသေလိုက်။"
ယုဇီ အော်ဟစ်လိုက်ကာ စတင်တိုက်ခိုက်သည်။
ထန်ရှုက မရှောင်တိမ်းဘဲ သူ့အား ခပ်ပြင်းပြင်းတစ်ချက် ကန်လိုက်ရာ ငါးမီတာအကွာထိ လွင့်ထွက်သွားသည်။ ခဏအကြာတွင် ယုဇီက မြေပြင်ပေါ် ထိုင်လိုက်ရင်း ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။
တစ်ဖက်တွင် ချန်ယီနှင့် သူ၏လက်အောက်ငယ်သား ၂၀တို့၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားသည်။ ဤကိစ္စထဲတွင် လီကျန်း အမှန်တကယ် ပါဝင်နေလိမ့်မည်ဟု ချန်ယီ မထင်ထားမိချေ။ သိထားရမည်မှာ လီကျန်း၏ နောက်ခံအင်အားသည် ယုဇီထက်ပင် အားကောင်းလှပေသည်။ သို့သော် ဤလူသည် လီကျန်းကိုပင် လုံးဝ ကြောက်လန့်ပုံမရချေ။
…သူ့ဇာစ်မြစ်က တိတိကျကျ ဘာများလဲ။ ။ ယုဇီကိုတောင် ဆုံးမရဲတယ်လို့ ထင်နေတာပေါ့။ ပြီးတော့ သူက သခင်လေးလီကိုတောင် ဆန့်ကျင်ရဲနေတာလား။…
ထန်ရှုက ယုဇီရှေ့တွင် လာပြီး သူ့ကို အသာ ကန်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြုံးလျက်
“မင်း စိတ်ပူစရာ မလိုဘူး။ ငါ့ရဲ့ ဒီကန်ချက်က မင်းကို မသေစေပါဘူး။ ဒါပေမယ့် ဒီနေ့ညကိစ္စ ငါ သိချင်တယ်။ လူတွေကို မင်း လွှတ်ခဲ့တာလား။ ဒါမှမဟုတ် လီကျန်းက မင်းကို လွှတ်ခိုင်းလိုက်တာလား။”
သူ့ကိုယ်တွင်းအင်္ဂါများမှ မသက်မသာဖြစ်နေသော ခံစားချက်ကို မျိုသိပ်ထားရင်း ယုဇီက
“ဒီအဖေက လီကျန်းနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ။ သူက သူ ၊ ငါက ငါပဲ။"
ထန်ရှု ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး သူက ပြုံးလိုက်ကာ
"ဒါဆို ငါ အစောပိုင်းက ကုန်တိုက်မှာ ရှိတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ။ မင်း ငါ့နောက်ကို လိုက်နေတာတော့ မဖြစ်နိုင်ဘူး။ နိုမို့ဆို မင်းကို ငါ ရှာတွေ့ခဲ့တာ ကြာပြီပေါ့။ ကြည့်ရတာ တစ်ယောက်ယောက်က မင်းကို ဖုန်းဆက်ပုံရတယ် ဟုတ်တယ်မလား။ လီကျန်းမဟုတ်ရင်တောင် သူ့ပတ်ဝန်းကျင်က တစ်ယောက်ယောက် ဖြစ်လိမ့်မယ်။"
ယုဇီက မျက်နှာပျက်သွားကာ ဒေါသတကြီးဖြင့် "အဲဒါကို မင်း ဘယ်လိုသိတာလဲ။"
"ဒါကြီးက အတော်သိသာနေတာပဲ။" ထန်ရှုက ပေါ့ပေါ့ပါးပါးပဲ ပြောသည်။
"ဒီနေ့ သူနဲ့ နောက်ထပ် လူငယ်တစ်ယောက်က ငါနဲ့ ထိပ်တိုက်တွေ့ထားတယ်လေ။ သူတို့ပြောတာ မဟုတ်ဘူးဆိုရင်တော့ မင်းရဲ့ ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ကို ငါလေးစားရလိမ့်မယ်။"
ယုဇီ မျက်မှောင်ကြုတ်ရင်း ခဏလောက် စဉ်းစားလိုက်သည်။ တစ်ခုခုကို သူ သတိရသွားသောအခါ မြေကြီးပေါ်ကနေ ထလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများအား သုတ်လိုက်သည်။ သူက ဘေးပတ်လည်အား လျင်မြန်စွာ ကြည့်လိုက်ပြီး
"လီကျန်း… ငါ ယုဇီက မင်းနဲ့ ဆက်ဆံရေးအားလုံးကို ဖြတ်လိုက်ပြီလေကွ။ ဒါတောင် မအေဘေး…မင်းက ဒီလို အရှက်မဲ့တာ လုပ်သေးတာပေါ့။ ဒီကိစ္စက မပြီးသေးဘူးနော် ဟေ့ရောင် မင်းနဲ့ ငါ နောက်မှ ရှင်းကြသေးတာပေါ့။"
ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ရာ လီကျန်းနှင့် ထိုလူငယ်တို့သည် သူတို့နှင့် မီတာ ၁၀၀-၂၀၀ ခန့်ဝေးသောနေရာတွင် လျှို့ဝှက်ပုန်းအောင်းနေကြသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော် ယခုအချိန်တွင် လီကျန်းနှင့် ဖြေရှင်းရန် ထန်ရှု ရည်ရွယ်ချက်မရှိသေးပေ။ သူသည် လီမိသားစုထံ ကိုယ်တိုင် သွားရောက်လည်ပတ်မည်ဖြစ်ပြီး လီမိသားစု၏လူများက လီကျန်းအား မထိန်းချုပ်ပါက အချိန်ကျလာသောအခါတွင် သူ့မိဘများရှေ့တွင် ဆုံးမပေးလိုက်မည်ဖြစ်သည်။
***