တံခါးလာခေါက်သော စိတ်ဓာတ်ခက်ထန်သည့် ဧည့်သည်
Vol. 08 Ch. 381
ချီနန်အား လှမ်းကြည့်လိုက်ရင်း ထန်ရှုက ပေါ့ပေါ့ပါးပါးဟန်ဖြင့်
"ခန်းရှ … မင်းက ချီနန်ရဲ့ ပေါက်ကရစကားတွေကို နားထောင်ဖို့ မလိုဘူး။ သူမနဲ့ တခြားသူတွေက သေခြင်းတရားကနေ ရှင်သန်ခြင်းကို ရှာဖွေတာ အလေ့အထဖြစ်နေပြီ။ သူတို့ရဲ့မျက်လုံးထဲမှာ မစ်ရှင်တွေနဲ့ ရည်မှန်းချက်တွေကလွဲလို့ ဘာမှမရှိဘူး။ ဒါကြောင့် မင်းရဲ့အလုပ်ကို ဘယ်သူမှ လုယူပြီး မလုပ်နိုင်ဘူး။"
…ဘာရီး…
ထန်ရှု၏စကားကြောင့် ထိတ်လန့်သွားသော ခန်းရှသည် ဖက်ရှင်ကျကျ လှပသော ချီနန်အား ကြည့်လိုက်မိသည်။
ချီနန်တွင် ထိုကဲ့သို့ သွင်ပြင်စရိုက်မျိုး ရှိမည်ဟု သူမ တွေးကြည့်ရန် အတော်ခက်ခဲလှသည်။ သူမသည် နိုင်ငံခြားတွင် နှစ်ပေါင်းများစွာ နေခဲ့သောကြောင့် သာမန်လူများ မသိသည့် သတင်းများအား သူမ သိသည်။ ဤသို့သော လူစားများအား စာချုပ်ဖြင့် အခကြေးငွေယူကာ တစ်စုံတစ်ယောက်အား သတ်ပေးသောသူများဟု ခေါ်နိုင်ပြီး ပြစ်မှုကျူးလွန်သူများအဖြစ်လည်း လူသိများသည်။ သို့သော် လူများက အများအားဖြင့် ထိုသူများအား ကြေးစားသမားများဟု ခေါ်ကြသည်။
ဒါက ချီနန်ရဲ့ နောက်ခံဖြစ်နိုင်မလား။
ချီနန်က သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက်
"သူဌေး … ဒီလက်အောက်ငယ်သားအမျိုးသမီးကို နင် တကယ်ယုံကြည်ပုံရတယ်။ ငါ့ရဲ့ဒီပုံရိပ်ကို ထာဝရခန်းမရဲ့အဓိကအဖွဲ့ဝင်များကလွဲပြီး ဘယ်သူမှ မသိဘူး။ ဒါပေမယ့် သူမကို ငါ့ရဲ့ပုံရိပ်အမှန် ပြောပြလိုက်တာလား။"
"သူမက အဲ့ဒီအခွင့်အရေးကို ရပြီးပြီ။"
ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည်။
ချီနန်၏ မျက်နှာပေါ်မှ အပြုံးသည် အေးခဲသွားသည်။ သူမ၏အကြည့်များသည် ခန်းရှဆီသို့ ရောက်သွားရင်း အားကျရိပ်များ ထင်ဟပ်လာခဲ့သည်။
ထို “အခွင့်အရေး”ဆိုသည်မှာ သူမ အမြဲတမ်း အိပ်မက်မက်ခဲ့သော အရာဖြစ်သည်။ သို့သော် အမိန့်ချမှတ်ခြင်းမရှိပါက ထာဝရခန်းမ၏ အတွင်းစည်းမျဉ်းများအနေဖြင့် စားသောက်ဆိုင်ကို ကြီးစွာပံ့ပိုးပေးသည့်အတွက် သင်ကြားခွင့်ဆိုသည်အား မည်သူမျှ ပေးလိမ့်မည်မဟုတ်ချေ။ သို့သော် ယနေ့အချိန်အထိ စွမ်းဆောင်နိုင်သူတစ်ရာတွင် ခုနစ်ဦးသာ သင်ကြားခွင့် ရရှိသေးသည်။
သူဋ္ဌေးလေး ဂူရှောင်ရွှဲ့နှင့် ထန်ရှု၏ယုံကြည်မှုအား ရထားသည့် စီးပွားရေးလုပ်ငန်း အမှုဆောင်အရာရှိလေးဦးအပြင် အခြားနှစ်ဦးသာ ထိုအခွင့်အရေးကို ရခဲ့သည်။ သို့သော် မိုအားဝမ်နှင့် မိုအားဝူတို့ ညီအကိုနှစ်ယောက်သည်လည်း ထိုအခွင့်အရေးအား ရနိုင်လိမ့်မည်ဟု သူမက ထင်မြင်ယူဆထားသည်။
ထိုသို့ထင်မြင်ထားသည့်တိုင် ထာဝရခန်းမတစ်ခုလုံးတွင် သူဋ္ဌေးကြီးဂူယန်အာနှင့် လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲကျိတို့မှလွဲ၍ အရေအတွက်မှာ လူဆယ်ဦးအထိသာ ရှိသေးသည်။ သို့သော် ယခုတွင် အမှန်တကယ် နောက်တစ်ယောက် ရှိနေခဲ့ပြီဖြစ်သည်။
ချီနန်၏အမူအရာကို တိတ်တဆိတ် အကဲခတ်ရင်း ထန်ရှုက ပြောသည်။
“ဒါကြောင့် ကောင်းကင်ဘုံက လူတစ်ယောက်ကို တာဝန်ဝတ္တရားတွေ ပေးအပ်တဲ့အခါတိုင်း ပထမဆုံး သူ့ရဲ့ဆုံးဖြတ်ချက်ကို အရင်ကြိုးစားစေတယ်၊ ကြွက်သားတွေနဲ့ အရိုးတွေကို ပင်ပန်းနွမ်းနယ်စေတယ်၊ ခန္ဓာကိုယ်ကို ဆာလောင်ငတ်မွတ်စေတယ်၊ အလွန်အမင်းကို ဆင်းရဲတွင်းနက်စေတယ်၊ သူ့ရဲ့ ကြိုးစားမှုတိုင်းကို နစ်မွန်းစေတယ်။ ဒီလိုနည်းနဲ့ အဲ့ဒီလူရဲ့စိတ်ရှည်မှုနဲ့ ခံနိုင်ရည်က ဖွံ့ဖြိုးတိုးတက်လာပြီး သူ့ရဲ့ချို့ယွင်းချက်များကို ကျော်လွှားနိုင်လိမ့်မယ်။ “မန်စီးယပ်၏လက်ရာများ”စာအုပ်ထဲက အဲ့ဒီစာကြောင်းကို ငါ အနှစ်သက်ဆုံးပဲ။"
(Charm Ming Nge - မန်စီးယပ်သည် လူ့သဘာ၀အကြောင်း ဖော်ပြသည့် တရုတ်တွေးခေါ်ပညာရှင်တစ်ဦးဖြစ်ပြီး ကွန်ဖြူးရှပ်၏မြေးဖြစ်သူ၏တပည့်တစ်ဦး ဖြစ်သည်။)
ချီနန်သည် တစ်ခဏမျှ စဉ်းစားကြည့်ရင်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကာ
"သူဋ္ဌေး … ဘာကိုဆိုလိုလဲဆိုတာ ငါ နားလည်ပါပြီ။"
ထန်ရှုက ခေါင်းညိတ်ပြပြီး သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ပြန်ဖတ်သည်။
ရှန်ဟိုင်း ပုနင်းခရိုင်…
ကျန်းဖန်အိမ်ရာ ဘီ-၁၂…
လီဟောင်ရန်သည် ညအိပ်ဝတ်စုံ ဝတ်ထားပြီး ဆိုဖာပေါ်ထိုင်၍ စာရွက်စာတမ်း မိတ္တူများကို တိတ်တဆိတ် ဖတ်နေသည်။ မကြာသေးမီက သူသည် လီအုပ်စု၏ စီးပွားရေးလုပ်ငန်းအများစုကို ၎င်း၏သမီး လီတန်အား လွှဲအပ်ပြီးချိန်မှစကာ အလွန်သာယာသောဘဝကို ပိုင်ဆိုင်ခဲ့သည့်အပြင် ကုမ္ပဏီသည်လည်း တနေ့ထက်တနေ့ တိုးတက်အောင်မြင်ခဲ့သည်။ သို့သော် သူ၏သမီးသည် အထူးကျွမ်းကျင်သော်လည်း ပြည်နယ်တစ်ခုလုံး၏ ပေါ်ပေါက်လာသော ပြဿနာများကို သူ့အနေဖြင့် ထိန်းချုပ်ပေးမည်ဖြစ်သည်။
"အဖေ…မအိပ်သေးဘူးလား"
လီကျန်းက ကားသော့အား လက်ထဲတွင် ကစားလျက် အိမ်ထဲဝင်လာသည်။
လီဟောင်ရန်သည် မျက်ခွံကိုလှန်ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းကိုက်လာသည်ဟုပင် ခံစားလိုက်ရသည်။ သူ၏သားဖြစ်သူနှင့် ပတ်သက်သည့်အခါတိုင်း ကူကယ်ရာမဲ့မှုများနှင့်သာ ပြည့်နေခဲ့သည်။ သူ၏မိခင်ဖြစ်သူက လီကျန်းအား ငယ်စဉ်အရွယ်တည်းက အလိုလိုက်ခဲ့ပြီး ယခုလည်း လီကျန်းသည် ပညာဆက်မသင်တော့ဘဲ ဘဝတစ်လျှောက်လုံးတွင် မည်မည်ရရ ဘာမှမလုပ်ချေ။ လီကျန်းသည် ဘဲတစ်ကောင်၏ကျောပြင်မှ ရေများကဲ့သို့ သူ့အား ပြစ်တင်ရှုတ်ချမှုမှန်သမျှကိုပင် ခါချခဲ့သည်။
"ကျန်းလေး… လာ ထိုင်"
မည်သို့ပင်ဆိုစေကာမူ လီဟောင်ရန်သည် သူ့သားနှင့် စကားကောင်းပြောချင်လျက်ရှိသေးသည်။ သည်နည်းလမ်းအတိုင်း ဆက်သွားပါက သူ့သားလေး၏ဘ၀ ပျက်စီးသွားမည်ကို သူ စိုးထိတ်လှပေသည်။
လီကျန်းသည် လီဟောင်ရန်၏ မျက်နှာချင်းဆိုင်တွင် ခြေတစ်ဖက်ချိတ်ကာ ထိုင်လိုက်ရင်း
“အဖေ ဘာအကြောင်း ပြောချင်လဲ။”
"မင်းကို အဖေ ပြောချင်တာက မင်းရဲ့အလုပ်အတွက်ပဲ။ ငါတို့ လီမိသားစုမှာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရှိပြီး ပိုင်ဆိုင်မှုတွေလည်း အများကြီးရှိတယ်။ မင်းရဲ့ဦးလေးငယ်တွေ၊ ဦးလေးကြီးတွေက ငါတို့ကို အားကျနေကြတာ မင်းလည်းအသိ။ မင်းအစ်မက အလုပ်ကြိုးစားပေမယ့် သူက မိန်းကလေးလေ။ ဒါကြောင့် အဖေတို့ရဲ့ မိသားစုလုပ်ငန်းအားလုံးက မင်းဆီ အနှေးနဲ့အမြန်ဆိုသလို ရောက်လာလိမ့်မယ်။”
“အဖေ…” လီကျန်း ပါးစပ် ဟလိုက်သည်။
လီဟောင်ရန်က သူ့စကားအား ကြားဖြတ်ရန် လက်ဝှေ့ယမ်းပြီး
"ကျန်းလေး မင်း ဘာပြောချင်လဲ ငါသိတယ်။ ဒါပေမယ့် မင်း တစ်နေ့လုံး ပျင်းရိနေလို့မရဘူးလို့ မတွေးဘူးလား။ ငါတို့ လီအုပ်စုအောက်က ကြော်ငြာကုမ္ပဏီတစ်ခုကို မင်းဆီပေးဖို့ ငါတွေးနေတယ်။ မင်းကို ဒီကုမ္ပဏီ စီမံခန့်ခွဲစေချင်တယ်။ အဲ့ဒါကို မင်း ဘယ်လိုပဲ စီမံခန့်ခွဲနေပါစေ အဓိကကတော့ မင်းကို အနာဂတ်မှာ အသုံးဝင်တဲ့ အရည်အချင်းတွေ ဖြစ်လာနိုင်စေဖို့ပဲ။"
"အဖေ… အရင်တုန်းက ကျွန်တော့်ကို ပေးခဲ့တဲ့ အိမ်သုံးပစ္စည်းကုမ္ပဏီကလည်း ပိတ်သွားခဲ့ရပြီလေ။" လီကျန်းက မချိပြုံး ပြုံးလိုက်ပြီး
“အခု ကျွန်တော့်ကို ကြော်ငြာကုမ္ပဏီတစ်ခု ပေးချင်နေတာလား။ ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုလုပ်ငန်းက တကယ့်ကို ကြီးကျယ်ခမ်းနားပေမယ့် အဲဒါကို ကျွန်တော် မကိုင်တွယ်နိုင်ဘူး။ ဒီစကားကို ကျွန်တော် ထပ်ခါထပ်ခါ ပြောနေရတယ်လို့ အဖေ မထင်ဘူးလား။ နောက်ပြီး ကျွန်တော့် အခြေအနေကို ကျွန်တော် သိတယ်။ ကျွန်တော်က စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ လုံးဝ မသင့်တော်ပါဘူး။”
လီဟောင်ရှန်၏ မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ်အမူအရာ ပေါ်လာပြီး
“မင်း တစ်ခုခု မသိရင် မေးလို့ရတယ်။ ကိစ္စကြီးတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါကျရင် မင်းအစ်မကြီးက ကူညီပေးမှာဖြစ်ပေမယ့် ကိစ္စသေးတွေကိုတော့ အတွေ့အကြုံ ရအောင် ကိုယ်တိုင်လုပ်ပါ။ မင်းရဲ့အစ်မကြီး မင်းကိုကူညီပေးရင် မင်းအောင်မြင်နိုင်မယ်လို့ ငါယုံကြည်တယ်။"
"ကောင်းပြီ၊ ကောင်းပြီ။" လီကျန်းက အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပြီးမှ မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“အဖေ ကျွန်တော့်ကို ဒီကြော်ငြာကုမ္ပဏီကို သွားစေချင်တဲ့အတွက် သွားလိုက်ပါမယ်။ ဒါပေမယ့် အဖေ ကျွန်တော့်ကို အချိန်ပေးရမယ်။ လောလောဆယ်တော့ ကျွန်တော် ပြသနာတက်လာလို့ ကောင်းကောင်းဖြေရှင်းဖို့ လိုတယ်။”
"ဘာပြသနာလဲ။" လီဟောင်ရှန်၏မျက်ခုံးပင့်လာသည်။
“တကယ်တော့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အဲ့ဒီကောင်က ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပဲ။ ဒါပေမယ့် သူ့ရဲ့ဇစ်မြစ်နဲ့ အထောက်အထားက သိပ်ကို လျှို့ဝှက်ဆန်းကြယ်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့အကြောင်းစုံစမ်းဖို့ လူတချို့ကို စေလွှတ်ခဲ့ပေမယ့် သူ့ရဲ့ အထောက်အထားကို ရှင်းရှင်းလင်းလင်း ကျွန်တော် မသိရသေးဘူး။ ဒီနေ့ညက ယုဇီကို အသုံးချပြီး စုံစမ်းသိရဖို့ လှည့်ကွက်အချို့ သုံးလိုက်ပေမယ့် နောက်ဆုံးမှာတော့ ယုဇီက သူ့အကြောင်းအသေးစိတ်အချက်အလက်တွေကို မစုံစမ်းနိုင်ဘဲ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတယ်။”
“မင်းတို့ကလေးတွေဟာလေ ငါတို့ ငယ်ငယ်တုန်းကလိုပဲ။ တစ်စက်လေးမှ ငြိမ်ငြိမ်လေး နေလို့မရဘူး။"
လီဟောင်ရန်က ခေါင်းယမ်းကာ ပြုံးလိုက်ပြီး
"ကောင်းပြီ၊ မနက်ဖြန်မနက်မှာ အဲဒီလူကို စုံစမ်းဖို့ လီလေးကို ငါပြောလိုက်မယ်။ ဖြစ်နိုင်ရင် ဒီကိစ္စကို မင်း ဖြေရှင်းတာမှာ ကူညီပေးပါ့မယ်။"
"ဒီလောက်လေးကို ကျွန်တော့်ဘာသာ ကိုင်တွယ်ပါ့မယ်။ အဖေ စိတ်မပူပါနဲ့။ ကျွန်တော် ပေါ့ပေါ့တန်တန် သဘောမထားပါဘူး။ နောက်ပြီး ဒီအချိန်က ကျွန်တော့်ရဲ့ကိုယ်ပိုင်အရည်အချင်းကို သက်သေပြရမယ့် အချိန်ပဲမဟုတ်လား။”
လီကျန်းက ပြန်တုံ့ပြန်သည်။
လီဟောင်ရန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စကားပြန်ပြောတော့မည့်အချိန်တွင် သူ၏လက်ကိုင်ဖုန်းက ရုတ်တရက် မြည်လာသည်။
"ဟယ်လို… မင်း ဘာကြောင့် နောက်ကျမှ ဆက်တာလဲ ဂူကြီး။"
လီဟောင်ရန်က ဖုန်းကို ဖြေဆိုလိုက်ရင်း အပြုံးဖြင့်
"မင်းလည်း အနားမယူရသေးဘူးလား ညီအစ်ကိုဂူ။”
"ညီအစ်ကိုလီ … မင်းက ဇဝနဉာဏ် ကောင်းပေမယ့် မှတ်ဉာဏ် မကောင်းဘူးပဲ။ ငါတို့ညီအကိုတွေ မာကျောက်ကစားဖို့ ချိန်းထားတာတစ်ခု ရှိတယ်လေကွာ။ ဒါပေမယ့် မင်း ဘယ်တော့မှ မလာဘူး။ အခု မင်း မအိပ်သေးဘူး မဟုတ်လား။"
"အိုး ငါ… မင်းတို့ ငါ့ကို ခွင့်လွှတ်ရမယ်။ ငါ ခုတလော စိတ်လှုပ်ရှားနေပြီး အလျင်စလိုတွေဖြစ်နေတာမို့ ငါ့ရဲ့ဦးနှောက်က ကောင်းကောင်း မလုပ်တော့ဘူး။ ကောင်းပြီ။ ငါ ချက်ချင်း လာလိုက်မယ်။"
"မဟုတ်ဘူး။ ငါတို့ မင်းအိမ်ကို လာခဲ့မယ်။ မင်းရဲ့ စစ်တုရင်အခန်းကို သန့်ရှင်းသပ်ရပ်အောင်ထားပြီး ငါတို့အတွက် လက်ဖက်ရည် ပြင်ထားပေးကွာ။"
“ကောင်းပြီ။”
ခေါ်ဆိုမှု ပြီးဆုံးခဲ့သည်။
လီဟောင်ရန်က လီကျန်းကိုကြည့်ရင်း
"မင်းရဲ့ဦးလေးဂူနဲ့ တခြားသူတွေ ဒီမှာ မာကျောက် ကစားကြလိမ့်မယ်။ အိမ်ဖော်တွေက အနားယူသွားကြပြီဆိုတော့ စစ်တုရင်ခန်းကို သန့်ရှင်းရေးသွား လုပ်ချေ။ နောက်ပြီး ငါ့စာဖတ်ခန်းထဲက လက်ဖက်ရွက်ကောင်းကောင်းတွေ ယူပြီး လက်ဖက်ရည်တစ်အိုး လုပ်ပေးခဲ့။”
"ပြဿနာမရှိပါဘူး။" လီကျန်းက ပြုံးပြီး ပြန်ဖြေသည်။
လီကျန်း ထကာ လှေကားထစ်ဆီသို့ လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသဖြင့် ရပ်တန့်သွားပြီး ခေါင်းလှည့်ကာ ပြောလိုက်သည်။
"အဖေ့ကို တစ်ခုပြောဖို့ မေ့သွားတယ်။ သူ့ကို ဆုံးမဖို့ ယုဇီကို အသုံးချခဲ့တာကို အဲဒီ့ကောင် သိသွားပုံရတယ်။ အဲ့ဒါကြောင့် သူက ကျွန်တော့်ကို စာတိုတစ်စောင် ပို့ထားတယ်။"
"သူ ဘာပြောလဲ။"
လီဟောင်ရန် မျက်မှောင်ကြုပ်သွားသည်။
လီကျန်းသည် လီဟောင်ရန်၏အရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ စာတိုကို ပြသသည်။
“ဒါက သူ့သတင်းစကားပါပဲ။”
ဖတ်ပြီးသည့်အခါ လီဟောင်ရန်က လှောင်ပြောင်လိုသည့်ဟန်ဖြင့်
“သူက ငါတို့အိမ်ကို လာလည်ချင်နေတာဆိုတော့ လာခွင့်ပြုလိုက်။ အိမ်ရာလုံခြုံရေးအစောင့်တွေဆီ ဖုန်းဆက်ပြီး အဲ့ဒီလူ ရောက်လာရင် တိုက်ရိုက်ဖြတ်သန်းခွင့်ပေးပါလို့ ပြောလိုက်ပါ…”
"ကောင်းပါပြီ။"
လီကျန်းက နာခံပြီး သူ၏လက်ကိုင်ဖုန်းကို သိမ်းကာ ဒုတိယထပ်ဆီသို့ အမြန် တက်သွားသည်။
ထွက်သွားသော လီကျန်း၏နောက်ကျောကို ကြည့်ရင်း လီဟောင်ရန်က တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည်။ သို့သော်လည်း ထန်ရှု၏ ခြိမ်းခြောက်မှုကို သူ ဂရုမစိုက်ခဲ့ပေ။ သူ၏မျက်လုံးထဲတွင် ထန်ရှုဆိုသည်မှာ မြူမှုန်လေး တစ်ခုမျှသာဖြစ်သည်။ ထန်ရှုသာ သူ၏လီမိသားစုဆီ လာဝံ့ပါက သည်နေရာမှနေ ဘေးကင်းစွာ ထွက်သွားရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ထန်ရှု၏ပုံရိပ်ကို သိရှိထားပြီးဖြစ်သော အိမ်ရာ၏ လုံခြုံရေးအစောင့်များက သူ့ကို တစ်ခါတည်းဝင်ခွင့်ပြုခဲ့သည်။ ကားများသည် ဘီ-၁၂အိမ်၏အပြင်ဘက်သို့ လျင်မြန်စွာရောက်ရှိလာသည်။
ကားတံခါးကို ချီနန်က ဖွင့်ပေးလိုက်သဖြင့် ထန်ရှုထွက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်မိသည်။ ဤအိမ်ရာသည် အမှန်တကယ်ပင် အဆင့်မြင့်ရပ်ကွက်တစ်ခု ဖြစ်သည်။
ပတ်ဝန်းကျင်သည် လှပရုံသာမက ကင်းလှည့်လုံခြုံရေး အစောင့်များစွာ လှည့်လည်နေပြီး နေရာတိုင်းတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည်။
“တံခါးခေါက်လိုက်ပါ။”
တည်ငြိမ်စွာအေးဆေးစွာဖြင့် ထန်ရှု ပြောလိုက်သည်။
ချီနန်၏ ညွှန်ကြားမှုအရ ကြံ့ခိုင်သော လူတစ်ယောက်သည် တံခါးဆီသို့ ချက်ချင်းသွားကာ ခေါင်းလောင်း တီးလိုက်သည်။
ခဏအကြာတွင် အိမ်ခြံဝင်းဆီမှ လျှပ်စစ်တံခါး ပွင့်လာသည်။ ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားနှစ်ဦးအနက် မျက်နှာထား တင်းမာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။ အပြင်ဘက်မှ လူအုပ်အား မျက်မှောင်ကြုတ်ကြည့်လိုက်ကာ
“မင်းတို့က ဘယ်သူတွေလဲ။”
ချီနန်က အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လျက်
"ငါတို့သူဌေး လာလည်တယ်လို့ လီဟောင်ရန်ကို ပြောပေးပါ။"
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက မျက်ခုံးတွန့်သွားရင်း
“မင်းရဲ့ သူဌေးက ထန်လား”
“ဟုတ်တယ်။” ချီနန်က တုံ့ပြန်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ်ခါတည်း လမ်းဖယ်ကာ လမ်းပြပေးလိုက်ရင်း ပေါ့ပါးသောလေသံဖြင့်
“ငါတို့ သူဌေးရှိတယ်။ မင်းလာရင် တန်းဝင်ခွင့်ပြုဖို့ ငါတို့ကို အမိန့်ပေးထားတယ်။”
ထန်ရှုက သူ့အား တစ်ချက်ကြည့်လိုက်သည်။ ခြံထဲသို့ သူ ဝင်သွားသောအခါ အတွင်းမှ သန်မာသော လူလေးယောက်က သူ့အား ရန်လိုစွာ စိုက်ကြည့်နေသည်ကို တွေ့ရသည်။ သို့သော်လည်း ထန်ရှုအနီးရှိ လူများကို မြင်ပြီးနောက် ထိုလူများ၏အမူအရာသည် ပြောင်းလဲလာကာ တည်ငြိမ်သွားကြသည်။
ထန်ရှုသည် ရှေ့ကို လှမ်းကြည့်လိုက်ရာ ဧည့်ခန်း၏ဆိုဖာပေါ်တွင် ထိုင်နေသည့် လီဟောင်ရန်အား ချက်ချင်း မြင်လိုက်သည်။ အဘိုးအိုသည် သူ၏ ညဝတ်အင်္ကျီများကို ပေါ့ပေါ့ပါးပါး ဝတ်စုံဖြင့် ပြောင်းလဲဝတ်စားထားသည်။
"သူဋ္ဌေးလီက တကယ်ကို သပ်သပ်ရပ်ရပ် နေတတ်တာပဲ။ လက်ဖက်ရည်သောက်ဖို့ အချိန်တွေတောင် နောက်ကျနေပြီ။"
ထန်ရှုအား အကဲခတ်ပြီးနောက် သူ၏အနောက်မှ ပါလာသော ခန်းရှ၊ ချီနန်နှင့် အတူ လိုက်ပါလာသော အနက်ရောင်ဝတ်စုံဝတ် သန်မာသည့်လူလေးယောက်ကို မြင်လိုက်သောအခါ လီဟောင်ရန်၏ မျက်ခုံးများ တွန့်သွားသည်။ ထန်ရှု၏ပုံရိပ်အား ဖော်ထုတ်ရန် ကြိုးစားနေရင်း သူက မတ်တပ်ထရပ်ပြီး
"မာကျောက်လာကစားမယ့် ငါ့သူငယ်ချင်းတွေကို စောင့်နေတာ။ ဒါနဲ့ မင်းက ထန်ရှုလို့ ခေါ်တာလား။"
လီဟောင်ရန် မေးသည်ကို အလျင်စလို ပြန်ဖြေမည့်အစား ထန်ရှုသည် ခန်းမထဲတွင် ရပ်ကာ ဟိုဟိုဒီဒီကြည့်နေသည်။ တစ်မိနစ်-နှစ်မိနစ်လောက် ကြာသော် သူ၏အကြည့်များသည် လီဟောင်ရန်ဆီသို့ ပြန်ရောက်လာကာ သက်ပြင်းချလိုက်ရင်း
"အိမ်ကောင်းတစ်လုံးပဲ။ ဒီနေရာက ကျွန်တော် နေထိုင်တဲ့ နေရာနဲ့ ယှဉ်ရင် မနိမ့်ကျလှဘူး။ သူဋ္ဌေးလီက အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်ပေမယ့် ပျက်စီးနေတဲ့သားကို မွေးဖွားခဲ့တာ အတော်ကို ကံမကောင်းတာပဲ။”
သူ၏မျက်လုံးများကို မှေးစင်းထားရင်း လီဟောင်ရန်က အေးစက်သော လေသံဖြင့် ပြောသည်။
"မင်း ငါ့ရဲ့မေးခွန်းကို မဖြေရသေးဘူး။"
သူ့ကိုယ်သူ ညွှန်ပြရင်း ထန်ရှုက ပြုံးပြီး ပြောသည်။
"ကျွန်တော်လား။ ဘာအကြောင်းကြောင့် သူဋ္ဌေးလီ မေးတာကို ဖြေစေချင်တာလဲ။"
“မင်း…”
လီဟောင်ရန် ဒေါသထွက်သွားသည်။ ထန်ရှုသည် ဤမျှ မောက်မာလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
***