← Chapters

ရှုပ်ထွေးအောင် လုပ်သော

Vol. 08 Ch. 382

ရှုပ်ထွေးအောင် လုပ်သော

Vol. 08 Ch. 382

သပ်ရပ်သင်းပျံ့နေသော လီဟောင်ရန်ကို ကြည့်ရင်း ထန်ရှုသည် ရုတ်တရက် နားလည်သွားသည့် အကြည့်အား ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလိုက်သည်။ ထို့နောက် သူ၏အရှေ့မှ ဆိုဖာပေါ်တွင် တည့်တည့်မတ်မတ် ထိုင်လိုက်ကာ တစ်ချက်ပြုံးလိုက်ပြီး ပြောသည်။

"ကျွန်တော့်နာမည် ထန်ရှု ဟုတ်လား မဟုတ်ဘူးလားလို့ ခင်ဗျား မေးခဲ့တာ သတိရသွားပြီ။ ခင်ဗျား မှန်ပါတယ်ဗျ။ ကျွန်တော့်နာမည်က ထန်ရှု အတိအကျပဲ။ ကျွန်တော့်နာမည်ရော မျိုးရိုးနာမည်ရော ပြောင်းဖို့ မလိုဘူး။ "

လီဟောင်ရန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏အနောက်တွင် ရပ်နေသော လူတစ်ယောက်အား အချက်ပြလိုက်ရာ ထိုလူက လက်ဘက်ရည်ပန်းကန်လုံးတစ်လုံးအား

ယူပြီး ထန်ရှုအတွက် လက်ဘက်ရည်အား လောင်းထည့်ပေးသည်။

"မင်းက ဧည့်သည်ပဲ။ ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါ။"

လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်ပြီးနောက် ထန်ရှုက လက်မထောင်ကာ ချီးမွမ်းစကားဆိုသည်။

“မိသားစုခေါင်းဆောင်လီက တကယ်ကို အပြုအမူရှိကောင်း ရှိတယ်။ ကျွန်တော်က မာနကြီးပြီး မောက်မာနေတာတောင် လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ဖို့ ဆန္ဒရှိနေတယ်။ ကြည့်ရတာ မိသားစုခေါင်းဆောင်လီဆီက ကိုယ့်ကိုယ်ကိုယ် ကြိုးစားထိန်းချုပ်နိုင်မှုကို လေ့လာဖို့  နောက်ပိုင်းမှာ ပိုပြီးတော့ အပြန်အလှန် ဆက်ဆံရတော့မှာပဲ။"

"မစ္စတာထန်က ငါ့ကို နောက်နေတာလား။ ငါ့ကို မိသားစုခေါင်းဆောင်လို့ ခေါ်တာ မခံယူဝံ့ပါဘူး။ ငါက လီမိသားစုထဲမှာ အရေးပါအရာရောက်တဲ့စကား ပြောဆိုခွင့်ရတဲ့သူတစ်ယောက်ထက် မပိုပါဘူး။”လီဟောင်ရန်က ပေါ့ပေါ့ပါးပါးပင် စကားဆိုသည်။

"ခင်ဗျားက တကယ်ကြီးကို မိသားစုခေါင်းဆောင်ရာထူးကို မယူဝံ့ဘူးလား"

ထန်ရှုက တအံ့တသြဟန်ဖြင့်

"ကျွန်တော်ကများ ခင်ဗျားကို လီမိသားစုထဲမှာ တော်တော်မြင့်မြင့်ကြီး ရှိလိမ့်မယ်လို့ မှန်းထားမိလို့လား။ ကျွန်တော်သိသလောက်တော့ နိုင်ငံထဲက စစ်မှန်တဲ့ မိသားစုအားလုံးမှာ မိသားစုခေါင်းဆောင်ရှိတယ်။”

လီဟောင်ရန်က လှောင်ပြောင်ရယ်မောလိုက်ရင်း "မစ္စတာထန်… အသက်ရှင်နေဖို့ထက် ရန်ငြိုးကို ဖယ်ရှားတာ ပိုကောင်းတယ်ဆိုတဲ့ စကားပုံကောင်းတစ်ခု ရှိတယ်။ မင်း အလည်လာတဲ့ ရည်ရွယ်ချက်ကို ငါ သိသလို မင်းနဲ့ ငါ့သားကြားက သဘောထားကွဲလွဲနေတာကိုလည်း ငါ ကြားထားတယ်။ လူကြီးလူကောင်းတွေကြားက စကားပြောဆိုမှုပုံစံကိုပဲ ငါ လုပ်ချင်တာမို့ ရွဲ့တာစောင်းတာနဲ့ ထေ့တာငေါ့တာတွေကို လွှတ်ချလိုက်ပါ။ ငါ့သားက မှားနေရင် သူ့အမှားကို ဝန်ခံဖို့ ငါ ဦးညွှတ်ခိုင်းမယ်။ ဒါပေမယ့် မင်းက သူ့ကို အနိုင်ကျင့်တဲ့သူဖြစ်ရင် ငါ ဒီကိစ္စကို လက်မလွှတ်ဘူး။"

ပြောင်းလဲသွားသော အမူအရာနှင့်အတူ ထန်ရှုက မတ်မတ်ထိုင်လိုက်ကာ ပြန်ခနဲ့လိုက်သည်။

"ခင်ဗျားးရဲ့အပြုအမူကောင်းကို အခုပဲ ကျွန်တော် ချီးကျူးမိတာလေ။ ဒါတောင် ခင်ဗျားက ဒေါသထွက်နေတဲ့ ခြင်္သေ့တစ်ကောင် ချက်ချင်း ဖြစ်သွားပြီလား။ ဒီကိစ္စက ခင်ဗျားသားရဲ့အမှားကြောင့် ဖြစ်လာတာကို အသာထား ကျွန်တော်က သူ့ကို အနိုင်ကျင့်တဲ့သူ တစ်ယောက်ဖြစ်ရင်တောင် ကျွန်တော့်အတွက် ဘာလုပ်ပေးနိုင်မလဲ။"

“မင်း…” လီဟောင်ရန် ဒေါသထွက်သွားသည်။

"ကျွန်တော် ဘာဖြစ်လဲ။ ခင်ဗျားရဲ့ လီမိသားစုမှာ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုနဲ့ များပြားတဲ့ ပိုင်ဆိုင်မှုတွေ ပိုင်ဆိုင်ထားတာမို့ ခင်ဗျားရဲ့သားကြီးက မာနကြီး၊ လွှမ်းမိုးချုပ်ကိုင်ပြီး တခြားသူတွေကို အနိုင်ကျင့်တာကို လျစ်လျူရှုပေးနိုင်မယ်လို့ ခင်ဗျားထင်နေတာလား။ ဒီတစ်ခါတော့ သူ ပြစ်မှားလိုက်တာက ကျွန်တော် ဖြစ်နေတယ်။ တခြားသူတွေဖြစ်ခဲ့သလို လီမိသားစု လုံး၀ ရှုပ်ထွေးသွားမှာကို ခင်ဗျား မစိုးရိမ်မိ မတွေးမိဘူးလား။"

"ထန်ရှု… မင်း လူပါးမဝနဲ့။"

လီကျန်းသည် ဒေါသတကြီးအော်ဟစ်ရင်း ဒုတိယထပ်မှဆင်းလာကာ လျှောက်လာခဲ့သည်။

လီကျန်းကို အကဲခတ်ရင်း ထန်ရှုက သူ၏လျှာကို လိပ်ကာ သက်ပြင်းချလိုက်ပြီး

“ကောင်းပြီ…ကောင်းပြီ… အဓိကဇာတ်ကောင် လာပါပြီ၊ မင်းအဖေက မင်းကို ထောက်ပံ့ပေးနေလို့ ငါ မပျော်မရွှင်ဖြစ်နေတာ။ ပြောစမ်းပါဦး လီကျန်း … ဒီည မင်း ငါ့ကို ဓားငှားပြီး သတ်နေတာ စိတ်ဝင်စားဖို့ ကောင်းရဲ့လား။ အဲ့ဒါဆိုရင်တော့ ငါ အတော်ကြီး ငြီးငွေ့နေလို့ မင်းဆီကနေ သင်ယူရဦးမှာပဲ။"

လီကျန်းက အရူးကွက်နင်းကာ

"သေလိုက်လေ။ မင်းပြောနေတာကို ငါ မသိဘူး။"

"ယုဇီကို ငါ ရိုက်တုန်းက မင်းကို ဘာလို့ မခေါ်ခဲ့တာလဲ သိလား။ မင်းမိသားစုနဲ့ မင်းဖေဖေကြီးဆီကို ငါ အလည်လာပြီး တစ်ချက်ကြည့်ချင်မိတယ်လေ။ ဒီလိုမိုက်မဲတဲ့သားကို အမှန်တကယ် မွေးထုတ်လိုက်တဲ့သူက ဘယ်လောက် ကြီးမြတ်တဲ့ပုံပေါက်လဲဆိုတာ ငါသိချင်တယ်။”

“မင်း…” လီကျန်း ဒေါသတ ထွက်လာသည်။

လီကျန်း၏စကားအား ကြားဖြတ်ရန် သူ၏လက်ကို မြှောက်လိုက်ရင်း လီဟောင်ရန်၏အကြည့်များသည် ထန်ရှုအား စိုက်ကြည့်ရင်း လေးနက်သောအသံဖြင့်

"မစ္စတာထန်… သတိနဲ့ စကားပြောစမ်းပါ။ မင်းက ငါ့အိမ်ကို လူအနည်းငယ် ခေါ်လာတယ်ဆိုပြီး  ငါ့အိမ်မှာ မောက်မောက်မာမာ ပြုနိုင်တယ်လို့ မတွေးလိုက်နဲ့။ မင်းနဲ့ ငါ့သား အကြားက ရန်ငြိုးတွေအကြောင်းကို အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းပဲ ငါ့သားဆီက ကြားခဲ့ရတယ်။ ငါ့ကို ပြောပါဦး…မင်းကို စိတ်ဆိုးစေတဲ့အကြောင်းက ဘာများလဲ။"

ထန်ရှုပြောလိုက်သောစကားများဆီမှ သူ့အား တိတ်တဆိတ် ထိတ်လန့်သွားစေသည့်အရာတစ်ခုကို ကြားလိုက်ရသည်။

သားကြီးတဲ့လား…

သည်လောက၌ သူ့မှာ သားနှစ်ယောက်ရှိသည်ဆိုတာ သိသောလူငါးယောက်သာ ရှိသည်။ ထန်ရှုက သည်ကိစ္စအား မည်ကဲ့သို့ သိသွားလေသည်ကို သူ မသိချေ။

"လီဟောင်ရန် ဟုတ်တယ်မလား။ ကျွန်တော့်ရှေ့မှာ ဘာမှမသိဟန်ဆောင်မနေနဲ့။"

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီးပြောလိုက်သည်။

"ခင်ဗျား သားလုပ်သမျှကို ခင်ဗျား ရှင်းရှင်းလင်းလင်း သိတယ်။ ဒီတစ်ခေါက် ကျွန်တော် ဒီကိုလာတာ ရှင်းပြချက်တစ်ခု လိုချင်လို့ပဲ။ ခင်ဗျား ကျွန်တော့်ကို ကျေနပ်အောင် မလုပ်ပေးနိုင်ရင် ဟမ့်..."

"ငါ မင်းကို ကျေနပ်အောင် မလုပ်ပေးနိုင်ရင် မင်း ငါ့ကို ဘာလုပ်နိုင်မှာမို့လို့်လဲ။" လီဟောင်ရန်က ရယ်မောလိုက်သည်။

"ဒီညနက်နက်မှာ လီမိသားစုရဲ့နေအိမ်ကို လာပြီး ဘယ်သူ ဒုက္ခရောက်အောင်လုပ်ရဲနေတာလဲ။"

အိမ်ရှေ့တံခါးမှ အသံတစ်ခု ပေါ်လာသည်။ သိပ်မကြာမီမှာပင် လူလတ်ပိုင်း သုံးယောက်သည် သက်တော်စောင့် ငါးယောက်-ခြောက်ယောက်နှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာသည်။

လီဟောင်ရန်သည် မျက်ခုံးကို အနည်းငယ် တွန့်လိုက်သည်။ သူ၏ဟန်မှာ အတန်ပင် စိတ်ကသိကအောက်ဖြစ်နေဟန်ရှိပြီး ဒေါသထွက်နေဟန်ရှိသည်။ အိမ်သို့ သူ၏သူငယ်ချင်းများ မာကျောက် လာကစားမည့်အချိန်ကျမှ သူ့အား ပြဿနာရှာနေသည့်လူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ သည်ဟာသည် သူ့အား  မျက်နှာပျက်စေသည်။

“ညီအစ်ကိုဂူ၊ ညီအစ်ကိုချန်၊ ညီအစ်ကို ဂေါင်… မင်းတို့ ဒီလောက် မြန်မြန်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါက အသေးအဖွဲကိစ္စလေး တစ်ခုပါ။ သူတို့ကို လိုက်ပို့ပေးတော့မှာပါ… မကြာတော့ပါဘူး။ မင်းတို့ စစ်တုရင်အခန်းထဲသွားပြီး ကစား နှင့်မလား ဒါမှမဟုတ် စစ်တုရင်ခန်းထဲမှာ ငါ့ကို အရင်စောင့်ချင်လား။"

လီဟောင်ရန်က ထပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။။

ထိုလူလတ်ပိုင်းသုံးယောက်၏မျက်လုံးများသည် ထန်ရှုအား တချိန်တည်း စိုက်ကြည့်လာသည်။

ထိုအချိန်တွင် လူလတ်ပိုင်းတစ်ယောက်၏အမူအရာမှာ ပြောင်းလဲသွားကာ လီဟောင်ရန်၏ စကားများအား မကြားနိုင်တော့ဘဲ ထန်ရှုဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု တွဲလွဲခိုလျက်ရှိနေပြီး လက်ကိုဆန့်တန်းလျက်

“ဒီနေ့ ညီအစ်ကိုလီရဲ့နေရာမှာ ညီအစ်ကိုထန်ကို အမှန်တကယ် တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကံကောင်ခြင်းနမိတ်တွေ တနေကုန် ပြနေတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။”

ထန်ရှုက မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။ ဤနေရာတွင် အသိမိတ်ဆွေတစ်ဦးကို မထင်မှတ်ဘဲ တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသူမှာ ဝိုင်အကြောင်းကို မသိဘဲ နတ်ဘုရားဝတ်ရည်ကို ကြိုမှာထားသော တင်းရှန်းမီဒီယာ၏သူဌေး ဂူချန်းမင်ဖြစ်သည်။

ထန်ရှုက မတ်တပ်ရပ်လိုက်ရင်း ဂူချန်းမင်ကို လက်ဆွဲနှုတ်ဆက်ကာ အသံထွက်အောင် ရယ်လိုက်ပြီး “ကျွန်တော်လည်း အတော် အံ့သြသွားတာ။ အစ်ကိုဂူက လီမိသားစုရဲ့အိမ်ကို ဒီညဉ့်နက်မှ မာကျောက်ဆော့ဖို့ လာလည်လိမ့်မယ်လို့ ထင်မထားမိဘူး။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ စိတ်ဓာတ်လဲ။”

“ငါလည်း လတ်တလော လုပ်စရာ မရှိဘူးလေ။ ငါ့လက်ထဲမှာ ပိုက်ဆံ အတော်အသင့်ရှိပေမယ့် အဲ့ဒါနဲ့ ဘာလုပ်ရမှန်းမသိဘူး။ ညီအစ်ကိုထန် …  မင်းနဲ့အတူ ငါ့ကို ခေါ်သွားပြီး ပိုက်ဆံရှာကြရင်ရော ဘယ်လိုလဲ။" ဂူချန်းမင်က ရယ်ကာ ပြောလိုက်သည်။

"အစ်ကိုဂူက ကျွန်တော့်ကို နောက်နေတာလား။ အစ်ကိုဂူက လုပ်ငန်းကြီးတစ်ခု ပိုင်တယ်၊ ကျွန်တော့်လုပ်ငန်းသေးသေးက အစ်ကိုဂူ့မျက်စိထဲကို ဘယ်လိုဝင်လာနိုင်ပါ့မလဲ။" ထန်ရှုက ပြောသည်။

“မင်းက သိုသိုသိပ်သိပ်နဲ့ အရမ်းတော်တာပဲ ညီအစ်ကိုထန်။ ညီအစ်ကိုမြောင်က မင်းအကြောင်းတွေ အများကြီးပြောပြတယ်။ ငါ အထင်ကြီးရတဲ့ လူအနည်းငယ်အထဲမှာ မင်းကိုတော့ ငါ တကယ် လေးစားတယ်။ တခြား ဘာမှပြောစရာ မလိုတောင်မှ ကြယ်တာရာမှာရှိတဲ့ ဒီကြီးမားတဲ့ ပရောဂျက်က ငါ လိုက်မမီနိုင်တဲ့အရာပါပဲ။”

ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ မြောင်ဝမ်တန်၏ အကျင့်စရိုက်အကြောင်းကို သူ အတန်ငယ်သိသည်။ သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောနိုင်ဟု ထန်ရှု ယုံကြည်ထားသည်။

“အကိုက ကျွန်တော့်ကို ချီးကျူးလွန်းနေတာပဲ။ အစ်ကိုဂူက ဒီကို မာကျောက် ကစားဖို့ လာတယ်ဆိုတော့ ဒီလီဟောင်ရန်ကိုစောင့်ဖို့ စစ်တုရင်ခန်းကိုသွားလိုက်ပါ။ ဒီညတော့ သူဘေးကင်းမယ်လို့ ကတိပေးပါတယ်။" ထန်ရှုက အေးအေးသက်သာအမူအရာဖြင့် ပြောလိုက်သည်။

ဂူချန်းမင်၏မျက်နှာ အနည်းငယ် ပျက်သွားကာ လီဟောင်ရန်ကို လှည့်ကြည့်လိုက်သည်။ သူ၏အမူအရာသည် တည်ငြိမ်သွားကာ လေးနက်သောအသံဖြင့်

"လီဟောင်ရန် ဘာတွေ ဖြစ်နေကြတာလဲ။ ညီအစ်ကိုထန်က ပြောရဆိုရလွယ်တဲ့လူတစ်ယောက်ပါ။ သူကိုယ်တိုင် မင်းဆီ လာရတာဆိုရင် မင်းရဲ့လီမိသားစုထဲက တစ်ယောက်ယောက်က သူ့ကို ပြသနာရှာခဲ့လို့ပဲ။ မင်း ဘာတွေ တွေဝေနေတာလဲ။ ညီအစ်ကိုထန်ကို တောင်းပန်လိုက်။”

လီဟောင်ရန် အံ့အားသင့်သွားကာ သူ့နားကိုပင် မယုံနိုင်ဖြစ်သွားသည်။

သူ့သူငယ်ချင်းက အမွှေးပင် စုံအောင် မပေါက်သေးသည့် ကလေးတစ်ယောက်အား သူ့ကို တောင်းပန်ခိုင်းစေချင်နေတာလား။ ထို့အပြင် သူ့အား မျက်စမျက်နပစ်ပြီး မည်သည့်အကြောင်းအရာကို သတိပေးနေပါသနည်း။

ရုတ်တရက်ပင် လီဟောင်ရန်သည် သားဖြစ်သူ၏စကားများအား ပြန်သတိရမိသည်။ လီကျန်း၏စကားများအရ ထန်ရှု၏နောက်ခံအား ယခုအချိန်အထိ သူ ရှင်းရှင်းလင်းလင်း စုံစမ်းမရသေးဟု သိထားသည်။

… သူ့နောက်ခံက တကယ်မရိုးရှင်းဘူးဆိုတာ ဖြစ်နိုင်တာလား။…

သူ၏အတွေးများ ထိုနေရာသို့ အရောက်တွင် လီဟောင်ရန်သည် သားဖြစ်သူ လီကျန်းအား လှည့်ကြည့်မိရင်း မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိကာ

“မစ္စတာထန်… မင်းနဲ့ ညီအစ်ကိုဂူက တစ်ယောက်နဲ့တစ်ယောက် သိနေမှန်း ငါ တကယ်မသိဘူးကွာ။ ဒါထက် မင်းကို အစောပိုင်းက ငါ စကားပြောကြမ်းသွားခဲ့မိတာကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ နောက်ပြီး မင်း ငါ့ကို မပြောရင်တောင်မှ ငါ့သားက ပြသနာတွေ ရှာတတ်တဲ့ အမွှေစိန်တစ်ကောင်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် မင်း စိတ်ချပါ။ ငါ သူ့ကို ကောင်းကောင်း ဆုံးမမှာပါ။ လီကျန်း … မင်းက ဘာကို ငေးနေတာလဲ။ ဒီကို လာပြီး မစ္စတာထန်ကို တောင်းပန်လိုက်။”

"အဖေ … ကျွန်တော်တို့က သူ့ကို ဘာလို့ ကြောက်နေရမှာလဲ။ သူ့ကို ဘာမှမလုပ်နိုင်ဘူးလို့ ကျွန်တော် တကယ် မယုံဘူး။"

လီကျန်းက ဒေါသတကြီး ပြောလိုက်သည်။

ထန်ရှု၏အမူအရာ ပြောင်းလဲမှုများကို တွေ့လိုက်သည့် ဂူချန်းမင်သည် လီကျန်းအား အမှိုက်ကောင်ဟု စိတ်တွင်းမှ ပျစ်ပျစ်နှစ်နှစ် ခေါ်ပစ်လိုက်မိသည်။ တခဏချင်းမှာပင် ဂူချန်းမင်က လီကျန်း၏အရှေ့သို့ ပြေးလာကာ  ပါးရိုက်လိုက်ပြီး ခက်ထန်သောလေသံဖြင့်

“ပါးစပ်ပိတ်ထားစမ်း။ မင်းရဲ့အဖေက မင်းကို တောင်းပန်စေချင်တယ်။ လီဟောင်ရန်က မင်းကို ဘယ်လို သွန်သင်ဆုံးမခဲ့ပါစေ အဲဒါ မင်းတို့မိသားစုရဲ့ ပြဿနာပဲ။ ဒါပေမဲ့ မင်းက သူ့သားတစ်ယောက် ဖြစ်နေသရွေ့ သူ့ကို ဒုက္ခရောက်အောင် ဘယ်တော့မှ မင်း မလုပ်ရဘူး။ တောင်းပန်လိုက်စမ်း။"

လီကျန်းက သူ့ပါးကို အုပ်ထားရင်း ဖြစ်ပျက်သွားသည်ကို မယုံနိုင်ဟန် ရှိနေရသည်။ ထို့ပြင် သူ့ကို ပါးရိုက်သည့်သူမှာ ဖခင်ဖြစ်သူမဟုတ်ဘဲ ဂူချန်းမင် ဖြစ်နေသည်။ လီကျန်း မိုက်မိုက်မဲမဲ ပြုမူလိုက်ချင်သော်လည်း ဂူချန်းမင်၏ပုံရိပ်သည် သူ့အား ဟန့်တားထားသောကြောင့် ပါးစပ်မဟရဲဘဲ ဖခင်ဖြစ်သူအား လှည့်ကြည့်လိုက်မိသည်။

လီဟောင်ရန်၏ အမူအရာသည် အတန်ငယ် အကျည်းတန်သွားရသည်။ ဂူချန်းမင်က သူ့သားအား ရိုက်လိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားသော်လည်း ယနေ့အခြေအနေသည် ထိုကဲ့သို့သော အခြေအနေတစ်ရပ်သို့ ပြောင်းလဲသွားခဲ့ရပြီဖြစ်သည်။ ဂူချန်းမင်အား ဒေါသထွက်ရန် မသင့်တော်လှသောကြောင့် လီဟောင်ရန်သည် ပေါက်ကွဲချင်နေသောခံစားချက်အား မျိုသိပ်ထားရင်း လီကျန်းအား ကြည့်ကာ အော်လိုက်သည်။

“တောင်းပန်လိုက်…”

"တောင်းပန်ပါတယ်။"

သူ့အဖေနှင့် ဂူချန်းမင်ဆီမှ အကြည့်များအား လွှဲလိုက်ရင်း လီကျန်းက ထန်ရှုနှင့် မျက်နှာချင်းဆိုင်လိုက်ကာ စိတ်မပါသောအကြည့်တို့ဖြင့်

“ထန်ရှု… အရင်က ငါ လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ဒီညကိစ္စမှာ ရန်ငြိုးထားတဲ့ ရည်ရွယ်ချက်ရှိသွားခဲ့မိလို့ ငါ တကယ်ကို စိတ်မကောင်းပါဘူး။ နောင် မင်းကို တွေ့ရင် ရှောင်ကြဉ်ရမယ်ဆိုတဲ့ ငါတို့ရဲ့ အရင်က သဘာတူညီချက်ကို ငါ လိုက်နာပါ့မယ်။"

…ရှောင်ကြဉ်…

ထိုစကားနေရာတွင် လီကျန်းသည် လေးနက်သောလေသံ လေးနက်သောဟန်ပန်တို့ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။

လီဟောင်ရန်နှင့် လီကျန်းအား အေးစက်စွာ ကြည့်နေပြီးနောက် ထန်ရှုသည် ဂူချန်းမင်ဘက်သို့ လှည့်လာပြီး

“အစ်ကိုဂူ လုပ်ဆောင်ပေးပြီးလို့ ကျွန်တော် ဒီကိစ္စကို ခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် လီမိသားစုထဲက တစ်ယောက်ယောက်က ကျွန်တော့်ကို ထပ်ပြီး နှိုးဆွရင် အချိန်ကျလာတဲ့အခါ ရက်ရက်စက်စက် ပြောင်းလဲသွားလို့ အားလုံးဆုံးရှုံးသွားတဲ့အခါကျမှ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။"

အဖော်လုပ်ပေးနေသည့် ဂူချန်းမင်က တစ်ချက်ပြုံးလိုက်ပြီး

"ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ညီအစ်ကိုထန်ရဲ့ သဘောထားကြီးမြတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ မနက်ဖြန်ကျရင် ညီအစ်ကိုထန်များ အားလေမလား။ ငါ ပွဲတစ်ပွဲကို ဖိတ်ချင်လို့ပါ။”

"အဲဒါကို မေ့ထားလိုက်ရအောင်။ ကျွန်တော့်မှာ အသေးအဖွဲကိစ္စလေးတွေ ဖြတ်ဖို့ ကျန်နေသေးတာမို့ ကျွန်တော့်ကို အရင်ပြန်ခွင့်ပြုပါဦး။"

ဂူချန်းမင်က အလျင်စလို လှည့်ပြီး လီဟောင်ရန်အား မျက်စိမှိတ်ပြလိုက်သည်။  ဂူချန်းမင်က တစ်ချက် ပြုံးလိုက်ကာ

“ကောင်းပြီ။ ငါ မင်းကို လိုက်ပို့ပေးမယ်။”

မိနစ်အနည်းငယ်ကြာပြီးနောက် ကားသုံးစီးထွက်သွားသည့်အခါ ဝင်းခြံအရှေ့တွင် ရပ်နေသော လီဟောင်ရန်သည် ဂူချန်းမင်အား ဒေါသအား မျိုသိပ်ထားရင်း အေးစက်သည့် အကြည့်များဖြင့် ကြည့်ကာ

“ငါ့ရဲ့ချစ် လှစွာသော ညီအစ်ကိုဂူ… မင်း ငါ့ကို ရှင်းပြဖို့ လိုတယ်မထင်ဘူးလား။”

ဂူချန်းမင်ကိုယ်၌ပင် အတန်ငယ် စိတ်မချမ်းမသာ ဖြစ်နေရသည်။ ထန်ရှုပြောခဲ့သော စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်အား အပြည့်အဝ သူ နားလည်ခဲ့သည်။ ဝိုင်အကြောင်းဘာမှမသိသော်လည်း ထန်ရှု၏ ဝိုင်စက်ရုံမှထုတ်လုပ်သောဝိုင်အတွက် ကြီးမားသောအမှာစာတစ်ခုအား ယခင်က သူ ပြုလုပ်ခဲ့သည်။ ထန်ရှုနှင့် ခင်မင်ရင်းနှီးချင်သောကြောင့် ထိုသို့မှာယူခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေသည် ထန်ရှု၏မျက်နှာသာပေးမှုအား ရယူခြင်းပင်ဖြစ်သည်။

သို့သော် ယနေ့တွင် မာကျောက်ကစားရန် လီဟောင်ရန်အား လာရောက်တွေ့ဆုံရသောအခါ သူသည် ထိုမျက်နှာသာပေးမှုအား အမှန်တကယ်ပင် အသုံးချလိုက်ရသည်။ ထို့ကြောင့် ထိုအကြောင်းအရာအား ပြန်လည်တွေးတောရာတွင် ဂူချန်းမင် အနည်းငယ် တုန်လှုပ်သွားမိသည်။

"ဒီနေရာမှာ မင်းကို ရှင်းပြစေချင်တာလား။"

ဂူချန်းမင်က အေးစက်သည့် လေသံနှင့် ပြန်ဖြေသည်။

လီဟောင်ရန်က “အဲ့လိုဆိုလည်း အိမ်ထဲကို လာခဲ့ပါ။”

ကျန်သည့် လူလတ်ပိုင်း နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဖြစ်ပျက်ခဲ့သမျှအား  အားလုံးမြင်ကြပေရာ အခြားသူ၏အတွင်းရေးတွင် ဝင်ရောက်စွက်ဖက်သော ဂူချန်းမင်အတွက် စိတ်တွင်းမှ သက်ပြင်းချခဲ့မိကြသည်။ လီဟောင်ရန်၏ရှေ့တွင် သားဖြစ်သူလီကျန်းအား ကိုယ်တိုင်ရိုက်ပြီး လီမိသားစု၏ နေအိမ်တွင် ထန်ရှုအား တောင်းပန်ခိုင်းခဲ့သည်။

ဒါကြီးက လွန်လွန်းနေသည်မဟုတ်ပေလော…

***

All Chapters