မင်းရဲ့နောက်လက်ချောင်းတစ်ချောင်းကိုဖြတ်ပစ်မယ်
Vol. 39 Ch. 541
အခန်း (၅၄၁) မင်းရဲ့နောက်လက်ချောင်းတစ်ချောင်းကိုဖြတ်ပစ်မယ်
မိုးခြိမ်းသံများ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာပြီး လျှပ်စီးများလင်းလက်လျှက် မိုးကြိုးသွားသဏ္ဌန်တစ်ခုက ရန်ကျောက်ကဲဆီသို့ လျှင်မြန်စွာ ဝင်ရောက်လာသည်။
အရှိန်အဟုန်က ရှားလော်ဂိုဏ်းချုပ် ‘ဖုန်းကျန်းရှန်’ ထက်ပင် လျှင်မြန်သေး၏။
ထိုသူက...
မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သော ‘လေ့ဟွမ်ဂိုဏ်း’ မှ ‘သွေးနီမိုးကြိုးဘုရင်’ “ကန်းဟွေ”။
သမုဒ္ဒရာကမ္ဘာ၏ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များထဲတွင် နံပါတ် (၁)အဆင့် ရှိသူပင်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့် သိုင်းသူတော်စင်များအား ထည့်မတွက်လျှင် ‘လေ့ဟွမ်’ ဂိုဏ်းချုပ် ကန်းဟွေကို အနိုင်ယူနိုင်သူ တစ်ယောက်မှ မရှိပေ။ တစ်ဦးတစ်ယောက်ချင်း စွမ်းအားအရ နှိုင်းယှဉ်ပါက ကန်းဟွေထက်သာလွန်သူဆို၍သိုင်းသူတော်စင်များဖြစ်သော ကျန်လုန်ဂိုဏ်းချုပ် ‘ကျောက်ကျုန်း’ ၊ ရေသလင်းနန်းတော်သခင် ‘လင်ရှီး’ ၊ မိစ္ဆာသူတော်စင်ဂိုဏ်းချုပ် ‘လင်ချန်းချန်’ တို့သာလျှင် ရှိသည်။ သမုဒ္ဒရာကမ္ဘာရှိ အင်အားစုများတွင် သူ့အဆင့်က စတုတ္ထအဆင့် ရှိပေ၏။
ကန်းဟွေ ရောက်ရှိလာသော အသွင်အပြင်ကြောင့် နျန်ချန်နှင့် ဖုန်းကျန်းရှန်တို့သည်ပင် အတော်လေး ထိတ်လန့်သွားခဲ့ကြသည်။
သို့သော် မကြာမီမှာပင် နျန်ချန်၏ ထိတ်လန့်မှုက ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။
သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“ဟို ‘ရှီ’ မျိုးနွယ်ကို ကာကွယ်ဖို့အနေသာသာ မင်းတောင် ဒီနေရာ လွတ်အောင်ပြေးနိုင်ပါ့မလား... ဟမ်”
လေ့ဟွမ်ဂိုဏ်းချုပ် ‘ကန်းဟွေ’ နှင့် ရှားလော်ဂိုဏ်းချုပ် ‘ဖုန်းကျန်းရှန်’ ရောက်လာသည်ကို တွေ့ရသည့်အခါ လမ်းမှန်သိုင်းသမားများ မျက်မှောင်ကြုတ်လိုက်ကြသည်။
အစောပိုင်းက တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ရေသလင်းနန်းတော်မှ အကြီးအကဲတစ်ယောက်က...
“အကြီးအကဲ’နျန်ချန်’ ၊ မင်းက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းနဲ့ လက်တွဲနေတာလား”
နျန်ချန်က အေးစက်စွာဖြင့်...
“ဒီ ‘ရန်’ မျိုးနွယ်ကောင်လေးက ဖန်းခန်းကို သတ်ခဲ့တယ် ၊ ပြီးတော့ ငါတို့ လမ်းမှန်ဂိုဏ်းသားတွေကိုလည်း သတ်ခဲ့တာပဲ မဟုတ်လား ၊ ဒီတော့ သူက မိစ္ဆာဂိုဏ်းဘက်ကမဟုတ်ဘူးလို့ တစ်ထစ်ချ မပြောနိုင်ဘူး”
သူက ဆက်ပြောသည်။
“ပြီးတော့ တခြားသူတွေ ဘာတွေပြောပြော ဒီအဘိုးကြီး အရေးမစိုက်ဘူး ၊ ငါ့မြေးကိုသတ်တဲ့ လူသတ်သမားကို ကာကွယ်ပေးတဲ့သူက ငါ့ရန်သူပဲ ၊ ဒီကောင်စုတ်လေးကို အရင်သတ်ပြီးတော့မှ ရှားလော်ဂိုဏ်းနဲ့ လေ့ဟွမ်ဂိုဏ်းကိစ္စ ဖြေရှင်းလို့ရတယ် ၊ အခုတော့ ငါ လက်စားချေတာကို တားဆီးရဲတဲ့သူ တားဆီးကြည့်စမ်း”
ပြောပြီးသည်နှင့် သူ၏ဦးခေါင်းထက်မှ သွေးနီနဂါး အစစ်အမှန်သိုင်းကိုယ်ခွဲက ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လက်သည်းဖြင့် ပြင်းထန်စွာ ကုတ်ချလိုက်သည်။
အထွတ်ထပ်မှော်ဝင်ပစ္စည်းဖြစ်သော “နဂါးကိုးကောင်လက်ချောင်း” မှ အမြင့်ဆုံးအဆင့်စွမ်းအားများ ထွက်ပေါ်လာသည်။ နဂါးလက်သည်းရှစ်ချောင်းသာ ကျန်ရှိတော့သော်လည်း သွေးနီနဂါးစက်ဝန်း လျှို့ဝှက်နည်းပညာ အကူအညီဖြင့် အရှိန်အဟုန်က ကောင်းကင်ထိတိုင် ပြင်းထန်နေဆဲပင်။
ထိုအချိန် အဝေးတစ်နေရာမှ ကျောက်စိမ်းရောင်အလင်တန်းတစ်ခု ထွက်ပေါ်လာကြောင်း တွေ့ရပြန်သည်။
ထိုအလင်းတန်းက တစ်ခဏအတွင်း အနာသို့ ရောက်လာ၏။
“နဂါးဘုရင်’နျန်ချန်’ က မိစ္ဆာလေးကိုသတ်ချင်တယ်ဆိုရင် ငါတို့ ကြံ့ဝိညာဉ်ကျွန်းကလည်း ကူညီပေးဖို့ အသင့်ပါပဲ”
စကားသံနှင့်အတူ ကျောက်စိမ်းရောင်အလင်းတန်းကြားမှ အဘိုးအိုတစ်ယောက်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
ထိုသူက ကြံ့ဝိညာဉ်ကျွန်းမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး ဖန်းခန်းကဲ့သို့ပင် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်ပြီး နာမည်က ‘ကွမ်းလီ’ ဟု ခေါ်၏။
ကွမ်းလီက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“မင်းက ငါတို့ကျွန်းသခင်ကို သတ်ဖြတ်ပြီး ငါတို့ဂိုဏ်းရဲ့ အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်တဲ့ ကြံ့ဝိညာဉ်စက်ဝန်းကို ခိုးသွားတယ် ၊ ဒီနေ့ မိုးကောင်းကင်ရဲ့ တရားမျှတမှုကို ရှာဖွေဖို့ မင်းအသက်ကို ပေးဆပ်ရမယ်”
ဤအဘိုးအိုက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ထိပ်တန်း (၁၀)ယောက်တွင် မပါဝင်သော်လည်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်သဖြင့် လျှော့တွက်၍ မရနိုင်ပေ။
ရန်သူများစွာ ဝိုင်းရံခံထားရသည့်တိုင် ရန်ကျောက်ကဲက ကြောက်ရွံ့မသွားသည့်အပြင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
လေ့ဟွမ်ဂိုဏ်းချုပ် ‘ကန်းဟွေ’ ရောက်ရှိလာသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်မှလွဲပြီး ရန်ကျောက်ကဲ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
သူက ရယ်မောရင်း...
“ကောင်းတယ် ၊ လာခဲ့...”
သူ့စကားဆုံးသွားသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နျန်ချန်၏ နဂါးကိုးကောင်လက်သည်းနှင့် အတင်းကျပ် ဆက်လက်မတိုက်ခိုက်တော့ဘဲ နောက်ပြန်ဆုတ်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နောက်ဆုတ်သွားရင်းဖြင့် သူ၏စွမ်းအားနှင့် အရှိန်အဟုန်ကိုပါ ဆွဲယူသွားသဖြင့် နျန်ချန် တုန်လှုပ်သွားသည်။ ဗလာနယ်အယူအဆ၏ သက်ရောက်မှုကို ချိုးဖျက်ပြီး နဂါးကိုးကောင်လက်သည်းကိုပင် နောက်သို့ လွင့်စင်သွားစေသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဘာမှ စိတ်ပူစရာမရှိပါဘူး ၊ ရင်ခုန်စရာ တိုက်ပွဲတစ်ခု တိုက်ကြတာပေါ့”
နျန်ချန်ကို ရှောင်တိမ်းပြီး ပြန်လည်ဆုတ်ခွာသွားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူသ၏လက်ဖဝါးကို ဖြန့်လိုက်သည်။ ထိုအခါ ကောင်းကင်ကို လွှမ်းခြုံပြီး နေမင်းကိုပင် ပြောင်းလဲလိုက်သည့်ပမာ ကြီးမားကျယ်ပြန့်သော လက်ဖဝါးကြီးတစ်ဖက် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ ၊ ရွှီဖေး ၊ ရှီကျွင်းနှင့် ချန်လီတောင်မှ ကျင့်ကြံသူအုပ်စုမှာ ထိုလက်ဖဝါးအတွင်း ရောက်ရှိသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကိုင်ဆောင်ထားခြင်းကို ခံရသည်။
ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နျန်ချန်၏ တိုက်ခိုက်မှုကို ထပ်မံရှောင်တိမ်းရင်း ဖုန်းကျင်းရှန် ၊ ကန်းဟွေနှင့် ကွမ်းလီတို့ (၃)ယောက်ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။
သူ၏ ပထမဆုံးပစ်မှတ်က ထို (၃)ယောက်တွင် အညံ့ဆုံးဖြစ်သော ကွမ်းလီ ဖြစ်၏။
ထိုခဏတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဒဏ္ဍာရီလာ ဂဠုန်ဝေလငါး သားရဲကြီးအသွင် ပြောင်းလဲသွားပြီး ကမ္ဘာကို စုတ်ဖြဲပစ်တော့မည့်အလား ကွမ်းလီထံ ဝင်ရောက်လာသည်။
ကွမ်းလီ အလွန်တုန်လှုပ်သွားသည်။
သူ၏ ကြံ့ဝိညာဉ်လက်ဝါးသိုင်း ၊ ရန်သူ၏တိုက်ကွက်ကို ခန့်မှန်းတွက်ချက်ခြင်းများနှင့် ဝိညာဉ်စွမ်းအား အရှိန်အဟုန်တို့သည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တားဆီးနိုင်စွမ်း မရှိခဲ့ပေ။ သူ ထိတ်လန့်တုန်လှုပ်စွာ နောက်ပြန်ဆုတ်သွားစဉ် ကွမ်းလီ၏ အစစ်အမှန်သိုင်းကိုယ်ခွဲမှ လက်တစ်ဖက်ကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရိုက်ချဖြတ်တောက်လိုက်၏။
စောစောက ရန်ကျောက်ကဲကို ဝိုင်းရံတိုက်ခိုက်ရန်အတွက် မိုးမြေတစ်ခွင် လွှမ်းခြုံတော့မည့် စွမ်းအားများ ထုတ်ဖော်ထားခြင်းသည် ယခုတော့ ဟာသတစ်ခုထက် မပိုခဲ့ပေ။
အလွန်တရာမောက်မာလွန်းသော နျန်ချန်နှင့် အခြားသူများမှာ ဤမြင်ကွင်းကိုတွေ့တော့ အတော်လေး စိတ်ပျက်အားလျော့သွားကြသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပါးစပ်ဖွင့်လိုက်ပြီး ရန်ကျောက်ကဲ၏ အသံဖြင့် စကားပြောလိုက်သည်။
“နျန်ချန်... အရင်က မင်း ငါ့ကို ဘာလို့ ရှုံးခဲ့တာလဲဆိုတဲ့ မှတ်ဉာဏ်ဆိုးကြီးကို မေ့သွားပုံရတယ်”
သူက ဆက်ပြောသည်။
“ငါ့ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဝိုင်းတိုက်ချင်တယ်ဆိုရင် အနည်းဆုံးတော့ သူနဲ့ အရှိန်အဟုန်တူနေမှ ရမယ်လေ ၊ မဟုတ်လို့ကတော့ မင်းတစ်ယောက်တည်းတိုက်တိုက် ၊ တစ်အုပ်လုံးဝိုင်းတိုက်တိုက် ဘာမှ ကွာခြားမှုရှိမှာ မဟုတ်ဘူး”
“အင်း... ကြံ့ဝိညာဉ်ကျွန်းက အဘိုးကြီးက သိုင်းသူတော်စင်တစ်ယောက် ဒါမှမဟုတ် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုခု ရှိနေရင်တော့ မင်းတို့တွေ အခွင့်အရေးနည်းနည်းပါးပါး ရချင်ရမှာပေါ့”
ရန်ကျောက်ကဲ ကျယ်လောင်စွာ ရယ်မောလိုက်ချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နျန်ချန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။
လောလောဆယ် သူက ဖုန်းကျင်းရှန် ၊ ကန်းဟွေနှင့် ကွမ်းလီတို့ကို ပစ်မှတ်ထားရင်ဆိုင်နေပြီး နျန်ချန်နှင့် လုံးဝ ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိပေ။
နျန်ချန်၏မျက်နှာ နီရဲသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မြန်နှုန်းက သူ့ထက်သာသည်ဆိုသော အားသာချက်ကို သူ သိရှိခဲ့သည်ပင်။
ထို့ကြောင့် စတင်တိုက်ခိုက်သည်နှင့် နဂါးကိုးကောင်လက်ချောင်း ထုတ်ဖော်အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သူ့ဘက်က လက်ဦးမှု ရယူနိုင်ခဲ့လျှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ပေသိ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ယခင်တစ်ချိန် ထိပ်တိုက်ရင်ဆိုင်ခဲ့စဉ်ကထက်ပင် ပိုမိုလျှင်မြန်နေကြောင်း အဘိုးကြီးနျန်ချန် အံ့အားသင့်စွာ သိခဲ့ရ၏။
အကယ်၍ ထိုအရာ၏အရှိန်အဟုန်က အရင်တစ်ခေါက်တိုက်ခိုက်စဉ်လောက်သာ ရှိမည်ဆိုလျှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် အခွင့်အလမ်း ရှိပေလိမ့်မည်။ သို့သော် ယခုတော့ သူ့မှာ မြေမှုံထဲတွင် ကျန်ရစ်သူပမာ ထိုကိုယ်ပွားကို ယှဉ်နိုင်ရန် အလှမ်းဝေးနေသေးသည်။
ဤအချိန်ကာလာအတွင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ “မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်” သိုင်းပညာရပ်အပြင် မဟာကပ်ဘေးကြီးမတိုင်ခင်က ထိပ်တန်းသိုင်းပညာများ ထည့်သွင်းပေါင်းစပ်ထားပြီး အဆင့်တစ်ခုသို့ ရောက်ရှိသွားကြောင်း မည်သူမှ မသိခဲ့ကြပေ။
အဘိုးကြီး ‘ကွမ်းလီ’ သည် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ထိပ်တန်း (၁၀)ယောက်တွင် မပါဝင်သည့်တိုင် စွမ်းအားနိမ့်ကျသူတစ်ယောက်မဟုတ်ဘဲ သမုဒ္ဒရာကမ္ဘာတွင် ထိပ်တန်းအဆင့် ရပ်တည်နိုင်သူ ဖြစ်၏။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော နဂါးကိုးကောင်လက်သည်းကို ထည့်မစဉ်းစားလျှင် ကန်းဟွေသည် နျန်ချန်ထက်ပင် ပိုမိုစွမ်းအားမြင့်မားသူဖြစ်သလို ဖုန်းကျင်းရှန်သည်လည်း နျန်ချန်နှင့် တူညီသောအဆင့်တွင် ရပ်တည်သူပင်။
သို့သော် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ပြင်းထန်သော အရှိန်အဟုန်က သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် (၃)ယောက်ကို အပြည့်အဝ လွှမ်းမိုးထားသည်။
ရှီကျွင်းနှင့် ရန်ကျောက်ကဲကို အလွန်တရာ မုန်းတီးစိတ်ဖြင့် နျန်ချန်ကတော့ မဆုတ်မနစ် လိုက်ပါတိုက်ခိုက်လျှက် ရှိ၏။
ရုတ်တရက်...
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ရှေ့မှ လူ (၃)ယောက်ကို တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ပြီး သူ့ကို လှည့်ရင်ဆိုင်လိုက်သောအခါ နျန်ချန် ထိတ်လန့်အံ့သြသွားသည်။
နျန်ချန်၏ အစစ်အမှန်သိုင်းကိုယ်ခွဲ သွေးနီနဂါးကြီးမှ နဂါးလက်သည်းများဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးချက်တို့ ထိပ်တိုက်တွေ့သွားသည်နှင့် ရန်ကျောက်ကဲ၏ကိုယ်ပွားက နောက်ထပ်နဂါးလက်သည်းတစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။
လက်ချောင်းတစ်ချောင်း ထပ်မံဖြတ်တောက်ခံရသဖြင့် နျန်ချန် နာကျင်စွာ အော်ဟစ်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဟက်ဟက်ပက်ပက် ရယ်မောရင်း...
“ခုနစ်ချောင်း ကျန်သေးတယ်နော် ၊ အဲဒီလက်ချောင်းတွေအကုန် ဖြတ်ပစ်မှာလို့ ငါပြောပြီးသား ၊ ခဏပဲ ချန်ထားတာ”
ထိုအခွင့်အရေးကို အသုံးချကာ ကန်းဟွေနှင့် အခြား (၂)ယောက်က ထပ်မံ တိုက်ခိုက်လိုက်ကြသည်။ သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် သူတို့အားလုံး နောက်သို့ လွင့်စင်သွားကြသည်။
ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဒေါသထွက်လွန်းသဖြင့် သွေးကြောဆုံချက် (၇)နေရာမှ အငွေ့များတထောင်းထောင်းထနေသော နျန်ချန်ကိုခါထုတ်လိုက်ပြီး လေ့ဟွမ်ဂိုဏ်းချုပ် ကန်းဟွေကိုလည်း တွန်းထုတ်ပစ်လိုက်သည်။
တစ်ကိုယ်လုံး မိုးကြိုးများဖုံးလွှမ်းထားသော ကန်းဟွေက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ထိပ်တိုက်ရင်ဆိုင်ရန် လက်သီးနှစ်ဖက်ဖြင့် ထိုးနှက်လိုက်၏။
သူ၏လက်သီးနှစ်ဖက်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးတစ်ဖက်နှင့် ထိခတ်မိသွားပြီး ကန်းဟွေ၏ ခန္ဓာကိုယ်မှ အရိုးအဆစ်များအက်ကွဲသံ ဆူညံစွာ ထွက်ပေါ်လာသည်။
သူက အံတင်းတင်းကြိတ်လိုက်ပြီး များပြားလှစွာသော ကြောက်မက်ဖွယ်ရာ မိုးကြိုးသွားများကို လေထဲသို့ ထုတ်လွှတ်လိုက်သည်။ သူ၏ ကြီးမားသော အစစ်အမှန်သိုင်းကိုယ်ခွဲ ‘ကောင်းကင်ကိုးထပ်မိုးကြိုးသွား’ ကိုယ်ခွဲက နတ်ဘုရားမိုးကြိုးကို ထုတ်ဖော်ကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဖိအားအပြည့်ဖြင့် အတင်းအကျပ် တွန်းလှန်ရန် ကြိုးစားလိုက်၏။
သိုင်းသူတော်စင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်း နံပါတ် (၁) ဖြစ်သော ကန်းဟွေက ထိတ်လန့်တုန်လှုပ်ဖွယ်ရာစွမ်းအားကို ပြသခဲ့သည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အေးစက်စွာပြုံးလိုက်ပြီး နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
ကြီးမားပြီး အဆုံးမရှိသော ၊ ပြိုင်ဘက်ကင်း ဝေလငါးကြီးက ကျယ်ပြန့်သည့် မဟူရာပင်လယ်ထဲမှ ခုန်ထွက်လာသည့်အလား ခမ်းနားပြင်းထန်သောစွမ်းအားက ချက်ချင်းပင် ကန်းဟွေ၏ အစစ်အမှန်သိုင်းကိုယ်ခွဲ ‘ကောင်းကင်ကိုးထပ်မိုးကြိုးသွား’ ရှေ့သို့ ရောက်ရှိလာ၏။
လီပေါင်းတစ်သောင်းကို ထိုးခွင်းဖြတ်ကျော်နိုင်သော ဤ ဒဏ္ဍာရီလာ သားရဲကြီးမှာ ရေထဲတွင် ဝေလငါး ၊ ဝေဟင်တွင် ဂဠုန်ငှက်ကြီးအဖြစ် အလွန်တရာ မာနတရားဖြင့်ပြည့်သော နတ်ဘုရားတစ်ပါးပမာ ကမ္ဘာလောကတစ်ခုလုံးကို အထက်စီးမှ ငုံ့မိုးကြည့်နေသည့်အလား ဖြစ်ပေ၏။