သတ်
Vol. 39 Ch. 542
အခန်း (၅၄၂) သတ်
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ကန်းဟွေ နောက်သို့ယိမ်းယိုင်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
ရုတ်တရက် မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး အနီရောင်မီးတောက်တစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ မီးတောက်နှင့် မိုးခြိမ်းသံ တစ်သားတည်းပေါင်းစပ်သွားပြီး ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့အရှေ့မှ ကြောက်မက်ဖွယ်ရာ ‘မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်’ ကို ခုခံလိုက်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။
ကန်းဟွေ၏ တိုက်ခိုက်မှုကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အနည်းငယ်နှေးကွေးသွားချိန် နျန်ချန် ၊ ဖုန်းကျင်းရှန်နှင့် ကွမ်းလီတို့က သူ့အားချေမှုန်းပစ်ရန် စွမ်းအားအပြည့်ဖြင့် ကြိုးပမ်းခဲ့ကြသည်။
တစ်ကိုယ်လုံး အနီရောင်မိုးကြိုးသွားမီးတောက်များဖြင့် ဖုံးလွှမ်းလျှက် ကန်းဟွေ အနောက်သို့လွင့်ထွက်သွားကာ သွေးများ အန်ထုတ်လိုက်သည်။ ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဘေးသို့လှည့်လိုက်ပြီး ဖုန်းကျင်းရှန်၏ လျှပ်စီးပမာ ဓားအလင်းတန်းကို ရင်ဆိုင်လိုက်သည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဦးခေါင်းအနောက်ဘက်သို့ နျန်ချန်၏ နဂါးကိုးကောင်လက်သည်းက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို တွေ့ရသည့်အခါ ရှားလော်ဂိုဏ်းချုပ် ဖုန်းကျင်းရှန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူက နောက်ပြန်မဆုတ်တော့ဘဲ အေးစိမ့်အရိုးဖြူဓားချီကို စွမ်းအားအမြင့်ဆုံး ထုတ်လွှတ်လိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဆီသို့ ဝင်ရောက်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အေးစက်စွာပြုံးရင်း...
“သေစမ်း...”
သူက ဓားကိုဓားဖြင့် ရင်မဆိုင်ဘဲ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။
ထိုခဏတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်က မယုံကြည်နိုင်စရာ လှံရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဖုန်းကျင်းရှန်ခန္ဓာကိုယ်ထက်မှ ထူထပ်သော အရိုးချပ်ဝတ်ကို ထိုးစိုက်မိကာ အဖြူရောင်အရိုးများ တစ်ခုပြီးတစ်ခု ကွဲထွက်သွားသည်။
လက်သီးသိုင်းနှင့် လှံသိုင်းကို ပေါင်းစပ်အသုံးပြုပြီး ဖုန်းကျင်းရှန်၏ အရိုးချပ်ဝတ်ကို ချိုးဖျက်လိုက်ခြင်းပင်။
ဖုန်းကျင်းရှန် ထိတ်လန့်တုန်လှုပ်သွားချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူ့ဦးခေါင်းအနောက်သို့ ဝင်ရောက်လာသော နဂါးကိုးကောင်လက်သည်းကို ကပ်သီလေး ရှောင်ထွက်သွားသည်။
သို့သော် ဖုန်းကျင်းရှန် စိတ်သက်သာရာမရနိုင်ခင်မှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ကိုမြှောက်လိုက်၏။ ထိုအခါ သူ့လက်ထဲတွင် ခရမ်းရောင်လေးတစ်လက် ထွက်ပေါ်လာပြီး ကျယ်လောင်သောမိုးခြိမ်းသံများ မြည်ဟည်းလျှက် ရှိသည်။
အဆင့်မြင့်မှော်ဝင်လက်နက် ‘ကောင်းကင်တုန်လှုပ်လေးညှို့’။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား လေးညှို့တင်လိုက်သည့်အခါ သွေးနီရောင်အချွန်နှစ်ခု လေးညှို့ထက်တွင်ပေါ်လာပြီး လျှပ်ပြက်သည့်ပမာ လေကိုထိုးခွင်းဝင်ရောက်သွားသည်။
သာမန်မျှသာထင်ရသော်လည်း သိုင်းသူတော်စင်တစ်ယောက် လေးညှို့တင်လိုက်သည့်အခါ စွမ်းအားက အလွန်တရာ ပြင်းထန်လွန်းသည်။ သွေးနီရောင်မြားတစ်ချောင်းက ဖုန်းကျင်းရှန်၏ အစစ်အမှန်သိုင်းကိုယ်ခွဲကို လုံးဝကွဲကြေသွားစေပြီး နောက်ထပ်မြားချက်က သူ၏ပခုံးနှင့်လက်များကို အက်ကွဲသွားစေသည်။
ခက်ခက်ခဲခဲပင် သူ ခေါင်းငုံ့ကြည့်လိုက်တော့ သွေးနီရောင်နဂါးလက်သည်းတစ်ချောင်းက သူ့ပခုံးအတွင်း စိုက်ဝင်နေသည်ကို အံ့သြထိတ်လန့်စွာ တွေ့ရသည်။
နျန်ချန်၏ နဂါးကိုးကောင်လက်ချောင်းမှ ဖြုတ်ယူထားသော နဂါးလက်သည်းနှစ်ချောင်းကို ရန်ကျောက်ကဲက မြားအဖြစ် အသုံးပြုပြီး ရှားလော်ဂိုဏ်းချုပ် ဖုန်းကျင်းရှန်ကို မသေမရှင်ဖြစ်သည်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပင်။
နျန်ချန် ခဏမျှ မှင်တက်သွားသည်။ သို့သော် ချက်ချင်းပင် ဖုန်းကျင်းရှန်အနား ရောက်ရှိသွားပြီး သူ၏ပခုံးထက်မှ နဂါးလက်သည်းတစ်ခုကို ဆွဲဖြုတ်ယူလိုက်သည်။ ထို့နောက် နောက်ထပ်တစ်ချောင်းကိုလည်း အမြန်ရှာဖွေလိုက်၏။
ဖုန်းကျင်းရှန်က တုန်လှုပ်ချောက်ချားလျှက်ပင် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။
သို့သော် ပိုမိုစူးရှသော အော်ဟစ်သံတစ်သံက ဖုန်းကျင်းရှန်၏အော်ဟစ်သံကို ဖုံးလွှမ်းသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို သိမ်းဆည်းလိုက်ပြီး နျန်ချန် မတိုက်ခိုက်နိုင်သည်ကို အခွင့်ကောင်းယူကာ ကြံ့ဝိညာဉ်ကျွန်းမှ အဘိုးကြီးကွမ်းလီကို လက်သီးဖြင့် ထိုးစိုက်ချလိုက်ခြင်းပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ချက်ဖြင့် ကြံ့ဝိညာဉ်ကျွန်းမှ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်သိုင်းဆရာသခင်၏ အစစ်အမှန်သိုင်းကိုယ်ခွဲမှာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရသည်။
နျန်ချန်က ကျန်ရှိနေသော နဂါးကိုးကောင်လက်သည်းတစ်ချောင်းကို ရှာဖွေနေစဉ် ကြောက်မက်ဖွယ်ရာ မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်က သူ၏ ဦးခေါင်းအနောက်ဘက်သို့ ဝင်ရောက်လာ၏။
“မင်းက သိပ်ကိုလှည့်စားတတ်တဲ့ကောင်ပဲ”
နျန်ချန် ဒေါသတကြီးဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်စဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ထိုးနှက်ချက်က သူ့ထံဝင်ရောက်လာသည်။
အစောပိုင်းက သူ၏စွမ်းအားများ အတင်းအကျပ်မြှင့်တင်ရန်အတွက် သွေးနီနဂါးစက်ဝန်းပညာကို အသုံးပြုထားခဲ့သည်။ ထိုလျှို့ဝှက်ပညာက သိုင်းသမားတစ်ယောက်၏စွမ်းအားကို အခိုက်အတန့်မျှသာ မြင့်တက်လာစေနိုင်ပြီး စွမ်းအားကုန်ဆုံးသွားချိန်မှာတော့ သိုင်းကျင့်ကြံသူ၏စွမ်းအားက သာမန်ထက် အားနည်းသွားမည် ဖြစ်သည်။
ယခု နျန်ချန်၏ သွေးနီနဂါးစက်ဝန်းအကျိုးသက်ရောက်မှုများ တဖြည်းဖြည်း ကုန်ဆုံးနေပြီဖြစ်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ နဂါးလက်သည်းတစ်ချောင်းက သူ့လက်ထဲ ပြန်လည်ရောက်ရှိလာသည်။
မျောက်မီးခဲကိုင်မိသလို နေမထိထိုင်မသာဖြစ်နေဟန်ရှိသော နျန်ချန်ကိုကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောလိုက်၏။
“ဘာလို့ နဂါးလက်သည်းတွေကို ပြန်ရှာနေတာလဲ ၊ ပြန်တွေ့တော့ရော အဲဒါကိုဝတ်ဖို့ လက်ချောင်းတွေ ရှိသေးလို့လား”
“မင်း...”
နျန်ချန် ဒေါသချောင်းချောင်းထွက်သွားသည်။
သို့ပေသိ သူ ဘေးသို့လှည့်ကြည့်လိုက်တော့ လေ့ဟွမ်ဂိုဏ်းချုပ် ‘ကန်းဟွေ’ က ရန်ကျောက်ကဲနှင့် ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ ရှောင်ပြေးသွားသည်ကို တွေ့ရသည်။
မသေမရှင်ဖြစ်နေသော ဖုန်းကျင်းရှန်နှင့် ကွမ်းလီတို့က အကူအညီရတော့မည် မဟုတ်ပေ။
ဒေါသနှင့် အမုန်းတရားများ တောက်လောင်နေသေးသည့်တိုင် နျန်ချန်စိတ်ထဲ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများ စတင်ခံစားလာရသည်။
သူ မည်သို့မှ မတတ်နိုင်တော့ဘဲ ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။
ထိုအခါ...
အဝေးတစ်နေရာမှ ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး ခမ်းနားပြင်းထန်သော ဓားရောင်ဝါက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွား၏။ ထိုဓားရောင်ဝါက ဓားအသင်္ချေရေကန်မှ အထွတ်ထိပ်မှော်ဝင်လက်နက် ‘မျောလွင့်ဓား’ ပင်။
နျန်ချန် မည်သို့မှမတတ်နိုင်ဘဲ အားမတန် မာန်လျှော့လျှက် ဓားအသင်္ချေရေကန်မှ ယန်ကန်းကို အချက်ပြ အကူအညီတောင်းလိုက်ခြင်း ဖြစ်သည်။
ဤအချက်ပြမှုက သူ အသက်အန္တရယ်ရှိနေပြီကို ညွှန်ပြခြင်းပင်။
အစောပိုင်းအစီအစဉ်အရ ယန်ကန်းက တိုက်ပွဲတွင်ပါဝင်ခြင်းမရှိဘဲ ရေသလင်းနန်းတော်သခင်’လင်ရှီး’ ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်း ဖြစ်၏။
သို့သော် ယခု နျန်ချန် အခြေအနေမဟန်တော့သည်ဖြစ်ရာ ယန်ကန်းလည်း ကူညီရန် အလျှင်အမြန် ရောက်လာရသည်။ နျန်ချန်နှင့် နဂါးကိုးကောင်လက်သည်းသာ တစ်ခုခုဖြစ်ခဲ့ပါက သူတို့ဂိုဏ်းအတွက် မဟာမိတ်လျော့နည်းသွားနိုင်ပေသည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဝေးမှရောက်လာသော ‘မျောလွင့်ဓား’ ကို အရေးမစိုက်ပေ။ သူက မသေမရှင်ဖြစ်နေသော ဖုန်းကျင်းရှန်အနားရောက်သွားပြီး ရင်ဝကို လက်ဖြင့်ထိုးဖောက်လိုက်သည်။ ဖုန်းကျင်းရှန်၏ နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ့ရင်ဘတ်သည်လည်း ထုတ်ချင်းပေါက်သွား၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဖုန်းကျင်းရှန်၏ ရင်ဘတ်အတွင်းမွှေနှောက်လျှက် တစ်စုံတစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူနေဟန်ရှိသည်။ ခဏကြာတော့ ထိုကိုယ်ပွားက အေးစက်စွာပြုံးရင်း လက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
နျန်ချန်သာမက အဝေးမှကြည့်နေသော သိုင်းသမားများအာလးံးသည်ပင် ခန္ဓာကိုယ်များ အေးခဲသွားသလို ခံစားလိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဖုန်းကျင်းရှန်၏ကျောရိုးတစ်ခုလုံးကို ဆွဲထုတ်လိုက်ကြောင်း တွေ့မြင်ကြရသောကြောင့်ပင်။
မြားချက်ကြောင့် တစ်စစီကွဲကြေသွားသော အရိုးဖြူချပ်ဝတ်အပိုင်းအစများနှင့် ဖုန်းကျင်းရှန်၏ အရိုးဖြူ အစစ်အမှန်သိုင်းကိုယ်ခွဲအားလုံးကို မမြင်နိုင်သောစွမ်းအားတစ်ခုက ဤကျောရိုးအတွင်း စုပ်ယူသွားစေခဲ့သည်။
ထို့ကြောင့် ရန်ကျောက်ကဲက ဖုန်းကျင်းရှန်၏ ကျောရိုးကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲရောက်သည်နှင့် အရိုးဖြူကျောရိုးကြီးက ဖြောင့်မတ်ရှည်လျားလာသည်။ မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည် သိုင်းစွမ်းအားများဖြင့် သန့်စင်လိုက်သည့်အခါ ထိုကျောရိုးက အရိုးဖြူလှံရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းပင် ထိုလှံရှည်က နျန်ချန်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။
အလွန်တရာတုန်လှုပ်သွားသော နျန်ချန်သည် နဂါးကိုးကောင်းလက်ချောင်းကို အသုံးပြုကာ အလျှင်အမြန် ခုခံလိုက်ရသည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်က ပိုမိုလျှင်မြန်ပြီး အားကောင်းနေပြီ ဖြစ်၏။
နျန်ချန်၏ နဂါးကိုးကောင်လက်ချောင်းမှာ ယခု လက်ချောင်း (၇)ချောင်းသာ ကျန်ရစ်တော့ပြီး သူကိုယ်တိုင်သည်လည်း အားနည်းသောအခြေအနေတွင် ရောက်ရှိနေပြီဖြစ်လေရာ လှံရှည်၏တိုက်ခိုက်မှုကို တောင့်မခံနိုင်တော့ဘဲ အဝေးသို့ လွင့်ထွက်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဟားတိုက်ရယ်မောရင်း...
“ငါ ကျင့်ကြံခဲ့တဲ့သိုင်းပညာကို ‘မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်’ လို့ ခေါ်တယ် ၊ ဒီသိုင်းပညာကို လက်ချည်းသက်သက် အသုံးပြုတာနဲ့ လှံရှည်ကိုင်ဆောင်ပြီးအသုံးပြုတာ တူမယ်များထင်နေသလား”
နျန်ချန် နောက်သို့လွင့်စင်သွားသည်နှင့် မျောလွင့်ဓားရောင်ဝါက သူ့မျက်စိရှေ့သို့ ရောက်ရှိလာသည်။
သို့သော် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မျောလွင့်ဓားကို အရေးမစိုက်ဘဲ နျန်ချန်၏ သွေးနီနဂါး အစစ်အမှန်သိုင်းကိုယ်ခွဲကို လှံရှည်နှင့်ထိုးစိုက်ကာ တစ်စစီအက်ကွဲသွားစေသည်။
နျန်ချန်ပါးစပ်မှာ သွေးများ အန်ထုတ်လိုက်၏။
သူက သွားကြားထဲမှထွက်သည့် လေသံဖြင့်...
“သိပ်ပျော်မနေနဲ့... မင်းရဲ့ ရန်သူတွေထဲမှာ မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’ ရှိနေသေးတယ်”
ထိုအချိန် တင်းမာသောမျက်နှာအမူအရာဖြင့် မျောလွင့်ဓားကိုကိုင်ဆောင်ထားသော ယန်ကန်းပေါ်လာပြီး ရန်ကျောက်ကဲ နျန်ချန်ကို မသတ်မိစေရန် တားဆီးလိုက်၏။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မျောလွင့်ဓား၏ ကြောက်မက်ဖွယ်ရာကောင်းလွန်းသော အလင်းတန်းကို အရေးမစိုက်ဘဲ နျန်ချန်၏ရင်ဝကို လှံဖြင့် ထိုးစိုက်ချလိုက်သည်။
တစ်ချိန်တည်းပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်ကိုင်ဆောင်ထားခြင်းမရှိသော အခြားလက်တစ်ဖက်တွင် အမွှေးတိုင်အိုးလေးတစ်ခုပေါ်လာပြီး သူ့ထံဝင်ရောက်လာသည့် ‘မျောလွင့်ဓား’ အလင်းတန်းကို စုပ်ယူပစ်လိုက်သည်။
ဓားအလင်းတန်းကို ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက ဝါးမျိုသွားခဲ့ပြီး ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာကာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ယန်ကန်းက အံ့အားသင့်စွာဖြင့်...
“အထွတ်ထိပ်မှော်ဝင်ဓားတစ်လက်ရဲ့ စွမ်းအားကိုတောင် စုပ်ယူနိုင်တာလား”
ထိုအချိန် ရင်ဝကို အရိုးဖြူလှံရှည်ဖြင့် ထိုးဖောက်ခံလိုက်ရသော နျန်ချန်မှာ သွေးတစ်ပွက်အန်ထုတ်လိုက်၏။
သို့ပေသိ ထိုသွေးများထဲမှ ရွှေပိုးကောင်ငယ်တစ်ကောင် ထွက်ပေါ်လာကာ ကောင်းကင်ထက်ပျံသန်းသွားပြီး ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုရွှေရောင်အလင်းတန်းများက နျန်ချန်နှင့် နဂါးကိုးကောင်လက်ချောင်းကို ရစ်ပတ်ကာ လေထဲသို့တိုးဝင် လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဒါကိုမြင်တော့ လူတိုင်းက...
“အဲဒါက နဂါးကိုးကောင်ဘုရင် နျန်ချန်ရဲ့ နောက်ဆုံးအသက်ကယ်အင်းသင်္ကေတ ရွှေပိုးကောင်အလင်းတန်းလား”
ယန်ကန်းက မျောလွင့်ဓားကို ဝှေ့ယမ်းလိုက်ပြီး ရန်ကျောက်ကဲကို ဒဏ်ရာရစေရန် မရည်ရွယ်ဘဲ နျန်ချန်နောက် လိုက်ပါမသွားနိုင်စေရန်သာ ပိတ်ဆို့တားဆီးလိုက်သည်။
ရွှေရောင်အလင်းတန်းများ အဝေးတစ်နေရာသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရေးမစိုက်ဟန် ခပ်ပါးပါးတစ်ချက် ပြုံးလိုက်၏။
ထိုအပြုံးကိုမြင်တော့ ယန်ကန်းစိတ်ထဲ တင်းကျပ်စွာ ခံစားလိုက်ရလေသည်။