မထိတွေ့နိုင်သော
Vol. 08 Ch. 383
အိမ်ထဲရှိ ဧည့်ခန်းတွင် ဂူချန်းမင်သည် ခေါင်းယမ်းလိုက်ရင်း
“မင်းရဲ့စာဖတ်ခန်းကို သွားရအောင်။ သတိကြီးကြီး မထားရင် ဒီကိစ္စက ပြသနာ အကြီးအကျယ် တက်သွားလိမ့်မယ်။ မျက်နှာသာပေးမှုတစ်ခုကို မင်းအတွက်နဲ့ ငါ ဖြုန်းတီးလိုက်ရပြီးပြီ။ နောက်ထပ် ရှုပ်ထွေးလာမယ့်ကိစ္စတွေကို ငါ ထပ်ပြီး မလိုချင်တော့ဘူး။”
“ညီအစ်ကိုချန်နဲ့ ညီအစ်ကိုဂေါင်က အပြင်လူတွေမှ မဟုတ်တာ။ သူတို့ကြားရလည်း အဆင်ပြေတယ်လို့ ငါ ထင်တယ်ဟုတ်တယ်မလား။ ငါ လီဟောင်ရန်က သူတို့ရှေ့မှာ ဒီနေ့ မျက်နှာပျက်ရတယ်။ ဒီကိစ္စကို မရှင်းလင်းထားရင် ငါ့မျက်နှာထားစရာ နေရာ မရှိတော့ဘူး။”
ဂူချန်းမင်၏မျက်နှာ အေးစက်သွားသည်။ သူသည် လီဟောင်ရန်အား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ချာကနဲလှည့်ကာ အပြင်ဘက်သို့ ထွက်သွားတော့သည်။
“ဟေ့…ဟေ့…ဟေ့…ညီအစ်ကိုဂူ…ညီအစ်ကိုဂူ…မင်း ဘာလုပ်နေတာလဲ။”
သက်လတ်ပိုင်း လူတစ်ယောက်က ဂူချန်းမင်၏အနောက်သို့ လိုက်ကာ လက်မောင်းအား လှမ်းကိုင်လိုက်သည်။
“ညီအစ်ကိုလီက သူ့သိက္ခာကို ပြန်ဆယ်ချင်တာကြောင့်ပါ။ ကောင်းပြီ။ မင်းတို့ စကားပြောနေကြတုန်း ငါနဲ့ဂေါင်ကြီးက စစ်တုရင်ခန်းမှာ သွားစောင့်နေလိုက်မယ်။”
လီဟောင်ရန်သည် ဂူချန်းမင်၏ပုံမှန်မဟုတ်သော အပြုအမူကိုမြင်ပြီးနောက် အနည်းငယ် မယုံနိုင်ဖြစ်သွားကာ အမူအရာ ပြောင်းလဲသွားရသည်။ သူနှင့် ဂူချန်းမင်သည် ဆယ်စုနှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြသော်လည်း သည်ကဲ့သို့ ထူးဆန်းသော အပြုအမူအား သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
သူ့သဘောထားကြောင့် ပြဿနာ ဖြစ်နိုင်မလား။
ဂူချန်းမင်…သူ... သူတကယ်ပဲ ကူညီခဲ့တာလား။
လီဟောင်ရန်၏အတွေးများသည် ရုတ်တရက် မြန်လာရကာ စိတ်တွင်းမှ ဒေါသများသည်လည်း အနည်းငယ် လျော့ကျသွားသည်။ သူသည် ဂူချန်းမင်ဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အားတင်းပြုံးလိုက်ရင်း
"ညီအစ်ကိုဂူ… တကယ်တော့ ငါ့မှာ တခြားရည်ရွယ်ချက်တွေ မရှိပါဘူး။ ငါတို့တွေက ဆယ်စုနှစ်ကြာအောင် သူငယ်ချင်းဖြစ်ခဲ့တာမို့ ငါ့ဒေါသကို မင်းလည်း သိပါတယ်။ လူတစ်ယောက်က ကိုယ့်အိမ်မှာ ပြသနာလာရှာတာကို ခေါင်းငုံ့သည်းညည်းခံပြီး အမှားကို ဝန်ခံလိုက်ရတာက စိတ်ထဲမှာ ဘယ်လောက်ဒေါသတွေ ပွက်ပွက်ဆူနေမလဲဆိုတာ မင်း နားလည်မှာပါ။ မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ခွင့်လွှတ်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။"
"ညီအစ်ကို ဂူ … ဘာဖြစ်နေတာလဲ ငါတို့ကိုပြောပြပါ။ ငါတို့တွေက အစကတည်းက အပြင်လူမဟုတ်ဘူးလေ။ မင်း ဘာလို့ဒီလိုလုပ်ခဲ့တာလဲ...ငါ နားမလည်တာက မင်းပုံစံက အဲ့ဒီကလေးကို ကြောက်နေသလိုမျိုးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ခုန လုပ်သလိုမျိုး ငါ့ကို လုပ်ခဲ့ရင် ငါလည်း ညီအစ်ကိုလီလို ဖြစ်သွားမှာပဲ။" သက်လတ်ပိုင်းလူ ဂေါင်က ဝင်ပြောသည်။
ဂူချန်းမင်သည် ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည့် လူသုံးယောက်ကို ကြည့်ရင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ လီကျန်း၏ မျက်နှာထက်မှ အရှက်တရားနှင့် ဒေါသတရားကို မြင်လိုက်ရသည့်အတွက် သူ ပြန်လာကာ ဆိုဖာပေါ်၌ ထိုင်ပြီး သက်ပြင်းချလိုက်မိသည်။
"သူတို့အားလုံးကို ထွက်သွားခိုင်းလိုက်။"
လီဟောင်ရန်သည် ချက်ချင်း လက်ကိုဝှေ့ယမ်းလိုက်ရာ သက်တော်စောင့်များအားလုံး ခန်းမထဲမှ ထွက်သွားကြသည်။
"မင်းတို့အားလုံး ဟိုက်ချင်းပြည်နယ်က မြောင်အုပ်စုကို သိကြတယ် မဟုတ်လား။" ဂူချန်းမင်က ဖြည်းညှင်းစွာ ပြောပြသည်။
"ငါ့သူငယ်ချင်းဖြစ်တဲ့ သူဋ္ဌေးမြောင်ဝမ်တန်ကိုရော မင်းတို့ သိတယ်မဟုတ်လား။"
"ငါ သူ့ကို သိတယ်။"
"ငါလည်း သူ့အကြောင်း ကြားဖူးတယ်။"
"ဟုတ်တယ်။"
အတန်ငယ် အံ့သြသွားကြပြီး သုံးယောက်သား ခေါင်းညိတ်ကြသည်။
"ထန်ရှုဘေးနားက အမျိုးသမီးတွေထဲက နည်းနည်းအသက်ကြီးတဲ့ အမျိုးသမီးကို မင်းတို့ မြင်ဖူးမယ်လို့ ငါယုံတယ် ဟုတ်တယ်မလား။"
ဂူချန်းမင် သက်ပြင်းချရင်း ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် ဂေါင်က တုံ့ပြန်သည်။
"ဟုတ်တယ်။ ငါ သူမကိုတွေ့ဖူးတယ်။ တော်တော်အထင်ကြီးဖို့ကောင်းတဲ့အမျိုးသမီးတစ်ယောက်ပါ။ သူမက ထာဝရခန်းမရဲ့ မန်နေဂျာဖြစ်သလို အဆက်အသွယ်ကောင်းပြီး အတော် အရည်အချင်းရှိတဲ့ စီးပွားရေးသမားပဲ။”
“မှန်တယ်၊ အဲဒါက ထာဝရခန်းမပဲ။” ဂူချန်းမင်က ခေါင်းညိတ်ပြီး "ထာဝရခန်းမအကြောင်း မင်းဘယ်လောက်သိလဲ။"
"ညီအစ်ကိုဂူ… ထာဝရခန်းမက အထက်တန်းစားသောက်ဆိုင်တစ်ခုပါပဲ။ ငါတို့ရဲ့အခြေအနေက ဘာလဲ။ ဒီစားသောက်ဆိုင်အကြောင်း ဘာကြောင့် သိသင့်တာလဲ။”
လီဟောင်ရန်က မျက်ခုံးတွန့်သွားကာ မေးလိုက်သည်။
“ထာဝရခန်းမက ပုံမှန်အထက်တန်းစား စားသောက်ဆိုင်တစ်ခုလောက်သာဆိုရင် ထန်ရှုရဲ့အရှေ့မှာ ငါ ကြောက်နေမှာ မဟုတ်ဘူး။ သူနဲ့ ဆက်ဆံရေးကောင်းဖို့ မျက်နှာလုပ်စရာလည်း မလိုဘူး။ တကယ်တော့ ဒီနေ့ ငါ ဒီကိုရောက်လာတာ မင်း အတော် ကံကောင်းတာပဲ။ သူ့ကို ငါ ဘယ်လို လိုက်လိုက်လျောလျောနဲ့ ဆက်ဆံနေလဲဆိုတာ မင်းတို့ သိသိသာသာ မမြင်ကြဘူးလား။ အကယ်၍ ကျင်းရှင်းကွေ့သာ ဒီနေရာမှာ ရှိမယ်ဆိုရင် သူက ဒီလို ကောင်းကောင်းမွန်မွန်ဆက်ဆံရုံတင်မကဘူး ထန်ရှုကို အပြတ်ဖားနေလိမ့်မယ်ဆိုတာ ငါ သေချာပြောနိုင်တယ်။"
“ညီအစ်ကိုဂူ … ဒီထာဝရခန်းမအကြောင်း ပြောပြပါဦး။” လီဟောင်ရန်၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ညီအစ်ကိုမြောင်က ထာဝရခန်းမရဲ့အတွင်းပိုင်းဇာတ်လမ်းအကြောင်း ပြောပြရင်းနဲ့ ထန်ရှုက ပိုင်ရှင်ဆိုတာသိရလို့ လူတချို့ကို စုံစမ်းဖို့ စေလွှတ်ခဲ့တယ်။"
ဂူချန်းမင်က ဖြည်းညှင်းစွာပြောသည်။
"ငါက နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးမှု မလုပ်ရဲပေမယ့် ငါ ရလာတဲ့ သတင်းတွေကတောင် ငါ့ကို ထိတ်လန့်သွားစေတယ်။
"ထာဝရခန်းမရဲ့ဌာနချုပ်က ကျင်းမန်ကျွန်းမှာ ဟိုးဆယ်စုနှစ်တွေဆီက တည်ဆောက်ထားခဲ့တယ်။ ကျင်းမန်ကျွန်း၊ ဟောင်ကောင်၊ ရှန်ဟိုင်းနဲ့ ပေကျင်းမြို့တွေမှာ ဆိုင်ခွဲတွေရှိတယ်။ သူတို့မှာ စားသောက်ဆိုင်လုပ်ငန်းအပြင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ အိမ်ခြံမြေနှင့် တန်ဖိုးကြီး လက်ဝတ်ရတနာလုပ်ငန်းတွေလည်း ရှိတယ်။”
“ငါ့မှာ အကန့်အသတ်ရှိတဲ့ စွမ်းရည်နဲ့မို့ ထာဝရခန်းမကို ကျယ်ကျယ်ပြန့်ပြန့် မစုံစမ်းရဲတော့လို့ ဒီလောက်ပဲ အချက်အလက်တွေ ရခဲ့တယ်။ ထာဝရခန်းမမှာ စီးပွားရေးလုပ်ငန်း ဘယ်လောက်ရှိလဲတော့ အတိအကျတော့ ငါမသိဘူး။”
“ညီအစ်ကိုဂူ … ထာဝရခန်းမမှာ လုပ်ငန်းကြီးကြီးမားမားတွေရှိလို့ မင်းက …” လီဟောင်ရန်က မေးလိုက်သည်။
ဂူချန်းမင်က လီဟောင်ရန်၏စကားအား လက်ကို ဝှေ့ယမ်းကာ ကြားဖြတ်လိုက်ပြီး
"လီဟောင်ရန် …. အမှန်တိုင်းပြောရရင် မင်းရဲ့ကိစ္စမှာ ငါ တကယ်ကို မပါဝင်သင့်ဘူး။ ငါ အခု တကယ် နောင်တရနေပြီ။"
“အစ်ကိုဂူ…” လီဟောင်ရန် ပါးစပ်ဟလိုက်သည်။
ဂူချန်းမင်က ခေါင်းယမ်းပြီး
“ဘာမှ ထပ်ရှင်းပြစရာ မရှိတော့ဘူး။ ငါ့ရဲ့ လုပ်ရပ်တွေက ဘာလို့ ဒီလောက်တောင် ထူးထူးခြားခြား ဖြစ်နေတာလဲ မင်းတို့ သိချင်နေတာလား။ ငါ မင်းကို တည့်တိုးပဲ ပြောလိုက်မယ်။ ဒီည မင်းအတွက် ငါ မရပ်တည်ရင် မင်းရဲ့လီမိသားစုက အဆုံးသတ်သွားမှာပဲ။ မနက်ဖြန်က မင်းတို့သားအဖသေဆုံးတာရဲ့ နှစ်ပတ်လည်နေ့တောင် ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ တခြားရှုထောင့်ကနေကြည့်ရင် ဒီညမှာ ငါတို့၃ယောက်သာ မင်းအိမ်မှာ မာကျောက် လာမကစားဖြစ်ဘူးဆိုရင် မင်းရဲ့လီမိသားစုဟာ သွေးချောင်းစီးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။”
လီဟောင်ရန် ရုတ်တရက် ထရပ်လိုက်ကာ ဂူချန်းမင်ကို စိုက်ကြည့်ပြီး
"ညီအစ်ကိုဂူ … မင်းက ငါတို့ကို ကြောက်ဖို့ ပြောနေတာလား။ လက်ရှိ လူ့အဖွဲ့အစည်းက တရားရေးစနစ်နဲ့ဆိုရင် ချမ်းသာပြီး သြဇာကြီးတဲ့သူတွေတောင်မှ တစ်ဦးချင်း သို့မဟုတ် နှစ်ယောက် ဒီလောက်ပဲ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် မိသားစုကြီးကို အပြတ်သုတ်သင်မယ်ဆိုတာက… မင်း ငါ့ကို နောက်နေတာလား။”
ဂူချန်းမင်က သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း
"မင်းက ဘဝင်မြင့်နေတာပဲ။ မင်းမယုံရင် ငါပြမယ်။"
ထိုသို့ပြောပြီးနောက် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်ပြီး စပီကာအား ဖွင့်လိုက်သည်။ တစ်ဖက်လူ၏ဖုန်းပြန်ဖြေမှုကို စောင့်ပြီးနောက် သူက
"ကျင်းကြီး… ငါ ဂူချန်းမင်ပါ။"
"ညီအစ်ကိုဂူ… မင်း ခုထိ မနားရသေးဘူးလား။" ကျင်းရှင်းကွေ့၏ ရွှင်လန်းသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ကျင်းကြီး… ငါ မအိပ်ရသေးဘူး၊ ငါ အခု ဆုံးရှုံးမှုတစ်ခု လုပ်လိုက်မိတယ်။” ဂူချန်းမင်က ပြောသည်။
"ဘာဖြစ်တာလဲ။ ငါ့ကို အဲဒီအကြောင်း ပြောပြပါဦး။" ကျင်းရှင်းကွေ့က အံ့ဩသွားရပြီး
"မင်း ငါ့အကူအညီများလိုသေးလား။"
"ကျင်းကြီးရေ… ငါ အခု လီဟောင်ရန်နဲ့ အတူရှိနေတယ်။" ဂူချန်းမင်က မချိပြုံး ပြုံးပြီး ပြောသည်။
"ဘာပဲဖြစ်ဖြစ် ငါ မင်းကို မေးခွန်းအနည်းငယ် မေးမယ်။ မင်းပြန်ဖြေပေးရုံပဲ လိုတယ်။ ထန်ရှုရဲ့ မျက်နှာသာပေးမှုကို ခုနက အသုံးချပြီး အားလုံး မျက်နှာမပျက်ရအောင် လုပ်ခဲ့တာအတွက် မင်းရဲ့အဖြေက ငါ့ကို အကူအညီကြီးတစ်ခု ဖြစ်စေလိမ့်မယ်။”
"ကောင်းပြီ။ အဲ့ဒါဆို ငါ့ကိုပြောပါ… နေ … နေပါဦး။ မင်း အခု ဘာပြောလိုက်တာ။ ထန်ရှုရဲ့မျက်နှာသာပေးမှုကို အခုမှပဲ သုံးလိုက်တာလား။ ဒီမျက်နှာသာပေးမှု ရအောင်၊ ထာဝရခန်းမနဲ့ ဆက်ဆံရေးကောင်းအောင် ငါတို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာလေ။”ကျင်းရှင်းကွေ့ အော်လိုက်သည်။
“ဟုတ်တယ်။” ဂူချန်းမင်က ခါးသီးသောလေသံဖြင့် တုံ့ပြန်လိုက်သည်။
ကျင်းရှင်းကွေ့ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ညီအစ်ကိုဂူ…မင်းနဲ့ထန်ရှုအကြား ဘာဖြစ်ခဲ့လဲ၊ ဘာတွေ ဆက်နွယ်နေလဲဆိုတာ ငါ ဘာမှ မသိပေမယ့် ငါ မင်းကို တစ်ခု ပြောနိုင်တယ်။ ကိုယ့်မိသားစုရဲ့သေခြင်း၊ ရှင်ခြင်းအခြေအနေ မဟုတ်ပဲ ဒီမျက်နှာသာပေးမှုကို သုံးလိုက်တာက တကယ်ကို ဖြုန်းတီးလိုက်တာပဲ။ ကောင်းပြီ ငါ့ကို ပြောပါဦး။ ဘာတွေ ဖြစ်ခဲ့ကြတာလဲ။”
“ဒီလိုပါ…ငါ ဒီည လီမိသားစုအိမ်ကို အလည်သွားရင်း ထန်ရှုနဲ့ အမှတ်မထင် ဆုံခဲ့မိတယ်။ လီကျန်းက သူ့ကို ပြစ်မှားခဲ့လို့ သူက လီမိသားစုအိမ်ကို လာပြီး ဖြေရှင်းချက်တစ်ခု လာတောင်းတာ။ နောက်ပြီး ကြည့်ရတာက ရန်ငြိုးက တော်တော်နက်ရှိုင်းနေတဲ့ပုံပဲ။ မင်းလည်း သိမှာပါ။ လီဟောင်ရန်က ဖခင်တစ်ယောက်အနေနဲ့ သူ့သားကို အမြဲအကာအကွယ် ပေးတယ်ဆိုတော့ ထန်ရှုကို မကျေမနပ်ဖြစ်အောင် လုပ်လိုက်မိတယ်။ အဲ့ဒီ့အတွက် ငါက ထန်ရှုရဲ့ မျက်နှာသာပေးမှုကို သုံးလိုက်ရတယ်။”
ကျင်းရှင်းကွေ့က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပေါ့ပေါ့ပါးပါးလေသံဖြင့်
“သွေးချောင်းစီးမယ့်အဖြစ်ကို ရှောင်လိုက်နိုင်တာပေါ့။ လီမိသားစုက တကယ် ကံကောင်းတာပဲ။ ဒီည မင်းသာ အဲ့ဒါကို မသုံးလိုက်ရင်တောင်မှ လီမိသားစုက သူတို့ရဲ့အသက်ကို ချမ်းသာကြွယ်ဝမှုနဲ့ဝယ်ပြီး အသက်ရှင်နိုင်ပါသေးတယ်။ အဲ့ဒီထန်ရှုကတော့…ဟီးဟီးဟီး။ မင်း ဒီကမ္ဘာမှာ တခြားသူတွေကို ပြစ်မှားနိုင်တယ်။ အဲ့ဒီနတ်ဆိုးဆန်တဲ့ကြယ်ကို ဘယ်တော့မှ မပြစ်မှားမိစေနဲ့။”
လီဟောင်ရန် ထိုင်မနေနိုင်တော့ချေ။ ကျင်းရှင်းကွေ့က ထိုကဲ့သို့စကားများအား ပြောလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့မိပါချေ။ သူက အလျင်စလို ပြောလိုက်သည်။
“ညီအစ်ကိုကျင်း… ငါ လီဟောင်ရန်ပါ။ ထန်ရှုက အမှန်တကယ် ဘယ်သူဆိုတာ ငါ့ကို ပြောပြပေးနိုင်မလား။ သူ့အနောက်မှာ သြဇာကြီးသူတစ်ယောက်ယောက်များ ရှိလေမလား။”
“နောက်ခံတစ်ယောက် ဟုတ်လား။ သူက ဘာနောက်ခံမှ မလိုဘူးလေ။ ထာဝရခန်းမရဲ့ သူဋ္ဌေးတစ်ယောက်အနေနဲ့ မင်းရဲ့လီမိသားစုကို အေးအေးဆေးဆေးပဲ အဆုံးသတ်ပေးနိုင်တယ်။ မင်းရဲ့မိသားစု မပြောနဲ့…ငါရဲ့ကျင်းမိသားစုနဲ့ အစ်ကိုဂူရဲ့မိသားစုပါ မင်းတို့နဲ့ လာပေါင်းလိုက်ရင်တောင် ထာဝရခန်းမကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ငါတို့မိသားစု၃စုလုံး အချေမှုန်းခံရမှာ ၉၉%သေချာတယ်လို့ ငါ ပြောရဲတယ်။”
ထိတ်လန့်တုန်လှုပ်စွာဖြင့် လီဟောင်ရန် အော်လိုက်သည်။
“ညီအစ်ကိုကျင်း…မင်း ငါ့ကို ခြောက်နေတာလား။”
“မင်းကို ခြောက်နေတယ်ဟုတ်လား။ ဟားဟား…ငါက လူတွေကို ခြောက်လှန့်တတ်သူလို့များ မင်း ထင်တာလား။”
ကျင်းရှင်းကွေ့ မခံချိမခံသာ ပြန်ပြောလာသည်။
“ဒါ…” လီဟောင်ရန်၏မျက်နှာသည် သွေးမရှိတော့သည့်နှယ် ဖြူဆုတ်သွားသည်။
“လီဟောင်ရန်…ငါ မင်းကို အမှန်တရားတော့ ပြောရမယ်။ ညီအစ်ကိုဂူဆီမှာ မင်း အကြွေးကြီးတစ်ခု တင်နေပြီ။ ဒီမျက်နှာသာပေးမှုက အရမ်း ကြီးမားလွန်းတာမို့ မင်းတို့အင်အား အားလုံးသုံးပြီး သူ့ကို ပြန်ပေးရင်တောင် ပိုမယ်မထင်ဘူး။ ကောင်းပြီ။ ပြောသင့်ပြောထိုက်တာတွေလည်း ပြောပြီးဆိုတော့ မင်း အကောင်းဆုံး လုပ်ပါလေ။”
ဖုန်းခေါ်ဆိုမှု ပြီးခဲ့ပြီဖြစ်သည်။
“ငါ ဘာကြောင့် ထန်ရှုကို တောင်းပန်နေရလဲဆိုတာ မင်းတို့ အခု သိပြီမဟုတ်လား။ ပြင်ပလူတစ်ယောက်က ဘာကြောင့် အိမ်တွင်းရေးမှာ ဝင်စွက်ဖက်ပြီး ရိုက်နှက်ရလဲဆိုတာရော နားလည်ပြီလား။ ငါသာ သူ့ကို မရိုက်ရင် လီကျန်း ဒီညပဲ သေဆုံးရမယ်ဆိုတာ သံသယမရှိဘူး။ အခု မင်း လက်တုံ့ပြန်ချင်သေးလား။ မင်းသာ အဲ့လိုလုပ်ရင်တော့ မင်းရဲ့လီမိသားစုက သေချာပေါက် အဆုံးသတ်သွားမှာပဲ။ ထာဝရခန်းမ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းရောငါရော အသေးစိတ် မသိပေမယ့် မြောင်ဝမ်တန်က ကောင်းကောင်းသိသလို ကျင်းရှင်းကွေ့ရောပဲ ကောင်းကောင်းသိတယ်။”
လီဟောင်ရန် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး တုန်လှုပ်နေသော လီကျန်းဆီသို့ သွားကာ အကြိမ်အနည်းငယ်မျှ ပြင်းထန်စွာ ရိုက်လိုက်သည်။ သူက ဒေါသတကြီး ကြိမ်းမောင်းသောအသံဖြင့်
“ငါ့ စာဖတ်ခန်းထဲသွားပြီး ဒူးထောက်နေ။ မင်းကို ငါ ဘယ်လိုဆုံးမမလဲဆိုတာ ကြည့်နေလိုက်။”
ကြောက်ရွံ့ထိတ်လန့်ခြင်းအပြည့် ဖြစ်နေသော လီကျန်းသည် သူ၏မျက်နှာအား အုပ်ကာ စာဖတ်ခန်းသို့ မပြေးရုံတမည် ထွက်သွားသည်။ ယခင်ကဆိုပါက သူ့အဖေအား ဆန့်ကျင်ကောင်း ဆန့်ကျင်မိနိုင်သော်လည်း ယနေ့ည၏ခါးသီးလှသော အတွေ့အကြုံများနှင့်တကွ ရှန်ဟိုင်း၏ အကောင်ကြီးကြီးများကပင် ထန်ရှုအား ကြောက်ရွံ့ကြသည်ကို တွေ့မြင်ခံစားသွားပြီးသော လီကျန်းသည် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုအား သူ ပြစ်မှားမိခဲ့သည်ကို နားလည်ခဲ့ရပြီဖြစ်တော့သည်။
လီဟောင်ရန်သည် ဆိုဖာဆီသို့ ပြန်လာသော်လည်း မထိုင်သေးဘဲ ဂူချန်းမင်အား အလေးအနက် ကြည့်လိုက်ရင်း
“ညီအစ်ကိုဂူ…ဒီနေ့ည မင်းပေးခဲ့တဲ့ ကြင်နာမှုနဲ့ မျက်နှာသာပေးမှုကို ငါ အမြဲ သတိရနေပါ့မယ်။ မင်းရဲ့စိတ်သဘောထားကြီးမြတ်မှုကို ငါ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ။ နောင် မင်းမှာ ဘာပဲလိုအပ်လိုအပ် ငါ့ကို အားမနာစတမ်း ပြောပါ လုပ်ခိုင်းပါ။ ငါ လုပ်နိုင်တဲ့အရာတွေအတွက် ဘယ်တော့မှ နောက်တွန့်မှာ မဟုတ်ဘူး။”
ဂူချန်းမင်၏အမူအရာသည် သည်တစ်ကြိမ်တွင် အတန်ငယ် သက်တောင့်သက်သာ ဖြစ်သွားသည့်ဟန် ရှိသည်။ သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း
“ညီအစ်ကိုလီ…ငါတို့ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တဲ့ သံယောဇဉ်ကြောင့်သာမဟုတ်ရင် ဒီညကိစ္စမှာ ငါ ဘာမှ ဝင်ပါမိမှာမဟုတ်ဘူး။ မင်းနေရာမှာ တခြားသူသာဆိုရင် ထန်ရှုရဲ့မျက်နှာသာရဖို့ ထပ်ဆောင်းတောင် ဒဏ်ရာပေးလိုက်မိဦးမှာပဲ။ ငါတို့တွေက သူငယ်ချင်းအရင်းကြီးတွေပဲကွာ။ ငါသာ ဝင်မပြောဖြစ်ရင် ဒီည မင်းအိမ်ကို လာတာက ငါ့ကို နောင်တရစရာဖြစ်အာင် လုပ်နေလိမ့်မပေါ့။”
***