← Chapters

နှလုံးသားကြိုးထုံး

Vol. 08 Ch. 384

နှလုံးသားကြိုးထုံး

Vol. 08 Ch. 384

အချိန်အတော်ကြာမှ တုန်တုန်ရီရီဖြင့် လီဟောင်ရန်က ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။ သူ၏မျက်နှာထက်တွင် ကသိကအောက်ဖြစ်နေသော အမူအရာတစ်ခု ရှိနေသည်။ ထို့နောက် သူက ခါးသီးစွာ ပြုံးလိုက်ပြီး

"ထန်ရှုက သူ့အသက်အရွယ်လေးနဲ့ မထင်မှတ်ဘဲ ဒီလိုကြောက်စရာကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"

“ကြည့်…ငါတို့ရဲ့ အနေအထားက သာမန်လူတွေနဲ့ ယှဉ်ရင် သာလွန်တယ်လို့ မြင်နိုင်တယ်။ ဒါပေမယ့် တချို့သူတွေရဲ့အမြင်မှာတော့ ငါတို့ရဲ့အဆင့်အတန်း ဒါမှမဟုတ် ချမ်းသာမှုတွေက ရယ်စရာတစ်ခုထက် မပိုပါဘူး။ ဥပမာ အနှစ်တစ်ရာကျော် အမွေအနှစ်ရှိတဲ့ ဒါမှမဟုတ် နှစ်ရာကျော် သက်တမ်းရှိတဲ့ မိသားစုတွေပေါ့။ အဲ့ဒီမိသားစုတွေက မငြိမ်မသက်မှု ကြီးကြီးမားမားဖြစ်ရင်တောင်မှ ပြိုလဲကျဆုံးခြင်း မရှိဘူးလေ။ သူတို့ရဲ့အစွမ်းအစနှင့် စွမ်းအားတွေကို ဖုံးကွယ်ပြီး အချိန်အတိုင်းအတာတစ်ခုထိ ကိုယ်ပိုင်အင်အားစုတွေကို တိတ်တဆိတ် ပြုစုပျိုးထောင်နေကြတာ။ နှစ်အတော်ကြာအောင် ပျိုးထောင်လိုက်ရင် သူတို့ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အတိုင်းအတာအထိ တိုးတက်လာမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။”ဂူချန်းမင်က စကားဆိုလိုက်သည်။

လီဟောင်ရန်က လေးလေးနက်နက် စဉ်းစားကာ ခေါင်းညိတ်လိုက်ရင်း

“မင်းပြောတာ မှန်ပါတယ်။ ဒီတစ်ခါတော့ ငါ မာနကြီးသွားမိတယ်။"

“တကယ်တော့ အရင်းခံက မင်းရဲ့သားပဲ။ လီကျန်းက ငယ်ငယ်ကတည်းက အမြဲတမ်း အလိုလိုက်ခံရတော့ ပျက်စီးနေတာ။ အဲဒါက သူ့ရဲ့စရိုက်ကို မာနကြီးပြီး လွှမ်းမိုးနိုင်တဲ့ လူတစ်ယောက်ပုံစံ ဖြစ်စေတယ်။ ဒီနေ့ကိစ္စဖြေရှင်းရာမှာ မင်းကို ငါကူညီပေးခဲ့ပေမယ့် နောက်တစ်ကြိမ် ဒီလိုအဖြစ်မျိုးတွေ ထပ်ဖြစ်ခဲ့ရင်ရော။ သူက ပုံရိပ်ကြီးကြီးမားမားတွေကို သွားပြီး ပြသနာရှာလာရင် မင်းရဲ့လီမိသားစုက ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ လွယ်လွယ်နဲ့ သုတ်သင်ခံရမှာ မဟုတ်ဘူးလား။”

လီဟောင်ရန်က ခေါင်းညိတ်ပြရင်း အနည်းငယ် အေးစက်နေသောလေသံဖြင့်

"ညီအစ်ကိုဂူ…  စိတ်ချပါ။ ငါ သူ့ကို နောက်မှ သေချာဆုံးမမယ်။ ငါ သူ့ကို ခံစားရစေရင်တောင်မှ ငါ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။”

ဂူချန်းမင်က ခေါင်းညိတ်ကာ တုန့်ပြန်သည်။

သို့တိုင် လီဟောင်ရန်၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရှိနေသည်။

"ညီအစ်ကိုဂူ… ဒီနေ့ ကိစ္စအပေါ် မင်းဘယ်လိုထင်လဲ။ ဒီကိစ္စက ဒီအတိုင်း တကယ်ပြီးသွားပြီလား။ ထန်ရှုက သဘောထားသေးသိမ်တဲ့သူဆိုရင်…”

ဂူချန်းမင်က ခဏလောက် တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါသာ မင်းနေရာမှာဆိုရင် သူ့လိပ်စာကို ငါ ချက်ချင်းမေးပြီး နစ်နာကြေးပေးလိုက်မယ်။ မင်းရဲ့လီမိသားစုနဲ့ တန်းတူ အင်အားကြီးတဲ့ မိသားစုတချို့တောင် ထန်ရှုကို ပြစ်မှားမိလို့ နောက်ဆုံးမှာ သူတို့မိသားစုရဲ့ လျော်ကြေးပေးရတဲ့ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်။"

ရှူး…

လီဟောင်ရန်၏မျက်လုံးများသည် ပြူးကျယ်သွားရပြီး လေအေးတစ်ချက် ရှူသွင်းလိုက်ရသည်။ ချက်ချင်းပင် နံပါတ်တစ်ခုကို ခေါ်လိုက်ကာ လေးနက်စွာ မေးလိုက်သည်။

“ငါတို့ကုမ္ပဏီမှာ လောလောဆယ် ငွေသား ဘယ်လောက်ရနိုင်မလဲ။ အင်း… ငါ သိပြီ။ ငါ့ဆီ မီလီယံ ၆၀၀ လွှဲပေးလိုက်။ ငါ အခု လိုနေတယ်။"

ဖုန်းခေါ်ဆိုမှုအဆုံးသတ်ပြီးနောက်တွင် လီဟောင်ရန်သည် သူငယ်ချင်းဖြစ်သူ လီနှင့် ဂေါင်အမည်ရသော သက်လတ်ပိုင်းလူများထံ သူ၏အကြည့်အား ရွှေ့လိုက်သည်။ ထိုသူများ၏မျက်နှာထက်မှ တုန်လှုပ်နေသော အမူအရာအား ကြည့်ရင်း သူက မချိပြုံး ပြုံးလိုက်ကာ

"သူငယ်ချင်းတို့ … ငါ့လီအုပ်စုက မီလီယံ ၆၀၀အထိပဲ လွှဲပေးနိုင်တယ်။ ငါ့လက်ထဲမှာ မီလီယံ ၂၀၀ ရှိတယ်။ မင်းတို့နှစ်ယောက် ငါ့ကို မီလီယံ၂၀၀လောက် ချေးပေးနိုင်မလား။ ငါ့ရဲ့ငွေလည်ပတ်တာနဲ့ ချက်ချင်းပြန်ပေးပါ့မယ်။"

လူလတ်ပိုင်းအရွယ်လီက မေးလိုက်သည်။

"မင်းက တောင်းပန်တဲ့အနေနဲ့ ထန်ရှုကို ၁ဘီလီယံ ပေးဖို့ စဉ်းစားနေတာလား။"

ဂူချန်းမင်အား ကြည့်ရင်း လီဟောင်ရန်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

"ညီအစ်ကိုဂူနဲ့ ကျင်းရှင်းကွေ့က ငါ့ကို လိမ်မှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ ဟုတ်တယ်။ ငါ ၁ ဘီလီယံ ပေးမယ်။ ဘေးဥပဒ်ကို ရှောင်ဖို့အတွက် ငွေကြေးပဲ အဆုံးရှုံးမှုခံဖို့ စဉ်းစားရတော့မယ်။”

လီနှင့်ဂေါင်ဟု အမည်တွင်သော လူလတ်ပိုင်းအရွယ် အမျိုးသားများသည် အကြည့်ချင်း ဖလှယ်လိုက်သည်။

"ငါတို့ မီလီယံ၁၀၀စီ ထုတ်ပေးမယ်။ လုံလောက်မှု မရှိရင် ငါတို့ကို ပြောပေး။”

လူလတ်ပိုင်းလီက ပြောရင်း သက်ပြင်းချသည်။

လီဟောင်ရန်က ကျေးဇူးတင်သည့် အမူအရာဖြင့် လူနှစ်ယောက်ကို ကြည့်ပြီး

“သူငယ်ချင်းတို့… ဒီည မင်းတို့နဲ့ မာကျောက် မကစားနိုင်လောက်တော့ဘူး။ ငါ မင်းတို့အပေါ်မှာ ကျေးဇူးကြွေးအများကြီးတင်ထားပြီးသားမို့ တင်လက်စနဲ့ ထန်ရှုနေတဲ့ နေရာကို ကူညီစုံစမ်းပေးပါဦးလို့ပဲ မျက်နှာပူပူနဲ့ အကူအညီတောင်းရဦးမယ်။ ငါ ကိုယ်တိုင် သူ့ဆီ သွားလည်မယ်။"

"ပြဿနာမရှိဘူး။"

"ကောင်းပြီ။"

သုံးယောက်သား တပြိုင်နက် ခေါင်းညိတ်ကြသည်။

ကြယ်ပြာအိမ်ရာဝင်း…

ထန်ရှုက ခန်းရှကို သူ၏အိမ်သို့ ပြန်ခေါ်လာသည်။ အမှန်တကယ်တွင် ခန်းရှမှ အိမ်ကို ပြန်လာရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ချီနန်နှင့် ထာဝရခန်းမ၏ အဖွဲ့ဝင်များသည် လမ်းတစ်ဝက်မှပင် စားသောက်ဆိုင်သို့ တိုက်ရိုက် ပြန်သွားကြပြီဖြစ်သည်။

"သူဋ္ဌေး … ဒီနေရာက မင်း နေနေတာလား။ ဘယ်လောက်တောင် စတိုင်ကျပြီး မိမိုက်နေတာလဲ။” ခန်းရှက အိမ်ကို သိပ်စိတ်မဝင်စားသော်လည်း သည်နေရာသည် အခြားသူနေထိုင်သည့် အိမ်မဟုတ်ဘဲ ထန်ရှုနေထိုင်သည့် နေရာဖြစ်နေသောကြောင့် သူမ၏စိတ်နှလုံးထဲမှ ကျေနပ်နှစ်သိမ့်မှုဖြင့် လှည့်ပတ်ကြည့်ရှုမိခြင်းဖြစ်သည်။

"ကိုယ့်အဒေါ် လက်ဆောင်ပေးထားတာ။" ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ရင်း

“ရှန်ဟိုင်းတက္ကသိုလ် တရားဝင်ကျောင်းဖွင့်ရင်တော့ ကိုယ် ကျောင်းအဆောင်မှာ ဆက်နေဖြစ်လိမ့်မယ်။ ဒါတောင် တတ်နိုင်သမျှ ဒီမှာ နေဦးမယ်။”

"နင် ကျောင်းဝင်းထဲမှာ နေနိုင်ပါ့မလား ငါ တကယ်သံသယဖြစ်မိတယ်။" ခန်းရှ ရယ်လိုက်သည်။

ထန်ရှုက အားပါးတရ ရယ်မောရင်း

“ကိုယ့်ကို လျှော့မတွက်နဲ့။ ကိုယ့်ဘဝမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာရှိပေမယ့် ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာပဲလေ။ တက္ကသိုလ်အဆောင်အသာထား မင်းက တဲတစ်လုံးပေးရင်တောင် ကိုယ် ကောင်းကောင်း နေနိုင်တယ်။”

ခန်းရှက ချစ်စဖွယ်ကောင်းအောင် ရယ်မောရင်း ထန်ရှု၏ခါးကို သိုင်းဖက်ကာ တီးတိုးလေသံလေးဖြင့်

"ငါ သဘောကျမိတဲ့လူက တကယ်ကို ယောက်ျားတွေကြားထဲက နဂါးတစ်ကောင်ပဲ။ အရင်က ငါ မချစ်ဖူးဘူးဆိုတာ နင် သိလား။ ယောက်ျားတစ်ယောက်ကို ဘယ်လို ချစ်မိသွားမှန်း ငါ မသိဘူး။ ဒါပေမယ့်... 'အဲဒါ' ရဲ့နောက်ပိုင်းမှာ နင့်ကို နေ့တိုင်း အမြဲတမ်း လွမ်းနေမိတယ်၊ နင် ဘာတွေများ လုပ်နေမလဲဆိုတာ တွေးနေမိတယ်။ အစား စားရဲ့လား၊ မစားဘူးလား တွေးနေမိသလို အိပ်ပျော်ရဲ့လားလို့လည်း စိတ်ပူမိတယ်… အခု နောက်ဆုံးတော့ ငါ နားလည်လိုက်ရတာက တစ်ယောက်ယောက်ကို ချစ်မိသွားတာက သူတို့ကို စိုးရိမ်စိတ်ပူပြီး သူတို့ကို တွေ့ချင် မြင်ချင်နေမယ်ဆိုတာပဲ။”

ထန်ရှုသည် စိတ်တွင်းမှ သက်ပြင်းချမိရင်း တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ခန်းရှ၏ တင့်တယ်ကျော့ရှင်းသည့် ဆံနွယ်လေးများအား ဖွဖွလေး ကိုင်ရင်း နူးညံ့စွာ ပြောလိုက်သည်။

“ကိုယ် မင်းကို လက်မထပ်နိုင်သလို အပြည့်အ၀ မချစ်ပေးနိုင်ဘူးဆိုတာ မင်း နားလည်သင့်တယ်။"

ခန်းရှက ခေါင်းမော့လာကာ သူမ၏တောက်ပသည့် မျက်ဝန်းလှလှလေးများဖြင့် ထန်ရှုကို စိုက်ကြည့်နေရင်း

“အဲဒါ ဘာကြောင့်လဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ နင့်မှာ အရင်က စိတ်ထိခိုက်ခဲ့ရတာတွေ ရှိခဲ့လို့လား။"

ထန်ရှုက ခန်းရှ၏ မျက်လုံးများကို ရှောင်ကာ သူမအား ညင်သာစွာ တွန်းဖယ်လိုက်ပြီး ဒုတိယထပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူ့အခန်းထဲဝင်လာပြီးနောက် ဝိုင်အအေးပေးခန်းထဲမှ ဝိုင်တစ်ပုလင်းကိုထုတ်ကာ ခွက်နှစ်ခွက်ထဲသို့ လောင်းထည့်လိုက်ပြီး သူ့အနောက်မှ လိုက်လာသော ခန်းရှအား တစ်ခွက် လှမ်းပေးလိုက်သည်။ ထို့နောက် ဝရန်တာဘက်သို့ လှည့်ကြည့်လိုက်ပြီး အပြင်ဘက်မှ မီးရောင်မှိန်မှိန်နှင့် သစ်ပင်များ၏ ယိမ်းနွဲ့လှုပ်ရှားနေသော အရိပ်များကို ကြည့်နေရင်းဖြင့် သူက လေသံတိုးတိတ်စွာ ပြောလိုက်သည်။

“ကိုယ်က ခံစားချက်တွေကို ဘယ်တော့မှ ကောင်းကောင်း ထုတ်ဖော်ပြသတတ်တဲ့သူတစ်ယောက် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် လူတစ်ယောက်က တစ်ယောက်ယောက်ကို ချစ်မိတဲ့အခါ အဲဒီလူက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ဦးတည်မှာပဲ။ အဲ့ဒါက ကိုယ် နားမလည်ချင်တဲ့ အရာတစ်ခုပဲ။ အဲ့ဒါကြောင့်လည်း ချစ်သူတွေကြားက ခံစားချက်တွေကို မတွေးချင်ဘူး။ အနာဂတ်ကျရင်တော့ တစ်ယောက်ယောက်ကို ကိုယ့်ရဲ့နှလုံးသားကိုလည်း ပေးမိမှာပါ။ ဒါပေမယ့် အခုအချိန်တော့ မဟုတ်သေးဘူး…”

ခန်းရှသည် ထန်ရှု ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်ပေသည်။ ထန်ရှု၏လက်မောင်းအား သူမက ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး

“နင် ငါ့ကို ကျင့်ကြံနည်းစနစ် သင်ပေးတုန်းက ပြောခဲ့တဲ့ စကားအရဆိုရင် ငါက တကယ်ပဲ အချိန်အတော်ကြာအောင် အသက်ရှင်နေနိုင်လာတော့မယ်။ အဲဒီလိုဖြစ်လာမယ်ဆိုရင် နင့်ရဲ့ပိတ်ထားတဲ့ နှလုံးသားတံခါးကို ဖွင့်ပြီး ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ထားတယ်။"

ထန်ရှုက ခေါင်းယမ်းကာ သက်ပြင်းချရင်း

"ကမ္ဘာပေါ်မှာ ထူးချွန်တဲ့ ယောက်ျားတွေ အများကြီးရှိပါတယ်။ မင်း ဘာကြောင့် …”

ခန်းရှက လေးနက်သော အမူအရာဖြင့် ခန်းရှက ထန်ရှု၏စကားအား ကြားဖြတ်လိုက်ရင်း

"တကယ်တော့ ကမ္ဘာပေါ်မှာ ထူးချွန်ထက်မြက်တဲ့ ယောက်ျားတွေ အများကြီးရှိပေမယ့် နင့်ထက်တော့ ဘယ်သူမှ ပိုမကောင်းပါဘူး။ နင်က ငါ့ရဲ့ ပထမဆုံးလူ ဖြစ်သလို နောက်ဆုံးလူလည်း ဖြစ်တယ်။"

"ဒါပေမယ့် ကိုယ် မင်းကို အနာဂတ်မှာ မိသားစုတစ်ခု ပေးနိုင်မှာ မဟုတ်ဘူး။"

ထန်ရှုက သက်ပြင်းချလိုက်သည်။

“ငါ အဲ့ဒါကို သေချာတွေးပြီးသွားပြီ။ ငါ့အတွက် မိသားစုတစ်ခု မလိုဘူး။ နင် ငါ့ကို ကလေးလေးတစ်ယောက်မွေးနိုင်အောင် ပေးရမယ်။” ခန်းရှက မဆိုင်းမတွ ပြောလိုက်သည်။

…ကလေးလေးတစ်ယောက်လား…

ထန်ရှု တစ်ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် ခေါင်းယမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်မိသည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။ သူ၏အတိတ်ဘဝကာလတွင် သူနှင့် သူ၏မိန်းကလေးတို့သည် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသော်လည်း ကြင်စဦးကာလမှ သူ သေဆုံးသည့်အချိန်ထိ သူမသည် တစ်ခါမျှ သူ၏ကလေးအား ကိုယ်ဝန်မဆောင်ခဲ့ပေ။

မသေနိုင်သောကမ္ဘာရှိ အလွန်အစွမ်းထက်သော ကြီးမြတ်သူများသည်ပင် ၎င်းတို့၏ အမျိုးသမီးများကို ကိုယ်ဝန်ဆောင်စေရန် မလုပ်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

အနည်းဆုံး တစ်ကြိမ်တော့ မတော်တဆလေးတောင် မဖြစ်နိုင်ဘူးလား။

ဒီလိုရော ဖြစ်နိုင်မလား… သူမက အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး သူ့ကို ကလေးမမွေးပေးချင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေခဲ့တာလား။

ဒါအမှန်ပဲ ဖြစ်မယ်။ သူ့အပေါ်ထားတဲ့ သူမရဲ့ခံစားချက်တွေက အတုအယောင်တွေ ဖြစ်နိုင်တယ်။ အဲ့ဒီလိုဆိုမှတော့ သူ့ရဲ့ကလေးကို ဘယ်လို မွေးပေးနိုင်ပါ့မလဲ။

ထန်ရှု၏မျက်နက်ဝန်းများထဲတွင် အထီးကျန်ပြီး စိတ်ပျက်အားလျော့နေသော အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။ ကောင်းကင်ယံမှာ ရှိသည့် ဟိုးအဝေးက ကြယ်များကို ငေးကြည့်ရန် အသာ ခေါင်းမော့လိုက်သည်။ သူ၏အကြည့်များက ကောင်းကင်ကြီးအား ထွင်းဖောက်ကြည့်နေသကဲ့သို့ပင်။

သူ၏အကြည့်များသည် မရေမတွက်နိုင်သည့် ကမ္ဘာများအား ဖြတ်ကျော်သွားရင်း ကြင်စဦးကာလမှ သူ သေဆုံးသည့်အချိန်ထိ တစ်ချိန်က သူစွဲငြိခဲ့ဖူးသော ရုပ်ပုံလွှာကို ကြည့်ရန် အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိသွားသည့်နှယ် ဖြစ်သည်။

…ဟန်ကျင်းဝူ…

အင်မော်တယ်ကမ္ဘာမှ သူမနှင့် အလွန်တူသော အခြားသူတစ်ယောက်၏ရုပ်ပုံနှင့်အတူ ဟန်ကျင်းဝူ၏ နာမည်သည် ထန်ရှု၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

သူမက ဟန်ကျင်းဝူ ဖြစ်နိုင်ပါ့မလား...။

သို့ပေမယ့်… တူညီတာတွေ အများကြီးရှိပေမယ့်… ဒါက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဟန်ကျင်းဝူသည် သာမန်လူတစ်ယောက်သာဖြစ်သည်။ သူမတို့နှစ်ယောက်သည် သီးခြားပုဂ္ဂိုလ်တွေသာ ဖြစ်ကြသည်။ တစ်ယောက်သည် အင်မော်တယ်ကမ္ဘာတွင် ရှိပြီး ကျန်တစ်ယောက်သည် ကမ္ဘာမြေပေါ်မှ ဖြစ်သည်။ သူမသည် လူဝင်စားခြင်း သို့မဟုတ် သူမ၏ ဝိညာဉ်သည် ရွှေ့ပြောင်းသွားခြင်း ဖြစ်သည်ဆိုပါလျှင်တောင် သူမသည် ကမ္ဘာပေါ်သို့  လူပြန်ဝင်စားနိုင်ခြေမှာ ဖြစ်နိုင်ချေ တစ်ဘီလီယံပုံ-တစ်ပုံမျှသာ ရှိသည်။ ထို့အပြင် သူမ၏ကျင့်ကြံမှုသည် ထိုအချိန်ကာလက သူ့ထက် မမြင့်မားသော်လည်း အင်မော်တယ်ကမ္ဘာတွင် သူမထက် ခွန်အားကြီးသူမှာ အနည်းငယ်သာ ရှိပေမည်။

သူမအား သတ်နိုင်သည့်သူသည် မည်သူများ ဖြစ်နိုင်ပါသနည်း။ လူဝင်စားခြင်း သို့မဟုတ် သူမ၏ဝိညာဉ်ကို ကူးပြောင်းခြင်းမှတပါး အခြားရွေးချယ်စရာမရှိစေရန် သူမအား မည်သူက တွန်းအားပေးနိုင်ပါသနည်း။

အလွန်ဆင်တူသည့် မျက်နှာနှစ်ခုသည် သူ၏စိတ်ထဲတွင် အလွန်လျင်မြန်စွာ ပေါ်ထွက်လာသောကြောင့် ထန်ရှု၏ရင်ထဲတွင် နာကျင်သွားရသည်။ ခန်းရှအား  လှည့်ကြည့်လိုက်ချိန်တွင် သူမသည် တွေဝေမိန်းမောနေပြီး အတွေးထဲတွင် နစ်မွန်းနေသည့်ဟန်ရှိသည်။

"မင်း ဘာတွေတွေးနေလဲ။"

ခန်းရှသည် သတိပြန်ဝင်လာပြီး အနည်းငယ်ရှက်သွားဟန်ဖြင့်

“အနာဂတ်မှာ ငါတို့မွေးလာမယ့်ကလေးအကြောင်း ငါ စဉ်းစားနေတာ။ ကလေးက ယောက်ျားလေး ဖြစ်မလား၊ မိန်းကလေးဖြစ်မလား။ ယောက်ျားလေးဆိုရင် သူက နင်နဲ့တူရမယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဖြစ်ရင် ငါနဲ့တူရမယ်။"

"စိတ်ကူးစိတ်သန်းတွေထဲ မင်းရဲ့စိတ်တွေ မပျံ့လွင့်စေနဲ့ဦး။" ထန်ရှုက ပြုံးလိုက်ရင်း

“အခုအချိန်က ကလေးယူဖို့ သင့်တော်တဲ့ အချိန်မဟုတ်သေးဘူး။ ခဏစောင့်ပါဦး။ နောက်မှ ထပ်ပြောကြတာပေါ့။"

ခန်းရှက ရှက်စနိုးအမူအရာဖြင့် ခေါင်းညိတ်ပြရင်း

"ငါ အိပ်ချင်ပြီ။" ရုတ်တရက် ပြောလိုက်သည်။

ထန်ရှု၏အကြည့်များသည် သူမ၏ဖြူဝင်းသော လည်ပင်းလေးပေါ်သို့ ကျရောက်သွားပြီးနောက် ထိုမှတဆင့် ဆွဲဆောင်မှုရှိသောညှပ်ရိုးပေါ်သို့ ကူးပြောင်းသွားသည်။ ရနံ့သင်းသင်း ရှိနေသော ခန်းရှ၏ ပခုံးလေးအား ခပ်ဖွဖွကိုင်ရင်း သူ၏နှလုံးသားထဲတွင် မီးတောက်တစ်ခုရှိနေသကဲ့သို့ ပူလောင်လာရသည်။ သူမနှင့် အိပ်ခန်းဆီသို့ လျှောက်လာရင်း ထန်ရှုက ရယ်မောလိုက်ကာ

"ကလေးယူဖို့ အလျင်စလို မဟုတ်ပေမယ့် ချစ်ပွဲဝင်ရခြင်းရဲ့အရသာကို ခံစားဖို့ အရေးကြီးတယ်..."

“အဲဒါတော့ ဆိုးတယ်ဟယ်…”

ထိုညတွင် ထန်ရှုသည် ကျင့်ကြံသူတစ်ယောက် ဖြစ်လင့်ကစား သူ၏အလွန်မောပန်းနွမ်းလျနေမှုသည် သိသာထင်ရှားနေသကဲ့သို့ ခန်းရှသည်လည်း မောပန်းနေခဲ့သည်မှာ သူမ၏လက်ချောင်းများကိုပင် မလှုပ်ချင်တော့ပါပေ။ နောက်ဆုံးတွင် ထန်ရှုသည် ခန်းရှ၏သန့်ရှင်းသော ခန္ဓာကိုယ်အား ပွေ့ဖက်ကာ သူမအား ရင်ခွင်ထဲထည့်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။

နောက်တစ်နေ့ မနက်ခင်းတွင်…

နွေးထွေးသော နေရောင်ခြည်သည် ပြတင်းပေါက်ရှိ ခန်းဆီးလိုက်ကာကြားမှ ဝင်ရောက်ကာ အိပ်ရာထက်တွင် အိပ်စက်နေသော ထန်ရှု၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ထန်ရှု၏မျက်ခွံများ တဖျတ်ဖျတ် လှုပ်လာပြီး အိပ်စက်နေရာမှ နိုးလာသည်။ သူ၏ဘေးမှ ခန်းရှအား ရှာလိုက်ရာ မရှိတော့သည်ကို တွေ့ရသည်။

“သူဋ္ဌေး…နိုးပြီလား။”

ခန်းရှသည် အိပ်ခန်းအတွင်းသို့ ဝင်လာရင်း ထန်ရှုသည် ကိုယ်တိုင်သန့်ရှင်းရေးလုပ်ကာ အဝတ်အစားလဲနေသည်ကို တွေ့ရသဖြင့် ချက်ချင်းပင် ချိုမြစွာ ပြုံးလိုက်မိသည်။

“အင်း…ကိုယ် ခုပဲ နိုးတာ။ ဘာလို့ အစောကြီး အိပ်ရာထသွားတာလဲ။ ဝိုင်မြည်းစမ်းပွဲကို သွားမလို့လား။”

“ဟုတ်တယ်။ အချိန်ရှိသေးတယ်လေ။ ငါ နင့်အတွက် မနက်စာပြင်ပေးချင်ပေမယ့် ရေခဲသေတ္တာထဲမှာ ဘာမှ မရှိဘူး။ အာ့ကြောင့် ဝယ်ဖို့ခြမ်းဖို့ အပြင်ထွက်သွားတာ။ အာ ဟုတ်သားပဲ။ အိမ်အပြင်မှာ နင့်ကို လူတစ်ယောက် စောင့်နေတယ်။ ကြည့်ရတာ နင့်ကို တစ်ညလုံး စောင့်နေတဲ့ပုံပဲ။”

ထန်ရှု တွေဝေသွားသည်။ သူက ဇဝေဇဝါဟန်ဖြင့်

“မင်းနဲ့ချီနန်ကလွဲပြီး ကိုယ် ဒီမှာ နေတာကို သိတဲ့သူ မရှိဘူးလို့ ထင်တာပဲ။ နောက်ပြီး ချီနန်က ဒီအိမ်ရာထဲမှာ နေတာပဲ သိတာ။ ဒီအိမ်နေရာကို ရောက်တောင် မရောက်ဖူးဘူးလေ။”

“သူက လီဟောင်ရန်ပါ။” ခန်းရှက ပြောသည်။

ထန်ရှု မျက်မှောင်ကြုပ်သွားရင်း

“သူက ဘာလုပ်ချင်တာလဲ။ မနေ့ညက ကိစ္စက အဆုံးသတ်သွားပြီမဟုတ်လား။”

“ငါလည်း မသိဘူးလေ။” ခန်းရှက ပြန်ဖြေသည်။

ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီး အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။

“သွားကြစို့။ သူ ဘာလုပ်ချင်တာလဲဆိုတာ ကြည့်ကြတာပေါ့။ သူက ထပ်ပြီး ရန်ဖြစ်ချင်သေးတယ်ဆိုရင် လီမိသားစုတစ်ခုလုံးကို စမုံတုံးပစ်လိုက်မယ်။”

***

All Chapters