နစ်နာကြေး
Vol. 08 Ch. 385
အိမ်ခြံဝင်း၏အပြင်ဘက်တွင်…
ခန်းရှသည် ခြံဝင်းထဲမှ ပြန်ထွက်လာပြီး လီဟောင်ရန်သည် ကားရှေ့အား မှီကာ ဆေးလိပ်သောက်နေသည်ကို စောင့်ကြည့်နေသည်။ ထို့နောက် သူမက လမ်းလျှောက်လာကာ ပြောလိုက်သည်။
"သူဌေး နိုးလာပြီ။ ရှင့်ကို အိမ်ထဲကြွပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။"
လီဟောင်ရန်သည် စီးကရက်ကို အမြန်တောက်ထုတ်လိုက်ပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် သူ၏သက်တော်စောင့်နှစ်ယောက်အား လေးနက်စွာ ပြောလိုက်သည်။
“ငါ့ကို ဒီမှာ ခဏစောင့်ပါ။”
ထိုစကားကိုပြောပြီးသည်နှင့် လီဟောင်ရန်သည် ခန်းရှ၏အနောက်မှနေကာ အိမ်အတွင်းသို့ လိုက်သွားခဲ့သည်။
ပထမထပ်ခန်းမ…
ဆိုဖာပေါ်တွင်ထိုင်နေသော ထန်ရှုသည် လီဟောင်ရန် ဝင်လာသည်ကို ခံစားချက်မရှိသော မျက်နှာဖြင့် ငြိမ်သက်စွာ ကြည့်နေသည်။
လီဟောင်ရန်က ထန်ရှု၏အရှေ့သို့လာကာ အနေရခက်သော အပြုံးဖြင့် ပြုံးပြပြီး
“မစ္စတာထန်… မနေ့ညက အမှန်တကယ်တော့ ငါ့အမှားပါ။ အဖြစ်အပျက်တွေက မြန်လွန်းတဲ့အတွက် တောင်းပန်ဖို့ အချိန်တောင် မရှိခဲ့ဘူး။"
"ခင်ဗျား ဒီကိုလာရတဲ့ အကြောင်းရင်းက ကျွန်တော့်ကို ဒါ ပြောပြဖို့လား။"
ထန်ရှုက ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးလိုက်သည်။
လီဟောင်ရန်က သူ့အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်လိုက်ပြီး ထန်ရှု၏အရှေ့မှ လက်ဖက်ရည် စားပွဲပေါ် တင်လိုက်ပြီး လေးစားသောဟန်ဖြင့်
"မစ္စတာထန်… ကျေးဇူးပြုပြီး ဒီကတ်ကို တောင်းပန်တဲ့အနေနဲ့ လက်ခံပေးပါ။ ပင်နံပါတ်ကို နောက်ကျောတွင် ရေးထားပါတယ်။"
"ကျွန်တော် လက်ခံလိုက်မယ်။ နှစ်ယောက်ကြားက ရန်ငြိုးတွေ ပယ်ဖျောက်ကြတာပေါ့။"
ထန်ရှုက ဘဏ်ကတ်ကို တစ်ချက်ကြည့်လိုက်ပြီး
"ဒါပေမယ့် ခင်ဗျားရဲ့သားကို ကျွန်တော့်ရှေ့မှာ ထပ်ပြီး မပေါ်စေဖို့ သတိရပါ။ ကျွန်တော် စိတ်မကြည်တဲ့ အချိန်ကျရင် သူ့အသက်ကို ယူမိနိုင်တယ်။"
လေးနက်သောအကြည့်ဖြင့် လီဟောင်ရန်က အလျင်စလို ပြောသည်။
" ငါ ပေကျင်းမှာ စီးပွားရေးကိစ္စ နည်းနည်းရှိသေးတယ်။ မနက်ဖြန်… မဟုတ်ဘူး၊ ဒီနေ့။ သူ့ကို ဒီနေ့ပဲ ပေကျင်းမှာ အလုပ်သွားလုပ်ခိုင်းမယ်။ အဲ့ဒါအပြင် အားလပ်ရက် မဟုတ်ရင် သူ့ကို ရှန်ဟိုင်းကို ခြေတစ်လှမ်းလောက်တောင် တက်ခွင့်မပြုဘူး။”
ထန်ရှုက သက်ပြင်းချပြီး
"တကယ်တော့ ကျွန်တော်က ပြဿနာတွေကို ကြောက်တတ်တဲ့သူတစ်ယောက်ပါ။ ကျွန်တော့်အသက်ကို လိုချင်တဲ့သူတွေမဟုတ်ရင် ဘယ်သူ့ကိုမှ စော်ကားသလိုမျိုး ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး။ ခင်ဗျားသားရဲ့အကျင့်ကို ကောင်းကောင်းသိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။ သူ့ကို ကောင်းကောင်း ထိန်းချုပ်ပါ။ ကျွန်တော်တို့ကြားက ကိစ္စက ပြေလည်သွားပြီဆိုပေမယ့် အနာဂတ်မှာ ခင်ဗျားရဲ့လီမိသားစုရဲ့အင်အားနဲ့တောင် စိတ်အနှောက်အယှက်ဖြစ်လို့မရနိုင်တဲ့ တစ်စုံတစ်ယောက်ကို သူ မတော်တဆ ပြစ်မှားမိသွားရင် အဲဒီအချိန်မှာ ကံမကောင်းသွားမှာကို စိုးရိမ်စရာပဲ။"
“မစိုးရိမ်ပါနဲ့။ ငါ သူ့ကို သေချာပေါက် ဆုံးမမှာပါ။ အထူးနည်းလမ်းတွေကို သုံးလိုက်ရရင်တောင်မှပေါ့။” လီဟောင်ရန်က မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ အားနည်းတဲ့စိတ်ဓာတ်ကြောင့် သူ အသနားခံခဲ့ရင်တောင် မျက်တောင် မခတ်သင့်ဘူး။ စောစောပြန်ပြီး အနားယူလိုက်ပါဦး။"
ထန်ရှုက ထရပ်လိုက်ရင်း ပြောသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ။"
ထန်ရှုဆီမှ ပြန်နိုင်ကြောင်းစကားအား ကြားလိုက်သောအခါ လီဟောင်ရန်သည် အကြိမ်ကြိမ် ခေါင်းညိတ်ပြရင်း ခြံဝင်းထဲမှ အမြန်ထွက်လာကာ ကိုယ်ရံတော် နှစ်ယောက်နှင့်အတူ အလျင်အမြန် ထွက်သွားခဲ့သည်။ ထန်ရှု၏အိမ်ဝင်းထဲမှ ထွက်လာပြီးမှသာလျှင် လီဟောင်ရန်တစ်ယောက် စိတ်မွန်းကြပ်မှုမှ သက်သာရာ ရသွားသည်။
ထိုဘဏ်ကတ်အား အစမှ ယခုအချိန်အထိ ထန်ရှု မကိုင်ခဲ့သည်ကို ထန်ရှု၏အနားတွင် ရပ်နေသည့် ခန်းရှက မြင်လိုက်သည်။ သူမက ချက်ချင်း ပြုံးလိုက်ပြီး
“သူဌေး … ဒီတောင်းပန်မှုအနေနဲ့ ပေးတဲ့ကတ်က တော်တော် များလိမ့်မယ် ထင်တယ်။ အထဲမှာ ယွမ်တစ်မီလီယံ ဒါမှမဟုတ် ဒီထက်မက များမယ်လို့ ငါ ခန့်မှန်းမိတယ်။”
တစ်မီလီယံ ဟုတ်လား။
ထန်ရှု မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ ထိုကတ်ထဲတွင် ယွမ်တစ်မီလီယံသာ ရှိသည်ဆိုပါက လီဟောင်ရန်သည် သူ့အား အမှန်တကယ်ပင် အထင်သေးနေခြင်းပင်ဖြစ်သည်။ ဟောင်ကောင်ကိစ္စအား ပြန်တွေးကြည့်မည်ဆိုပါက ထိုမိသားစုများမှ နစ်နာကြေးပင်လျှင် အဆပေါင်းများစွာ ရှိလေသည်။
“ကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ပါလဲဆိုတာ စစ်ဆေးလိုက်။ ကိုယ်တို့ရဲ့ ခမ်းနားသောထန်ကို တိုးတက်အောင်လုပ်တဲ့နေရာမှာ သုံးလိုက်ပါ။ ကိုယ်က အခု တော်တော်ဆင်းရဲနေပေမယ့် အဲ့ဒါက ပိုက်ဆံပဲလေ။”
"နင်က ဆင်းရဲတယ်ဟုတ်လား။ နင်က ဆင်းရဲရင် ငါသူတောင်းစားပဲ။" ခန်းရှက ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ
"ဘာပဲဖြစ်ဖြစ် နင်ပဲ သိမ်းထားလိုက်ပါ။ ငါတို့ ခမ်းနားသောထန် လုပ်ငန်းစုက အဲ့လောက် ပမာဏနည်းနည်းလေး မလိုဘူးရယ်။"
"အဲဒီ့ထဲက ငွေပမာဏကို မစစ်ဆေးရသေးဘူး မဟုတ်လား။"
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
ခန်းရှက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ၊ ငါ စစ်ဆေးကြည့်မယ်။"
နှစ်မိနစ်အကြာတွင် ခန်းရှသည် သူမ၏ မိုဘိုင်းဘဏ်စနစ်တွင် ပေါ်လာသည့် နံပါတ်အား ကြည့်နေရင်း မသေချာဟန်ဖြင့် နှစ်ကြိမ်တိတိ စစ်ကြည့်လိုက်မိသည်။ သူမ၏လှပတင့်တယ်သော မျက်နှာလေးထက်တွင် အံ့သြတုန်လှုပ်နေသော အမူအရာဖြင့် နှုတ်ခမ်းလှလှလေးများအား လက်ကလေးဖြင့်ပင် အုပ်ထားလိုက်မိသည်။
"ဘာ အမှားအယွင်းရှိလို့လဲ။ မင်း ဒီလိုတုန်လှုပ်သွားရလောက်အောင် ပိုက်ဆံ ဘယ်လောက်ပြလို့လဲ။"
ထန်ရှု ပြုံးလိုက်သည်။
သူမ၏လက်များကို ဖြေလျော့လိုက်ရင်း ခန်းရှ၏နှုတ်ခမ်းများသည် တုန်ရီသွားကာ တီးတိုးပြောလိုက်သည်။
“၁ ဘီလီယံ။ သုညရဲ့အစွန်းထွက်ကို နှစ်ကြိမ်တောင် ရေတွက်ထားတာဆိုတော့ ငါ လုံးဝ မမှားဘူး။ ၁ ဘီလီယံ သေချာပါတယ်။ လီဟောင်ရန်က နစ်နာကြေးငွေ ၁ ဘီလီယံကို ပေးမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"သူက အရည်အချင်းရှိတာ သေချာတယ်။ ပိုက်ဆံယူလိုက်ပါ။ ကိုယ်တို့ကုမ္ပဏီက ငွေကြေးအရင်းအနှီးများလေလေ တိုးတက်မှု ပိုမိုကောင်းမွန်လေဖြစ်လာမယ်။ ကိုယ်တို့ကုမ္ပဏီအုပ်စုက တနိုင်ငံလုံးကို ပျံ့နှံ့နေပြီလို့ ကြားတယ်။ ဒါပေမယ့် အဲ့ဒါကို ထည့်တွက်လို့ မရသေးဘူး။ နိုင်ငံတကာဈေးကွက်ထဲကို ဝင်နိုင်တဲ့အခါကျမှ စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီလို့ ပြောလို့ရမှာ။”
သူမ၏အံံ့သြတုန်လှုပ်သောအမူအရာကို မျိုသိပ်ထားရင်း ခန်းရှ၏ ရှုမငြီးဖွယ် လှပသော မျက်နှာထက်တွင် တောက်ပသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမသည် ထန်ရှု၏ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် သူ၏လည်ပင်းအား ဖက်တွယ်ကာ ထန်ရှုအား ချစ်မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။ ထို့နောက် ခန်းရှက စွဲမက်ဖွယ် အပြုံးလေး ပြုံးလျက်
“အရင်က ငါ့မှာ အစီအစဉ်တစ်ခုရှိပေမယ့် အရင်းအနှီးငွေမရှိလို့ လက်တွေ့ အကောင်အထည်ဖော်လို့ မရခဲ့တာရှိတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲ့ဒီအစီအစဉ်ကြီးအတွက် ပြင်ဆင်မှုတွေ စတင်နိုင်ပြီဆိုတာ သေချာသွားပြီ။ ငါတို့ရဲ့ဝိုင်၊ အလှကုန်နဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေ ဈေးကွက်ထဲကို တရားဝင်ရောက်သွားရင် အချိန်တစ်ခုရောက်တာနဲ့ ငါတို့ဘဏ်အကောင့်ထဲမှာ တည်ငြိမ်တဲ့ ငွေသားစီးဆင်းမှုတစ်ခု ရလာမှာပဲ။ ငါ့ရဲ့ ဒီကြီးမားတဲ့ အစီအစဉ်ကို ပြီးမြောက်အောင်မြင်ဖို့က ပြဿနာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။”
သူ့ပါးကို ပွတ်သပ်ရင်း ထန်ရှုက တစ်ချက်ပြုံးကာ မေးလိုက်သည်။
“အဲ့ဒီအစီအစဉ်ကြီးဆိုတာ ဘာများလဲ။ ကိုယ့်ကိုရော မျှဝေချင်ရဲ့လား။"
"ဒါက အိမ်ခြံမြေဈေးကစားခြင်းလေ။"
ခန်းရှက မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဝမ်းသာအားရ ပြောလိုက်သည်။
"အိမ်ခြံမြေဈေးကစားခြင်းဟုတ်လား။ ကိုယ်တို့ကုမ္ပဏီက ဒီလိုလုပ်ငန်းမျိုး ဘယ်တုန်းက လုပ်ခဲ့တာလဲ။” ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။
“ငါတို့မှာ အခုမရှိသေးပေမယ့် ငါတို့ နောက်ပိုင်းကျရင် လုပ်မှာလေ။”
ခန်းရှက ဝမ်းသာအားရ ပြုံးပြီး
"ငါ စုံစမ်းဖို့ လူတွေကို စေလွှတ်ပြီးပြီ။ ကြယ်တာရာက ပူးပေါင်းစီမံကိန်းက မကြာမီ စတော့မှာလေ။ အိမ်ရာဈေးနှုန်းတွေက မြင့်တက်လာဖို့ အလားအလာရှိတယ်။ အဲ့ဒါကြောင့် အချိန်ရောက်လာရင် အိမ်ရာအများအပြားကို တိုက်ရိုက်လွှဲယူဖို့ အရင်းအနှီးငွေအများကြီး ပြင်ဆင်ထားဖို့ လိုတယ်။ အဲဒါကို အချိန်ကာလတစ်ခုအထိ သိမ်းထားပြီးရင် အိမ်ရာဈေးနှုန်း ရုတ်တရက် တက်လာမယ်လို့ ငါ ယုံကြည်တယ်။ အဲဒီအချိန်ကျ ငါတို့ အမြတ်အစွန်းတွေ အများကြီး ရနိုင်လိမ့်မယ်။”
"အဲ့ဒါကြီးက ကောင်းပါ့မလား။" ထန်ရှု အံ့သြသွားသည်။
“မဟုတ်ဘူး။ ဒါက မကောင်းတဲ့အရာတစ်ခုလို့ ပြောလို့မရဘူး။”
ခန်းရှက ခေါင်းကို ယမ်းလိုက်ပြီး
"ငါတို့ကအစကတည်းက ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့သူတွေထဲက တယောက်ပဲလေ။ ငါတို့က အတွင်းပိုင်းအမှာစာတစ်ခု ပြုလုပ်လိုက်မယ်ဆိုရင် ပြင်ပလေလံပွဲထက် ဈေးသက်သက်သာသာ ရရုံတင်မကဘူး ငါတို့ရဲ့ပုံသေပိုင်ဆိုင်မှုလည်း ဖြစ်လာမှာ။ အဲ့ဒါကို စုံစမ်းစစ်ဆေးဖို့ လူတွေကို ငါစေလွှတ်ထားတယ်။ လုံအုပ်စုဖြစ်ဖြစ် ပေကျင်းက မြောင်ဝမ်တန်နဲ့ ရှောင်မင်ကျန်တို့ဖြစ်ဖြစ် သူတို့တွေက အဲ့ဒီဆောက်လုပ်ရေးစီမံကိန်း ပြီးတာနဲ့ အတွင်းပိုင်းဝယ်ယူမှုများအတွက် ရင်းနှီးငွေ အများကြီး မသုံးနိုင်ဘူး။ ဒါပေမယ့် ကျင်းမန်ကျွန်းက အိုးရန်မိသားစုကတော့ အချို့ကို လွှဲယူနိုင်လိမ့်မယ်ဆိုပေမယ့် အများကြီးတော့ မဖြစ်လောက်ဘူးလို့ ငါ မှန်းဆထားတယ်။”
"ကိုယ်တို့က ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို စတင်တည်ထောင်ကာစ ရှိသေးတာလေ။" ထန်ရှုက အသံထွက်အောင် ရယ်နေရင်း
"ကိုယ်တို့ရဲ့ ထုတ်ကုန်တွေအကုန်လုံးက ဈေးကွက်ထဲရောက်နေပြီဆိုပေမယ့် အချိန်တိုအတွင်း ပိုက်ဆံအများကြီး မရနိုင်သေးတာကို ကိုယ် စိုးထိတ်နေသေးတယ်။ ဒီ၁ ဘီလီယံနဲ့တောင် ရင်းနှီးငွေအတွက် ဘီလီယံအနည်းငယ်ပဲ ရှိမယ်လေ။ မင်းပြောခဲ့တဲ့ အိမ်ခြံမြေဈေးကစားဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။”
"သူဌေး၊ အဲဒါက ဘီလီယံအနည်းငယ်ပဲရှိရင်တောင်မှ အဲဒါကို အချိန်တစ်ခုထိ သိမ်းထားရင် အဆပေါင်းများစွာ ထပ်ပြီး ပွားနိုင်တယ်ဆိုတော့ ဒီလုပ်ငန်းအစီအစဉ်က အတော်တွက်ချေကိုက်မှာ မဟုတ်ဘူးလား။"
…အဆပေါင်းများစွာတဲ့လား…
ထန်ရှုသည် စိတ်တွင်းမှ အံ့သြတုန်လှုပ်သွားရသဖြင့် သူ၏မျက်ဝန်းများမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအစီအစဉ်အကြောင်း ခဏလောက် စဉ်းစားပြီးမှ ထန်ရှုက လေးနက်သည့်အသံနှင့် ပြောလိုက်သည်။
“ဒါဆိုလည်း မင်းရဲ့ အဲ့ဒီအစီအစဉ်ကြီးကို စလိုက်ပါ။ ဒါပေမယ့် ကိုယ့်ကို ကြိုတင်အကြောင်းကြားဖို့ မမေ့နဲ့ဦး။ မင်းရဲ့လုပ်ငန်းအစီအစဉ်အတွက် အရင်းအနှီးငွေအမြောက်အမြားရဖို့ ကိုယ် အကောင်းဆုံး ကြိုးစားပါ့မယ်။"
“နားလည်ပြီ။” ခန်းရှက ပြုံးပြီး ခေါင်းညိတ်သည်။
ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
"သူဌေး… လီဟောင်ရန်က လိမ္မာပါးနပ်ပြီး ထက်မြက်တဲ့ စီးပွားရေးသမားလေ။ သူ ငါတို့ကို လျော်ကြေးအဖြစ် ပိုက်ဆံအများကြီး ဘယ်လို ပေးနိုင်တာလဲမသိ။ အဲဒါက ၁ဘီလီယံတောင်မှနော်။ သူ့ရဲ့ လီအုပ်စုက လုပ်ငန်းစုကြီးဖြစ်ပြီး ပိုင်ဆိုင်မှုအမြောက်အမြားရှိရင်တောင်မှ ရုတ်တရတ် ၁ဘီလီယံကို ထုတ်ယူလိုက်တာက သူတို့အတွက် အနှောင့်အယှက်ဖြစ်ဖို့ လုံလောက်ပြီ မထင်ဘူးလား။”
“၁ဘီလီယံကို များတယ်လို့ မင်း ထင်နေတာလား။ ပြီးခဲ့တဲ့ တစ်လ-၂လလောက်တုန်းက ဟောင်ကောင်က အချို့လူတွေနဲ့ ပြသနာတစ်ခု ဖြစ်တယ်။ အဲ့ဒီလူတွေက ဟောင်ကောင်မှာ မိသားစုကြီးတွေဖြစ်တဲ့အပြင် လေးစားခံရတဲ့သူတွေချည်းပဲ။ သူတို့တွေဆီက ကိုယ် ရလိုက်တဲ့ နစ်နာကြေးက စုစုပေါင်း ၁၀ဘီလီယံကျော် ရှိတယ်။ အတိအကျ မမှတ်မိလို့။ တော်တော်များတယ်။”
၁၀ဘီလီယံတောင်လား။
ခန်းရှ စိတ်တွင်းမှ တုန်ရီသွားကာ သူမ၏မျက်နှာလှလှလေးထက်တွင် မယုံကြည်နိုင်ဟန်အမူအရာ ဖြစ်ပေါ်လာရသည်။
သူမက ရုတ်တရက် ကျယ်လောင်စွာအော်လိုက်ပြီး ထန်ရှုအနားသို့ ပြေးသွားကာ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည် ။
"သူဋ္ဌေး… မင်း ပိုက်ဆံတွေ အများကြီးရထားတာဆိုတော့ ပိုက်ဆံကရော။ ငါတို့ရဲ့ ခမ်းနားသော ထန်လုပ်ငန်းစုက ငွေလိုတယ်လေ။”
"မင်းရဲ့ငွေကို ရူးသွပ်တဲ့ပုံစံက အရမ်းလှတယ်။" ထန်ရှုက ရယ်မောလိုက်ရင်း
"ဘယ်လိုပဲဖြစ်ဖြစ် မင်း အဲ့ဒီအကြောင်း မေ့သွားပြီထင်တယ်။ကိုယ် အဲ့ဒီပိုက်ဆံကို တစ်နေရာမှာ သုံးလိုက်တယ်။"
ခန်းရှ ကြက်သေ သေသွားသည်။ သူမ၏မျက်နှာထက်တွင် စိတ်ပျက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာသော်လည်း မေးလိုက်သေးသည်။
"ဘာအတွက် သုံးခဲ့တာလဲ။ ထာဝရခန်းမကို လွှဲယူဖို့လား။”
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး
“မဟုတ်ဘူး။ ထာဝရခန်းမက အမြဲတမ်း ကိုယ်ပိုင်တဲ့နေရာပဲလေ။ ဝယ်စရာ မလိုဘူး။ အဲ့ဒီအကြောင်းကို မင်း ပြောပြထားတယ်မဟုတ်လား။ နဂါးကိုးကောင်ကျွန်းအတွက် သုံးလိုက်တယ်။”
ခန်းရှ တွေဝေသွားရင်း သူမက ခေါင်းကို ရုတ်တရက် ပုတ်လိုက်ကာ ချစ်စဖွယ် အပြုံးဖြင့်
"အိုက်ယား…ကြည့်ပါဦး… ငါ ဒီကိစ္စကို မေ့နေတာ။ ဘာပဲဖြစ်ဖြစ် သူဋ္ဌေး… ငါတကယ်သိချင်တယ်။ နင်က ကျွန်းတစ်ကျွန်းဝယ်ပြီး အဲဒါကို ပြန်လည်တည်ဆောက်ဖို့ ဘာကြောင့် ငွေအများကြီး သုံးစွဲနေရတာလဲ။”
“နဂါးကိုးကောင်ကျွန်းက အနာဂတ်မှာ ကိုယ်တို့ရဲ့ ထိပ်တန်းဌာနချုပ် ဖြစ်လာမှာလေ။"
ထန်ရှုက ပြောသည်။
…ထိပ်တန်းဋ္ဌာနချုပ်လား…
“ထာဝရခန်းမရဲ့ထိပ်တန်းဋ္ဌာနချုပ်အဖြစ် အဲ့ဒါကို ထည့်တွက်မှာလား။”
ခန်းရှက ချီတုံချတုံ မေးလိုက်သည်။
ထန်ရှုက သက်ပြင်းတစ်ချက် ပြင်းပြင်း ရှိုက်လိုက်ပြီး
“အချိန်တစ်ခု အဆင်ပြေတဲ့အခါ မင်းကို ထာဝရခန်းမရဲ့ဌာနချုပ်ကို ကိုယ် ခေါ်သွားမယ်။ မင်း အဲဒီကိုရောက်ရင် ထာဝရခန်းမဆိုတာ ဘယ်လိုတည်ရှိလဲဆိုတာ မင်းသိလိမ့်မယ်။"
"ကောင်းပါပြီ။"
ခန်းရှက ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။
မနက်စာစားပြီးနောက် ထန်ရှုသည် ခန်းရှနှင့်အတူ ဝိုင်မြည်းစမ်းပွဲသို့ လိုက်မသွားဘဲ ထိုအစား ကျောင်းဝင်းကို သွားသည်။ အတန်းများ၊ စစ်ရေးလေ့ကျင့်မှုများ မစသေးသော်လည်း ထိုနေရာသို့ သွားရန်ဆုံးဖြတ်ထားဆဲဖြစ်သည်။ လူတိုင်း စစ်သင်တန်းတက်နေစဉ် သိုလှောင်လက်စွပ်များ ပြုလုပ်ရန် အချိန်ကို သူ သုံးမည်ဖြစ်သည်။
အခုအချိန်မှာတော့ အရာအားလုံးကို စတင်ဖန်တီးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အရှေ့လေကို သူ စောင့်ရန်သာ လိုတော့သည်။
(Charm Ming Nge - အနောက်တိုင်းစာပေအချို့တွင် အရှေ့လေအား နတ်ဆိုးအင်အားဟု သရုပ်ဖော်ကြသော်လည်း တရုတ်လူမျိုးများကမူ အရှေ့လေသည် ကောင်းမွန်သောအခြေအနေနှင့် ကံကောင်းမှုအား သယ်ဆောင်လာသည်ဟု ယုံကြည်ကြသည်။)
ကျောင်းဝင်းအတွင်း လျှောက်ကြည့်နေရင်း ဖြတ်သန်းသွားလာနေသော လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးများဆီမှ နုပျိုသော အော်ရာများ ဖြာထွက်နေသည်ကို ကြည့်ရှုရင်း ထန်ရှုသည် ၎င်းတို့ထံမှ သက်ရောက်ခြင်းခံလိုက်ရသကဲ့သို့ သူ၏ စိတ်ခံစားချက်သည် သိသိသာသာ ကောင်းမွန်သွားရသည်။
တီ…တီ…
အနောက်မှ ကားဟွန်းသံ ထွက်ပေါ်လာသဖြင့် ထန်ရှု လှည့်ကြည့်လိုက်ရာ ယွဲ့ခိုင်၏ဘီအမ်ဒဗလျူက သူ့နောက်ကနေ ဖြည်းညှင်းစွာ လိုက်လာသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး ထန်… မင်းပြန်လာပြီ။ ငါတို့က အခုပဲ မင်းအကြောင်း ပြောနေတာ။ မင်း ပေါ်မလာရင် ရဲစခန်းကို လူပျောက်မှုနဲ့ အကြောင်းကြားတော့မလို့။”
ယွဲ့ခိုင်က ကားပြတင်းပေါက်ကိုဖွင့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
ကားအတွင်းတွင် မောင်းနေသော ယွဲ့ခိုင်အပြင် ရှေ့ထိုင်ခုံတွင် ထိုင်နေသော ဟူချင်းစုန့်လည်း ရှိနေသည်။ သို့သော် သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများသည် မနေ့ညက နှစ်ခြိုက်စွာ အိပ်မပျော်ခဲ့ရသည့်အလား နီရဲနေခဲ့သည်။
“ဟေ့ မင်းတို့နှစ်ကောင် … မနေ့ညက ဘာတွေ လုပ်နေကြတာလဲ။ ကိုယ့်ရုပ်လည်း ကိုယ်ပြန်ကြည့်ပါဦးကွာ။ ကောင်းကောင်း အနားယူမနေခဲ့ဘူးလား။"
ထန်ရှုက အနောက်ထိုင်ခုံတွင် ကိုယ်ကို ပစ်ထိုင်ချကာ ပြုံးပြီး မေးသည်။
အရှေ့မြောက်လေသံဝဲဝဲဖြင့် ဟူချင်းစုန့်က
"အဲ့ဒါက ယွဲ့ခိုင်တစ်ယောက်တည်းကြောင့် မဟုတ်ဘူး။ ဒီကောင်က ငါ့ကို ကလပ်ကို ခေါ်သွားတယ်လေ။ ဒါပေမယ့် ဟေး … အဲဒါ အရမ်းကောင်းတယ်။ မနေ့ညက ကောင်မလေးနှစ်ယောက်က တော်တော်ကောင်းတယ်။”
***