← Chapters

ကလေးတစ်ယောက်အဖေ

Vol. 08 Ch. 386

ကလေးတစ်ယောက်အဖေ

Vol. 08 Ch. 386

နောက်ထိုင်ခုံတွင် သက်တောင့်သက်သာထိုင်နေသော ထန်ရှုသည် ဟူချင်းစုန့်၏ ဂုဏ်ယူကျေနပ်နေစွာ ရယ်နေသော ရယ်သံအား နားထောင်နေရင်း မျက်လုံး ပြူးကာ အမြင်ကတ်သော အကြည့်ဖြင့် ပေးလိုက်သည်။

ဒီကောင်ကတော့ တရားလွန်ပါပဲ…

ဟူချင်းစုန့်သည် မိန်းကလေးတစ်ယောက်နှင့်သာ ချိတ်ဆက်ပျော်ပါးမည်ဆိုပါက ထန်ရှု ဘာမှ ပြောမည်မဟုတ်သော်လည်း မိန်းကလေး နှစ်ယောက်ဖြင့် ဟူချင်းစုန့်သည် နှစ်ယောက်-တစ်ယောက် ပျော်ပါးခြင်းအမှုအား လုပ်ခဲ့သည်။ ထိုအရာသည် လုံးဝလွန်ကဲသော အပြုအမူဖြစ်ပေရာ ထန်ရှုသည် ထိုကဲ့သို့သော အပြုအမူမျိုးကို လုံးဝသည်းမခံနိုင်ချေ။

"မနက်ဖြန် စစ်ရေးလေ့ကျင့်မှုစတော့မှာလား။"

ထန်ရှုက အပြုံးနှင့် ပြောသည်။

ကားမောင်းနေရင်း ယွဲ့ခိုင်က ခေါင်းညိတ်ပြပြီး

“ဟုတ်တယ်။ မင်း ငါ့ကိုမေးရင် စစ်တပ်က အိုးတစ်လုံးကို ပုံသွင်းနေသလိုပဲ။ ငါတို့နိုင်ငံရဲ့ အဖူးအညွှန့်လေးတွေကို ဝမ်းနည်းပက်လက် ဖြစ်အောင် လုပ်ကြတော့မယ်။ ဒီနေရာက ငါ့အဘိုးကြီးရဲ့ ကုမ္ပဏီမဟုတ်ဘဲ နာမည်ကြီး ရှန်ဟိုင်းတက္ကသိုလ် ဖြစ်နေလို့သာပေါ့ကွာ။ မဟုတ်ရင် ငါ အဲ့ဒီစစ်သင်တန်းကို တက်မှာကို မဟုတ်ဘူး။ မင်း ငါ့ကိုပြောပါဦး။ ငါ့ခြေထောက်တွေကို တမင်တကာ ချိုးပြီး ဖျားနာခွင့်ပေးဖို့ တောင်းဆိုရမလား ဒါမှမဟုတ် တစ်ခုခု တောင်းဆိုရမလား။"

"ငါ့အတွက်ကတော့ အဆင်ပြေတယ်။ မင်းရဲ့အကြံအစည်က ကောင်းမယ်ထင်တယ်"

ဟူချင်းစုန့်က အပြုံးဖြင့်

“ဘာဖြစ်မယ် ထင်လဲခန့်မှန်းကြည့်။ စစ်ရေးလေ့ကျင့်မှုက ကျားမ ရောထွေးနေတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် မိန်းကလေးတွေကို ခေါ်ယူဖို့ အသင့်တော်ဆုံးအချိန်ဖြစ်လိမ့်မယ်။ တစ်စုံတစ်ယောက်က ဒီလိုကောင်းမွန်တဲ့ နတ်ဘုရားအခွင့်အရေးကို လက်လွှတ်ရင် ဟီးဟီးဟီး … နောက်မှ ငါတို့ကို အားကျတဲ့အကြည့်နဲ့ မကြည့်နဲ့နော်။”

“အာ…ဒဏ်ရာရရင် နာမှာစိုးလို့။ ငါလည်း စစ်သင်တန်းတက်ဖို့ ဆုံးဖြတ်တယ်။”

ဤတစ်ကြိမ်တွင် ယွဲ့ခိုင်သည် သူ၏ခံစားချက် အစစ်အမှန်အား ဖုံးကွယ်ကာ အလေးအနက် ပြောလိုက်သော်လည်း အခြားသူများ၏အမြင်တွင် သူ၏ပြောဆိုပုံသည် အရှက်မဲ့ခြင်းနှင့် တူနေခဲ့သည်။

ခဏအကြာတွင် ကားသည် အဆောင်ရှေ့တွင် ရပ်သွားသည်။ သည်အတောအတွင်း သူတို့သည် ကျောင်းကိစ္စတွေအပြင် ဆေးရုံတက်နေရဆဲဖြစ်သည့် ရွှဲ့ချောင်အကြောင်းပါ ဆွေးနွေးခဲ့ကြသည်။ ထန်ရှုသည် သူ၏အခန်းထဲသို့ ဝင်လာခဲ့သည်။ အိပ်ရာအား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် စားပွဲရှေ့တွင် ထိုင်ချလိုက်ပြီး အောက်ကို ငုံ့ကာ ကျောင်းစာအုပ်အချို့ကို လှမ်းယူသည်။ သူသည် စာအုပ်အား တစ်ခဏမျှ ပေါ့ပေါ့ပါးပါး လှန်ပြီး ပြန်သယ်သွားရန် ဆုံးဖြတ်လိုက်သည်။ အားလပ်ချိန်အချို့ရှိသေးသဖြင့် စာအုပ်များ ပြန်လည်ဖတ်ရှုရန် အချိန်ကောင်းတစ်ခုရှိနေသေးဆဲ ဖြစ်သည်။

တောင်တန်းတစ်ခုနှင့်အလားသဏ္ဍာန်တူသော စာအုပ်ပုံတစ်ခု။ ကြိုးစားအားထုတ်ခြင်းမရှိဘဲ အောင်မြင်မှု မရနိုင်သကဲ့သို့ လေ့လာသင်ယူခြင်းနှင့် အလုပ်အတွက်လည်း မည်သည့်အခါမျှ အဆုံးသတ်သွားသည်ဟု မရှိပါချေ။

လေ့လာသင်ယူခြင်း၊ ငွေရှာခြင်း၊ ကျင့်ကြံအားထုတ်ခြင်း။

သည်လမ်းသည် သူကိုယ်တိုင် ချမှတ်ထားသည့် လမ်းစဉ် ဖြစ်သည်။ အချိန်ဖြုန်းခြင်းသည် သူ့အတွက် အသက်ကို ဖြုန်းတီးနေသကဲ့သို့ပင် ဖြစ်သည်။

ဟူချင်းစုန့်က ထန်ရှုဘက်လှည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ငါတို့ကျောင်းဝင်းရဲ့ အဓိကအဖွဲ့အစည်းတွေက လောလောဆယ် သွေးသစ်လူသစ်တွေ စုဆောင်းနေတယ်။ အစ်ကိုကြီး ထန်… မင်း ဘယ်အဖွဲ့အစည်းကို သွားမှာလဲ။"

…အဖွဲ့အစည်း…

တစ်ခဏမျှ တွေဝေသွားပြီးမှ ထန်ရှုက ခေါင်းခါပြပြီး

“ဘယ်အဖွဲ့အစည်းကိုမှ ဝင်ဖို့ စိတ်မဝင်စားဘူး။ ငါ့မှာ အချိန်ရရင် သင်ယူရမှာတွေ အများကြီး ရှိလာနိုင်တယ်။"

"အစ်ကိုကြီး ထန်… မင်းက လူငယ်တစ်ယောက်တော့ ဟုတ်ပါသေးတယ်နော်။"

ဟူချင်းစုန့်က ရွှတ်နောက်နောက် ပြောလိုက်သည်၊

“ငါတို့လူငယ်တွေက အသစ်အသစ်တွေကို ကြိုးစားဖို့ စိတ်အားထက်သန်ပြီး စိတ်တက်ကြွမှု အပြည့်ရှိရမယ်လေ။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဘတ်စကက်ဘောကလပ်နဲ့ ဘရိတ်ဒန့်စ်အကအဖွဲ့မှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်။ အစ်ကိုကြီး ငါနဲ့ အတူပါဝင်ရော ဘယ်လိုလဲ။"

"ဟူကြီး … အစ်ကိုကြီးထန်ကို ဘရိတ်ဒန့်စ်အကအဖွဲ့ထဲ မင်းနဲ့အတူပါစေချင်တာလား။"

ယွဲ့ခိုင်က ခပ်ဖွဖွပြုံးကာ လှည့်ကြည့်ရင်း

"သူ့ရဲ့ မိန်းမကျမ်းကျေပုံနဲ့ ဘရိတ်ဒန့်စ်အကအဖွဲ့မှာ ပါဝင်ခဲ့မယ်ဆိုရင် အဲဒီ့မိန်းမလှလေးတွေက မင်းကို လှည့်တောင် အီးမပေါက်မှာကို ငါ စိုးထိတ်မိပါရဲ့။ အစ်ကိုကြီးထန်ရဲ့အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ သူတို့ကိုသာ ကြည့်လိုက်ရင် အဲ့ဒီစကီကလေးတွေက အစ်ကိုကြီးထန်ရဲ့ ပေါင်ပေါ်မှာ သူတို့ကိုယ်တိုင်တောင် ပစ်လှဲလိုက်ကြမှာ ဖြစ်နိုင်တယ်နော် ဟေ့ရောင်။”

ဟူချင်းစုန့် အေးခဲသွားသည်။ ရုတ်တရက် တည်ကြည်သွားသောဟန်ဖြင့် လက်ကိုဝှေ့ယမ်းကာ “အစ်ကိုကြီး ထန် … ငါ မင်းကို ဘာစကားမှ မပြောဘူးလို့ သဘောထားလိုက် အိုကေနော်။”

ထန်ရှု ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်သွားကာ

“မင်းတို့ ပေါက်ကရတွေ မပြောဘဲ မနေနိုင်ဘူးလား။ ဘာအပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ ကောင်မလေးတွေကို ကြည့်ရမှာလဲ။ ဘာကို သူတို့က ငါ့ပေါင်ပေါ်မှာ ပစ်လှဲကြမှာလဲ။ မင်းတော့ စိတ်မှ ကောင်းသေးရဲ့လား။”

“အစ်ကိုကြီးထန်…ငါတို့ တကယ်ကို ရူးနေကြပြီ။ ဒါပေမယ့် မင်းကတော့ စိတ်ရောကိုယ်ရော မကောင်းတော့တာ။ ပြောရမယ်ဆိုရင် မင်းကို သဘောကျနေတဲ့ မိန်းမလှလေးတွေနဲ့ မင်းရဲ့ဒီသေးငယ်တဲ့ ကိုယ်လုံးကိုယ်ပေါက်က ခံတပ်ကို ထိန်းထားနိုင်တုန်းပဲ။”

ခံစားချက်မရှိသော မျက်ဝန်းများဖြင့် သူ့အား ကြည့်ရင်း ယွဲ့ခိုင်နှင့်စကားပြောရန်ပင် ထန်ရှု ပျင်းလာခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကြီးထန်… ငါတို့ ဒီမှာ သဘောတူညီချက်တစ်ခု ယူရမယ်။”

ယွဲ့ခိုင်က တခိခိရယ်ရင်း ပြောသည်။

“ပထမအနေနဲ့ မင်း နှစ်သက်တဲ့ အဖွဲ့အစည်းကို ဝင်နိုင်ပေမယ့် ဂီတအဖွဲ့ထဲ မဝင်ပါနဲ့။ ဂီတအဖွဲ့ထဲက မိန်းမချောလေးတွေကို ကယ်တင်ဖို့ ငါရှိရင် အဆင်ပြေပါပြီ။”

ထန်ရှု မတ်တပ်ရပ်လိုက်သည်။ ဤအဆောင်နေ အခန်းဖော်များအားလုံးသည် ကာစာနိုဗာ ပြန်ဝင်စားသည့်လူများဖြစ်ကြောင်း ယခု သူပြောနိုင်ပြီဖြစ်သည်။ သူတို့သည် ပညာသင်ရန် ကောလိပ်သို့ လာခဲ့ကြခြင်းမဟုတ်ဘဲ ထိုအစား ဇနီးတစ်ယောက်ကို ရှာနေကြခြင်း ဖြစ်နေသည်။ အချိန်ရမည်ဆိုပါက အိမ်ထောင်ရေးအေဂျင်စီတစ်ခုကို သွားသင့်သော လူများသာဖြစ်တော့သည်။

(Charm Ming Nge - ကာစာနိုဗာဆိုသည်မှာ အမျိုးသမီးများနှင့် လိင်ဆက်ဆံခြင်းနှင့် ချစ်သူများစွာထားရှိခြင်းကို အထူးသိသော အမျိုးသားတစ်ယောက်အား ဆိုလိုသည်။ ၁၇၂၅တွင် မွေးဖွားပြီး ၁၇၉၈တွင် သေဆုံးခဲ့သော အီတလီလူမျိုး ဂီယာကိုမို ဂီယိုလာမို ကာစာနိုဗာသည် စစ်သား၊ စာရေးဆရာ၊ စွန့်စားသူ၊ စပိုင်စသည့်အလုပ်များ လုပ်ခဲ့ပြီး အမျိုးသမီး ၁၃၂ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့သောသူ ဖြစ်သည်။)

ထန်ရှုက ခေါင်းယမ်းကာ စာအုပ်အနည်းငယ်ယူကာ ထွက်သွားရန် ပြင်ဆင်ရင်း

“ကောင်းပြီ၊ အဲဒီမိန်းကလေးတွေနောက် လိုက်ဖို့နဲ့ ချစ်ပွဲဝင်ဖို့ မင်းပဲ အားထုတ်နေပါ။ ဘာပဲဖြစ်ဖြစ် ငါက စစ်သင်တန်းတက်တော့မှာ မဟုတ်ဘူး။ ဒီကာလအတွင်း ကျောင်းဝင်းထဲမှာ တခြားဘာမှ မရှိရင် ငါ ကျောင်းကို ပြန်မလာသေးဘူး။ တစ်ခုခုကိစ္စဖြစ်ရင် ငါ့ကို ဖုန်းဆက်ပေးပါ။"

"စစ်သင်တန်းမတက်ဘူးလား။"

ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့ အံသြသွားကြသည်။ ထန်ရှု အဆောင်တွင်းမှ ထွက်သွားသည်ကို သူတို့ ငေးကြည့်နေပြီးနောက် ဟူချင်းစု့န်သည် အပြေးထွက်ကာ လိုက်သွားသည်။ ကော်ရစ်ဒါတွင် ထန်ရှုကို တွေ့သည့်အခါ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"အစ်ကိုကြီးထန်… မင်း စစ်သင်တန်းမတက်တာကို ကျောင်းက သဘောတူလား။"

"အင်း။ အဲဒါကို သူတို့ သဘောတူတယ်။”

ထန်ရှုက လှည့်မကြည့်ဘဲ သူ့လက်ကို ဝှေ့ယမ်းပြပြီးသာ ဆက်လျှောက်သွားသည်။

အဆောင်တံခါးရှေ့တွင် ရပ်ကျန်နေခဲ့သည့် ဟူချင်းစုန့်က ယွဲ့ခိုင်အား လှည့်ကြည့်လိုက်ရင်း သက်ပြင်းချကာ တုန်ရီသောလေသံဖြင့်

“အင်း… အစ်ကိုကြီးကတော့ အစ်ကိုကြီး ပါပဲကွာ။ ဒီလို အရည်အချင်းမျိုးနဲ့ ဖြစ်ထိုက်ပါတယ်…”

ထန်ရှု ကျောင်းဝင်းထဲမှ ထွက်လာသောအခါ မြောင်ဝမ်တန်အား ဖုန်းဆက်လိုက်ပြီး တာအိုဆရာတော် ဇီယီနှင့် အဆက်အသွယ်ရရှိပြီးဖြစ်သည်ကို သိလိုက်ရသည်။ ဆရာတော်ဇီယီသည် သူ၏တပည့်အား ရှန်ဟိုင်းသို့ ခေါ်ဆောင်လာနေပြီဖြစ်သည်။ ထိုသတင်းက သူ့အား တိတ်တဆိတ် စိတ်သက်သာစေသည်။

အစောပိုင်းက သူသည် သိုလှောင်လက်စွပ်တစ်ခုကို ပြုလုပ်ရန် မျှော်လင့်နေခဲ့သည်။ ထိုလက်စွပ်အား သန့်စင်ပြီးပါက သူ၏ပစ္စည်းများ သယ်ရန်အတွက် ထန်ရှု စိတ်ပူနေစရာရန် လိုအပ်တော့မည်မဟုတ်ပါချေ။ ထို့အပြင် အခြားကောင်းသည့်အချက်မှာ ထိုလက်စွပ်အား သူ ရထားပြီးပါက ပစ္စည်းများ ပျောက်ဆုံးမည်ကို စိုးရိမ်စရာမလိုပေ။ ဟုတ်ပါသည်။ သူ၏စိတ်ထဲတွင် တခြားအကြံတစ်ခုလည်း ရှိသည်။ သူသည် သိုလှောင်လက်စွပ်ကိုသန့်စင်ပြီးနောက်တွင် အဖိုးတန်ပစ္စည်းများ အများအပြားကျန်ရှိနေလိမ့်မည်။ ထို့ကြောင့် အဆင်ပြေပါက လက်နက်များကို ပြုလုပ်နိုင်ပေမည်။ သူသည် တိုက်ပွဲများစွာနှင့် သတ်ဖြတ်ခြင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည်။ မစ်ဆူဘီရှီစစ်သုံးဓားသည် လုံလောက်စွာ ထက်မြက်သော်လည်း သူနှင့်အတူတကွ ယူဆောင်ရန်အသာထားဘိ သူ့အတွက် အဆင်မပြေပေ။

ထန်ရှု ဆေးရုံသို့ ဦးတည်လိုက်သည်။

ကျောင်းဝင်းထဲက ထွက်လာပြီးနောက် ထန်ရှုသည် အပြင်ဘက်တွင် တက္ကစီတစ်စီးအား တားကာ ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံသို့ အပြေးသွားခဲ့သည်။

****

ရှန်ဟိုင်းကမ္ဘာ့ကုန်စည်ပြပွဲစင်တာ…

ယခုအချိန်တွင် ဝိုင်မြည်းစမ်းပွဲကျင်းပသည့်နေရာရှိ ကောင်တာအမှတ် ၀၂၄၆ အား လူအုပ်ကြီးတစ်ခုက ဝိုင်းရံထားသည်။ ဤဝိုင်မြည်းစမ်းပွဲကို တက်ရောက်ခွင့်ရသူများသည် နတ်ဘုရားဝတ်ရည်အကြောင်း ကြားသိကြရသည်။ ဒိုင်လူကြီး၇ယောက်မှ မိုးလောက်မြင့်သည့် ချီးကျူးစကားများဖြင့် နတ်ဘုရားဝတ်ရည်အား ချီးကျူးထားသည်ကိုပင် ထိုသူများ သိထားကြပေသည်။ ထို့ကြောင့် မရေမတွက်နိုင်သောလူများသည် နတ်ဘုရားဝတ်ရည်အား မြည်းစမ်းလိုနေကြပြီဖြစ်ပြီး ဝိုင်အရက်လက်ကားရောင်းချသူအများစုက ဖြစ်နိုင်မည်ဆိုပါလျှင် အရေအတွက်အများကြီး ဝယ်ယူလိုကြသည်။

ဒိုင်လူကြီးများ ချီးမွှမ်းစကားမဆိုခင်အချိန်က ကောင်တာအမှတ် ၀၂၄၆အား မည်သူမျှ စိတ်ဝင်စားဟန်မပြဘဲ ရှောင်ဖယ်သွားကြသော်လည်း ယခုအချိန်တွင် လူအုပ်သည် မရေမတွက်နိုင်လောက်အောင် အရေအတွက် တိုး၍သာ လာခဲ့သည်။

ထိုအချင်းအရာက ခန်းရှ၏ မိမိကိုယ်မိမိ ယုံကြည်ချက်အား ပိုမိုခိုင်မာလာစေသကဲ့သို့ စုချွမ်နှင့် အခြားဝန်ထမ်းများကိုလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်စေသည်။

“ကျေးဇူးပြု၍ နားဆင်ပေးပါ။ ကျေးဇူးပြု၍ နားဆင်ပေးပါရှင်။ ကျေးဇူးပြုပြီး ဝိုင်အရက် ရောင်းသူအားလုံး အပြင်မှာ စောင့်ပေးကြပါရှင်။ ဝိုင်စက်ရုံဝန်ထမ်းများက လူကြီးမင်းတို့ရဲ့ ကောင်တာတွင် စောင့်ပါ။ ဝိုင်မြည်းစမ်းပွဲ ချက်ခြင်း ဖွင့်လှစ်တော့မှာမို့လို့ မီဒီယာလောကမှ မိတ်ဆွေများအားလုံး မှတ်တမ်းတင်ဖို့ ပြင်ဆင်ပေးထားကြပါရှင်။”

ညီလာခံကျင်းပရာနေရာမှ ကြေညာချက်တစ်ခု ပျံ့လွင့်လာခဲ့သည်။

ချက်ခြင်းဆိုသလိုပင် ဒါဇင်နှင့်ချီသော လုံခြုံရေးအစောင့်များသည် ခန်းမထဲသို့ ရောက်ရှိလာကာ ဝိုင်လက်ကားရောင်းချသူတွေကို အပြင်မှာစောင့်ခိုင်းရုံသာမက မီဒီယာလောကမှ ဒါဇင်နှင့်ချီသော သတင်းထောက်များအား အင်တာဗျူးတွင် အနှောက်အယှက်မဖြစ်စေရန် တားဆီးထားခဲ့သည်။

အသံစနစ်မှ ကြေညာချက်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

“ချစ်ခင်ရပါသော မိတ်ဆွေများ… ဒီဝိုင်မြည်းစမ်းခြင်းပြိုင်ပွဲမှာဆိုရင်ဖြင့် ကုန်သည်စုစုပေါင်း ၂၆၀ ဦး ပါဝင်ထားပါတယ်။ ဒိုင်လူကြီးခုနစ်ဦးမှ ထုတ်လုပ်သူတစ်ယောက်ချင်းစီ၏ ဝိုင်တစ်ခုစီကို မြည်းစမ်းသွားပါမယ်။ မြည်းစမ်းရမယ့် အရေအတွက်များအရ ဒိုင်လူကြီးများမှ အုပ်စုခုနစ်စု ခွဲကာ မြည်းစမ်းသွားမှာဖြစ်ပြီး ဆုရရှိသူငါးဦးကို နောက်ဆုံးရလဒ်အတွက် ဆက်လက်အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။”

****

ရှန်ဟိုင်း ပထမပြည်သူ့ဆေးရုံ...

ထန်ရှုသည် ရွှဲ့ချောင်၏လူနာဆောင်သို့ သွားလိုက်ပြီး အထဲအား လှမ်းကြည့်လိုက်ရာ လူနာကုတင် ၃လုံး ရှိသော်လည်း လူနာနှစ်ယောက်သာ ရှိသည်ကို တွေ့ရသည်။ ကုတင်ခေါင်းရင်းတွင် စိတ်ပူပန်သောက ရောက်နေသည့်ဟန်ဖြင့် ထိုင်နေသော ရွှဲ့ချောင်ကို ကြည့်ရင်း ထန်ရှု ပြုံးလိုက်မိသည်။

"တစ်ခုခု ဖြစ်နေတာလား။ မင်း ဘာကြောင့် ဒီလိုပုံစံဖြစ်နေတာလဲ။"

ရွှဲ့ချောင်ဆီသို့ လျှောက်လာရင်း ထန်ရှုက ပြုံးကာ မေးလိုက်သည်။

ရွှဲ့ချောင် မော့ကြည့်မိသည်။ ထန်ရှုအား မြင်လိုက်ရသည်မှာ သူ့အတွက် ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်နှယ် ဖြစ်သွားသည့်တိုင် ပါးစပ်ဟရမည်ကို သူ တွန့်ဆုတ်နေသည်။ နောက်ဆုံးတွင် သူက တိတ်တဆိတ် ခေါင်းယမ်းလိုက်ရင်း ခေါင်းပြန်ငုံ့သွားသည်။

ထန်ရှုက သူယူလာသော သစ်သီးများအား ကုတင်ဘေးနားတွင် ထားလိုက်ပြီး ကုတင်အလွတ်ပေါ်တွင် ထိုင်ကာ ပြုံးလျက်ပြောသည်။

"ရွှဲ့ချောင်… ငါတို့က အတန်းဖော်တွေပါ။ နောက်ပြီး မင်းက ငါ့ရဲ့အခန်းဖော်လည်း ဖြစ်တယ်။ ပြဿနာတစ်ခုခုရှိလျှင် ပြောပြပါ။ ငါ ကူညီနိုင်တဲ့အရာဆိုရင် ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး။"

ရွှဲ့ချောင်၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ် လှုပ်သွားပြီးမှ တုံ့ဆိုင်းနေသောအမူအရာဖြင့်

"မင်းမှာ ပိုက်ဆံရှိလား။"

"အတော်အသင့်ရှိပါတယ်။"

ထန်ရှုက ပြုံးပြီး ပြန်ဖြေသည်။

"ဒါဆို မင်း ငါ့ကို ပိုက်ဆံနည်းနည်းလောက် ချေးပေးနိုင်မလား။"

ရွှဲ့ချောင်က အလျင်စလို ပြောလိုက်သည်။

"ထန်ရှု… ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့။ အခုက ငါတို့တွေ့ဆုံတာ ဒုတိယအကြိမ် ရှိသေးတယ် ဆိုတာရယ်နဲ့ မင်းဆီက ပိုက်ဆံချေးတာ ငါ့အတွက် မသင့်တော်ဘူးဆိုတာရယ် ငါ သိပါတယ်။ ဒါပေမယ့်… ဒါပေမယ့်… ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ပိုက်ဆံမချေးနိုင်ရင် ငါ့… ငါ့မိန်းမနဲ့ ကလေးက စားစရာ ရှိတော့မှာ မဟုတ်ဘူး။”

“မင့်မိန်းမနဲ့ကလေး ဟုတ်လား။”

ထန်ရှု မျက်တောင် ခတ်လိုက်မိသည်။

“မင်း ဆိုလိုတာက မင်းမှာ မိန်းမရှိတဲ့အပြင် ကလေးတစ်ယောက်ပါ ရှိတယ်လို့ ပြောတာလား။”

“ဟုတ်တယ်။ မိန်းမက အထက်တန်းကျောင်းတုန်းက ငါ့အတန်းဖော်လေ။” ရွှဲ့ချောင်က ခေါင်းညိတ်ပြီး အနေရခက်သော အပြုံးဖြင့်

“ငါတို့ အထက်တန်းအောင်မြင်ပြီးတော့ လက်ထပ်လိုက်ကြတယ်။ လက်ထပ်စာချုပ် မရှိသေးပေမယ့် ငါ့သားလေးက အခု တစ်နှစ်ခွဲအရွယ် ရောက်နေပြီ။ အစက ငါတို့မိသားစု အခြေအနေအရဆိုရင် ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့မိန်းမက ငါ့ကို ဖိအားပေးခဲ့တယ်။ ငါက တက္ကသိုလ်မှာ ဘွဲ့ရအောင် မလုပ်ခဲ့ရင် သူမက ငါ့သားကို ခေါ်ပြီး အဝေးကို ထွက်သွားမှာမို့ ဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်တော့ဘူးတဲ့။”

“ရွှဲ့ချောင်… မင်းက တောင်တန်းတွေဘက်ကနေ လာတာ ငါသိတယ်။ မင်းမိန်းမနဲ့ကလေးက အဲ့ဒီမှာပဲ ကျန်နေခဲ့တာလား။” ထန်ရှု ပြောသည်။

“သူတို့ အဲ့ဒီမှာပဲ ရှိနေသေးတယ်ဆိုရင် ငါ စိတ်ပူရမှာမဟုတ်ဘူး။ တောင်တန်းတွေဘက်သွားပြီး အလေ့ကျပေါက်တဲ့ သစ်ဥသစ်ဖုနဲ့ အသီးအရွက်တွေ ရှာစားလို့ရနိုင်သေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့၂ရက်လောက်က သူမက ရှန်ဟိုင်းကို တက်လာပြီး ငါ့ကို လာရှာတယ်။ သူတို့ ဆေးရုံကို ရောက်တာ ၂ရက်လောက် ရှိနေပြီ။”

ရွှဲ့ချောင်က အားတင်းထားရသောအပြုံးဖြင့် ရှင်းပြသည်။

“သူတို့တွေ ဘယ်လိုနေ နေကြလဲ။”

ထန်ရှုက မေးသည်။

“ငါ့မှာ ယွမ်၆၀ပဲ ကျန်တော့တယ်။ အဲ့ဒါကလည်း သူတို့စားဖို့အတွက်လောက်ပဲ။” ရွှဲ့ချောင်က သက်ပြင်းချလိုက်ရင်း

“အဲ့ဒီယွမ်၆၀က ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်အတွက် လောက်တယ်ဆိုရင်တောင်မှ သဘက်ခါ ဒါမှမဟုတ် နောက်ရက်တွေကျ ဘယ်လိုလုပ်ရပါ့မလဲကွာ။”

"ငါ သဘောပေါက်ပြီ။ ဘာပဲဖြစ်ဖြစ် ငွေကိစ္စအတွက် စိတ်မပူပါနဲ့။ မင်းရဲ့မိန်းမနဲ့သားက ရှန်ဟိုင်းကို ရောက်ကတည်းက မင်း သူတို့ကို ပြုစုစောင့်ရှောက်ရမှာပေါ့။ ဒါပေမယ့် မင်းရဲ့ အခြေအနေကို သူတို့လည်း သိသင့်တယ်။ သူတို့ ဘာကြောင့် ရှန်ဟိုင်းကို ရောက်လာတာလဲ။ မင်းမိဘတွေကရော…။”ထန်ရှုက ပြောသည်။

"အား…ထားလိုက်ပါတော့ ငါ မင်းကိုပြောမယ်။ ငါ့မိသားစုက ဆင်းရဲလွန်းတာကြောင့် မိန်းမရဲ့ မိသားစုက ငါ့ကို သဘောမကျသလို ငါတို့လက်ထပ်တာကိုလည်း လက်မခံခဲ့ဘူး။ ဒါပေမယ့် ငါ့မိန်းမက မိသားစုကို ဆန့်ကျင်ခဲ့ပြီး နောက်ဆုံးမှာ ငါတို့ လက်ထပ်ခဲ့တယ်။ ငါ့မိသားစုမှာ အမေတစ်ယောက်ပဲ ရှိသလို သူ့မိသားစုဆီကလည်း အကူအညီရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ငါတို့မှာလည်း တခြားဆွေမျိုးတွေ မရှိဘူး။ နောက်ပြီး ရှန်ဟိုင်းကို ရောက်တော့ ငါ့သားက ဖျားတယ်။ ဆေးသောက်နေပေမယ့် အခုအချိန်အထိတော့ မသက်သာသေးဘူး။ ဒါပေမယ့် သုံးလေးရက်နေလို့မှ ပိုက်ဆံမရှာနိုင်ရင် သူ နာလန်မထူနိုင်တော့မှာကို ငါ ကြောက်တယ်။”

***

All Chapters