နတ်ဘုရားမီးဖိုအား သန့်စင်ခြင်းဖြင့် ကျင့်ကြံမှုအဆင့်တက်ခြင်း
Vol. 08 Ch. 389
ထန်ရှုသည် တာအိုဆရာတော်ဇီယီ၏ မီးဖိုအား မမြင်ဖူးပေ။ တာအိုဆရာတော်ဇီယီထံတွင် အလွန်ကောင်းမွန်သော မီးဖိုတစ်လုံးရှိလိမ့်မည်ကို သူ တွေးထားပြီးဖြစ်သော်လည်း ဤမျှကောင်းလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။
အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်အခါက သူထံတွင်လည်း ထိပ်တန်းအဆင့် အင်မော်တယ်မီးဖိုတစ်လုံးကို ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိပ်တန်းအဆင့် အင်မော်တယ် လက်နက်များနှင့် အင်မော်တယ်ဆေးလုံးများအဖြစ် သတ်မှတ်ခံထားရသည့် လက်နက်များနှင့် ဆေးလုံးများအား သန့်စင်ပြုလုပ်ရန် ထိုမီးဖိုကို အသုံးပြုခဲ့သည်။
သို့သော် အပြင်ပန်းသဏ္ဍာန်တွင် ရွှေရောင်လှိုင်းများဖြင့် တောက်ပနေသည့် ယခုမီးဖို၏ ထူးခြားချက်အား သာမန်မျက်စိဖြင့် မြင်ရန်ခက်လင့်ကစား တစ်ချိန်က သူအသုံးပြုခဲ့ဖူးသည့် ထိပ်တန်းအဆင့် အင်မော်တယ်မီးဖိုထက် များစွာနိမ့်ကျခြင်း မရှိကြောင်း သူ သတိထားမိခဲ့သည်။
“ကျေးဇူးရှင်ထန် … ဒီမီးဖိုက ကောင်းရဲ့လား။ အရင်တုန်းကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကို ငါ သက်စွန့်ဆံဖျား ဖောက်ထွင်းဝင်ရောက်ခဲ့တယ်။ အသုံးပြုနည်း စာအုပ်ပါတာကလွဲပြီး အဲ့ဒီနေရာမှာ ဒီမီးဖိုတစ်လုံးပဲ ရှိတယ်။ ဒီမီးဖို နည်းနည်းသေးနေတာက စိတ်မကောင်းစရာပဲ။ နို့မဟုတ်ရင် ငါ ဆေးလုံးကောင်းတွေ တော်တော်များများ သန့်စင်သွားနိုင်တယ်။"
ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ဤရတနာသည် မကြာမီ အခြားသူ၏လက်ထဲသို့ ရောက်ရှိသွားတော့မည်ကို တွေးမိပြီး တာအိုဆရာတော်ဇီယီခမျာ စိတ်တွင်းမှ နာကျင်လာရသည်။
"ဒါက တကယ်ကောင်းတဲ့ မီးဖိုပါ။" ထန်ရှုက ချီးမွမ်းရင်း သက်ပြင်းချလိုက်သည်။
“ငါ့ကတိကို မဖျက်ပါဘူး။ ငါ့တပည့်လေးကို မင်း ကုသပေးနိုင်ရင် ဒီမီးဖိုက မင်းအတွက်ပဲ။ သူ့ကို မကုသနိုင်ရင်တော့ ငါ ပေးနိုင်မှာမဟုတ်ဘူး။” တာအိုဆရာတော်ဇီယီက ပြုံးကာ ပြောသည်။
သူ၏လက်အား ဆန့်ထုတ်ကာ မီးဖိုအား ညင်သာစွာ ထိတွေ့လိုက်ရင်း ထန်ရှုသည် သူ၏ကြယ်စွမ်းအားကို မီးဖိုအတွင်းသို့ ဖြည်းညှင်းစွာ ထုတ်လွှင့်လိုက်သည်။
ရုတ်ခြည်းဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏မျက်လုံးများအား ချက်ချင်း ကျိန်းစပ်သွားစေသည်။ ထန်ရှုပင်လျှင် မျက်လုံးများ ပူကာ ယားယံလာသောကြောင့် ထိုအခိုက်အတန့်တွင် မှိတ်လိုက်ရသည်။
ရွှတ်…
ထန်ရှုသည် မီးဖိုအား ကိုင်ထားသောကြောင့် ရုတ်တရက် လေဓားချက်၂ချက်သည် သူ၏လက်ဖဝါးများအား ဒဏ်ရာရစေကာ ထိုဒဏ်ရာမှ သွေးများ စီးကျလာသဖြင့် မီးဖိုမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းသည် ပိုမိုတောက်ပလာခဲ့သည်။
အိမ်၏ချောင်ကြိုချောင်ကြားနှင့် ထောင့်များအားလုံးသည် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံထားခြင်း ခံရသည်။ တစ်ချိန်တည်းမှာပင် မွန်းကြပ်စရာ ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာသည် မီးဖိုမှ ထွက်ပေါ်လာခဲ့ပြီး ထိုအော်ရာသည် အလွန်ပြင်းထန်စွာ ဖိအားပေးလာခဲ့သည်။
တာအိုဆရာတော်ဇီယီနှင့် မြောင်ဝမ်တန်တို့၏ ကျင့်ကြံမှုသည် ထန်ရှုထက် အဆများစွာ သန်မာလင့်ကစား ထိုဖိနှိပ်လာသော အော်ရာကြောင့် ခြေလှမ်းများ အဆက်မပြတ် နောက်ဆုတ်ပေးကာ ရင်ဆိုင်နေရဆဲဖြစ်သည်။ အိမ်အပြင်ဘက်မှ ခြံဝင်းထဲအထိ ဆုတ်သွားရန် ဖိအားပေးခံရပြီးနောက်မှသာလျှင် သူတို့၂ယောက်၏ ခြေလှမ်းများ ရပ်တန့်နိုင်ခဲ့ပြီး အမူအရာများလည်း ဆိုးဆိုးရွားရွား ဖြူဖျော့နေခဲ့သည်။
“ဘာတွေ ဖြစ်နေတာလဲ။ ငါ ဒီမီးဖိုကို သုံးလာတာ ဆယ်စုနှစ်များရှိခဲ့ပြီ။ ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။”
တာအိုဆရာတော်ဇီယီက ရှုံ့မဲ့စွာ ပြောလိုက်သည်။
“ဆရာတော်က ကျွန်တော့်ကို မေးရင် ကျွန်တော်က ဘယ်သူ့ကို သွားမေးရမှာလဲ။” မြောင်ဝမ်တန်က ဖျစ်ညှစ်ပြုံးကာ ပြောသည်။
“နောက်ပြီး မီးဖိုက အစကတည်းက ကျွန်တော့်ဟာ မဟုတ်ဘူးလေ။ ဒါပေမယ့် ဒီအော်ရာက အရမ်းကြောက်စရာကောင်းတယ်။ အဲ့ဒါ ရုတ်တရက် ပေါက်ကွဲထွက်သွားရင် အရှိန်ပြင်းပြင်း ပန်းပဲဖိုထဲကို ဝင်ရောက်သွားသလိုဖြစ်မှာ အသေအချာပဲလို့ ခံစားနေရတယ်။”
“ငါလည်း အဲ့လိုခံစားမိတယ်။ ဒါပေမယ့် ထန်ရှု…သူ…” တာအိုဆရာတော်ဇီယီက ပြောလိုက်သည်။
အိမ်အတွင်းထဲတွင် ထန်ရှု၏ခန္ဓာကိုယ်သည် မဖော်ပြနိုင်လောက်အောင် တောင့်တင်းနေခဲ့သည်။ သူ၏ကိုယ်ပိုင်ခန္ဓာအား ထိန်းချုပ်နိုင်မှု ပျောက်ဆုံးသွားသောကြောင့် သူသည် တုန်လှုပ်ချောက်ချားနေရသည်။ သူ၏သွေးများသည် လက်ဖဝါးများမှ ဒဏ်ရာများမှတဆင့် မီးဖိုအတွင်းသို့ အရှိန်ပြင်းစွာ ကျဆင်းနေလေရာ စက္ကန့်အနည်းငယ်အတွင်း သူ၏ခန္ဓာကိုယ်မှ ၃ပုံ၂ပုံခန့်ရှိသော သွေးများအား စုပ်ယူခြင်း ခံလိုက်ရပြီဖြစ်တော့သည်။
များမကြာမီ သိမ်မွေ့သော ရွှေရောင်အလင်းတန်းတစ်ခုသည် သူ၏ဒဏ်ရာများမှတဆင့် ထန်ရှု၏ကိုယ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထန်ရှု၏ စိတ်ဝိညာဉ်အာရုံအောက်တွင် သူ၏သွေးများသည် ရွှေရောင်အလင်းနှင့်အတူ တစ်သားတည်း ဖြစ်သွားပြီးနောက် ထူးခြားသော အရည်အသွေးပြောင်းလဲမှုများအား ဖြတ်သန်းလာခဲ့ပြီး သူ၏သွေးကြောများထဲသို့ စီးဆင်းလာကာ နောက်ဆုံးတွင် ရွှေနီရောင်သို့ ပြောင်းလဲသွားသည်ကို ထန်ရှု မြင်နေရသည်။
…ဒီရွှေရောင်အလင်းက ငါ့ကိုယ်ထဲမှာ ပြောင်းလဲနေတာ…
ထန်ရှု၏အမြင်အာရုံသည် သူ၏သွေးများဆီမှ ရွှေ့သွားပြီး ရုတ်တရက် ပိုမိုအံ့အားသင့်ရသည့် တစ်စုံတစ်ခုအား တွေ့ရှိသွားခဲ့သည်။ သူ၏အံ့အားသင့်မှု မပြီးသေးခင်မှာပင် ထူးခြားသည့် ဆေးဖက်ဝင် အကျိုးသက်ရောက်မှုတစ်ခုသည် မီးဖိုမှ ရုတ်တရက် ထွက်လာကာ သူ၏လက်များဆီသို့ တစ်ဟုန်ထိုး စီးဆင်းလာပြီး လက်မောင်းများမှတဆင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။
…ဘုရားရေ…ဒီလောက်များပြားတဲ့ ဆေးဖက်ဝင်အာနိသင်တွေက မီးဖိုထဲကနေ ဘယ်လို ထွက်လာတာလဲ…
ထန်ရှု စကားမပြောနိုင်ပါလျှင် ယခုဆို ဟိန်းဟောက်နေရပေလိမ့်မည်။ ထိုဆေးဖက်ဝင်အာနိသင်နှစ်ခုသည် အလွန်အမင်း စွမ်းအားပြင်းထန်သည်ကို သူ တွေ့ရှိရသည်။ သူ၏ခန္ဓာကိုယ်မှ မခံမရပ်နိုင်လောက်အောင်ပင် ထိုစွမ်းအားသည် အရမ်းကြီးမားလှပေသည်။ သူသာ ထိုအရာအား မခုခံနိုင်ပါက သူ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်လိမ့်မည်ကိုပင် ထန်ရှု စိုးရိမ်စပြုလာပြီဖြစ်သည်။
သို့သော် သူ၏စိုးရိမ်မှုသည် ဖြစ်မလာခဲ့ပါချေ။ ဆေးဖက်ဝင်အာနိသင်နှစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် လျှပ်စီးကြောင်းအရှိန်ဖြင့် သူ၏ဒန်တျန်အတွင်းသို့ ထိုးဝင်သွားသည်။ ထန်ရှု၏ ဒန်တျန်အတွင်းရှိ ကြယ်များသည် တောက်ပသော မုန်တိုင်း၏ တိုက်ခတ်မှုကို ခံရသကဲ့သို့ တဖျတ်ဖျတ်တောက်ပနေသည်။ ကြယ်များသည် ပေါက်ကွဲပြီး ပို၍ ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခုအသွင် ဖြစ်လာသည်။
…ဘန်း…ဘန်း...
ထန်ရှုသည် သတိမေ့သွားသောကြောင့် အမှောင်ထုကိုသာလျှင် သိနိုင်ပေတော့သည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် အစောပိုင်းကအတိုင်း မတ်တတ်ရပ်လျက်ရှိနေပြီး လေးချောင်းထောက်မီးဖိုပေါ်တွင် လက်ဖြင့် ဖိထားဆဲဖြစ်သည်။ ထိုအချိန်တွင် လေးချောင်းထောက်မီးဖိုမှ ထွက်လာသော ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသော်လည်း အလားတူ ဖိနှိပ်မှုအော်ရာကမူ မပျောက်ကွယ်သေးပေ။ မီးဖိုထိပ်မှ ထူးဆန်းသောရှေးဟောင်းရွှေရည်ငွေ့စီးကြောင်းသည် ထန်ရှု၏မျက်ခုံးအလယ်ဗဟိုသို့ အဆက်မပြတ် တစ်ချက်ပြီးတစ်ချက် ထိုးဝင်လျက်ရှိပေသည်။
အချိန်သည် ကုန်ဆုံးလာခဲ့ရာ တစ်ခဏချင်းပင် ရှစ်နာရီ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
ကြယ်ပြာအိမ်ရာ…
ဝိုင်မြည်းစမ်းပွဲတွင် ပါဝင်ပြီးနောက် ခန်းရှသည် ကုမ္ပဏီမှ ဝန်ထမ်းများအား ဦးဆောင်ကာ ဝိုင်လုပ်ငန်းအသင်းအဖွဲ့မှ စီစဉ်ကျင်းပသော ညနေခင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။ ထို့နောက် သူမသည် စုချွမ်နှင့် အခြားလူများကို ကြယ်တာရာသို့ ပြန်လွှတ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ထန်ရှု၏အိမ်သို့ ကားမောင်းပြန်ခဲ့သည်။ သို့သော် အိမ်ထဲတွင် ဧည့်သည်သုံးယောက်အား မမျှော်လင့်စွာ တွေ့ရလိမ့်မည်ဟု သူမ မည်သည့်အခါမျှ တွေးမထားခဲ့မိပါချေ။
"နင်ဆိုလိုတာက... ထန်ရှုက နင့်ကို ဒီမှာနေဖို့ ခေါ်ခဲ့တာလား။ ပြီးတော့ နင်က ထန်ရှုရဲ့ အတန်းဖော်လား။"
ခန်းရှက သူမ၏အရှေ့မှ မိသားစု၃ယောက်ကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော်က ထန်ရှုရဲ့ အတန်းဖော်ပါ။ အဆောင်အခန်းဖော်လည်း ဖြစ်လိမ့်မယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော် ဒဏ်ရာရသွားတဲ့အတွက် သူက ကျွန်တော့်ကို ပြန်လည်သက်သာလာဖို့ ဆေးရုံကနေ ဒီကို ရွှေ့ခိုင်းတာပါ။ သူမက ကျွန်တော့်မိန်းမ၊ သူမလက်ထဲက ကလေးက ကျွန်တော့်သားပါ။”ရွှဲ့ချောင်က ပြုံးကာ ဖြေသည်။
ခန်းရှသည် ထန်ရှုအား ဖုန်းဆက်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ သူမ၏ ခဲအနက်ရောင် ဆိုးထားသော မျက်ခုံးသည် အနည်းငယ် တွန့်သွားပြီးနောက် လက်ကိုင်ဖုန်းအား တစ်နေရာတွင် သိမ်းထားလိုက်ကာ ခေါင်းညိတ်ပြရင်း
"ဟယ်လို … ငါက ခန်းရှ…ထန်ရှုရဲ့... လက်အောက်ငယ်သားပါ။ ဘာပဲဖြစ်ဖြစ် ငါ သူနဲ့ အဆက်အသွယ်မရဘူးဆိုတော့ အရင်ပဲ အနားယူလိုက်တော့မယ်။ အခုချိန်ထိ တောက်လျှောက် အနားမယူရသေးဘူး။”
"ဒီမှာ အနားယူချင်တာလား။" ရွှဲ့ချောင်က အမြန်မေးလိုက်သည်။
"ပြဿနာရှိလို့လား။" ခန်းရှက ပြုံးပြပြီး "မနေ့ညကလည်း ဒီမှာပဲနေခဲ့တာ။"
ရွှဲ့ချောင်က လျင်မြန်စွာ ခေါင်းယမ်းလိုက်ကာ ရိုးသားသည့် အပြုံးလေးဖြင့်
“ခင်ဗျားပြောခဲ့တာတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဘယ်လိုလက်အောက်ခံငယ်သားဟုတ်နိုင်မှာလဲ။ ခင်ဗျားက ထန်ရှုရဲ့ချစ်သူ ဖြစ်တယ် မဟုတ်လား။ ကျွန်တော်တို့ မိသားစုသုံးယောက် ဒီမှာ နေထိုင်တဲ့အတွက် နောက်ပိုင်းမှာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ အများကြီး ရှိတော့မှာမို့ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။”
ခန်းရှ၏အပြုံးက အတန်ငယ် ပိုမိုတောက်ပလာသည်။ ရွှဲ့ချောင်၏စကားများကိုကြားပြီး သူမ အတော် ပျော်ရွှင်သွားရသည်။ ထို့နောက် သူမက ရယ်မောကာ
“အဆင်ပြေပါတယ်။ ထန်ရှုက နင့်ကို ဒီမှာနေစေချင်တဲ့အတွက် ဒီမှာပဲနေပါ။ နောက်ပြီး ငါက ရှန်ဟိုင်းကို အလုပ်ကိစ္စနဲ့လာတာလေ။ သူနဲ့တွေ့ပြီးရင် ကြယ်တာရာကိုပြန်တော့မှာပါ။"
ချက်ချင်းပင် သူမက လှည့်၍ လှေကားဆီသို့ လျှောက်သွားသည်။
ခန်းရှ၏ စွဲမက်ဖွယ်ကောင်းသော ကျောပြင်ကို ကြည့်နေချိန်တွင် ရွှဲ့ချောင်သည် တံတွေးတစ်ချက်အား တိတ်တဆိတ် မျိုချမိလိုက်သည်။ ထို့နောက် သူသည် ဇနီးဖြစ်သူ တုကျွမ်ဘက်သို့ လှည့်ကာ
"မိန်းမ … သူဋ္ဌေးထန်က တကယ်ကို အံ့သြစရာ
ကောင်းတာပဲ။ သူ့ကောင်မလေးက အရမ်းလှတာများ တီဗွီထဲက မင်းသမီးတွေထက်တောင် ပိုလှတယ်နော်။”
တုကျွမ်က မျက်ခုံးပင့်လိုက်သည်။ သားလေးအား လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားရင်း ကျန်လက်တစ်ဖက်က ရွှဲ့ချောင်၏နားရွက်ကို ဆွဲလိမ်လိုက်ကာ
“ဟုတ်ပါတယ်… မစ္စခန်းက အရမ်းလှပါတယ်။ ဒါပေမယ့် ငါ တစ်ခုခုသိချင်တာက ငါက ပိုလှသလား၊ ဒါမှမဟုတ် သူမက မင်းမျက်လုံးထဲမှာ ပိုလှနေသလား။"
ရှက်ရွံ့သောအမူအရာဖြင့် ရွှဲ့ချောင်က ပြုံးလိုက်ရင်း
"မိန်းမ … မင်းက ပိုလှတယ်။ ငါ့မိန်းမက ငါ့နှလုံးသားထဲမှာ အလှဆုံးပဲ။”
ကျေနပ်သွားသော တုကျွမ်သည် ရွှဲ့ချောင်၏နားရွက်အား လိမ်ဆွဲထားရာမှ ဖြေလျော့လိုက်ပြီး
“ဟမ့်… တခြားမိန်းမတွေက ပိုလှတယ်လို့ နင် ပြောရဲရင် နင့်အတွက် အဆုံးသတ်လှမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မစ္စခန်းက တကယ်ကို လှပါတယ်။ ဒီလို နတ်သမီးနဲ့တူတဲ့ ချစ်သူကို ရှာတွေ့နိုင်တဲ့ နင်တို့လို ယောက်ျားလေးတွေမှာ ကံကောင်းမှုဖုန်းရွှေ ရှိရမှာ သေချာတယ် မဟုတ်ဘူးလား။”
"ငါလည်း ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဋ္ဌေးထန်က ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်ပါ။ ဒီလိုရည်းစားမျိုးတွေ့တဲ့ တခြားသူတစ်ယောက်ဆိုရင် အမျိုးသမီးကို မျက်ကန်းအချစ်ဖြစ်မယ်လို့ ထင်မိပေမယ့် သူဋ္ဌေးထန်က ဒီလိုချစ်သူကောင်းတစ်ယောက်ကို ရှာတွေ့တာကျတော့ ပုံမှန်ပဲလို့ ခံစားရတယ်။" ရွှဲ့ချောင်က လေးနက်စွာ ပြောလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒါကြောင့် အမေက ကောင်းတာလုပ်တဲ့သူတွေ ဆုလာဘ်ကောင်းတွေ ရတတ်တယ်ဆိုပြီး ငယ်ငယ်ကတည်းက သင်ပေးခဲ့တာပေါ့။” တုကျွမ် ထောက်ခံလိုက်သည်။
ခန်းရှသည် ဒုတိယထပ်ရှိ ထန်ရှု၏အိပ်ခန်းသို့ သွားသောအခါတွင် လူမရှိသောအခန်းကိုကြည့်ရင်း သူမ၏မျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသည့်အရိပ်အယောင် ထင်ဟပ်နေခဲ့သည်။ သူမသည် မနက်ဖြန်တွင် ကြယ်တာရာသို့ ပြန်ရန် စီစဉ်ထားသဖြင့် ထန်ရှုအား ယနေ့ညတွင် သူမနှင့် အတူ အဖော်ပြုပေးစေလိုသည်။ သို့သော် ယခုအခါ ထန်ရှု မရှိသောကြောင့် သူမ အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။
သို့ရာတွင် ထန်ရှု မည်မျှ စွမ်းအားကြီးသည်ကို သူမ သိသောကြောင့် ထန်ရှု၏လုံခြုံရေးအတွက်ကိုမူ သူမ လုံးဝ စိတ်မပူခဲ့ချေ။ ထန်ရှုအား အနိုင်ကျင့်ရဲသည့်သူသည် ထန်ရှုမှ ပြန်လည် အနိုင်ကျင့်ခံရမည်ကိုပါ တွေးထားသင့်ပေသည်။
"အဲ့ဒီကောင်က ဘယ်ကိုပြေးနေတာလဲ။"
ခန်းရှက သူမတစ်ကိုယ်စာ ကြားလောက်ရုံ တိုးညှင်းသောလေသံဖြင့် ပြောလိုက်ပြီးနောက် အဝတ်လဲခန်းဆီသို့ လျှောက်သွားကာ အတွင်းမှ ယောကျာ်းဝတ် အသစ်စက်စက် အဖြူရောင် ရှပ်အင်္ကျီကို ယူလိုက်ပြီး ရေချိုးခန်းဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားသည်။
ထိုအချိန်တွင် ထန်ရှုသည် မေ့မျောသွားရာမှ သတိရလာခဲ့သည်။ ထို့နောက် သူက ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေးချောင်းထောက်မီးဖိုအား တွေတွေကြီး စိုက်ကြည့်နေမိသည်။
မဟုတ်ဘူး … မမှန်ဘူး။ သည်ဟာကို လေးချောင်းထောက်မီးဖိုလို့ကို မခေါ်သင့်တော့ဘူးလေ။ အဲ့ဒါအစား ဒီမီးဖိုကို နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုလို့တောင် ခေါ်သင့်နေတာကြီးကို။
ထန်ရှု သတိရလာပြီးနောက် သူ၏စိတ်ပင်လယ်အတွင်းမှ အရာများစွာကို တွေ့ရှိရသည်။ ဤနတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုသည် နတ်ဘုရားဘုံတွင် အလွန်အစွမ်းထက်သည့် ကြီးမြတ်သောနတ်ဆိုး ကျားလော့ယီ၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးသော တန်ဖိုးအရှိဆုံး ရတနာဖြစ်သည်ကို သူသိရှိခဲ့သည်။ ဤကျားလော့ယီသည် ကမ္ဘာမြေပေါ်တွင် တစ်ချိန်က မွေးဖွားခဲ့ပြီး မရေမတွက်နိုင်သော ကပ်ကာလများတွင် တည်ရှိခဲ့ကြောင်းကိုလည်း သူ သိရှိခဲ့သည်။ ထိုအချိန်က အတိတ်ကမ္ဘာသည် ယခုကမ္ဘာမြေနှင့် မတူချေ။ အတိတ်ကမ္ဘာမြေကြီးသည် ယနေ့ခေတ်ကမ္ဘာထက် အဆပေါင်း ထောင်နှင့်ချီ၍ ကြီးမားခဲ့ပြီး အင်မော်တယ်ကျင့်ကြံသူပညာရှင်များစွာ တည်ရှိခဲ့သည်ကိုပင် သူ သိရှိရသည်။
ကံအကြောင်းမကောင်းစွာဖြင့် နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြီးတစ်ခုသည် အတိတ်ကမ္ဘာမြေကြီးအား ပျက်စီးစေခဲ့သည်။ မရေမတွက်နိုင်သည့် ကြီးမြတ်သော နတ်ဘုရားများသည် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရပြီး နတ်ဘုရားအချို့သည် အတိတ်ကမ္ဘာမြေမှ ထွက်ခွာသွားသောကြောင့် အားနည်းသူများသာ ကျန်ရစ်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူတို့သည် အချိန်ထာဝရမြစ်ထဲတွင် ကျဆင်းသွားခဲ့သည်။
အတိတ်ကမ္ဘာမြေ၏ နောက်ပိုင်း အဖြစ်အပျက်များအား ထန်ရှု ရှင်းရှင်းလင်းလင်း မသိတော့ပါချေ။ အဘယ့်ကြောင့်ဆိုသော် မကြာခင်မှာပင် ကျားလော့ယီသည် အဆင့်ချိုးဖြတ်သွားခဲ့သည်။ သူသည် နတ်ဆိုးဘုရားဖြစ်လာပြီး နတ်ဘုရားနှင့်နတ်ဆိုးဘုံတွင် သူ၏ဒုတိယဘဝအား တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း နောင်ဘီလီယံနှစ်ပေါင်းများစွာကြာသောအခါ ကျားလော့ယီသည် ရန်သူများပြင်ဆင်ထားသော ထောင်ချောက်တစ်ခုတွင် အန္တရာယ်ကျရောက်ခဲ့ပြီး နောက်ဆုံးတွင် သူ၏အဆုံးသတ်ကို ရောက်သွားခဲ့ရသည်။ ဤနတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုသည် ကမ္ဘာမြေပေါ်တွင် မည်သို့အဆုံးသတ်ခဲ့သည်နှင့် ပတ်သက်၍ကိုမူ ထန်ရှုသည် မည်သည့်အချက်အလက်ကိုမျှ မရရှိခဲ့ချေ။
ထို့အပြင် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုသည် တစ်ချိန်က တန်ဖိုးအရှိဆုံး နတ်ဘုရားအဆင့် ပစ္စည်းဖြစ်ခဲ့သော်ငြား ၎င်း၏ဝိညာဉ်သည် မည်သည့်အကြောင်းကြောင့် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်ကို သူ မသိရပေ။ ထို့ကြောင့် သည်ရှေးဟောင်းပစ္စည်းအား ယခုအချိန်တွင် သာမာန်အင်မော်တယ်ပစ္စည်းတစ်ခုနှင့်သာ နှိုင်းယှဉ်ရမည်ဖြစ်သည်။ သည်နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုသည် စိတ်ဝိညာဉ်ပစ္စည်းများအား တစ်ဖန်ထုတ်လုပ်ပြီးမှသာလျှင် သူ၏ကြောက်မက်ဖွယ်စွမ်းရည်အား တဖြည်းဖြည်း ပြန်လည်ရရှိလာမည်ဖြစ်သည်။
ထန်ရှုသည် အသက်ပြင်းပြင်း တစ်ချက် ရှူပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏လက်ကောက်ဝတ်တုန်ခါမှုနှင့်အတူ နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုသည် ချက်ခြင်း ပျောက်ကွယ်သွားသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထိုမီးဖိုသည် သူ့ခန္ဓာကိုယ်၏ဘယ်ဘက်အခြမ်းမှ ရင်ဘတ်အတွင်းတွင် ပေါ်လာသည်ကို ထန်ရှု တွေ့ရှိရသည်။
“ငါ့ရဲ့ ကျင့်ကြံမှုက … အဆင့်ကြီးတစ်ခု မြှင့်တက်သွားပြီး အရိုးအသွင်ပြောင်းခြင်း အဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်သွားတယ်။ ခြင်ဆီပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့ နောက်ထပ်ခြေလှမ်းတစ်ခုပဲ လိုတော့တာပေါ့။ ဒီတစ်ခေါက်ရတဲ့ အကျိုးကျေးဇူးတွေက အရမ်းများတယ်။ ကျိချွိမိန်က တာအိုဆရာတော် ဇီယီရဲ့တပည့်ကို ပြည့်ပြည့်၀၀ မကုသနိုင်ဘူးဆိုရင် ဒီကျေးဇူးကို ရှင်းပြပြီး ငါ ပြန်ဆပ်နိုင်ပါ့မလား။”
***