← Chapters

ဂူအဆိပ်အား ဖယ်ရှားခြင်း

Vol. 08 Ch. 390

ဂူအဆိပ်အား ဖယ်ရှားခြင်း

Vol. 08 Ch. 390

ထန်ရှုသည် သူ၏ဒန်တျန်အား သူ၏အာရုံဖြင့် လွှမ်းခြုံကြည့်လိုက်သည်။ ဒျန်တျန်အတွင်းရှိ ကြယ်များ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာများထွက်ပေါ်နေသည့် တွင်းနက်တစ်ခုက အစားထိုးတည်ရှိနေသည်။ ထန်ရှုသည် တွင်းနက်ရေဝဲလေး၏နောက်ကွယ်တွင် တည်ရှိနေသောအရာအား သတိပြုမိခဲ့သည်။

…ထိုအရာသည် စွမ်းအားတည်ရှိမှု၏ခံစားချက် ဖြစ်သည်။…

ထန်ရှုက သူ၏လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း သူသည် အိမ်တစ်လုံးအား လေဖြင့် မှုတ်ထုတ်လိုက်နိုင်သောအစွမ်း ရှိနေသကဲ့သို့ ခံစားနေရပေသည်။ သူသည် ကောင်းကင်စကြာဝဠာ ပညာရပ်ကျင့်စဉ်၏လည်ပတ်မှုလမ်းကြောင်းအတိုင်း ကြယ်စွမ်းအားကို လှည့်ပတ်လိုက်သည့်အခိုက်တွင် သူ၏ဒျန်တျန်အတွင်းရှိ တွင်းနက်သည် ကြယ်စွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်လာသည်။ တွင်းနက်ဝဲသြဃသည် ကျယ်ပြောလှသော စကြဝဠာကြီးရှိ မရေမတွက်နိုင်သော ကြယ်များနှင့် ချိတ်ဆက်နေသည့်အလားပင် ဖြစ်ပေတော့သည်။

"ကျေးဇူးရှင်ထန်…"

တာအိုဆရာတော်ဇီယီနှင့် မြောင်ဝမ်တန်တို့သည် အပြင်မှ ပြေးဝင်လာကြသည်။ ဆိုဖာပေါ်တွင် ထန်ရှု ထိုင်နေသည်ကို တွေ့လိုက်သောအခါ တာအိုဆရာတော်ဇီယီခမျာ မအော်ခေါ်ဘဲ မနေနိုင်တော့ချေ။

"သူဋ္ဌေးထန်… မင်း အဆင်ပြေရဲ့လား။ အစောပိုင်းက ဘာဖြစ်သွားတာလဲ။ အဲဒီအော်ရာက ကြောက်စရာကောင်းလွန်းတယ်။”

မြောင်ဝမ်တန်က အမောတကော မေးလိုက်သည်။

ထန်ရှုက ဖျော့တော့စွာ ပြုံးလိုက်ပြီး သူ၏အကြည့်များသည် ထိုနှစ်ယောက်ထံမှတဆင့် အမူအရာ ပြောင်းလဲသွားသော ကျိချွိမိန်ဆီသို့  ကူးပြောင်းသွားသည်။ သူမသည် ပစ္စည်းအချို့ကို ကိုင်ထားပြီး ထိုနှစ်ယောက်၏အနောက်မှ ပါလာခဲ့သည်။

"ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် အထူးကျင့်ကြံမှုနည်းစနစ်တစ်ခုကြောင့် ဒီနတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုနဲ့ ကျွန်တော်က ထူးခြားတဲ့ဆက်သွယ်မှုတစ်ခု ရှိသွားတယ်။ အဲ့ဒါကြောင့် မီးဖိုက ကျွန်တော် သန့်စင်တာကို ခံလိုက်ရပြီးပြီ။ တာအိုဆရာတော်ဇီယီ… ကျွန်တော့်လက်အောက်ငယ်သားက ခင်ဗျားရဲ့တပည့်ကို မကုသနိုင်ခဲ့ရင် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုကို ပြန်ပေးဖို့ နည်းလမ်းမရှိတော့ဘူးဗျာ။ အများစုကတော့ ဆရာတော့်ကို လျော်ကြေးပေးဖို့ တခြားနည်းလမ်းတွေပဲ ကျွန်တော် သုံးလို့ရတော့မယ်။"

ထန်ရှုက ကူကယ်ရာမဲ့သောအကြည့်ဖြင့် ပြောလိုက်သည်။

တာအိုဆရာတော်ဇီယီ မျက်မှောင်ကြုပ်သွားသည်။ သူသည် ထန်ရှု၏အမူအရာကို သတိပြုမိသောကြောင့် ထန်ရှု စနောက်နေခြင်းမဟုတ်ကြောင်း ပြောနိုင်ပေသည်။ ထို့နောက် သူက ဖြည်းညှင်းစွာ မေးလိုက်သည်။

“ကျေးဇူးရှင် ထန် … ငါ ဒီမီးဖိုနဲ့ ဆေးလုံးသန့်စင်ခဲ့တာ နှစ်ပေါင်း ဒါဇင်နဲ့ချီခဲ့ပြီ။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက တစ်ခါမှ မဖြစ်ဖူးဘူး။ ငါ တစ်ခုခု သိချင်တယ်။ မင်းက ဒီမီးဖိုကို နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုလို့ ပြောတယ်။ အဲဒါက အတိအကျကို ဘယ်လို ဖြစ်တည်မှုမျိုးလဲ။”

ထန်ရှုသည် ကျင့်ကြံမှုအဆင့် တက်ခဲ့သော်လည်း တာအိုဆရာတော်ဇီယီ၏ ပြိုင်ဘက်  မဟုတ်နိုင်သေးသောကြောင့် ဖြစ်ပျက်ခဲ့သည်များအား ဖုံးကွယ်ရန် အစောပိုင်းက ရွေးချယ်ခဲ့သည်။ တာအိုဆရာတော်ဇီယီသာ ဤနတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုသည် နတ်ဘုရားအဆင့်လက်ရာတစ်ခု ဖြစ်ကြောင်း သိရှိကာ ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို ဂရုမစိုက်ဘဲ  ပြုမူလိုက်ပါက ထန်ရှုအတွက် သေခြင်းတရားကို ရင်ဆိုင်ရရုံသာ ရှိတော့သည်။

သို့သော် ထန်ရှုသည် တစ်ဖန် ပြန်စဉ်းစားပြီးနောက် ထိုအတွေးအား မျိုသိပ်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သည်အချိန်တွင် သူ့ဘက်တွင် ကျိချွိမိန် ရောက်လာခဲ့ပြီဖြစ်သည်။ တာအိုဆရာတော်ဇီယီသည် အမှန်တကယ်ပင် သူ့ကို ဆန့်ကျင်ရဲပါက ကျိချွိမိန်က ဆရာတော်အား သေမင်းတံခါးဆီသို့ တိုက်ရိုက်ပို့ပစ်ပေလိမ့်မည်။

…ဘယ်လိုပဲဖြစ်ဖြစ် ငါ အဖြစ်မှန်ကို ဖုံးကွယ်ရမှာပဲ။ ဒါမှသာ ဆရာတော်ရဲ့နှလုံးသားထဲမှာ အထုံးအဖွဲ့ ဖြစ်မသွားနိုင်မှာ…

သူ၏စိတ်ထဲတွင် အဖန်တလဲလဲ စဉ်းစားပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ရှင်းပြသည်။

"ဒီမီးဖိုကို နတ်ဆိုးဘုရားစိတ်ဝိညာဉ်လို့ခေါ်တယ်။ မီးဖိုရဲ့စိတ်ဝိညာဉ်က တစ်ချိန်တုန်းက ရှိခဲ့ဖူးပေမယ့် ပျောက်ကွယ်သွားတာ ကြာပါပြီ။ အခုကျန်တာက လက်နက်တွေလုပ်ဖို့နဲ့ ဆေးဖော်စပ်ဖို့ သင့်တော်တဲ့ မီးဖိုအခြေအနေသာဖြစ်တယ်။ အဲဒီတုန်းက ကျန်ခဲ့တဲ့ ပုံရိပ်တွေကိုလည်း ဆရာတော်လည်း မြင်ဖူးပါလိမ့်မယ်။ စိတ်ဝိညာဉ် ပျောက်ကွယ်မသွားခင်မှာ ချန်ထားခဲ့တဲ့ ပုံရိပ်တွေပါ။ အဲ့ဒါကို ကျွန်တော့်စွမ်းအားနဲ့ နှိုးဆွမိပြီး အသက်သွင်းသလို ဖြစ်သွားတယ်။ ပြောရမယ်ဆိုရင် ဒီမီးဖိုက ကျွန်တော့်ကို အကျိုးကျေးဇူးတွေ အများကြီး သယ်လာခဲ့တယ်။ အနည်းဆုံးတော့ ကျွန်တော့်ကို ကျင့်ကြံမှုအဆင့် တိုးတက်အောင် ကူညီပေးခဲ့တယ်။”

တာအိုဆရာတော်ဇီယီခမျာ ရင်ထဲတွင် အတော် ခါးသီးသွားရသည်။ သို့သော် သူ၏တပည့်နှင့် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုကို နှိုင်းယှဉ်ကြည့်ပါက မည်သည့်အရာက ပိုမိုအရေးပါသည်ကို သူ နားလည်ပေသည်။

“ကျေးဇူးရှင်ထန်… ဒီမီးဖိုက မင်းကို ရွေးချယ်ခဲ့တဲ့အတွက် ဒါဟာ မင်းရဲ့ကံကောင်းခြင်းပါပဲ။ ဒီဆင်းရဲတဲ့တာအိုဘုန်းတော်ကြီးက တပည့်လေးကို အပြည့်အဝကုသပေးနိုင်ဖို့ပဲ မျှော်လင့်ထားတယ်။ ငါ အရင်ကပြောခဲ့သလိုပဲ ငါ့တပည့်ကို အသက်ချမ်းသာရာရအောင် ကုသပေးနိုင်ရင် ဒီမီးဖိုကို မင်းပိုင်ပါတယ်။”

ထန်ရှု ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျိချွိမိန်ကို ကြည့်ကာ မေးသည်။

"လိုအပ်တာတွေ အကုန် ပြင်ဆင်ပြီးသွားပြီလား။"

"အားလုံးအဆင်သင့်ဖြစ်ပါပြီ။ အချိန်မရွေး စတင်လို့ ရပါတယ်။" ကျိချွိမိန်က ဖြေသည်။

ထန်ရှု ရပ်လိုက်ကာ သူမ၏လက်ထဲက အရာ၀တ္ထုအားလုံးကို ယူလိုက်ပြီး

"ခင်ဗျားတို့အားလုံး ဒီမှာပဲ ကျွန်တော့်ကို စောင့်နေကြပါ။ ရှေးဟောင်းသင်္ကေတတစ်ခုလုပ်ဖို့အတွက် ကျွန်တော် အပေါ်ထပ်ကို တက်လိုက်ဦးမယ်။ ကျွန်တော် လုပ်ပြီးတာနဲ့ ဆရာတော်ရဲ့တပည့်ကို စပြီး ကုလို့ရပါပြီ။"

"ကောင်းပြီ။" တာအိုဆရာတော်ဇီယီက လိုက်လျောသည်။

သုံးနာရီကြာပြီးနောက် ထန်ရှုသည် ရှေးဟောင်းသင်္ကေတအား ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သူသည် အောက်ထပ်သို့ ဆင်းလာပြီး ကျိချွိမိန်ထံ ထိုသင်္ကေတအား လွှဲအပ်ကာ

“အခု အကြီးအကဲရဲ့အလှည့် ရောက်ပြီ။ ငါ့ကို စိတ်မပျက်စေနဲ့။"

"စိတ်ချပါ။" ကျိချွိမိန်က ခေါင်းညိတ်ပြပြီး ထိုသင်္ကေတကိုယူကာ အခန်းထဲသို့ ဝင်သွားသည်။

"ကျေးဇူးရှင်ထန် … မင်း သူမနောက်ကို မလိုက်ဘူးလား။" ဆရာတော်ဇီယီ လန့်သွားကာ မေးလိုက်သည်။

"ကျွန်တော် လိုက်လိုက် မလိုက်လိုက် ကိစ္စမရှိပါဘူး။ သူမက ဂူအဆိပ်ကို ဖယ်ပေးမယ့်သူပါ။ ကျွန်တော် မဟုတ်ဘူး။" ထန်ရှုက ခေါင်းယမ်းကာ ဖြေသည်။

“အရင်ဆုံး တစ်ခုလောက် မေးလို့ရမလား ကျေးဇူးရှင်ထန်။ သူမက ဘယ်သူလဲ…” တာအိုဆရာတော်ဇီယီက သိလိုစိတ်ဖြင့် မေးသည်။

"သူမက ကျွန်တော့်လက်အောက်ငယ်သားပါ။" ထန်ရှုက ပြောသည်။

တာအိုဆရာတော်ဇီယီ၏အမူအရာတွင် စိုးရိမ်ကြောက်ရွံ့မှုကို မြင်တွေ့နိုင်သည်။ ကျိချွိမိန်အား ပထမဆုံးမြင်တွေ့စဉ်အခါက သူမထံမှ အန္တရာယ်ရှိသော ခံစားချက်တစ်ခုအား သူခံစားမိခဲ့သည်။ သူ့အတွက် ပဟေဠိအဖြစ်ရဆုံးအချက်မှာ ကျိချွိမိန်၏ ပုံပန်းသဏ္ဍာန်နှင့် လှုပ်ရှားမှုသည် သာမန်အဘွားကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမထံမှ ကျင့်ကြံမှုအရိပ်အယောင်အား စိုးစဉ်းမျှပင် မတွေ့ရပါချေ။

"ညီအစ်ကိုထန်… မင်းရဲ့လက်အောက်ငယ်သားက တကယ့်ကို အစွမ်းထက်တယ်။ ငါ့ရဲ့ ခန့်မှန်းချက် မမှားရင် သူမရဲ့ကျင့်ကြံမှုက ငါနဲ့ ဆရာတော်ဇီယီထက် အများကြီးဝေးကွာနေလိမ့်မယ်။ ငါတို့ သူမကို မော့ကြည့်ရမယ့်အဆင့်ထိ ရောက်နေလောက်ပြီ မဟုတ်လား။”မြောင်ဝမ်တန်က တွေးတွေးဆဆဖြင့် ပြောလာသည်။

"သူမက တကယ်ကို အစွမ်းထက်တယ်။ ခွန်အားချည်းသက်သက်နဲ့ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို အလွယ်တကူ ဖြတ်ကျော်နိုင်တယ်လေ။"

ထန်ရှုက ရယ်ကြဲကြဲဖြင့် ဖြေသည်။

"ဘာ…"မြောင်ဝမ်တန်သည် အံ့အားသင့်စွာဖြင့် အော်လိုက်မိသည်။

တာအိုဆရာတော်ဇီယီပင်လျှင် သိသိသာသာ အမူအရာ ပြောင်းလဲသွားသည်။

သူတို့နှစ်ဦးစလုံးသည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်၏စွမ်းအားကို သိကြသည်။ ထန်ရှုသည် ယခင်က အလွှာများစွာကို ဖြတ်ကျော်နိုင်ခဲ့ရသည့် အကြောင်းရင်းမှာ သူသည် အစီအရင်များကို အလွန်ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ သို့သော် ထန်ရှုက သည်အမျိုးသမီးကြီးသည် သူမ၏ ခွန်အားသက်သက်ဖြင့် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်တစ်ခုလုံးအား အလွယ်တကူ ဖြတ်ကျော်နိုင်သည်ဟုဆိုလေရာ ပြောရမည်ဆိုပါက သူမ၏ခွန်အားသည် သူတို့ထက် အနည်းဆုံး ဆယ်ဆ သို့မဟုတ် အဆရာနှင့်ချီ၍သန်မာသည်ဟု ဆိုလိုရင်းပင်။

ထန်ရှုက ခပ်ဖွဖွပြုံးကာ ဆိုဖာပေါ်ထိုင်ရန် လှည့်လိုက်သည်။ သူသည် တာအိုဆရာတော်ဇီယီနှင့် မြောင်ဝမ်တန်တို့အား အဖော်လုပ်ပြီး စကားစမြည်မပြောတော့ဘဲ ထိုအစား ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖို၏အခြေအနေကို တိတ်ဆိတ်စွာ အာရုံခံလိုက်သည်။ တစ်ချိန်တည်းမှာပင်  သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်အား တည်ငြိမ်စေရန်အတွက် မရီဒျာန်အတွင်းရှိ ကြယ်စွမ်းအားကို လှည့်ပတ်လိုက်သည်။

ယခုအချိန်တွင် သူသည် အရိုးပြောင်းလဲမှုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ အရိုးများကြံ့ခိုင်မှုသည် ဆယ်ဆကျော် တိုးလာသော်လည်း ဤအဆင့်အား သူသည် ရုတ်တရက် ရောက်ရှိအောင်မြင်ခဲ့ခြင်းဖြစ်သောကြောင့် သူ၏အခြေခံအုတ်မြစ်သည် မခိုင်မာသေးဘဲ မတည်မငြိမ်ဖြစ်နေဆဲဖြစ်သည်။

ဆယ်မိနစ်လောက်ကြာသည့်အခါ ကျိချွိမိန်သည် အခန်းထဲမှ ထွက်လာပြီး အေးချမ်းစွာ ကြည့်လာသည်။ သူမ၏အနောက်တွင် တာအိုဆရာတော်ဇီယီ၏

တပည့်သည် ပါလာပြီး ယခုအခါ သူ၏မျက်နှာထက်တွင် အနီရောင်ဖျော့ဖျော့တစ်ခုသာ ရှိတော့သည်။

"ကျင်းယီ… မင်း အခု နေလို့ ကောင်းသွားပြီလား။"

တာအိုဆရာတော်ဇီယီသည် သူ၏တပည့်အရှေ့သို့ လာကာ အလျင်အမြန်မေးလိုက်သည်။

ကျင်းယီဟုခေါ်သော လူငယ်သည် ဖျော့တော့စွာ ပြုံးပြရင်း

“ဆရာသခင်… ဒီတပည့်အတွက် အစွမ်းကုန် ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီဂူအဆိပ်ကို ဖယ်ရှားဖို့အတွက် ဒီလောက် အဖိုးတန်တဲ့ ရတနာတစ်ခုကို စွန့်လွှတ်ဖို့တောင် မတွန့်ဆုတ်ခဲ့ဘူး။ တပည့်ရဲ့ခန္ဓာကိုယ်ထဲက ဂူအဆိပ်တွေ မရှိတော့ပါဘူး။"

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။" တာအိုဆရာတော်ဇီယီ၏မျက်လုံးများ တောက်ပသွားသည်။ သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့်

“မင်း… တခြားသူတွေကို ဘယ်တော့မှ လွယ်လွယ်နဲ့ မပြစ်မှားရဘူး။ လောကမှာ ကျွမ်းကျင်တဲ့သူတွေ အများကြီးရှိတယ်။ နောက်တစ်ကြိမ် ဒီလိုအခြေအနေမျိုး ကြုံလာရရင် မင်းရဲ့ ဆရာသခင်က မင်းကို နောက်တစ်ကြိမ် ကယ်တင်နိုင်ပါ့မလားဆိုတာ မသိဘူး။"

“ဒီတပည့်က ရိုသေလေးစားရတဲ့ ဆရာသခင်ရဲ့ညွှန်ကြားချက်ကို နာခံပါတော့မယ်။ ဒီအမှားမျိုး နောင်မှာ ထပ်ခါထပ်ခါ မလုပ်ရဲတော့တာ သေချာပါတယ်ခင်ဗျာ။"

ကျင်းယီက လေးလေးစားစား ပြောသည်။

ကျေနပ်စွာ ခေါင်းညိတ်ရင်း တာအိုဆရာတော်ဇီယီသည် ရုတ်တရက် အလင်းရသွားသလို ခံစားလိုက်ရသည်။ ကုန်ကျစရိတ်သည် အတန်ငယ်ကြီးမားသည်ဟု ဆိုနိုင်သော်လည်း သူ၏တပည့်ဖြစ်သူသည် အကောင်းဆုံးစိတ်အခြေအနေအား ဖြတ်သန်းရတာ ဖြစ်နိုင်ပေသည်။

…ဒီကမ္ဘာကြီးတွင် သင်ခန်းစာတစ်ခုဆိုသည်မှာ ပေးဆပ်ပြီးမှ သင်ယူရသည်ဟူသော ဆိုရိုးစကား ရှိပေသည်မဟုတ်တုံလော…

ဆရာတော်ဇီယီသည် စိတ်တွင်းမှ သက်ပြင်းချလိုက်ပြီးနောက် ထန်ရှုအား လှည့်ကြည့်လိုက်သည်။

ထန်ရှု မျက်လုံးဖွင့်လိုက်ပြီး တစ်ချက်ပြုံးလိုက်ကာ

" တာအိုဆရာတော်ဇီယီရဲ့တပည့်ကို ဂူအဆိပ် ဖယ်ရှားပေးလိုက်ပြီဆိုတော့ နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုက ကျွန်တော့်အပိုင် ဖြစ်သွားပြီနော်။"

“ဟုတ်တယ်။ အဲဒါ မင်းပိုင်သွားပြီ။"ဆရာတော်ဇီယီ ခေါင်းညိတ်လိုက်သည်။

ထန်ရှုက ရယ်မောကာ ကျိချွိမိန်ကို ကြည့်လိုက်ပြီး

"အကြီးအကဲကျိ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒီမှာပဲ ကောင်းကောင်းအနားယူရင်လည်း ယူပါ ဒါမှမဟုတ် ကျင်းမန်ကျွန်းကို ပြန်မယ်ဆိုလည်း ပြန်သွားနိုင်ပါတယ်။”

“ဒါဆို ဒီလက်အောက်ငယ်သားက အရင်သွားနှင့်ပါမယ်။ နောက်ပိုင်း တစ်ခုခုလုပ်ဖို့ လိုအပ်လာရင် ငါ့ကို ဆက်သွယ်ပါ။”

ကျိချွိမိန်က လေးလေးစားစား စကားဆိုလိုက်သည်။ ပြောပြီးသည်နှင့် တာအိုဆရာတော်ဇီယီနှင့် မြောင်ဝမ်တန်တို့အား တစ်ချက်မျှ မကြည့်ဘဲ လှည့်ထွက်သွားတော့သည်။

ဝမ်းသာပျော်ရွှင်ရသော အဖြစ်အပျက်တို့ကြောင့် လူတိုင်း၏စိတ်သည် တက်ကြွကာ နေလို့ကောင်းနေကြသည်။ အထူးသဖြင့် ထန်ရှု၏စိတ်သည် သည်အချိန်တွင် အကောင်းဆုံးရွှင်မြူးနေခဲ့ပေသည်။ သူသည် တာအိုဆရာတော်ဇီယီ၊ တပည့်ဖြစ်သူ ကျင်းယီနှင့် မြောင်ဝမ်တန်တို့အား ထိုင်ရန်အချက်ပြလိုက်ပြီးနောက် ပြုံးကာ

“မိတ်ဆွေတို့… မကြာခင် မိုးလင်းတော့မှာပါ။ ခင်ဗျားတို့ ပင်ပန်းနေရင် ဒီမှာ အနားယူကြပါ။ ကျွန်တော်က ဒီအိမ်ကို လာတာရှားတယ်ဗျ။ နောက်ပိုင်း ရှန်ဟိုင်းကို လာတဲ့အခါ ဒီအိမ်မှာလည်း နေလို့ရပါတယ်။”

“ဒီဆင်းရဲတဲ့ဆရာတော်က အလျင်စလို လာရတာမို့ ဘုရားကျောင်းမှာ စီမံရမှာတွေ အများကြီး ရှိပါသေးတယ်။ နေထွက်တာနဲ့ တပည့်လေးကို ခေါ်ပြီး ပြန်တော့မှာပါ။”

ဆရာတော်ဇီယီက ခေါင်းယမ်းကာ ပြောလိုက်သည်။

“ညီအစ်ကိုထန်… ငါလည်း မနေဖြစ်ဘူး။ မင်းကို ကူညီပြီးကတည်းက ငါ့အလုပ်က ပြီးနေပြီလေ။ မင်း ငါ့ကို ကျေးဇူးတင်ချင်ရင် နတ်ဘုရားဝတ်ရည်ကို ပိုရောင်းပေးရင် ငါ့အတွက် အဆင်ပြေနေပါပြီ ဟားဟား။ မင်း သတိထားမိလား မထားမိလားတော့  ငါမသိဘူး။ မင်းရဲ့နတ်ဘုရားဝတ်ရည်က အခုဆို အတော် ရေပန်းစားနေတာကိုယ့်လူရေ။ အဓိကမီဒီယာတွေ၊ ဝိုင်လုပ်ငန်းအဖွဲ့အစည်းက ဒိုင်လူကြီးတွေ၊ ဝိုင်ချစ်သူတွေ အများကြီးက နတ်ဘုရားဝတ်ရည်ကို ဝယ်ဖို့ မစောင့်နိုင်ကြတော့ဘူး။”

“နတ်ဘုရားဝတ်ရည်အတွက် ဝိုင်ဖောက်နည်းက ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတာပါ။ အဲ့ဒါရဲ့အရသာမကောင်းလို့ကတော့ ကျွန်တော့်မယ် မျက်နှာပြဝံ့မှာတောင် မဟုတ်ဘူး။ ညီအစ်ကိုမြောင်… လိုချင်ရင် အဲ့ဒီဝိုင်ကို အရင်ရောင်းတဲ့ဈေးနဲ့ပဲ ရောင်းပေးပါမယ်။" ထန်ရှုက ပြုံးကာပြောသည်။

"မင်း ငါ့ကို အရင်ကရောင်းတဲ့ဈေးက မင်းအတွက် အရှုံးပေါ်နေပြီ။ ငါသိသလောက်ဆိုရင် နတ်ဘုရားဝတ်ရည်ရဲ့တစ်ပုလင်းဈေးနှုန်းက မင်းအရင်ကရောင်းပေးခဲ့တဲ့ တစ်ပုလင်း-ယွမ် ၁၀၀၀၀ ထက် ပိုဈေးကြီးတယ်။ ငါ့ကို အသာထားဦး။ ဟိုလူတွေပါ အမြတ်ရသွားလောက်ပြီ။”မြောင်ဝမ်တန်က ရယ်ကြဲကြဲဖြင့် ပြောသည်။

"အဲ့ဒါက ကျွန်တော့်ရဲ့မမျှော်လင့်ထားတဲ့ အမှားတစ်ခုပါ။ နတ်ဘုရားဝတ်ရည်ဈေးကို ကုမ္ပဏီက ထိပ်တန်းအမှုဆောင်အရာရှိတွေက ဈေးပြန်သတ်မှတ်ထားတာကို ကျွန်တော် မေ့သွားတာ။ ဒါပေမယ့် ထိခိုက်မှု မရှိပါဘူး။ ကျွန်တော်တို့ရဲ့

ဆက်ဆံရေးကြောင့် ပိုက်ဆံအကြောင်းကို ကျွန်တော် ဂရုမစိုက်ဘူး။"

တာအိုဆရာတော်ဇီယီက စူးစမ်းလိုစိတ်ဖြင့်

“အဲ့ဒီနတ်ဘုရားဝတ်ရည်က ဒီလောက်အရသာရှိလို့လား။ …အဲဒါကို… ငါ့လည်းရောင်းရင်ရော … ဘယ်လိုလဲ။ ကြိုပြောပြထားရမှာ … တစ်ခုတော့ ရှိတယ်။ ဒီတာအိုဆရာတော်က အရမ်းဆင်းရဲတယ်နော်…”

ယနေ့တွင် ထန်ရှုသည် တာအိုဆရာတော်ထံမှ များပြားလှသော အကျိုးကျေးဇူးများအား သက်သက်သာသာဖြင့် ရယူထားသောကြောင့် သူက ရုတ်ခြည်းပင် လက်ကို ဝှေ့ယမ်းကာ စိတ်အားထက်သန်စွာ ပြောသည်။

"ဆရာတော်ဇီယီ… ကျွန်တော်တို့ရဲ့ခင်မင်မှုအရ ငွေစကား ပြောဖို့ လိုသေးလို့လား။ ဆရာတော်သာ ကြယ်တာရာကနေ ဖြတ်သွားမယ်ဆိုရင် အဲ့ဒီမှာ ခဏနားပါ။ ဆရာတော်တို့အတွက် နတ်ဘုရားဝတ်ရည်ပုလင်း ရာနဲ့ချီပြီး ပြင်ဆင်ပေးဖို့ လူတချို့ကို ကျွန်တော် အမိန့်ပေးထားလိုက်မယ်။"

"ကျေးဇူးရှင်ထန် … ငါ အဲ့ဒီလောက် အများကြီး မလိုဘူး။ ငါတို့တာအိုဆရာတော်တွေနဲ့ တပည့်တွေက နက်ရှိုုင်းတဲ့ တောင်တန်းတွေထဲမှာ နေထိုင်ကြတာဆိုတော့ ပုလင်းအများကြီး သယ်နိုင်မှာမဟုတ်ဘူး။ ပုလင်း ရှစ်လုံး-ဆယ်လုံးလောက် ပေးရင် လုံလောက်ပါပြီ။”

ဆရာတော်ဇီယီက အနေရခက်သောအပြုံးဖြင့် ပြောသည်။

"ပြဿနာမရှိပါဘူး။" ထန်ရှုက ရယ်မောလိုက်ပြီး

"နောက်ပိုင်း ဆရာတော်လိုအပ်တဲ့အခါ ဝိုင်စက်ရုံတာဝန်ခံကို တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ ဒီနည်းက အဆင်ပြေတယ်။”

"ဒီလိုဆိုရင်တော့ ဒီဆင်းရဲတဲ့တာအိုဆရာတော်က ကျေးဇူးအများကြီးတင်ပါတယ်။" တာအိုဆရာတော်က မတ်တတ်ထကာ လေးစားသမှုပြလိုက်ပြီး

"ဒါနဲ့ တပည့်လေးရဲ့ခန္ဓာကိုယ်ထဲက ဂူအဆိပ်ကို ဖယ်ပြီးပြီမို့လို့ ငါတို့ အရင် ပြန်လိုက်ပါဦးမယ်။"

"ငါလည်း သွားတော့မယ်။"မြောင်ဝမ်တန်ကလည်း မတ်တတ်ရပ်လိုက်သည်။

***

All Chapters