ပစ္စည်းများဝယ်ယူခြင်း
Vol. 08 Ch. 391
အရှေ့မိုးကုပ်စက်ဝိုင်းတွင် မိုးသောက်ရောင်ခြည် ပေါ်ထွက်လာချိန်တွင် ထန်ရှုသည် ကြယ်ပြာအိမ်ရာဝင်းမှ သူ၏အိမ်သို့ ပြန်လာခဲ့ပြီဖြစ်ပြီး တစ်ညလုံး မအိပ်စက်ထားရသော်လည်း ယခုအချိန်တွင် အားမာန်အပြည့်နှင့် တက်ကြွနေဆဲဖြစ်သည်။ သူ မမျှော်လင့်ထားသည့်အရာမှာ ရွှဲ့ချောင်၏ဇနီး တုကျွမ်သည် နိုးနေပြီဖြစ်ကာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့သည်။
"မရီး … အရမ်း စောလှချည်လား။"
သူမအား နှုတ်ဆက်ပြီးနောက် ထန်ရှုသည် သူ၏အဝတ်အစားများလဲရန် ဒုတိယထပ်သို့ တက်ရန် ဟန်ပြင်လိုက်သည်။ မီးဖိုချောင်ခါးစည်းဝတ်ထားသော တုကျွမ်သည် လှည့်ကြည့်လိုက်ရင်း ပြုံးပြီး ပြောသည်။
“ငါက အိမ်မှာ စောစောထတာ အကျင့်ဖြစ်နေပြီ။ သူဋ္ဌေးထန်…မနေ့ညက အမျိုးသမီးတစ်ယောက် ရောက်လာတယ်။ သူမက နင့်ရဲ့ရည်းစားထင်တယ်။"
…ရည်းစားလား…
ထန်ရှုက ခန်းရှကို တွေးမိသွားသည်။ သူက ပြုံးပြပြီး မရှင်းပြဘဲ ခေါင်းညိတ်ကာ ပြောသည်။
"ငါ နားလည်ပြီ။ မရီး… ငါ့ကို ရွှဲ့ချောင် ခေါ်သလို သူဋ္ဌေးထန်လို့ မခေါ်ပါနဲ့။ ထန်ရှု လို့ခေါ်တာက အဆင်ပြေပါတယ်။ ဟုတ်ပြီ … မရီး လုပ်စရာရှိတာ လုပ်ပါ။ ငါ အပေါ်တက်ပြီး အဝတ်အစား လဲလိုက်ဦးမယ်။"
"အိုကေ။ သွားပါ။ မနက်စာစားဖို့ စောင့်ပါ။” တုကျွမ်က ခပ်ဖွဖွပြုံးပြီး ဆက်လက်ချက်ပြုတ်နေသည်။
ဒုတိယထပ်ရှိ အိပ်ခန်းသို့ ထန်ရှု ရောက်သွားသောအခါ အမျိုးသားဝတ် ရှပ်အင်္ကျီအဖြူဝတ်ဆင်ထားပြီး အိပ်ပျော်နေဆဲဖြစ်သော ခန်းရှအား တွေ့လိုက်ရသည်။ သူမ၏ အိပ်ပျော်နေသော ကိုယ်ဟန်အနေအထားသည် အိပ်ပျော်နေသော ကြောင်လေးတစ်ကောင်အလား တစ်စောင်းလေးကွေးကာ အိပ်စက်နေပြီး လွန်စွာ ဆွဲဆောင်မှုရှိလှသည်။ နမ်းရှိုက်ချင်စရာ ကောင်းလှသည့် သူမ၏ နှုတ်ခမ်းနုထွေးလေးသည် အိပ်မက်ထဲတွင် အရသာတွေ့နေသည့်အလား ရံဖန်ရံခါတွင် နိုးကြွချင်စရာ ညည်းညူသံလေးများပင် ထွက်ပေါ်လာသည်။
"ဟီးဟီး…"
ထန်ရှုက အသံများထွက်အောင် ရယ်လိုက်ရင်း စောင်ကိုဆွဲကာ သူမ၏ခန္ဓာကိုယ်လေးအား လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သန့်ရှင်းသော အဝတ်အစားများ ယူရန် အဝတ်လဲခန်းထဲသို့ သွားသည်။ ရေမိုးချိုးပြီးနောက် သူ၏တစ်ကိုယ်လုံးသည် လန်းဆန်း တက်ကြွသွားရပြီး ယူဆောင်လာသည့် သန့်ရှင်းသော အဝတ်အစားကို လဲလိုက်သည်။ ရေချိုးခန်းတံခါးမှ ထွက်လာသည်နှင့် နိုးနှင့်နေပြီဖြစ်သောခန်းရှသည် ကုတင်ခေါင်းရင်းကို မှီကာ သူ့အား ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"နိုးလာပြီလား။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။
ခန်းရှက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး
"ငါတို့ နတ်ဘုရားဝတ်ရည်က ဝိုင်မြည်းစမ်းပွဲမှာ ပထမနေရာကို ရခဲ့လို့ ချက်ခြင်းကို ဂယက်ရိုက်သွားတယ်။ မနေ့ညက နင်နဲ့အတူ အောင်ပွဲခံချင်လို့ ဒီကိုပြန်လာပေမယ့် နင်က အိမ်မှာမရှိဘူး။ ဖုန်းလည်း ဆက်လို့မရဘူး။"
ထန်ရှု တစ်ချက်အံ့အားသင့်သွားပြီး တီဗွီစင်ပေါ်ရှိ ဖုန်းအား ကောက်ယူလိုက်ကာ တစ်ချက်စစ်လိုက်ပြီးနောက်
“မနေ့ညကက အသံမမြည်တာ အံ့သြစရာမရှိပါဘူး။ ဖုန်းက ဘက်ထရီကုန်သွားတော့ အလိုအလျောက် ပိတ်သွားတာ။ ဘာပဲဖြစ်ဖြစ် ဝိုင်သတင်းအကြောင်း ကိုယ် ကြားတယ်။ မနက်က ကျင်းဟွေ့ရင်ပြင်ကို ဖြတ်ပြီး ပြန်လာတော့ ရင်ပြင်မှာရှိတဲ့ တီဗွီဖန်သားပြင်တွေပေါ်မှာ သတင်းတွေ တွေ့လိုက်တယ်။ တချို့မီဒီယာလိုင်းတွေက ဝိုင်မြည်းစမ်းပွဲအခြေအနေကို တင်ပြရာမှာ နတ်ဘုရားဝတ်ရည်ကို အဓိက ထားပြီး ပြောပြကြတယ်လေ။ တုံ့ပြန်မှုနဲ့ ဖြစ်ပေါ်မှုတွေက အရမ်းကောင်းပါတယ်။”
“ဖွင့်ပွဲအခမ်းအနားကို နောက်သုံးရက်အကြာမှာ ကျင်းပမယ်။ နင် ဘယ်နေရာကနေ ပွဲတက်မှာလဲ။" ခန်းရှက တစ်ချက်ပြုံးကာ မေးသည်။
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
"ကိုယ် မတက်တော့ဘူး။ ပြီးတော့ လက်ရှိပုံရိပ်က ကျောင်းသားတစ်ယောက်လေ။ အဆင့်အတန်း အရမ်းမြင့်လွန်းနေရင် ကြည့်လို့မကောင်းပါဘူး။ ပထမသုံးရက်အတွက် ရောင်းအားကို ကြည့်ကြတာပေါ့။ ရောင်းအားကောင်းရင် မင်းတို့ကို အောင်ပွဲခံပေးမယ်။”
"ဘယ်မှာ လုပ်မှာလဲ။" ခန်းရှက ပြုံးကာ မေးသည်။
"ကိုယ် ကြယ်တာရာကို ပြန်လာမယ်။" ထန်ရှုက ပြောသည်။
ခန်းရှ၏မျက်ဝန်းများ တောက်ပသွားပြီး အံ့သြကျေနပ်စွာဖြင့်
“ဒါဆို အဲ့ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့။ ဒါနဲ့ အောက်ထပ်မှာနေတဲ့သူက နင့်ရဲ့အတန်းဖော်လား။ သူက မိန်းမနဲ့ ကလေး ရှိတာလား။”
ထန်ရှုက ခေါင်းညိတ်ပြပြီး
“ဟုတ်တယ်။ သူက ကိုယ့်ရဲ့အဆောင်အခန်းဖော်လည်းဖြစ်သလို အတန်းဖော်လည်းဖြစ်တယ်လေ။ အဲဒီသူငယ်ချင်းက တကယ်ကို အံ့သြစရာပဲ။ ရှန်ဟိုင်းရောက်ရောက်ချင်း တစ်စုံတစ်ယောက်ကို ကူညီလိုက်လို့် ဒဏ်ရာရသွားတယ်။ အဲ့ဒါနဲ့ပဲ ရှန်ဟိုင်းပြည်သူ့ဆေးရုံမှာ ဆေးရုံတက်လိုက်ရတယ်။ မနေ့က သူ့ဆီ သွားကြည့်တော့ ငွေကြေးခက်ခဲနေတာသိလိုက်ရတယ်။ မိန်းမနဲ့ သားကလည်း တောင်ပေါ်ကနေ ရှန်ဟိုင်းဆင်းလာပြီး ဆေးရုံမှာ တည်းခိုနေထိုင်ရတာမို့ သူတို့ကို လာနေခိုင်းလိုက်တာ။”
ခန်းရှ ရုတ်တရက် နားလည်သွားပြီး အပြုံးဖြင့်
"ဒီလိုသတ္တိရှိတဲ့သူက အနည်းဆုံးတော့ လူဆိုး မဟုတ်ဘူး။ သူတို့ကို ဒီမှာ အမြဲနေစေချင်လား။"
“အဲ့လိုတော့ လုပ်မှာမဟုတ်ဘူး။ ရွှဲ့ချောင်ရဲ့ ဒဏ်ရာ ကောင်းသွားရင် သူက ကျောင်းဝင်းထဲမှာ နေရလိမ့်မယ်။ သူ့မိန်းမနဲ့ ကလေးအတွက်ကတော့ သူ ဘယ်လို စီစဉ်ပေးမလဲဆိုတာကို ကြည့်ရမှာပေါ့။ ကောင်းပြီ။ သူတို့ရဲ့ကိစ္စတွေကို မပြောတော့ဘူး။ နိုးလာကတည်းက အိပ်ယာထဲမှာ မနေပါနဲ့။ ရေချိုးပြီး မနက်စာစားဖို့ အောက်ထပ်ဆင်းရအောင်။" ထန်ရှုက ပြောသည်။
"မနက်စာ ဝယ်ခဲ့လို့လား။" ခန်းရှက ပြုံးလိုက်သည်။
ထန်ရှုက ခေါင်းယမ်းပြီး
“မဟုတ်ဘူး။ ရွှဲ့ချောင်ရဲ့ ဇနီးက အောက်ထပ်မှာ မနက်စာ လုပ်နေတယ်။"
ခန်းရှ ရုတ်ခြည်းပင် နားလည်သွားပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ၁၂မိနစ်ကျော်လောက် ကြာပြီးနောက် သူမသည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ကာ ထွက်လာခဲ့သည်။ မနေ့ကတည်းက သူမ၏ခရီးဆောင်အိတ်အား ဟိုတယ်မှ တစ်ပါတည်း သယ်ဆောင်လာတာကြောင့် အတွင်းထဲမှ သပ်ရပ်သည့် အဝတ်အစားတစ်စုံအား ထုတ်လဲလိုက်ပြီး ထန်ရှုနှင့် အောက်ထပ်ကို ဆင်းလာရင်း
"ဒါနဲ့ ငါ ညနေကျရင် ကြယ်တာရာကို ပြန်ဖို့ စီစဉ်ထားတယ်။ ဒီနေ့ နင့်မှာ လုပ်စရာတွေ ရှိလား။ ငါ့ကို အဖော်လုပ်ပေးချင်လား။"
“မင်း သန့်စင်ပြီးသား သံရဲ့ လက်ရှိပေါက်ဈေးကို သိလား။” ထန်ရှုက တစ်ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။
"အဲ့ဒီအကြောင်း သိပ်မသိဘူး။" ခန်းရှက ခေါင်းယမ်းလိုက်သည်။
“ကိစ္စမရှိပါဘူး။ အဲ့ဒါအတွက် ချီနန်ကို ကိုယ် ပြောလိုက်မယ်။ ဒါနဲ့ မင်း ဒီညနေ ပြန်မယ်ဆိုတော့ တစ်ခုခုသွားဝယ်ရအောင်လေ။ ရှေ့လျှောက် အချိန်တစ်ခုထိ ကိုယ် အလုပ်ရှုပ်နေတော့မှာမို့။"
"နင် ဘာတွေ အလုပ်ရှုပ်နေတာလဲ။" ခန်းရှက စိတ်ဝင်တစား မေးသည်။
" လက်နက်တန်ဆာတွေကို ပြုလုပ်တာ။" ထန်ရှုက အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။
“ဘာ လက်နက်တန်ဆာတွေတွေလဲ။” ခန်းရှက ဇဝေဇဝါဟန်ဖြင့် မေးသည်။
“မင်းက ကျင့်ကြံမှုလမ်းစဉ်ပေါ်ကို တရားဝင်
မရောက်သေးတော့ လက်နက်တွေနဲ့ တခြားပစ္စည်းတွေကို သန့်စင်ထုလုပ်တာကို မသိတာ သဘာဝပါပဲ။ နောင်တစ်ချိန် ချီလမ်းကြောင်းကို မင်း အာရုံခံနိုင်ပြီး အဲ့ဒါကို အပြည့်အ၀ ခိုင်းစေနိုင်ပြီဆိုရင် လက်နက်တန်ဆာတွေကို ပြုလုပ်တဲ့အကြောင်းကို ပြောပြမယ်။”
ထိုသို့ပြောပြီးနောက် ထန်ရှုသည် ချီနန့်အား ဖုန်းဆက်ကာ
“ပုံသွင်းထားတဲ့ သံမဏိသတ္တုချောင်းတွေနဲ့ သံသတ္တုရိုင်းတွေ ဝယ်ဖို့ ငါ့ကို ကူညီဦး။ နောက်ပြီးရင် လိုချင်တဲ့ အရည်အသွေးကို စာပို့လိုက်မယ်။ ဒီညအပြီး အားလုံး ဝယ်ပြီး ငါ ပြောတဲ့နေရာကို ပို့ထားပေးပါ။”
“ကောင်းပါပြီ။” ချီနန် အလျင်အမြန် တုံ့ပြန်လိုက်သည်။
နံနက်စာ စားရန်စောင့်နေရင်း ထန်ရှုသည် အသေးစိတ်အချက်အလက်များနှင့် ပေးပို့ရမည့်လိပ်စာများအား ချီနန်ဆီသို့ စာပို့ပေးလိုက်သည်။ ထို့နောက် သူတို့၂ယောက်သည် ရွှဲ့ချောင်တို့ မိသားစုနှင့်အတူ မနက်စာ အတူ စားသောက်ခဲ့ကြသည်။ မနက်စာသည် ရိုးရိုးရှင်းရှင်းပင် အငံမုန့်၊ ပူနွေးသော ဆန်ပြုတ်နှင့် စူပါမားကတ်မှ ဝယ်ယူလာဟန်တူသော မုန်ညှင်းချဉ်၂ခွက်တို့ ဖြစ်သည်။ ထို့ပြင် လူတိုင်း နူးညံ့သော ဘဲဥပြုတ်တစ်လုံးစီ ရကြသည်။
ရိုးရှင်းကာ အာဟာရပြည့်ဝပြီး စေ့စပ်ချွေတာမှု ရှိပေသည်။
သည်ဟာသည် ခန်းရှနှင့် ထန်ရှုတို့၏စိတ်နှလုံးတို့မှ အကဲဖြတ်မှုဖြစ်သည်။
မနက်စာစားပြီးနောက် ထန်ရှုက အပြုံးဖြင့်
"မရီးက အငံမုန့်လုပ်တဲ့နေရာမှာ အတော်ကျွမ်းကျင်တာပဲ။ စားလို့သိပ်ကောင်းတယ်။ ကြည့်ရတာ နောက်ဆို ငါတော့ အရသာရှိတဲ့ အစားအသောက်တွေ စားနေရတော့မယ်ထင်တယ်။"
တုကျွမ်က ရှက်ရွံ့သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်
"နင်မကြိုက်မှာကို ငါ စိတ်ပူနေတာ။ ထန်ရှု… အမှန်တော့ မနက်စာရိုးရိုးလေးပဲ လုပ်ထားတာ ငါသိတယ်။ နင် ခံတွင်းမတွေ့ရင် မနက်ဖြန် ငါ တခြားဟာ ပြောင်းလုပ်ပေးမယ်လေ။"
“မရီး … ဒါက အရမ်းအရသာရှိပါတယ်။ ငါ ခက်ခက်ခဲခဲ ကြီးပြင်းလာရတဲ့ နေ့ရက်တွေ ရှိသလို တစ်ခါတလေ မစားမသောက်ရတဲ့ရက်တွေလည်း ကြုံခဲ့ဖူးတယ်။ အဲ့ဒါမို့ ဘာမှစိတ်မပူပါနဲ့။ မရီး ဘာချက်ချက် ငါ စားမှာပါ။"
တုကျွမ်သည် ပန်းကန်များကို သန့်ရှင်းရေးလုပ်နေရင်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည့်နှယ် ပြုံးလိုက်သည်။ ထို့နောက် သူမက
“ဒါဆို အရမ်းကောင်းတယ်။ ဒါနဲ့ ငါ နောက်ပြီးရင် အပြင်ထွက်ပြီး စားစရာသွားဝယ်မယ်။ နေ့လည်စာ အိမ်မှာပဲ စားမှာလား။"
"နောက်ရက်အနည်းငယ်အတွင်း ငါ အလုပ်ရှုပ်တော့မှာမို့ ဒီကို ခဏလောက် ပြန်လာနိုင်မှာမဟုတ်ဘူး။" ထန်ရှုက ပြုံးပြီး ပြောသည်။
"သူဋ္ဌေး ထန်…မင်း စစ်သင်တန်း တက်မှာလား။" ရွှဲ့ချောင်က မေးသည်။
ထန်ရှုက ခေါင်းယမ်းပြီး
“မတက်ဖြစ်ဘူး။ ငါ စစ်ရေးလေ့ကျင့်မှုကနေ ခွင့်တင်ထားတယ်။"
ထိုစကားကြားသည်နှင့် ထန်ရှုတွင် အရေးကြီးသော လုပ်စရာများ ရှိနေကြောင်း ရွှဲ့ချောင် နားလည်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး
“သူဋ္ဌေး… ငါ အကူအညီတစ်ခု ထပ်တောင်းလို့ရမလား။”
"မင်း တစ်ခုခုလိုရင် ငါ့ကို တန်းပြောလို့ရတယ်။" ထန်ရှုက တုံ့ပြန်သည်။
“ငါ ကျောင်းဝင်းထဲကို စာရင်းသွင်းဖို့ မသွားရသေးပေမယ့် ကျောင်းအာဏာပိုင်တွေက ကျောင်းသားစာရင်းသွင်းတဲ့လုပ်ရိုးလုပ်စဉ်တွေကို ကူညီပေးခဲ့တယ်။ ယွဲ့ခိုင်နဲ့ တခြားသူတွေဆီကနေ ကြားမိတာက ငါ့ရဲ့ဖတ်စာအုပ်တွေကိုပါ ငါတို့အဆောင်ကို ယူလာပေးထားတယ်ဆိုပဲ။ မင်းမှာ အချိန်ရရင် အဲဒီ့ဖတ်စာအုပ်တွေကို ဒီကို ယူလာပေးလို့ ရမလား။ ပြန်လည်သက်သာလာချိန်မှာ ဘာမှမလုပ်ဘဲ ငါ အချိန်မဖြုန်းချင်ဘူး။”
"ငါ့စာအုပ်တွေကို အိမ်မှာယူထားတာမို့ မင်း ယူဖတ်လို့ရတယ်။ မင်း အဲဒါတွေကို ဖတ်ပြီးရင် မင်းရဲ့ပစ္စည်းတွေယူဖို့ ကျောင်းဝင်းကို ငါသွားလိုက်မယ်။" ထန်ရှုက ပြောသည်။
“ဒီလိုလည်း အဆင်ပြေတယ်။”ရွှဲ့ချောင်က ပြုံးပြီး ပြန်ပြောသည် ။
ထို့နောက် ထန်ရှုက ခန်းရှကိုကြည့်ကာ
"တစ်ခုခုဝယ်စရာရှိလို့ ကိုယ့်နောက်ကို လိုက်ခဲ့ပေးဦး။"
“ကောင်းပြီ။”
ခန်းရှက ခပ်ဖွဖွ ပြုံးလိုက်သည်။
ရွှဲ့ချောင်တို့ဇနီးမောင်နှံအား နှုတ်ဆက်ပြီးနောက် သူမနှင့်ထန်ရှုတို့သည် အိမ်ထဲမှ ထွက်ပြီး ကားဂိုဒေါင်ထဲမှ အလျဉ်းသင့်သော ကားတစ်စီးကို ယူကာ မောင်းနှင်ထွက်ခွာသွားကြသည်။
“ယောကျ်ား … ဒါ ကားကောင်းတစ်စီးပဲနော်။”
တံခါးရှေ့မှာရပ်နေသည့် တုကျွမ်က ရွှဲ့ချောင်အား လှည့်ကြည့်ကာ ပြောလိုက်သည်။
"နောက်တော့ မင်းကို ငါ ကားကောင်းတစ်စီး ဝယ်ပေးမယ်။"
ရွှဲ့ချောင်က ပြုံးပြုံးကြီး ပြောလိုက်သည်။
“အပြောကတော့ ရွှေမန်းပဲ။”
တုကျွမ်က အပြုံးဖြင့် ပြန်ပြောရင်း မီးဖိုချောင်ဆီ ပြန်သွားကာ ပန်းကန်များအား စတင် ဆေးကြောတော့သည်။
မနက်ပိုင်းတစ်ပိုင်းလုံးတွင် ထန်ရှုသည် ခန်းရှအား စတိုးဆိုင်များစွာသို့ ခေါ်ဆောင်သွားပြီး အဝါရောင်စက္ကူ၊ ဟင်္သာပြဒါး၊ မင်စုတ်တံနှင့် အခြားပစ္စည်းများကို များစွာ ဝယ်ယူခဲ့သည်။ သူတို့ ဖြတ်သွားသော စတိုးဆိုင်များတွင် ရှိသမျှအရေအတွက်အားလုံးကို ဝယ်ယူသည်။ နောက်ဆုံးတွင် ကား၏ပစ္စည်းများထည့်သော အခန်းတစ်ခုလုံးသည် ပြည့်ကျပ်နေခဲ့ပြီး အချို့အား အနောက်ထိုင်ခုံတွင်ပင် ထည့်ထားရသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် တောင်ပိုင်းလွင်ပြင်အိမ်ရာသို့ အတူသွားကြသည်။
"သူဌေး၊ ဒီနေရာက ဘာလဲ"
ခန်းရှသည် စူးစမ်းလိုသောအမူအရာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမ၏ အကြည့်များသည် နောက်ဆုံးတွင် တန်ဖိုးကြီးအိမ်အရှေ့သို့ ကျရောက်သွားပြီး မေးလိုက်မိတော့သည်။
"ဒါက ရှန်ဟိုင်းမှာ ကိုယ် ပိုင်ဆိုင်တဲ့ နောက်ထပ်အိမ်တစ်လုံးပဲ။ ဒီတစ်ခေါက် လုပ်ရမယ့်အရာက တော်တော်အရေးကြီးတယ်။ ဒါကြောင့် ဒီနေရာမှာလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ။" ထန်ရှုက ရှင်းပြသည်။
"သူဌေး… ရှန်ဟိုင်းမှာ အိမ်ခြံမြေတွေ အများကြီး နင့်ဆီမှာ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး။" ခန်းရှ အံ့သြသွားသည်။
ထန်ရှုက ရယ်ပြီး
"အဒေါ်က ဝယ်ပေးတာရယ် တစ်ချို့က အဖေ နည်းနည်းဝယ်ထားတာရယ်။ ကိုယ်က အဲ့ဒါတွေအတွက် တစ်ပြားတစ်ချပ်မှ မကုန်သလို ရဖို့လည်း ဘာမှ မလုပ်ထားဘူး။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း မင်း ရှန်ဟိုင်းကို လာဖို့ အချိန်ရရင် ဒီသော့တွေကို ယူသွားပြီး လျှောက်ကြည့်လိုက်။ မင်း ကြိုက်တဲ့နေရာမှာ နေနိုင်တယ်။"
"နင်က ငါ့ကို စာဝါငှက်တစ်ကောင်လို ပြုစုပျိုးထောင်နေသလိုမျိုး ငါ ဘာလို့ခံစားရတာလဲ။ ဒါပေမယ့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို စီမံခန့်ခွဲဖို့ တခြားတစ်ယောက်ယောက်ကို နင် ရှာနိုင်ရင် နင့်အတွက် စာဝါငှက်လေးတစ်ကောင် ဖြစ်လာတာက ငါ့အတွက် အဆင်ပြေတယ်။ တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ပိုလှအောင် လုပ်နိုင်လာမယ်၊ ပန်းပင်တွေ သစ်ပင်တွေ စိုက်မယ်၊ ဟင်းချက်သင်တန်းတက်ပြီး ချက်ပြုတ်တာကို သင်ယူမယ် ... လူတွေပြောကြတဲ့ စကားတစ်ခု ရှိတယ်မဟုတ်လား။ လူတစ်ယောက်ရဲ့ နှလုံးသားကို ချည်နှောင်ထားဖို့က သူ့ကို ကောင်းကောင်းမွန်မွန် အရသာရှိရှိ ချက်ပြုတ်ကျွေးမွေးရမယ်တဲ့။ ငါလည်း…”
"တော်ပြီ။"
ခန်းရှအား မျက်ဝန်းတောက်တောက်များဖြင့် ကြည့်လိုက်ပြီး ထန်ရှုက ခေါင်းယမ်းလိုက်ကာ နောက်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ထန်ရှုသည် ဝယ်ထားသမျှကို အောက်ချလိုက်ကာ တစ်ဆယ်စတုရန်းမီတာကျယ်သည့် ကားဂိုဒေါင်တွင် ထားလိုက်သည်။
ကားဂိုဒေါင်တံခါးသည် နေရောင်ထွက်သည့်ဘက်နှင် မျက်နှာမူထားပြီး သာမန်ကားဂိုဒေါင်ထက် အမိုးမြင့်ကာ ပိုကြီးသောကြောင့် ထန်ရှုသည် လက်နက်တန်ဆာများကို သန့်စင်ရန် ဤနေရာအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နေ့လယ်စာစားပြီးနောက် ကုန်တင်ကားလေးစီးသည် အိမ်ရာအဆောက်အအုံအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ အိမ်၏အရှေ့တံခါးရှေ့တွင် ကားရပ်ပြီးနောက် ချီနန်သည် ထရပ်ကားလေးစီး၏ အနောက်တွင် ပါလာသော သူမ၏ပြိုင်ကားလေးပေါ်မှ ဆင်းလာခဲ့သည်။
"နင် လိုချင်တဲ့ ပစ္စည်းတွေ အကုန်ဝယ်ပြီးပြီ သူဋ္ဌေး။"
ချီနန်က ထန်ရှုဆီသို့ လာကာ သတင်းပို့သည်။
“ဒါပေမယ့် အရေအတွက်က နည်းနည်းများတဲ့အတွက် ကုန်စည်ကားလေးစီးစာရှိပါတယ်။
"အလုပ်သမားတွေကို ကုန်ပစ္စည်းအရင်ထုတ်ခိုင်းပြီး ပစ္စည်းတွေကို ကားဂိုဒေါင်ထဲ ဆန့်သလောက်ထည့်ပါ။ ကျန်တဲ့ထရပ်ကားတွေကို ခြံထဲမှာ ရပ်နားထားလိုက်။" ထန်ရှုက ပြောသည်။
ချီနန်က လိုက်နာသည်။ ထို့နောက် အလုပ်သမားတစ်ဒါဇင်ကျော်က ပစ္စည်းများအား အတွင်းသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ထို့နောက် သူမက ထန်ရှုအနားသို့ ရောက်ရှိလာပြီး စူးစမ်းလိုက်သည်။
"သူဌေး၊ ဒီပစ္စည်းတွေ အများကြီးနဲ့ ဒီအိမ်ကြီးကို ပြန်ဆောက်ချင်လား ဒါမှမဟုတ် တစ်ခုခု ဆောက်ချင်တာလား။"
ထန်ရှုက ပြုံးလိုက်ပြီး
“မဟုတ်ဘူး။ အများကြီး မမေးနဲ့ဦး။ နောက်နှစ်ရက်ကြာမှာ နောက်ထပ် ကုန်ကားလေးစီး ပို့ပေးဦး။ ဒီအရေအတွက်တိုင်းပဲ။”
***