← Chapters

အောင်မြင်သော ဖန်တီးမှု

Vol. 08 Ch. 393

အောင်မြင်သော ဖန်တီးမှု

Vol. 08 Ch. 393

တောင်ပိုင်းလွင်ပြင်အိမ်ရာရှိ ထန်ရှု၏ ကားဂိုဒေါင်ထဲတွင် အပူလှိုင်းများနှင့် မီးတောက်များ ထွက်ပေါ်လာသည်။ ထန်ရှု၏ ဗလာကျင်းနေသော ကိုယ်ခန္ဓာအထက်ပိုင်းသည် ချွေးများ စီးကျလျက်ရှိပြီး သူ၏လက်များသည် စက်များသဖွယ် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုထဲသို့ ပစ္စည်းများအား အဆက်မပြတ် ပစ်ထည့်နေသည်။

သူ၏စိတ်ဝိညာဉ်အာရုံထိန်းချုပ်မှုအောက်တွင် သံ၊ ကြေးနီအဆီအနှစ်၊ သတ္တုရိုင်းနှင့် အခြားပစ္စည်းများသည် မီးဖိုထဲသို့ပစ်ထည့်ခံရပြီးနောက် သတ္တုရောအရည်အဖြစ် အရည်ပျော်သွားခဲ့သည်။ ထိုအရာများသည် မြင့်မားသော အပူချိန်နှင့်အတူ အငွေ့ပျံသွားကြပြီး ၈ဂိတ်ကြိုးအရွယ် အဆီအနှစ် ကျန်ရှိနေခဲ့သည်။

"ဘယ်လောက်တောင် ကောင်းလိုက်တဲ့ မီးဖိုကြီးလဲ။"

ထန်ရှု၏ မျက်နှာပေါ်ရှိ အပြုံးသည် လျော့မသွားပေ။ အင်မော်တယ်ကမ္ဘာမှ သည်နတ်ဆိုးဘုရားဝိညာဉ်မီးဖိုသာ သူ့ထံတွင်ရှိပါက လက်နက်တန်ဆာများ သို့မဟုတ် ဆေးလုံးများ သန့်စင်ခြင်းဖြင့် သူ၏ စွမ်းဆောင်ရည်သည် အဆများစွာ တိုးတက်လာမည်ဟု သူယုံကြည်သည်။

"ချီနန် … သူတို့ကို ပစ္စည်းတွေ ဒီကို ရွှေ့လာဖို့ ပြောပါ။"

“ကောင်းပါပြီ။”

အလိုအလျောက်စနစ်တံခါး ပွင့်သွားသဖြင့်  တဟုန်ထိုးထွက်လာသော အပူလှိုင်းကြောင့် ချီနန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူမ၏လှပသော မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်သော အကြည့်တစ်ချက် ဖြစ်ပေါ်လာသည်။

"သူဋ္ဌေး…ဒီလောက်မြင့်မားတဲ့ အပူချိန်မှာ အကြာကြီးနေနေတာ အဆင်ပြေရဲ့လား။"

ထန်ရှု၏ စွမ်းရည်ကို သိသော်လည်း ချီနန်သည် အပူလှိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ကားဂိုဒေါင်ထဲသို့ ဝင်လာကာ အော်မေးလိုက်သည်။

မီးဖိုအတွင်းရှိ အပူချိန်ကို မဆိုထားဘိ ကားဂိုဒေါင်အတွင်းရှိ အပူချိန်သည်ပင် 50ºC ကျော်လောက်သည်ကို ချီနန် ခံစားမိသည်။ အခန်းတွင်းရှိ မီးချောင်းများပင် ကျွမ်းသွားခဲ့ပေရာ အပူချိန် မြင့်မားမှုသည် ဓာတ်အားလိုင်းတွင် ပြဿနာဖြစ်စေကြောင်း သိသာစေသည်။

ထန်ရှုကပြုံးပြီး

"ကိစ္စမရှိဘူး။ ဒီအပူချိန်က ငါ့ကို မထိခိုက်စေပါဘူး။ အချိန်မဖြုန်းနဲ့တော့။ သူတို့ကို ပစ္စည်းအားလုံးကို အတွင်းထဲ ရွှေ့ခိုင်းပါ။ သယ်ရမယ့်ပစ္စည်းတွေက အရမ်းများရင် နောက်ထပ်လူတွေ ထပ်ခေါ်လိုက်ပါ။”

“သူဌေး ဒီအလုပ်က တကယ်ကြီးတယ်။ ငါ နောက်ထပ်လူတွေကို ခေါ်လိုက်မယ်။ ဒီမီးဖိုက ပစ္စည်းတွေ အများကြီးကို မျိုလိုက်နိုင်တာလား။"

"ဒီနေရာမှာ ကားတစ်စီးရဲ့တန်ဖိုးကြီးတဲ့ ပစ္စည်းတွေရှိတယ် … မပျောက်ကွယ်သေးဘူး မဟုတ်လား။ ဒီလိုပဲ မင်း စိတ်ပူစရာလိုတဲ့ အရာတွေအတွက်ပဲ စိတ်ပူပါ။ စိတ်ပူစရာမလိုတဲ့ အရာတွေအတွက် မပူပါနဲ့။"

“ကောင်းပါပြီ။” ချီနန်က နာခံကာ လေးစားစွာ ခေါင်းညိတ်သည်။

အချိန်များ ကုန်လွန်သွားပြီး ခြောက်ရက်သည် တခဏချင်း ကုန်ခဲ့ပြီဖြစ်သည်။ ဤခြောက်ရက်အတွင်း ထန်ရှုသည် စားသောက်ခြင်း သို့မဟုတ် အိပ်စက်ခြင်း လုံးဝမရှိလုနီးပါးဖြစ်ကာ နတ်ဆိုးဘုရားဝိညာဉ်မီးဖိုထဲရှိ သန့်စင်ခြင်းလုပ်ငန်းစဉ်ကိုသာ စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူ ဝယ်ယူထားသော မူလပစ္စည်းများအားလုံးကို အပြည့်အဝအသုံးပြုခဲ့ပြီးပြီ ဖြစ်သောကြောင့် နတ်ဆိုးဘုရားဝိညာဉ်မီးဖိုအတွင်းတွင် အရွယ်ရောက်ပြီးလူတစ်ယောက်၏လက်သီးအရွယ် အဆီအနှစ်တစ်ခုသာ ကျန်ခဲ့တော့သည်။

"ဒီလိုအခွင့်အရေးမျိုး ထပ်မဖြစ်တော့ဘူး။"

ထန်ရှုသည် မျက်ခုံးတွန့်ကာ ကားဂိုဒေါင်အပြင်ဘက်သို့ ကြည့်လိုက်သည်။ ကောင်းကင်ယံအောက် ညဉ့်နက်နက်တွင် ထာဝရခန်းမ၏ အဓိကအဖွဲ့ဝင်ဆယ်ဦးကျော်သည် အမှန်တကယ်ပင် မောပန်းနွမ်းနယ်စွာဖြင့် အသက်ပြင်းစွာရှုရှိုက်ကာ မြေပြင်ပေါ်တွင်ထိုင်နေရသည်။ သူတို့သည် ပင်ပန်းလွန်းလှသဖြင့် လက်ချောင်းများကိုပင် မ မနိုင်တော့ပါချေ။

"ချီနန် … အရင်က ငါပေးထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး သူတို့ကို တတ်နိုင်သမျှ မြန်မြန်လာဖို့ ပြောပါ။”

ထန်ရှုသည် မျက်မှောင်ကြုတ်လိုက်ပြီး ကားဂိုဒေါင်အပြင်ဘက်ရှိ ချီနန်အား ကြည့်သည်။

"ကောင်းပါပြီ။"

မိနစ်အနည်းငယ်ကြာပြီးနောက် ချီနန်က ဖုန်းဆက်လိုက်သည်။ ထိုသူတို့အား ဆက်သွယ်ပြီးနောက် ထိုလူများသည် ထရပ်ကားဖြင့် အပြေးအလွှားထွက်လာကြပြီး အိမ်ရာအပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ချီနန်က သူမ၏ကားကို မိုင်ကုန်မောင်းကာ ထိုလူများအား သွားခေါ်လာခဲ့သည်။

"သူတို့ကို အထဲကို ရွှေ့လိုက်ပါ။"

ဘန်ရှို့ကိုတွေ့သောအခါ ထန်ရှုသည် ချက်ချင်း ပြောလိုက်သည်။

ထန်ရှုအား ပြန်တွေ့ရသဖြင့် ဘန်ရှို့သည် စိတ်လှုပ်ရှားနေသော်လည်း အခြေအနေအရ ယခုအချိန်တွင် သူ၏စိတ်လှုပ်ရှားမှုအား ထိန်းထားနိုင်ခဲ့သည်။ သူသည် ထရပ်ကားတံခါးအား အမြန်ဖွင့်ကာ ပေါင်ရာနှင့်ချီ အလေးချိန်ရှိသည့် ကောင်းကင်သဲကျောက်တုံးအချို့အား ရွှေ့လိုက်သည်။

"ဒါတွေကို ဘယ်မှာထားမလဲ သူဋ္ဌေး" ဘန် ရှို့ သည် မြင့်မားသော အပူချိန်ကို ခံနိုင်ရည်ရှိပြီး မေးလိုက်သည်။

“သူတို့ကို မြေကြီးပေါ်မှာ ထားလိုက်ပါ။ မင်းရဲ့အလုပ် ပြီးသွားပြီ။ အခုသွားတော့။ ရှန်ဟိုင်းကို ရောက်ပြီဆိုမှတော့ နှစ်ရက်လောက် ပျော်ပျော်နေပြီးမှ မင်းရဲ့ တခြားအလုပ်တွေကို ဆက်လုပ်။"

“သူဋ္ဌေးကို သတင်းမပို့ရသေးတာတွေ ရှိသေးတယ်။ ပြီးမှပဲ သတင်းပို့ရင်ရော ဘယ်လိုလဲ။"

ထန်ရှုက ခေါင်းညိတ်ပြပြီး သူတို့ထွက်သွားတာကို စောင့်ကြည့်ပြီးနောက် မဆိုင်းမတွဘဲ ကောင်းကင်သဲကျောက်များအား နတ်ဘုရားစိတ်ဝိညာဉ်မီးဖိုထဲသို့ ပစ်ချလိုက်သည်။

နှစ်နာရီကြာပြီးနောက် ထန်ရှု၏သွင်ပြင်သည် ပို၍လေးနက်လာသည့်အသွင် ဖြစ်လာသည်။ ကားဂိုဒေါင်တံခါးကိုပိတ်ပြီးနောက် သူသည် ဆောင်းဦးဒီရေကျောက်နှင့် ကြယ်အပိုင်းအစကျောက် တစ်ခုစီအား မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ဧကရာဇ်လေဟုန်နည်းစနစ်အား ထုတ်လွှတ်လိုက်ပြီး   လေထဲ၌ ခြေဖျားထောက်ကာ လွင့်မျောနေလျက် သူ၏လက်ဖဝါးများသည် စည်းတံဆိပ် ချိတ်ပိတ်ခြင်းအား ဆက်လက်ပြုလုပ်နေပေရာ စည်းတံဆိပ်ချိတ်ပိတ်ခြင်းများသည် သွေးပြန်ကြောပုံစံများသဖွယ် စည်းမျဉ်းများ ဖြစ်ပေါ်လာသည်။

စည်းမျဉ်းလိုင်းများသည် လှည့်ပတ်ပြီးနောက် အိုးအတွင်းရှိ ပစ္စည်းများဆီသို့ ဝင်သွားသည် ။ ထို့နောက် ကြယ်အစီအရင်စနစ်သည် အဆီအနှစ်ကို ထုတ်ယူပြီး ပြင်းထန်တင်းကျပ်သော အော်ရာအား ထုတ်လွှတ်တော့သည်။

"နောက်ဆုတ်။ မြန်မြန် အနောက်ကိုသွား။"

ချီနန်နှင့် ကြံ့ခိုင်သောလူများစွာတို့သည် မွန်းကြပ်သွားစေသော အော်ရာတစ်ခုအား ရုတ်တရက် ခံစားလိုက်ရသောကြောင့် အိမ်အပြင်ဘက်သို့ အမြန်ပြေးထွက်လာကြသည်။ အိမ်ထဲမှ ဆယ်မီတာကျော်အကွာထိ ဆုတ်ခွာလာပြီးနောက် မတ်တတ်ရပ်ကာ တောင့်တင်းသောအမူအရာများဖြင့် ပြန်လှည့်ကြည့်မိကြသည်။

"အကြီးအကဲနန် ဘာဖြစ်တာလဲ" လူတစ်ယောက်က လျင်မြန်စွာ မေးလိုက်သည်။

“မမေးနဲ့။ နင် မမေးသင့်ဘူး။”ချီနန်က ကြိမ်းမောင်းလိုက်သည်။

“သူဌေးက အစောထဲက အမိန့်တစ်ခု ထုတ်ထားတယ်။ သူဘာလုပ်နေတယ်ဆိုတာ မပြောရဘူး။ ဒီနေရာမှာ ဘာမှမဖြစ်သလိုပုံစံပဲနေပါ။"

“ကောင်းပါပြီ။” ကြံ့ခိုင်သောလူက ခေါင်းညိတ်သည်။

ချီနန်သည် အိမ်ခြံဝင်းအပြင်ဘက်တွင် ရပ်ကာ အိမ်ရှေ့တံခါးမှတဆင့် အတွင်းဘက်သို့ ကြည့်နေစဉ် သူမ၏မျက်လုံးများ အရောင်လက်လာသည်။ မထင်မှတ်ပဲ ပြင်းထန်သော ဖိနှိပ်မှု အရှိန်အဝါဖြစ်လာတောင် ထန်ရှုသည် အပြင်ထွက်မလာခဲ့ဘူးလား။ သူမ လွန်စွာ သိချင်နေမိသည်။ သူမ၏သည်သူဋ္ဌေးသည် ဘယ်လောက်တောင် အားကောင်းလိုက်လေလဲ။ သူ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းစနစ်များစွာ ဘယ်လောက် ရှိနိုင်လေမလဲ။

ထန်ရှုသည် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖို၏အရှေ့ရှိ လေထဲတွင် လွင့်မျောနေသည်။ သူ၏ ကြယ်စွမ်းအားသည် လက်သီးဆုပ်အရွယ် အရာဝတ္ထု အစုအဝေးထဲသို့ ဝင်ရောက်သွားသောအခါတွင် သူ၏ အမူအရာမှာ အထူးလေးနက်လာခဲ့သည်။ ဗလာအက်ကြောင်းကျောက်တုံးအား မြဲမြံစွာကိုင်ဆောင်လျက် သူ၏ပုံသဏ္ဍာန်သည် လျှပ်စီးတန်း၏အလင်းသဖွယ် ကားဂိုဒေါင်၏ ထောင့်စွန်းသို့ လျင်မြန်စွာ ရောက်သွားသည်။

“သို လှောင်လက်စွပ်ကို သန့်စင်ဖို့ဆိုရင် ဗလာအက်ကြောင်းကျောက်တုံးတစ်ခု လိုတယ်။ ဒီမှာ လိုအပ်တဲ့ပစ္စည်းတွေ အများကြီးရှိလို့ ဓားမြှောင်တစ်ချောင်းလည်း ငါ လုပ်လို့ရတယ်။”

အဆီအနှစ်အခဲအား သန့်စင်ပေးနေရင်း ထန်ရှု၏အတွေးများ မြန်ဆန်လာသည်။ ထန်ရှု၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ပုံသဏ္ဍာန်နှင့်အညီ ပစ္စည်းများ တဖြည်းဖြည်း ပုံပေါ်ပြောင်းလဲလာသည်။ ပြီးပြည့်စုံသော ဓားမြှောင်ပုံသဏ္ဍာန်တစ်ခုအား  ဖွဲ့စည်းပြီးသည့်အခါ ထန်ရှုသည် အစီအရင်လိုင်းများအား သူ၏လက်ဖဝါးဖြင့် ပုတ်လိုက်သည်။

“စုစည်းလိုက်စမ်း…”

လေသံနှိမ့်နှိမ့်ဖြင့် အော်လိုက်ပြီး ထန်ရှု၏လက်ချောင်းသည် အနည်းငယ် လှုပ်ရှားသွားသည်။ ချက်ချင်းပင် ဓားမြှောင်၏ နောက်ကျောမှ အစက်အပြောက်ပုံစံများ ထင်ရှားခိုင်မာလာသဖြင့် နက်ရှိုင်းသော သွေးလမ်းကြောင်းများ ရစ်ခွေထွက်ပေါ်လာသည်။ ထန်ရှု၏စိတ်ဝိညာဉ်အာရုံသည် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုမှ ဆုတ်ခွာသည်။ ထို့နောက် တုန်ခါနေသော အသံတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ခုသည် မီးဖိုထဲမှ လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာကာ ထန်ရှု၏အရှေ့တွင် ငြိမ်သက်စွာ လွင့်မျောနေသည်။

…ရွှစ်…

ထန်ရှုသည် သူ၏ဓားဖြင့် လက်ချောင်းအား အသာလှီးလိုက်ကာ သွေးများကျစေသည်။ ပုံဖွဲ့ကာ ဖြစ်ပေါ်လာသော ဓားမြှောင်ထဲသို့ သူ၏သွေးများ ရောနှောသွားသည့်အခိုက်တွင် သူနှင့် ထိုချွန်မြသော ဓားမြှောင်တို့ကြားရှိ ဆက်စပ်မှုကို ထန်ရှု ခံစားနိုင်သွားကာ သူ၏လက်ချောင်းများကဲ့သို့ပင် အလွယ်တကူ ထိန်းချုပ်နိုင်သည်ဟု ခံစားမိပေသည်။

"ဗလာအက်ကြောင်းကျောက်တုံး…"

ထန်ရှုသည် သူ၏ထိုဓားမြှောင်အား သွေးသောက်ဓားဟု အမည်ပေးလိုက်သည်။ ထို့နောက် သူသည် အာရုံစူးစိုက်ကာ ဗလာအက်ကြောင်းကျောက်တုံးအား နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုအတွင်းသို့ ပစ်ထည့်လိုက်သည်။ သူ၏လက်ဖဝါးသည် မီးဖိုအား ထပ်ခါထပ်ခါ ရိုက်ပုတ်လိုက်ချိန်တွင် ကျန်ရှိသော အဆီအနှစ်အတုံးသည် တဖြည်းဖြည်း ကျုံ့လာပြီး ဗလာအက်ကြောင်းကျောက်တုံးသည် ၎င်းအတွင်းသို့ ပျော်ဝင်သွားတော့သည်။

ထိုနောက် ထန်ရှု၏အမူအရာသည် လှုပ်ရှားသွားကာ ချက်ချင်းပင် သူ၏လက်များအား ဖြန့်လိုက်သည်။

"အတွေးတစ်ခုနဲ့ သုံးခုကို ထိန်းချုပ်မယ်။"

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီနေခဲ့သည်။ ထိုအချင်းအရာသည် အင်မော်တယ်ကမ္ဘာမှ ကမ္ဘာမြေသို့  သူပြန်ရောက်လာသည့်အချိန်နှင့် အလားတူသည်။ ကမ္ဘာမြေပေါ်တွင် သူ၏ပထမဆုံးသော လက်နက်တန်ဆာသန့်စင်မှုသည် သူ တွေးထားသည်ထက် ပိုမိုခက်ခဲလှပေသည်။ သူ၏ကြွက်သားများ တဆတ်ဆတ် တုန်ရီနေကာ သူ၏သွေးကြောများ ဖောင်းထွက်လာခဲ့သည်။ သူ၏ ဒန်တျန်ထဲရှိ တွင်းနက်သည် နောက်ဆုံးတွင် ကြယ်စွမ်းအားများ ထုတ်လွှတ်ပေးနေခြင်းမှ ဗြုန်းကနဲ ရပ်တန့်သွားခဲ့ပေသည်။

"ဖြန့်ထုတ်ပြီးဖွင့်လိုက်စမ်း။"

မီးဖိုအတွင်းရှိ အရာဝတ္ထုသည် သီးခြားအဆီအနှစ်သုံးမျိုးအဖြစ် ပေါင်းစပ်သွားသဖြင့် ထန်ရှု၏လက်ဖဝါးသည် မီးဖိုအား ဆက်လက်ရိုက်ပုတ်လျက် ရှိသည်။ သူ၏အရှိန်သည် တဖြည်းဖြည်းနှင့် မြန်သည်ထက်ပိုမြန်လာပြီး သူ၏လက်နှင့် လက်ဖဝါးများ၏ လှုပ်ရှားမှုအား သာမန်မျက်လုံးများဖြင့် ကြည့်ကာမမှီနိုင်တော့ချေ။ ထို့နောက်တွင် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုမှ ထွက်ပေါ်လာသည့် ဖိနှိပ်နိုင်စွမ်းရှိသော အော်ရာသည်လည်း ပိုမိုပြင်းထန်လာခဲ့ချေသည်။

အဆုံးတွင် ချီနန်နှင့် အပြင်ဘက်သို့ ခြေလှမ်းရာနှင့်ချီ ဆုတ်ခွာသွားရသည့် အခြားသူများသည် ဒဏ်မခံနိုင်တော့ပါပေ။ နေအိမ်အနီးတဝိုက်တွင် နေထိုင်သောသူများသည်လည်း ယခုအချိန်တွင် ဖိအားပေးလာသော မွန်းကြပ်သည့်ဒဏ်အား  ခံစားလာရသည်။ ထိုသူများသည် အိမ်မှ ပြေးထွက်ကာ အဝေး မှကြည့်ရှုကြသည်။ သတ္တိရှိသော ကြံ့ခိုင်သည့် အမျိုးသားအချို့နှင့် အခြားလူများသည် ချီနန်ဆီသို့ အကြောင်းရင်းအား လာရောက်မေးမြန်းကြသည်။

…ခရက်…

ထန်ရှုသည် ထိုသန့်စင်မှုအတွင်းသို့ အားကုန်ထည့်ကာပြုလုပ်နေရင်း သူသည် သိုလှောင်လက်စွပ်သုံးခုအား တစ်ပြိုင်နက် သန့်စင်ခဲ့သည်။ လက်စွပ်၏အတွင်းပိုင်းအား တစ်ဆယ်စတုရန်းမီတာကျော်အထိ ချဲ့ထွင်ထားသောကြောင့် တိုးချဲ့ရန် မဖြစ်နိုင်တော့ပေ။ ထန်ရှု၏မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု လင်းလက်လာပြီး

လျှပ်စစ်ဓာတ်အားမှ မိုးကြိုးအား ချေးယူဆွဲထုတ်လိုက်သောကြောင့် နောက်ဆုံးတွင် သိုလှောင်လက်စွပ်အတွင်း နေရာနှစ်ဆ တိုးလာခဲ့သည်။

ချက်ချင်းပင် သူ၏ထိန်းချုပ်မှုအောက်တွင် သိုလှောင်လက်စွပ်နှစ်ကွင်းအား နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုမှ ထုတ်ယူသည်။ ထို့နောက် သူသည် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုအတွင်းရှိ နောက်ဆုံးသိုလှောင်လက်စွပ်ပေါ်တွင် သူ၏စိတ်ဝိညာဉ်အာရုံအား စူးစိုက်လိုက်သည်။

သူ၏စိတ်ဝိညာဉ်အာရုံသည် သိုလှောင်လက်စွပ်ပေါ်တွင် အာရုံစိုက်နေချိန်တွင် ထန်ရှု၏စိတ်ထဲတွင် အတွေးများ ဖြစ်ပေါ်နေသည်။

…ငါ့ရဲ့ကျင့်ကြံ့မှုအဆင့်က အလွန်နိမ့်သေးသလို ငါ ဖန်တီးနိုင်တဲ့ ဂါထာမန္တန်ကလည်း နည်းလွန်းသေးတာပဲ။ ငါ့ရဲ့စိတ်ဝိညာဉ်အာရုံကို အပိုင်းသုံးပိုင်းခွဲထားပြီး လျှပ်စစ်ဓာတ်အားကနေ မိုးကြိုးချေးပြီးလုပ်တာတောင် သိုလှောင်လက်စွပ်အတွင်းထဲက နေရာကို

၂၀ စတုရန်းမီတာလောက်ပဲ ငါ ချဲ့နိုင်တယ်။ သေးလွန်းတယ် … အရမ်းကို သေးလွန်းတယ်။…

…ငါ့မှာ ရှိသမျှအရာရာကို ဒီလက်စွပ်သန့်စင်တဲ့အထဲ ထည့်ထားတာဆိုတော့ အတွင်းထဲမှာ နှစ်ဆလောက်တော့ နေရာကျယ်လာသင့်တာပေါ့။ ငါ အခု ဖန်တီးထားတဲ့ ဂါထာမန္တန်တွေနဲ့ဆို ကြီးမြတ်တဲ့ အစောင့်၄ပါးသင်္ကေတအစီအရင်ကို ဖန်တီးနိုင်မှာပဲ။ ဒီအစီအရင်ကို ပုံဖော်တာက သူ့ဘာသာသူကို အဓိကပြဿနာဖြစ်နေပေမယ့် သိုလှောင်လက်စွပ်အတွင်းထဲ နေရာလွတ်များစွာကို ဖန်တီးပေးနိုင်တယ်။…

….ကြိုးစားကြည့်ရအောင်။ ပြီးရင် ရလဒ်ဘယ်လိုရှိမလဲဆိုတာ  ကြည့်ရမယ်…

တစ်ခဏမျှ တွေးတောပြီးနောက် ထန်ရှုသည် ချက်ချင်းပင် စတင်လုပ်ဆောင်လိုက်သည်။ သို့သော်လည်း သိုလှောင်လက်စွပ်အတွင်း ကြီးမြတ်သော အစောင့်၄ပါးအစီအရင်အား ရေးဆွဲလိုက်သည့်အခါ သူ တွေးထင်ထားသည်ထက် ပိုမိုခက်ခဲချေသည်။ တဖြည်းဖြည်း သူ၏စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးလုနီးပါး ဖြစ်လာချိန်တွင် ရေးထိုးမှုပြီးဆုံးခဲ့သည်။

“အောင်မြင်ပြီကွ…”

ထန်ရှု၏သွင်ပြင်သည် အတော်ပင် ဖြူဖျော့နေခဲ့ပြီဖြစ်သည်။ သူ၏နဖူးထက်၌ ပုတီးစေ့အရွယ်ခန့် ချွေးသီးများ သီးကာ တစ်ပေါက်ပေါက် ကျနေလျက်ရှိသည်။ သူ၏လက်များ ဝှေ့ယမ်းလိုက်သည့်ခဏ သိုလှောင်လက်စွပ်သည် မီးဖိုထဲမှ ထွက်လာကာ သူ၏အရှေ့တွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်။

…ငါ ရှုံးနိမ့်လုနီးပါးပဲ။ ပြီးခဲ့တဲ့ရက်က ကျင့်ကြံမှုအဆင့် တက်ပြီး စိတ်ဝိညာဉ်စွမ်းအား အများကြီး မြင့်တက်သွားလို့သာ ကံကောင်းသွားတယ်။ နို့မဟုတ်ရင် လက်စွပ်၃ကွင်း သန့်စင်ဖို့အသာထား၊ ၁ကွင်းတောင် အနိုင်နိုင်ဖြစ်နေရော့မယ်။…

ထန်ရှုသည် သိုလှောင်လက်စွပ်တစ်ကွင်းအား ဝတ်ဆင်လိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သည်သိုလှောင်လက်စွပ်အား သူ အတော်ပင် ကျေနပ်အားရမိသည်။ အားလုံးပြီးဆုံးသွားသည့်နောက်တွင် သည်လက်စွပ်အတွင်းပိုင်းသည် စတုရန်းမီတာ ရာနှင့်ချီကာ ကျယ်ဝန်းခဲ့ပြီး အရာဝတ္ထုများ တန်နှင့်ချီကာ သိုလှောင်နိုင်ပေသည်။ ထို့ပြင် သူ၏ကျင့်ကြံမှု မြင့်တက်လာပါက သည်လက်စွပ်အား ထပ်မံသန့်စင်ပြီး အတွင်းပိုင်းအကျယ်အဝန်းအား အဆက်မပြတ် ကောင်းစွာ တိုးချဲ့နိုင်ပေသည်။

“ငြိမ်းသွားတော့…”

ထန်ရှုသည် သူ၏လက်အား ဝှေ့ယမ်းလိုက်သဖြင့် အစစ်အမှန်မီးသင်္ကေတများသည် အလိုအလျောက် ငြိမ်းသွားတော့သည်။ သိပ်သည်းနေသော အပူချိန်သည်လည်း လျင်မြန်စွာပင် ပြယ်လွင့်သွားတော့သည်။

***

All Chapters