ကြီးမားသော အကျိုးရလဒ်များ
Vol. 08 Ch. 394
ကားဂိုဒေါင်သည် ရှုပ်ပွနေခဲ့သည်။ ထန်ရှုသည် လက်စွပ်ပေါ်သို့ သွေးတစ်စက်ချကာ သူ၏ပိုင်ဆိုင်မှု ဖြစ်စေလိုက်သည်။ ထို့နောက် သူသည် ကားဂိုဒေါင်အပြင်သို့ ထွက်လာခဲ့တော့သည်။ မူလက သန့်စင်ခြင်းအလုပ်သည် ထိုမျှကြီးမားသော ဆူညံမှုကြီးတစ်ခု ဖြစ်ပေါ်လိမ့်မည်ဟု ထင်မထားခဲ့သော်လည်း အိမ်ဝင်းအပြင်သို့ သူ ထွက်လာချိန်တွင် ချီနန် နှင့် ဒါဇင်နှင့်ချီသော ထာဝရခန်းမ၏ အဓိကအဖွဲ့ဝင်များအနီးတွင် အိမ်ရာအတွင်း နေထိုင်သူလူများစွာ စုရုံးနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်တွင်းမှ မချိပြုံး ပြုံးမိသည်။
“ချီနန်…ဒီကို လာ။”
အိမ်ခြံဝင်း၏အပြင်တွင် ရပ်ကာ ထန်ရှုသည် မီတာတစ်ရာအကွာတွင် ရှိသော ချီနန်အား လက် ဝှေ့ယမ်းပြလိုက်သည်။
ချီနန်၏ မျက်ဝန်းများ တောက်ပသွားသည်။ ဖိနှိပ်ထားသော အော်ရာ ပျောက်ကွယ်သွားသည်ကို သူမ ခံစားမိသည်။ ချက်ချင်းပင် သူမသည် ထာဝရခန်းမ၏ အမာခံအဖွဲ့ဝင်များအား လက်ဟန်ပြလိုက်ပြီး ထန်ရှုဆီသို့ ပြေးသွားလိုက်သည်။
"ပြီးသွားပြီလားသူဋ္ဌေး…" ချီနန်က ထန်ရှု၏မျက်နှာကို စူးစမ်းလိုသောအကြည့်ဖြင့် မေးသည်။
“ပြီးသွားပြီ။”
ထန်ရှုက ခေါင်းညိတ်ရယ်မောလိုက်ပြီး
"ဒါပေမယ့် အဲ့ဒီအဖြစ်အပျက်က အသေးအမွှားကိစ္စတစ်ခု ဖန်တီးလိုက်ပြီ မဟုတ်လား။"
ချီနန် ခေါင်းညိတ်လိုက်ရင်း
"ဟုတ်တယ်။ အနီးနားဝန်းကျင်အိမ်တွေမှာ နေထိုင်သူတွေက အဲ့ဒီဖိနှိပ်မှုအော်ရာကြောင့် အိမ်ထဲကနေ ထွက်ပြေးရတယ်လေ။ ငါတို့ရပ်တန့်လို့မရဘူးဆိုပြီးတော့တောင် တစ်ချို့တွေက သတင်းပို့လိုက်ကြသေးတယ်။ ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် ရဲတွေ ဒီကို မိနစ်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။”
"ငါသိပြီ။ ဒီမှာ ပြဿနာတွေကို ဖြေရှင်းလိုက်ပါဦး။ ငါ အရင်သွားနှင့်မယ်။ အားလုံးဆောင်ရွက်ပြီးရင် ဒီအိမ်ကြီးကို ကူပြီးရောင်းပေးပါဦး။" ထန်ရှုက ပြောသည်။
“ငါနဲ့ ထားခဲ့လိုက်ပါ။”
ချီနန်က လေးစားစွာ တုံ့ပြန်သည်။
ထို့နောက် ထန်ရှုသည် ခြံဝင်းဆီသို့ လျှောက်သွားကာ ကုတ်အင်္ကျီအား ဝတ်နေရင်း မေးသည် ။
"ပြီးခဲ့တဲ့ရက်အနည်းငယ်က ငါ အလုပ်များနေချိန်မှာ အရေးကြီးတာတွေ ရှိခဲ့သလား။"
"သူဋ္ဌေးရဲ့အမေက သူဋ္ဌေးဆီ ဖုန်းဆက်တယ်။ သူမက ရှန်ဟိုင်းကို ရောက်နေပြီး အခုကြယ်ပြာအိမ်ရာမှာ သူဋ္ဌေးကို စောင့်နေတယ်လို့ ပြောတယ်။ နောက်ပြီး အကြီးအကဲခန်းကလည်း သူဋ္ဌေးရဲ့အခြေအနေကို မေးဖို့ အကြိမ်ကြိမ်ဖုန်းဆက်တယ်။ နတ်ဘုရားဝတ်ရည်ဝိုင်က အတော်ရေပန်းစားနေပြီး ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေ အကုန်ရောင်းကုန်ပြီဆိုတာ သူဋ္ဌေးကို ပြောပြပေးစေချင်နေတယ်။ အဲ့ဒါ့အပြင် သူဋ္ဌေးရဲ့ဆန္ဒမပါဘဲ လျှို့ဝှက်အမှာစာတွေကို သူမ လက်ခံရဲပါဘူးတဲ့။ အာ…ဟုတ်သားပဲ။ လုံကျန့်ယုကလည်း ဖုန်းခေါ်ဆိုထားသေးတယ်။ သူဋ္ဌေးနဲ့ ဆွေးနွေးချင်ဖို့ အရေးကြီးတဲ့ အရာတွေ ရှိတယ်ဆိုပြီး လိုက်ရှာနေတယ်။"
ထန်ရှုက ကားသော့ကို ကိုင်ကာ မောင်းသူထိုင်ခုံတွင် ဝင်ထိုင်ပြီးနောက် ချီနန်ထံမှ သူ၏လက်ကိုင်ဖုန်းကို ပြန်ယူလိုက်ပြီး
“အိုကေ။ ငါ နားလည်ပြီ။ ငါ သူတို့ကို နောက်ပြီးတော့ ဆက်သွယ်လိုက်မယ်။"
ထန်ရှုက ကားကိုစပြီး မောင်းထွက်သည်။ သည်အိမ်မှ ကြီးမားသော အကျိုးကျေးဇူးကို ရယူပြီးနောက် သည်အိမ်ကြီးမှ သူ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ ထို့နောက် စီးကရက်တစ်လိပ်ကို မီးညှိကာ နှစ်ဖွာခန့် အမြန် ဖွာထုတ်လိုက်သည်။ သည်ဟာသည် သူ၏စဉ်းစားရလွန်းသဖြင့် ဖြစ်ပေါ်လာသော ခေါင်းပူမှုတွေအား ဖြေလျှော့ရန်အတွက်ဖြစ်သည်။ ထို့နောက်တွင် လုံကျန့်ယုအား ဖုန်းခေါ်ကာ ကြိုးမဲ့နားကြပ်ကို နားတွင် တပ်ဆင်လိုက်သည်။
"မင်း ငါ့ကို ရှာနေတယ်ဆို။"
ဖုန်းထဲမှ လုံကျန့်ယု၏အသံ ထွက်လာသည်။
"ထန်ရှု…မင့်အသံ ကြားရတာ ငါ အတော် နေလို့ ကောင်းသွားတယ်။ ငါ မင်းကို လွန်ခဲ့တဲ့ ရက်တွေကတည်းက ရှာနေတာ။ ကိစ္စတချို့ ဆွေးနွေးဖို့ လိုနေလို့။"
“ပြောပါ။ ငါ နားထောင်နေတယ်။"
ထန်ရှုက ပြောသည်။
"မင်း ဟောင်ကောင်ကို သိလား။ နေရာတွေ ၊ သင်္ချိုင်းတွေ… စတာတွေအတွက် ဖုန်းရွှေကို ကျွမ်းကျင်တဲ့ ဖုန်းရွှေဆရာတွေ အများကြီးရှိတယ်။ သူတို့က နဂါးသွေးကြောတွေအကြောင်း တစ်ခုခုကိုတောင် ပြောကြသေးတယ်... အတိုချုပ်ပြောရင်ကွာ … ငါ ဟောင်ကောင်မှာ ခရီးတစ်ထောက်နားတော့ မိတ်ဆွေဖုန်းရွှေဆရာ တစ်ယောက်နဲ့ အမှတ်မထင် တွေ့တယ်။ သူက မင်း လက်ရှိမှာ နဂါးကိုးကောင်ကျွန်းကို ပြန်လည် တည်ဆောက်နေတာသိထားလို့ အဲ့ဒီနေရာရဲ့ ဖုန်းရွှေကို တစ်ချက်လောက် ကြည့်ရဖို့ မျှော်လင့်နေတယ်။ မင်း ဘယ်လို သဘောရလဲ။ သူ့ကို နဂါးကိုးကောင်ကျွန်းကို အလည်လာဖို့ ဖိတ်စေချင်လား။”
ဖုန်းရွှေဆရာဟုတ်လား…
ထန်ရှု၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် ဖြတ်သန်းသွားပြီး ခေါင်းယမ်းကာ
“မလိုဘူး။ ငါ အရင်က ရေးဆွဲပေးထားတဲ့ ဆောက်လုပ်ရေးပုံစံကို လိုက်နာရမယ်။ နည်းနည်းလေးမှ အပြောင်းအလဲရှိလို့ မရဘူး။ ငါတို့က သူငယ်ချင်းတွေဖြစ်ပြီး ဖုန်းရွှေဆရာရဲ့ စကားကို မင်း နားထောင်မယ်ဆိုရင် ငါပြောနိုင်တာက မင်း ဆောက်ထားတာတွေ ငါ အကုန်ဖြိုချပစ်မယ်။"
လုံကျန့်ယုက ဖျစ်ညစ်ပြုံးလိုက်ရင်း
"ဒီလောက်တောင် ပြင်းထန်လှချည်လား။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဖုန်းရွှေဆရာတွေလေ။ သူတို့ရဲ့ ထင်မြင်ချက်တွေကို မင်း နားထောင်သင့်တယ်လို့ ငါ ထင်တယ်။ ဖြစ်နိုင်စရာ…"
" ဖြစ်နိုင်စရာ ဘာမှ မရှိဘူး။မင်း ငါ့ကို ဘာမှ မပြောနဲ့တော့။"
ထန်ရှုက သူ့စကားကို ကြားဖြတ်ကာ ပြောလိုက်သည်။
“ဆောက်လုပ်ရေးစီမံကိန်းအတွက် မင်းပဲ တာဝန်ရှိတယ်။ စီမံကိန်းဒီဇိုင်းမှာ ကြုံရာကျပန်း ပြောင်းလဲမှုတစ်စုံတစ်ရာရှိခဲ့ရင် အကျိုးဆက်တွေ ပြင်းထန်လိမ့်မယ်ဆိုတာ မင်း သိလိမ့်မယ်လို့ ငါယုံတယ်။ ကျန့်ယု… မင်းရဲ့ လုံမိသားစုက နဂါးကိုးကောင်ကျွန်းရဲ့ စီမံကိန်းကို ကပြောင်းကပြန် ဖြစ်စေပြီး ပြန်လည်တည်ဆောက်ရေးစရိတ်ကို ခံနိုင်မယ်လို့ မင်းထင်ရင် မင်း စမ်းကြည့်နိုင်တယ်။”
ထန်ရှု၏အလေးအနက်ထားမှုကို ကြားရသည့် လုံကျန့်ယုက အနေရခက်စွာ ပြုံးလိုက်ပြီး
"ငါ နားလည်ပြီ။ ဒါက ငါ့စေတနာကြောင့်ပါ။ ငါ့မှာ ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မင်း အဲဒါကို မလိုချင်တဲ့အတွက် မေ့ပစ်လိုက်ပါ။ အဲ့ဒီဖုန်းရွှေဆရာကို ပြန်လွှတ်ဖို့ နည်းလမ်းတွေ ငါ စဉ်းစားလိုက်ဦးမယ်။"
"ကျန့်ယု … ငါ့ရဲ့ဗိသုကာစီမံကိန်းတွေကိုဒီဇိုင်းဆွဲတဲ့ အရည်အချင်းကို မင်း သိပြီးသား။"
ထန်ရှုက အတော်ပင် စိတ်မကျေမနပ် ဖြစ်နေသောကြောင့် ထပ်ပြီးပြောလိုက်သည်။
"ငါ မင်းကို ဖုံးကွယ်မှာ မဟုတ်ဘူး။ ဆောက်လုပ်ရေးလုပ်ငန်းစဉ်မှာ နည်းနည်းလေး ပြုပြင်မွမ်းမံလိုက်တာနဲ့ ဒီဇိုင်းတစ်ခုလုံးကို သွားပြီး ထိခိုက်စေလိမ့်မယ်။ နဂါးကိုးကောင်ကျွန်းကို ငါက ယွမ်၂ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး ပြန်လည်တည်ဆောက်ဖို့ နောက်ထပ် ၁၂ ဘီလီယံတောင် ရင်းနှီးမြှုပ်နှံထားတာကွ။ မင်းလက်ထဲ ငါအပ်ထားပြီးသားဆိုတော့ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ ငါမျှော်လင့်တယ်။"
လုံကျန့်ယုက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း “ငါ နားလည်ပါတယ်။ မင်း စိတ်မပူပါနဲ့ … စိတ်ချပါ။ ဒါနဲ့ ကြယ်တာရာကို မင်း ဘယ်တော့ပြန်လာမှာလဲ။ ငါ နဂါးကိုးကောင်ကျွန်းမှာ ရက်အနည်းငယ်နေမယ်။ မကြာခင် ကြယ်တာရာကို ပြန်မယ်။”
"ငါ ကြယ်တာရာကို ပြန်ရောက်ရင် မင်းကို ဖုန်းဆက်လိုက်မယ်။" ထန်ရှုက ပြန်ဖြေသည်။
ဖုန်းချလိုက်ပြီးနောက် ထန်ရှုက တစ်ချက် လှောင်ရယ် ရယ်လိုက်သည်။
…ဘာ ဖုန်းရွှေဆရာဟုတ်လား…
…ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသကြီးလဲ…ဟဟပဲ ရမယ်…
ဖုန်းရွှေနှင့်ပတ်သက်၍ သည်ကမ္ဘာပေါ်တွင် မည်သူက သူ့ထက် ပို၍ကျွမ်းကျင်နိုင်မည်နည်း။
နဂါးကိုးကောင်ကျွန်းရှိ ဆောက်လုပ်ရေး စီမံကိန်းအတွက် သပ်ရပ်သော ဒီဇိုင်းပုံစံကို ရေးဆွဲနိုင်ရန် သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားများစွာကို သုံးစွဲခဲ့ရသဖြင့် အပြည့်စုံဆုံးအရာတစ်ခု ဖြစ်သည် မှာ လုံးဝအသေအချာ ဖြစ်သည်။ ထိုအရာအား လုံကျန့်ယုမဆိုထားဘိ မည်သူကိုမျှ ထင်သလို ပြုပြင်ပြောင်းလဲရန် သူ လုံးဝခွင့်ပြုမည် မဟုတ်ချေ။
ထို့နောက် ထန်ရှုသည် ခန်း ရှ၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ သူမ ဖုန်းကိုင်လိုက်သည်နှင့် ထန်ရှုက ပြုံးကာ
“နတ်ဘုရားဝတ်ရည်က ဈေးကွက်ထဲရောက်နေပြီလား။ စီးပွားရေးတွေ ကောင်းလို့ ဆိုင်တွေမှာ ထားတဲ့ နတ်ဘုရားဝတ်ရည်တွေ အကုန်ရောင်းကုန်ပြီလို့ ကိုယ် ကြားတယ်။”
"နတ်ဘုရားဝတ်ရည်ရဲ့ ရောင်းအားကို နင် ဂရုမစိုက်ဘူးလို့ ငါထင်နေတာ သူဋ္ဌေး။"
ခန်းရှက တခိခိရယ်မောလိုက်ရင်း
“ဟုတ်တယ်၊ နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေကို ငါတို့ ပို့ပေးခဲ့တဲ့ နတ်ဘုရားဝတ်ရည်ဝိုင်တွေက ဖွင့်ပွဲအခမ်းအနားပြီးတော့ သိပ်တောင် အားမစိုက်လိုက်ရဘူး။ အကုန်ရောင်းကုန်သွားပြီ။ နိုင်ငံတစ်ဝှမ်းက အဓိကမြို့ကြီးတွေမှာ ရှိတဲ့ ငါတို့ရဲ့သီးသန့်စတိုးဆိုင်များတွေဆီ ကုန်ပစ္စည်းတွေ ဒုတိယအကြိမ်တင်ပို့မှုက လက်ရှိမှာ လမ်းမှာပဲ ရှိဦးမယ်။ မနက်ဖြန်မှ ရောက်လိမ့်မယ်။"
"အမြတ်က ကောင်းတယ် မဟုတ်လား"
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"ဘဏ္ဍာရေးဌာနက တွက်ချက်လိုက်တာ နတ်ဘုရားဝတ်ရည်ဝိုင်ရဲ့ပထမအသုတ်ကနေ အမြတ်ငွေ ၂.၇၆ ဘီလီယံ ရရှိထားတယ်။ နတ်ဘုရားဝတ်ရည် ဒုတိယအသုတ်မှာတော့ အရေအတွက်နည်းပေမယ့် သူလည်း အမြတ်ငွေ ယွမ်ဘီလီယံနဲ့ချီပြီး ရလိမ့်မယ်။"
ခန်းရှက ရွှင်မြူးစွာ ပြောပြသည်။
“ကောင်းတယ်။ ဒီလို ကြီးမားတဲ့ အကျိုးအမြတ်က ကိုယ် မျှော်လင့်ထားတာထက် အများကြီး ပိုတယ်။” အသားအရည်လှလိမ်းဆေးနဲ့ အမာရွတ်ပျောက်တဲ့ ခရင်မ်အကြောင်း ပြောရအောင်။ ဒီ အလှကုန် နှစ်ခုကို ရောင်းနေပြီလား။”
“အသားအရည်လှလိမ်းဆေးနဲ့ အမာရွတ်ပျောက်တဲ့ ခရင်မ်ကို အခုပဲ စရောင်းနေပြီ။ ဒါပေမယ့် နတ်ဘုရားဝတ်ရည်ဝိုင်က အရမ်းကို ကျော်ကြားသွားတာဆိုတော့ ရောင်းအားကလည်း များလာတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်း အဲ့ဒါရဲ့အကျိုးသက်ရောက်မှုကို ပြဖို့က အလွန် ခက်ခဲတယ်ဆိုတာ နင်လည်း အသိသားလေးပဲ။ ရက်အနည်းငယ် စောင့်ကြည့်ကြမယ်လေ။ ရက်အနည်းငယ်ကြာလို့ရှိရင် ငါတို့ထုတ်ကုန်တွေကို ဝယ်ယူတဲ့ ဖောက်သည်တွေက သေချာပေါက် ငါတို့ စိတ်အားထက်သန်စေဖို့ ကူညီပေးမှာ သေချာတယ်လို့ ငါပြောရဲတယ်။”ခန်းရှက ပြောသည်။
“ဝိုင်စပျစ်ရည်မွှေးက အမှောင်လမ်းကြားကို ကြောက်ဖို့ မလိုဘူး။ နောက်ပြီး အခုခေတ်တိုတောင်းတဲ့ အချိန်ကာလရဲ့ မှော်ဆန်တဲ့အင်္ဂါရပ်တွေ ကိုယ်တို့ဆီမှာ ရှိနေပြီဆိုတော့ ကောင်းမွန်တဲ့အရာတွေကို ဝေမျှဖို့ အရမ်းလွယ်ကူသွားမှာပဲ။ ဒါနဲ့ ကိုယ် မင်းနဲ့ စကားအများကြီး မပြောနိုင်သေးဘူး။ ကြယ်တာရာကို ပြန်လာဖို့ အချိန်ရှာရဦးမယ်။ အဲဒီအခါကျမှ မင်းတို့အတွက် အောင်ပွဲခံပွဲတစ်ခု လုပ်ပေးမယ်။"
“ငါတို့က ဒီမှာ အဆင့်အတန်းမြင့်တဲ့ လူတစ်စုပါ။ ငါတို့အားလုံးက ကြယ်တွေနဲ့လကို တောင့်တတဲ့အတွက် နင့်ကို စောင့်နေမှာနော်။"
ခန်းရှက ပြုံးကာ ပြောလိုက်သည်။
"ကိုယ် သိပါတယ်။"
ထန်ရှုက ရယ်သံနှင့်အတူ ပြန်ဖြေပြီး ဖုန်းကို ချလိုက်သည်။ နတ်ဘုရားဝတ်ရည်ဝိုင်၏ ဝင်ငွေသည် သူမျှော်လင့်ထားသည်ထက် ပိုနေသော်လည်း သူသည် အချက်တစ်ချက်အား ကောင်းစွာသဘောပေါက်ခဲ့သည်။ ထိုအချက်မှာ ဝိုင်စက်ရုံ၏ ထုတ်လုပ်မှုအားသည် နည်းပါးလွန်းသည်။ ယခု ရောင်းချနေသော နတ်ဘုရားဝတ်ရည်ဝိုင်များသည် လအတော်ကြာ သိုလှောင်ထားရသော ပမာဏများ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ၂ ဘီလီယံမှ ၃ ဘီလီယံအထိ ဝင်ငွေရနိုင်သော်လည်း ယခုကဲ့သို့ ရောင်းချမှုကြီးသည် တစ်နှစ်ခွဲတွင် တစ်ကြိမ်သာ ဖြစ်မည်မှာ သေချာသည်။ ပုံမှန်အားဖြင့် လုပ်ငန်းလည်ပတ်မှုသည် သေးငယ်သည့်တိုင် တည်ငြိမ်သော လည်ပတ်မှု လမ်းကြောင်းဖြင့် လုပ်ဆောင်သည်။
အသားအရည်လှလိမ်းဆေး နှင့် အမာရွတ်ဖယ်ရှားသော ခရင်မ်များအတွက်ကိုမူ သူ စိတ်မပူလှချေ။
အဆိုပါထုတ်ကုန်နှစ်ခုသည် အခြားသော နိုင်ငံတကာ အလှကုန်လုပ်ငန်းများ၏ထုတ်ကုန်များကိုပင် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။ ထိုအချိန်တွင် သက်သေခံချက်များ ဖြန့်ပြီးသည်နှင့် များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် အဆိုပါအလှကုန်နှစ်ခုသည် ကမ္ဘာ့ထိပ်တန်းပစ္စည်းများအဖြစ် တစ်နေ့ ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း သည်အလှကုန်နှစ်မျိုး၏ လက်ရှိရောင်းချနေသည့် ဈေးနှုန်းများသည် ကမ္ဘာ့ထိပ်တန်းအလှကုန် အမှတ်တံဆိပ်များနှင့် ကွာခြားမှုမရှိလှချေ။
ကြယ်ပြာအိမ်ရာဝင်း…
ထန်ရှု ကားမောင်းဝင်လာခဲ့ပြီး ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ရာ တုကျွမ်က အဝတ်လျှော်နေပြီး မိခင်ဖြစ်သူစုလင်းယွမ်သည် ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"အမေ … ဘယ်လို ရောက်လာတာလဲ။"
ထန်ရှုက အနားသို့သွားကာ ပြုံးပြီး မေးလိုက်သည်။
ထန်ရှုအား မြင်လိုက်ရသည့် စုလင်းယွမ်သည် ပထမတွင် ပျော်နေဟန်ရှိသော်လည်း ပင်ပန်းနွမ်းနယ်ကာ ညစ်ပေနေသည့် အသွင်ဖြစ်နေသော သားဖြစ်သူအား မြင်လိုက်ရသည့်အခါ ရုတ်ခြည်းပင် အတော် စိတ်ဆင်းရဲသွားသည့်ဟန်ရှိပေသည်။ ထို့နောက် သူမက ထန်ရှုအား ကြိုဆိုပြီး ပြောသည်။
"သားရထားတဲ့ အကောင်သေးသေးလေးက ဘာလေးလဲ။ တောင်တံခါးမြို့အိမ်က အဲ့ဟာလေး လုပ်တာနဲ့ ရှုပ်ပွနေရောပဲ။ အဲ့ဒီအရာက အမေ့ကို မထိခိုက်စေပေမယ့် သားအဖေရဲ့ခြေချောင်းလေးတွေကို ကိုက်တယ်။ အဲ့ဒါနဲ့ သားဆီ ပြန်ပို့ဖို့ အမေ လာခဲ့တာ။"
…အကောင်သေးသေးလေးဟုတ်လား…
ထန်ရှု ကြက်သေ သေသွားကာ တွေဝသွေားသည်။ ရုတ်တရက် သားရဲလေးတစ်ကောင် သူ မွေးစားထားသည်ကို ပြန်သတိရသွားသဖြင့် အပြုံးဖျော့ဖျော့တစ်ခု ထွက်လာကာ သူ၏စိတ်ထဲတွင် ထိုအကောင်လေးအကြောင်း လျင်မြန်စွာ ပေါ်ထွက်လာသည်။
ဝှစ်…
ပုံရိပ်တစ်ခုသည် အလင်းတန်းအလား ထန်ရှု၏အရှေ့တွင် ချက်ချင်းပေါ်လာကာ သူ၏လက်မောင်းအတွင်းသို့ ပြေးဝင်လာသဖြင့် ပြင်ဆင်ထားခြင်းမရှိဘဲ ဖမ်းလိုက်ရသည်။
“ဟေး အသေးလေး…ထူးခြားတဲ့ အခြေအနေ မရှိရင် လူတွေကို ထိခိုက်အောင် မလုပ်ရဘူးလို့ မင်းကို ငါ မပြောထားဘူးလား။”
ထန်ရှုသည် ထိုအကောင်လေးအား လည်ပင်းမှ အသာကိုင်ကာ ခေါင်းကို ဖွဖွပုတ်လိုက်ရင်း မြည်တွန်တောက်တီးလိုက်သည်။
အကောင်လေးသည် ကျားသစ်လေးတစ်ကောင်နှင့် တူသော ဆန်းကြယ်သားရဲလေး ဖြစ်သည်။ ထိုအကောင်လေးက လျင်မြန်စွာပင် ထန်ရှုအား ဖားနေသောအကြည့်ဖြင့် ကြည့်လာခဲ့သည်။ ထိုသားရဲလေးက သာယာသောအသံအား အကြိမ်အနည်းငယ်ခန့်ပြုလျက် စုလင်းယွမ်အား ကြည့်နေလေရာ သူမအား အကာအကွယ် ပေးနေသည်ဟု ဆိုနေသည့်ဟန်ဖြစ်သည်။
ထန်ရှုခမျာ ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ ထိုသားရဲလေး၏ခေါင်းအား ဖွဖွပုတ်လိုက်ရင်း
“ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူ့ကိုမှ ထိခိုက်အောင် ထပ်ပြီး မလုပ်ရတော့ဘူးနော် မှတ်ထား။ နို့မဟုတ်ရင် ငါ မင်းကို အသားတုံးလုပ်ပြီး စွပ်ပြုတ် လုပ်သောက်လိုက်မယ်။”
သားရဲလေးက ခေါင်းလေးမော့ကာ အရိုးသားဆုံး အမူအရာတစ်ခုအား ပြလာသည်။
ထို့နောက် ထန်ရှုသည် စုလင်းယွမ်ကို ကြည့်လိုက်ပြီး "အမေ … သူတို့နဲ့ သိပြီးပြီလား။"
"ဟုတ်တယ်။ သူတို့နှစ်ယောက်လုံးနဲ့ အမေ သိနေပြီ။ ဒီကလေးနှစ်ယောက် တော်တော်ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပြီး အတူနေဖို့ စိတ်ကူးကောင်းတစ်ခုပဲ။ ဒါနဲ့ သားက ဘာဖြစ်လို့ ဒီလောက်ဖရိုဖရဲဖြစ်နေတာလဲ။ ဘာတွေဖြစ်နေလို့လဲ။ ရှုအာ… စစ်သင်တန်းကိုရော ဘာကြောင့် မတက်တာလဲ။"
စိတ်အတွင်းတွင် မချိပြုံးပြုံးလိုက်ရင်း ထန်ရှုက အမှန်အတိုင်း ပြန်မဖြေနိုင်ဘဲ ဇာတ်လမ်းတစ်ပုဒ်သာ ဖန်တီးခဲ့သည်။
“အမေ … ကျွန်တော့်ကုမ္ပဏီရဲ့ ထုတ်ကုန်တွေက ဈေးကွက်ထဲမှာ ရိုက်ခတ်သွားတယ်ဆိုတာ အမေလည်း သိတယ်မဟုတ်လား။ အဲဒါကို ကြီးကြပ်ဖို့ မြို့ပြင်ကို ထွက်သွားခဲ့တာ။ နောက်ပြီး စစ်ရေးလေ့ကျင့်မှုမှာ ပါတာ၊ မပါတာက အရေးမကြီးပါဘူး။ ဒါပေမယ့် အမေ့ရဲ့ဆန္ဒအတိုင်း ကျွန်တော် လိုက်နာမှာပါ။ ကျွန်တော်က စာပေပညာနဲ့ယဉ်ကျေးမှုတွေကို ကောင်းစွာကျွမ်းကျင်ပြီးသားမို့ တက္ကသိုလ်ဒီပလိုမာကို ချောချောမွေ့မွေ့ ရရှိမှာပါ အမေ။ လောလောဆယ်တော့ အမေ့သားလေး မြို့ပြင်ခရီး ထွက်လိုက်ရလို့ ရူပါက ချူချာနေပြီး ပင်ပန်းလွန်းလို့ ဗိုက်လည်း ဆာနေပြီ။”
***