အာကာပြင်ကျယ်တာအိုခန္ဓာ
Vol. 102 Ch. 1415
အဆုံးမဲ့မိုးနှင့်မြေစွမ်းအင်တို့ ဧရာမဒယ်အိုးကြီးထဲ တဝေါဝေါ ဝင်ရောက်နေသဖြင့် တစ်ဝက်ဂြိုဟ်ကို အုပ်မိုးထားသော ကြယ်တာရာကောင်းကင်မှာ လှုပ်ခါနေတော့သည်။ ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုအပါအဝင် ခေါင်းဆောင်ကြီးခုနစ်ယောက်လုံး မအီမသာဖြစ်နေကြ၏။ ပြီးခဲ့သည့်သုံးလတစ်လျှောက်လုံး သူတို့သုံးစွဲခဲ့ရသည့် ကျင့်ကြံခြင်းအခြေခံစွမ်းအားပမာဏအသာထား၊ သူတို့တွင် ရှိရှိသမျှ ဆေးပင်အားလုံးနီးပါး ဒယ်အိုးထဲ ရောက်သွားခဲ့ပြီဖြစ်သည့်တိုင် မန်ဟို့အလောင်းမှာ ... အကောင်းအတိုင်း သက်သာမလာသေးပေ။
“အဲဒီဒယ်အိုးထဲ ရှိနေတာက အလောင်းမဟုတ်ဘဲ အောက်ခြေမရှိတဲ့ တွင်းကြီးပဲနေမှာ” သူတို့အားလုံး ရင်နာနေကြသည့်တိုင် မြေကြီးအောက်က မည်သည့်နေရာတွင်ရှိမှန်းမသိရသော ဂိုဏ်းချုပ်က စကားတစ်ခွန်းမှမပြောသည့်အတွက် ရပ်လိုက်လို့လည်း အဆင်မပြေပေ။ နာကျင်မှုကို သည်းခံရင်း သူတို့ခမျာ ဆေးပင်များထပ်ထည့်နေရတော့သည်။
အခြားတစ်ဖက်တွင်တော့ မန်ဟိုမှာ ပို၍စိတ်လှုပ်ရှားလာနေသည်။ သူကား ပင်လယ်ထဲ ပြန်ရောက်သွားသော ငါးတစ်ကောင်သဖွယ်ဖြစ်နေ၏။
ဒဏ်ရာများလည်း အပြည့်အဝပျောက်ကင်း၍ မငြိမ်မသက်မှုများ ပျောက်ကွယ်သွားခဲ့သော်လည်း သူ့မှာ တောင်ပင်လယ်လောကတွင် မျိုးတုံးပျောက်ကွယ်နေခဲ့သော ဒဏ္ဍာရီလာဆေးပင်များကို မဆိုထားနှင့် ၊ မိုးနှင့်မြေစွမ်းအင်များကိုပင် အလဟဿအဖြစ်မခံနိုင်ပေ။ သူသည် ထပ်ခါတလဲလဲ အသစ်ပြန်တည်ဆောက်ခံနေရသဖြင့် သူ၏အပြင်အားကိုယ်က ပိုမိုကျစ်လစ်လာကာ သူ၏ကျင့်ကြံခြင်းအခြေခံလည်း တိုးတက်လာသည်။
ကြေးမီးအိမ်က မိုးနှင့်မြေစွမ်းအင်နှင့် အဖိုးထိုက်ပစ္စည်းများကို စုပ်ယူမြဲစုပ်ယူရင်း လင်းထိန်လာသည်။ ၎င်းလင်းထိန်လာသည်နှင့်အမျှ မန်ဟို့ကိုလည်း အင်အားပြည့်ဖြိုးလာစေရာ သူ့ကိုယ်ထဲ၌ အံ့ဖွယ်ပြောင်းလဲမှုများ စတင်ဖြစ်ပွားလာတော့သည်။
ဤသို့ဖြစ်ပျက်နေစဉ် မန်ဟို့ခန္ဓာကိုယ်သည် .... ကြေးမီးအိမ်အတွက် ဖန်ပေါင်းချောင်အဖြစ် ပြုမူရန် ပိုမိုသင့်တော်လာ၏။
ယခင်က သူ၏ခန္ဓာကိုယ်သည် ဝိညာဉ်မီးအိမ် ၃၃ လုံးအတွက် အသင့်တော်ဆုံးဖြစ်ခဲ့သော်လည်း ယခုမူ ကြေးမီးအိမ်တစ်လုံး၏စွမ်းအားကို ထိန်းသိမ်းပေးထားနိုင်ဖို့ ပြောင်းလဲနေချေပြီ။
အသစ်တည်ဆောက်နေသော ထိုစွမ်းအားကြောင့် သူ၏ချီစီးဆင်းမှုလမ်းကြောင်းများ ပြတ်တောက်သွားပြီးနောက် ပြန်ဆက်သွားသည်။ ကြေးမီးအိမ်မှ အရောင်အဝါက ချီစီးဆင်းမှုလမ်းကြောင်းအသစ်များကို ဖန်တီးကာ သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖြာထွက်သွားစေသည်။ သွေးကြောအသစ်များ ဖွံ့ဖြိုးလာပြီး သူ့နှလုံး၏သွေးညစ်နှုန်းလည်း အားကောင်းလာ၏။ သူ၏အစိတ်အပိုင်းအားလုံး သက်ရောက်ခံလိုက်ရ၍ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်မှာ အဖိုးထိုက်ကျောက်မျက်ရတနာသဖွယ် လင်းလက်စပြုလာတော့သည်။
မန်ဟို့ခန္ဓာကိုယ်မှာ ရှေးခေတ်မှ အဖိုးထိုက်သောကျောက်ခဲတစ်ခဲ ဖြစ်လာသကဲ့သို့ ရှေးဆန်သောခံစားချက်တစ်ခုကိုပင် ပေးစွမ်းနေသည်။ ပရမ်းပတာထွေပြားနေသော ကမ္ဘာဦးတာအိုတစ်ခုသည် သူ့ကိုယ်အတွင်း၌ ပြည့်နှက်၍ သူ၏အသွေးအသားထဲသို့ စိမ့်ဝင်ပျံ့နှံ့လာကာ သူ့ကို ရစ်သိုင်းဝန်းရံနေသယောင် ထင်ရ၏။
သူ့ခန္ဓာကိုယ်မှာ ပို၍ရှေးကျလာပုံပေါ်ပြီး အရှိန်အဝါလည်း ရှေးဆန်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ပိုမိုနုပျိုသွား၏။
မန်ဟို ကြေးမီးအိမ်ကြောင့် ပြောင်းလဲနေသည့်အချိန်မှာပင် တစ်ဝက်ဂြိုဟ်တည်ရှိသော မြေများ၏အောက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်။ ထိုမြေကြီးအောက်၌ .... ကြက်သွေးရောင်ပင်လယ်တစ်စင်းကို မြင်ရနိုင်လေသည်။
၎င်းသည် သွေးပင်လယ်မဟုတ်သော်လည်း မီးဓာတ်၏စွမ်းအားများ စုဝေးနေ၏။ ထိုကြက်သွေးရောင်မီးပင်လယ်ထဲတွင် ဧရာလိပ်ခွံကြီးတစ်ခွံရှိသည်။ ထိုလိပ်ခွံပေါ်၌ အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်လျက်ရှိချေသည်။
လိပ်ခွံက ကြက်သွေးရောင်မီးပင်လယ်၏အောက်ရှိ တစ်စုံတစ်ခုကို ဖိနှိပ်ထားသော ချုပ်နှောင်စည်းတစ်စည်း ဖြစ်ဟန်တူသည်။ မီးတောက်မီးလျှံများက တဟုန်းဟုန်းတောက်လောင်နေပြီး အဖိနှိပ်ခံထားရသော ဖြစ်တည်မှုသည် ရုန်းထွက်ဖို့ ကြိုးစားနေသည့်အလား အောက်မှအလင်းတန်းများက ရံဖန်ရံခါ ဖြာထွက်လာတတ်၏။
အဘိုးအိုမှာမူ စည်း၏ဖိနှိပ်မှုကို ထိန်းထားဖို့ တတ်နိုင်သမျှ အားထုတ်နေရသဖြင့် မျက်နှာဖြူဖျော့နေသည်။ ကြိုးကြိုးစားစား အားထုတ်နေရ၍ ဖြစ်ကောင်းဖြစ်နိုင်သည်... သူ့မှာ အပြင်လောက၌ ဖြစ်ပျက်နေသောအရာများကို အာရုံမရပေ။
လတ်တလော အဖြစ်အပျက်များကို သူ သိခြင်းမရှိ။ မီးပင်လယ်အောက်ရှိ ဘိုးဘေးရုပ်ကြွင်းမှာ အတိတ်တုန်းကထက် ပိုမိုအုံကြွလာခဲ့၏။ ယခင်တုန်းက တစ်ခါတရံ အုံကြွတတ်သော်လည်း ရက်ပိုင်းမျှသာ ခံခဲ့လေသည်။
ဤတစ်ခေါက်တွင်တော့ လနှင့်ချီနေပြီဖြစ်သည်။
မြေပေါ်တွင် မန်ဟိုသည် ဆက်လက်စုပ်ယူနေ၏။ သူ၏ ရှေးဆန်သောအငွေ့အသက်မှာ ပိုမိုထင်ရှားလာ၍ သူ့အထက်ရှိ ကြယ်တာရာကောင်းကင်မှာ တဂျိန်းဂျိန်းလာတော့သည်။ ထစ်ချုန်းမှုက ပြင်းထန်လွန်း၍ အခိုးအငွေ့များပင် အာကာပြင်ကျယ်ဂြိုဟ်တစ်ဝန်း ဖြာထွက်သွားသည်။
မိုးကောင်းကင်တစ်ခုလုံး လှုပ်ခတ်၍ တိမ်တိုက်များ အလိပ်လိပ်ထနေသည်။ အဝေးမှကြည့်လျှင် အာကာပြင်ကျယ်၏အပေါ်၌ ပုံပျက်ဝဲများ ပေါ်လာခဲ့သယောင်ပင် ထင်ရ၏။
ယွင်ရှန်းနှင့်ယွင်ဖုန်းတို့မောင်နှမနှစ်ယောက်မှာ ဤအရာများကို မမြင်နိုင်သော်လည်း မြင်သာမြင်ရလျှင် ယွင်ဖုန်းသည် လွန်းပျံပေါ်မှာတုန်းက သူ မြင်ခဲ့ရသောအရာကို ပြန်မှတ်မိလောက်၏။
တစ်ခုတည်းသောကွာခြားမှုဟူ၍ လွန်းပျံက သေးပြီး အာကာပြင်ကျယ်ဂြိုဟ်က ဧရာမကြီးမားခြင်းသာ ရှိသည်။
ပြီးခဲ့သည့်လများအတွင်း အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ ဧည့်သည်ကျင့်ကြံသူများမှာ ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပွားနေသည်ကို မခံစားရဘဲ မနေကြပေ။ အထူးသဖြင့် လွန်ခဲ့သည့်လဝက်တုန်းက ပုံပျက်ဝဲများ ဂြိုဟ်အပြင်တွင် ပေါ်လာသည့်အခါ ၎င်းတို့အနားကပ်သွားသူတိုင်း သူတို့၏ခန္ဓာကိုယ်များ လျင်မြန်စွာ ခြောက်ကပ်သွားသည်ကို တွေ့လိုက်ရ၏။ ထိုဖြစ်ရပ်ကြောင့် မည်သူမှ ဝဲများအနား မကပ်ရဲကြတော့ပေ။
ပတ်ဝန်းကျင်ရှိ အာကာပြင်ကျယ်မြူများလည်း သက်ရောက်ခံလိုက်ရဟန်တူပြီး တဝေါဝေါ စီးဆင်းနေကြတော့သည်။ နောက်ဆုံးတော့ သက်ရောက်မှုသည် အဝေးသို့ရောက်သည်အထိ ပျံ့နှံ့သွား၏။ အာကာပြင်ကျယ်စကြဝဠာကို ဟိုးအမြင့်ဆုံးမှ ငုံ့ကြည့်နိုင်လျှင် အာကာပြင်ကျယ်ဂြိုဟ်သည် တွင်းနက်ကြီးနှင့် တူနေလိမ့်မည်။
ထိုတွင်းနက်ကြီးကို ပတ်ဝန်းကျင်ကို ပုံပျက်စေလျက် ဖြည်းညင်းစွာ လည်နေသော ဝဲများက ဝန်းရံနေလိမ့်မည်။ အဆိုပါဝဲများသည် အချိန်နှင့်အမျှ ကြီးမားလာသည်ကိုလည်း တွေ့ရလိမ့်မည်။
ယခုတွင် အာကာပြင်ကျယ်စကြဝဠာအတွင်းရှိ ဆန်းပြားသောဖြစ်တည်မှုများ ကြောက်လန့်တုန်ရီနေကြလေပြီ။ အာကာပြင်ကျယ်ဂြိုဟ်ရှိရာသို့ လှမ်းကြည့်လိုက်သောအခါ ထိုနေရာတွင် ကြောက်မက်ဖွယ်အရာကြီး ဖြည်းဖြည်းချင်း နိုးထလာနေကြောင်း ၎င်းတို့ ခံစားလိုက်ရကြ၏။
ဤသို့ဖြင့် နှစ်လကြာသော် အနှစ်သာရ ၉ ခု ပါရာဂွန်ခုနစ်ယောက်ခမျာ သည်းမခံနိုင်တော့ပေ။ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ထုတ်လွှတ်၍ ပိုင်ဆိုင်သမျှ အဖိုးထိုက်ရတနာအားလုံးကိုလည်း သုံးခဲ့ပြီး၍ ယခုတော့ သူတို့အားလုံး ချွတ်ချုံကျ၍ အားအင်ကုန်ခမ်းနေသော်လည်း ဒယ်အိုးထဲရှိ မန်ဟို့ခန္ဓာကိုယ်မှာ အတန်ငယ်တိုးတက်လာပုံပေါ်သည်မှအပ ခြောက်ကပ်နေဆဲပင်။
“လခွမ်း အဲဒါ ဘာကြီးတုန်း။ အလောင်းတစ်လောင်းက ဘယ်လိုလုပ် ဒီလောက်အရင်းအမြစ်တွေအများကြီး စုပ်ယူနိုင်မှာလဲ”
“အဲဒီအရင်းအမြစ်အားလုံးက အဖိုးအနဂ္ဃထိုက်တန်တယ်။ ဒါ ဘယ်လိုတောင် ဖြစ်နိုင်မှာတုန်း”
“အခုမှတော့ အဓွန့်တက်နေလည်း အလကားပဲ။ ငါတို့ ဒီအလောင်းကို ပြုပြင်ဖို့ စွမ်းအင်တွေအများကြီး လိုအပ်တယ်။ မဟုတ်ရင် လုပ်ခဲ့သမျှအကုန်လုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်” ပါရာဂွန်ခုနစ်ယောက်မှာ မတတ်သာဘဲ အံသာကြိတ်လိုက်ရသည်။ ကျားကို တက်စီးပြီးမှတော့ ဆင်းဖို့ခက်သည် ဆိုသောဆိုရိုးအတိုင်းပင်။ သူတို့သည် ကျောက်စိမ်းပြားများ ထုတ်၍ စာအသီးသီးပို့လိုက်ကြ၏။ မကြာမီ ဒယ်အိုးထဲ ထည့်ဖို့ အဖိုးထိုက်ရတနာများကို သယ်ဆောင်လာသော ကျင့်ကြံသူများက အလင်းတန်းများအသွင်ဖြင့် ဂိုဏ်း၏ပင်မဧရိယာများမှ ပျံထွက်လာကြသည်။
“ဒါက နဂါးသည်းခြေမြစ်ပဲ... တစ်ဂိုဏ်းလုံးမှာမှ ဂရမ် ၃၀၀ ပဲ ရှိတာ”
“ဘာလို့ ဒီထင်းရှူးနတ်ချိုကို ယူလာတာတုန်း။ ဒ...ဒါ...ဒါက .... ဟာကွာ မထူးတော့ဘူး” ပါရာဂွန်ခုနစ်ဦးမှာ တဆစ်ဆစ်ရင်နာနေသည်။ ခြောက်လသာကြာသေးသော်လည်း နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းခဲ့ရသော ဂိုဏ်း၏အရင်းအမြစ်များမှာ ဒယ်အိုးထဲ ဝင်ရောက်ပျောက်ကွယ်ကုန်လေပြီ။
ဒယ်အိုးသည် တပွက်ပွက်ဆူနေပြီး အထဲရှိ မန်ဟို့ခန္ဓာကိုယ်သည် ခြောက်ကပ်နေသောအခြေအနေမှာ ပြန်လည်ပြည့်ဖြိုးလာ၏။ သို့သော် သူက ထိုအာနိသင်များကို အဆက်မပြတ် ချုပ်တည်းထားသည်။
သူ၏အပြင်အားကိုယ်သည် ပို၍သန်မာလာပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း တိုးတက်လာနေသည်။ တဖြည်းဖြည်း အရာအားလုံး တည်ငြိမ်စပြုလာ၏။ အဖိုးထိုက်ရတနာများ၏အတွင်း၌ သက်ရှိအားလုံးအနှစ်သာရအဖြစ် အမျိုးအစားခွဲနိုင်သော အရာတချို့ပါဝင်လေသည်။ ထိုပစ္စည်းများ မန်ဟို့နဖူးထဲ ဝင်ရောက်လာသောအခါ ထိုနေရာရှိ ချုပ်နှောင်အမှတ်များတွင်လည်း အနှစ်သာရစွမ်းအားများ ပြည့်တင်းလာ၏။
သူ့ခန္ဓာကိုယ်ကား လုံးလုံးလျားလျား အသစ်ပြန်တည်ဆောက်၍ ပြောင်းလဲခံလိုက်ရလေပြီ။
မန်ဟိုက တအံ့တဩ သက်ပြင်းချသည်။ “ငါ ဒီလောက်အထိ မထည့်နိုင်တော့ဘူး.. ဒီလူတွေတော့ ရူးနေပြီထင်တယ်။ ထည့်နေတာတွေများလွန်းလို့ ကြေးမီးအိမ်တောင် လိုက်မှီအောင် မစုပ်ယူနိုင်တော့ဘူးဟ”
နောက်ထပ်လဝက် ကြာသွားသည်။ ဒယ်အိုးအပြင်ရှိ ပါရာဂွန်ခုနစ်ဦးမှာ မိုးမီးလောင်နေကြလေသည်။ အာကာပြင်ကျယ်ကျောင်းတော်၏ အရင်းအမြစ်များအား နောက်တစ်ခေါက် ယူရပြန်သည်။ ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်ထဲရှိ မိုးနှင့်မြေစွမ်းအင်မှာ ခမ်းခြောက်တော့မည့် လက္ခဏာများ ပြလာ၏။ ပါရာဂွန်ခုနစ်ဦးမှာ သည်းမခံနိုင်တော့ပေ။
“သောက်ကျိုးနည်း။ တော်ပြီ ငါတော့ စိတ်မရှည်တော့ဘူး။ အဲဒီအလောင်းကို ထုတ်ပြီး ဘာတွေဖြစ်နေလဲ ဖွင့်ကြည့်ရမယ်”
“သေချာပေါက် မန်ဟိုမဟုတ်ဘူး။ ငါ မန်ဟိုအကြောင်း စုံစမ်းပြီးပြီ။ သူက ကျင့်ကြံသူတစ်ယောက်ဆိုတာ သေချာတယ်။ ဒီအလောင်းထဲမှာတော့ သားရဲတစ်ကောင်ကောင် ပုန်းနေတာပဲဖြစ်မယ်”
“ငါတော့ လက်မြှောက်ပြီ” ပါရာဂွန်ခုနစ်ဦးမှာ စိတ်မထိန်းနိုင်တော့၍ ဒယ်အိုးကြီးထံ ဆင်းသွားကြသည်။ သို့သ်ော သူတို့အနားမကပ်နိုင်ခင် ဒယ်အိုးသည် တဂျုန်းဂျုန်း မြည်လာ၏။ မိုးနှင့်မြေ၏စွမ်းအင်မှာ ၎င်းထံ ရွေ့လျားနေခြင်းရပ်သွားသလို၊ ဆေးရည်များလည်း ရုတ်တရက် ငြိမ်သက်သွားသည်။
ထို့နောက် မန်ဟိုသည် တုန်ခါနေသော ဒယ်အိုးထဲမှ ဖြည်းညင်းစွာ ထကာ လေလယ်တွင် ပျံဝဲနေ၏။ သူက ဂြိုဟ်တစ်ဂြိုဟ်လုံး ပြည့်၍ အဝေးသို့ပင် ဖြာထွက်သွားသော ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်လိုက်သည်။ အာကာပြင်ကျယ်၏ကြယ်တာရာကောင်းကင်တွင်လည်း ထူးဆန်းသောအရောင်အဝါများ လင်းလက်ပြိုးပြက်သွား၏။
ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်ဂြိုဟ်ကို ဝန်းရံနေသော ပုံပျက်ဝဲများက ပိုမိုကျယ်ပြန့်လာသည်။ ဂြိုဟ်၏အပေါ်ရှိ ဝဲကြီးက နေရာအသီးသီးအပေါ် သက်ရောက်လိုက်သဖြင့် တဝုန်းဝုန်းမြည်သံများကြားလာရသည်။
မရေမတွက်နိုင်သောသက်ရှိများ အလန့်တကြား အော်ဟစ်ကုန်ကြပြီး ကြောက်လန့်နေသောအရိပ်အယောင်များက သူတို့၏မျက်နှာများကို စိုးမိုးကုန်ကြသည်။ အာကာပြင်ကျယ်ကျောင်းတော်ပင် ရန်မစရဲမည့် ရှေးဟောင်းဖြစ်တည်မှုများပင်လျှင် အိပ်နေရာမှ အံ့အားသင့်နေသောအမူအရာများဖြင့် နိုးလာကြ၏။
“အာကာပြင်ကျယ်... တာအိုခန္ဓာ....”
မဖော်ပြနိုင်လောက်အောင် ကြီးမားသည့် ဝဲကြီးတစ်ဝဲက အာကာကပြင်ကျယ်စကြဝဠာတစ်ဝန်း ပြည့်နှက်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများ ရိုက်ညောင်းမြည်ဟည်းလာ၏။ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကြောက်မက်ဖွယ်အရှိန်အဝါများက တင်းမာခက်ထန်ပြီး အံ့ဩနေသောအမူအရာများဖြင့် အဝေးကို လှမ်းကြည့်လိုက်ကြသည်။
နတ်ဆိုးလောကတွင်လည်း အလားတူစွာပဲ နတ်ဘုရားအာရုံစီးကြောင်းများစွာသည် အဝေးသို့ မယုံကြည်နိုင်စွာ လှမ်းကြည့်နေကြ၏။
အာကာပြင်ကျယ်မြူတစ်ချို့ အစိမ်းရောင်ခေါင်းတလားဝဲထဲ စိမ့်ဝင်၍ လိပ်ပြာကမ္ဘာထဲ ရောက်ရှိလာသည့်အခါ လိပ်ပြာ၏တောင်ပံများ လှုပ်ခတ်သွားလေသည်။ ထိုမြူငွေ့များကို လူအတော်များများ ခံစားလိုက်ကြရသည်။
အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် ရှုချင်သည် မျက်ရည်များစီးကျလျက် ပြုံးနေ၏။
“နင် အပြင်မှာ ရှိနေတာကို .... ငါ အခုပဲ ခံစားလိုက်ရတယ်”
အံ့မခန်းလိလိအဖြစ်အပျက်များ အပြင်ဘက်အာကာပြင်ကျယ်စကြဝဠာထဲ၌ ဖြစ်ပွားနေစဉ် အာကာပြင်ကျယ်ဂြိုဟ်အတွင်းရှိ တစ်ဝက်ဂြိုဟ်အပေါ်တွင် မန်ဟိုသည် အာကာပြင်ကျယ်ကျောင်းတော်သားများ၏ အာရုံစိုက်ရာ ဖြစ်နေ၏။
သူ့ထံမှ မွှေးပျံ့သောရနံ့တစ်ခုပင် ဖြာထွက်လာပြီး သူ့ခန္ဓာကိုယ်မှာ အဖိုးထိုက်ကျောက်မျက်ရတနာများမှ ထုဆစ်ထားသည့်ပမာ ဖြစ်နေသည်။ သူ၏မျက်နှာသွင်ပြင်က မပြောင်းလဲသော်လည်း ပုံပန်းသွင်ပြင်တစ်ခုလုံးကတော့ လွန်စွာကွဲပြားသွားခဲ့လေပြီ။
သူ့ကို ကြည့်လိုက်သော မည်သူမဆို အပြီးပြည့်စုံဆုံးရတနာတစ်ပါးကို ကြည့်လိုက်ရသကဲ့သို့ တုန်လှုပ်သွားရလိမ့်မည်။
အနှစ်သာရ ၉ ခုပါရာဂွန်ခုနစ်ဦးကမူ ထူးဆန်းစွာ တောက်ပနေသောမျက်လုံးများဖြင့် မန်ဟို့ကို အကဲခတ်ရင်း ရှေ့တက်လာကြ၏။