ပါရာဂွန်အလောင်းကို သန့်စင်ခြင်း
Vol. 102 Ch. 1414
ဂိုဏ်းချုပ်ဆိုသူ၏ ကြောက်မက်ဖွယ်နတ်ဘုရားအာရုံက နတ်ဆိုးလောကမှ မျက်ခုံးဖြူအဘိုးအို၏နတ်ဘုရားအာရုံနှင့် ဆင်တူလေသည်။ သူတို့သည် အနှစ်သာရ ၉ ခုအဆင့်ဖြစ်သော်လည်း အထွတ်အထိပ်တွင် ဖြစ်ကြ၏။
ထိုကဲ့သို့အထွတ်အထိပ်အဆင့်ဆိုသည်မှာ တာအိုအရင်းအမြစ်နယ်ပယ်သို့ တက်လှမ်းဖို့ အရည်အချင်းပြည့်မှီသည်ဟု အဓိပ္ပါယ်ရပေသည်။ ကုန်လွန်သွားခဲ့သော နှစ်သန်းပေါင်းများစွာအတောအတွင်း အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူများသည် လွန်စွာရှားပါး၏။ အမှန်တွင် အာကာပြင်ကျယ်ကျောင်းတော်ကဲ့သို့ ဂိုဏ်းကြီတစ်ဂိုဏ်းပင်လျှင် လေးယောက်သာ မွေးထုတ်ပေးနိုင်ခဲ့သည်။
သို့သော် ဤလေးယောက်လုံးက တာအိုအရင်းအမြစ်နယ်ပယ်မှ ခြေတစ်လှမ်းသာ ကွာဝေးတော့လေသည်။
ကံဆိုးစွာနှင့် ရှေးခေတ်မှ ယနေ့ထက်ထိတိုင်အောင် ထိုနောက်ဆုံးခြေတစ်လှမ်းကို လျှောက်နိုင်သူများမှာ ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုများလို ရှားပါးချေသည်။ အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံးတွင် ထိုခြေလှမ်းကို လျှောက်နိုင်ခဲ့သူ ... နှစ်ယောက်၊ သုံးယောက်ခန့်သာ ရှိခဲ့ဖူး၏။
ကျန်ရှိသူအားလုံး သေဆုံးသွားခဲ့ကြသည်။
ထိုနောက်ဆုံးခြေလှမ်းကို မလျှောက်ဘဲ အနှစ်သာရ ၉ ခုအဆင့်၏အထွတ်အထိပ်၌ နေခဲ့သူများကတော့ အတိုင်းအဆမဲ့သောသက်တမ်းကို ပိုင်ဆိုင်ကြလေသည်။ မိုးနှင့်မြေတည်သရွေ့ သူတို့အသက်ရှည်လိမ့်မည်ဟုတော့ မပြောနိုင်သော်လည်း ထို့လောက်နီးနီးအသက်ရှည်ကြ၏။ သူတို့၏အသိအမြင်အဆင့်သည်လည်း နက်ရှိုင်းပြီး ကျင့်ကြံအားထုတ်သည့်သက်တမ်း ကြာမြင့်လာလေလေ၊ အစွမ်းထက်လာလေလေ ဖြစ်ချေသည်။ သို့သော် သူတို့အတွက် အာကာပြင်ကျယ်ပြစ်ဒဏ်က နှစ်တစ်သောင်းကြာတိုင်း တစ်ကြိမ် ရောက်လာပြီး သူတို့ကို မဖျက်စီးနိုင်မချင်း တစ်ကြိမ်ထက် တစ်ကြိမ်ပြင်းထန်လာတတ်သည်။
ထို့ကြောင့်လည်း အနှစ်သာရ ၉ ခုအဆင့်၏အထွတ်အထိပ်နှင့် ပတ်သက်လာလျှင် လူတစ်ယောက်တွင် ပြိုင်ဘက်ကင်းအနှစ်သာရတစ်ခု မရှိသရွေ့ ထိုလူ၏ခွန်အားကို ကျင့်ကြံအားထုတ်ခဲ့သောသက်တမ်းနှင့် ဆုံးဖြတ်နိုင်လိမ့်မည်။
အားကောင်းသောနတ်ဘုရားအာရုံက မန်ဟို့ကို လွှမ်းခြုံ၍ သူ၏အစိတ်အပိုင်းတိုင်းကို လေ့လာနေသည်။ ကျန်ပါရာဂွန်ခုနစ်ဦးက လေးနက်သောအမူအရာများဖြင့် ဘေးတွင် ရပ်နေကြသည်။
အမွှေးတိုင်တစ်ဝက်ထွန်းကြာသော် နတ်ဘုရားအာရုံသည် ဖြည်းဖြည်းချင်း ဆုတ်ခွာသွားပြီးနောက် ရှေးဆန်သောအသံတစ်သံ ပဲ့တင်ထပ်လာ၏။
“ဒီပုဂ္ဂိုလ်က အရင်ဘဝတုန်းက သူ့ကို အနှစ်သာရ ၉ ခုအဆင့်အထိ အလိုအလျောက်မြှင့်တင်ပေးခဲ့တဲ့ တာအိုကျင့်စဉ်တစ်ခုကို အမွေရခဲ့တယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ ရရှိခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေများလွန်းတဲ့အတွက် ဒီအတိုင်းစစ်ဆေးကြည့်ဖို့ မလွယ်ဘူး။ အသက်ရှင်သေးရင်တောင်မှ သူ့အတွက် အဆင့်တက်ဖို့ အင်မတန်ခက်လိမ့်မယ်
“ဒီပုဂ္ဂိုလ်ဟာ ဘဝမှာ ပူဆွေးသောကတွေရောက်ခဲ့ရပြီး ကပ်ဘေးကြီးတစ်ခုကိုလည်း ကျော်ဖြတ်ခဲ့ရတဲ့ပုံပဲ။ သူ့ရဲ့ကမ္ဘာ ပျက်စီးသွားတာကို မြင်တွေ့ခဲ့ရဖို့ ဖြစ်နိုင်ချေများတယ်။ ကျန်တဲ့သူတွေအကုန် သေသွားပြီး သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာ ဖြစ်လောက်တယ်။ အသက်ဘေးကနေ ကပ်သီလေးလွတ်လာခဲ့တဲ့အချိန်မှာတောင် ဝိညာဉ်တစ်စိတ်ပိုင်းတစ်ပိုင်းပဲ ပါလာခဲ့တယ်
“သူ့ရဲ့အမုန်းတရားတွေဟာ နက်ရှိုင်းပြင်းထန်ပြီး အစွဲတွေလည်း ရှိနေသေးတုန်းပဲ။ သူ့စိတ်က ခိုင်မာသလို သူ့အပြင်အားကိုယ်က ပိုလို့တောင် သန်မာသေးတယ်။ သူက ငါတောင်မှ ဉာဏ်မမှီတဲ့ အနှစ်သာရအစွမ်းတချို့ကိုတောင် ခြယ်လှယ်နိုင်တယ်။ သိပ်စိတ်ဝင်စားစရာကောင်းတဲ့လူပဲ
“ဒါပေမဲ့ အဲဒါတွေအားလုံးက ဒုတိယပဲရှိသေးတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက သူ့အရှိန်အဝါ။ အင်မော်တယ်လည်းမဟုတ်၊ နတ်ဆိုးလည်းမဟုတ်ဘဲ အာကာပြင်ကျယ်စကြဝဠာနဲ့မတူ ကွဲပြားနေတယ်။ သူ့အရှိန်အဝါမှာ ပါရှိနေတဲ့အငွေ့အသက်တွေကို ... ငါ တစ်ခါမှမမြင်ခဲ့ဖူးဘူး
“အခုငါပြောသွားတဲ့အကြောင်းအရာတွေအပေါ် အခြေခံပြီး သူ ဘယ်သူလဲ မင်းတို့ခုနစ်ယောက် ခန့်မှန်းနိုင်ပြီးရောပေါ့” ရှေးဆန်သောအသံ ပဲ့တင်ထပ်နေစဉ် ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုအပါအဝင် ပါရာဂွန်ခုနစ်ယောက်လုံးတွင် အတွေးနက်နေသောအမူအရာများ ရှိကြ၏။
တခဏကြာသော် သူတို့ထဲမှ သက်လတ်ပိုင်းအရွယ်တစ်ယောက်က မျက်လုံးများတောက်ပနေလျက် ရုတ်တရက် ရေရွတ်သည်။ “လွန်ခဲ့တဲ့နှစ်တစ်ထောင်.... တောင်ပင်လယ်လောက .. မန်ဟို”
သူ့စကားကြောင့် ကျန်ပါရာဂွန်များ၏မျက်လုံးများ လင်းလက်သွားသည်။ ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုက မန်ဟို့အလောင်းကို လှမ်းကြည့်၏။ ထို့နောက် သူတို့က ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးကြတော့သည်။
“သူဖြစ်နိုင်ခြေအများဆုံးပဲ။ လွန်ခဲ့တဲ့နှစ်တစ်ထောင်က အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကက ပါရာဂွန်အင်မော်တယ်လောကကနေ ဖြစ်ပေါ်လာတဲ့ တောင်ပင်လယ်လောကကို တိုက်ခိုက်ခဲ့တယ်။ သတင်းတွေအရ အစိမ်းရောင်ခေါင်းတလားဝဲထဲ ဝင်သွားတဲ့ ကမ္ဘာလိပ်ပြာတစ်ကောင်ပဲ အသက်ရှင်ကျန်ခဲ့တယ်တဲ့။ မန်ဟိုက တာအိုအမွေကြောင့် အနှစ်သာရ ၉ ခုအဆင့်တက်သွားခဲ့ပေမယ့် ဒဏ်ရာအပြင်းအထန်ရသွားပြီး သေခါနီးအခိုက်အတန့်မှာ နေရာရွှေ့ပြောင်းသွားတယ်လို့လည်း ဆိုကြတယ်”
“ဒါဆို သူပေါ့။ ဒီနေ့အထိ အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောက သူ့ကို ရှာဖို့ လူတွေလွှတ်ထားသေးတယ်။ အကယ်လို့ ငါတို့...”
“ကိစ္စမရှိဘူး။ ငါတို့လိုချင်တာ သူ့ခန္ဓာကိုယ်ပဲလေ။ သူ့ကို နိုးလာအောင် ကူညီပေးမှာမှမဟုတ်တာ”
အစွမ်းထက်သောနတ်ဘုရားအာရုံက နောက်တစ်ကြိမ် ဖြာထွက်လာပြီး ရှေးဆန်ဆန်အသံက အေးတိအေးစက် ပြောသည်။ “သူ့ကို ဒီမှာထားခဲ့လိုက်။ အခုလေးတင် ဘိုးဘေးရုပ်ကြွင်း အုံကြွလာတာ ငါ ခံစားလိုက်ရတယ်။ ရုပ်ကြွင်းကို ထိန်းချုပ်ထားရတဲ့အချိန်မှာ အခုလိုအာရုံခွဲထားဖို့ မလွယ်ဘူး။ ရုပ်ကြွင်းငြိမ်သွားရင်တော့ အလောင်းရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပေးဖို့ ငါ ပြန်လာခဲ့မယ်။ ပြီးရင် အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အရင်းအမြစ်တွေကို သုံးရင်း အလောင်းခန္ဓာကို သန့်စင်နိုင်ပြီ။ ဒီအလောင်းရဲ့ ဒဏ်ရာတွေအားလုံး ပျောက်ကင်းသွားပြီး တည်ငြိမ်သွားရင် ... ကိုးယောက်မြောက်ပါရာဂွန်ကို ဆင့်ခေါ်ဖို့ အပြင်အားကိုယ်ကို ပြင်ဆင်ထားလိုက်ရုံပဲ
“အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကနဲ့ ပတ်သက်ပြီးကတော့ ဒီအလောင်းကို ဒီနေရာမှာ သူတို့ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး။ ဒါ့အပြင် သိသွားရင်တောင်မှ ငါတို့အာကာပြင်ကျယ်ကျောင်းတော်နဲ့ စစ်ဖြစ်ချင်ကြမယ်ထင်လား” ရှေးဆန်သောအသံတွင် သြဇာကြီးမားသည့်အငွေ့အသက်များ ပြည့်နှက်နေပြီး ၎င်းတိုးညှင်းပျောက်ကွယ်နေစဉ် ကျန်ပါရာဂွန်ခုနစ်ယောက်က အကြည့်ချင်းဖလှယ်၍ ရယ်ကြတော့သည်။ ထို့နောက် သူတို့သည် လက်ယှက်အရိုအသေပေးပြီးနောက် သက်ဆိုင်ရာကျင့်ကြံခြင်းဂူများသို့ အလျှိုလျှိုထွက်သွားကြ၏။
ဂိုဏ်းချုပ်ကိုယ်တိုင်က မန်ဟို့အလောင်းကို ကိုင်တွယ်ပေးမည်ဆိုမှတော့ သူတို့လည်း မထင်မှတ်ထားသည့်အရာတစ်ခုခု ဖြစ်လာနိုင်ခြေနှင့်ပတ်သက်၍ စိုးရိမ်မနေတော့ပေ။
သူတို့ထွက်သွားပြီးနောက် မန်ဟို့အလောင်းသည် လေလယ်၌ မလှုပ်မယှက်ဝဲလျက် ကျန်ခဲ့၏။
တကယ်တမ်း သူ့ဝိညာဉ်မှာ သူ့ကိုယ်ထဲရှိ ကြေးမီးအိမ်၏မီးတောက်အတွင်း ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ အပြင်သို့ စေလွှတ်လိုက်သော သူ၏ဝိညာဉ်အစိတ်အပိုင်းလေးကတင် အာကာပြင်ကျယ်ကျောင်းတော်သားပါရာဂွန်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။ အမှန်တော့ သူသည် သူ့ဝိညာဉ်အစစ်ကို သူတို့တွေ့မည်မဟုတ်၍ သူ့အား လိုက်ရှာနေသော အင်အားစုများထံမှ ပုန်းကွယ်ရန်နှင့် သူ့ကျင့်ကြံခြင်းအခြေခံကို ပြုပြင်ရန် ဤနေရာကို အသုံးချနိုင်မည်ဟု လောင်းကြေးထပ်နေခဲ့ခြင်း ဖြစ်၏။
သူ့အနေဖြင့် တာအိုအရင်းအမြစ်နယ်ပယ်သို့ မြန်နိုင်သမျှမြန်မြန် တက်လှမ်းဖို့အတွက် အခွင့်အရေးရအောင် ဆက်လက်ကျင့်ကြံအားထုတ်ဖို့လည်း လိုအပ်သေးသည်။
ထိုရည်ရွယ်ချက်အားလုံးကို အာကာပြင်ကျယ်ကျောင်းတော်တွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် သူ မျှော်လင့်ထားသည်။
ဒဏ်ရာများကို ကုစားဖို့ အာကာပြင်ကျယ်ကျောင်းတော်၏ အရင်းအမြစ်များအား အသုံးချမည်။ ထို့အပြင် အာကာပြင်ကျယ်ကျောင်းတော် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကတို့နှင့် စစ်မက်ဖြစ်ပွားအောင်လည်း လှုံ့ဆော်ကောင်းလှုံ့ဆော်နိုင်လိမ့်မည်။ စစ်ဖြစ်အောင် သွေးမထိုးပေးနိုင်လျှင်တောင်မှ စိတ်တိုင်းကျကျင့်ကြံအားထုတ်ဖို့ အရင်းအမြစ်များစွာ ရှိသည့် နေရာတစ်နေရာကို သူ လိုအပ်သေးသည်။
နိုးလာလာချင်းတုန်းက မန်ဟိုမှာ အာကာပြင်ကျယ်ကျောင်းတော်အကြောင်း မသိခဲ့ပေ။ သို့သော် လွန်းပျံနှင့်ပျံသန်းနေစဉ် အာကာပြင်ကျယ်ဂြိုဟ်အနားရောက်လေလေ၊ ကြေးမီးအိမ်က တုန်ရီလာလေလေ ဖြစ်ပြီး အာကာပြင်ကျယ်ဂြိုဟ်နှင့် သဟဇာတဖြစ်နေသော အခိုးအငွေ့များကိုပင် ထုတ်လွှတ်လာသည်ကို သူ တွေ့ခဲ့ရ၏။ ထိုအခိုက်အတန့်တွင် မန်ဟိုတစ်ယောက် စိတ်ပိုင်းဖြတ်လိုက်သည်။
ကြေးမီးအိမ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲ၏။ ၎င်းမည်သည့်နေရာက လာမှန်း သူ အတိအကျမသိသော်လည်း အာကာပြင်ကျယ်ဂြိုဟ်နှင့် သေချာပေါက်တစ်ခုခုပတ်သက်နေကြောင်း သူ ပြောနိုင်သည်။
သူ့ဝိညာဉ်က မီးအိမ်၏မီးစာထဲတွင် ပုန်းအောင်းနေခဲ့သဖြင့် ခရမ်းရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုသည် သူ၏တည်ရှိမှုကို သတိမထားမိခဲ့ပေ။ သို့သော် အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ်ထံမှ အင်အားကြီးမားသော နတ်ဘုရားအာရုံသည် မန်ဟို့ကို ကြောက်လန့်သွားစေခဲ့၏။
ထိုနတ်ဘုရားအာရုံက သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းက စစ်ဆေးကြည့်ရှုနိုင်ပြီး ကြေးမီးအိမ်၏အပေါ်မှပင် ခဏခဏ ဖြတ်သွားခဲ့သည်။ သို့သ်ော မီးအိမ်မှာ ထိုဂိုဏ်းချုပ်ပင် မတွေ့နိုင်သည့်တိုင်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းသည့်အတွက် ထိုလူကြောင့် မန်ဟို ခံစားနေရသော ကြောက်စိတ်များကို လွင့်ပျယ်သွားစေခဲ့သည်။
ရက်အနည်းငယ်ကြာသော် ထိုကြောက်မက်ဖွယ်နတ်ဘုရားအာရုံက မန်ဟို့ထံ ရောက်ချလာပြန်သည်။ ဤတစ်ကြိမ်တွင် ၎င်းသည် သူ့ကို တစ်နာရီတိုင်တိုင် စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေခဲ့၏။ ထို့အပြင် ကြေးမီးအိမ်အပြင်၌ မန်ဟို ချန်ထားခဲ့သော ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုလည်း အရှင်းဖယ်ရှားပစ်လိုက်သည်။
သူသည် မန်ဟို့ကို အပြီးတိုင်သေဆုံးသွားအောင် သတ်နေခြင်းဖြစ်၏။ ကြေးမီးအိမ်ကြောင့်သာမဟုတ်လျှင် မန်ဟို နိုးထလာနိုင်ခြေ ရှိတော့မည်မဟုတ်ပေ။
တစ်နာရီကြာသော် နတ်ဘုရားအာရုံက ဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။ ထို့နောက် မန်ဟို့အလောင်းမှာ အားတစ်ရပ်ဖြင့် ဆုပ်ကိုင်ခံလိုက်ရပြီး ရင်ပြင်ကျယ်တစ်ခုအပေါ် ဆွဲချခံလိုက်ရ၏။ ထိုရင်ပြင်ထက်တွင် ဧရာမဒယ်အိုးကြီးတစ်လုံး ရှိလေသည်။
၎င်းက တောင်ကြီးတစ်လုံးသဖွယ် မီတာသုံးထောင်တိတိ မြင့်မားသော ဆေးဒယ်အိုးတစ်လုံး ဖြစ်သည်။ ဒယ်အိုးအောက်တွင် ခုနစ်ရောင်ခြယ်မီးတောက်က တရှဲရှဲတောက်လောင်နေပြီး ဒယ်အိုးအတွင်း၌မူ ဆေးရည်များ ရှိသည်။ မန်ဟို့ကို ဆုပ်ကိုင်ထားသည့် အားက သူ၏ခန္ဓာကိုယ်ကို ဒယ်အိုး၏အလယ်တည့်တည့်သို့ ပစ်ချလိုက်လေသည်။
ထိုသို့ကျသွားသောအခါ ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးက ကျန်ပါရာဂွန်ခြောက်ဦးနှင့်အတူ ပျံသန်းလာသည်။ သူတို့သည် ဒယ်အိုးအပေါ်၌ ရပ်၍ ပျံဝဲနေပြီးနောက် အင်္ကျီလက်စများကို ဝှေ့ယမ်းလျက် အဖိုးတန်ဆေးပင်များအား ဒယ်အိုးထဲ ပစ်ထည့်နေကြ၏။ တုံ့ပြန်သည့်အနေဖြင့် ဆေးရည်က ပွက်ပွက်ဆူလာတော့သည်။
“သန့်စင်ခြင်း စတင်လိုက်တော့” ရှေးဆန်သောအသံက ပြောသည်။ “ဝိညာဉ်ကို ဖယ်ရှားပြီးပြီးမလို့ ခန္ဓာကိုယ်ဟာ အလွတ်ပဲ ရှိတော့တယ်။ ဒဏ်ရာတွေကို ကုစားပြီး ခန္ဓာကိုယ်ကို ပြီးပြည့်စုံတဲ့အဆင့်အထိ ပြုပြင်ကြပါ။ ဒါဆို ငါတို့ အဲဒီအပြင်အားကိုယ် အသုံးပြုနိုင်ပြီ” ပါရာဂွန်ခုနစ်ဦး၏မျက်နှာများပေါ်တွင် လွန်စွာလေးနက်သောအမူအရာများ ရှိကြသည်။ သူတို့သည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်လိုက်ရာ မန်ဟို၏မွေးညင်းပေါက်အားလုံး ပွင့်လာပြီး ဆေးရည်များကို စတင်စုပ်ယူတော့၏။
တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ ကြေးမီးအိမ်အတွင်းတွင် မန်ဟို့ဝိညာဉ်သည် ခန္ဓာကိုယ်အပြင်ရှိ ပူလောင်သောအတွေ့အထိကို မခံစားရသော်လည်း သူ့ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းနေသည်ကို အာရုံရနေ၏။
သူ့မှာ ချက်ချင်း အားတက်သွားသော်လည်း သတိလည်းကပ်ထားသည်။
အချိန်တွေ ကုန်လွန်သွားသည်။ ဆယ့်ကိုးရက်ကြာသော် ဒယ်အိုးကြီးအတွင်းရှိ ဆေးရည်အတော်များများ ခမ်းသွားလေပြီ။ မန်ဟိုက တွင်းနက်ကြီးအလား တရစပ်စုပ်ယူနေသည်။ ဆေးပင်အမြောက်အမြားစုပ်ယူခဲ့ပြီးသည့်တိုင် သူ့ဒဏ်ရာများမှာ သုံးဆယ်ရာခိုင်နှုန်းခန့်သာ သက်သာသေးလေသည်။
“အံ့ဖွယ်ထူးကဲလိုက်တာ။ ဒီဆေးပင်တွေအားလုံးကတောင် သူ့ကို မကုစားနိုင်ဘူးတဲ့လား”
“ကိစ္စမရှိဘူး။ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အရင်းအမြစ်တွေက နက်နဲတယ်။ သုံးမကုန်လောက်အောင်ကို များတာ။ သူ ဘယ်လောက်စုပ်ယူနိုင်တယ်ဆိုတာ ငါတို့ ဘယ်လောက်တတ်နိုင်တာ ပြနေတာပဲလေ။ များများကုန်လေလေ၊ ဒီအလောင်းမှာ အလားအလာများများ ရှိလေလေပေါ့” ပါရာဂွန်များသည် အားရဝမ်းသာစွာ ရယ်နေကြ၏။ သူတို့က များများစားစားတွေးမနေဘဲ ဆေးပင်များကို ဒယ်အိုးထဲ ထပ်ထည့်လိုက်ကြသည်။
ဆေးဒယ်အိုးထဲတွင် ဆေးရည်များ ထပ်ပြည့်လာသဖြင့် တပွက်ပွက်ဆူသံများ ကြားလာရသည်။ မန်ဟိုမှာ ဆေးရည်များထဲ လုံးလုံးလျားလျား နစ်မြုပ်နေသည်။ သူ၏အပြင်အားကိုယ်သည် သန်မာသထက် သန်မာလာနေပြီး ရွှေတုန်းလျှို၏အမွေကို အချိန်မတန်သေးဘဲ စုပ်ယူခဲ့ရခြင်းမှ ရရှိခဲ့သော ထိခိုက်မှုများလည်း သက်သာလာ၏။
မန်ဟိုက ကြေးမီးအိမ်ထဲတွင် တိတ်တိတ်ကလေး ပုန်းရင်း နှုတ်ခမ်းပါးနား သပ်နေသည်။ သူ့ကိုယ်သူတော့ သတိမထားမိသော်လည်း ရှက်ကိုးရှက်ကန်းအမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့ပြီး သူ့မှာ အတန်ငယ်ရှက်နေပုံရလေသည်။
နောက်တစ်လကြာသွားသည်...
“မသက်သာသေးဘူးလားဟ။ ရတယ် ရတယ်၊ ထပ်ထည့်ပေးကြရုံပေါ့”
“ငါ ဒီမိုးမြင့်မားမြက်ကို နှစ်ပေါင်းသုံးသောင်းတိုင်တိုင် ပျိုးခဲ့ရတာ။ နဝမပါရာဂွန်အတွက် သူ့ဆီ ပေးမယ်”
“လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ့မှာ ဒီတိမ်နဂါးအရိုးကို ရဖို့ သေလုမျောပါးတိုက်ခိုက်ခဲ့ရတာ.... ကဲ ထားပါတော့လေ”
ပါရာဂွန်ခုနစ်ဦးမှာ သိပ်ပျော်ကြပုံမပေါ်သော်လည်း အံတင်းတင်းကြိတ်၍ သူတို့စုထားဆောင်းထားသည့် အဖိုးထိုက်ပစ္စည်းများကို ထုတ်၍ အလောင်းအား ဆက်လက်သန့်စင်ရန် ဒယ်အိုးထဲ ပစ်ထည့်နေကြသည်။
ယခုတွင် မန်ဟို့ခန္ဓာကိုယ်မှာ အကောင်းအတိုင်း သက်သာခါနီးလေပြီ။ အန္တရာယ်များသောမငြိမ်မသက်မှုများလည်း ဟန်ချက်ညီနေခဲ့ပြီဖြစ်သည်။ သို့သော် ဘယ်သူမှမမြင်ရသော ကြေးမီးအိမ်က အရင်းအမြစ်များကို စုပ်ယူရာနှင့်ပတ်သက်လျှင် ဆာလောင်နေသော တွင်းနက်ကြီးတစ်တွင်းအလားပင်။
အမှန်တွင် ၎င်းသည် အဖိုးထိုက်ရတနာတစ်ဝက်ကျော်ကို စုပ်ယူခဲ့ပြီးပြီဖြစ်၏။ ထိုအခြင်းအရာက ၎င်း၏မီးတောက်ကို တောက်ပသထက် တောက်ပလာစေပြီး တဖြေးဖြေး မန်ဟိုမှာ ကြေးမီးအိမ် နိုးထလာနေသည်ကို ခံစားလာရတော့သည်။
စုပ်ယူခံနေရသည့် ပစ္စည်များ များသထက်များလာသည့်နောက်ဆုံး ဒယ်အိုးတစ်လုံးလုံးမှာ တဝုန်းဝုန်းမြည်လာပြီး ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေစွမ်းအင်များလည်း စုပ်ယူခံနေရသည်။
“ပြီးခါနီးပြီ။ မိုးနဲ့မြေစွမ်းအင်တွေလည်း စုပ်ယူခံနေရပြီဆိုတော့ ပြီးတော့မယ်”
“ငါတို့အကုန်အကျများခဲ့ပေမယ့် ရလဒ်အနေနဲ့ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ပါရာဂွန်အလောင်းကို ရမှာ။ နဝမပါရာဂွန်ရောက်လာရင် တန်ပြီ”
ပါရာဂွန်ခုနစ်ဦးသည် တဟားဟား ရယ်နေကြပြီး စိတ်အေးသွားကြပုံပေါ်၏။ ပြီးခဲ့သည့်ရက်ပိုင်းတုန်း သူတို့မှာ ဒယ်အိုးထဲ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ဆက်တိုက်ထည့်နေခဲ့ရသည်။ နောက်ဆုံးတော့ အဆုံးသတ်တော့မည်ကို မြင်ရသောအခါ သူတို့မှာ စိတ်လက်သက်သာသွားတော့သည်။
အချိန်တွေ ကုန်လွန်သွား၏။ တစ်လ၊ နှစ်လ၊ သုံးလ....