← Chapters

အမျိုးသားကောင်းတစ်ဦးနှင့် နီးကပ်လေလေ သင်၏ချစ်ခင်မှု ပိုနက်ရှိုင်းလေ ဖြစ်သည်။

Vol. 08 Ch. 395

အမျိုးသားကောင်းတစ်ဦးနှင့် နီးကပ်လေလေ သင်၏ချစ်ခင်မှု ပိုနက်ရှိုင်းလေ ဖြစ်သည်။

Vol. 08 Ch. 395

ကမ္ဘာပေါ်တွင် တိုင်းတာမရနိုင်သော၊ ကိုယ်ကျိုးမဖက်သော ချစ်ခြင်းတစ်မျိုးရှိသည်။ ထိုချစ်ခြင်းမေတ္တာသည် တည်ကြည်လေးနက်ပြီး သန့်စင်မြင့်မြတ်သည့် ချစ်ခြင်းတရားလည်း ဖြစ်၏။ ထိုအရာသည် လူတို့အား အမှတ်မထင် တွေးတောဆင်ခြင်ခြင်းအမှု၌ ဆုံးရှုံးစေနိုင်သကဲ့သို့ လူတို့၏ဘဝတစ်လျှောက်လုံးတွင် ပျော်ရွှင်မှုကို ရရှိစေအောင်လည်း ပြုလုပ်ပေးနိုင်သည်။

ထိုမေတ္တာအမျိုးအစားတွင် ... အရိုးရှင်းဆုံးသည် မိခင်၏မေတ္တာသည်သာ ဖြစ်တော့သည်။

စုလင်းယွမ်သည် ထန်ရှုအား ကြီးစွာသော အခက်အခဲများကြားမှ ပြုစုပျိုးထောင်ပေးခဲ့ရာ သားဖြစ်သူသည် သူမအတွက် အရာအားလုံး ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ထန်ရှုမောပန်းပြီး ဆာလောင်နေသည်ဟု သူမ  ကြားလိုက်ရသည့်အခိုက်တွင် သားဖြစ်သူအား  ပြုစုစောင့်ရှောက်ရန် အရာအားလုံးကို ဘေးဖယ်ထားလိုက်သည်။ သူမက အမြန်ထလိုက်ပြီး "ရှုအာ… ခဏလောက် အနားယူလိုက်ဦး။ အမေ သားစားဖို့တစ်ခုခု သွားချက်လိုက်မယ်။ ကျက်တဲ့အခါ သားဆီ ဖုန်းဆက်လိုက်မယ်။"

"ကျေးဇူးတင်ပါတယ် အမေ။"

ထန်ရှုက ပြုံးကာ စုလင်းယွမ်အား ခေါင်းညိတ်ပြသည်။ ထို့နောက် တံခါးပေါက်မှ ဝင်ကာ ဒုတိယထပ်ရှိ သူ၏အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ အ၀တ်အစားအသစ်တစ်စုံကို ကောက်ယူပြီး ရေချိုးခန်းထဲသို့ဝင်ကာ ရေနွေးဖြင့် ရေချိုး၊ အ၀တ်အစားလဲပြီးနောက် အသစ်စက်စက် စာကြည့်ခန်းထဲသို့ ၀င်သွားခဲ့သည်။

စာကြည့်ခန်းအတွင်း၌ အဖိုးတန်အရာများ ရှိနေသည်။ ပထမတွင် ထန်ရှုက တုကျွမ်တို့မိသားစုသုံးယောက်အား သည်အိမ်တွင် နေထိုင်ခွင့်ပေးလိုက်ချိန်က သူ၏စာဖတ်ခန်းထဲမှ ပစ္စည်းများအား ရွှေ့ပြောင်းပစ်မည်ကို သူ အနည်းငယ် စိုးရိမ်ခဲ့သည်။ သို့ရာတွင် ယခုကြည့်လိုက်ချိန်၌ သူတို့သည် တကယ့်ကို ရိုးသားစွာဖြင့် အတွင်းထဲမှ ပစ္စည်းများအား ဘာမှ ရွှေ့ပြောင်းထားသည့်ဟန် မရှိပါချေ။

…၀င်လာစမ်း…

ထန်ရှုက သူ၏လက်အား ဝှေ့ယမ်းလိုက်သည်။ စာကြည့်ခန်းထဲက အဖိုးတန်ပစ္စည်းများအားလုံး လွင့်ပျံလာကာ သူ၏သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်းဝင်သွားကြသည်။ ဆောင်းဦးဒီရေကျောက်နှင့် ကြယ်အပိုင်းအစအချို့ အနည်းငယ် ကျန်သေးသော်လည်း ဗလာအက်ကြောင်းကျောက်အား အကုန်အသုံးပြုထားပြီးဖြစ်သောကြောင့် သိုလှောင်လက်စွပ်များ ဖန်တီးရာတွင် ပိုမိုခက်ခဲတော့မည်ဖြစ်သည်။

သို့သော် ကောင်းကင်သဲကျောက် အများအပြား ကျန်နေသေးသောကြောင့် အနာဂတ်တွင် အဖိုးတန်ပစ္စည်းများအတွက် စိတ်ပူစရာမလိုချေ။

ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ရက်အနည်းငယ်အတွင်း ကြယ်တာရာသို့ ပြန်သွားရန် ရည်ရွယ်ထားသည်။ တောင်တံခါးအိမ်ရှိ သူ၏စာကြည့်ခန်းထဲတွင်ရှိသော အဖိုးတန်ပစ္စည်းများအပြင် မြစ်ဟောင်းခရိုင်မှ ရေခဲသေတ္တာအတွင်း၌လည်း အခြားပစ္စည်းများစွာ ရှိသေးသည်။ ထိုပစ္စည်းများအားလုံးကို သူ၏ သိုလှောင် လက်စွပ်ထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။

ထို့နောက် ထန်ရှုသည် သူ့အမေနှင့် ထမင်းစားရင်း စကားစမြည်ပြောဆိုပြီးနောက် မနက်ဖြန်မနက်ပင် ကြယ်တာရာသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လေဆိပ်ရှိ ကိုယ်ပိုင်ဂျက်လေယာဉ်မှူးအား ချက်ချင်း အကြောင်းကြားခဲ့သည့်အပြင် ခန်းရှကိုလည်း ကြယ်တာရာသို့ သူရောက်ရှိမည့် ခန့်မှန်းခြေအချိန်အား  အကြောင်းကြားခဲ့သည်။

ထန်ရှုသည် ဆယ်ရက်နီးပါး လက်နက်တန်ဆာ သန့်စင်ခြင်းကြောင့် ပင်ပန်းနေခဲ့သည်။ ထို့ကြောင့် သူသည် နာရီ ၃၀ကျော် အိပ်စက်လိုက်ရာ သူနိုးလာပြီးနောက်တွင် ကိုယ်စိတ် လွန်စွာ ပေါ့ပါးပြီး သက်တောင့်သက်သာရှိခဲ့သည်။

ကြယ်တာရာလေဆိပ်…

ခန်းရှသည် အညိုရောင် စွပ်ကျယ်အင်္ကျီပေါ်တွင် လက်ပြတ်ကုတ်ရှည်တစ်ထည် ၀တ်ဆင်ထားပြီး ဘဲခေါင်းဦးထုပ် ဆောင်းကာ ဒေါက်မြင့်ဖိနပ်အား လိုက်ဖက်စွာ စီးနင်းထားသည်။

လေဆိပ်၏ ထွက်ပေါက်အနီးတွင် ရပ်နေသော ခန်းရှသည် ထွက်ပေါက်မှတ်တိုင်မှ အဆက်မပြတ် ထွက်လာနေသော လူအုပ်ဆီသို့ လှမ်းကြည့်နေသည်။

စုချွမ်သည် အနီးရှိတိုင်အား မှီလျက် အပြုံးဖြင့် ရှိနေသည်။ တစ်ခါတရံ သူ၏အကြည့်များသည် ခန်းရှဆီသို့ ရောက်သွားသည်။ သာမာန်လူတစ်ယောက်အနေဖြင့် ခန်းရှ၏စိတ်ကို မဖတ်နိုင်သော်လည်း သူတို့လုပ်ငန်းစု၏ အထွေထွေမန်နေဂျာဖြစ်သော သူမသည် ထန်ရှုအား အမှန်တကယ် ကိုးကွယ်ကြောင်းကိုမူ သူ ပြောနိုင်ပေသည်။

"အကြီးအကဲခန်း … ငါတို့က အစောကြီး ရောက်လာတာပဲ။ ထန်ရှုရောက်ဖို့က ၁၆ မိနစ်လောက် ကျန်သေးတယ်။”

ခန်းရှက စုချွမ်အား တစ်ချက်စောင်းငဲ့ကြည့်ကာ

"ဟမ့် … ငါ့ပုံစံက အဲဒါကို မသိတဲ့ပုံဖြစ်နေလို့ ငါ့ကို သတိပေးစရာလိုတယ်ထင်နေတာလား။ အသားအရည်လှလိမ်းဆေးနဲ့ အမာရွတ်ပျောက်ဆေးအတွက် ပရိုမိုးရှင်းအစီအစဉ်ကို နင် သေချာလုပ်ပြီးပြီလား။ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး အလုပ်ကို ကောင်းကောင်းလုပ်တာက နင့်အတွက် ပိုကောင်းတယ်။"

စုချွမ်သည် တံတွေးတစ်ချက် မျိုချလိုက်သည်။ သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း

“အ…အကြီးအကဲခန်း…ပြောချင်တာက… ဒီနေရာမှာ ငါ့ကို ပရိုမိုးရှင်းအစီအစဥ် လုပ်စေချင်တာလား။”

"နင် မလုပ်နိုင်ဘူးလား။" ခန်းရှက သူ့အား မျက်လုံးပြူးပြလိုက်ကာ

"မလုပ်နိုင်ရင် အပြင်ဘက်ကားပါကင်မှာ သွားစောင့်နေ။"

(Charm Min Nge - လျှာသွားရှည်မိတဲ့စုချွမ် ထိပြီ။

:-D)

"ကောင်းပါပြီ။ ကောင်းပါပြီ။"

စုချွမ်က အပြစ်ကင်းစင်ဟန် မျက်လုံးများနှင့် ခန်းရှအား ကြည့်လိုက်သည်။ သူ့အနေဖြင့် ရုံးခန်းကို မပြန်ချင်သလို ကားရပ်နားရာနေရာမှာလည်း မနေလိုပေ။

ထို့ကြောင့် သူ၏ဖုန်းကို ယူကာ ဂိမ်းဆော့ကစားနေဟန် ပြုလိုက်သည်။ သူ သည်နေရာတွင် တစ်ခုခုလုပ်ရန် ဟန်ဆောင်နေပြီး စကားမပြောဘဲ ငြိမ်နေသရွေ့ ခန်းရှသည် သူ့အား နောက်ထပ် အလိုမကျ ဖြစ်တော့မည်မဟုတ်ကြောင်း သူ ပြောနိုင်ပေသည်။

အချိန်များ ကုန်လွန်လာပြီဖြစ်သည်။

နာရီဝက်ကြာပြီးနောက် ထန်ရှုထွက်လာသည်ကို မြင်လိုက်ရသောအခါ ခန်းရှ၏မျက်လုံးများ အရောင်လက်သွားသည်။ သို့သော် ထန်ရှုနှင့်အတူ မိခင်စုလင်းယွမ်ပါ အတူရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"အိုး … အကြီးအကဲခန်း … ဒေါ်လေးစုက ဘယ်အချိန် ရှန်ဟိုင်းကို သွားလိုက်တာလဲ။"

စုချွမ်သည်လည်း ထန်ရှုနှင့်အတူ စုလင်းယွမ်ကိုပါ တွေ့လိုက်ရသဖြင့် အံ့အားသင့်နေသော မျက်နှာထားဖြင့် မေးလာသည်။

ခန်းရှက စုချွမ်အား အမှတ်တမဲ့ တစ်ချက်ကြည့်လိုက်ပြီး "နင်က ငါ့ကိုမေးတော့ ငါက ဘယ်သူ့ကို မေးရမှာလဲ။ မှတ်ထားနော် … ဘာစကားမှ အပိုတွေ ပြောမနေနဲ့ဦး။ တကယ်လို့... နင် ပြောချင်သပဆိုရင် ငါ့အကြောင်းလေးပဲ စကားကောင်းပြောပေး ဟုတ်ပြီလား။"

စုချွမ်၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု တွဲခိုလာသည် ။

"နားလည်ပြီ။ ငါ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။"

စုချွမ်အား ကျေနပ်သည့်အကြည့်နှင့် ကြည့်လိုက်ပြီး ခန်းရှက ထန်ရှုတို့အား ကြိုဆိုရန် ရှေ့သို့ တက်လိုက်ကာ "သူဋ္ဌေး … နင် ပြန်လာမယ်ဆိုတာ သိပေမယ့် အန်တီလည်း ရှန်ဟိုင်းမှာ ရှိပြီး အတူတူ ပြန်လာလိမ့်မယ်လို့ ထင်မထားမိဘူး။ အန်တီ … ခရီးပန်းနေပြီလား။”

စုလင်းယွမ်သည် ခန်းရှအား သိသည်။ ခန်းရှသည် သားဖြစ်သူ၏ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဖြစ်ကြောင်းကိုလည်း သူမ သိသောကြောင့် အပြုံးဖြင့် “ဒီတစ်ခေါက်တော့ ခရီးမပန်းခဲ့တာ ကံကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှုအာက ခန်းရှကို ကိုယ်တိုင်လာကြိုခိုင်းလိမ့်မယ်လို့ မထင်ထားဘူး။ ဒီကလေးကတော့လေ တကယ်ကို မသိတတ်တာပဲ။ ပုံမှန်အားဖြင့် ဒီလောက် အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်ကို လုပ်ခိုင်းစရာလား။”

“ဒါပေမယ့် ကျွန်မက လာဖို့ ဆန္ဒရှိတာပါ။ သူဋ္ဌေးနဲ့ မဆိုင်ပါဘူးရှင့်။"

ခန်းရှက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

စုလင်းယွမ်၏မျက်၀န်းများ အရောင်လက်သွားသည်။ ခန်းရှသည် သားဖြစ်သူအား နူးညံ့သောအကြည့်တို့ဖြင့် တိတ်တခိုး ကြည့်နေသည်ကို သူမ ကောင်းစွာ သတိပြုမိသည်။ ချစ်သူကို တွေ့လိုက်ရသည့် မိန်းကလေးတစ်ယောက်၏အမူအရာမျိုးမှန်း ထင်ရှားစွာ သိနိုင်သည်။

သူတို့များ …

ခန်းရှ၏လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် စုလင်းယွမ်က ပြုံးရွှင်သော မျက်နှာဖြင့်

“ခန်းရှ … သူ့အတွက် ကာပေးမနေနဲ့။ ရှုအာနဲ့ ဘယ်လို ပြောဆိုဆက်ဆံမလဲဆိုတာကတော့ သမီးရဲ့ကိစ္စပဲ။ တစ်ခုခုဖြစ်ရင် သမီးအတွက် အန်တီ ပြောပေးနိုင်တာက ရှုအာက အနိုင်ကျင့်ရင် အန်တီ့ကို လာပြောလို့ရတယ်။ သူ့ကို အန်တီ ဆုံးမပေးမယ်။"

ခန်းရှခမျာ စိတ်လှုပ်ရှားသွားသည့်ဟန်ရှိသည်။ ဤကဲ့သို့သော ချစ်ခင်မှုအား စုလင်းယွမ်က ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။ ထို့အပြင် သူမအား အပျော်ဆုံးဖြစ်စေခဲ့သည်မှာ စုလင်းယွမ် ပြောလိုက်သော စကားများ၏နောက်ကွယ်တွင် လေးနက်သည့် အဓိပ္ပာယ်များ ပါနေခဲ့သည်။

“အန်တီ စိတ်မပူပါနဲ့။ သူ ကျွန်မကို အနိုင်ကျင့်ရင် ကျွန်မ ပြောမယ်။ သူ ကျွန်မကို မကောင်းတာ လုပ်ရဲရင်လည်း ပြောပါမယ်။"

ခန်းရှသည် လွန်စွာ စိတ်ကြည်နူးရသောကြောင့် ချိုမြိန်သောပျားရည်သည် သူမ၏နှုတ်ခမ်းထက်တွင် လိမ်းကျံထားသည့်အလားပင်။

ကျေနပ်စွာ ခေါင်းညိတ်ရင်း စုလင်းယွမ်က စုချွမ်ဘက် လှည့်ကာ

"ချွမ် … နင်ရော ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ။"

“ဒေါ်လေးစု … ကျွန်တော် အခု ခမ်းနားသောထန် လုပ်ငန်းစုမှာ အလုပ်လုပ်နေပြီလေ။”

စုချွမ်က ပြုံးပြီးပြောသည်။

"အဲ့ဒါကို ငါ သိပါတယ်။ နင်လည်း ငါတို့ကို လာကြိုလိမ့်မယ်လို့ မထင်ထားလို့လေ။ သွားကြစို့။ မနက်ကတည်းက ဘာမှမစားရသေးဘူး။  ဗိုက်တော်တော်ဆာနေပြီ။"

"ဟုတ်…ဟုတ်ကဲ့။ သွားကြစို့ အန်တီ။”

ခန်းရှသည် စုလင်းယွမ်၏လက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး ချစ်ခင်စွာဖြင့် ပြန်ပြောသည်။

တောင်တံခါးမြို့အိမ်ရာ…

ထန်ရှု၏အိမ်သို့ရောက်ပြီးနောက် ခန်းရှနှင့် စုချွမ်တို့သည် ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း စုလင်းယွမ်က သူတို့အား တားထားခဲ့သည်။ အိမ်၏ဧည့်ခန်းတွင် ထန်ယွင်သဲ့သည် ခန်းရှနှင့် စုချွမ်တို့အား အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲတွင် ထန်ရှုနှင့် စကားပြောခဲ့သည်။

“ရှုအာ… သား ဒီကို ရောက်လာပြီဆိုတော့ ကွမ်းယန်နဲ့ ဖူခန်းရဲ့အခြေအနေအသေးစိတ်တွေကို အဖေ့ကို ပြောပြနိုင်တယ် မဟုတ်လား။ အဲဒီမှာ ပေါ်လာတဲ့ လူတွေက ဘယ်သူတွေများလဲ။”

ထန်ယွင်သဲ့သည် ချိုင်းထောက်နှင့် လမ်းလျှောက်နေရာမှ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ကာ မေးလိုက်သည်။

"အဖေ့ဒဏ်ရာကို အရင်ကြည့်ရအောင်။"

ထန်ရှုက ပြောသည်။

ထန်ယွင်သဲ့က ထန်ရှု၏လက်အား တွန်းဖယ်ကာ ခေါင်းယမ်းပြရင်း

“အဖေ့ဒဏ်ရာအတွက် စိတ်မပူနဲ့။ အဖေ သက်သာနေပြီ။ အရိုးတွေ မထိခိုက်ထားဘူဆိုတော့ ရှစ်ရက်ကနေ ဆယ်ရက်အတွင်း အပြည့်အဝ သက်သာလာမယ်။ ဒါနဲ့ ခေါင်းစဥ် မပြောင်းနဲ့တော့။ သား အဖေ့ကိုမပြောရင် တစ်ခုခုလွဲနေပြီလို့ ခံစားရတယ်။"

ထန်ရှုက အနေရခက်စွာ ပြုံးကာ ထန်ယွင်သဲ့၏အရှေ့တွင် ၀င်ထိုင်လိုက်ပြီး

"ဟုတ်… အဖေ သိချင်တဲ့အတွက် ကျွန်တော် ပြောပြမယ်။ ဒါပေမယ့် ကျွန်တော့်ကို တစ်ခုတော့ ကတိပေးရမယ်။ အမေနဲ့ အဘိုးအပါအဝင် ဘယ်သူ့ကိုမှ မပြောရဘူး။”

"ကောင်းပြီ။" ထန်ယွင်သဲ့က မဆိုင်းမတွ ပြန်ဖြေသည်။

“တကယ်တော့ အဲ့ဒီတုန်းက ပေါ်လာခဲ့တဲ့လူတွေက ထာဝရခန်းမရဲ့ အဖွဲ့ဝင်တွေပါ။ ထာဝရခန်းမဆိုတာ ဘယ်လိုမျိုး တည်ရှိနေသလဲဆိုရင် ဂိုဏ်းတစ်ခုလို့ပဲ ဆိုရမယ်။ ရှေးခေတ်ကလို သိုင်းလောကဂိုဏ်းတစ်ခု ဖြစ်တဲ့အတွက် တိမ်တိုက်တွေလို ကျွမ်းကျင်ပညာရှင်နဲ့ သိုင်းပညာရှင်တွေ များသလို  စာပေယဉ်ကျေးမှုနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုအမျိုးမျိုးကိုလည်း တတ်မြောက်ထားကြတဲ့သူတွေပေါ့။ ခြုံပြီးပြောရမယ်ဆိုရင် သူတို့က ကြောက်မက်ဖွယ်ကောင်းတဲ့ လူတွေများစွာပါတဲ့ အုပ်စုတစ်စုပေါ့။ သူတို့တွေသာ ထွက်လာပြီး စိတ်ကြိုက်လုပ်ဆောင်ကြမယ်ဆိုရင် ကြီးမားတဲ့ အာရုံစိုက်မှုကို သယ်ယူလာသလိုဖြစ်ပြီးတော့ ကိုင်တွယ်ဖြေရှင်းရခက်သွားလိမ့်မယ်။”

"အဖေ အစိုးရိမ်ဆုံးက သားနဲ့ ဒီထာဝရခန်းမကြားက ဘယ်လိုဆက်ဆံရေးမျိုးလဲ။"

ထန်ယွင်သဲ့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကျွန်တော်က ထာဝရခန်းမရဲ့သခင်ပဲ။" ထန်ရှုက ပြန်ဖြေသည်။

ထန်ယွင်သဲ့သည် တစ်ခဏတာ တွေတွေကြီး စိုက်ကြည့်နေပြီးနောက် မျက်လုံးပြူးကာ အပြုံးဖြင့် မြည်တွန်တောက်တီးလိုက်သည်။

“အဖေ့ကို ရယ်စရာတွေ ပြောမနေနဲ့။ ထာဝရခန်းမက သားပြောသလို တိမ်တိုက်တွေလို ကျွမ်းကျင်သူတွေများတဲ့ သိုင်းဂိုဏ်းတစ်ခု ဖြစ်တယ်ဆိုရင် သူတို့ရဲ့သခင် ဖြစ်လာအောင် သား ဘာလုပ်ခဲ့လဲ။ အဖေ့ကို သေချာ ပြောပြ။”

“ကျွန်တော် ပြောခဲ့တာတွေက အမှန်တွေပဲ အဖေ။ တကယ်ပဲ ထာဝရခန်းမရဲ့သခင်ပါ။"

ထန်ရှုက မချိပြုံး ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော် ထာဝရခန်းမရဲ့ သခင် ဘယ်လိုဖြစ်လာတယ်ဆိုတာကတော့ အတော် ခက်ခဲတဲ့ ကိစ္စမို့ ကျွန်တော် အဖေ့ကို ရှင်းပြနိုင်မှာ မဟုတ်ဘူး။ တိုတိုပြောရမယ်ဆိုရင် အနာဂတ်မှာ ထာဝရခန်းမက လူတွေနဲ့ တွေ့ခဲ့ရင် အဖေ သူတို့ကို ကိုယ့်လူတွေအဖြစ် သဘောထားပြီး ဆက်ဆံလို့ရတယ်။ ထန်မိသားစုရဲ့ အဖွဲ့ဝင်တွေအကြောင်းအချက်အလက်တွေကိုတော့ နောက်မှ ထာဝရခန်းမကို လွှဲပေးလိုက်မယ်။”

“ထာဝရခန်းမကို ယုံကြည်စိတ်ချလို့ရမလား။ အဖေတို့ သူတို့ကို ၁၀၀% တကယ် ယုံကြည်နိုင်မလား။"

ထန်ယွင်သဲ့သည် မျက်ခုံးပင့်ကာ မေးလိုက်သည်။

“၁၀၀%တော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို ၈၀-၉၀%လောက်တော့ ယုံကြည်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့အလျှို့ဝှက်ဆုံးအရာကိုတော့ ဖုံးကွယ်ထားရမယ်။ ဒါပေမယ့် အချင်းချင်း အသိအမှတ်မပြုတဲ့အတွက် ပဋိပက္ခမဖြစ်ရအောင် ထန်မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ကို ပြောပြရဦးမယ်။” ထန်ရှုက ပြောပြသည်။

“မှန်တယ်။” ထန်ယွင်သဲ့ ခေါင်းညိတ်သည်။

"အမှန်ပဲ။ အဖေ့ကို ကျွန်တော် ပြောစရာတစ်ခု ရှိသေးတယ်။ အဖေ့ရဲ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် ကြီးကြီးမားမား ပြဿနာမရှိတော့ဘူးဆိုတော့ အဖေ အလုပ်ရှုပ်ဖို့ အချိန်ရောက်ပြီမဟုတ်ဘူးလား။ အဖေက တစ်ချိန်က စစ်တပ်မှာ ထူးချွန်ပြီး အလွန် ကြောက်စရာကောင်းတဲ့သူတစ်ယောက်ဆိုတာ ကျွန်တော် ကြားခဲ့တယ်။"

"ဘာတွေထပ်ပြီး ရှိသေးလို့လဲ။" ထန်ယွင်သဲ့ ပဟေဠိ ဖြစ်သွားသည်။

"ဘာတွေထပ်ပြီး ရှိလဲဆိုတော့ ပိုက်ဆံရှာရမယ်၊ ကိုယ်ပိုင်အင်အားကို တိုးတက်အောင် လုပ်ရမယ်၊ မိသားစုကို လုပ်ကျွေးရမယ်လေ။ အဖေ အေးအေးဆေးဆေး ထိုင်နေပြီး တောင်တစ်လုံးစားဖို့ တွေးနေလို့မရဘူးမဟုတ်လား။ အဖေ့အသက်က ငယ်သေးပေမယ့် ပင်စင်စားတစ်ယောက်လို အဖေ့ကို ပြုစုစောင့်ရှောက်စေချင်တာလား။"  ထန်ရှုက ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။

ထန်ယွင်သဲ့က မရယ်ပဲ မနေနိုင်တော့ဘဲ

"အဲ့ဒါ အဆင်မပြေဘူးလား။"

ထန်ရှုက မျက်လုံးပြူးပြပြီး

"အဖေ … ဒါကို ကျေနပ်နေတာ မဟုတ်ဘူးမလား။ အဖေ့ကို ဂရုစိုက်ပြုစုရတာ ပြဿနာမဟုတ်ပေမယ့် အဖေ တကယ်လမ်းမလျှောက်နိုင်တဲ့အထိတော့ စောင့်ရမယ်။ နောက်ပြီး အဖေ့အသက်က ငယ်သေးတာပဲ။ အသက် ၄၀ ကနေ ၅၀နှစ်ထိက အရွယ်ကောင်းသေးတယ်။ အဖေ ပိုက်ဆံရှာပြီးရင်း ရှာ၊ ဒါမှ မိသားစုကို ကောင်းကောင်း ထောက်ပံ့နိုင်မှာ။ အဖေ လေ့ကျင့်ပေးချင်တဲ့လူတွေအတွက် အဖေ့ကို ကျွန်တော် အဲ့ဒါ ကူညီပေးနိုင်တယ်။"

"ဘယ်လိုမျိုးလဲ။ တိတိကျကျ ပြောပါဦး။"

ထန်ယွင်သဲ့က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"အဖေ့မှာ ယုံကြည်ရလောက်တဲ့ အရည်အချင်းရှိတဲ့ လူတွေ မရှိသေးတော့ အခုပြောလည်း အသုံးမ၀င်သေးဘူး။ အရင်ဆုံး ယုံကြည်စိတ်ချရတဲ့ လူတစ်စုကို လေ့ကျင့်ပေး။ ပြီးရင် အနာဂတ်မှာ အရည်အချင်းရှိတဲ့ အဖေ့ရဲ့လူတစ်ဖွဲ့ကို တိုးတက်အောင်  ကျွန်တော် ကူညီပေးနိုင်တယ်။ အဖေ ဘာလုပ်ချင်လဲဆိုတာကတော့ … အဖေ စဥ်းစားရမယ့် အရာဖြစ်သွားပြီ။"

***

All Chapters